Monday, March 24, 2008

င၊ မောင်၊ ကို မှ ဆရာသို့


(နှစ်)

ခရိုင်ပညာဝန်ရုံး
ပခုက္ကူမြို့
အမိန့်စာအမှတ် (၂၃၉) / ၆၁
နေ့စွဲ၊ ၁၉၆၁ ခု၊ အောက်တိုဘာလ ၂၀ ရက်။

ဤရုံးသို့ လျှောက်ထားချက်အရ လစ်လပ်နေသော လက်ထောက်ဆရာနေရာ ပေါ်ပေါက်ပါက ခန့်ထားနိုင်ရန်အတွက် အရည်အချင်းစစ်စာမေးပွဲဖြေဆိုထားသူမောင်မုန်း (မှတ်ပုံတင်အမှတ် YSO ၁၃၇၃၈၄)အား ပခုက္ကူ (က)နယ်မြေ ရေမြက်ရွာ အစိုးရမူလတန်းကျောင်းတွင် မူလတန်းလက်ထောက်ဆရာအဖြစ် လစာစကေး ၇၀-၅-၁၁၀/တွင် လစာရင်း ၇၀+ရှားပါးစရိတ်တို့ဖြင့် ၁၉၆၁ ခု နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ အရည်အချင်းပြည့်ဆရာမရမီ ခေတ္တခန့်ထားလိုက်သည်။
(တိုင်းပညာဝန် အတည်ပြုပြီး)

ပုံ(တင်ဦး)
ခရိုင်ပညာဝန်
ပခုက္ကူမြို့
XXXXX

ပညာရေးဌာန
စာအမှတ် ၂၅/၂၈၊ အီး (၂)
နေ့စွဲ ၂၈-၁၀-၆၁

မိတ္တူကို....
၁။ မောင်မုန်း၊ တဆင့် ခရိုင်ရဲဝန်ရုံး၊ ပခုက္ကူ။
၂။ ကျောင်းအုပ်ဆရာမကြီး၊ ရေမြက်ရွာအစိုးရမူလတန်းကျောင်း၊ ပခုက္ကူ(က)နယ်။

ပုံ (ဝင်းမောင်)
ပညာအုပ်၊
ပခုက္ကူ(က)နယ်။
XXXXX


မောင်မုန်းသည် သူ၏လက်ထဲသို့ အမိန့်စာရွက်ရောက်လာသည့် အချိန်မှစ၍ ဖတ်၍မငြီးနိုင်တော့ပဲ ဖတ်ပြီးယင်း ဖတ်နေမိတော့သည်။ အချိန်မီ အလုပ်ဝင်ရမည်။ သည်ကြားဝယ် ကြိုတင်ပြင်ဆင်စရာများရှိနေသည်။ ရွာသို့ပြန်၍ မိဘ ဆွေမျိုးများကို နှုတ်ဆက်ကန်တော့ရဦးမည်။ ထို့ကြောင့် ကိုသိန်းကားဖြင့် ပခုက္ကူမှ ကြူရွာသို့ ပြန်လာခဲ့ရသည်။ အထူးနှုတ်ဆက်ကန်တော့လိုသူက ဘဖီးနှင့် ဘဖိုးစံ။

"ငါ့မြေးက သိပ်ပညာချွန်တာ။ တနေ့နေ့မှာ ရာထူးရာခံနဲ့ ကြီးပွါးမယ့်ကလေး။ ကြိုးစား ကလေး။ မင်းကြီးပွါးယင် ဘဖီးတို့ကို မမေ့နဲ့နော် ကြားလား"
ဘဖီးနှင့်တွေ့တိုင်း ဤသို့အားပေးစကားဆိုလေ့ရှိသည်။ ဘဖီးသည် မောင်မုန်းတို့နှင့် ဆွေမျိုးရင်းချာမဟုတ်ပါ။ သို့သော် ဘဖီးသည် ရွာထဲရှိ အိမ်တိုင်းသို့ သွားလာဝင်ထွက်နေတတ်သူဖြစ်သည်။ ကလေးများကို ချစ်တတ်သည်။ အလိုလိုက်သည်။ ပညာထူးချွန်သော မောင်မုန်းကိုမူ ပိုမို၍ ချစ်ခင်မြှောက်စားလေသည်။

"အဲဒါ ငါ့မြေးမောင်မုန်းစာမေးပွဲအောင်လို့ ရထားတဲ့ လက်မှတ်"
မောင်မုန်း ပညာသင်ယူနေသော မြင်းခြံမြို့ အမှတ်(၁)အထက်တန်းကျောင်းသည် အစဉ်အလာအရ နှစ်စဉ် မိဘဆရာသင်းလုံးကျွတ် အစည်းအဝေးကြီးတွင် အတန်းတိုင်းမှ ပညာထူးချွန်သည့်ကျောင်းသားများကို ဆုချီးမြှင့်စမြဲဖြစ်သည်။ မောင်မုန်းသည် အတန်းတိုင်းတွင် ပထမ သို့မဟုတ် ဒုတိယ ရလေ့ရှိသည်။ ဆုလက်မှတ်နှင့် ဆုပစ္စည်းများကို ပိုက်လျှက် ရွာသို့ပြန်ကာ ကြွားလေ့ရှိသည်။ ထိုအခါ ဘဖီးသည် မောင်မုန်း၏ ဆုလက်မှတ်နှင့် ဆုပစ္စည်းများကိုယူဆောင်ပြီး တအိမ်တက်ဆင်းလည်၍ ထပ်ဆင့်ကြွားလိုက်ရသည်မှာ အမောပင်။ မောင်မုန်း၏ ကောင်းသတင်းသည် "ဗျိုး"မဟစ်၊ မောင်းမထုရပဲ ရွာနှင့် ရွာပတ်ဝန်းကျင်မှာ မွှေးသွားတတ်သည်။

သို့သော် ဘဖီးသည် စာမတတ်ရှာချေ။ ဤဟာကွက်ကို မောင်မုန်းက ဖြည့်စွက်ပေးရသည်။ ဘဖီးစာသင်ရန် အတော်စည်းရုံးယူရသည်။ အရွယ်ကြီးမှ လူသိမြင်ကြား စာသင်ရမှရှက်နေသည်။ ထို့ကြောင့် ဘဖီးအားလပ်သည့်အချိန်တိုင်း ကြိုကြားကြိုကြား သွားရောက်ကာ တိတ်တဆိတ်သင်ပေးရ၏။ မောင်မုန်း၏ ကျောင်းပိတ်ရက် နှစ်နွေတွင် ဘဖီးအတွက် အသုံးလုံး ကျေသွားတော့၏။ ထို့ကြောင့် ဘဖီးသည် မောင်မုန်းကို အခြားကလေးများထက် ပိုမိုချစ်ခင်ပေသည်။

"ကဲ ငါ့မြေး။ ဒါမင်းမှာထားတဲ့ ပျားရည်။ ခုနတင်ပဲ ကိုဖိုးသန့် ရှားတောထဲက ငါကိုယ်တိုင် ဖွပ်လာခဲ့တာ။ စစ်လိုက်သမှ စစ်စစ်၊စစ်စစ်နဲ့တောင် မြည်ပြလိမ့်ဦးမယ်။ ယုန်ပေါင်ကိုလဲ ဆရာတော်ကို ရောက်ရောက်ချင်း ကြော်ကပ်လိုက်။ ဆရာတော်က အထူးတဆန်းမို့ မက်ပါလိမ့်မယ်။ ထန်းလျက်ကတော့ မရသေးဘူးကွ။ နောက်တပတ် မင်းပြန်လာမှယူ။ အထူးစပယ်ရှယ် ချက်ထားလိုက်မယ်"

မောင်မုန်းသည် မြင်းခြံမြို့ ကိုးဆောင်တိုက် ဇေယျသုခကျောင်းတွင်နေ၍ အတန်းပညာကို ကျောင်းတက်ဆည်းပူးရသည်။ ဆရာတော်ကြီးသည် စတုမဓူကို အမြဲဘုဉ်းပေးလေ့ရှိသည်။ မြို့မှဝယ်လျှင် ပျားရည်စစ်စစ် ရခဲသည်။ ထို့ကြောင့် ရွာရောက်သည့်အခိုက် ပျားရည်စစ်စစ်ရရန် ဘဖီးကို အပူကပ်ရတော့သည်။ ဘဖီးသည် အသက် ၅၀ ကျော်နေပြီ။ သို့သော် တောလိုက်ဝါသနာကြီးလှ၏။ ပဒတ်၊ ချိုး၊ ခါ၊ ယုန်၊ သမင် လိုက်ရသမျှကို ရောင်းချ၍ အသက်မွေးသည်။ တခါတရံ ထန်းတက်သည်။ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် သားသမီးများကျန်ရှိခဲ့သော်လည်း သူတို့မှာ သူ့အိုးသူ့အိမ်နှင့် ဖြစ်နေကြပေပြီ။ ယခုအခါ၌ ဘဖီးသည် အပျိုကြီး နှမနှစ်ယောက်နှင့်အတူ နေထိုင်လျှက်ရှိပေသည်။

ရွာတွင် အလှူ၊ မင်္ဂလာဆောင်၊ မသာ စသည့် သာရေးနာရေး တခုခုရှိပြီဆိုလျှင် တောမှာပျော်တတ်သော ဘဖီးသည် တောလုပ်ငန်းမှန်သမျှကို လစ်လျူရှုတော့သည်။ နှမအပျိုကြီး ဒေါ်ဖွားမူကို အိမ်စောင့်ထားပစ်ခဲ့ကာ နှမအပျိုကြီး ဒေါ်ဖွားစုနှင့်အတူ အလှူအိမ်၊ မင်္ဂလာဆောင်အိမ်၊ အသုဘအိမ်မှာ ရောက်နေတတ်သည်။ ကာယကံရှင်ကိုယ်စား လုပ်ဆောင်ရမည့်အလုပ်ဟူသမျှ သူတို့မောင်နှမနှစ်ယောက်က သိမ်းကျုံးတာဝန်ယူသွားတော့သည်။ ကိုယ်တိုင်လည်း လုပ်ကြသည်။ ဦးဆောင်မှုလည်း ပေးတတ်ကြသည်။ ပွဲပြီးမီးသေ ပတ်စာခွါ ဖျာသိမ်း ကိစ္စအဝဝပြီးမှ ပြန်တတ်ကြသည်။

ဘဖိုးစံကား ဘဖီးနှင့်ဆန့်ကျင်ဘက်။
သူ့အိမ်မှာ ရှိသမျှ အလုပ်အားလုံးကို သူ့သားသမီးများနှင့် လွှဲထားကာ နဖားကြိုးချွတ် အနားယူတော့သည်။ အချိန်ရှိသမျှကို အိမ်လည်ခြင်းဖြင့် အသုံးချလေသည်။ လက်ဘက်ရည်ဝိုင်းဟူသမျှ ဘဖိုးစံရောက်သည်ချည်း။ တရွာလုံးအနှံ့ သွားတတ်သူဖြစ်ရာ အိမ်တိုင်းရှိ အမှုကိစ္စအဝဝကို အပ်ကျသည်မှအစ သိနေလေသည်။ တအိမ်မှသတင်းကို တခြားတအိမ်သို့ ဖြန့်ချီရေးတာဝန်၌ တဦးတည်း ဒိုင်ခံတာဝန်ယူထားသည်။ ထို့ပြင် ရောက်နေကျအိမ်သို့ ရောက်နေကျအချိန်တွင် ရောက်လေ့ရှိ၏။ ထို့ကြောင့် ဘဖိုးစံအား "ရေဒီယို"ဟူ၍လည်းကောင်း၊ "စံတော်ချိန်"ဟူ၍လည်းကောင်း အများကခေါ်ကြသည်။

"ဖွားဇုံ နင့်သား လေးတန်းအောင်ပြီပဲ။ သေစာရှင်စာ ဖတ်တတ်ယင် တော်ရောပေါ့။ ကျောင်းဆက်ထားပြီး ကုလားဖြူစာသင်ယင် နင့်သား မိစ္ဆာဒိဋ္ဌိဖြစ်သွားမယ်။ သိရဲ့လား"

မောင်မုန်း လေးတန်းအောင်၍ ကျောင်းဆက်ထားရေးကို ဘိုးအေဘွားအေနှင့် မိဘနှစ်ပါးတို့ တိုင်ပင်နေဆဲတွင် ဘဖိုးစံရောက်လာပြီး ဤသို့ပြောခြင်းဖြစ်လေသည်။ ဘဖိုးစံသည် မောင်မုန်းအား ဘုန်းကြီးကျောင်းမထားဘဲ လူကျောင်းထားကာ အတန်းစာ သင်စေသည်ကိုပင် ကြိုက်နှစ်သက်သူမဟုတ်ချေ။ လူမှန်လျှင် ပရိတ်ကြီး ၁၁သုတ်နှင့် သဒ္ဒါ၊ သင်္ဂြိုလ် တတ်ရမည်ဟု ခံယူထားလေသည်။ ယခု မြို့ကျောင်းသို့ထားကာ အင်္ဂလိပ်စာသင်စေမည် ဆိုသောအခါ အပြင်းအထန် ကန့်ကွက်လေတော့သည်။ ဘဖိုးစံသည် မောင်မုန်းတို့ ဘိုးဘွားမိဘများနှင့် ဆွေမျိုးအရင်းအချာ တော်စပ်သည်။ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်။

"နင်တို့ စဉ်းစားကြနော်။ မြို့ကျောင်းထားရင် ထမင်းစရိတ်၊ စာအုပ်ဖိုး၊ ဖောင်တိန်ဖိုးကုန်မယ်။ ၁၀ တန်းအောင်ဖို့ နောက်ခြောက်နှစ်ထားရဦးမယ်။ ၁၀ တန်းအောင်ပါပြီတဲ့၊ အစိုးရအလုပ်က သေချာတယ် မဆိုနိုင်ပြန်ဘူး။ ငါကြားထားတယ်။ ရန်ကုန်မှာ ၁၀ တန်းအောင်ပြီး ရေထမ်းရောင်းစားရတဲ့သူတွေ တပုံကြီးပဲတဲ့"
ဘဖိုးစံ စေတနာနှင့် ပြောခြင်း ဖြစ်ပေမည်။ ထိုစဉ်က ရွာနှင့် ပတ်ဝန်းကျင် နီးနီးနားနားတွင် အလယ်တန်းကျောင်းဟူ၍ မဖွင့်သေး။ လေးတန်းအောင်၍ ကျောင်းဆက်ထားလိုလျှင် ပခုက္ကူနှင့် မြင်းခြံသို့ သွားနိုင်မှ ဖြစ်သည်။ ထမင်းလခက တလ ၃၀ ကျပ်။ ထိုစဉ်က ဆန်ဈေးနှင့်တွက်သော် ဆန် သုံးတင်းဖိုး။ မောင်မုန်းတို့မိသားစုမှာ ချောင်လည်သည်ဟု မဆိုနိုင်ပေ။

"ကျွန်တော်တော့ ထားတော့မယ် ဆုံးဖြတ်လိုက်ပြီ အရီးစံ။ သူသူငါငါ ငွေကုန်ကြေးကျခံပြီး ကျောင်းထားကျတာ ပညာတန်ဖိုးရှိလို့သာ ဖြစ်ရမယ်။ အင်္ဂလိပ်စာသင်တိုင်းလည်း မိစ္ဆာဒိဋ္ဌိမဖြစ်ပါဘူး အရီးစံ။ ကျွန်တော် လေ့လာပြီးပါပြီ။ မြို့ကျောင်းတွေမှာလဲ ဗုဒ္ဓဘာသာ သင်ပေးပါတယ်။ အလုပ်ရလဲလုပ်၊ အလုပ်မရလဲ အသိဉာဏ်ပညာအလိမ္မာ တိုးတာပေါ့။ ရေထမ်းရောင်းစားရခြင်း အတူတူ ၁၀ တန်းအောင်သူက မအောင်သူထက်တော့ ပညာအဆင့်ခြင်း ပိုပါလိမ့်မယ်။ အနည်းဆုံး ၁၀ တန်းအောင်ဆိုတဲ့ ဂုဏ်တော့ ရှိဦးမှာပေါ့ဗျာ။ မဟုတ်ဘူးလား အရီးစံ"

"ဟ ရေထမ်းမှာဆိုယင် ခုထွက်ထမ်း ဖြစ်တာပေါ့ကွ။ ငွေကုန် အချိန်ကုန် လူပင်ပန်းခံပြီး မြို့ကျောင်းထားဦးမှာလား။ ငါ့လခွီးတဲ့မှပဲ"
ကိုတင်ညွန့်ပြောသည်ကို ဘဖိုးစံက ဒေါသတကြီး ပြန်ပြောသည်။
"အဖြစ်ပြောတာပါ အရီးစံ။ အစိုးရက ပညာရေး အားပေးနေတာဟာ တိုင်းပြည်အတွက် လူတော်လူကောင်းတွေ မွေးထုတ် အသုံးချချင်လို့ နေမှာပါ။ အလုပ်ရရေး မရရေးထက် ပညာတတ်ဖို့ အသိပညာ အလိမ္မာပွါးဖို့ကို အဓိက ထားရမှာပေါ့ အရီးစံရယ်"

"မင်းကတယ်ပြီး အားသန်နေတာကိုး။ အသိဉာဏ်ပညာအလိမ္မာပွါးချင်ယင် တဝါလောက် ကိုရင်ဝတ်ပြီး ဘုန်းကြီးဆီပို့။ သဒ္ဒါ၊ သင်္ဂြိုလ် သင်ပေးလိမ့်မယ်။ ရက်ရာဇာ ပြဿဒါး ရွေးတတ်သွားမယ်။ မဟာဘုတ်တိုင် ထူတတ်ပြီး သက်ရောက် ဂြိုလ်စား နားလည်သွားမယ်။ လောကနီတိဆိုတာ တသက်လုံးသုံးမကုန်တဲ့ ဗဟုသုတပါကွာ။ ဇာတ်ကြီးဆယ်ဖွဲ့နဲ့ ငါးရာ့ငါးဆယ်၊ ဇိနတ္ထိတို့ကိုပဲ လေ့လာဦး။ တကယ့်အဖိုးတန်တွေပါကွာ"
ဘဖိုးစံစကားကို ကိုတင်ညွန့် ပြုံးလေသည်။

"ခု မင့်သား လေးတန်းအောင်တယ်သာဆိုတယ် ခေါင်းလျှော်ရက်၊ မလျှော်ရက်၊ စပါးသွင်းရက်၊ မသွင်းရက်။ လာဘ်နေ၊ နတ်နေ၊ စက်နေဆိုတာ ဝေလာဝေးရောကွ။ သစ်တန်တွက် စပါးတွက်လဲ မတွက်တတ်ဘူး။ ဒါ့ကြောင့် အစက ငါမပြောလား။ ဘုန်းကြီးကျောင်းထားပါဆိုတာ။ မင်းတို့ ခေတ်လူတွေ တယ်ခက်တာပဲ"
ဘဖိုးစံစကားကြောင့် မောင်မုန်း မျက်လုံးပြူးသွားရလေသည်။ မှန်သည်။ ဘဖိုးစံပြောသော ပညာရပ်များ မောင်မုန်း မတတ်သေးပါ။ ပြား ၁၀၀ တကျပ် သုံးသောခေတ်တွင် မောင်မုန်းဘာမျှနားမလည်သော ကျပ်၊ ပဲ၊ ပိုင် တွက်နည်းများ။ မူး၊ ပဲ၊ ရွေး တွက်နည်းများနှင့် မကြာခဏ ပညာစမ်းတတ်သည်။ မောင်မုန်း မတွက်တက်၍ ချာချာလည်ရတော့၏။ မောင်မုန်းသည် မိမိ၌ ထိုပညာ လိုနေသေးသည်ဟုသာ ထင်မှတ်လိုက်သည်။ မြို့ကျောင်းမှာနေလျှင် ထိုပညာများ သင်ရကောင်း၏ဟုသာ မျှော်လင့်ရတော့၏။

"မင်းတို့ စဉ်းစားဖို့ကောင်းတယ်ကွာ။ ငမုန်းဆိုရင် မြက်ရိတ်နိုင်ပြီ။ နွားစာစဉ်းနိုင်ပြီ။ ရေခတ်နိုင်ပြီ။ နွားစာတော့ ကောင်းကောင်းကြီးကျွေးနိုင်ပြီကွ။ နောင်နှစ်ဆိုရင် ထွန်စီးနိုင်ပြီ။ သူ့ကို ကျောင်းထားမယ်ဆိုရင် မင်းတို့ ဘယ်သူ့ကို သွားခိုင်းမလဲ။ မင်းတို့မှာ သားထောက်သမီးခံ ကြီးကြီးမားမား မရှိဘူးနော်။ အဲ ပညာတပိုင်းတစနဲ့ ဆက်မသင်နိုင်ရင်လဲ ဒုက္ခ။ ချေးမကော်လောက်၊ ပဲမလှော်လောက်နဲ့ နတ်အိုးကွဲ ဖြစ်နေဦးမယ်"

မည်သို့ပင်ဆိုစေ မောင်မုန်းသည် မြို့ကျောင်းတွင် ပညာဆက်လက်သင်ကြားခွင့် ရရှိလေသည်။ ဆွေမျိုးသားချင်းများဖြစ်သော ပခုက္ကူ ဦးထွန်းလှိုင်၊ ဒေါ်ခင်မေတို့အိမ်တွင် တစ်နှစ်။ နောက် ဦးစိန်ဖေ၊ ဒေါ်မြကြွေတို့အိမ်တွင် တစ်နှစ်နေ၍ ပခုက္ကူမြို့ အမှတ်(၁) အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ယူရသည်။ ပခုက္ကူမှ ဆဋ္ဌမတန်းကို အောင်မြင်ခဲ့သည်။

စီးပွါးရေး အခြေအနေအရ ထမင်းလခဟူ၍လဲ အတိအကျမပေးနိုင်ခဲ့။ ဆန်ပေး၊ ဆီပေး၊ ယာထွက် ပစ္စည်းလေးနှင့် ဟင်းသီးဟင်းရွက်များကိုသာ တတ်အားသရွေ့ တည်းခိုအိမ်သို့ ပေးပို့ထောက်ပံ့ရသည်။ အားနာသဖြင့် မြင်းခြံမြို့၊ ကိုးဆောင်တိုက်၊ ဇေယျသုခကျောင်းတွင် ဆွေမျိုးဘုန်းတော်ကြီးထံ ပြောင်းနေရသည်။ မိဘများမှာ သားပညာရေးအတွက် မြေအချို့ကို ဖဲ့ခဲ့ရလေသည်။

"အစက ငါအပြောသား။ ခု ဘယ့်နှယ့်ရှိစ။ ဒီကောင်လေးကို အိမ်မှာခိုင်းရင် ခုဆို ထွန်ဦးစီးဖြစ်လောက်ပြီ။ ခုတော့ အိမ်ပြန်လာတုန်း နွားစာတောင်း ကောင်းကောင်းမစင်းတတ်ဘူး"
ရေဒီယိုစံတော်ချိန် ဘဖိုးစံက ရွာထဲသို့လည်၍ မောင်မုန်းအတွက် ဂရုဏာဒေါ်သော အပြစ်တင်နေသည်။
မြင်းခြံမြို့၊ အမှတ်(၁) အစိုးရအထက်တန်းကျောင်းမှာပင် မောင်မုန်း မက်ထရစ်စာမေးပွဲကို အောင်မြင်ခဲ့လေသည်။

"သား-- မင်းကိုတော့ တောင်သူအလုပ် မလုပ်ခိုင်းချင်ဘူး။ အဲ အရီးစံပြောသလို နတ်အိုးကွဲ အဖြစ်မခံနိုင်ဘူး။ ဒီတော့ လူအကဲ့အရဲ့လွတ်အောင် အစိုးရအလုပ်တခုခု ရှာပေတော့"
မိတ်ဆွေ အပေါင်းအသင်းတို့၏ အကူအညီပေးမှုကြောင့် ပခုက္ကူမြို့ ခရိုင်ရဲဝန်ရုံးတွင် "အကူစာရေး"အဖြစ် စေတနာ့ဝန်ထန်း လုပ်အားပေး အလုပ်ဝင်ရသည်။ အကယ်၍ စာရေးနေရာ လစ်လပ်ခဲ့သော် အလွယ်တကူ အလုပ်ဝင်နိုင်ရန်ဖြစ်၏။ မည်သည့်ကာလတွင် အလုပ်ရလိမ့်မည်ဟု မခန့်မှန်းနိုင်။ ဝါသနာလဲ မပါလှ။

"အစိုးရအလုပ်ဆိုတာ လွယ်တာမှတ်လို့။ ဌာနဆိုင်ရာတွေနဲ့ ရင်းလဲရင်းနှီးမှ။ လာဘ်ယင်လဲ ထိုးမှ။ ခုလို စိုက်လိုက်မတ်တတ်လုပ်နေလို့ ဘယ်ရမလဲ။ ခုဆို ငမုန်းမှာ အလုပ်လုပ်ရပေမယ့် လခမရတဲ့အပြင် အိမ်ကထမင်းလခနဲ့ သားရေစာဖိုးတောင် စိုက်ရသေးတယ်"
ဘဖိုးစံကား နဂိုက သူ့စကားကို နားမထောင်မိခဲ့သည့် ပြစ်ချက်ဖြင့် မောင်မုန်းလုပ်သမျှကို အကောင်းမမြင်တတ်တော့ချေ။

မောင်မုန်းသည် အကူစာရေးဘဝနှင့် အလုပ်ခေါ်သမျှကို လျှောက်ထားလေသည်။ အရည်အချင်းစစ်စာမေးပွဲမှန်သမျှ ဝင်ဖြေသည်။ မူလတန်း လက်ထောက်ဆရာခန့်သောအခါတွင် မောင်မုန်း ထခုန် ကျွမ်းပစ်မိသည်အထိ ဝမ်းသာသွားသည်။ ကလေးဘဝကာ့ပင် ဝါသနာပါခဲ့သည့် အလုပ်။ တိုင်းယက်သည့် ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့်ဖြစ်သွားတော့သည်။

"ကောင်အိုလေး၊ မင်းမှားကွက်နင်းမိပြီ။ တို့ဌာနမှာနေရင် တနေ့နေ့ အောက်တန်းစာရေးတော့ မြေကြီးလက်ခတ်မလွဲရမှာ သေချာတယ်။ တက်လမ်းအများကြီးရှိတယ်ကွ။ အောက်တန်းစာရေးက အထက်တန်းစာရေး၊ အထက်တန်းစာရေးကနေပြီး ရုံးအုပ်စာရေးကြီး၊ နောက်ဝန်ထောက်။ ဘယ်မှာလဲ၊ မင့်ကျောင်းဆရာက တက်လမ်း။ သင်တန်းတွေ နှစ်နဲ့ချီပြီးတက်ဦး။ အင်တာဗျူးတွေ ဝင်ဖြေဦး။ ဒီတော့မှ တစ်ရာမှာ တစ်ယောက်နှုန်းလောက်သာ တက်လမ်းရှိတာကလား"
ခရိုင်ရဲဝန်ရုံး ငွေစာရင်းဌာန စာရေးကြီး ဦးမော်နှင့် ဦးတင်စိုးတို့က ကရုဏာဒေါသောဖြင့် ပြောလေသည်။ ကျောင်းဆရာအလုပ်ကို မဝင်ပဲနေ၊ ဌာနမှာပင် အလုပ်ရစေဟု အာမခံကြလေသည်။ သို့သော် မောင်မုန်း မနေတော့ပြီတည်း။

"အမေတော့ ဝမ်းမသာနိုင်ဘူး ငါ့မြေးရယ်။ မင်းအဖေ ရက်စက်လို့ ငါ့မြေး ၁၀ နှစ်သားကတည်းက အမေတို့နဲ့ ခွဲခွါပြီး ကျောင်းနေခဲ့ရတယ်။ အဲဒီတုန်းကတော့ ကျောင်းထွက်ချိန် အိမ်ပြန်ရောက်မှာပဲလို့ ဖြေသာသေးရဲ့။ ခု အလုပ်ရပြီး တရွာတရပ်ကို သွားနေမယ်ဆိုတော့ အမေဘယ်လို စိတ်ဖြေရမလဲ ငါ့မြေးရယ်"
ဝမ်းသာအားရနှင့် ကားပေါ်ကအဆင်း အိမ်အဝင်ရောက်မဆိုက်ပင် ပခုက္ကူမြို့နယ် ရေမြက်ရွာတွင် ကျောင်းဆရာအလုပ်ရကြောင်း အော်ပြောလိုက်မိသည်။ ဘွားအေ အမေဌေးက မျက်ရည်စမ်းစမ်းနှင့် ဆိုရှာသည်။ မိခင်လည်း ထိုနည်း၎င်းပင်။
"ကျောင်းပိတ်ရက်တိုင်း ပြန်လာခဲ့ပါမယ်ဗျာ"
ဘိုးအေ၊ ဖွားအေနှင့် မိခင်တို့ကို နှစ်သိမ့်စကား ပြောရလေသည်။ ဝမ်းသာသူမှာ မောင်မုန်း၏ဖခင် ကိုတင်ညွန့်ပင်တည်း။
ဖခင်က ဝမ်းသာအားရဖြင့် နည်းညွှန်စကားဆိုလေသည်။

ရွာထဲသို့လည်၍ နှုတ်ဆက်ကန်တော့ရာတွင် ပထမဦးစွာ ဘဖိုးစံနှင့် တွေ့ဆုံရသည်။
"မင်းဟာက ဘယ်မှာဇယားကိုက်လို့လဲကွာ။ မင်းအတွက် ကုန်ကျခဲ့တဲ့ ငွေငါးထောင်ကျော်ကို အတိုးပေးကြည့်စမ်း။ တလ တလ အတိုးငွေ ၁၅၀ အနည်းဆုံး ရနိုင်တယ်ကွ။ ခုမင်းရတဲ့လခက တလမှ ၁၂၆ကျပ် ၇၅ပြား။ မိုင် ၃၀ကျော်ဝေးတဲ့ဒေသ သွားနေရဦးမယ်"
ဘဖိုးစံကမူ ထုံးစံအတိုင်း အကောင်းမြင်ဝါဒကို ဖယ်ကြဉ်၍ အပျက်မြင်ဝါဒဖြင့် မောင်မုန်းအား ရှုတ်ချလေသည်။ မောင်မုန်းစိတ်မဆိုးပါ။
"ကျွန်တော် ချေးမကော်လောက်၊ ပဲမလှော်လောက်နဲ့ နတ်အိုးကွဲဘဝကတော့ လွတ်ပြီ ဘဖိုးစံရယ်"
မောင်မုန်းသည် ဤစကားတခွန်းကိုပြောကာ ဘဖိုးစံထံမှ ထွက်ခွါခဲ့လေသည်။

"ငါ့မြေး တနေ့နေ့ ဒီလိုဖြစ်မယ်လို့ ဘ အတပ်ပြောခဲ့တာဘဲ။ မဆန်းပါဘူး။ ခုကျောင်းဆရာထက်မြင့်တဲ့ အဆင့်ကို တက်နိုင်ဖို့ ကြိုးစားဦး ငါ့မြေး"
ဘဖီးသည် ချိုးသားကြော်၊ ရေနွေကြမ်းတို့ဖြင့် ဧည့်ခံလေသည်။ ဝမ်းသာအားရရှိလွန်းလှသည်။ မောင်မုန်း ကလေးဘဝက သူနှင့်ထိစပ်ခဲ့သည့် ရှေးဟောင်းနှောင်းဖြစ်များကို တဝကြီးပြောပြနေသည်။
"ဘမှာတော့ တခြားပေးကမ်းစရာ မရှိဘူးကွယ်။ အဲ သားရေဖိနပ်တရံတော့ ရှိလေရဲ့။ ငါ့မြေးယူသွား။ ကျောင်းဆရာဆိုတော့ ဂုဏ်နဲ့ထိုက်တန်အောင် ဝတ်ရစားရမှာ"
"မယူပါရစေနဲ့ ဘဖီးရယ်။ ကျွန်တော်ကသာ ကန်တော့ရမှာပါ"
"ယူသွား ငါ့မြေး။ မယူရင် ဘာ့စိတ်ဆိုးမယ်"
မောင်မုန်းသည် ဘဖီးကို ကန်တော့ကာ ပြန်လည်ထွက်ခွါခဲ့၏။ ဖိနပ်ကိုလည်း ယူလာရသည်။

"ငါ့တပည့်၊ မင်းဟာ တပည့်ကောင်းတဦးဖြစ်ခဲ့ပြီ။ ဆရာကောင်းတဦးဖြစ်အောင် ကြိုးစားပေတော့"
ဆရာကြီး ဦးဘိုးကျောင်းက ဩဝါဒတိုလေးကို မိန့်ကြားပြီး ဆရာ့လက်စွဲစာအုပ်ကို လက်ဆောင်ပေးလိုက်သည်။

ဆရာလေးဦးညွန့်မောင်ကာ့မူ ကျောင်းဆရာတစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်း၊ သိက္ခာ၊ သမာဓိများကို အသေးစိတ်ပြောပြ နည်းညွှန်လေသည်။
"အဓိကလိုအပ်တာကတော့ ကျောင်းဆရာတဦးမှာ နာသုံးနာနဲ့ ပြည့်စုံရမယ်ကွ။ ဝါသနာ၊ စေတနာနဲ့ အနစ်နာခံခြင်းပေါ့ကွာ။ နောက်ထပ် နာတနာတိုးလိုက်ဦး။ အထက်အမိန့်ကို နာခံခြင်းတဲ့။ နာလေးနာနဲ့ပြည့်စုံအောင် ကြိုးစားမယ်ဆိုရင် အောင်မြင်တဲ့ ပြည်သူ့ကျောင်းဆရာတဦးဖြစ်မှာသေချာတယ်"

XXXXX



(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

Read More...

Wednesday, March 19, 2008

င၊ မောင်၊ ကို မှ ဆရာသို့


(တစ်)

"ဘူးသီးနုနုမခူးရ"
"ငါ၏ ဒူးနာ၏။"
"ဘဦး ရေကူးနေသည်။"
ယနေ့ အဖိတ်နေ့။ ကျောင်းပိတ်ထားသည်။ မောင်မုန်းအားနေ၏။ ထို့ကြောင့် "ကလေးကျောင်း" ဖွင့်လိုက်ရသည်။ များသောအားဖြင့် မောင်မုန်း၏ကျောင်းသည် အဖိတ်နေ့နှင့် ဥပုသ်နေ့များ၌ ဖွင့်တတ်လေသည်။ မောင်မုန်းသည် မိမိ၏ဆရာကြီး ဦးဘိုးကျောင်း၏ သွင်ပြင်ဟန်ပန်ကို အပြည့်ယူထားသည်။ ဆရာကြီးက မျက်မှန်တပ်သည်။ မောင်မုန်းလည်း မိမိလက်ဖြစ် ပြောင်းရိုးအူမျက်မှန်ကို တပ်ထားရ၏။ ကလေးများရှေ့တွင် တုတ်တချောင်းနှင့် စာချလျက်ရှိနေသည်။

မောင်မုန်းက အော်၍စာချသည်။ ကလေးများကလည်း အော်၍စာလိုက်ကြရသည်။ စာကိုအော်၍လိုက်မှ မောင်မုန်းသဘောကျ၏။ တိုးတိုးလိုက်သူများအား ခေါင်းကိုတုတ်နှင့် တို့၍တို့၍ သတိပေးနေရသည်။ ဆရာကြီးကဲ့သို့ ဖြန်းကနဲ ရွှမ်းကနဲ ဆော်ထည့်လိုက်ချင်လှသည်။ သို့သော်--မဖြစ်။ နာကျင်သွားလျှင် ထကာပြန်ပြေးမှာ စိုးရသည်။ ကျောင်းသားတယောက်လျော့သွားလျှင် လျော့မှန်းသိသိ စိတ်အားငယ်ဖွယ်ကောင်း၏။ အခြားသူများကိုပါ အဖော်ခေါ်သွားလျှင် ယနေ့အဖို့ ကျောင်းပိတ်လိုက်ရမည်ဖြစ်သည်။ ထိုအခါ မောင်မုန်းဆရာလုပ်ရတော့မည်မဟုတ်ပြီ။ ထို့ကြောင့် နာနာမရိုက်ရဲ။ စတိမျှသာ ရိုက်ရတော့သည်။

ကျောင်သားများတွင် အမာခံဟူ၍ မောင်မုန်း၏ နှမငယ် ခင်ရီ နှင့် ညီငယ်ဖိုးကြည်တို့သာ ရှိသည်။ သူတို့ကိုပင် စိတ်မချရဲသေးချေ။ ခင်ရီသည် စာလိုက်ရမည်ထက် ဇယ်ခတ်ရမည်ကို ပို၍အားသန်နေသူဖြစ်၏။ မောင်မုန်း၏ ကျန်ကျောင်းသားများမှာ အိမ်နီးချင်းသူငယ်ချင်းများဖြစ်ကြသော ဖိုးပြော့၊ သိန်းအောင်၊ စိန်သောင်း၊ သောင်းခင်၊ ဘောဂ၊ ရွှေမိ၊ ကုလားမ၊ ပုတ်ကြီး၊ ခင်လှနှင့် မိမှေးတို့ဖြစ်ကြ၏။ စုစုပေါင်း ၁၂ယောက်။ ဤမျှသောကျောင်းသားဦးရေကို ရရှိရန် မောင်မုန်း ခက်ခက်ခဲခဲ စီးရုံးယူခဲ့ရသည်။

မောင်မုန်းကျောင်းတက်သွားတိုင်း မိဘများက သားရေစာအဖြစ် ထန်းလျက်ငါးလုံး ပေးနေကျဖြစ်သည်။ မောင်မုန်းသည် နေ့စဉ်ဝေစုရသော ထန်းလျက်များကို မစားရက် မသောက်ရက်ဖြင့် ထန်းဖူးဖာငယ်ကလေးထဲတွင် ထည့်ကာစုထားရသည်။ တပတ်အတွင်း ထန်းလျက်အလုံး အစိတ်သုံးဆယ် စုမိတတ်လေသည်။ မောင်မုန်းသည် ထိုထန်းလျက်လုံးများဖြင့် မိမိကျောင်းသားများကို စည်းရုံးယူရသည်။ ကျောင်းဆင်းသောအခါ တယောက်ဘယ်နှစ်လုံးပေးမည်ဟု။ ယနေ့လည်း ထန်းလျက် ၂၄ လုံးကို အသုံးပြုကာ ကျောင်းဖွင့်ခဲ့ရသည်။ သည်အထဲ လောဘကြီးလှသူ ဖိုးပြော့က ထန်းလျက်သုံးလုံးတိတိပေးမှ ကျောင်းတက်နိုင်မည်၊ စာလိုက်နိုင်မည်ဟု အရေးဆိုလာသေးသည်။ ချော့ချော့မော့မော့နှင့် မနည်းကြီး ပြောယူရလေသည်။

မောင်မုန်းသည် ယခုအပတ်ကျောင်းဖွင့်ဖို့အရေး သုံးလေးရက် ကြိုတင်ပြင်ဆင်ခဲ့ရသည်။ ကျောင်းသုံးသင်ပုန်းကြီးအဖြစ် ထင်းရှူးသေတ္တာအခွံကို အသုံးပြုရမည်။ ဖြူနေသည်ကို မဲသွားအောင် ဆရာကြီး သင်ပုန်းချေသည်ကို အတုယူလျက် ထမင်းရည်ခံကာ မီးသွေးခဲဖြင့် တိုက်ထားရသည်။ ထိုသင်ပုန်းပေါ်တွင် စာရေးရန် မြေဖြူမရှိသဖြင့် မောင်မုန်းအတော်လေး အခက်အခဲတွေ့ရပြန်သည်။ သင်ပုန်းမဲပေါ်တွင် မီးသွေးခဲဖြင့် ရေး၍လည်းမထင်။ ဂွေ့နီခဲကား ပေါပါ၏။ မာလွန်းလှသည်။ စာလုံးလည်း ကောင်းကောင်းမထင်။ မောင်မုန်းသည် သင်ပုန်းမဲမဲပေါ်တွင် ဆရာကြီးရေးထားသော စာလုံးလေးများနှယ် ဖြူဖြူဖွေးဖွေး လှလှပပကလေးတွေ အထင်းသား ပေါ်လွင်နေစေချင်သည်။ နောက်ဆုံးတွင်မှ နည်းကောင်းနည်းမှန်ကို စဉ်းစား၍ရတော့သည်။ ထို့ကြောင့် ယနေ့ ကျောင်းစတင်ဖွင့်နိုင်ခြင်း ဖြစ်လေသည်။ အေးမြသော တမာပင်ရိပ်အောက်တွင် ကလေးတို့၏ စာလိုက်သံများ သံပြိုင်ညီညာစွာ ပေါ်ထွက်နေသည်။

"ဟ--ဟ-- ငါ့ထုံးဗူးထဲက ထုံးတွေဘယ်ရောက်ကုန်ပါလိမ့်"
မောင်မုန်း၏ ဖခင် ကိုတင်ညွန့်သည် ရွာအရှေ့ပိုင်းမှပြန်အလာ ကွမ်းအစ်ကို ဖွင့်လိုက်သည်။ ကွမ်းရွက်ပေါ်သို့ ထုံးတို့ရန် ထုံးဗူးကို အနှိုက်တွင် ထုံး လုံးဝမရှိတော့ကြောင်း တွေ့လိုက်ရသဖြင့် အလန့်တကြား ပြောလိုက်ခြင်းဖြစ်သည်။
"နဂိုကတည်းက မရှိလို့ဖြစ်မှာပေါ့တော်"
ဆေးလိပ်လိပ်နေသော ဇနီးသည် မဖွားဇုံက ပြောလိုက်၏။
"ရှိပါတယ်။ မနက်က ငါ ကွမ်းစားသေးတာပဲဟာ"
"ကျုပ်လည်း ခုနလေးတင်ပဲ အဝတ်လျှော်ပြန်လာတာ။ ဘယ်သူများ ဝင်ယူသွားပါလိမ့်"
မဖွားဇုံက သံသယဖြစ်မိသည်။
ကိုတင်ညွန့်သည် ပြောမနေတော့ဘဲ ထုံးဗူးထဲ ထုံးဖြည့်ရန် ရေအိုးစင်အောက်တွင်ထားသော ထုံးအိုးဆီသို့ ထွက်သွားတော့သည်။
"ဟိုက်-- ဒီမှာလဲ မရှိတော့ဘူးဟ။ တစုံတယောက်တော့ မပြောမဆို ဝင်ယူသွားပြီထင်တယ်"
"ဟုတ်ပါရဲ့။ ဘယ်သူများယူပါလိမ့်။ အဲ-- ကျုပ်ရေချိုးသွားတုန်း ငမုန်းတော့ အိမ်စောင့်ကျန်ရစ်ခဲ့တယ်။ သူ့မေးကြည့်"
"ဘူးသီးနုနုမခူးရ"
"ငါ၏ ဒူးနာ၏။"
"ဘဦး ရေကူးနေသည်။"
သည်တော့မှ ကိုတင်ညွန့် သားဖြစ်သူ၏ စာချသံကို သတိချပ်မိတော့သည်။ ကျေနပ်နှစ်သက်စွာ ပြုံးလိုက်မိသည်။ ယာလက်စကွမ်းကို ထားပစ်ခဲ့ကာ သားစာသင်နေပုံကို ကြည့်လို၍ တမာပင်အောက်သို့ ထွက်လာခဲ့သည်။

"အဖေ ကျွန်တော် ဆရာဖြစ်ပြီဗျ"
မောင်မုန်းက အားရဝမ်းသာ ဆီးကြိုပြောလေသည်။ ကျောင်းဆရာ၏ဂိုက် အပြည့်အဝဖမ်းနေသော်လည်း မောင်မုန်း၏ရုပ်သွင်မှာ ရယ်စရာဖြစ်နေတော့၏။ ပြောင်းရိုးအူမျက်မှန်နှင့်။ နောက် ထုံးစွန်းတွေ အိုးမဲကွက်တွေ ဗလဗွနှင့်။ နှာရည်ယိုနေသည်ဖြစ်လေရာ နှပ်ချေးသုတ်တိုင်း လက်မှ အိုးမဲတွေက နှုတ်ခမ်းမွှေးဆွဲပေးသလို ဖြစ်နေသည်။ ထုံးတွေ ပျောက်ဆုံးရခြင်း ကိစ္စကိုလည်း ကိုတင်ညွန့် နားလည်လိုက်သည်။ သင်ပုန်းဘေးတွင် မြေဖြူတံပမာ လုံးထားသော ထုံးတောင့်တွေ။ နောက်-- သင်ပုန်းပေါ်မှာလည်း ထုံးဖြူနှင့် ရေးထားသောစာတွေ။

"မြေဖြူတံက ရေးမကောင်းဘူးအဖေရာ၊ သိပ်မာတာဘဲ။ ထင်လဲမထင်ဘူး။ ဒါကြောင့် အဖေ့ထုံးအစိုတွေနဲ့ စာရေးရတယ်"
မောင်မုန်းက လူကြီးသူကြီးပမာ ညည်းညူလေသည်။ ကိုတင်ညွန့်သည် ထုံးများဆုံးရှုံးမှုအတွက် သားကို အပစ်မတင်ရက်တော့ပါ။ သားဖြစ်သူသည် ကလေးများစွာကို အောင်မြင်စွာစုစည်းနိုင်ပြီး ကျောင်းဆရာလုပ်တန်းကစားနေသည်ကို ပီတိဖြစ်၍မဆုံး ရှိရသည်။ မောင်မုန်း၏ ဝါသနာကို သဲလွန်စ တွေ့ရလေပြီ။
"သားက ဆရာ ဖြစ်ချင်သလား"
"ဖြစ်ချင်တာပေါ့၊ ဒါကြောင့် ခု ကျောင်းဆရာ လုပ်နေတာလေ"
"ဘာကြောင့် ဆရာဖြစ်ချင်တာလဲ"
"ဆရာကြီးကို သဘောကျလို့ပေါ့"
"ဘာကိုသဘောကျတာလဲ"
သင်္ကြန်တုန်းက ဆရာကြီးကို တရွာလုံး ကန်တော့ကြတယ် အဖေရာ။ ပဲတွေ ဆန်တွေ အများကြီးရတာဘဲ။ နောက်ပြီး အရက်မူးသမားဆိုရင် ကျွန်တော် အားကြီးကြောက်တယ်။ ဆရာကြီးက မကြောက်ဘူး။ လမ်းမှာဆုံမိရင် အရက်မူးသမားက ဆရာကြီးရှေ့မှာ ထိုင်ဝပ်ချကြတော့တာဘဲ။ လူတွေသတ်တယ်ဆိုတဲ့ သေနတ်ကြီးနဲ့ ဗိုလ်မုတ်ဆိတ်တို့ဆိုတာလေ တရွာလုံးက ကြောက်ရပေမယ့် ဆရာကြီးက မကြောတ်ဘူးဗျ"

မောင်မုန်းမှာ သူငယ်တန်း အဆင့်သာ ရှိသေးသည်။ အသက်အားဖြင့် ခြောက်နှစ်မျှသာ။ ကလေးအမြင်၊အသိဖြင့် ဆရာကြီးဘဝကို အားကျနေသည်။ ကျောင်းဆရာအလုပ်ကို ဝါသနာပါနေသည်။ ထို့ကြောင့် အရွယ်နှင့်မလိုက်အောင် အကြောင်းပြချက်တွေ ပြောပြနိုင်ခြင်းဖြစ်သည်။ ကျောင်းဆရာအလုပ်သည် မိမိ လက်ရှိလုပ်ကိုင်နေသော တောင်သူအလုပ်ထက်တော့ သာပေလိမ့်မည်ဟု ကိုတင်ညွန့် တွေးမိသည်။

သို့သော် ဆရာကြီးဦးဘိုးကျောင်းမှာ လစာမရရှာပါ။ ရွာကို ဗိုလ်မုတ်ဆိတ်ဦးစီးသော ရဲဘော်ဖြူတို့ မင်းမူအုပ်စိုးနေသည်။ အစိုးရမှာ အာဏာလက်လှမ်းမမှီသဖြင့် ကျောင်းစရာများကို လစာမပေးနိုင်ပါ။ ရဲဘော်ဖြူများကလည်း လစာပေးနိုင်ဖို့ အပထား၊ သူတို့ဘဝ ရပ်တည်နိုင်ရန်အတွက်ပင် ဆက်ကြေးအမျိုးမျိုး ခွဲနေရသည်။ ဗိုလ်မုတ်ဆိတ်မှာ ဆရာကြီး၏ ငယ်တပည့်ဖြစ်သည်။ ဆရာကြီးရှေ့တွင်ကြောက်ရောင်ပြ၍ နောက်ကွယ်တွင် ထင်ရာရမ်းနေသူဖြစ်သည်။ ဆရာကြီးအတွက် ထွက်ပေါက်ကား ရှိပါ၏။ ပခုက္ကူမြို့၌ရှိသော သူ့ဦးလေးက မြို့သို့ ပြောင်းခဲ့ပါ။ သူ့ဆီစက်တွင် စာရေးခန့်မည်ဟု ခေါ်နေ၏။ သို့သော် ဆရာကြီးဦးဘိုးကျောင်းသည် မြို့သို့ မပြောင်းဖြစ်ပါ။ ကျောင်းသံယောဇဉ်၊ ကလေးများအတွက် ပညာရေးသံယောဇဉ်တို့ကြောင့် လစာမရသော်လဲ ကျောင်းဖွင့်မြဲဖွင့်ကာ ပညာသင်ပေးနေခဲ့သည်။ ဆရာကြီး၏ မွန်မြတ်သော စေတနာကို ကိုတင်ညွန့်စဉ်းစားမိတိုင်း လေးစားရသည်။ ရွာကလည်း ဆရာကြီး၏ စေတနာကို တုန့်ပြန်သင့်သည်ဟုယူဆကာ ကိုတင်ညွန့်ကပင် ဦးဆောင်လျက် သီတင်းကျွတ်နှင့် တန်ခူးလတို့တွင် ဆရာကန်တော့ပွဲ လုပ်ပေးသည်။ ကျောင်းလခကိုလည် ကျောင်းသားတိုင်း လစဉ် တတ်အားသရွေ့ ပေးစေသည်။ ထို့ကြောင့် ဆရာကြီးတို့မိသားစု ရပ်တည်နိုင်ခွင့်ရခြင်းပင် ဖြစ်သည်။

ကိုတင်ညွန့်သည် ကျောင်းဆရာတို့၏ မွန်မြတ်သော စေတနာကို လေးစားသည်။ တန်ဖိုးထားသည်။ ထို့ကြောင့် မိမိသား မောင်မုန်းတယောက် ကျောင်းဆရာအလုပ်၌ ဝါသနာပါနေသည်ကို တွေ့ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ပီတိဖြာရသည်။
"သား- ကြောင်ဆရာဖြစ်ချင်ရင် ကြိုးစား။ ခု မင်း သူငယ်တန်းမို့ စာနည်းနည်းလေးဘဲ သင်တတ်မယ်။ တတန်းပြီးတတန်း အတန်းကြီးလာရင် စာတွေအများကြီးသင်တတ်လာမယ်။ နောက် ဆရာကြီးလို ကျောင်းဆရာဖြစ်လာမယ်။ ဒါကြောင့် အခုကတည်းက ကြိုးစားရမယ်-- သိလား"
"ဟုတ်ကဲ့ပါ အဖေ"
မောင်မုန်း၏ ကတိပေးချက်ကား ရွှင်လန်းတက်ကြွလှသည်။ အားရဖွယ် ကောင်းလှပေ၏။
"ထုံးက မြေဖြူလုပ်လို့မကောင်းဘူးသားရဲ့။ မာတယ်၊ လက်ပေါက်တယ်။ နောင်ကို အဖေ့ထုံးအိုး မနှိုက်နဲ့နော်"
"ကျွန်တော့အတွက် မြေဖြူ ဘယ်ကရမလဲ"
"အဖေဝယ်ပေးမယ်"
"တကယ်နော်"
"တကယ်ပါကွ၊ မြေဖြူလဲ ဝယ်ပေးမယ်၊ စာသင်နိုင်ဖို့ ကျောက်သင်ပုန်းလေးလဲ လုပ်ပေးမယ်"
"ဒါမှ ဒို့အဖေကွ"

မောင်မုန်း ပျော်မဆုံးတော့ပြီ။ ကိုတင်ညွန့်သည် ကတိအတိုင်းပင် မောင်မုန်းအတွက် သင်ပုန်းငယ်တချပ် လုပ်ပေးသည်။ မြေဖြူတပုံး ဝယ်ပေးသည်။ အခြားကလေးများမှာ မုန့်ပဲ သားရေစာ စားရ၍ပျော်သည်။ ကစားစရာ အိုးပုတ် ချိုးရုပ်ရ၍ ပျော်သည်။ မောင်မုန်းမှာမူ ကျောင်းဆရာလုပ်တမ်း ကစားနိုင်ရန် အထောက်အကူပစ္စည်းများရ၍ ပျော်နေသည်။
"ကို့ နှယ်။ အလိုစလိုက် အလားစလိုက် ကလေးကို မြေဖြူဝယ်ပေးရတယ်လို့၊ တကယ်ဆို စားစရာ မုန့်ပဲသားရေစာ ဝယ်ပေးပါလား၊ ကစားစရာ အရုပ်ဝယ်ပေးပါလား"
မဖွားဇုံက ခင်ပွန်းဖြစ်သူအား အပြစ်တင်လေသည်။
"မြေဖြူကလဲ သားအတွက် ကစားစရာဘဲကွ။ တို့သားက ကျောင်းဆရာစိတ်ဝင်နေတာ၊ ကောင်းတဲ့ဝါသနာကို မြှောတ်ပေးရမှာက တို့တာဝန်။ လေးခွနဲ့ ကြက်ကလေးတွေ ငှက်ကလေးတွေ လိုက်ပစ်နေတာထက် စာသင်တမ်းကစားတာက ဘေးကင်းတယ် ကောင်းတယ်"
ထိုအခါမှစ၍ ကျောင်းပိတ်ရက်တိုင်း မောင်မုန်း၏ ကျောင်းငယ်ကလေး ဖွင့်နိုင်တော့လေသည်။

မောင်မုန်းသည် သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းသားဘဝကမူ စိတ်ပါလွန်း၍သာ စာသင်သည်။ မသင်တတ်၊ အစီအစဉ် မကျန၊ ကစားခြင်းသဘောမျှသာ သက်ဝင်နေသည်။ တတိယတန်းကျောင်းသားဘဝသို့ ရောက်သောအခါတွင် စနစ်တကျ သင်တတ်လာပြီး ထိရောက်မှု ရှိလာသည်။ ကျောင်းမနေရသေးသော အိမ်နီးချင်းကလေးများပင် စာရေးတတ် ဖတ်တတ်လာသည်ကို လူကြီးများ သတိထားမိလာသည်။ ထိုအခါ ပညာလိုလားသော ကလေးငယ်တို့၏မိဘများက သူတို့၏ကလေးများကို မောင်မုန်းထံလွှတ်၍ ကစားယင်း စာသင်စေတော့သည်။ ဆရာပေါက်စကလေးမောင်မုန်းမှာ ကျောင်းသား အစိတ်သုံးဆယ်အထိပင် စာသင်ပေးနေရ၏။ ဖခင် ကိုတင်ညွန့်ကလည်း အားပေးသည်။ စာသင်ကျောင်းအတွက် ထန်းပလက်တဲငယ်ကလေး ဆောက်ထားပေးသည်။

နောင်အခါတွင် မောင်မိုမုန်းစာသင်ပေးခဲ့သော် တပည့်များသည် အ သုံးလုံးကျေသင်တန်းမှ ကင်းလွတ်ကြသည်ကို တွေ့ရလေသည်။ မောင်မုန်းကိုလဲ ဆရာပေါက်စကလေးဟု ခေါ်ကြသည်။ မည်သို့ပင်ဆိုစေ-- မောင်မုန်းမှာ ဆရာကြီးဦးဘိုးကျောင်းကဲ့သို့ ဆရာဖြစ်ချင်နေတော့သည်။
XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

Read More...

Friday, March 14, 2008

Why? Why? Why?


အတော် စိတ်တိုနေပါသည်။ အတော် ပေါက်ကွဲနေပါသည်။
EMS နဲ့ ပစ္စည်းပို့ဖူးသူများရှိရင် ပြောပြပေးပါ။ အရင်က ဒီကနေ CD တို့ စာရွက်စာတန်းတို့လောက် ပို့ဖူးပါတယ်။ ဟိုဘက်ရောက်ရင် ကိုယ့်လက်ထဲရောက်တဲ့အချိန်ကို ရေးပြီး လက်မှတ်ထိုးယူလိုက်ရင် ပြီးသွားရော။ ဒီတစ်ခါ အိမ်ကို လက်ဆောင်ပစ္စည်းတချို့ပို့ကြည့်ပါတယ်။ မနှစ်ကတည်းက ဝယ်ထားတဲ့ အမေ့ဖို့ ပိုက်ဆံအိပ်ရယ်၊ အဝတ်အစား၎ထည်လောက်နဲ့ တိုလီမိုလီ အလှကုန်နဲနဲရယ် အားလုံးပေါင်း ဆယ်ခုပေါ့။ http://www.jp-network.japanpost.jp/services/post/package/ ရော http://www.post.japanpost.jp/cgi-charge/မှာပါ ကုန်ကျစရိတ်ကအစ ကြာချိန်အထိ သေချာရှာဖတ်ပြီး အိမ်နားက စာတိုက်ပိစိကွေးကနေ (ခပ်သေးသေးစာတိုက်လေးပေမယ့် နိုင်ငံတကာပို့လို့ရတယ်) သွားပြီး ပို့လိုက်တာပါ။ ကိုယ့်နိုင်ငံစာတိုက်လို ဘာမှမရစ်။ စာတိုက်ရောက်ရောက်ချင်း EMSနဲ့ ပစ္စည်းပို့ချင်လို့လို့မေးလိုက်တော့ form ထုတ်ပေးတယ်။ (formဖိုး မပေးရဘူး။ ကိုယ့်နိုင်ငံမှာတော့ လာထား ကောင်တာတခုသွားတိုင်း တောင်းဖို့ဘဲ။) အဲဒီformထဲ ပစ္စည်းစာရင်းနဲ့ ခန့်မှန်းခြေတန်ဖိုးဖြည့်ပြီးပေးလိုက်ရုံဘဲ။ ပုံးကိုလဲ အကြီးဆုံးကို အတင်းထိုးမရောင်းပါဘူး။ ကိုယ့်ဘက်ကဘဲ ပုံးအကြီးကို ရွေးမိလို့ အလတ်sizeနဲ့ရမယ်ထင်တယ်ဆိုပြီး ထည့်ပေးတယ်။ ပြီးတော့ ပါကင်ပိတ်၊ ချိန်ကြည့်တော့ နှစ်ကီလိုခွဲနီးပါးရှိတာမို့ ပို့ခ ယန်း၃၅၀၀ ကျပါတယ်။ ကိုယ့်နိုင်ငံကပို့တာထက် သက်သာတယ် ပြောလို့ရတယ်။ ပြီးတော့ နှစ်ကီလိုကျော်တာနဲ့ သုံးကီလိုကြေး ပေးရတာမျိုး မဟုတ်ပါဘူး။ တစ်ကီလို၊ တစ်ကီလိုခွဲ၊ နှစ်ကီလို-- စသဖြင့် ကီလိုဝက်စီ ကျသင့်ငွေ တိုးသွားတာပါ။ ကွန်ပျူတာနဲ့ ကျသင့်ငွေ စာရင်းဘောက်ချာထွက်လာလို့ ပေးလိုက်ရုံဘဲ။ မြန်လိုက်သမှ မြန်မြန်မြန်ဘဲ။ ပစ္စည်းတွေကိုလဲ တစ်ခုမှ ထုတ်မစစ်ဘူး။ ကိုယ့်နိုင်ငံစာတိုက်ကလို တစ်ခုစီလဲ ထုတ်မဖွ၊ လိုက်မညှစ်ဖူး။ အဝတ်တွေလဲ ဖြန့်ပြီးခါပြီး လုံးထွေးပြီးပြန်ထည့်တာမျိုးမလုပ်ဘူး။ ကိုယ်ပေးလိုက်တဲ့အတိုင်း သပ်သပ်ရပ်ရပ်နဲ့ ပုံးပိတ်ပေးတယ်။ အဲလောက်တောင် အေးအေးဆေးဆေး မြန်မြန်ဆန်ဆန်ပြီးမယ် မထင်မိဘူး။ စာတိုက်က ထွက်လာတော့ စိတ်ချမ်းသာလိုက်တာ။ (လက်ဖက်ရည်ဖိုးလဲမတောင်းဘူး၊ မှတ်ပုံတင်တွေ အိမ်ထောင်စုစာရင်းတွေလဲ မလိုဘူးလေ။) ချမ်းသာနေတဲ့ စိတ်လေး လွင့်သွားရတာ ဒီနေ့။ အိမ်ကို ပစ္စည်းတွေ ရောက်ပြီလားလို့ ဖုန်းဆက်မေးတော့ ဒီမနက် ရောက်တယ်တဲ့။ ဪ မဆိုးပါဘူး တနင်္လာနေ့ကပို့တာ သောကြာနေ့ရတယ်ဆိုတော့ပေါ့။ နောက်တော့ အမေကပြောတယ်။ ပါဆယ်က ဖောက်ဖွင့်ထားတယ်တဲ့။ အဲဒါစကြားရကတဲက ဒေါသက ထွက်လာပြီ။ နောက်ပို့ထားတဲ့စာရင်း ၁၀ခုထဲက ၈ခုကို(ဘယ်ဟာလဲဆိုတာ မပြောပြဘူး) ကာစတန်ကြေးပေးပါဆိုပြီး တောင်းလာလို့ ခြောက်ထောင်ပေးလိုက်ရတယ်တဲ့။ ဟာ-- ဘာလဲကွာ# ဒီမှာကျသင့်ငွေပေးပြီး ပို့လိုက်တာကို ဘာထပ်တောင်းတာလဲ!! သိပ်မိုက်ရိုင်းတာဘဲ ငတ်ကြီးကျတာ လွန်ရောဘဲ။ အဲလောက်တောင် မသဒ္ဓါရေစာ တောင်းစားနေရသလား။ အရမ်းဒေါသထွက်တယ်။ ပစ္စည်းပို့ဖူးသူများရှိရင် ပြောပြပေးပါ။ အဲလို ဆက်ကြေးထပ်ပေးရသလားလို့? ဒါက တကယ် လွန်လွန်းတယ်ထင်တယ်။ ဂျပန်စာတိုက်ဘက်က ငွေယူတာ လုံးဝမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံဘက်ကျမှ ပုံးဖောက်စစ်ပြီး တောင်းတာပါ။ ဘာသဘောလဲမသိပါ။ ဘယ်ဟာအပေါ် တောင်းတာလဲ ပြောမပြပါ။ ကာစတန်ကြေးပေးရတဲ့ ၈မျိုးကို ဘယ်လိုမှ စဉ်းစားလို့ မရပါ။ ပို့မိတာကို အမျိုးစား တူရာစုမိရင်တောင် ပိုက်ဆံအိပ်၊ အဝတ်အထည်နဲ့ အလှကုန် (၃)မျိုးသာရှိတာမို့ အဲဒီထဲက ဘယ်ဟာ၂ခုက ကာစတန်လွတ်လာလဲ မသိပါ။ သိရရင်တော့ နောက်အခါတွေမှာ အဲဒါဘဲ ရွေးပို့ဖို့ စိတ်ကူးမိတယ်။ (အဲဒီအခါကျရင်လဲ ထပ်တောင်းချင် တောင်းနေဦးမှာပါ။) အခုတော့ ဒေါမနဿပွါးရင်း စိတ်အတိုကြီးတိုနေတုန်းဘဲ။ @##%

Read More...

Wednesday, March 12, 2008

Tokyo Disneyland


ဘုတ်-- ဘုတ်--ဘုတ်
ဟတ်ချိုး~~
ဘလော့လေး ဖုန်တက်နေလို့ ခါရင်း နှာချေသွားတာ။ ပစ်ထားမိတာကြာပေါ့ ဘလော့လေးရေ။ လာလည်သူတွေကိုလဲ တာဝန်မကျေမိဘူး။ "တောင်းပန်ပါတယ်၊ စူမိမစဲန်း၊ ဂေါ့မဲန်းနာစအိ။" ပျောက်နေရကြောင်း ဆင်ခြေကန်ရရင်တော့ ကျန်းမာရေးပေါ့။ တစ်ရက်လေးလျှောက်လည်ပြီး လူလဲ မထူနိုင်မထောင်နိုင်ဖြစ်သွားတယ်။ စိတ်ကူးထဲတော့ စာတွေရေးနေတာ အများကြီးဘဲ။ တကယ်ရေးမယ်ဆိုရင် မူးပြီးအာရုံစိုက်လို့မရဘူး။ ဒီနေ့မှ အခြေအနေ သိပ်မဆိုးတော့တာနဲ့ စာပြန်တင်ဖြစ်တော့တယ်။ လာလည်သူတွေကို စာအကြွေးဆပ်တဲ့အနေနဲ့ Tokyo Disneyland ပို့ပေးပါမယ်။
*****

Tokyo Disneyland သွားဖို့ ချိန်နေတာကြာပြီ။ အိမ်ကြီးရှင် ခွင့်ယူဖို့ အဆင်ပြေမယ့်ရက်နဲ့ ရာသီဥတုသာယာမယ့်ရက်ကို တွက်နေရတယ်။ ကြားရက်သွားရတာက ပိတ်ရက်တွေဆိုလူတွေအရမ်းများတယ်၊ ဘာမှသိပ်စီးလို့ရမှာမဟုတ်ဘူးဆိုလို့။ ဒါတောင် အဝင်ဝမှာ တန်းစီနေတဲ့ လူအတန်းကြီးက သောင်းချီအောင်ရှိတယ်။ ပိတ်ရက်တွေဆို သိန်းနဲ့ချီပြီးရှိတယ်ဆိုတာ ဖြစ်လောက်တယ်။ Disneyland ဝင်ခက လူကြီးတစ်ယောက်ကို ယန်း၅၈၀၀ပါ။ တနေကုန် ကြိုက်ရာစီးလို့ရတယ်။

"မနက်၉နာရီ ဂိတ်ဖွင့်ပြီး Disneyland ထဲ တန်းစီဝင်နေတဲ့သူတွေ"


"တီးဝိုင်းအဖွဲ့"


"ဒီပန်းခြံအဝိုင်းထဲမှာ စင်ဒရဲလားပုံပြင် ဖန်ရုပ်တွေ အများကြီးရှိတယ်။ ညဘက်ဆို မီးရောင်အမျိုးမျိုးလင်းပြီး တီးလုံးသံတွေနဲ့ အရမ်းလှတယ်။"


"ဒါက အဲဒီထဲက ဖန်ရုပ်တစ်ပုံ"


"ဝင်ပြီးချင်း ဒါကြီးသွားစီးတာ၊ ပြန်ဆင်းလာတော့ မသောက်ဘဲ မူးချင်လာတယ်"


"ဂွီဂွီဂေါ်ဂေါ် သံစုံမြည်နေတဲ့ ရေပန်း"


"ဒီသင်္ဘောက ဘယ်Disneyland ကာတွန်းမှာပါလဲတော့ မသိဘူး"


"ရိုလာကိုစတာက သေးတော့ သိပ်မကြောက်ပါဘူး"


"ဒီအကောင်လေးတွေရဲ့ အိမ်ထဲလဲ ဝင်ခဲ့တယ်"


"ပုံးအဖုံးတွေလှပ်ရင် အသံတွေ ထွက်တယ်"


"အောက်ခြေနားက လေထိုးတံလိုဟာကို ထိုးရင် အပေါ်ကနေ မီးခိုးတွေ၊ မီးရောင်တွေနဲ့ ဆူညံသံတွေ ထွက်လာတယ်"


"တန်းစီနေကြတာ၊ ကိုယ်လဲဝင်စီရတယ်"


"Little World ထဲက အရုပ်လေးတွေက ချစ်စရာလေး"


"ဒီလည်နေတဲ့ခွက်ကို စီးပြီးတော့ လူကလုံးဝ မထူနိုင်အောင် မူးတော့တာဘဲ။ ခွက်က သူ့ဘာသာ လည်ပြီးသားကို ကိုယ်တော်ချောက ခွက်အလည်က စတီယာတိုင်လိုဟာကို လှည့်တော့ မဟားဒယားတွေလည်ပြီး ပြန်အဆင်းမှာ ခွေယိုင်ပြီး ဘာမှ မကြည့်နိုင်လောက်အောင်ဖြစ်သွားတာ၊ ဆန်ပြုတ်မချက်မိအောင် (စားထားတာတွေ ပြန်မထွက်အောင်) မနဲထိန်းနေရတယ်"


"Merrygrow Round က ကလေးတွေနဲ့ အမေတွေ တွဲစီးတာများလို့ မစီးတော့ဘူး၊ အမှန်တော့ မူးနေလို့ စိတ်ထဲမှာ အိမ်ကအိပ်ယာထဲ ပစ်အိပ်ချင်စိတ်ဘဲ ရှိတော့တာ"


"Hanted Mansion ရှေ့"


"နောက်ကပုံကိုရိုက်တာ ဂျပန်မမတစ်ယောက်ပါ ပါသွားတယ်"


"Splash Mountainထဲဝင်ဖို့ fastpassကို မသိလိုက်တာကြောင့်ရော တစ်နာရီကျော်အောင် တန်းစီလိုက်ရတာ စိတ်ကိုကုန်ရော။ အထဲမှာတော့ အတော်ကြည့်လို့ လှတယ်။ လှေက တလှုပ်လှုပ်သွားနေတော့ ဘယ်လိုမှ ဓာတ်ပုံရိုက်လို့ မရဘူး။"


"Splash Mountain ထိပ်က လျှောကျတော့ ရင်တလှပ်လှပ်နဲ့၊ တပ်ထားတဲ့ ကြွက်နားရွက်ဘီးကုပ် ကျွတ်သွားလို့ အမြန်ပြန်ဖမ်းကိုင်လိုက်ရတယ်"


"ကြားရက်မှာတောင် လူတွေ လူတွေ ဟောဒီလောက်ရှိတယ်"


ချာချာလည်တဲ့ခွက်စီးပြီး မူးတာက တော်ရုံနဲ့အရှိန်မသေဘူး။ Splash Mountain ကိုတန်းစီရတာလဲ အကြာကြီးဆိုတော့ ခြေထောက်တွေလဲ တောင့်နေပြီ။ တော်တော်ကို နုံးချိနေတာ။ နောက်လျှောက်ရင်းနဲ့ ကနူးလှေရှိတဲ့ဘက်ကို ရောက်သွားတယ်။ ကနူးလှေလှော်ရတာ ပျော်စရာကြီး။ တစ်ယောက်ကို လှော်တက်တစ်တက်နဲ့ အားနဲ့မာန်နဲ့ "အိချိ-နိ (တစ်-နှစ်)" ဆိုပြီးလှော်လိုက်ရတာ ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့ လေအေးအေးကလဲ စိတ်ကို လန်းစေတယ်။ လမ်းတဝက်မှာနားပြီး ဘေးကမြင်ကွင်းတွေကြည့်ရတယ်။ ကမ်းပေါ်မှာ လူရိုင်းအဖွဲ့စခန်းတွေ၊ မီးလောင်နေတဲ့တဲတွေ၊ ဆတ်အုပ်တွေရဲ့ အရုပ်တွေ လှုပ်နေတာ အတော်ကြည့်ကောင်းတယ်။ လှေပေါ်ကဆိုတော့ ဓာတ်ပုံရိုက်လို့ မရဘူး။ လှေလှော်ပြီးတော့ စိတ်အတော်လန်းပြီး ခေါင်းပြန်ကြည်လာတယ်။ နှစ်ခါလောက်ပြန်လှော်ချင်တာ အိမ်ကြီးရှင်က လှေမှောက်မှာ(မဖြစ်နိုင်တာကို) ကြောက်နေတာနဲ့ သုံးထပ်သင်္ဘောဘဲ သွားစီးဖြစ်တော့တယ်။
"သင်္ဘောပေါ်က မြင်ကွင်း"


"Toy Story ထဲက အရုပ်။ အရုပ်တွေနဲ့ တွဲရိုက်ဖို့ကလဲ တန်းစီစောင့်ရတော့ သိပ်မရိုက်ဖြစ်ခဲ့ဘူး"


"မမတွေ ကပြနေတာ အတူလိုက်ကလို့ ရတယ်"


အိမ်ကြီးရှင်မောင်းတဲ့ကားလဲ စီးခဲ့သေးတယ်။ ဘေးကအတူထွက်တဲ့ကားနဲ့ ပြိုင်လိုက်သေးတယ်။ ကားကအလယ်က သံလမ်းအတိုင်း သူ့ဘာသာ ပုံမှန်သွားပေမယ့် အကွေ့တွေမှာ ကိုယ်ကလိုက်ထိန်းပေးရင် ပိုမြန်မြန်သွားတယ်။ မထိန်းနိုင်ရင် အလယ်က သံတန်းနဲ့ဆောင့်မိပြီး အရှိန်နှေးသွားရော။ စထွက်ထွက်ချင်း ဘေးကကားက အရှိန်ပိုကောင်းနေတာ။ နောက်အကွေ့တွေ အများကြီးနေရာလဲရောက်ရော သံတန်းနဲ့ဆောင့်ပြီး ကျန်ခဲ့တော့တယ်။ အိမ်ကြီးရှင်ကတော့ ဘယ်ဘက်ကွေ့ပြီး ညာဘက်ချက်ချင်းပြန်ကွေ့ရတဲ့ နေရာလောက်ဘဲ ဘေးချော်သွားတယ်။ ကျမကတော့ ဘေးကနေ "ဘယ်ကွေ့ ညာကွေ့ ဟုတ်ပြီကွ"လို့ လေနဲ့မောင်းလာတယ်။


Disneyland ထဲ အချိန်ကုန်ရတဲ့ အဓိကက တန်းစီနေရတာဘဲ။ ငါးမိနစ်၊ ဆယ်မိနစ် စီးခွင့်ရဖို့အရေး အနဲလေး နာရီဝက်ကနေ တစ်နာရီခွဲလောက်အထိ တန်းစီရတယ်။ တွက်ကြည့်လိုက်ရင် သုံးပုံနှစ်ပုံကျော်က တန်းစီနေရတဲ့အချိန်ဘဲ။ မုန့်ဝယ်စားတဲ့နေရာတွေလဲ တန်းစီ။ နောက်ဆုံး အမျိုးသမီးသန့်စင်ခန်းတွေမှာပါ တန်းစီရသေးတယ်။ အမျိုးသားတွေဘက်ကတော့ မတန်းစီရပါဘူး။ ကျမတို့နှစ်ယောက်ကတော့ လူအများကြီးတန်းစီနေတဲ့နေရာတွေရှောင်ပြီး ၁၅မိနစ်ဝန်းကျင်လောက် တန်းစီရတာတွေကိုဘဲ ဝင်ခဲ့တော့ သိပ်စုံအောင် မရောက်ခဲ့ပါဘူး။ ဒါတောင် မနက်၉နာရီကနေ ညနေ၇နာရီမှ ပြန်ခဲ့တာ။ ညဘက်ကျမှ မီးရောင်စုံနဲ့ Disneylandတခုလုံး ပိုလှနေတယ်။ ဝင်ကတည်းက ဓာတ်ပုံတွေလိုက်ရိုက်နေတာ နေရာစုံမရောက်ခင် memoryပြည့်သွားလို့ နောက်ပိုင်းပုံတွေ မရိုက်လိုက်ရဘူး။ တချို့အထဲဘက်တွေက ဓာတ်ပုံပေးမရိုက်တာတွေ ရှိတယ်။ အရှိန်နဲ့ လှုပ်ရင် ကင်မရာ ပြုတ်ကျမှာစိုးလို့။

Disneyland က အဓိက ကလေးတွေအတွက်ပါ။ စီးစရာတွေလဲ ကလေးတွေခံနိုင်လောက်အောင် လုပ်ထားတယ်။ သရဲအိမ်ကလဲ ကြောက်ဖို့မကောင်းပါဘူး။ ဒါတောင်ဝင်ဝင်ချင်းမှာ အကဲပိုတဲ့မမတွေ အော်နေကြသေးတယ်။ သူတို့အော်သံကြောင့်ဘဲ လန့်သွားတာ။ Disneyland ထဲမှာ ဆယ်ကျော်သက်အရွယ် အဖွဲ့တွေ များတယ်။ နောက်တော့ ကလေးတွေနဲ့ မိသားစုတွေ။ တချို့ဆို ကလေးပိစိကွေးလေးတွေ တွန်းလှဲထဲထည့်တွန်းပြီး ပတ်နေကြတယ်။ ကလေးတွေကတော့ အိပ်ပျော်လို့။ အိမ်ကကိုယ်တော်ကတော့ Disneyland ထဲက မုန့်ဆိုင်တွေဘဲလိုက်ရှာစားနေတယ်။ သူများတွေလက်ထဲမှာ မုန့်တွေ့ရင် အဲလိုဟာမျိုးလိုက်ရှာစားတော့တာဘဲ။ သူ့အဖို့ မုန့်ဆိုင်လိုက်ရှာစားဖို့ Disneyland လာရသလိုဘဲ။ တမျိုးပြီးတမျိုး တစွတ်စွတ်စားတော့တာဘဲ။ အိမ်ပြန်လာတော့မှသာ ရှာစားတာရပ်တော့တယ်။

နောက်တခါကျရင် Tokyo Disney Sea သွားဖို့ စိတ်ကူးထားတယ်။ အဲဒီမှာက လူငယ်တွေအတွက် ရည်ရွယ်တဲ့ စီးစရာတွေများတယ်လို့ ပြောတာဘဲ။ ပြောသာပြောတာပါ။ ဘယ်တော့သွားဖြစ်မယ်မှန်း မသိသေးဘူး။ သွားပြီးပြန်လာရင်လဲ ဘလော့ပေါ်ကထပ်ပျောက်ဦးမလားမသိ?? :P

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP