Monday, December 31, 2007

ဉာဏ်စမ်းအဖြေ


မေးခွန်းတွေမေးပြီး ပြန်ဖြေဖို့ အတော်ကြာသွားတယ်။ အလုပ်တွေများနေလို့တော့ မဟုတ်ပါဘူး။ အရှုပ်တွေလုပ်နေတာ။ background ပုံတွေဆွဲလိုက် ရုပ်ရှင်တွေ download လုပ်ပြီးကြည့်လိုက်နဲ့ အခုရက်ပိုင်း ည အဲ သန်းခေါင်ကျော်ပြီဆိုတော့ မနက်ပေါ့ ၂နာရီကျော်မှ အိပ်ယာဝင်ဖြစ်တော့တယ်။ နိုးတဲ့အချိန်ဆို အနဲလေး မနက် ၁၀နာရီကျော်နေပြီ။ နှစ်ကူးမှာ "new year နဲ့ ကာလနဂါး" ဖြစ်တော့မယ်။ အချိန်မှန် မအိပ်တော့ ခေါင်းမကြည်၊ အဲဒါနဲ့ စာရေးဖို့ အာရုံစုစည်းလို့မရနဲ့ လုံးလည်ချာလည်လိုက်နေတာ မနည်းရေးတင်လိုက်ရတယ်။

ဆွဲထားတဲ့ background ပုံတချို့ကိုတော့ (ဒီမှာ)အားပေးကြပါ။ ဉာဏ်စမ်းမေးခွန်းတွေက လွယ်လွယ်လေးမေးထားတာ အားလုံးဖြေနိုင်မယ်ထင်တာ ဘာမြို့လဲ(၁)ကို စဉ်းစားလို့ မရကြဘူးဘဲ။ ခေါင်းခြောက်သွားကြတဲ့အတွက် ချောတီးပါ။ :D

ဘာမြို့လဲ(၁)


၂၅ကျပ်မှာ ၂၅ပြားစေ့ ၁၀၀ ရှိပါတယ်။
၂၅ကျပ် = ၂၅ပြား X ၁၀၀
၂၅ပြားကို တနည်းအားဖြင့် မတ်စေ့လို့ ခေါ်တယ်။ မတ်စေ့တရာရှိတဲ့မြို့ဆိုတော့ "မတ္တရာမြို့" ပါ။ :P


ဘာမြို့လဲ(၂)

တောင်တွင်းကြီးမြို့


လိမ္မော်သီးဘယ်နှစ်လုံးကျန်သလဲ

လိမ္မော်သီးခြင်းက ၂ခြင်းပါတော့ တစ်ဘူတာကို လိမ္မော်သီး ၂ လုံး အခွန်ဆောင်ရတယ်။ လိမ္မော်သီးကို တစ်ခြင်းစီက တစ်လုံးစီ မပေးဘဲ ခြင်းတစ်ခြင်းထဲကဘဲ ၂လုံးစီ ပေးသွားပါမယ်။ ဘူတာ ၂၅ခုဖြတ်ပြီးရင် ခြင်းတစ်ခြင်းကုန်သွားတဲ့အတွက် အဲဒီခြင်းကို လွှတ်ပစ်လိုက်တယ်။ လိမ္မော်သီးတစ်ခြင်းဘဲကျန်တော့ ကျန်ဘူတာ ၂၅ခုကို တစ်ဘူတာ တစ်လုံးစီဘဲ ပေးရတော့တဲ့အတွက် နောက်ဆုံး လိမ္မော်သီး၂၅လုံး ကျန်ပါတယ်။


Read More...

Thursday, December 27, 2007

"မေးမယ်နော်"


ရှစ်တန်းကျူရှင်တက်တုန်းက ကျူရှင်သင်ပေးတဲ့ "အနောထွေး"က သင်္ချာသင်ပြီး ခဏနားတဲ့အချိန်မှာ ပြင်ပဉာဏ်စမ်းတွေမေးတယ်။ သူ့တပည့် အရှော်တွေကလည်း ရှော်သလားမမေးနဲ့ တစ်ယောက်မှ မဖြေနိုင်ဘူး။:D အဲဒီတုန်းက မေးခွန်းတချို့ မှတ်မိနေလို့ လာလည်သူတွေကို ပြန်မေးလိုက်မယ်။

ဘာမြို့လဲ(၁)

တခါက လူတစ်ယောက် အထက်မြန်မာပြည်ကို ခရီးသွားတော့ မြို့တမြို့ကို ရောတ်လာတယ်။ ဒါပေမယ့် အဲဒီမြို့နာမည်ကို သူမသိဘူး။ ဒါနဲ့ လမ်းသွားရင်း အဲဒီက ဒေသခံတစ်ယောက်နဲ့တွေ့တော့ ဒီမြို့နာမည် ဘယ်လိုခေါ်သလဲလို့ မေးလိုက်တယ်။ အဲဒါနဲ့ ဟိုလူက ပိုက်ဆံအစိတ် (၂၅ကျပ်) ထုတ်ပြတယ်။ အဲဒါမြို့နာမည်တဲ့။ ဘာမြို့ပါလိမ့်??


(ဒီပုံက အခုမတွေ့နိုင်တော့တဲ့ ပိုက်ပိုက်လေး အမှတ်တရ)


ဘာမြို့လဲ(၂)

ဒီတခါ ပုံနဲ့မေးမယ်။

လွယ်လွယ်လေးပါ။ ဘာမြို့လဲ သိလား??

လိမ္မော်သီးဘယ်နှစ်လုံးကျန်သလဲ

ကုန်သည်တစ်ယောက်က တခြင်းမှာ လိမ္မော်သီး (၅၀)လုံး ပါတဲ့ ခြင်းနှစ်ခြင်းကို ရထားလမ်းခရီးနဲ့ ကုန်ကူးပါတယ်။ သူစထွက်တဲ့မြို့ကနေ သွားချင်တဲ့မြို့ရောက်ဖို့ ကြားမှာ ဘူတာ (၅၀)ခု ဖြတ်ရပါတယ်။ ကြားဘူတာတွေမှာ တစ်ဘူတာကို ဆက်ကြေး အဲ အခွန်အနေနဲ့ လိမ္မော်သီးတစ်ခြင်းကို လိမ္မော်သီးတစ်လုံး ပေးရပါတယ်။ ဘူတာအားလုံးဖြတ်ပြီး နောက်ဆုံး သူသွားမယ့်မြို့ကိုရောက်ရင် လိမ္မော်သီးဘယ်နှစ်လုံးကျန်မှာပါလဲ?



Read More...

Tuesday, December 25, 2007

ကိန်းဂဏန်းများနှင့်(၂)


အင်ဒိုသင်္ချာစာအုပ်ကို ဖတ်ပြီး တင်မယ်တင်မယ်နဲ့ ဘလော့ထဲမှာ သင်္ကေတတွေနဲ့ မရေးတတ်လို့ မတင်ဖြစ်ဖူး။ ခုတော့ တတ်တဲ့နည်းနဲ့ paint ထဲသွားရေးပြီး ပုံအနေနဲ့ဘဲ တွဲတင်လိုက်တော့တယ်။ အခု စာအုပ်ထဲက ပေါင်းနည်း နှစ်နည်း ရေးတင်လိုက်ပါတယ်။

ကိန်းအနည်းပေါင်းနည်း

ဒီနည်းက ဆယ်ပြည့်ဂဏန်းဖြစ်ဖို့နီးတဲ့ကိန်းကို အပြည့်ကိန်းဖြစ်အောင်လုပ်ပြီး ပေါင်းရတဲ့နည်းပါ။

e.g, 56+38 = ??

ပထမဦးဆုံး 56 နဲ့ 38 ထဲလ ဆယ်ပြည့်ကိန်းဖြစ်ဖို့နီးတဲ့ 38 ကို အပြည့်ကိန်းဖြစ်အောင် ပေါင်းပါမယ်။
38 + 2 = 40
ရလာဒ် 40 ကို ကျန်ကိန်းနဲ့ ဆက်ပေါင်းပါ။
40 + 56 = 96
ပေါင်းလာဒ် 96 ထဲက အပြည့်ကိန်းဖြစ်အောင်ပေါင်းခဲ့တဲ့ 2 ကို ပြန်နှုတ်ပါ။
96 - 2 = 94#
တခြားဥပမာတွေ ထပ်ပေါင်းကြည့်ပါ။
35 + 49 = ?
58 + 24 = ?
67 + 18 = ?

ကိန်းအများကြီးပေါင်းနည်း

e.g, 65+39+87 = ??

ဂဏန်းတွေကို ဒေါင်လိုက်အရင်စီပြီး အပေါ်ဆုံးဂဏန်းနဲ့ အောက်ဆုံးဂဏန်းကို ယှဉ်ကြည့်ပါ။ အပေါ်ဆုံးဂဏန်းက ကြီးမယ်ဆိုရင် အပေါ်မှ အောက်ကိုပေါင်းပါမယ်။ အောက်ဆုံးဂဏန်းက ကြီးမယ်ဆိုရင်တော့ အောက်ကနေ အပေါ်ကိုပေါင်းပါမယ်။ (မြားက ပေါင်းတဲ့ လားရာကို ပြထားပေးတာပါ။)


ခုဂဏန်းနေရာအတွက် -----> 5ရယ် 7ရယ် 9ရယ် ရှိပါတယ်။ အောက်ကနေ အပေါ်ကို ပေါင်းမယ့်အတွက် 7ကို 9နဲ့ အရင်ပေါင်းပါမယ်။ 7+9 = 16 <--- ရလာဒ် 10ကျော်ရင် 9အပေါ်မှာ "အစက်"လေး တစ်စက်မှတ်ပါ။ ပြီးရင် ရလာဒ် 16က ခုဂဏန်း 6ကို ဆက်ပေါင်းရမယ့်ရှေ့ဂဏန်း 5နဲ့ ပေါင်းပါ။ 6+5 = 11 <--- ဆက်ပေါင်းတဲ့ ရလာဒ် 10 ကျော်ရင် 5 အပေါ်မှာ "အစက်"လေး တစ်စက်မှတ်ပါ။ ကျန်တဲ့ 1 ကို ခုဂဏန်းအားလုံးပေါင်းခြင်းနေရာမှာ ရေးပါ။


ဆယ်ဂဏန်းနေရာအတွက် -----> 6ရယ် 3ရယ် 8ရယ် ရှိပါတယ်။ ခုဂဏန်းဘက်မှာ "အစက်"နှစ်စက်ရှိတာ သတိပြုပါ။ အဲဒီ "အစက်"နှစ်စက်ကို ဂဏန်း"2"အဖြစ်ယူပြီး ဆယ်ဂဏန်းနေရာက 8 နဲ့ စပေါင်းပါ။ 8+2 = 10 <--- ရလာဒ် 10ကျော်လို့ 8အပေါ်မှာ "အစက်"လေး တစ်စက်မှတ်ပါ။ ပြီးရင် အဲဒီရလာဒ် 10 က ခုဂဏန်း 0 ကို ဆက်ပေါင်းရမယ့်ရှေ့ဂဏန်း 3 နဲ့ ပေါင်းပါ။ 0+3 = 3 <--- 10မကျော်တဲ့အတွက် ရှေ့ဆက်ပေါင်းပါ။ 3+6 = 9 <--- ရတဲ့အဖြေကို ဆယ်ဂဏန်းအားလုံးပေါင်းခြင်းနေရာမှာရေးပါ။

ရာဂဏန်းနေရာအတွက် -----> ဆယ်ဂဏန်းဘက်မှာ "အစက်"တစ်စက်ရှိတာ သတိပြုပါ။ အဲဒီ "အစက်"တစ်စက်ကို ဂဏန်း"1"အဖြစ်ယူပြီး ရာဂဏန်းနေရာမှာ ရေးပါ။ ဒါကြောင့် အားလုံးပေါင်းလာဒ် 191 ရပါတယ်။

ဒီနည်းနဲ့ ကိန်းအများကြီးကို ပေါင်းကြည့်ပါ။ လွယ်လွယ်နဲ့ မြန်မြန်ပေါင်းနိုင်တာ တွေ့ရပါတယ်။ အောက်မှာပေးထားတဲ့ ဂဏန်းတချို့ကို ပေါင်းကြည့်ပါ။ ပြီးရင် ပေးထားတဲ့ အဖြေနဲ့ တိုက်ကြည့်နိုင်ပါတယ်။

e.g,(1)---> 97+81+73+32 = ???
e.g,(2)---> 5784+3325+7809+4537 =???
e.g,(3)---> 4541+2782+5917+7876 =???
e.g,(4)---> 78253+46328+50964+78195 =???
e.g,(5)---> 33885+76293+48725+36450 =???



ဒုတိယနည်းဖြစ်တဲ့ ကိန်းအများကြီးပေါင်းနည်းက Calculator ရှာမတွေ့ရင် အတော်အသုံးဝင်ပါတယ်။ ဒီနည်းနဲ့ ပွစာကျဲနေတဲ့ အသုံးစရိတ်တွေပေါင်းတာ ခေါင်းမမူးဘဲ မြန်မြန်ပေါင်းလို့ရလို့ သဘောကျမိပါတယ်။

Read More...

Thursday, December 20, 2007

လက်ခတ်သံ


ဒီသီချင်းကို စကြားဖူးတာက ကလေးဘဝတုန်းကကြည့်ဖူးတဲ့ "ရွှေချည်ငွေချည်တန်းပါလို့" ဆိုတဲ့ ရုပ်ရှင်ထဲမှာပါ။ ဒေါ်မေနွဲ့ ဘုရားရှိခိုးနေတုန်း ပခက်ထဲက ကလေးငိုလို့ ဘုရားဖြောင့်ဖြောင့် မရှိခိုးနိုင်ဘဲ ကလေးထိန်းပြီး သားချော့တေးအနေနဲ့ ဆိုခဲ့တာပါ။ အဲဒီကတည်းက ဒေါ်မေနွဲ့ ကိုလည်း ကြိုက်၊ သီချင်းကိုလည်း ကြိုက်သွားတာ။ အဲဒီသီချင်းက သီချင်းကြီးလား နှောင်းခတ်တေးလားတော့ မသိပါဘူး။

စဉ်းစားကြည့်တော့လည်း ဇာတ်လမ်းထဲမှာ ဒေါ်မေနွဲ့ပြောသွားတာတွေက အတော်မှန်တာဘဲ။ တပင်စီရှိတဲ့ ချည်မျှင်လေးတွေ ယက်ကန်းစင်မှာ လွန်းနဲ့ယက်ပြီး ပိတ်သားဖြစ်သွားလိုက်တာ နဂိုအတိုင်း ပြန်ရှင်းနိုင်ဖို့ အတော်ခက်တယ်။ ကျွန်မလည်း ဘယ်အချိန်ကတည်းကမှန်းမသိ ချည်နှောင်မိတဲ့ သံယောဇဉ်တွေ တယ်များပါလား။ လွယ်လွယ်နဲ့တော့ ရှင်းနိုင်မှာ မဟုတ်ဘူး။ ရှင်းမရတဲ့အပြင် အရှုပ်ထုပ်ကြီးထဲ အရှုပ်တွေများလို့ကောင်းတုန်း။ (အခုဆို ဘလော့သံယောဇဉ်ပါ တိုးလာပြီ။:P) ဒီသီချင်းကိုလည်း တချိန်ချိန်မှာ ဒေါ်မေနွဲ့လို သားချော့တေးအဖြစ် ဆိုဖြစ်ဦးမလားဘဲ။

လက်ခတ်သံ

{ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဆင်ဝတ်ကြပါစို့ မောင်ကြီးရေ တော့ ---
အောက်ပြည်ကို လှေတော်ထိုး ပိုးမှာလိုက်တယ် လေလေ့} ၂
{အနားတဖတ်တချက်ရယ်က စိမ်းနုခြယ် စိန်းနုခြယ်
အလယ်မှာ သံရောင်ကွက်နဲ့ ချစ်တဲ့သူ ယက်ခဲ့တယ်} ၂
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ ---- လက်ခတ်သံ လက်ခတ်သံ ပျိုလေးလက်ခတ်သံ
လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်ကကြားသလေလေ့
လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်က သောင်းတိုင်က သောင်းတိုင်ကကြားသလေလေ့

ရွှေချည်ငွေချည်တန်းပါလို့ ယက်ကန်းရွှေစင် တန်းရွှေစင် ရွှေချည်ငွေချည်တန်းပါလို့ ယက်ကန်းရွှေစင် တန်းရွှေစင်
ဘယ်သူဘယ်သူဝင်ကာမှ ချည်ခင်ထွေး ဘယ်သူဘယ်သူဝင်ကာမှ ချည်ခင်ထွေး
ရှင်းနိုင်ပါ့သရှင် ရှင်းနိုင်ပါ့သရှင်

ယက်ကန်းစင် အကွက်ဆန်းထွင်
ပျို့မောင်ကြီး ကိုရောင်ပွါးနဲ့ အတော်လိုက်မယ့်အဆင် ယဉ်သလေ့
မျှော်လိုက်တဲ့ခင် ခင်လေး အတော်လိုက်မယ့်အဆင် ယဉ်သလေ့
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ လက်ခတ်သံ လက်ခတ်သံ ပျိုလေးလက်ခတ်သံ
လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်ကကြားသလေလေ့
လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်က သောင်းတိုင်က သောင်းတိုင်ကကြားသလေလေ့


သီချင်းကို ကြိုက်လို့ အမှတ်တရအနေနဲ့သာ ရေးတင်လိုက်တာ။ စာသားအားလုံး မှန်ပါ့မလားတော့ မသိပါဘူး။ မှတ်မိတဲ့အတိုင်း ရေးလိုက်တယ်။ သိသောသူများရှိရင် ပြင်ပေးနိုင်ပါတယ်။

Read More...

Monday, December 17, 2007

ဂျပန်မှာကျောင်းလာတက်မယ်ဆိုရင်...


**မာစတာ / ဘွဲ့လွန် လာတက်သူတွေအတွက် မရည်ရွယ်ပါ။ ပုံမှန်ကျောင်းလျှောက်ပြီး ကျောင်းတက် အလုပ်လုပ်မည့်သူများအတွက် သိသလောက် မျှဝေပါတယ်။**

ဂျပန်စာသင်တန်းတက်တုန်းကပါ။ သင်တန်းတက်သူတွေက အမျိုးမျိုးပါပဲ။ UFLမှာ ကျောင်းတက်နေသူတွေ practice အတွက်လာတက်သူ၊ ပြင်ပက ဂျပန်သွားဖို့အတွက် တက်သူ၊ အပျော်သဘောနဲ့ လာတက်သူ စသဖြင့် အမျိုးမျိုးရှိပါတယ်။ အများအားဖြင့်တော့ သင်တန်းနဲ့ချိတ်ထားတဲ့ ဂျပန်ကျောင်းတွေ၊ တက္ကသိုလ်တွေကိုလျှောက်ဖို့ ရည်ရွယ်သူတွေများပါတယ်။ တချို့က အပြင်ကပွဲစားနဲ့ကျောင်းလျှောက်ဖို့အတွက် သင်တန်းတက်နေကြောင်း ထောက်ခံစာလိုချင်လို့ တက်သူတွေလည်း ရှိပါတယ်။

နှစ်တိုင်း ဒီဇင်ဘာလ ပထမပတ်ရဲ့ တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံက ဂျပန်ဘာသာကျွမ်းကျင်မှုစာမေးပွဲ JLPT- Japanese Language Proficiency Test (日本語能力試験)ကျင်းပပါတယ်။ အဲဒီအခါ အဝင်ဝမှာ ပြင်ပသင်တန်းကြော်ငြာတွေ သူတို့ကျောင်းနဲ့ချိတ်ထားတဲ့ ဂျပန်ကျောင်းကြော်ငြာတွေရဲ့ လက်ကမ်းစာစောင်တွေကမ်းပါတယ်။ ကြော်ငြာတွေကြည့်မိရင်တော့ ကျောင်းတွေအားလုံးက တက်ချင်စရာကြီးပါ။

ကျောင်းတွေမှာ Language School နဲ့ တက္ကသိုလ်ဆိုပြီး (၂)မျိုးရှိပါတယ်။ Language Schoolကတော့ ဒီဖက်ရောက်ရင်လည်း ဂျပန်စာကို အခြေခံကစပြီးပြန်သင်ရတာပါ။ Language Schoolတက်ဖို့ JLPTက ဂျပန်စာအခြေခံ level 4 စာမေးပွဲ အောင်ရပါမယ်။ လျှောက်တဲ့ကျောင်းပေါ်မူတည်ပြီး (၁)နှစ် သို့မဟုတ် (၂)နှစ်တက်ရပါတယ်။ တချို့ အပြင်ပွဲစား/ အသိကနေ ကျောင်းလျှောက်တယ်ဆိုတာ ဒီလို Language School တွေပါ။ ကျောင်းလခကတော့ ကျောင်းပေါ်မူတည်ပြီး ၆လစာ/ တစ်နှစ်စာ သွင်းရပါတယ်။ (မြန်မာပြည်ကလာသူတွေဆိုရင် တစ်နှစ်စာ သွင်းရပါတယ်။) ကျောင်းလခက ပုံမှန်အားဖြင့် တစ်နှစ်စာကို မြန်မာငွေသိန်း (၆၀)ဝန်းကျင်မှာရှိပေမယ့် ပွဲစား / သင်တန်းကို ဝန်ဆောင်စားရိတ် ပေးရတာမို့ လာသူအတော်များများ အနည်းလေး သိန်း (၁၂၀)ပေးရတာ သိရပါတယ်။ ကျောင်းပြီးရင် အလုပ်မရနိုင်သေးပါဘူး။ Senmon (専門) ဆိုတဲ့ Major ဘာသာတမျိုးမျိုးသင်ပေးတဲ့ကျောင်းကို ဆက်ရှာတက်ရမှာပါ။ တချို့Language School တွေမှာ Senmon Gakkou (専門学校)တွေ ရှိပြီး အဲဒီကနေ ဆက်တက်လို့ရပါတယ်။ တချို့မှာ မရှိတော့ ကိုယ့်ဘာသာကျောင်းတက်ရင်း စုံစမ်းပြီးလျှောက်ရပါတယ်။

တက္ကသိုလ်ကျောင်းလျှောက်ချင်ရင် JLPT အနည်းဆုံး level 2 အောင်ရပါမယ်။ ဒါမှမဟုတ် EJU (ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ) ရမှတ် ၂၂၀အနည်းဆုံး ရသူဖြစ်ရပါမယ်။ တက္ကသိုလ်တွေမှာ ပညာသင်ဆုပါ ပေးတဲ့ကျောင်းတွေရှိပါတယ်။ ပညာသင်ဆုမှာလည်း အမျိုးမျိုးရှိပါတယ်။ Full Scholarship တွေရှိသလို တချို့က lecture အတန်းတွေအတွက် သွင်းရတဲ့အခကို ၆လစာလွတ်ငြိမ်းခွင့်ပေးတဲ့ (practical တွေအတွက်တော့ practicalကြေးသွင်းရမယ့်) ပညာသင်ဆုလိုမျိုးတွေလည်းရှိပါတယ်။ နောက် ပညာသင်ဆုက ရပေမယ့် ဂျပန်ရောက်ရောက်ချင်းမှာ မရသေးပါဘူး။ ကျောင်းဘက်က စာရင်းဇယားတွေလုပ်ပြီးမှ ပြန်ပေးတတ်တာမျိုးပါ။ ရောက်ပြီး ၂ / ၃လလောက်ကြာမှ ရတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် ပညာသင်ဆုရတိုင်းလည်း အဆင်မပြေတာတွေရှိပါတယ်။ နောက်တခုရှိသေးတာက သင်တန်းတွေကို လာချိတ်ထားတဲ့ တက္ကသိုလ်ကျောင်းအားလုံးက ဝိဇ္ဇာဘာသာရပ်ဆိုင်ရာတွေဘဲ တက်ခွင့်ပေးထားတာများပါတယ်။ အများအားဖြင့်တော့ စီပွားရေးဘာသာရပ်ပါ။ ဝိဇ္ဇာဘာသာရပ်နဲ့ပြီးသူထက် သိပ္ပံဘာသာရပ်ပြီးသူတွေက အလုပ်အကိုင်အခွင့်အလမ်း ပိုများပါတယ်။

နေစရိတ်၊ စားစရိတ်က နယ်နဲ့ မြို့ ကွာပါတယ်။ နယ်က မြို့ထက် သက်သာပါတယ်။ ဒါပေမယ့် နယ်မှာ အချိန်ပိုင်းလုပ်ခကနဲပါးသလို လခလည်း နဲပါတယ်။ တိုကျိုမှာတော့ ဆိုင်တွေပေါများလို့ အလုပ်ရှာရလွယ်ပါတယ်။ ကျောင်းသားတွေအတွက် တရားဝင် အချိန်ပိုင်းလုပ်ကိုင်ခွင့်က တနေ့ ၄နာရီပါ။ အဲဒီလောက်ပဲလုပ်ရင် နောက်ဆက်သွင်းရမယ့် ကျောင်းလခ အဆောင်ခ၊ နေစရိတ်၊ စားစရိတ်လောက်မှာ မဟုတ်လို့ ကျောင်းကမသိအောင် ပိုလုပ်ကြတာများပါတယ်။ နောက်ပြီး ကျောင်းကရှာပေးထားတဲ့ အချိန်ပိုင်းအလုပ်တွေကက လခနည်းပြီး တစ်နှစ်စာချုပ်နဲ့ ကြိတ်မှိတ်လုပ်ရတာတွေလည်းရှိပါတယ်။ တိုကျိုမှာဆိုရင် ချွေတာစားသောက်ရင်တောင် ကျောင်းသားတစ်ယောက် တစ်လစရိတ် ယန်း(၁၀)သောင်း (မြန်မာငွေ ၁၀သိန်းလောက်)အနဲဆုံး ကုန်ကျပါတယ်။ ကိုယ်နေတဲ့စားတဲ့စားရိတ်လောက်တော့ ရှာနိုင်ကြပါတယ်။ အိမ်ပြန်ပေးနိုင်ဖို့ဆိုတာတော့ ကျောင်းတက်တုန်း သိပ်မလွယ်ပါဘူး။ဒီရောက်ပြီး တချို့ကြုံတွေ့ရတာက အထင်နဲ့ လက်တွေ့ကွာခြားခြင်းပါ။ ဂျပန်နိုင်ငံဆိုတော့ အတော်တော့ အထင်ကြီးပြီးလာခဲ့ကြတာပါ။ ဒီမှာလက်တွေ့ကြုံမှာက ဂျပန်ရဲ့ပင်ပန်းတဲ့ နေထိုင်မှုဘဝပါ။

တချို့က ကျောင်းတက်ရရင် ပြီးရော၊ ဒီရောက်ရင် သူ့ဘာသူ ဖြစ်သွားမယ်လို့ထင်ပြီးလာသူတွေရှိပါတယ်။ တကယ်တန်းတော့ ထင်တာထက် ပင်ပန်းမှုတွေကြုံရပါတယ်။ အိမ်ကတတ်နိုင်သူတွေအတွက် ကိစ္စမရှိပေမယ့် ချေးငှါးပြီးလာသူတွေအဖို့ အတော်အခက်တွေ့ကြပါတယ်။ တချို့တက်မိတဲ့ကျောင်းက သိပ်အဆင်မပြေ၊ ကျောင်းပြီးရင် အလုပ်ရဖို့စိတ်ပူ၊ လာဖို့ကုန်ကျထားတာတွေမကျေနဲ့ အတော်စိတ်သောကရောက်သူတွေလည်း ရှိပါတယ်။ ကျောင်းကထွက်ပြေးပြီး "O"လုပ်ကြသူတွေလည်း ရှိပါတယ်။ ဂျပန်မှာ Black list ဖြစ်ပြီးရင် ပြည်ဝင်ခွင့် / ဆက်နေခွင့် မပေးပါဘူး။

"O"ဆိုတဲ့ အိုဗာစတေးနေရင်လည်း အမြဲကျီးလန့်စာစားဘဝ ရောက်နေရမှာပါ။ စက်ဘီးစီးသွားလို့ လမ်းမှာ စက်ဘီးစစ်ဆေးရေးနဲ့တွေ့ပြီး အစစ်ခံရတာနဲ့တောင် "O"မှန်းပေါ်နိုင်ပါတယ်။ နောက်"O"သမားတွေ ခိုးကြောင်ခိုးဝှက်နေရတဲ့အပြင် အချိန်ပိုင်းလုပ်ခကလည်း တရားဝင်နေခွင့်ရသူထက် အနှိမ်ခံရပါတယ်။ မကျေနပ်လည်း ပြောပိုင်ခွင့်မရှိပါဘူး။ ပြောမိလို့ အတိုင်ခံရရင် ကိုယ်ဘဲ ပြန်ပို့ခံရမှာ။ နာဖျားရင်လည်း မလွယ်ပါဘူး။ "O"သမားတွေမှာ "ကျန်းမာရေးအာမခံ - 健康保険"မရှိ / လုပ်လို့မရပါဘူး။ ဒါကြောင့် ဆေးခန်းပြရင် 30%လောက်ဘဲ ပေးရမယ့်နေရာမှာ ယန်းသောင်းချီပေးရပါမယ်။ အခုနောက်ပိုင်း စီမံကိန်းတွေချပြီး "O"သမားတွေကို သေချာလိုက်ဖမ်းနေပါတယ်။ ဂျပန်မှာ နိုင်ငံပေါင်းစုံက "O"သမား (၂)သိန်းလောက်ရှိတာ ဒီ သုံးနှစ်အတွင်း ရှာဖွေဖမ်းဆီးရေးလုပ်တာ (၃)သောင်းလောက် ဖမ်းဆီးမိပြီလို့ ကြားပါတယ်။

ဒါကြောင့် ဂျပန်မှာကျောင်းလာတက်မယ်ဆိုရင် ကိုယ်တက်မယ့်ကျောင်းအကြောင်း သေချာသိမှ အဆင်ပြေနိုင်ပါမယ်။ နယ်မှာလား၊ တိုကျိုမှာလား? ကျောင်းလခ အဆင်ပြေပြေ ဆက်သွင်းသွားနိုင်မလား? ကျောင်းပြီးရင် အလုပ်ရနိုင်မယ့် အခွင့်အလမ်းရော ဘယ်လောက်ရှိသလဲ? စသဖြင့် အများကြီးသိထားနိုင်လေ ပိုကောင်းလေပါဘဲ။ ရောက်ရင်ပြီးရောလာရင် ဒုက္ခတွေ့မှာက ကိုယ်အရင် ပြီးတော့ ကိုယ့်မိဘပါ။ ကိုယ်သွားမယ့်နေရာအကြောင်း ပိုသိထားလေ ကောင်းလေပါ။ ဒါမှ တခုခုဆိုရင် ကြိုတင်စဉ်းစားနိုင်မှာပါ။

Read More...

Friday, December 14, 2007

ရှင်သန်ခြင်း


မနက်တိုင်းကြည့်ဖြစ်တဲ့ TBS 朝ズッバ - သတင်းအစီအစဉ်မှာ ဒီနေ့ စာအုပ်တစ်အုပ်အကြောင်း မိတ်ဆက်တာကြည့်လိုက်ရတယ်။ Breast Cancer နဲ့ ဆုံးသွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူမကတော့ ဒီနှစ် ငါးလပိုင်းမှာ ဆုံးသွားခဲ့ပါပြီ။ သူမဆုံးသွားတဲ့အချိန်မှာ အသက်(၂၄)နှစ်ပဲရှိပါသေးတယ်။ သူမ မဆုံးခင် ဆေးရုံတက်တုန်းက ရိုက်ထားတဲ့ ဗီဒီယိုမှတ်တမ်းနဲ့ တွဲပြသွားပါတယ်။

သူမလေးက ကားအရောင်းပြခန်းက model ပါ။ ချောလည်းအတော်ချောပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်လေးလို့ ပြောရင် ပိုမှန်မယ်။ သူမ (၂၃)နှစ်မှာ Breast Cancer ဖြစ်နေကြောင်း ဆေးစစ်ချက်အရသိလိုက်ရပါတယ်။ သူမဆေးရုံတက်ရတော့ သူမအနား အမြဲနွေးထွေးနှစ်သိမ့်ပြီး အားပေးသူကတော့ သူမဖခင်နဲ့ သူမချစ်သူပါ။ သူတို့ရဲ့အားပေးမှုနဲ့ ဝေဒနာကို ကြံ့ကြံ့ခံရင်း သူမရဲ့ Breast နှစ်ဖက်လုံးဖြတ်တောက် ခွဲစိတ်ခဲ့ပါတယ်။ ဒီလိုဖြတ်တောက်လိုက်ရင် ကောင်းသွားမယ်လို့ မျှော်လင့်ချက်ရှိခဲ့လို့ပါ။ ရင်သားမရှိတော့တဲ့ မိန်းခလေးကို လက်တွဲရမယ့် သူမချစ်သူအတွက် မိန်းကလေးတစ်ယောက်ရဲ့ လှပမှု မရှိတော့လို့ သူမအရမ်းအားနာငိုကြွေးခဲ့ပါတယ်။

ခွဲစိတ်ပြီး ကိုးလအကြာမှာ ရောဂါပြန်ခံစားရလို့ ဆေးရုံပြန်တက်ရပြန်တယ်။ အဲဒီအချိန်မှာသိလိုက်ရတာက သူမ အဆုတ်နဲ့ ကျောရိုးအထိ Cancer cell တွေ ပျံ့နေပြီး နောက်ကျနေပြီဆိုတာပါဘဲ။ အသက်ကို အတော်ခက်ခက်ခဲခဲရှုနေရတယ်။ အရိုးတွေကျိုးသလို နာကျင်တယ်လို့ သူမပြောတယ်။ ဒါပေမယ့် သူမ အသက်ဆက်ရှင်ဖို့ မျှော်လင့်ခဲ့တယ်။ သူမအနာဂါတ်စိတ်ကူးကို သာမာန်မိန်းကလေး အိမ်ထောင်ရှင်ဘဝအဖြစ် ဖြတ်သန်းချင်တယ်လို့ ပြောခဲ့တယ်။

သူမ မသိခဲ့တာက သူမသက်တမ်း တစ်လဘဲရှိတော့တာကိုပါ။ ဆေးစစ်ချက်ထွက်လာပြီး သိလိုက်ရတဲ့အဖြေကို ဖခင်က ပြောမထွက်ရက်ခဲ့ပါဘူး။ သူမ ဖခင်ရော ချစ်သူပါ သူမစိတ်ပေါ့ပါးအောင် နွေးထွေးမှုပေးခဲ့ပါတယ်။ သူမလည်း ဝေဒနာသည်းတဲ့အချိန်ကလွဲလို့ ခပ်ပြုံးပြုံးလေးဘဲ အားလုံးကို ဆက်ဆံပါတယ်။ သူငယ်ချင်းတွေကလဲ သူမကို လက်သည်းနီဆိုးပေး အလှပြင်ပေးနဲ့ ရောဂါသည်လို့မခံစားအောင် အားပေးလို့ပါပဲ။ Cancerဝေဒနာသည်လို့ မထင်ရက်စရာကောင်းလောက်အောင် သူမမျက်နှာလေးက အမြဲလမ်းဆန်းနေပါတယ်။

သူငယ်ချင်းတွေကို သူမ မသေခင် မင်္ဂလာဝတ်စုံဝတ်ဖူးသွားချင်တယ်လို့ ဖွင့်ပြောခဲ့တယ်။ ဒါနဲ့အားလုံး စုပေါင်းပြီး သူမတို့ မင်္ဂလာပွဲကို ဧပြီလမှာ ဘုရားကျောင်းမှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘုရားကျောင်းသွားတဲ့ကားပေါ်မှာ သူမရောဂါ ဖောက်လိုက်သေးတယ်။ ဆိုးရွားလာရင် ဆေးရုံကိုပြန်လှည့်ရမှာ။ ကံကောင်းစွာနဲ့ အပြင်းအထန်ဖောက်မလာတဲ့အတွက် မင်္ဂလာပွဲ ချောချောချူချူနဲ့ ပြီးသွားခဲ့တယ်။ သတို့သမီးလေးက အလှဆုံး ပြုံးခဲ့တယ်။

လက်ထပ်ပြီး မေလအရောက်မှာ သူမ အားလုံးကို နှုတ်ဆက်သွားခဲ့ပါပြီ။ ဘယ်သူထင်မှာလဲနော် ငယ်ရွယ်တဲ့ နုပျိုတဲ့အသက်ကို Breast Cancer က စောစောစီးစီး လုသွားမယ်လို့။ သူမရဲ့ မှတ်တမ်းစာအုပ်ထဲမှာ စကားတစ်ခွန်း အားလုံးအတွက် massage ပေးခဲ့ပါတယ်။
"အသင်တို့အားလုံးမှာ မနက်ဖြန်ဆိုတာရှိပါသေးတယ်။ မနက်ဖြန်နဲ့ထိတွေ့နိုင်တာ အံ့ဩဝမ်းမြောက်ဖွယ်ရာပါ"တဲ့။

*****

ရုပ်ရှင်ဆန်တဲ့ တကယ့်အဖြစ်အပျက်ပါ။ ခဏတဖြုတ်လေးကြည့်မိတာတောင် အတော်ဝမ်းနည်းမိတယ်။ ဝေဒနာကိုခံစားရင်း "အားလုံးအသက်ရှင်နေတာကို တန်ဖိုးထားဖို့" သူမပြောသွားတဲ့ စကားလေးတစ်ခွန်းကို ကြားမိလိုက်တဲ့အချိန်မှာ ကိုယ်နဲ့တိုက်ဆိုင်သွားလို့ဘဲလားမသိ စိတ်အားပြည့်သလို ခံစားလိုက်ရပါတယ်။

Read More...

Tuesday, December 4, 2007

"အုအဲနို"တိရစ္ဆာန်ရုံ



上野動物園 (うえの どうぶつえん) သွားလည်တုန်းက အမှတ်တရ ပုံတချို့ပါ။ အဝင်ဝမှာ များလိုက်တဲ့ လူတွေ။ ထောင်ချီရှိလိမ့်မယ်။ ဒါကိုတွေ့ရင် ဂျပန်လူဦးရေနည်းတာ ယုံနိုင်ဖွယ်မရှိဘူး။ စားသောက်တဲ့နေရာတွေမှာလည်း အပြည့်၊ ဆေးလိပ်သောက်တဲ့နေရာမှာလည်း ကျားကျားမမ အများကြီး။ ကျွန်မကတော့ ဆေးလိပ်နံ့ရရင် ထွက်ပြေးတယ်။


"ဟူး! အမြင့်ကြီး ပျံချင်လိုက်တာ"




"ကြင်နာတာလား? ကိုက်ဆွဲနေတာလား?"




"လောကကြီးက ဇောက်ထိုးကြီး"




"ဟိတ်! ပြုတ်ကျမှာ မကြောက်ဘူးလား"




"မြင်းလဲမဟုတ် မြည်းလဲမဟုတ်"




"တောထဲမှာတော့ ဘုရင်ပေါ့"




"ခုန်ကူးဖို့သစ်ကိုင်းက နဲလိုက်တာ"




"နေဦး! ပို့စ်ပေးလိုက်ဦးမယ်"




"ဟိုဘက်အခြမ်းနဲ့ ဒီဘက်အခြမ်း ကုန်းတံတားနဲ့ကူးတယ်"




"ကန်ထဲမှာ ငှက်တွေ ရေဘဲတွေ အများကြီး"




"ရေကူးလို့ မဝဘူး"




"ရေခဲတောင်ကလဲ အတုကြီး"




"တရေးတမော ခူး..... ခလော.... ခလော"




"ဝန်ပိုနဲ့ ကြိုးကြာငှက်"




"ဟေ့! ဘာလာကပ်ကြည့်တာလဲ"




"လိပ်ဘိုးဘိုး"




"မီယာကတ်လေး အမြဲမော့နေတာ မညောင်းဘူးလား?"




"ဘာကောင်လေးမှန်း မသိ! ယုန်လောက်တောင် မရှိတဲ့ သမင်အသေးစားမျိုးလေး"


ရိုက်လာတာ ပုံအများကြီးပေမယ့် ပုံတချို့ဘဲ တင်လိုက်တယ်။ ထူးခြားတဲ့ နို့တိုက်သတ္တဝါအသေးစားမျိုးတွေက မီးမှိန်မှိန် အခန်းလေးတွေထဲ ထည့်ထားတော့ သိပ်ရိုက်လို့မရဘူး။


Read More...

Saturday, December 1, 2007

ဒီဇင်ဘာ(၁)ရက်




ဘာလိုလိုနဲ့ ရောက်လာပြန်ပေါ့ ဒီနေ့။ ကျွန်မ နေ့ရက်တွေ မေ့လွယ်ပေမယ့် ဒီ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ကိုတော့ မှတ်မိနေတတ်တယ်။ မှတ်မိရခြင်းကလည်း အထက်တန်းကျောင်းတုန်းက သူငယ်ချင်း ယောက်ျားလေး တစ်ယောက်ကြောင့်ပါ။ သူ့မွေးနေ့က ဒီဇင်ဘာ ၁ရက်နေ့။ ဘယ်နခုနှစ်ကစလို့ World AIDS Day လို့ သတ်မှတ်မှန်း မသိပေမယ့် ကျွန်မတို့ အတန်းခွဲ(A)ကို မြို့တော်ခန်းမမှာ ဟောပြောပွဲတက်ရမယ်လို့ ကံစမ်းမဲဖောက်ခံရတဲ့အခါကျမှ သြော် ဒီဇင်ဘာ၁ရက်နေ့က World AIDS Day ပါလားလို့ သိတော့တယ်။ မွေးနေ့နဲ့ တိုက်ဆိုင်နေတဲ့ သူငယ်ချင်း ယောက်ျားလေးကိုလည်း ဝိုင်းနောက်ကျ၊ သူ့ခမျာလည်း ရီရမလိုငိုရမလိုမျက်နှာပေးကိုဖြစ်လို့။

ဟောပြောပွဲတက်ဆိုတော့လည်း ကျွန်မတို့ နေကြာကွာစေ့၊ သကြားလုံး၊ ရေဘူးဆောင်ပြီး သွားကြတာပေါ့။ စားစရာက ဘယ်အချိန်စလို့ ဘယ်အချိန်ပြီးမယ်မှန်းမသိတဲ့ အစည်းအဝေးတွေ သွားနေရလို့ ဆောင်သွားကြတာ။ စင်ပေါ်က ပြောချင်ရာပြော ကျွန်မတို့လည်း စင်အောက်မှာ နေကြာစေ့စား ကွာစေ့စား အရှေ့က လက်ခုပ်တီးရင်လိုက်တီးပေါ့။ ဒီWorld AIDS Day ဟောပြောပွဲကတော့ အင်အားပြဖို့မလိုလို့ထင်ရဲ့၊ မိုးလုံလေလုံ မြို့တော်ခန်းမမှာလုပ်တယ်။ ယောက်ျားလေး၊ မိန်းကလေး တစ်တန်းစီ စီတန်းပြီးဝင်ရတယ်။ အဝင်ဝမှာ စောင့်တဲ့လူက စက္ကူခွက်တစ်ခွက်ကိုင်ပြီး ဝင်လာသမျှ ကျောင်းသူကျောင်းသားတွေကို ယူဆိုပြီးပေးတယ်။ ခွက်ထဲကြည့်တော့ ခပ်သေးသေး အထုပ်လေးတွေ။ ရှေ့ကလူက သကြားလုံးဝေနေတယ်ထင်တယ် ယူလို့ပြောတော့ နောက်ကလူတွေ လိုက်ယူကြတာပေါ့။ တချို့က ၂ခု ၃ခုယူလိုက်သေးတယ်။ နောက်ဟောပြောပွဲနားထောင်ရင်း ကွိကျိကွိကျိတွတ်ထိုးသံထွက်လာလို့ စပ်စုကြည့်မှ သကြားလုံးမှတ်ပြီးယူလာတာတွေက ကွန်ဒွန်တွေဖြစ်နေတယ်။ ဘာပြောကောင်းမလဲ မိန်းကလေးအားလုံး လန့်ဖျန့်ပြီး ခုံအောက် လွှတ်ပစ်ကြတာပေါ့။ အဲလို တလွဲအမှတ်တရတွေနဲ့။

တက္ကသိုလ်တက်တော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါနဲ့ ပို နီးနီးစပ်စပ်ရှိလာတယ်။ တမျိုးမထင်ပါနဲ့။ ကျွန်မတို့ကျောင်းက ကူးစက်ရောဂါ အထူးကုဆေးရုံဘေးမှာမို့ပါ။ ဆေးရုံနဲ့ကျောင်းကြား မြက်ရိုင်းလယ်ကွင်းတွေ ခံပြီး အလယ်မှာ သံဆူးကြိုးဘဲခြားထားတယ်။ ကူးစက်ရောဂါ အထူးကုဆေးရုံလို့သာ ပြောရတာ အဓိကက HIVလူနာတွေဘဲများတာပါ။ ကျွန်မတို့ သုံးထပ်စာသင်ဆောင်က ဆေးရုံအနောက်ဖက် အုတ်တိုက်အခန်းနဲ့ တန်းနေတယ်။ ခပ်သေးသေးလေးဘဲတွေ့ရပေမယ့် မြင်ပါများတော့ အဲဒီအုတ်တိုက်အခန်းက ဆုံးသွားတဲ့လူနာကို ဘုန်းကြီးပင့် သရဏဂုံတင်တဲ့ အခန်းမှန်း သိရတယ်။ သူငယ်ချင်းတစ်ယောက်ယူလာတဲ့ အိပ်ဆောင်မှန်ဘီလူးနဲ့ ဆေးရုံထဲ လိုက်ချောင်းကြည့်ပြီး ဘာမှမမြင်ရတာကိုဘဲ ကြက်သီးတွေထကြတယ်။ ကျောင်းမှာ ဝိညာဉ်ခေါ် ဗေဒင်တွက်တာလည်း ခေတ်စားလိုက်သေးတယ်။ ကျွန်မတို့အဆောင်မှာ အပေါ်ဆုံးအထပ်မှာဘဲ စာသင်သေးတော့ အောက်နှစ်ထပ်က အခန်းတွေက လွတ်နေတယ်။ အဲဒီမှာ တချို့ သွားဆော့ကြတယ်။ တရက်တော့ အဲဒီအခန်းထဲ ဝိညာဉ်ခေါ် ဗေဒင်တွက်ဆော့တဲ့အဖွဲ့ တဝုန်းဝုန်း တဒိုင်းဒိုင်း ပြေးတက်လာတယ်။ သူတို့ခေါ်သမျှ ဝိညာဉ်တွေ မေးလိုက်တိုင်း HIVနဲ့ ဆုံးတာဆိုလို့ ကြောက်ပြီးပြေးလာကြတာ။ ဖြစ်လည်းဖြစ်နိုင်တာဘဲ။

ကျောင်းနဲ့ ဆေးရုံကပ်ရပ်ပေမယ့် HIVလူနာတွေတော့ အနီးကပ်တွေ့ဖူးတာတော့ အထူးထု အဲ အထူးကုဆေးခန်းမှာ အလုပ်ဝင်တော့မှပါ။ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးထိုင်တဲ့ နှစ်ရက်မှာ များလိုက်တဲ့ လူနာတွေ။ ဆရာဝန်ကြီးက သဘောထားလည်းပြည့်ဝ စာနာစိတ်လည်းရှိတယ်လို့ သတင်းမွှေးသူပါ။ နွမ်းပါးသူတွေနဲ့ ရဟန်းသံဃာ၊ သီလရှင်တွေကို အမြဲကြည့်ရှုခ မယူပါဘူး။ ဆရာကြီးဆီ အများဆုံးလာပြကြတာ HIVလူနာတွေပါ။ နယ်ကလာသူ တော်တော်များများက ကိုယ့်ကိုယ်ကို ဘာရောဂါဖြစ်လို့ဖြစ်မှန်း မသိကြဘူး။ သူတို့ဘယ်လိုကူးစက်လာမှန်း မသိပေမယ့် နွမ်းနွမ်းပါးပါးနဲ့ မသိနားမလည်တဲ့ မျက်နှာတွေ မြင်ရရင် စိတ်မကောင်းဘူး။ မှတ်မိနေသေးတယ်။ သုံးခွကလာတဲ့ အဒေါ်ကြီးတစ်ယောက်နဲ့ ခြောက်နှစ်ခုနှစ်နှစ်အရွယ် သမီးလေး ၂ယောက်၊ အားလုံး ညိုမဲမဲ ပိန်ပိန်လေးတွေ။ ဆရာကြီးကတော့ FOC ကြည့်ပေးလိုက်ပေမယ့် သွေးစစ်ခတွေ တစ်ယောက် သောင်းကျော်ကျကုန်တယ်။ ရန်ကုန်လည်း ရောက်ဖူးပုံမရဘူး။ တည်းဖို့နေရာ ကျွန်မတို့ကို လာမေးနေတော့ သိတဲ့တစ်ယောက်က နယ်ကလာသူတွေ တည်းနေကျ ဘုန်းဘုန်းကျောင်းကို ညွှန်ပေးလိုက်တယ်။ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပေမယ့် နောက်ရက်ချိန်းမှာ စာအုပ်ကြည့်မိတော့ အားလုံးHIV(+)တဲ့။ စိတ်မကောင်း အတော်ဖြစ်မိတယ်။ တချို့လည်း ဆရာကြီးကိုမမေးရဲတော့ သူတို့ ဘာရောဂါဖြစ်တာလဲဆိုပြီး ကျွန်မတို့ကို လာမေးတယ်။ အဲဒီအခါကျရင် အတော်ဖြေရခက်တယ်။

ရန်ကုန်က လူတွေအတော်များများကတော့ ဆရာကြီးဆီ ဘယ်လိုလူနာတွေ များတယ်ဆိုတာ သိကြတယ်။ ဆရာကြီးနဲ့ ပြဖို့ အညွှန်းခံရရင် သို့လောသို့လောတွေးပြီး ဘာဆေးတွေသောက်ခိုင်းတာလဲ လာမေးတယ်။ ရှုပ်လာပုံရတဲ့လူတစ်ယောက်ပေါ့၊ ဆရာကြီးနဲ့ပြရလို့ ကြောက်ပြီး မျက်နှာဇီးရွက်လောက်နဲ့ သူဘာလို့ ဒီဆေးသောက်ရတာလဲဆိုပြီး ကွေ့ဝိုက်လှည့်ပတ်ပြီး လာမေးတယ်။ HIVအတွက်ပေးတဲ့ဆေးမဟုတ်မှန်း သေချာသွားတော့မှ ဆေးခန်းထဲက မြူးတူးပြီးထွက်သွားတယ်။ သြော် ဒီလူ့နှယ် ကြောက်ရင် အစထဲက ဆင်ချင်ပေါ့။ တချို့လူနာများတော့ မြင်ပြင်းကပ်မိတယ်။ ငွေပေါ ကဲကြော ဘဝင်မြင့်နေတဲ့ သူတွေပေါ့။ ငါတို့ ငွေရှိတယ်၊ ကုနိုင်တယ် ဘာမှဂရုမစိုက်ဘူးဆိုတဲ့ အချိုးနဲ့။ တချို့အမျိုးသမီးတွေ ရောဂါဖြစ်မှန်း သိသိကြီးနဲ့ မကောင်းတာဆက်လုပ်နေပုံပါဘဲ။ အဲဒီဝင်ငွေနဲ့ ဆေးဆက်ကုနေတယ်။ HIVအတွက် သောက်ရတဲ့ဆေးတွေက အတော်လည်း ဈေးကြီးပါတယ်။ ငွေများ ငွေနိုင်၊ ဆေးများ ဆေးနိုင်လို့တောင် ပြောရမယ်။ ဆေးမှန်မှန်သောက်နိုင်တဲ့သူများကတော့ ပုံမှန်လူနဲ့မခြား နေနိုင်တယ်။ တလစာဆေးဘူးတွေ သိန်းချီပြီး ဝယ်သွားတဲ့သူ ရှိသလို၊ ဒီနေ့သောက်ဖို့အတွက် ဆေးတစ်လုံးဘဲဝယ်သွားနိုင်သူလည်း ရှိတယ်။ သေချာတာကတော့ ဆေးမှန်မှန်ဝယ်သောက်နိုင်သူက အနည်းစုပါဘဲ။ အဲ တခါတလေ ငွေရှိတိုင်းလည်း ဆေးဝယ်လို့မရတာ ဖြစ်တတ်ပါတယ်။ နယ်စပ်နဲ့ ကားလမ်းပိတ်တဲ့ အခါမှာပါ။ ဆေးခန်းမှာလည်း ဆေးပြတ်သွား အပြင်မှာလည်း ရှာလို့မရ လူနာတွေလည်း ပြူးပြူးပြာပြာဖြစ်ကုန်ရော။ သူတို့ခမျာ နေ့တိုင်း ဆေးမှန်မှန်သောက်မှ ရမှာဆိုတော့လေ။

ဒါနဲ့ စပ်ဆက်မိလို့ ကျွန်မတို့နယ်မှာလည်း နယ်စပ်ထွက် အလုပ်သွားလုပ်သူတွေ များတယ်။ အလုပ်ဆက်မလုပ်နိုင်လို့ ပြန်လာကြရင် အပြန်လက်ဆောင်ဆိုး သယ်လာသူတွေ တကယ်များတယ်။ အဲလိုသူကတဆင့် အိမ်ထောင်ဖက်ကို လက်ဆင့်ကမ်းကူးတယ်။ တကယ်ကို မျက်မြင်ပါ။ ကျွန်မ အမ မော်လမြိုင်မှာ အလုပ်ဝင်နေတုန်းကပေါ့၊ သူက ရင်ကြပ်ရှိတော့ သူ့အမျိုးသားလောင်းရဲ့ ဦးလေးဆေးခန်းနဲ့ မိတ်ဖွဲ့ထားရတယ်။ အဲဒီဦးလေးကပြောတယ်။ ဆေးခန်းလာပြလို့ စစ်ကြည့်လိုက်ရင် (၁၀)ယောက်မှာ (၉)ယောက်က HIVရောဂါရှိနေတယ်တဲ့။ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေ လာရောက်စစ်တမ်းကောက် မေးမြန်းမယ်ဆိုတော့ ရှိသမျှဆေးခန်းတိုင်းကို HIVရောဂါရှိသူ တစ်ယောက်မှ လာမပြပါဘူးလို့ဘဲ ဖြေရမယ်လို့ အမိန့်ပေးခံရတယ်။ အမှန်အတိုင်းဖြေရင် စ/မလက်မှတ် သိမ်းမယ်တဲ့။ သြော် ကောင်းလေစွ ကောင်းလေစွ။ ဒီနည်းနဲ့ မြန်မာပြည်မှာ HIVလူနာ နည်းပါတယ်လို့ လုပ်ထားတာလေ။ အမှန်အတိုင်းသိမှ ပညာပေးရေးလုပ်ငန်းတွေ၊ ကာကွယ်ရေးတွေ ထိထိရောက်ရောက် လုပ်နိုင်မှာပေါ့။ အခုတော့ ဆင့်ပါးစပ် နှမ်းပက်ဖြစ်နေတာ အမှန်ဘဲ။ အိမ်နီးချင်း ထိုင်းမှာတောင် ပညာပေးလုပ်ငန်းနဲ့ အတော်ဟန့်တားထားနိုင်ပြီ။ (ယှဉ်မိပြန်ပြီ။) ကိုယ့်နိုင်ငံမတော့ ..... နည်းပါတယ်၊ မရှိသလောက်ပါဘဲလို့ အော်တဲ့သူ အော်နေပေမယ့် ကျွန်မအလုပ်လုပ်တဲ့ ဆေးခန်းမှာတောင် ဆရာကြီး ခရီးသွားစရာရှိလို့ ဒီတပတ် တစ်ရက်ပဲ ထိုင်နိုင်မယ်လို့ ကြေငြာထားရင် များလိုက်တဲ့လူနာတွေ လာလိုက်တာ အယောက် ၂၀၀၊ ၃၀၀ကျော်။ ဘွတ်ကင်တောင် ပိတ်ပြစ်ရတယ်။ ဒီဆေးခန်းတစ်ခုမှာတင် အဲလောက်ဆိုတော့ ရောဂါဖြစ်နေသူ တကယ့်အမှန်စာရင်းဆိုရင် .......


Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP