Saturday, June 28, 2008

အသည်းကွဲတာထက်ဆိုး


ဟိုတရက်က အိမ်ကြီးရှင် အင်တာနက်ကြည့်ရင်း အော်ရီနေလို့ ဘာဖြစ်တာတုန်းမေးတော့ ဒီအောက်က သတင်းဆောင်းပါး ဖတ်မိလို့တဲ့။ သူ့အတွက် အတော်မှန်လို့လေ။ အဲဒီဆောင်းပါးကိုဘဲ TVသတင်းမှာ ပြောသွားတာ ကြည့်လိုက်ရတယ်။
http://it.nikkei.co.jp/pc/news/index.aspx?n=AS3K1800U%2018062008
「パソコンクラッシュ」は「失恋」よりショック 民間調査

 セキュリティー対策大手、米シマンテックの日本法人(東京・港)がまとめた「パソコン利用時のストレス調査」によると、パソコンが使用不能になったり、保存データがすべて失われたりした時のストレスは失恋を上回るという結果が出た。

 ストレスが全くない状態を「0」、最も深刻な状態を「10」として、様々なトラブルにどれくらいのストレスを感じるか尋ねた。回答者の平均は「パソコンがクラッシュして使用不能」が6.99、「保存ファイルをすべて損失」は6.98で、「失恋」の6.03を上回った。数値が最も高かったのは「財布紛失」の7.99で、「友情を失う」が7.41で続いた。

 また、現在感じているストレスのうち、パソコンに起因するものの割合を尋ねたところ、平均は27%で2007年に実施した前回調査から7ポイント上昇した。

securityပိုင်းဆိုင်ရာ စီမံဆောင်ရွက်တဲ့ 米シマンテックရဲ့ ဂျပန်အဖွဲ့အစည်းက စုစည်းတင်ပြတဲ့ "ကွန်ပြူတာအသုံးပြုချိန်မှာ ခံစားရတဲ့stressကို စစ်ဆေးမှု" အရဆိုရင် ကွန်ပြူတာ ပျက်သွားတာတို့ သိမ်းထားတဲ့ ဒေတာအားလုံး ပျက်သွားတာတို့ ဖြစ်တဲ့အခါမှာ ခံစားရတဲ့ stressက အသည်းကွဲတာထက်ကို ကျော်သွားတဲ့ ရလာဒ်ထွက်လာပါတယ်။
 
stress လုံးဝမရှိတဲ့ အခြေအနေကို "0"၊ အဆိုးရွားဆုံး အခြေအနေကို "10"အနေနဲ့ထားပြီး အမျိုးမျိုးသော ပြဿနာတွေမှာ ဘယ်လောက် stress ကို ခံစားရသလဲဆိုတာ ရှာဖွေစစ်ဆေးခဲ့ပါတယ်။ ဖြေကြားသူများရဲ့ ပျမ်းမျှမှာ ကွန်ပြူတာ ပျက်ပြီး သုံးမရတဲ့အခါက 6.99၊ သိမ်းထားတဲ့ fileအားလုံး ပျောက်ဆုံးသွားတဲ့အခါက 6.98 ဖြစ်ပြီး အသည်းကွဲတာရဲ့ 6.03ကို ကျော်သွားပါတယ်။ ကိန်းကဏန်းအမြင့်ဆုံးက ပိုက်ဆံအိပ်ပျောက်တဲ့အခါရဲ့ 7.99 ဖြစ်ပြီး မိတ်ဆွေအခင်မင်ပျက်တဲ့အခါမှာက 7.41 ပါ။

တဖန် လတ်တလော ခံစားနေရတဲ့ stressတွေထဲ ကွန်ပြူတာကြောင့် ဖြစ်ရတာကို စုံစမ်းစစ်ဆေးကြည့်တဲ့အခါ ပျမ်းမျှက 27%ဖြစ်ပြီး 2007ခုနှစ်တုန်းက ဆောင်ရွက်ခဲ့တဲ့ လေ့လာတွေ့ရှိချက်ကို 7 points ကျော်သွားပါတယ်။


ဒါကြောင့်ဖြစ်မယ် အိမ်ကြီးရှင်လဲ မျက်လုံးနှစ်လုံးပွင့်တဲ့အချိန်ကနေ ပိတ်တဲ့အချိန်အထိ ကွန်ပြူတာရှေ့မှာဘဲ တနေကုန်တော့တာ။ အဆင်ပြေတဲ့အခါ ပျော်နေလိုက် မပြေတဲ့အခါ ရှုံတွလိုက်နဲ့ ကွန်ပြူတာသာလျှင် သူ့အသက် သူ့ဘဝလေ။ တခါတလေ သူ့ကို ပြောဖြစ်တယ်။ ကိုယ်တိုင် programရေးပြီး ကျမကို runလို့ရရင် run ချင်တယ်ဟုတ်လားလို့။ အဲဒီ အခါကျရင် ကျမလည်း error ပေါင်းစုံ တက်ပြစ်မှာလို့။ အမိန့်ပေးလာရင် ကလန်ကဆန်လုပ်တတ်တဲ့ အကျင့်လေးရှိလို့ပါ။ :D

Read More...

Thursday, June 26, 2008

အခွန်ရှင့် အခွန်!


အရင်က အခွန်ဆိုတာ ကိုယ်နဲ့ ဘာမှမဆိုင်၊ မပတ်သတ်ပါဘူး။ လိမ္မော်သီးခွံ၊ အာလူးခွံဘဲသိတယ်။ :P ကိုယ့်နိုင်ငံမှာတုန်းက ပစ္စည်းကြီးကြီးမားမား (အိမ်၊ မြေ၊ ကား) စတာတွေဝယ်မှ အခွန်ဆောင်ရတာလို့ သိထားတာ။ ဒီရောက်မှ ဟိုဟာဝယ်လဲ အခွန်၊ ဒီဟာဝယ်လဲ အခွန်နဲ့ များလိုက်တဲ့ အခွန်တွေ။ ဒီမှာ ဘာဝယ်ဝယ် ၅%အခွန်ဆောင်ရတယ်။ ဈေးဝယ်ရင် အသားဆိုလည်း 100ဂရမ်ကို ဘယ်လောက်နဲ့ ဒီဘူးထဲ ဘယ်လောက်ဂရမ်ပါပြီး ဘယ်လောက်နှုန်းကျတယ်အပြင် "ဇဲအိခိုမိ"(税込)ဆိုတဲ့ အခွန်ပါ ပါဝင်ပြီးဆိုတဲ့ စာလုံးရေးထားတယ်။ တချို့ဆိုင်တွေကြတော့ 内消費税 တို့ အတိုကောက်内တို့ ရေးထားတတ်တယ်။ ပစ္စည်းဈေးနှုန်းဘဲရေးထားတာဆိုရင် ဘေးမှာဖြစ်ဖြစ် အောက်နားမှာဖြစ်ဖြစ် "ဇဲအိဘဲစွတ်"(税別)ဆိုပြီး အခွန်ခမပါသေးကြောင်း ရေးထားတတ်ပါတယ်။ အထူးသဖြင့် ဈေးကြီးတဲ့ ပစ္စည်းတွေမှာပါ။ ဒီမှာ ဈေးဝယ်သူကို တန်ဖိုးနဲတယ်ထင်အောင် သိပ်လုပ်တာဘဲ။ ဥပမာ 4990円 ဆိုတာမျိုး၊ 6980円 ဆိုတာမျိုး နောက်ဆုံးဂဏန်းနေရာမှာ ...80/ ...90円 တွေနဲ့ ဈေးနှုန်းတွေ အရမ်းများပါတယ်။ ရုတ်တရတ်ကြည့်မိရင်တော့ ဪ ယန်း၎ထောင်လို့ ထင်ချင်စရာပါ။ နောက်မှ ဆယ်ယန်း၊ ယန်းနှစ်ဆယ်လောက် ထပ်ပေါင်းကြည့်လိုက်ရင် ယန်း၎ထောင်ကနေ ၅ထောင်ဖြစ်သွားပြီ။ တကယ်လို့ အဲဒီထဲ အခွန်မပါသေးလို့ တကယ်ငွေချေတဲ့အခါမှ အခွန်ပါထပ်ပေးရရင် ပိုကျပါမယ်။ အစက အဲဒါကို ကောင်းကောင်းနားမလည်လို့ ဘာလို့အဲလောက်ကျပါလိမ့်ပေါ့။ ခုတော့သိသွားပြီ။ ဈေးနှုန်းမြင်တာနဲ့ မယုံတော့ဘူး။ အခွန်ပါမပါပါ သေချာကြည့်ရတယ်။

ဈေးဝယ်တာအပြင် တခြားဟာတွေမှာလည်း အခွန်ဆောင်ရတယ်။ အရင်က အိမ်ကြီးရှင်က ကျောင်းသားဗီစာမို့ အခွန်သိပ်မရှိပါဘူး။ အချိန်ပိုင်းလုပ်လို့ လုပ်ခကို အခွန်ဆောင်ရတာဘဲရှိတယ်။ ရေမီးသုံးခကလဲ အဆောင်ခမှာတခါထဲပါပြီးသားမို့ အဆောင်ရှင်ကိုလခပေးထားရင် ပြီးပြီ။ အခု ဝန်ထမ်းဖြစ်လာတော့ အရင်ကျောင်းသားဗီစာတုန်းကလို မဟုတ်တော့ဘူး။ ဆောင်လိုက်ရတဲ့ အခွန်တွေ။ ဘာတွေမှန်းတောင် မသိတော့ဘူး။ မီတာခဆောင်ရင်လဲ မီတာခထဲ အခွန်ပါပါတယ်။ နောက်ဒီမှာ ရေပူအမြဲရတဲ့ပိုက်လိုင်းရှိတာကြောင့် ရေပူသုံးရင် gas ခကို အခွန်အပါဝင်ဆောင်ရတယ်။ ရေသုံးခကတော့ သပ်သပ်ပေးရတယ်။ သုံးတာရော သွန်တာရောအတွက်ပါ အခွန်အခပေးရတာ။ တခါတလေ ကျမက ကပ်ကပ်သပ်သပ် တွေးလိုက်သေးတယ်။ ရေ 18m2 သုံးတာက ဘယ်လောက်ကျပြီး 18m2ကို သွန်ခက ဘယ်လောက်လို့ရေးထားတော့ အဲဒီ18m2လုံး ပြန်သွန်ပစ်တာမှ မဟုတ်တာလို့။ ထမင်းအိုး၊ ဟင်းအိုးထဲရောက်ပြီး အငွေ့ပျံသွားတာကြီးကိုလို့။ :D



လတိုင်း မီတာ၊ gas၊ ရေခအပြင် ဖုန်းခ၊ အင်တာနက်ခ စတာတွေလဲ အခွန်နဲ့တကွ ပေးရတယ်။ နောက် အိမ်ကြီးရှင် ကျောင်းတက်တုန်းက အဲဒီမြို့မှာ ဝယ်စီးတဲ့ ဆိုင်ကယ်ပိစိကွေးအတွက်လဲ ခုထိ အခွန်ဆောင်နေရတယ်။ အိမ် ၂နေရာ ၃နေရာပြောင်းလဲ အခွန်ကတော့ တန်းတန်းမတ်မတ် ရောက်လာတယ်။ သူကတော့ သူ့သူငယ်ချင်းဆီ ဖုန်းဆက်ပြီး လွှတ်ပစ်ခိုင်းမယ်ပြောနေတာဘဲ။ ခုထက်ထိတော့ အခွန်ပေးနေရတုန်း။ TVကြည့်ရင်လဲ ပေးရမယ်။ ဘာလုပ်လုပ် ဘာဝယ်ဝယ် အခွန်က ကပ်ပါပြီးသား။ အိမ်ကြီးရှင် လခရရင်လဲ လခရှင်းတမ်းအသေးစိတ်ရေးထားတဲ့စာရွက် အိမ်ရောက်လာတယ်။ ရတဲ့လခအပေါ် ဝင်ငွေအခွန်ရယ်၊ ကျန်းမာရေးအာမခံခ(健康保険料)၊ ပင်စင်နဲ့ဆိုင်တဲ့厚生年金保険 နဲ့厚生年金基金ရယ်၊ 雇用保険料 (unemployment insurance) စတာတွေ ဘယ်လောက်ဖြတ်ထားတာနဲ့ အိမ်လခနှုတ်ထားတာတွေပါ အသေးစိတ် ရှင်းထားတယ်။ အဲဒါတွေအပြင် ခုအသစ်လာတဲ့ အခွန်တခုက 特別区民税.都民税တဲ့။ အထူးသီးသန့် နယ်မြေခွန်နဲ့ မြို့တော်ခွန်လို့ ဆိုရမယ်ထင်တယ်။ မနှစ်ကအတွက် ဆောင်ဖို့ ဒီနှစ်ရောက်လာတာ။ အဲဒီအခွန်ဆောင်ဖို့အတွက် စာအိပ်အထူကြီးနဲ့ လျှောက်လွှာစာအရင်ရောက်လာတယ်။ ဘာတွေမှန်းမသိအောင် ဖြည့်စရာတွေများလွန်းပြီး ရှုပ်နေတာကြောင့် အိမ်ကြီးရှင်လဲ အလုပ်ကိုယူသွားပြီး သူ့လုပ်ဖော်ကိုင်ဖက်ကို မေးရတယ်။ သူတို့က ဒီမှာနေတာကြာပြီဆိုတော့ အတွေ့အကြုံပိုများတယ်လေ။ သူရှင်းပြတာ မှတ်ပြီးဖြည့်ပို့လိုက်တယ်။ တခြားဂျပန်တွေကိုမေးကြည့်တော့ သူတို့လဲ ဆောင်ရတယ်တဲ့။ မှီခိုရှိရင် ရှိသလောက် တွက်ပြီး အခွန်ဆောင်ရတာ လျှော့တယ်ဆိုဘဲ။

အိမ်ကြီးရှင်ပြောတော့ ကျမမှီခိုရှိနေလို့ သူဆောင်ရမယ့်အခွန်တွေ တွက်ကြည့်ရင် တနှစ်ကို ယန်း သောင်းငါးဆယ်လောက် သက်သာတယ်ဆိုဘဲ။ အဲဒါကြောင့် အလုပ်မလုပ်တာ။ (ဟီး :Dဆင်ခြေ)။ ကျမအားနေတဲ့အချိန် ပျင်းလို့ အချိန်ပိုင်း အလုပ်လုပ်မယ်ဆိုရင်လဲ သူတွက်ပြတယ်။ ကျမလုပ်နိုင်မယ့်အချိန်နဲ့ ရမယ့် ဝင်ငွေ၊ အဲ ကျမမှာ ဝင်ငွေရှိပြီဆိုရင် မှီခိုမဟုတ်တော့တဲ့အတွက် သူ့အခွန်တွေ ပိုကျလာမယ်၊ ကျမလဲ သူ့လိုအခွန်ဆောင်ရမယ်ဆိုတော့ ဘဲစားဘဲချေနဲ့ ဘာမှမထူးတဲ့ အခြေအနေ ပြန်ရောက်သွားတယ်။ ဒီတော့မလုပ်တာဘဲ ကောင်းပါတယ်။ (သက်သာရာ သက်သာကြောင်းပေါ့။ :P)

ဒီနယ်မြေနဲ့ မြို့တော်ခွန် ပြန်ကျလာတော့ တမျိုးဘဲ။ ဆင်တူစာရွက် ၆ရွက်ပါတယ်။ ပထမစာရွက်မှာ နယ်မြေနဲ့ မြို့တော်ခွန် ၂ခုပေါင်းကျတဲ့အခွန်ကို တနှစ်အတွင်း ၄ရစ် သွင်းနိုင်ကြောင်း ရှင်းပြထားတယ်။ ဒုတိယစာရွက်က တခါထဲ တနှစ်စာဆောင်လို့ရတဲ့ ဖြတ်ပိုင်းနဲ့ ကျန်တဲ့၎ရွက်က ၄ရစ်စီ လအလိုက် ဆောင်လို့ရတဲ့ဖြတ်ပိုင်းပါ။ ကိုယ်နှစ်သက်သလို ဆောင်နိုင်တယ်လေ။ တခါထဲဆောင်ဆောင်၊ အရစ်ကျဆောင်ဆောင် ဆောင်တာကတော့ ဆောင်ရမှာဘဲလေ။ ဒီအခွန်တွေက တခြားမီတာ၊ ရေခတွေလို "ကွန်ဘီနီ"コンビニ(convenience store) မှာ ဆောင်လို့မရဘူး။ စာတိုက်တို့ ဘဏ်တို့ကနေ ဆောင်ရပါတယ်။ ဖြတ်ပိုင်းစာရွက်တွေအပြင် လက်ဆောင်စာရွက်ပါပါသေးတယ်။ ဘာများလဲဆိုတော့ ဘဏ်ကနေ ကိုယ့်လခထဲက အရစ်ကျဖြတ်သွားတဲ့စနစ်သုံးသူတွေကို နယ်မြေတွင်းဈေးဝယ်လက်မှတ် (区内共通商品券) ယန်း၂ထောင်ဖိုး လက်ဆောင်ပြန်ပေးမယ်တဲ့။ ကြုံဖူးပေါင် ဂျပန်ပြည်ရေ။ အခွန်ဆောင်တာ လက်ဆောင်ပြန်ပေးသတဲ့။ ဘဏ်အကောင့်ကနေ နှုတ်သွားတာက သူတို့အတွက် အလုပ်ရှုပ် သက်သာလို့ထင်ရဲ့။ အိမ်ကြီးရှင်ကတော့ စာတိုက်ကနေဘဲ အရစ်ကျဆောင်မယ်တဲ့။ အကောင့်ထဲကနေ ဖြတ်သွားရင် မသိလိုက်မှာစိုးလို့ なんだか 気持ち悪いတဲ့။

ဂျပန်ရောက်စက ဒီမှာ homelessတွေအကြောင်း TVမှာကြည့်ရရင်၊ အပြင်မှာ သူတို့ကိုတွေ့ရင် အရမ်းအံ့ဩမိတယ်။ ဒီမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါပါရက်နဲ့ ဘာလို့များပါလိမ့်ပေါ့။ ကုမ္ပဏီဝန်ထမ်းမဖြစ်နိုင်လဲ အချိန်ပိုင်းလုပ်နိုင်သားနဲ့လို့ တွေးမိတယ်။ နောက်မှ သင်တန်းမှာ 先生ကို မေးကြည့်တော့ အဲလို အခွန်တွေများလွန်းလို့ homelessလုပ်နေကြတာတဲ့။ အိမ်ငှါးခ၊ အခြားအခွန်အခတွေပေါင်းလိုက်ရင် တော်ရုံအချိန်ပိုင်းလုပ်ခနဲ့ မလောက်နိုင်ဘူးတဲ့။ ဒါကြောင့်ပြောတာ ဂျပန်လို့ပြောလိုက်ရင် သူများတွေက "ဟယ်! ဝင်ငွေအများကြီးရမှာ"လို့ဘဲ မြင်ကြတယ်။ နောက်ကလိုက်လာမယ့် အခွန်တွေကို မမြင်ကြဘူးလေ။ ဂျပန်နိုင်ငံက သူတို့လူမျိုးအတွက်တောင် တင်းကြပ်တဲ့သဘောမှာရှိတယ်။ ချွင်းချက်တော့ ရှိတာပေါ့လေ။ ငတ်သေတဲ့သူ ရှားပါးတာတခုဘဲ။ ငတ်မသေပေမယ့် သက်ကြီးရွယ်အို homelessတွေ ဆောင်းတွင်းမှာ အေးခဲပြီး သေတတ်တယ်။ လမ်းဘေးမှာ စက္ကူပုံးထဲ အိပ်နေရတာဆိုတော့လည်းလေ။

ဂျပန်မှာ ဘာပေါသလဲလို့မေးလာရင် အခွန်တွေ ပေါတယ်လို့ ဖြေရမယ်။ ကျောင်းပြီးလို့ "ရှကအိဂျင်း"社会人ဖြစ်လာပြီး အလုပ်လုပ်ရင်ဖြင့် လာပါမည် အခွန်တော်တွေ။ ဒီလိုအခွန်တွေ များရတဲ့အထဲ ပုံမှန်၅%ဆောင်နေရတဲ့ အခွန်တွေကို ထပ်တိုးမယ်ဆိုဘဲ။ ၁၀% လား? ဘယ်လောက်လဲတော့မသိဘူး။ မေ့သွားပြီ။ သဘူတော(သဘောတူ)တဲ့ ပါတီနဲ့ မတောတဲ့ပါတီတွေ အတိုက်အခံဖြစ်နေကြသေးလို့ အတိကျမဆုံးဖြတ်ရသေးဘူး။ တက်တာကတော့ တက်မယ်ထင်ရဲ့။ လူခွန်မဆောင်ရတာ တော်သေးတယ်ပြောရမယ်။ မဟုတ်ရင်တော့ မလွယ်ဘူးဂျ!

Read More...

Thursday, June 12, 2008

今日も

今日も 思い出の日です。結婚記念日です。日本では、 ジューンブライドは 幸せになると言われて、 6月に 結婚式を 挙げる人も 多いと 先生から 聞きました。そうなったら いいですね。



ယနေ့မှစ နှစ်တစ်ရာတိုင်လို့ မဆိုချင်ပါ။ အတူနေခွင့်ရသ၍ပေါ့။ Tom & Jerry ကြိုက်တဲ့သူရေ အဲဒီအချိန်အထိ ဂျီကျဂျစ်တိုက်ရစ်သမျှ သည်းခံနိုင်ပါစေနော်။

Read More...

Wednesday, June 11, 2008

今日は


今日は 私の 誕生日です。主人から 誕生日のケーキを もらいました。とても楽しい。ありがとうね。



プレゼントのためも ありがとう。


Read More...

Tuesday, June 10, 2008

နေ့ချင်းပြန်အလည်ပတ်ခရီး


တပတ်တခါ သွားတက်တဲ့သင်တန်းက ခြောက်လပိုင်း ၂ရက်နေ့မှာ 日帰りバス旅行သွားမယ် လိုက်မှာလားဆိုပြီး လိုက်ရင်ဖြည့်ဖို့formပေးလာပါတယ်။ လက်ရှိသင်တန်းသားတွေဆို တစ်ယောက် ၃၀၀၀円 နဲ့ ကလေးခေါ်လာချင်ရင် ကလေးက ၁၀၀၀円နဲ့ အရင်သင်တန်းသားဟောင်းရယ် ကိုယ့်မိသားစုဝင်တွေဆို ၄၀၀၀円ပါ။ သွားမယ့်နေရာက "ကနဂါဝခရိုင် ဟကိုးနဲ" (神奈川県 箱根のちかく) နားမှာရှိတဲ့ "ယူဂဝရ"ရေပူစမ်း (湯河原温泉)ပါ။ ရေပူစမ်းထဲဝင်မယ့်သူတွေကို ခြုံဖို့towel ယူလာဖို့ မှာတယ်။ မဟုတ်ရင် ဝယ်နေရမှာစိုးလို့ပါ။ ရေပူစမ်းထဲမစိမ်သူတွေအတွက်တော့ ခြေထောက်ဘဲစိမ်ရတဲ့ ရေပူစမ်းကို ဝင်လို့ရပါတယ်။ အဲဒီမှာ နေ့လည်စာစားပြီး အပြန် "ကနဂါဝခရိုင်"ထဲက "အစဟိ"ဘီယာစက်ရုံ (アサヒビール神奈川工場)ကို လေ့လာရေးဝင်မယ်ဆိုပါတယ်။ ဘီယာသောက်ကြစို့! juiceလဲရှိတယ်လေ!တဲ့ စာရွက်ထဲမှာ ရေးထားပါတယ်။ မနက် 8:40ရောက်အောင်လာပါ၊ ညနေ ခြောက်နာရီကျော်လောက် ပြန်ရောက်မယ်မှန်းထားပါတယ်တဲ့။ ကျမက ဘီယာလဲမသောက် ရေပူစမ်းလဲမဝင်ဆိုတော့ လိုက်ဖို့မလိုက်ဖို့မသေချာပါဘူး။ (ရေပူစမ်းစိမ်ဖို့စိတ်တောင်မကူးပါဘူး။ ဒီကရေပူစမ်းတွေ ရေနွေးစိမ်ကန်တွေက သိကြတဲ့အတိုင်း အဝတ်မပါနဲ့ဝင်ရတာ။ ယောင်လို့တောင် ဝင်ဖို့စိတ်မကူးသေး။) ဒါနဲ့ အိမ်ကြီးရှင်ကို မေးတော့ မရောက်ဖူးတဲ့နေရာ ရောက်ဖူးအောင်လိုက်သွားလေတဲ့၊ ခြေထောက်ဘဲစိမ်ရတဲ့ ရေပူစမ်းဝင်ပေါ့ဆိုတာနဲ့ လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

သွားမယ့်နေ့မှာ ကာလနဂါး စောစောထ သုတ်ခြေတင်ရတယ်။ စုရပ်ရောက်တော့ ကားပေါ်တက်၊ ငိုက်မျည်းမျည်းနဲ့ ထွက်မယ့်အချိန်ကို စောင့်နေတုန်း ဘေးမှာအတူထိုင်မယ့် "ဆအိတမ"က တရုတ်မလေးက သူစီးမယ့် ရထားလိုင်းက မတော်တဆမှုရှိလို့ ရထားတွေ ရပ်နေလို့ busစီးပြီးလာရမှာမို့ ခဏစောင့်ပေးဖို့ ဖုန်းဆက်လာတယ်။ စထွက်မယ့်အချိန်အထက် ဆယ်မိနစ်လောက်နောက်ကျပေမယ့်လဲ ကားလမ်းမပိတ်လို့ ချောချောချူချူနဲ့ ထွက်လာနိုင်ခဲ့တယ်။ အဝေးပြေးယာဉ်ရပ်နားစခန်းမှာ restroomဝင်ဖို့ ခဏတဖြုတ်ရပ်နားပြီး ဆက်ထွက်လာကြတယ်။ ကျမအဖို့ ဒီရောက်ပြီး bus (highway express)စစီးတာ ပထမဦးဆုံးပါဘဲ။ ကားက မြေပြင်ပေါ်မှာ သွားတာနဲနဲ၊ overpass တွေပေါ်မှာဘဲ တောက်လျှောက် နိမ့်ကျသွားလိုက် ပြန်တက်လာလိုက်နဲ့ ဘယ်လိုမှ busစီးတဲ့အရသာမရှိဘဲ ရိုလာကိုစတာ စီးနေရသလားထင်ရတယ်။ တချို့နေရာက overpass ဆိုရင် ဘယ်နှစ်ပြန်တောင် ထပ်နေတာမှန်းမသိအောင် အမြင့်ကြီးရယ်။ တောသူမတို့ ပါးစပ်အဟောင်းသားပေါ့။

နောက် ကားပေါ်မှာ Bingo ဆိုတဲ့ gameဆော့ကြတယ်။


နံပါတ် 1 to 99 ကို random ရေးထားတဲ့ ကဒ်လေးတွေ ဝေတယ်။ ပထမဦးဆုံး အလယ်ခေါင်က Free Space ကို အရင်ဖောက်ရတယ်။ ကျန်နံပါတ်တွေထဲက ဆရာမက စက်ကိုနှိပ်ပြီး ထွက်လာတဲ့ နံပါတ်က ကိုယ့်ကဒ်မှာ ပါရင် အဲဒီနေရာကို အပေါက်ဖောက်၊ အရင်ဆုံး ငါးပေါက်တန်းသွားရင် ဂိမ်းပါတယ်။ ဂိမ်းသွားသူတွေကို မဲနံပတ်ပြားလေးတွေပေးတယ်။ သိမ်းထားပြီး နေ့လည်ကျရင် အဲဒီနံပါတ်နဲ့ လက်ဆောင်ထုတ်ပေးမှာတဲ့။ ကျမက ၂၄ယောက်မြောက်မှ ဂိမ်းတော့ နံပါတ် နှစ်ဆယ့်လေးကဒ်ပြားရတယ်။ အဲလိုဆော့လာရင်းနဲ့ ကားက ကမ်းရိုးတန်းလမ်းပေါ် ရောက်လာတယ်။ အဲဒီနေ့က ရာသီဥတုက မှုန်မှုန်မှိုင်းမှိုင်းနဲ့ရယ်။ မိုးလေဝသက လေပြင်းမယ်၊ မိုးရွာမယ်တော့ပြောထားပေမယ့် ထွက်လာတဲ့တလျှောက် မိုးပဲအုံ့နေခဲ့တယ်။ ကမ်းခြေမှာတော့ လှိုင်းတွေက ကျောက်ဆောင်တွေကို တဝုန်းဝုန်းနဲ့။ ဆူနာမီသာလာရင် ဒီကားလမ်း ရေမြုပ်မှာဘဲလို့တောင် တွေးမိလိုက်သေးတယ်။


ရာသီဥတုမသာယာပေမယ့် ပင်လယ်ပြင်မှာ ငါးဖမ်းလှေလေးတွေ သမုဒ္ဒရာ ဝမ်းတထွာအတွက် မနားကြဘူး။



ကားထဲက Guide အမကြီးရဲ့ ဒီပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို ရှင်းလင်းပြောပြတာကို နားထောင်တချက် မထောင်တချက်နဲ့ (အမှန်တော့ နားထောင်လဲ ကောင်းကောင်းမှ နားမလည်တာ :P) ဟိုငေးဒီငေးနဲ့ဘဲ ရေပူစမ်းကို ရောက်လာတယ်။ ပထမဆုံး နေ့လည်စာစားဖို့ "ကအို့ရိ ဟိုတယ်"(香里ホテル)ကို ဝင်ပါတယ်။ အဲဒီမှာ နေ့လည်စာမစားခင် Bingoဆော့တုန်းက နံပါတ်တွေနဲ့ လက်ဆောင်တွေ ယူရတယ်။ ကျမယူတဲ့အိတ်ထဲမှာတော့ နို့နှစ်ရောင်ကီမိုနိုအဆင် တစ်ရှူးအိပ်လေးရယ်၊ ပုဝါရယ်၊ လက်ကောက်တစ်ကွင်းရယ် ပါပါတယ်။


သူဘာရတယ်၊ ငါဘာရတယ် စပ်စုကြပြီး နေ့လည်စာစားဖို့ ၂ထပ်က ထမင်းစားခန်းဆီသွားကြတယ်။ ထမင်းဘူးထဲ ဂျပန်ထုံးစံလားတော့မသိ ဟိုစပ်စပ် ဒီစပ်စပ် အစုံဘဲ။ သူငယ်ချင်း တရုတ်မလေးက ပင်လယ်စာ ဓာတ်မတည့်လို့ သူ့ပုစွန်ကြော်လာပေးနေလို့ နှစ်ကောင်စားလိုက်ရတယ်။ မီဆိုဟင်းရည်ကလဲ ကဏန်းပါလို့ ခမျာ မသောက်ရပြန်ရှာဘူး။



စားပြီးတော့ "အွန်းစမ်း"ဝင်မယ့်သူနဲ့ ခြေထောက်ဘဲစိမ်မယ့်သူ နှစ်ဖွဲ့ခွဲပြီး "အွန်းစမ်း"ဝင်မယ့်အဖွဲ့က အရင်ထွက်သွားတယ်။ ကြည့်ရတာ ဟော်တယ်အတွင်းနဲ့ ဆက်နေပုံဘဲ။ နောက်မှ ရေပူစမ်းစိမ်တဲ့ တရုတ်မလေးကို စပ်စုကြည့်ရတယ်။ ခြေထောက်ဘဲစိမ်မယ့် ကျမတို့အဖွဲ့ကတော့ ဟိုတယ်ကနေ ဆယ်မိနစ်လောက်လမ်းလျှောက်ပြီး "ဒိုကုဟို့" (独歩の湯) ခြေထောက်စိမ်ကန်ဆီ သွားကြတယ်။ ဟိုတယ်ကထွက်စမှာ မိုးတပေါက်နှစ်ပေါက်ကျလာပေမယ့် နောက်ခဏနေတော့ ပြန်တိတ်သွားလို့တော်သေးတယ်။ စက်ဝိုင်းပုံ ဝင်းထဲမှာ ခြေထောက်စိမ်ကန် ကိုးခုရှိတယ်။ တကန်စီ အပူချိန်မတူပါဘူး။ ကန်တိုင်းမှာ ဘယ်ကန်က ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းအတွက် ကောင်းတယ်ဆိုပြီးရေးထားတယ်။ အဲဒီထဲက ကန်တစ်ကန်က အတော်ပူခြစ်နေအောင် ပူပါတယ်။ နေ့တိုင်း ရေနွေးစိမ်နေကြတဲ့ ဂျပန်တွေတောင် ကြာကြာမစိမ်နိုင်ပါဘူး။ ခြေထောက်က ခဏနဲ့ နီရဲလာတယ်။







ခြေထောက်စိမ်ကန်ကနေ ဟိုတယ်ကိုအပြန် မိုးပြန်ရွာရာကနေပြီး ဘီယာစက်ရုံရောက်တဲ့အထိ မိုးကမတိတ်တော့ဘူး။ ဘီယာသောက်သူတွေတော့ ဘယ်လိုနေတယ်မသိ၊ ကျမတော့ စက်ရုံထဲက အနံ့နဲ့တင် မူးလာတယ်။ အမြန်သာပြန်ထွက်ချင်တော့တာဘဲ။ တာဝန်ခံမမလှလှရဲ့ ရှင်းပြတာလဲ စိတ်ဝင်းစားတော့ဝူး။ မူးတယ်။ လူမရှိဘဲ အခန်းတိုင်းမှာ စက်တွေသက်သက် အလုပ်လုပ်နေကြတာကို မှန်ခန်းတွေကနေ ကြည့်ပြီး ဪ-- ဪ လုပ်ခဲ့တယ်။ စက်ရုံထဲမှာ ဓာတ်ပုံမရိုက်ရဆိုတော့ မှတ်တမ်းတင်ပုံ ပါမလာတော့ဘူး။ ပြန်အထွက်မှာ စက်ရုံအဝင်ဟောခန်းမထဲ စားပွဲတွေတန်းစီချထားပြီး ဘီယာသောက်ချင်သူတွေက ဘီယာတန်းစီ၊ မသောက်သူတွေနဲ့ ကလေးတွေအတွက် ဖျော်ရည်ဘူးတွေ ပေးတယ်။ ဘီယာသောက်သူတွေကို အမျိုးစား၃မျိုး ၃ခွက်သောက်ခွင့်ပေးတယ်။ သူများတွေ ဘီယာနဲ့ "ကန်းပိုင်း!" (乾杯!)တဲ့ကြား ဖျော်ရည်ဗူးနဲ့ဘဲ မြှောက်လိုက်တယ်။ ဘေးကဂျပန်ကလာမေးနေသေးတယ်။ ဘာလို့ ဘီယာမသောက်တာလဲတဲ့။ ဒီရောက်ကတဲက ဒါဘဲဖြေနေရတာ ခဏခဏ။ ဗုဒ္ဓဘာသာဝင်မို့လို့ ငါးပါးသီလမှာပါလို့ မိန်းခလေးမို့လို့နဲ့ ပြောရပေါင်းလဲများပြီ။ သူတို့ကလဲ ကောင်းကောင်းနားမလည် ကိုယ်ကလဲ နားလည်အောင်မရှင်းပြတတ်၊ ရွာပတ်နေတာလဲ အကြိမ်ကြိမ်။ ဒီတခါတော့ "အရသာ မကြိုက်လို့မသောက်ဘူး" ပြောလိုက်မှ "ဪ အရသာမကြိုက်မှတော့ အတင်းသောက်နေဖို့ မလိုဘူးပေါ့"နဲ့ ပြီးသွားလို့ တော်သေး။

အပြန်လမ်းမှာ ရေချိန်လေးလဲရလာကြတော့ ကာရာအိုကေ ဟစ်ကြတယ်။ အားလုံးက ရှေးသီချင်းတွေဆိုကြတော့ တော်တော်များများသီချင်းတွေကို မသိဘူး။ ကောင်းတဲ့သူလဲ ကောင်းပါတယ်။ ဘေးက တရုတ်မလေးက နှစ်ပုဒ်လောက် ဟစ်လိုက်တယ်။ သူ့အမျိုးသား ဂျပန်နဲ့ အမြဲကာရာအိုကေဆိုင်မှာ ဟစ်နေကျဆိုဘဲ။ စကားပြောရင်သာ ဝဲတာ သီချင်းဆိုတာ နားထောင်ကောင်းသားဘဲ။ ကျမက ကိုယ့်ဘာသာ ငိုက်မျည်းနေတာ သူ့အသံက ပျင်းဖို့ကောင်းလို့လားမေးနေလို့ ကားက ငြိမ့်ငြိမ့် ငြိမ့်ငြိမ့်နဲ့မိုလို့ပါလို့ ဖြေရှင်းရသေးတယ်။ ငိုက်ကောင်းတုန်း နောက်ဘက်မှာထိုင်တဲ့ ကလေးက "တိုကျိုတာဝါကြီး!" လို့ ထအော်မှ ပြူးပြဲကြည့်လိုက်တော့ အပြန်လမ်းက မြို့လယ်ကို ဖြတ်မောင်းလားမှန်းသိတော့တယ်။ ကားပေါ်ကနေ အမြန်ဓာတ်ပုံလှန်းရိုက်လိုက်တယ်။


အိပ်ငိုက်လဲပြေလာတော့ ဟိုဟိုဒီဒီငေးရင်းမောရင်း မနက်က စထွက်ခဲ့တဲ့နား ပြန်ရောက်လာတယ်။ ကားပေါ်က ဆင်းပြီး အားလုံး အသီးသီး "ဆာရိုနာရာ" လုပ်ပြီး သူငယ်ချင်း တရုတ်မလေးနဲ့ ဘူတာသို့အတူလျှောက်ပြန်လာခဲ့တယ်။

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP