Tuesday, August 26, 2008

ဂျပန်ပုံပြင်(၅)


အပြေးချံပီယံ


ရွာတရွာမှာ အပြေးအလွန်တော်တဲ့လူတစ်ယောက် ရှိတယ်။
တော်တော်ကို အပြေးမြန်လွန်းလို့ အားလုံးက "အပြေးချံပီယံ"လို့ ခေါ်ကြတယ်။
တနေ့မှာ "အပြေးချံပီယံ"က သူခိုးနောက်ကို ပြေးလိုက်နေတုန်း မျက်နှာချင်းဆိုင်ကနေလာတဲ့ သူငယ်ချင်းနဲ့ သွားဆုံတယ်။
"ဟ! ဘာဖြစ်တာတုန်း? ဒီလောက်ထိ အလျှင်စလို ဖြစ်နေရတာတုန်းကွ?"
လို့ သူငယ်ချင်းက မေးတဲ့အခါ "အပြေးချံပီယံ"က
"သူခိုးနောက်ကို လိုက်နေတာ"
"ဘာရယ်! သူခိုး ဟုတ်လား! ဘယ်မှာလဲ? ဘယ်မှာလဲ?"
"ဟိုးမှာလေ၊ နောက်ကနေ ပြေးလာလိမ့်မယ်"

***


လမင်းထဲက ယုန်ကလေး


ဟိုးရှေးရှေးတုန်းက မျောက်ရယ်၊ မြေခွေးရယ်၊ ယုန်ရယ်က ဘုရားသခင်ထံ သွားလျှောက်တယ်။
"အရှင်ဘုရား လူသားအဖြစ် ပြန်လည်မွေးဖွားအောင် စောင့်ရှောက်တော်မူပါ"
အဲဒီအခါ ဘုရားသခင်က
"လူသားအဖြစ်ရချင်ရင် ကိုယ့်ရဲ့ စားကောင်းသောက်ဖွယ်နဲ့ လူတွေကို တည်ခင်းကျွေးမွေးပါ"
ဒါနဲ့ မျောက်က တောင်ပေါ်ကနေ သစ်ချသီး၊ တည်သီးတွေ ယူလာတယ်။
မြေခွေးက ချောင်းထဲကနေ ငါးတွေ ဖမ်းလာတယ်။
ဒါပေမယ့် ယုန်ရဲ့ စားစရာက နူးညံ့တဲ့ မြက်ပင်တွေဖြစ်တယ်။
အခုက ဆောင်းတွင်းဖြစ်လို့ နူးညံ့တဲ့ မြက်တွေ တစ်ပင်မှ မရှိပါဘူး။
"ဒုက္ခဘဲ။ ဘယ်လိုလုပ်ရပါ့?"
ယုန်က စိတ်ဓာတ်ကျပြီး မျောက်နဲ့ မြေခွေးတို့ဆီ ပြန်လာခဲ့တယ်။
"ဖိုးရွှေယုန်၊ မင်းရဲ့ စားကောင်းသောက်ဖွယ်တွေ ဘယ်မှာလဲ"
"ဟင်အင်း၊ မြက်တွေ အားလုံး ခြောက်ကုန်ပြီ။ သစ်ဖူးတွေလဲ မထွက်သေးဘူး"
လို့ ဖြေလိုက်တဲ့အခါ မျောက်က
"ဒါဆို မင်းတော့ အမြဲတန်း ယုန်ဖြစ်နေတော့မှာ"
"ဟုတ်တယ်၊ ဟုတ်တယ်။ စားကောင်းသောက်ဖွယ်တွေ မရှိဘဲနဲ့ မင်းဘယ်လိုလုပ် လူဘဝ ဝင်စားလို့ ရမှာလဲ"
မြေခွေးကပါ ဝင်ပြောလိုက်တယ်။
"တောင်းပန်ပါတယ်။ တစ်ရက်တော့ ထပ်စောင့်ပေးပါဗျာ"
နောက်ရက်မှာ ယုန်က တောင်ပေါ်သွားပြီး သစ်ခြောက်တွေ စုလာခဲ့တယ်။
ပြီးတော့ မျောက်နဲ့ မြေခွေးရှေ့မှာ သစ်ခြောက်တွေ ပုံလိုက်ပြီး ဒီလို ပြောလိုက်တယ်။
"ခု စားကောင်းသောက်ဖွယ် ချက်ပေးမှာမို့ မီးညှိပေးပါ"
မျောက်နဲ့ မြေခွေးက မီးညှိပေးလိုက်တဲ့အခါ သစ်ခြောက်တွေက ဝုန်းခနဲ မီးထတောက်တော့တယ်။
"ကျနော့ရဲ့ စားကောင်းသောက်ဖွယ်က မရှိပါဘူး။ ဒါကြောင့်.... ဒါကြောင့် ကျနော့ကို ကင်ပြီး လူသားတွေအတွက် စားသောက်ဖွယ်လုပ်ပါ့မယ်"
လို့ပြောပြီး မီးပုံထဲ ခုန်ချလိုက်တယ်။
အဲဒီအချိန်မှာ ကောင်းကင်ကနေ ဘုရားရှင် ကြွလာပြီး ဖျက်ခနဲ ယုန်ကို ပွေ့ချီပြီး ကောင်းကင်ကို ပြန်တက်သွားတယ်။
အဖြစ်အပျက်က မြန်လွန်းတာမို့ မျောက်ရော မြေခွေးပါ လန့်ဖျန့်သွားတယ်။
ဒီအခါ ဘုရားရှင်က
"မျောက်ရော မြေခွေးပါ လူသားအဖြစ် ပြန်လည်မွေးဖွားခွင့်ရဖို့ ကျိန်းသေပါတယ်။ ဘာကြောင့်လဲဆို ကိုယ့်ရဲ့ စားကောင်းသောက်ဖွယ်တွေနဲ့ လူသားတွေကို ကျွေးမွေးလို့ဘဲ။ ချီးကျူးပါတယ်။ ဒါပေမယ့် ယုန်ကို ပိုပြီး ချီးကျူးမိတယ်။ ကိုယ့်အသက်နဲ့ ရင်းပြီး လူသားတွေကို ကျွေးမွေးချင်တယ်။ ဒါကြောင့် ယုန်ကို 'လမင်း'တိုင်းပြည်ကိုခေါ်သွားမယ်။ အဲဒီမှာ တသက်လုံး ပျော်ရွှင်အောင်ထားမယ်"
လို့ ပြောရင်း ဘုရားရှင်က ယုန်ကို ပွေ့ပိုက်ယင်း ကောင်းကင်အမြင့်ထဲ တက်သွားတယ်။
အဲဒီအချိန်ကစလို့ ယုန်က လမင်းပေါ်မှာ ပျော်ရွှင်စွာ နေထိုင်သွားပါတော့တယ်။

***


Read More...

Sunday, August 24, 2008

ဂျပန်ပုံပြင်(၄)


ထမင်းဆုပ်လေး ♪ ဂလုတ် ~ ဂလုတ် ♪


ဟိုးရှေးရှေးတုန်းက သစ်ခုတ်သမား အဖိုးအိုက တောထဲမှာ နေ့လည်စားစားဖို့ သစ်မြစ်ပေါ်ထိုင်ရင်း ထမင်းဘူးကို ဖွင့်လိုက်တယ်။
"အိမ်က အဖွားကြီး ဆုပ်ပေးလိုက်တဲ့ ထမင်းဆုပ်က သိပ်အရသာရှိတာ"
တစ်ယောက်ထဲစကားပြောရင်း ဝါးဖက်နဲ့ ထုပ်ထားတဲ့ ထမင်းထုပ်ကို ဖြည်လိုက်တုန်းမှာ
"ဘုတ်" ဆို ထမင်းဆုပ်တစ်ခုက မြေကြီးပေါ်ပြုတ်ကျပြီး ဂလုတ် ~ ဂလုတ် နဲ့ ဘေးနားက တွင်းပေါက်ထဲ လိမ့်ကျသွားတော့တယ်။
"အာ~~ နှမျောစရာကြီး"
အဖိုးအိုက တွင်းထဲချောင်းကြည့်လိုက်တဲ့အခါ တွင်းနက်ထဲက ဒီလို သီချင်းသံကို ကြားလိုက်ရတယ်။
♪ထမင်းဆုပ်လေး ဘုတ်ခနဲ ဂလုတ် ~ ဂလုတ်
♪ဂလုပ် နဲ့ တွင်းထဲလိမ့်ကျ♪
"ထူးဆန်းလိုက်တာ၊ ဘယ်သူသီချင်းဆိုနေတာပါလိမ့်?
ဒီလောက်သာယာတဲ့အသံ တခါမှ မကြားဖူးဘူး။
ဘာပါလိမ့်။ ရော့ နောက်တခု"
အဖိုးအိုက ထမင်းဆုပ် နောက်တခုကို တွင်းထဲ ပစ်ချကြည့်လိုက်တယ်။
အဲဒီအခါ သီချင်းသံက ပြန်ကြားရပြန်တယ်။
♪ထမင်းဆုပ်လေး ဘုတ်ခနဲ ဂလုတ် ~ ဂလုတ် ~
♪ဂလုပ်~ နဲ့ တွင်းထဲလိမ့်ကျ~♪
"ဒါ စိတ်ဝင်စားစရာဘဲ"
အဖိုးအိုက အတော်ပျော်သွားပြီး ထမင်းဆုပ်တွေအားလုံးကို တခုမှ မစားဘဲ တွင်းထဲ ထည့်ပေးလိုက်တယ်။
နောက်ရက်မှာ အဖိုးအိုက မနေ့ကထက် ထမင်းဆုပ်တွေ ပိုယူခဲ့ပြီး တောင်ပေါ်တက်ခဲ့တယ်။
နေ့လည်ရောက်တဲ့အခါ ဂလုတ် ~ ဂလုတ် ~ ဆိုပြီး ထမင်းဆုပ်တွေကို တွင်းထဲချကြည့်တယ်။
ချလိုက်တိုင်း တွင်းထဲကနေ မနေ့ကလို သီချင်းသံလေးကို ကြားရတယ်။
"အယ်~ ထမင်းဆုပ်တွေ ကုန်သွားပြီ။ ဒါပေမယ့် ထပ်နားထောင်ချင်သေးတယ်။ ..ဟာ! ဟုတ်ပြီ၊ တွင်းထဲဝင်ပြီး တောင်းပန်ကြည့်ရမယ်"
အဖိုးအိုက ထမင်းဆုပ်လိုမျိုး တွင်းထဲ လှိမ့်ဆင်းလိုက်တယ်။
တွင်းထဲရောက်တော့ ရေတွက်လို့မရနိုင်အောင်များတဲ့ ကြွက်တွေကို တွေ့လိုက်ရတယ်။
"ကြွပါ၊ အဖိုးအို ခင်ဗျာ၊ အရသာရှိတဲ့ ထမင်းဆုပ်တွေ စားရလို့ အရမ်း ကျေးဇူးတင်ပါတယ်"
ကြွက်တွေက ခေါင်းသေးသေးလေးတွေကို ညွတ်ပြီး အဖိုးအိုကို အရိုအသေပေးကြတယ်။
"ကဲ! ဒီတစ်ခါ ကျနော်တို့အလှည့်ပါ၊ ကျေးဇူးဆပ်တဲ့အနေနဲ့ ကောက်ညင်းဆန်ထောင်းပြီး ကျွေးပါ့မယ်"
ကြွက်တွေက သစ်ဆုံနဲ့ ထောင်းတံကို ထုတ်လာပြီး
♪ဒုန်း~ ကြွက်ကလေးတွေ ကောက်ညင်းထောင်းတယ်
♪ဒုန်း~ ဒုန်း~ တွင်းထဲမှာကွယ်~♪
လို့ သီချင်းဆိုရင်း ကောက်ညင်းကို စထောင်းကြတယ်။
"ဒါ အရသာ အရမ်းရှိတဲ့ ကောက်ညင်းဘဲ။ သီချင်းရော ကောက်ညင်းပါ နတ်သုဒ္ဓာလိုပါဘဲလား"
အဖိုးအိုကို ကျွေးမွေးရုံသာမက လိုချင်တာပေးမယ်လို့ပြောတဲ့အတွက် ဆုတောင်းပြည့်အဆောင်လေးကို လက်ဆောင်ရလိုက်ပြီး အိမ်ပြန်ခဲ့တယ်။
"အဖွားကြီး၊ မင်းဘာလိုချင်သလဲ?"
လို့ အဖိုးအိုက မေးလိုက်တယ်။
"အင်းနော်.. လိုချင်တာတွေ အများကြီး ရှိပေမယ့် ချစ်စရာကောင်းတဲ့ ကလေးလေးရရင် ဘယ်လောက်များ ကောင်းလိုက်မလဲ"
ဆိုပြီး ပြန်ဖြေလိုက်တယ်။
"ဒါဆို စမ်းသပ်ကြည့်လိုက်မယ်"
အဖိုးအိုက အဆောင်လက်ဖွဲ့ကို လူပုံသဏ္ဍန်လို လုပ်ကြည့်လိုက်ရုံနဲ့ အဖိုးအိုရဲ့ တင်ပုလင်ခွေပေါ်မှာ ကလေးလေး ပေါ်လာတယ်။
တကယ့် လူသား ကလေးအစစ်လေးပါ။
အဲဒီအချိန်ကစလို့ အဖိုးအိုနဲ့ အဖွားအိုက ကလေးကို ပြုစုပျိုးထောင်ရင်း ပျော်ရွှင်စွာ နေထိုင်သွားကြပါတော့တယ်။

***


ပင်လယ်ရေ ဘာကြောင့်ငံ?



ဟိုးတုန်းက ရွာတရွာမှာ သူဆင်းရဲတစ်ယောက်ရှိသတဲ့။
တညနေမှာ သူ့ဆီကို မုတ်ဆိတ်ဖြူတွေနဲ့ အဖိုးအိုတစ်ယောက် ရောက်လာခဲ့တယ်။
"လမ်းပျောက်လာလို့ တစ်ညတည်းခွင့်ပေးပါကွယ်"
"ဟာ! ဟုတ်လား။ ဒုက္ခတွေ့လာတာပေါ့။ တည်းပါ ခင်ဗျာ၊ ရပါတယ်"
သူဆင်းရဲဟာ ရိုရိုသေသေနဲ့ အဖိုးအိုကို တည်းခိုခွင့် ပြုလိုက်တယ်။
နောက်တစ်ရက်မှာ အဖိုးအိုက သေးငယ်တဲ့ ကျောက်ဆန်ထောင်းဆုံကို လက်ဆောင်ပေးပြီး
"တည်းခိုခွင့်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာ။ ဒါ ထူးခြားတဲ့ ကျောက်ဆုံကွဲ့။ ညာဘက်ကို လှည့်ရင် လိုချင်တာတွေ ထွက်လာမယ်၊ ဘယ်ဘက်ကို ပြန်လှည့်ရင်တော့ ထွက်တာတွေ ရပ်သွားမယ်။ မရပ်ခင်အထိ ဆက်တိုက်ထွက်နေမှာမို့ သတိတော့ထားကွဲ့"
လို့ပြောပြီး ထွက်ခွါသွားတော့တယ်။
သူဆင်းရဲဟာ ကျောက်ဆုံကို လှည့်ကြည့်လိုက်တယ်။
"ဆန်တွေထွက်လာခဲ့၊ ဆန်တွေထွက်လာခဲ့"
အဲဒီအခါ ကျောက်ဆုံထဲကနေ ဖြူဖွေးနေတဲ့ ဆန်တွေ ထွက်ကျလာတယ်။
အလျင်စလိုနဲ့ ဘယ်ဘက်ကို ပြန်လှည့်လိုက်တဲ့အခါ ဆန်ထွက်တာ ရပ်သွားတယ်။
"ဟယ်!! အဆန်းပါလား!"
သူဆင်းရဲက ဆန်တွေ ငါးတွေ အများကြီး ထွက်ကျလာအောင်လုပ်ပြီး ဘေးနားက အိမ်တွေကိုပါ လိုက်ဝေပေးတယ်။
သူဆင်းရဲရဲ့ အိမ်နားမှာ လောဘကြီးတဲ့ အကိုတစ်ယောက်နေတယ်။
အဲဒီ အကိုက သူ့ညီ ရုတ်တရက် ချမ်းသာလာတာကို မသင်္ကာလို့ တိတ်တိတ်လေး လာချောင်းကြည့်တယ်။
"တယ်ဟုတ်ပါလား။ အားလုံးက ဟို ကျောက်သားဆုံရဲ့ ကျေးဇူးကြောင့်ပေါ့။ ပွတာဘဲ"
ညဘက်ရောက်တော့ အကိုဖြစ်သူဟာ အိမ်ထဲတိတ်တဆိတ်ဝင်ပြီး ကျောက်ဆုံကို ခိုးသွားတော့တယ်။
ပြီးတော့ လှေနဲ့ ပင်လယ်ထဲကို ထွက်ပြေးလာတယ်။
"ဒီလောက်ထိရောက်မှတော့ ကိစ္စမရှိလောက်ဘူးထင်ရဲ့"
အကိုဖြစ်သူက လှေကို အားကုန် လှော်ခတ်လာတာကြောင့် ဗိုက်ဆာလာတယ်။
အဲဒါနဲ့ ယူလာတဲ့ ထမင်းဆုပ်ကို ထုတ်ယူလိုက်ပြီး
"ဟုတ်ပြီ။ ဆားဖြူးစားရင် ပိုအရသာရှိမှာ။ လာလေရော့! ဆားတွေထွက်၊ ဆားတွေထွက်"
လို့ ကျောက်ဆုံကို လှည့်လိုက်တာ ဆားတွေ မတရား ထွက်ကျလာပြီး ချက်ချင်း လှေထဲ အပြည့်ဖြစ်သွားတယ်။
"အားးးးးးး ရပ်! ခုရပ်! ရပ်ပါတော့"
လောဘသား အကိုက ကျောက်ဆုံကနေ ပစ္စည်းတွေ ထွက်ကျလာတဲ့နည်းကိုဘဲ သိပြီး ပြန်ရပ်အောင်လုပ်ဖို့နည်းကို မကြည့်မိဘူး။
ဆားတွေက လှေထဲ တဖြည်းဖြည်းများလာပြီး နောက်ဆုံး လှေလဲ ပင်လယ်ထဲ နစ်မြုပ်သွားတော့တယ်။
ခုထက်ထိတိုင် အဲဒီကျောက်ဆုံက လည်နေပြီး ဆားတွေကို ထုတ်နေတုန်းပါဘဲ။
ဒါကြောင့် ပင်လယ်ရေတွေက ငံနေရတာပေါ့ကွယ်။

Read More...

Friday, August 22, 2008

ငလျှင်လှုပ်ရင်....


အရင်က တီဗီမှာ လွှင့်သွားလို့ ကြောက်နေရပါတယ်ဆိုမှ မဝါဝါက ရေးလာတော့ ပြန်ကြောက်လာတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆိုပေမယ့် မဖြစ်ပါစေနဲ့။ သဘာဝဘေးကလဲ မယုံရဲပါဘူး။ တားဆီးလို့မှ မရတာဆိုတော့။ ခုမှ ပျာယီးပျာယာနဲ့ အိမ်ကြီးရှင်ကို အလုပ်က ပေးလိုက်တဲ့ check လုပ်ဖို့စာရွက်ကို သေချာပြန်ဖတ်နေရတယ်။ ငလျှင်လှုပ်ပြီးရင် တိုက်ပြိုတာထက် ဂတ်စ်အိုးလဲပြီး မီးလောင်တာ အကြောက်ရဆုံးပါ။ ငလျှင်မရှိတဲ့ နိုင်ငံတွေအတွက်လဲ မီးဘေးအတွက် ကြိုတင်ကာကွယ်လို့ရအောင် check လုပ်ရမယ့် အချက်တွေကို ကြိုးစားဘာသာပြန်လိုက်ပါတယ်။



မိသားစုတွင်းဆောင်ရွက်ထားရမယ့် ငလျှင်ဘေးအတွက် လိုအပ်သော ကြိုတင်စီမံစရာများ

အိမ်မှာ check လုပ်ရမယ့် data item (自宅のチェック項目)
- အိမ်ထောင်ပစ္စည်းတွေ လဲကျနိုင်တာကို ကာကွယ်ခြင်း
- ဖန်ကွဲလွင့်လာနိုင်တာကို ကာကွယ်ခြင်း
- ထွက်ပေါက်ကို အလွယ်တကူထွက်နိုင်အောင်ထားခြင်း (ထွက်ပေါက်သွားရာလမ်းကို ပိတ်နေမယ့် လဲကျအိမ်ထောင်ပစ္စည်း ရှိနိုင်/မရှိနိုင်)
- ဖိနပ် အဆင်သင့် ဆောင်ထားခြင်း (အိပ်ယာဘေးနားမှာ ဆောင်ထားရန်၊ အရေးပေါ်အချိန်မှာ ခြေဗလာနဲ့ လမ်းလျှောက်ရင် အန္တရာယ်များခြင်းကြောင့်)

အရေးပေါ် အခြေအနေတွင် သုံးရန် လိုအပ်သောပစ္စည်းများ check (放災用品のチェック項目)
- (အစားအစာ)--> အရေးပေါ်အခြေအနေစားရန် ၃ရက်စာ၊ ရေ (တစ်ယောက်စာ သုံးလီတာ နှုန်း)
- (အရေးတကြီးပစ္စည်း)--> ငွေအချို့၊ အာမခံစာရွက်၊ (စာချုပ်စာတန်း၊ ပတ်စပို့၊ ဘဏ်စာအုပ်)၊ မိခင်နဲ့ကလေးရဲ့ ကျန်းမာရေးမှတ်တမ်းစာအုပ်
- (သတင်းအချက်အလက်ရယူနိုင်ရန်)--> radio၊ အများသုံးတယ်လီဖုန်းကို သုံးနိုင်ရန် အကြွေစေ့ အချို့၊ memoမှတ်ရန် စာအုပ်၊ ဘောပင်
- (Useful things)--> လက်နှိတ်ဓာတ်မီး၊ လက်အိပ်၊ ပလတ်စတစ်အိပ်၊ ဂတ်စ်မီးဖို အသေးလေး၊ တစ်ခါသုံး Hand warmer ၊ ဓာတ်ခဲ၊ မီးခြစ်
- (Hygiene goods)--> အီးအီးအိုး(Portable toilet)၊ အိမ်သာသုံး စက္ကူ၊ အတွင်းခံ အဝတ်အစား၊ လဲလှယ်ရန် အဝတ်အစား၊ တာဝါတဘက်
- (ကျန်းမာရေးအတွက်)--> household medicine ၊ လိမ်းဆေး၊ အအေးမိဖျားနာပျောက်ဆေး၊ Sanitary napkin ၊ ဂွမ်း
- (နို့စို့ကလေးငယ်အတွက်)--> နို့မှုန့်၊ နို့ဗူး၊ Baby food ၊ Diaper


--- ကျန်တာက ကိုယ်နေထိုင်ရာမြို့ရဲ့ မီးလောင်နိုင်ချေ၊ တိုက်ပြိုလဲနိုင်ချေ၊ အရေးပေါ်ထွက်ပြေးရင် အန္တရာယ်ရှိနိုင်ချေ၊ Overall risk နဲ့ မိသာ့စုဝင်ရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်

--- အရေးပေါ်အခြေအနေအတွက် ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှ အနီးဆုံး စုရပ်ရဲ့ နေရာ

--- အရေးပေါ်အခြေအနေအတွက် သတင်းအချက်အလက်ရနိုင်မယ့် ဖုန်းနံပါတ်

--- အရေးပေါ်အခြေအနေအတွက် ဆက်သွယ်ရမယ့် ကျောင်း/ဆေးရုံ

စတာတွေရဲ့အချက်အလက်များကို စုစည်းထားရန်ဖြစ်ပါတယ်။


အိမ်မှာ အရေးပေါ်အခြေအနေမှာ စားဖို့အတွက် ခေါက်ဆွဲခြောက်ထုပ် တချို့ကို ကျောပိုးအိပ်ထဲ ထည့်ထားပါတယ်။ အမှန်တော့ အပူပေးရုံနဲ့ စားလို့ရတဲ့ ထမင်းဘူးတွေ ဆောင်ထားရမယ်လို့ ဆိုပါတယ်။ ယန်း တစ်ရာ ဆိုင်မှာ ရောင်းပါတယ်။ စားစရာနဲ့ ဆေးတွေကို expiry date ကြည့်ပြီး လတိုင်းစစ်ပြီး ထည့်ပေးရမယ်ထင်ပါတယ်။ အခု စာရွက်ကို သေချာဖတ်ကြည့်မှ ကျောပိုးအိတ်ထဲ မစုံသေးပါဘူး။ လုပ်တော့ လုပ်ထားရ ဦးမယ်။ ခုထိ အရေးပေါ်အခြေအနေနဲ့ မကြုံသေးပေမယ့် ပိုက်ပိုက်အိပ်ပျောက်တော့ လိုရမယ်ရ ကျောပိုးအိတ်ထဲ ဆောင်ထားတာလေး ရှိနေလို့သာပေါ့။ မဟုတ်ရင် ဒွတ်ခနဲ့ လှလှနဲ့ တွေ့ဦးမှာ။ သင်တန်းက ဆရာမက သူ့အိပ်ယာဘေးမှာ စီးစရာ ဖိနပ် အမြဲ ဆောင်ထားတယ်လို့ ပြောတယ်။ ထွက်ပြေးရင် ဖိနပ်က အဓိကမို့တဲ့။ ဟုတ်တော့ ဟုတ်တယ်။ ဖန်ကွဲတွေ ကျနေရင် မလွယ်ဘူး။ ဖိနပ်အသစ်ဝယ်ပြီး ခြေရင်းနား ထားထားရမယ်။ မြန်မာပြည်မှာတော့ ဖိနပ်ကို ခြေရင်းထားကောင်း/မကောင်း မသိပေမယ့် ငလျှင်များတဲ့ နိုင်ငံမှာတော့ ဆောင်သင့်တယ်လို့ ထင်ပါတယ်။

***မဝါဝါက "ဝီစီ" ပါ လိုတယ် ပြောတယ်။ တိုက်အောက်ထဲ ပိတ်မိနေရင် ကယ်ဆယ်ရေးတွေသိအောင် အသံပေးဖို့တဲ့။

ငလျှင်ခဏခဏ လှုပ်တဲ့မြို့တွေမှာတော့ တချို့အိမ်တွေမှာ တောတွင်းသွားရင် သုံးတဲ့  ရွက်ဖျင်တဲ (Tent) တွေပါ ဆောင်ထားကြပါတယ်။ သတိဆိုတာ ပိုတယ်မရှိတာမို့ ကိုယ့်အတွက် လိုအပ်နိုင်တာလေးတွေ တနိုင်တပိုင် ဆောင်ထားသင့်ပါတယ်။

Read More...

Thursday, August 21, 2008

ဂျပန်ပုံပြင်(၃)


သရဲပုံတွေ ဘာသာပြန်ရတာ ရေးရင်းကိုယ့်ဘာသာလန့်နေရတာမို့ ဒီတခါ ဂျပန်ရဲ့ ရိုးရာ ရာဇဝင်ပုံပြင်တွေ ရေးလိုက်ပါတယ်။ သရဲပုံပြင်တွေက "ပုံပြင်တစ်ရာ"ဆိုပြီး အပုဒ် ၁၀၀ တိတိရှိပါတယ်။ တော်ကြာအပုဒ် ၁၀၀လုံး ဘာသာပြန်လို့ပြီးတဲ့အခါ သရဲလာခြောက်မှာ စိုးရတယ်။ ဒါကြောင့် အိပ်ရာဝင် ပုံပြင်တွေ ပြောင်းဖတ်နေတာ။ ဘာသာပြန်ဖို့ ဆီပုံးမှာ လာအော်တဲ့ ကိုနိလဲ သားသားမီးမီးလေးရရင် ပုံပြင်တွေ ပြောပြလို့ရအောင်လို့။

ပန်းများပွင့်စေသူ


ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ အဖိုးအိုနဲ့ အဖွားအိုတို့ နေထိုင်ကြတယ်။
သူတို့မှာ သားသမီးမရှိလို့ "ဖိုးဖြူ"လို့ခေါ်တဲ့ ခွေးလေးကို သားသမီအဖြစ်အရမ်းချစ်ကြတယ်။
တရက်မှာ "ဖိုးဖြူ"က လယ်ကွက်ထဲမှာ ဟောင်နေတယ်။
"ဒီနေရာကိုတူး ဝုတ်-ဝုတ်၊ ဒီနေရာကိုတူး ဝုတ်-ဝုတ်"
"ဟယ်? ဒီနေရာကိုတူးလို့ ဟောင်နေတာများလား။ ကောင်းပြီ ကောင်းပြီ၊ တူးကြည့်တာပေါ့ "
အဖိုးအိုက တူးကြည့်လိုက်တဲ့အခါ
"ဟာ! အံ့ဩစရာ!!"
မြေကြီးထဲကနေ ရွှေပြားငွေပြားတွေ အများကြီး ထွက်လာတယ်။
ဒီအကြောင်းကိုကြားတဲ့ အိမ်နီးချင်း လောဘသမား အဖိုးအိုက
"ငါလည်း ရွှေပြားငွေပြားတွေ ရအောင်လုပ်မယ်။ မင်းခွေး"ဖိုးဖြူ"ကို ငါ့ ခဏငှါး"
လောဘသမား အဖိုးအိုက "ဖိုးဖြူ"ကို အတင်းအကြပ် လယ်ထဲဆွဲခေါ်သွားတယ်။
ပြီးတော့ မနှစ်သက်တဲ့ "ဖိုးဖြူ"က ကိန် ကိန်လို့ အော်တဲ့နေရာကို တူးကြည့်တဲအခါ ပုပ်နေတဲ့ အမှိုက်တွေအများကြီး ထွက်လာတယ်။
"ဒီဘာမှအသုံးမကျတဲ့ ခွေးစုတ်"
စိတ်တိုနေတဲ့ လောဘသားအဖိုးအိုက "ဖိုးဖြူ"ကို ရိုက်နှက်သတ်ဖြတ်ပြစ်လိုက်တယ်။
"ဖိုးဖြူ"ကို ဆုံးရှုံးလိုက်ရတဲ့ အဖိုးအိုနဲ့ အဖွားအိုက ငိုယိုပြီး "ဖိုးဖြူ"အလောင်းကို လယ်ကွက်ထဲမှာ မြှုပ်ပြီး သစ်သားတိုင်စိုက်လို့ အုပ်ဂူလေး လုပ်ပေးထားလိုက်တယ်။
နောက်တစ်ရက်မှာ အဖိုးအိုနဲ့ အဖွားအိုက "ဖိုးဖြူ"ရဲ့ အုတ်ဂူကို အလွမ်းပြေသွားတဲ့အခါ "ဖိုးဖြူ"ရဲ့ အုတ်ဂူက သစ်သားတိုင်က တညထဲနဲ့ သစ်လုံးကြီး ဖြစ်နေတယ်။
အဖိုးအိုနဲ့ အဖွားအိုလည်း အဲဒီသစ်လုံးကြီးနဲ့ ဆန်ကြိတ်ဆုံလုပ်ပြီး ကောက်ညင်းဆန်ကို ဖွပ်ကြတယ်။
အဲဒီအခါ ထူးဆန်းလှစွာနဲ့ ကောက်ညင်းတွေကြားကနေ ရတနာတွေ အများကြီး ထွက်လာကျတယ်။
ဒါကိုကြားတဲ့ လောဘသမား အဖိုးအိုက
"ငါလည်း ကောက်ညင်းဆန် ဖွတ်ပြီး ရတနာတွေရအောင်လုပ်မယ်။ မင်းဆုံကို ငါ့ငှါးစမ်း"
လို့ ဆုံကို အတင်းအကြပ်ငှါးယူသွားပြီး အိမ်ရောက်တော့ ကောက်ညင်းဆန် ဖွပ်ကြည့်တယ်။
ဒါပေမယ့် ထွက်လာသမျှအားလုံးက ကျောက်ခဲတွေဘဲဖြစ်တယ်။
"တယ်!!!!!!! ဒီဆုံအစုတ်!"
စိတ်တိုနေတဲ့ လောဘသားအဖိုးအိုဟာ ဆုံကို ပုဆိန်နဲ့ပေါက်ပြီး မီးရှို့ပြစ်လိုက်တယ်။
တန်ဖိုးထားရတဲ့ ဆန်ကြိတ်ဆုံကို မီးရှို့ခံလိုက်ရတဲ့ အဖိုးအိုနဲ့အဖွားအိုက ပြာတွေကို ဇကာနဲ့ထည့်ပြီး ပြန်ဖို့လုပ်ကြတယ်။
အဲဒီအချိန်မှာ ပြာတွေက လေနဲ့လွင့်ပြီး သစ်ခြောက်ပင်မှာ အသာအယာ ကပ်ကုန်တယ်။
အဲဒီအခါ ပြာတွေကပ်သွားတဲ့ ခြောက်သွေ့နေတဲ့ သစ်ပင်က ဆာခူရာတွေ အပြည့်ပွင့်ကုန်တော့တယ်။
အဖိုးအိုက အရမ်းပျော်သွားတယ်။
"ခြောက်သွေ့နေတဲ့ သစ်ပင်က ပန်းတွေပွင့်စေရော့ဟယ်~~"
လို့ ပြောရင်း ပြာတွေပက်ရင်းနဲ့ သစ်ခြောက်ပင်ကို ပန်းတွေပွင့်အောင် လုပ်တော့တယ်။


တိုက်တိုက်ဆိုင်ဆိုင် အဲဒီအနားကို ရှင်ဘုရင်က တိုင်းခန်းလှည့်းလည်တာတဲ့ ကြုံသွားတယ်။
"အိုး! ဒါအံ့ဩစဖွယ်ဘဲ"
ရှင်ဘုရင်က အတော်ဝမ်းသာအားရဖြစ်ပြီး အဖိုးအိုကို ဆုလက်ဆောင် အများကြီး ပေးသနားတော်မူလိုက်တယ်။
ဒါကိုမြင်တဲ့ လောဘသမား အဖိုးအိုက
"ငါလည်း ပန်းပွင့်အောင်လုပ်ပြီး လက်ဆောင်ပဏ္ဏာရအောင်လုပ်မယ်။ အဲဒီပြာတွေ ငါ့ကိုပေးစမ်း"
အတင်းအကြပ် ပြာတွေလုယူပြီး ဘုရင်ကို သွားလျှောက်တယ်။
"ဘုရင်မင်းကြီး ဒီပြာတွေက ကျွန်တော်မျိုး ပိုင်တာပါ။ ကျွန်တော်မျိုးက သစ်ခြောက်ပင်ကို ပန်းပွင့်အောင်လုပ်ပြပေးမယ့်အတွက် ကျွန်တော်မျိုးကိုလည်း ဆုလက်ဆောင် ပေးသနားပါ။ ကဲ-- လာလေရော့--"
လောဘသား အဖိုးအိုက ဘုရင်မင်းမြတ်ရှေ့မှာ ပန်းတွေ အများကြီးပွင့်တာ ပြချင်လို့ ပြာတွေအားလုံးကို တပြိုင်ထဲ ပက်လိုက်တယ်။
ဒီအခါ ပြာတွေက ရှင်ဘုရင်ရဲ့ မျက်လုံးထဲ ဝင်ကုန်လို့ လောဘသမား အဖိုးအိုလည်း အမျက်တော်ရှခံရပြီး သတ်ဖြတ်ခံလိုက်ရပါတော့တယ်။

***


ကောက်ရိုးသူကြွယ်


ဟိုးရှေးရှေးတုန်းက လူငယ်တစ်ယောက်က ဘုရားကျောင်းသွားပြီး "ကန်နွန်း"အရှင် (နတ်ဘုရားအမည်)ဆီမှာ ဆုတောင်းတယ်။
"သူဋ္ဌေးဖြစ်အောင် စောင့်ရှောက်တော်မူပါ"
ဒီအခါ "ကန်နွန်း"အရှင်က မိန့်ကြားတယ်။
"ဒီကနေထွက်ပြီး ပထမဆုံး ဆုပ်ကိုင်မိတဲ့အရာက မင်းကို သူဋ္ဌေးဖြစ်စေလိမ့်မယ်"
ပျော်ရွှင်နေတဲ့လူငယ်က ဘုရားကျောင်းက ထွက်လိုက်တာနဲ့ ကျောက်ခဲနဲ့ ခလုတ်တိုက်မိပြီး ဒလိမ့်ကောက်ကွေး ပြုတ်ကျသွားတယ်။
အဲဒီအခါ ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်မိသွားတယ်။
"'ကန်နွန်း'အရှင် မိန့်ကြားလိုက်တဲ့ ပထမဆုံး ဆုပ်ကိုင်မိတဲ့အရာတဲ့ ဒါများလား? အင်းမ်... ဒါနဲ့ သူဋ္ဌေးဖြစ်မယ်လို့ ဘယ်လိုမှ မထင်ပေမယ့်လည်း...."
လူငယ်က ခေါင်းလိမ်စဉ်းစားရင်း လမ်းလျှောက်လာတုန်း ပိတုံးတစ်ကောင်က တဝီဝီပျံလာတယ်။
လူငယ်က ပိတုံးကောင်ကိုဖမ်းပြီး ကောက်ရိုးဖျားမှာ ချည်ပြီးဆော့ရင်း ဆက်လျှောက်လာခဲ့တယ်။
ဒီအခါ မျက်နှာချင်းဆိုင်ဘက်က သားနားတဲ့ကားတစ်စီးလာရပ်ပြီး အထဲက ကလေးငယ်ကပြောလိုက်တယ်။
"အဲဒီ ပိတုံး လိုချင်လို့ပါ"
"အင်း ရတယ်၊ ယူလေ"
လူငယ်က ကလေးကို ပိတုံးချည်ထားတဲ့ ကောက်ရိုးမျှင်ကို ပေးလိုက်တဲ့အခါ နောက်လိုက်အိမ်ထိန်းက ကျေးဇူးတင်တဲ့အနေနဲ့ လိမ္မော်သီး ၃လုံးပေးလိုက်တယ်။
"ကောက်ရိုးကတော့ လိမ္မော်သီးဖြစ်လာပြီ"
ဆက်ပြီးလမ်းလျှောက်လာတဲ့အခါ လမ်းဘေးတစ်နေရာမှာ အမျိုးသမီးတစ်ယောက် လည်ချောင်းခြောက်လိုက်တာဆိုပြီး ညည်းညူနေတာ တွေ့လိုက်ရပါတယ်။
"ရော့၊ အစား လိမ္မော်သီးစားပါ"
အမျိုးသမီးက လိမ္မော်သီးစားပြီး ကျန်းမာလာတယ်။
ဒါကြောင့် ကျေးဇူးဆပ်တဲ့အနေနဲ့ အရမ်းလှတဲ့ ပိတ်အုပ်ကို ပေးလိုက်တယ်။
"ဒီတခါ လိမ္မော်သီးက ပိတ်စဖြစ်လာပြီ"
လူငယ်က ပိတ်စကို ကိုင်ပြီး လျှောက်လာတုန်း ခွေလဲနေတဲ့ မြင်းတစ်ကောင်နဲ့ ဒုက္ခရောက်နေတဲ့လူတစ်ယောက်နဲ့ တွေ့တယ်။
"ဘယ်လိုဖြစ်တာလဲခင်ဗျ?"
"မြင်းက ရောဂါနဲ့ လဲနေလို့။ မြို့ကိုသွားပြီး ပိတ်စနဲ့ လဲလှယ်မလို့ စိတ်ကူးထားတာ။ ဒီနေ့မှ ပိတ်စမရရင်တော့ ဒုက္ခပါဘဲ"
"ဒါဆို ဒီပိတ်နဲ့ မြင်းနဲ့ လဲမလား?"
လူငယ်က ပြောလိုက်တဲ့အခါ အမျိုးသားလည်း ဝမ်းသာအားရနဲ့ ပိတ်စကိုယူပြီး ပြန်သွားတော့တယ်။
လူငယ်လည်း မြင်းကို ရေတိုက်လိုက် ကိုယ်ကိုပွတ်သပ်လိုက် လုပ်ပေးတဲ့အခါ မြင်းက နဂိုလို ပြန်ကျန်းမာလာတယ်။
သေချာကြည့်မိတဲ့အခါ အတော်ခန့်ညားသန်မာတဲ့ မြင်းဖြစ်နေတယ်။
"ဒီတခါတော့ ပိတ်စက မြင်းဖြစ်လာပြီ"
မြင်းကို ဆွဲပြီး လမ်းလျှောက်လာတုန်း ဒီတစ်ခါ အိမ်ပြောင်းနေတဲ့ မိသားစုနဲ့ တွေ့တယ်။
ဒီအခါ အိမ်ရှင်အမျိုးသားက လူငယ်ရဲ့ မြင်းကိုကြည့်ပြီး ပြောလိုက်တယ်။
"ရုတ်တရက် ခရီးထွက်ဖို့ ဖြစ်လာလို့၊ မြင်းလိုနေတာ၊ အဲဒီမြင်းနဲ့ ငါ့အိမ်ရယ် လယ်ရယ်နဲ့ လဲလှယ်နိုင်မလားကွယ့်"
လူငယ်က ကြီးကျယ်ခန့်ညားတဲ့ အိမ်ကြီးအိမ်ကောင်းနဲ့ ကျယ်ပြန့်တဲ့ လယ်တွေ ပိုင်ဆိုင်လိုက်ပြီး သူဋ္ဌေးကြီး ဖြစ်လာတယ်။
ကောက်ရိုး တစ်မျှင်ကနေ သူဋ္ဌေးကြီးဖြစ်လာလို့ အားလုံးက အဲဒီလူငယ်ကို "ကောက်ရိုးသူကြွယ်"လို့ ခေါ်ကြသတဲ့ကွယ်။

Read More...

Monday, August 18, 2008

ဖူဂျီတောင်ဝန်းကျင် မှ အပြန်


"အိုရှိနိုဟတ်ခအိ" သို့

နေ့လည်စာစားပြီး "အိုရှိနိုဟတ်ခအိ" (oshinohakkai) အိုင်တွေဘက်ကို ခရီးဆက်ခဲ့ပါတယ်။ "အိုရှိနိုဟတ်ခအိ"ဆိုတာ သဘာဝစိမ့်ရေအိုင်တွေဖြစ်တဲ့ "ဝကု"အိုင်၊ "နီဂေါ့ရိ"အိုင်၊ "ကာဂမိ"အိုင်၊ "ရှောဘု"အိုင်၊ "ဒယ်ဂုချိ"အိုင်၊ "အိုခါမ"အိုင်၊ "စိုကိုနရှိ"အိုင် နဲ့ "ချောရှိ"အိုင် ရှစ်ခုကိုပေါင်းပြီးခေါ်တဲ့ အမည်ပါ။ အိုင်တိုင်းမှာ သူ့ရာဇဝင်နဲ့သူ ရှိပါတယ်။
"အိုရှိနိုဟတ်ခအိ"အဝင်ဝ



"အိုရှိနိုဟတ်ခအိ"ထဲဝင်တော့ အဝင်ဝကနေ ၃ပေသာသာလောက် မြောင်းဘောင်ကျဉ်းကျဉ်းလေးပေါ်ကနေ တန်းစီလျှောက်ကြရတယ်။ ဂျပန်မှာ လမ်းသွားဥပဒေက ဘယ်ဘက်ကပ်သွားရတာမို့ ဒီထဲဝင်တော့လည်း ဘယ်ဘက်ကပ်ပြီး လျှောက်ဝင်ရတယ်။ ပြန်ထွက်တဲ့သူတွေက ညာဘက်ပေမယ့် မလူးသာ မလွန့်သာလမ်းကျဉ်းလေးထဲ ကိုယ်ကိုယို့ပြီးသွားရတယ်။ တိုက်မိလိုက်ရင် ဘယ်ဘက်က ရေမြောင်းထဲ ပြုတ်ကျမှာ။ အနက်က လူကြီး တစ်ရပ်စာလောက်ရှိပေမယ့် ရေက ခြေသလုံးလောက်ရှိတာပါ။ ကိုယ့်ဘာသာ စိုးရိမ်နေတာ။ ညာဘက်အခြမ်းက အပင်တွေနဲ့ ခြံစည်းရိုးလိုဖြစ်နေလို့ ပြုတ်ကျစရာ မရှိပါဘူး။ ပတ်ဝန်းကျင်သစ်ကို စူးစမ်းဖို့ နေနေသာသာ မြောင်းထဲကျမှာကြောက်ပြီး ရှေ့ကိုရောက်ဖို့သာ စိတ်စောနေရတယ်။ ကျမကသာ ကြောက်နေပေမယ့် ဂျပန်တချို့က ခရီးသွားတာ ခွေးပါခေါ်လာလိုက်သေးတယ်။ ခွေးကို လမ်းကျဉ်းလေးထဲ ချီမလျှောက်ဘဲ ကြိုးဆွဲပြီးသွားတော့ ခွေးဝင်မတိုးအောင်လည်း သတိထားရနဲ့ လမ်းကျဉ်းလေးဆုံးမှဘဲ အသက်ဝဝရှူနိုင်ပါတော့တယ်။

အတွင်းထဲရောက်စမှာ ဂျပန်ရိုးရာ စားစရာ၊ လက်ဖက်ခြောက်၊ သစ်သီးစတာတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်ရှေ့မှာ ဖူဂျီတောင်ရဲ့ နှင်းပျော်ရည်ဆိုပြီး ကန်တကန် ရှိတယ်။ အဲဒီကန်ထဲ လက်ကို စက္ကန့်သုံးဆယ်နှစ်ပါဆိုလို့ နှစ်ကြည့်ခဲ့တယ်။ အတော်တော့ အေးစိမ့်နေတာဘဲ။ နွေရာသီမို့လို့ နှစ်နိုင်တာပါ၊ ဆောင်းဆို သုံးစက္ကန့်တောင် ကိုင်နိုင်မှာ မဟုတ်ဘူး။


ရေစီးကျနေတဲ့ကန်အောက်ဘက်မှာလည်း အုတ်ကန်ရှိပြီး အထဲမှာ ငါးတွေနဲ့။


ဒီမှာ ငါးပြာပြာတွေ အများကြီး တွေ့ရတယ်။ အရင်လျှောက်လည်လို့ တွေ့ဘူးသမျှငါးကန်ထဲ အဝါရောင်တွေ တွေ့ဘူးတာ များပေမယ့် ငါးပြာပြာတွေတော့ ဒီမှာ ပထမဆုံး တွေ့ဘူးတာ။ လက်စိမ်ကန်ကနေ အရှေ့ဘက် ဆက်လျှောက်တော့ "ဝကု"အိုင်ကိုရောက်တယ်။ ဒီအိုင်ထဲမှာလဲ ငါးအပြာတွေ အဝါတွေ ရှိတယ်။ ဒီထဲက အိုင်တွေရဲ့ ထူးခြားချက်က ရေတွေ အရမ်းကြည်ပြီး အပြာရောင်ဖြစ်နေတာပါ။ ကြည်လွန်းလို့ တိမ်တိမ်လေးလို့ထင်မိတဲ့ "ဝကု"အိုင်အကြောင်းဖတ်မိမှ ၄မီတာ အနက်ရှိပါတယ်။


"ဝကု"အိုင်ကနေ ညာဘက်ကို ကွေ့ပြီးဆက်ရှောက်လိုက်တော့ "နီဂေါ့ရိ"အိုင်ကို ရောက်ပါတယ်။ အိုင်ထဲကို ဈေးအရောင်းဆိုင်ထိုးထားတော့ ရေပေါ်ဈေးလိုလိုပါဘဲ။ ဆိုင်ထဲမှာ ဖူဂျီအမှတ်တရ စားစရာတွေ လက်ဆောင်ပစ္စည်းတွေရောင်းပါတယ်။ ဆိုင်ထဲ လူမဝင်-ဝင်အောင် ဆိုင်ရှေ့က အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အိုင်အဝိုင်းကို သွားဖို့ အရှေ့က တံတားလမ်းကိုပိတ်ထားပါတယ်။


သွားချင်ရင် ဆိုင်ထဲဝင်ပြီးမှ အရှေအဝကနေ ပြန်ဆင်းရပါတယ်။ လူတွေကလည်းများ နေကပူနဲ့ ဆိုင်ထဲတန်းစီဝင်ရတာ အတော်ဆိုးတယ်။ အိုင်ရှေ့မှာ ငါးစာရောင်းပါတယ်။ ငါးစာတွေကို ဘေးဘက်အိုင်ထဲက ငါးတွေကို ကျွေးပေမယ့် အလယ်အိုင်ကို ဘာကြောင့်မကျွေးကြတာလဲ မသိပါဘူး။ ဒီအလယ်အိုင်က အတော်ကို ဆန်းတယ်လို့ ပြောရမယ်။ ရေတွေက ပြာတာမှ အပြာရောင်တောက်နေအောင် ပြာတာပါ။




မဲနယ်ဘက်ကို အရောင်ကူးချင်သလိုဖြစ်ပေမယ့် ကြည်လွန်းလို့ အောက်ခြေအထိ မြင်ရပါတယ်။ ရေကလည်း အယ်လ်ကာလီဘက် အတော်ရောက်နေတယ်လို့ ပြောပါတယ်။ ကြည့်ရတာ ရေနဲ့မတူဘဲ ခပ်ပျစ်ပျစ်ရည်တွေလို ဖြစ်နေတယ်။ အနက်က ဆယ်မီတာကျော်ပါတယ်။ အိုင်ထဲ တစ်ယန်းစေ့တွေပစ်ချပြီး ဆုတောင်းကြလို့ ကန်အောက်ခြေက နေရောင်မှာ ဝင်းလက်နေပါတယ်။ ရုတ်တရက်ဆို အောက်ခြေက မီးထိုးသလား ထင်ရတယ်။ အိုင်က နက်ပေမယ့် အဝက ကျဉ်းလို့ ငါးတွေခများ အတော် ကျဉ်းကျပ်မယ် ထင်တယ်။ ပြီးတော့ ဒီလိုရေထဲ အသက်ရှင်နေနိုင်တာကိုလည်း အံ့ဩမိတယ်။ ဒီအိုင်ကိုကြည့်ရင် ကြက်သီးထသလို ခံစားရတယ်ဆိုတာ တကယ်ပါဘဲ။ ဆယ်မီတာကျော်နက်တဲ့ ပြာနှစ်နှစ်အရည်တွေကို ကြာကြာ ကြည့်ရတာ တမျိုးကြီးဘဲ။


အိုင်ထဲကြည့်နေတုန်း နောက်နားက တိုးရစ်က ငါးအကြီးကြီးဆိုပြီးထအော်လို့ ကျမလည်း စပ်စပ်စုစုလိုက်ကြည့်လိုက်တယ်။ ဆိုင်အောက်က ရေထဲမှာ ငါးခူလိုငါးကြီးတစ်ကောင် ပေါင်လုံးလောက်ရှိပြီး အတော်ရှည်တယ်။ ပထမတော့ အရုပ်များလားလို့ ထင်မိပေမယ့် လှုပ်လာမှ ငါးအစစ်မှန်း သေချာသွားတာ။ မြန်မာလိုဆိုရင် ဘုရားဖူးငါးလို့ ပြောမယ်ထင်ရဲ့။ တိုးရစ်ကတော့ ဓာတ်ပုံရအောင်ရိုက်ဖို့ ကြိုးစားနေပေမယ့် ငါးကြီးက ဆိုင်အရိပ်အောက်ကနေ ထွက်မလာပါဘူး။ ဟုတ်ပါရဲ့၊ အပြင်မှာ အတော်ပူတယ်။ ကျမနဲ့ အိမ်ကြီးရှင်လဲ ကျန်တဲ့အိုင်တွေဘက် ဆက်မလျှောက်တော့ဘဲ ဆိုင်တန်းဘေးက အမိုးထိုးထားတဲ့အောက်မှာ ကျန်တဲ့သူတွေကို ထိုင်စောင့်လိုက်တယ်။ အမကြီးတို့ လာထိုင်တာနဲ့ စကားပြောရင်း ကျန်တဲ့သူတွေကို ဆက်စောင့်နေလိုက်တယ်။

ကြုံလို့ရီစရာပြောရရင် အမကြီးရဲ့ အမျိုးသားက ကျမတို့ကို အကို၊ အမတဲ့။ အမကြီးကိုတော့ ရန်ကုန်မှာ သူအိမ်ထောင်မကျခင်က တခါဆုံဖူးပါတယ်။ သူ့အမျိုးသားကိုတော့ ဒီခရီးသွားမှ တွေ့ဘူးတာ။ အိမ်ကြီးရှင်ကိုတော့ ကိုလို့နာမည်ရှေ့ကတပ်ခေါ်ပေမယ့် ကျမကိုတော့ အမတဲ့။ အိမ်း! ကိုယ့်ရုပ်ကဘဲ ရင့်နေလို့များလား?(ဟင့်)။ အမကြီးထက်တောင် ၄/၅နှစ်ကြီးတယ်ဆိုတော့ ကျမထက်တော့ အနည်းလေး ဆယ်နှစ်လောက် ကွာပေမပေါ့။ ငယ်မှန်းသိပေမယ့် လေးစားသမှုနဲ့ အမလို့ခေါ်တာလို့ ပြောလာတော့လည်း ရှိစေတော့၊ ရှိစေတော့။ ပြီးတော့ပြောလိုက်သေးတယ်၊ ကျမတို့နှစ်ယောက် ရုပ်သိပ်တူလို့ ကျမ မျက်မှန်ဖြုတ်ပြီး အိမ်ကြီးရှင်ကို တပ်ပေးလိုက်ရင်လည်း ကွာမှာမဟုတ်ဘူးတဲ့။ (ကွာတာပေါ့၊ သူ့မျက်နှာက ပြဲပြဲကြီးကို။:D)

စကားတွေဖောင်ဖောင်ကျဲပြီး စောင့်နေတုန်း ကားမောင်းတဲ့ သူငယ်ချင်းနဲ့ သူ့ဇနီးရယ်၊ ညီမလေးရယ် ရောက်လာတယ်။ လက်ဆောင်ဝယ်ဦးမယ်ဆိုပြီး ဆိုင်ထဲဝင်သွားလို့ ကျမတို့လည်း ၄ကြိမ်မြောက် ဆိုင်ထဲဝင်ရပြန်တယ်။ (ပထမအကြိမ်က ရှေ့ကငါးကန်ကို သွားဖို့၊ ဒုတိယအကြိမ်က ဘာတွေရောင်းလဲ စပ်စုဖို့၊ တတိယအကြိမ်က အဖွဲ့ကွဲသွားတာ ရှာဖို့။) ၄ကြိမ်မြောက်ဝင်ရတော့ အဝနားက ဆိုင်ရောင်းတဲ့ အမကြီးကို အားနာပါးနာနဲ့ မျှစ်ကင်ချီထုပ် ဝယ်ခဲ့လိုက်တယ်။ သူ့ရှေ့ ဝင်လိုက်ထွက်လိုက် အခေါက်ခေါက်ဖြတ်တိုင်း စားကြည့်ပါ မြည်းကြည့်ပါပြောနေလို့။ ပထမအကြိမ် တန်းစီဝင်တုန်းက ကျမရှေ့က ဂျပန်အဖိုးကြီးက အမြည်းစားဖို့ ထားထားပေးတဲ့ စပျစ်သီးခြောက်တွေအားလုံး လက်ထဲကျုံးထည့်သွားလို့ မျက်လုံးတောင်ပြူးသွားတယ်။ (ဂျီပန်ဒွေလည်း ဒါမျိုးလုပ်တယ်တော့။) သူက ခပ်တည်တည်နဲ့ ကိုယ်နဲ့ကွယ်ပြီး နှိုက်သွားပေမယ့် သူ့နောက်က ကျမက မဆီမဆိုင် မျက်နှာပူလိုက်ရတယ်။

"ဟာ့ဘု"ပြခန်း (Herb Hall) သို့


"အိုရှိနိုဟတ်ခအိ"ကနေ "ဟာ့ဘု"ပြခန်းကို ဆက်သွားပါတယ်။ "ဟာ့ဘု"ပြခန်းက နှစ်ထပ်တိုက်ဖြစ်ပြီး အောက်ဘက်မှာ fancy ပစ္စည်းချစ်စရာတွေ၊ ကမ္ဘာအရပ်ရပ်က အမွှေးအကြိုင်တွေနဲ့ Aromaဆိုပြီး အခန်းထဲထားဖို့ အမွှေးနံ့သာတွေနဲ့ ထည့်စရာ ဗူးလှလှတွေ ရောင်းပါတယ်။ အနောက်ဘက်ကို ထွက်လိုက်ရင် lavenderလိုမျိုး အမွှေးရနံ့ရှိတဲ့ အပင်ပုတွေရောင်းပါတယ်။


ဝယ်စရာလဲ မရှိတော့ အပေါ်ထပ်ကို တက်ခဲ့တယ်။ အပေါ်ထပ်ကို အခန်းကျဉ်း နဲ့ အကျယ် နှစ်ခန်းဖွဲ့ထားပြီး အကျဉ်းဘက်မှာ ရေမွှေးအဆီအမျိုးမျိုး၊ ဆပ်ပြာ စတဲ့ အမွှေးအကြိုင် သုံးစရာတွေ အဓိက ရောင်းပါတယ်။ ရေမွှေးအဆီတွေကို စမ်းသပ်ဖို့ ပုလင်းလေးတွေ ပေးထားတယ်။ ဟိုပုလင်း မွှေးကြည့် ဒီပုလင်းမွှေးကြည့်နဲ့ မူးတောင်လာတယ်။ စပါးလင်ကထုတ်တဲ့ ရေမွှေး အဆီတောင် ရှိတယ်။ စပါးလင် မစားတဲ့ နိုင်ငံအဖို့ အဆန်းပေမယ့် ကျမအဖို့ ဒီရေမွှေးနံ့ရရင် ကြက်သားကာလသားဟင်း စားချင်တော့မှာဘဲ။ :P ရေမွှေးလဲ မဝယ်ဖြစ်တော့ ကလေးတွေအတွက် အရုပ်ရောင်းတဲ့နေရာနား ရောက်သွားတယ်။ အဲဒီထဲက ပန်းရောင်စုတ်ဖွား ခွေးရုပ်ကလေး ချစ်လွန်းလို့ ဝယ်ခဲ့တယ်။ ပိုက်ဆံရှင်းတဲ့ကောင်တာမှာ တန်းစီတော့ သူများတွေက အခန်းထဲထားဖို့ Aroma ပုလင်းတွေဝယ်လို့၊ အိမ်ကြီးရှင်က ခွေးရုပ်ကလေးနဲ့ဆိုတော့ တရုတ်မလေးက ကြည့်ပြီးရီတယ်။ (တတ်နိုင်ပါဘူး၊ လိုချင်တာကိုး။ မသိတဲ့လူအဖို့တော့ အိမ်ကြီးရှင်က ကလေးအဖေပေါ့၊ မျက်နှာကြည့်ရင် ယုံကြမှာပါနော့။)

အပေါ်ထပ်ရဲ့ အခန်းကျယ်ဘက်မှာ ခုံတန်းတွေချထားပြီး ပန်းခြောက်အမျိုးမျိုး အများကြီး ရှိတယ်။ အဲဒီအခန်းက "အိုရှီဘန"နဲ့ Flower arrangement တွေကို အခပေးပြီး လက်တွေ့လုပ်လို့ရပါတယ်။ အတွဲတတွဲ ပန်းခြောက်တွေနဲ့ Flower arrangementလုပ်နေတာ တွေ့ခဲ့တယ်။



"ရှိဇဲန်းစေးကစွတ်-ပြခန်း"သို့

"ဟာ့ဘု"ပြခန်းက "ကာဝဂုချိ-ကန်"နားမှာမို့ ရေကန်ကိုလည်းမြင်ရတဲ့ "ရှိဇဲန်းစေးကစွတ်-ပြခန်း"ကို ဆက်သွားပါတယ်။ ကားပေါ်ရောက်တော့ ရေမွှေးနံ့တစ်မျိုးက အတော်မွှေးကြိုင်နေတာမို့ ဘယ်သူရေမွှေးဝယ်လာလဲ မေးကြရင်းမှ အမကြီးက ရေမွှေးအဆီ စမ်းသပ်ကြည့်တုန်း လက်ချော်ပြီး ကိုယ်ပေါ် အားလုံးမှောက်ကျလာတာတဲ့၊ ကောင်းရော။ မွှေးမွှေးလေးနဲ့ ခရီးသွားရတာပေါ့။ "ကာဝဂုချိ-ကန်"ပေါ် ဖြတ်ဖောက်ထားတဲ့ တံတားကိုဖြတ်တော့ ကားလမ်းပိတ်ပြန်ရော။ တံတားပေါ်ကနေ "ကာဝဂုချိ-ကန်"ထဲ တိမ်ကြားက နေရောင် ဖြာကျနေတာ အရမ်းလှပါတယ်။ ရိုးရိုးကင်မရာနဲ့ လှမ်းရိုက်တော့ သိပ်မသိသာလိုက်ဘူး။


"ရှိဇဲန်းစေးကစွတ်-ပြခန်း" အရှေ့ဘက်မှာ lavender ပန်းခင်းကြီး ရှိပါတယ်။ ပန်းခင်းဘေးမှာ ကျောက်သားတွေနဲ့ ဖူဂျီတောင်ပုံဖော်ထားပါတယ်။



ဖူဂျီတောင် ဝန်းကျင်မှာ lavender တွေ အရမ်းများတော့ ဘယ်အရောင်းဆိုင်ခန်းမှာမဆို ခရမ်းရောင် အသုံးအဆောင်တွေ ရောင်းပါတယ်။ ဒီ "ရှိဇဲန်းစေးကစွတ်-ပြခန်း"ထဲမှာလဲ အတူတူပါဘဲ။

ဝယ်ချင်တာလဲ မရှိတာမို့ ရေခဲမုန့်စားရင်းနဲ့ ပြခန်းအပြင်ဘက်က သစ်ထွင်းထိုင်ခုံမှာထိုင်ရင်း lavender ပန်းခင်းရယ်၊ ဖူဂျီတောင်နဲ့ "ကာဝဂုချိ-ကန်"ကို ငေးနေလိုက်တယ်။ ညနေလဲ စောင်းလာပြီမို့ ရှုခင်းက အတော်ကြည့်ကောင်းပါတယ်။ ကန်ထဲမှာ ဘုတ်စီးနေသူတွေရော ရေလွှာလျှောစီးနေသူတွေနဲ့ အများကြီးပါဘဲ။ ရေလွှာလျှောစီးသူတစ်ယောက်က စတန့်ကျင့်နေတာမို့ ရေထဲမှာ ခုန်ပြီးနောက်ပြန်ပတ်ဖို့ ကြိုးစားနေတဲ့ သူ့ကြည့်ရင်း ကိုယ်ပါ တဟဲ့ဟဲ့ ဖြစ်နေရတယ်။

ကန်ကနေ တစ်နာရီ အခပေးပြီး ဘလူးဘယ်ရီသီး အဝခူးစားလို့ရတဲ့ခြံကိုသွားဖို့က အချိန်မရှိတော့တာနဲ့ အဲဒီကနေဘဲ တိုကျိုကို လှည့်ပြန်ခဲ့ပါတယ်။ လမ်းမှာလည်း အလာတုန်းကလို ကားလမ်းပိတ်ပြန်ပါတယ်။ အလာလောက်တော့ သိပ်မဆိုးဘူးဆိုပေမယ့် အချိန်ကုန်တာတော့ အမှန်ပါဘဲ။ လမ်းမှာ ဝိတ်လျှော့တဲ့နေရာမှာ ရပ်ရင်း အစာပြေလည်းမဟုတ် ညနေစာလည်းမကျနဲ့ Mosဘာဂါဆိုင်မှာ တန်းစီပြီး ဘာဂါ၊ ကြက်ကြော်နဲ့ အအေးတွေဝယ်ပြီး ကားထဲထိုင် ဗိုက်ဖြည့်ကြတယ်။ စားသောက်ပြီးတော့ ဆက်ထွက်လာလိုက်တာ ဗိုက်လေးတင်း မျက်လုံးလေးစဉ်းပြီး အိပ်ပျော်သွားတော့တာ တိုကျိုနားရောက်မှ ပြန်နိုးလာတယ်။ ကျမတို့တောင် အိပ်ငိုက်တာ ကားမောင်းတဲ့သူ အိပ်ပျော်မှာ စိုးရတယ်။ ညက သောက်ပြီး အိပ်ရာဝင် ညဥ့်နက်တယ် ဆိုတော့လေ။ သူ့ညီမကတော့ စိတ်ပူပြီး တလှည့်မောင်းပေးရမလား မေးရှာတယ်။ သူက နည်းနည်းမှ အိပ်မငိုက်ဘူး၊ ကားမောင်းရတာ ပျော်လို့ ဆိုတော့လည်း ဟန်ကျသား။ တိုကျိုထဲ ဝင်တော့ မှောင်လာပြီ။ ကျမတို့ကို အလာတုန်းက သူတို့လာကြိုတဲ့ ဘူတာမှာ ချပေးခဲ့တယ်။ အဲဒီကနေ ရထားစီး၊ အိမ်ပြန်ရောက်တော့ ညကိုးနာရီ ကျော်ပြီလေ။ နောက်နေ့က "ပင်လယ်နေ့" ပိတ်ရက်မို့သာပေါ့။ ဒါနဲ့ဘဲ ပင်ပန်းလာသမျှ ခြေပစ်လက်ပစ် အိပ်လိုက်ပစ်လိုက်ပါတော့တယ်။


(ကင်မရာ ဓာတ်ခဲအားကုန်သွားလို့ တံတားပေါ်က ရိုက်ထားတဲ့ပုံရယ်၊ ကျောက်သားဖူဂျီတောင်ပုံရယ်မှ လွဲပြီး ကျန်တာ googleမှ ရယူထားပါတယ်။)

Read More...

Friday, August 15, 2008

ဖူဂျီတောင် ဝန်းကျင်


"ရာမနာက-ကန်"သို့...

နောက်တရက်မနက် ၈နာရီ ထမင်းစားခန်းကိုသွားတော့ ဂျပန်ရိုးရာဟင်းတွေနဲ့ မနက်စာကိုလည်း ဖွယ်ဖွယ်ရာရာ ပြင်ပေးထားပါတယ်။ ကျမက မနက်အိပ်ယာထခါစ အဖတ်မစားနိုင်တဲ့သူမို့ စားလို့ရပါ့မလားလို့ စိတ်ပူလိုက်တယ်။ ဒါပေမယ့် ကြက်ဥနဲ့ချက်ထားတဲ့ မီဆိုဟင်းရည်က ဝမ်းကိုနွေးသွားပြီး အစာစားချင်စိတ်ကို ဖြစ်စေလို့ ကောင်းကောင်းစားနိုင်ခဲ့တယ်။ (ဂျပန်ထမင်းဟင်းစားနည်းက ပထမဆုံး ဟင်းရည်ကို နဲနဲစသောက်ရတယ်လို့ sensei က ပြောထားပါတယ်။) ကျမတို့ ထမင်းစားလို့ ပြီးခါနီးအထိ အမကြီးတို့ မရောက်လာသေးပါဘူး။ ညက ကားမောင်းတဲ့သူငယ်ချင်းရယ်၊ အမကြီးရဲ့ အမျိုးသားရယ် တိုကျိုက သယ်လာတဲ့ ဘီယာတွေနဲ့ ဝိုင်းကောင်းနေကြတယ်ပြောတယ်။ အားလုံးကုန်သွားတာတောင် မမူးသေးလို့ အနားက ဆိုင်ကိုထွက်ဝယ်ပြီး သောက်ကြသေးသတဲ့။ မမူးဘူးသာဆိုတယ် အပေါ်ထပ်လှေခါးကို လေးဘက်ထောက်တက်ရတယ်တဲ့။ ဘယ်လောက်ကျမှ မူးတယ်သတ်မှတ်မှာလဲမသိ! သူတို့မအိပ်သ၍ ညီမလေးရော၊ တရုတ်မလေးရော၊ အမကြီးပါစောင့်နေရတာ ညနှစ်နာရီမှ အိပ်ယာဝင်ရတယ်။ ညီမလေးက အိပ်ရေးမဝဘူးလို့ လာပြောနေလို့ မချိပြုံးလေး ပြုံးပြလိုက်တယ်။ (စိတ်ထဲကတော့-- အမလည်း ကိုယ့်ဒုက္ခနဲ့ကိုယ် အိပ်ရေးမဝပါဘူး ညီမရယ်)

တည်းခိုခန်းက ဖွားဖွားကို နှုတ်ဆက်ပြီး ပထမဆုံး ထွက်လာခဲ့တဲ့နေရာက "ရာမနာက-ကန်" (yamanakako)ပါ။ ဖူဂျီတောင်ရဲ့ ဘေးပတ်ချာလည်မှာ ကန်တွေအများကြီးရှိပါတယ်။


အဲဒီအထဲမှာ ရှုခင်းတွေလှတဲ့ ကန်၅ကန်က "ရာမနာက-ကန်" (yamanakako)၊ "ကာဝဂုချိ-ကန်" (kawaguchiko)၊ "စအိ-ကန်" (saiko)၊ "ရှောဂျိ-ကန်" (shoujiko) နဲ့ "မိုတိုစု-ကန်" (motosuko) ပါ။


ကျမတို့ "ရာမနာက-ကန်"ရောက်တော့ မြူတွေရှိလို့ ဖူဂျီတောင်ကို လှမ်းမမြင်ရပါဘူး။


ကန်ထဲမှာ ဘုတ်မောင်းနေတဲ့သူ၊ ရေလွှာစီးနေသူတွေ ရှိပါတယ်။ ကန်ဘေးပတ်ချာလည်ကို စက်ဘီးစီးပြီးပတ်ကြည့်လို့ရအောင် စက်ဘီးငှါးတဲ့နေရာလဲရှိပါတယ်။ ဘုတ်စီးကြည့်ဖို့မေးကြည့်တော့ နာရီနဲ့ငှါးတာကြောင့် အချိန်မရတာရယ်၊ ရေကြောက်လို့ မစီးချင်ဘူးဆိုတာနဲ့ ရေကူးဝတ်စုံနဲ့ ဂျပန်မလေးတွေကို ခဏတဖြုတ် မျက်စေ့အစာကျွေးပြီး နောက်တနေရာကို ဆက်ပြီး ထွက်လာခဲ့ပါတယ်။



"ဟနနို မီရကို"သို့...

နောက်သွားဖြစ်တဲ့နေရာက "ရာမနာက-ကန်"နဲ့နီးတဲ့ "ဟနနို မီရကို"ပန်းခြံ (ပန်းမြို့တော်/ hana no miyako kouen)ဆီပါ။ အေးတဲ့ဒေသမို့ ဂျပန်မှာ ရောက်လေရာရာ ပန်းတွေ အများကြီး တွေ့ရတယ်။ ဒီ ပန်းမြို့တော်လည်း ပန်းခြံအကျယ်ကြီးထဲ ပန်းတွေအများကြီးနဲ့ တော်တော်လှပါတယ်။ အဝင်ဝကနေ ပန်းခြံထဲ သစ်သားတံတားလေး ထိုးထားပါတယ်။ တံတားရဲ့ ဟိုဘက်ဒီဘက်မှာ ပန်းခင်းတွေစရှိပါတယ်။


ပန်းခြံထဲ လှည့်ကြည့်ဖို့ ၃ဘီးလို ခေါင်မိုးနဲ့ စက်ဘီးတွေရှိပါတယ်။ အဲဒါစီးရင် သတ်မှတ်လမ်းကြောင်းအတိုင်းဘဲသွားရမှာမို့ လမ်းလျှောက်ဘဲ ဝင်လာလိုက်တယ်။ ပထမဆုံး floral domeဆိုတဲ့ အဆောက်အဦးထဲ ဝင်ခဲ့ပါတယ်။


ဒီထဲမှာလဲ မြင်လေရာရာရာ အရမ်းလှတဲ့ပန်းတွေ စိုက်ထားပါတယ်။
အဝင်ဝရဲ့ တဘက်တချက်က ပန်းတွေ





အထဲကိုဝင်လိုက်တော့
















ဒါက သစ်ခွပန်းတွေထင်တယ်။





၂ထပ်ကနေ အောက်ဘက်ပန်းခင်းထဲ over view




ဒီfloral domeက မင်္ဂလာခန်းအနေနဲ့လည်း လက်ခံကျင်းပပုံရပါတယ်။ ၂ထပ်မှာ ခန်းမရှိတယ်။ ပြီးတော့ ဒါလေးလည်း တွေ့ခဲ့လို့။ တီးကောင်းလား မကောင်းလားတော့မသိ မင်္ဂလာခေါင်းလောင်းကြိုး ဆွဲခဲ့တယ်။


အောက်ထပ်ပြန်ဆင်းလာပြီး ခလေးတွေရဲ့ flower arrangement ကို စပ်စုခဲ့တယ်။ ခလေးတွေကိုဘဲ စမ်းသပ်ခပေးပြီး လက်တွေ့လုပ်ခွင့်ပေးတာပါ။


ဒီပစ္စည်းတွေသုံးပြီး ကိုယ့်စိတ်တိုင်းကျ ပုံဖော်ခွင့်ပေးတာပါ။ ကိုယ်လုပ်ထားတာ သဘောကျရင် ပိုက်ဆံပေးပြီးပြန်ဝယ်ရပါတယ်။












floral domeထဲက ထွက်လာတော့ ပန်းခြံထဲကို လျှောက်ခဲ့ပါတယ်။


ရေဒလက်ကြီး ၃ခု


ပန်းတွေ ပန်းတွေ




လျှောက်ကြည့်ရင်းနဲ့ ပန်းခြံအတွင်းပိုင်း အကျဆုံး ရေတံခွန်ဆီ ရောက်လာခဲ့တယ်။ အဲဒီကိုရောက်တော့ ရေက ခပ်ဖြည်းဖြည်းဘဲကျနေပါတယ်။ နောက် ဆယ်မိနစ်နေရင် အရှိန်နဲ့ကျမယ်လို့ အချိန်အလိုက် ရေကျတာပြတဲ့ နာရီကိုကြည့်ပြီး ရေကျတာထိုင်စောင့်ကြတယ်။ ရေတွေတဝုန်းဝုန်းကျလာတော့ အားလုံး အပြေးအလွှား ဓာတ်ပုံရိုက်ရတယ။်


ပန်းခြံထဲ မြင်လေရာရာ ဓာတ်ပုံရိုက်ချင်စာရာမို့ အရိုက်လွန်ပြီး ဓာတ်ခဲအားကုန်သွားပါရော။ ညက ဓာတ်ခဲအားသွင်းဖို့ မေ့သွားတယ်။ ဓာတ်ခဲအပိုလည်း ကားထဲကျန်ခဲ့တာမို့ ရေတခွန်နေရာက ပြန်လာတော့ ဆက်မရိုက်ရတော့ဘူး။ အပြန်မှာ ချော်ရည်တွေနဲ့ မြေအောက်ပြတိုက်ထဲဝင်ကြည့်တယ်။ နှစ်အလိုက် မြေကြီးရဲ့သက်တမ်းတွေကို မှန်အိမ်ထဲ ပြထားတာတွေ၊ ချော်ရည်အမျိုးအစား အမျိုးမျိုးခွဲပြထားတာတွေ ရှိတယ်။ လှိုဏ်ခေါင်းလေးတွေလဲ ရှိတယ်။ ပြခန်းက မြေကြီးအောက်ထဲ ရောက်နေရတဲ့အထဲ ချော်တုံးတွေကြည့်ပြီး စိတ်ခြောက်ခြားလို့ မြန်မြန်ပြန်ထွက်ခဲ့ရတယ်။ အလာတုန်းက ဓာတ်ပုံရိုက်မလို့ဟာ ရှေ့ကသွားတဲ့လူတွေ အမှီလိုက်ရတာနဲ့ မရိုက်လိုက်ရတဲ့ သဘာဝသစ်ခေါင်းကြီးနားပြန်ရောက်လာခဲ့တယ်။ သစ်ပင်အကြီးကြီးမှာ အလယ်ခေါင်က တောက်လျှောက်ကွဲပြီး အခေါင်းပေါက်ဖြစ်နေတာ မြေကြီးကနေ လူနှစ်ရပ်စာ အမြင့်အထိရှိတယ်။ လူတွေတန်းစီပြီး တစ်ယောက်ပြီးတစ်ယောက် ဓာတ်ပုံဝင်ရိုက်ကြတယ်။ အတွဲတွေလဲ နှစ်ယောက်တွဲ ဝင်ရိုက်ကြနဲ့ အလာတုန်းကထက် လူစီနေတယ်။ အမကြီးတို့လင်မယားလည်း ဝင်ရိုက်ကြတယ်။ နှစ်ယောက်လုံးက ဝဝကြီးတွေမို့ ဆန့်ပါ့မလားထင်မိပေမယ့် သစ်ပင်ကွဲကြောင်းကသာ သိပ်မကျယ်တာ၊ အတွင်းဘက်သစ်ခေါင်းကကျယ်လို့ ဆန့်သွားတယ်။ :D သစ်ခေါင်းထဲ တစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ထွက်လိုက်လုပ်နေကျတာ သစ်ပင်စောင့် ရုက္ခစိုးမင်းသာရှိရင် လူတွေကို အတော်မျက်စေ့နောက်မလားဘဲ။ :P ပန်းခြံထဲ အတော်အချိန်ကုန်သွားတာမို့ နေ့လည်စာစားဖို့ ဆက်ထွက်ခဲ့ပါတယ်။ စားပြီးရင် နောက်တနေရာကို ခရီးဆက်လည်ပတ်ပါဦးမယ်။

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP