Sunday, September 28, 2008

သုံးလွန်းတင်နှင့် ဟင်းလေး


(သုံး)

ပြောင်းဆန်သည် ကြမ်းတမ်းလှချေ၏။ ပြောင်းထမင်းကို စားရသည်မှာ လည်ချောင်းကို ထယ်ထိုးဆင်းသွားသည်ဟုပင် ဆိုစမှတ်ပြုကြ၏။ ငစိန်ဆန်သည်လည်း ဆန်ထဲတွင် အကြမ်းတမ်းဆုံး အမျိုးအစားဟု ဆိုရပေမည်။ ပဲနောက်စိမ်း၊ ပဲလွန်းနှင့် ပဲယဉ်းတို့သည်လည်း ဖွယ်တယ်တယ်ပင်။ အစေးဘက်တွင် မပါ။ အကြမ်းဘက်တွင် နွယ်နေပေသည်။ သို့သော် အချိုးကျ ပေါင်းစပ်လိုက်သောအခါ တမျိုးစီ၌ မူလကရှိနေသော အကြမ်းစွမ်းရည်များ ယုတ်လျော့သွားလေတော့သည်။ အနေတော် စားကောင်းရုံ ဖြစ်လာ၏။ သုံးမျိုးပေါင်းစပ်ထားသဖြင့် သုံးလုံးတင်ထမင်းဟု ခေါ်သည်။ ဆီနှင့်ဆားကို အနေတော် အဖော်ပြုလိုက်ပါလျှင် ဟင်းပင်မလိုတော့။ ဆရာမုန်းအတွက် သူ့ချည်းပင် ထမင်းမြိန်လှသည်။

ပေါင်းစည်းမှု၏ အာနိသင်ပေတည်း။
တောင်က လာမှ..... မိုး၊
ဒေါင်ဒေါင်မြည်မှ..... အိုး၊
သုံးလွန်းတင်မှ..... ကြိုး ဟူ၍ ဆိုရိုးစကားရှိခဲ့သည်။ ကြိုးတချောင်း ဖြစ်ပေါ်လာစေနိုင်သော အရင်းခံအင်အားကလေးများကို ကြည့်ပါ။ ဘာမျှစွမ်းရည်မရှိ။ ပိုက်ဆံလျှော်တမျှင်၊ သင်ကြိုးတချောင်း၊ ထန်းဖုံးဆံတစ၊ သမန်းမြက်တချောင်း၊ တခုစီသည် ပြောပလောက်အောင် ခိုင်ခံ့မှုမရှိ။ ၎င်းတို့ကို ပေါင်းစည်းကျစ်လိမ်လိုက်သောအခါ ကြိုးတချောင်းဖြစ်လာတော့သည်။ ဆင်ကိုပင် ချည်နိုင်ပေ၏။

သုံးလွန်းတင်ကြိုးကို အမှီပြု၍ မှည့်ခေါ်ထားသည့် သုံးလွန်းတင်ထမင်းမှာမူ ပေါင်းစည်းမှုအင်အားကြောင့် အကြမ်းစွမ်းရည်များ ပပျောက်သွားပြီး အနုစွမ်းရည်သစ် ဖြစ်ပေါ်လာသည်။ စားကောင်းသည့် အရသာ ထပ်မံတိုးလာပေသေး၏။

ဟင်းလေးသည်လည်း ထိုနည်းတူပင်။
စွန့်ပစ်ရတော့မည့် ဟင်းကျန်များကို စုစည်းကျိုချက်ရာမှ ဖြစ်ပေါ်လာသည့် ဟင်းတခွက်ပေတည်း။ စဉ်းစားကြည့်လျှင် စားချင်ဖွယ်ပင် မရှိချေ။ အလှူအတန်း၊ ဘုရားဆွမ်းချ၊ အသုဘဆွမ်းသွတ် စသည့် သာရေးနာရေးများ ကြုံလာရလျှင် ဘုန်းတော်ကြီးကျောင်းများအတွက် စားမကုန်လောက်အောင်ပင် ဆွမ်းများ၊ ဟင်းများ အလျှံပယ် ပေါတတ်ချေသည်။ ဆွမ်းများကို သွန်ပစ်ရမည့်အစား ထမင်းခြောက်လှမ်းသည်။ ရှားပါးသည့်အခါ ဆန်ပမာ ချက်စားနိုင်သည်။ ဟင်းကျန်များတွင်လည်း သိုးတတ်သောဟင်းနှင့် မသိုးနိုင်သောဟင်းဟူ၍ နှစ်မျိုးတွေ့ရမည် ဖြစ်သည်။ မည်သို့ဆိုစေ တညထက်ပိုသိပ်၍ မကောင်းတတ်ချေ။ မသိုးသော်လည်း မစားသင့်ပြီ။

ထိုသွန်ပစ်ရမည့် ဟင်းများကို စုပေါင်း၍ အိုးကြီးထဲတွင် ထည့်သည်။ ဝက်၊ ကြက်၊ အမဲလည်းပါသည်။ သရက်ချဉ်၊ ပဲချဉ်၊ နှမ်းဖတ်ချဉ်တို့လည်း ပါသည်။ ငရုတ်သီးကြော်၊ ချဉ်ပေါင်ရွက်ချက်၊ ငါးခြောက်ကြော်တို့လည်းပါသည်။ ကဆစ်သီးချက်၊ မှိုဟင်း၊ မျှစ်သုတ်စသည့် သောင်းပြောင်းထွေလာ ပါချင်သည့်ဟင်းလည်း ပါတတ်လေသည်။ ရရာ ကျန်ရာဟင်းများကို ရွက်အိုးပမာဏရှိသည့် မြေအိုးကြီးထဲတွင် စုပေါင်းရောထည့်ပြီး မီးနည်းနည်းဖြင့် လှုံတော့သည်။

ဒန်အိုး၊ ကြေးအိုးစသည့် သတ္တုအိုးများကို သုံးလေ့မရှိကြ။ သတ္တုဓာတ်နှင့် ဟင်းမျိုးစုံ တွေ့ထိပေါင်းဆုံပြီး မတည့်သောဓာတ်များ ဖြစ်ပေါ်လာကာ ဝမ်းလျှောတတ်သည်ဆို၏။ သတိထားပြီး ရှောင်ကြလေသည်။ ထိုဟင်းလေးအိုးကြီးကို မီးဖိုနားတွင် ထားတော့သည်။ အခွင့်အခါသင့်တိုင်း မီးဖိုပေါ်တင်၍ လှုံရသည်။ နေ့စဉ်ကျန်သည့်ဟင်းများကိုလည်း ထပ်၍ ထပ်၍ ထည့်သည်။ ရေကုန်လျှင် ရေစွက်ပေးသည်။ အမြဲပူနေသဖြင့် သိုးချိန်မရှိ။ သိုးစေဦးတော့ စားချိန်တွင် ပွက်ပွက်ဆူအောင် နွေးပေးလေ့ရှိသဖြင့် ရောဂါပိုးများ လုံးဝမဝင်ရောက်နိုင်။

ဟင်းလေးအိုး စတင်တည်စ တရက် နှစ်ရက်တွင်မူ ပြောလောက်အောင် အရသာ မတွေ့သေး။ စုပေါင်းထားသော ဟင်းတမျိုးစီ၏ စွမ်းအင်များ မမှိန်သေးဟု ဆိုကြသည်။ နောင်တွင်မူ ကြာလေ ကောင်းလေ။ ဟောင်းလေ သစ်လေ။ ဟင်းလေးသည် အိုမှ ပို၍ စားကောင်းလေသည်။ စပ်သည်ဟုလည်း မဆိုသာ။ ချဉ်သည်ဟုလည်း မပြောနိုင်။ ဆိမ့်သည်ဟုလည်း သတ်မှတ်၍မရ။ ငန်သည်ဟုလည်း ပြော၍မဖြစ်။ ဖန်သည့်ဘောင်ထဲမှာလည်း မဝင်။ တခုတော့ ပြောနိုင်သည်။ လေးလေးပင်ပင်နှင့် ထူးခြားသော အရသာတော့ ရှိသည်။

ကျောင်းသားတို့သည် မ'တရာသားများ ဖြစ်၏။ အမျိုးမျိုးသော မိသားစု၏ အုပ်ထိန်းမှုများနှင့် ပတ်ဝန်းကျင်တို့ကလည်း အတော်အသင့် ပုံသွန်းပြုပြင်ပေးလိုက်သေးသည်။ ပုံစံအမျိုးမျိုး မူလတန်းကျောင်းသို့ ရောက်လာကြသည်။ ဉာဏ်ထက်သူလည်းပါမည်။ မှန်တမ်းရှိသူလည်း ပါမည်။ ထိုင်းမှိုင်းလေးလံသူတို့လည်း ရောက်လာကြမည်။ ရဲတင်းလွန်းသော ကလေး၊ ကြောက်ရွံ့၍ လူထဲသို့ မဝင်ရဲသောကလေး၊ အရာရာတွင် အနိုင်ယူလိုသောကလေး၊ စိတ်အားငယ်တတ်သောကလေး၊ ကျန်းမာသန်စွမ်းသောကလေး၊ ကျန်းမာရေး ချို့တဲ့သည့် ကလေး စသည် စသည်ဖြင့် စုံတကာစေ့အောင် ပါကြမည် ဖြစ်သည်။

ကျောင်းသည် မတူညီကြသော ကလေးတို့ လာရောက်စုပေါင်းသည့် ဌာနဟု ဆိုနိုင်ပေသည်။ တဖန် တူညီသော ပညာရပ်၊ တူညီသော စွမ်းအင်နှင့် တူညီသော စာရိတ္တတို့ဖြင့် ပုံသွန်း မွေးထုတ်ရာ ဌာနလည်း ဖြစ်ပေသည်။ ဆရာမုန်းသည် ကြံကြံဖန်ဖန်ပင် မိမိကျောင်းသားများနှင့် ဟင်းလေးအိုးကို နှိုင်းယှဉ်သဘောပေါက်မိသည်။ မလိုလားအပ်သည့် အရည်အချင်းနှင့် စွမ်းရည်များ ရှိနေသည့်ကလေးကို မပြုမပြင် မသွန်သင်ဘဲ လျစ်လျူရှုထားမည်ဆိုပါက ဟင်းတမျိုးစီကို ဒီအတိုင်းထားလျှင် သိုးတတ်သကဲ့သို့ လူလောကတွင် လူရာမဝင်နိုင်တော့ပဲ အပယ်ခံ လူညံ့၊ လူသွမ်းကလေးများဖြစ်ကာ မုချ ပျက်စီးလေတော့မည်။ ပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက်ပေးမည်။ သူ့ကိုယ်သူလည်း ပျက်စီးမည်။

ဟင်းလေးကျိုခြင်းသည် စုပေါင်းနည်း၊ ဝိုင်းကြီးချုပ်စနစ်ဖြင့် ပုံသွန်းပေးခြင်းနှင့် တူပေသည်။ ကောင်းသည့်ကလေးရော၊ ဆိုးသည့်ကလေးရော၊ ညံ့သည့်ကလေးပါ ကျောင်းဟူသော လောကတွင် ထည့်မွှေပုံသွန်း ပြုပြင်ပေးရလျှင်.....။
ကျောင်းတက်သံချောင်းခေါက်သံ ကြားလိုက်ရသည်။
"တပည့်တော်ကို ခွင့်ပြုပါဦးဘုရား။ သံချောင်းခေါက်ပြီမို့ ဟင်းလေးကျိုသွား။ အဲ... အဲ စာသင်သွားပါတော့မယ် ဘုရား"
ဆရာမုန်းသည် ဦးပဉ္စင်းများကို ဝတ်ချကန်တော့ခဲ့၏။
ဦးပဉ္စင်းများ ပြုံး၍ ကျန်ရစ်ခဲ့ကြသည်။

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)


Read More...

Monday, September 22, 2008

သုံးလွန်းတင်နှင့် ဟင်းလေး


(နှစ်)

"ဒကာဆရာမုန်းက သုံးလွန်းတင်ထမင်းနဲ့ ဟင်းလေးကို မစားဖူးလို့ အထူးတဆန်း သရေစာသဘောမျိုး စားချင်တာလား။ ဒါမှမဟုတ် ကြိုက်နှစ်သက်လို့လား။ ထာဝရ စားနိုင်ပါ့မလား"
လက်ဖက်ရည်ပွဲတွင် ဦးဓမ္မက ပြုံး၍ မေးတော်မူသည်။ ဆရာမုန်း စဉ်းစဉ်းစားစားပင် လျှောက်ထားရလေသည်။
"တပည့်တော်က နဂိုကတည်းက ပဲကို သိပ်ကြိုက်ခဲ့တာဘုရာ့။ စားတော်ပဲ၊ စွန်တာနီ၊ ပဲပြုတ်နဲ့ဆိုယင် တခြားဟင်း မလိုတော့ဘူး။ ကုလားပဲဟင်းချက်ယင်လည်း ခေါင်းမဖော်တမ်းပဲ။ ခု သုံးလွန်းတင် ထမင်းမှာလည်း ပဲနောက်စိမ်း၊ ပဲလွန်း၊ ပဲယဉ်း ပဲတမျိုးမျိုးတော့ ပါနေကြမို့ တပည့်တော်အကြိုက်နဲ့ တိုးနေတော့တာပေါ့ဘုရာ့"

"ဒါဖြင့် ဟင်းလေးကကော"
"ဟင်းလေးမှာလည်း တပည့်တော်စားဖူးခဲ့သမျှ ဟင်းတွေနဲ့ မတူတဲ့ ထူးထူးခြားခြား အရသာတခု တွေ့ရတယ်ဘုရာ့။ လေးလေးပင်ပင်အရသာ ဆိုရမလား မသိဘူး။ လေးတာက ကငန်တာကို မဆိုလိုဘူးဘုရာ့။ ဒီတော့ တပည့်တော်ရဲ့ ဆန္ဒအလိုတော့ သုံးလွန်းတင်ထမင်းနဲ့ ဟင်းလေးသာဆိုယင် ထာဝရ စားနိုင်လောက်ပါတယ် ဘုရာ့"
ဆရာမုန်း၏ လျှောက်ထားချက်ကို ဦးဓမ္မက ခေါင်းတညိမ့်ညိမ့်နှင့် နားထောင်ကာ ပြုံးတော်မူ၏။

"တော်ကြာ ရွှေချဉ်ပေါင်တုန်းခါမှ မောင်ဖုန်းပြန်ခဲ့မယ် အဖြစ်မျိုး ရောက်နေဦးမယ်နော် ဆရာမုန်း။ စဉ်းစဉ်းစားစားလည်ပြော။ အစားကိုသာ အကုန်စား။ စကားအကုန်မပြောနဲ့လို့ အဆိုရှိတယ်"
ဦးပဉ္စင်းလေး ဦးသောဘိတ၏ မိန့်တော်မူချက်ကြောင့် ဆရာမုန်းနှင့် ဦးပဉ္စင်းများ ပြုံးမိကြလေသည်။

"တပည့်တော် ရွှေချဉ်ပေါင်ကိုယ်တော်လိုတော့ မဖြစ်လောက်ပါဘူးဘုရား"
"ဆရာမုန်းပြောတာ ဖြစ်နိုင်လောက်တယ်။ ချဉ်ပေါင်ဟင်းနဲ့ ဟင်းလေး တူတာမှ မဟုတ်ပဲ။ ချဉ်ပေါင်က အရသာ တသမတ်တည်း ရှိတယ်။ ကြာကြာစားတော့ ရိုးနိုင်တာပေါ့။ ဟင်းလေးကတော့ တနေ့တမျိုး မရိုးနိုင်အောင် အရသာပြောင်းတယ်။ တအိုးနဲ့တအိုးလည်း အရသာမတူပေဘူး။ လေးလေးပင်ပင်ရှိတာကိုက ဟင်းလေးရဲ့ အရသာတမျိုး"
ကျောင်းထိုင်ဆရာတော် ဦးဥက္ကံသက မှတ်ချက်ချတော်မူသည်။

"သုံးလွန်းတင်ထမင်းကိုသာ နေ့တိုင်းစားမယ်ဆိုရင် ဆရာမုန်း လက်ခမောင်းခတ်ပေတော့"
"တပည့်တော် သဘောမပေါက်ဘူး ဘုရာ့"
ဦးဓမ္မ၏ မိန့်တော်မူချက်ကို ဆရာမုန်း သဘောမပေါက်ချေ။
"ဒီပတ်ဝန်းကျင်ရွာတွေဟာ ခေတ်တွေ၊ စနစ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း မြန်မာ့ရိုးရာ ကျေးလက်ဓလေ့ကိုတော့ မဖျောက်ကြဘူး။ သုံးလွန်းတင်ထမင်းကို ဘယ်တော့မှ လက်မလွှတ်ကြဘူး။ ရှေးကလဲ စားခဲ့တယ်။ အခုလည်း စားဆဲပဲ။ နောင်လည်း စားကြဦးမှာပဲ။ မရှိဆင်းရဲလို့ စားကြတာမဟုတ်ဘူးနော်..... ဆရာမုန်း။ ကြိုက်နှစ်သက်လို့ ဇယားကိုက်လို့ စားကြတာ။ ရိုးရာဓလေ့ အစဉ်အလာကြီးကို ဖြစ်လို့"
"မှန်ပါ့ ဘုရား"

"ဒကာမောင်မုန်း လေ့လာမိပါလိမ့်မယ်။ ကိုရင်ကျောင်းသားတွေ ဆွမ်းခံပြန်ချိန်မှာ သပိတ်တွေထဲ လိုက်ကြည့်။ အားလုံးလိုလို သုံးလွန်းတင်ထမင်းကို တွေ့ရလိမ့်မယ်။ ဆွမ်းလောင်းတဲ့ ဒကာ၊ ဒကာမတွေဟာ မရှိဆင်းရဲလို့ မဟုတ်ဘူးဗျ။ အုန်းခြံပိုင်ရှင်၊ ကွမ်းခြံပိုင်ရှင်၊ ဂွမ်းဖတ်စက်ပိုင်ရှင်၊ ကားပိုင်ရှင်တွေပါတယ်။ တနှစ်မှာ နှမ်း၊ မြေပဲ တင်းတရာကျော် နှစ်ရာရတဲ့ တောင်သူကြီးတွေပါတယ်။ အဲ.... တနေ့လုပ်မှ တနေ့စားရတဲ့ လူမွဲတွေလည်း ပါတာပေါ့။ ဒါပေမယ့် သုံးလွန်းတင်ထမင်းကိုပဲ စားကြတယ်။ စားစရှိတော့ ကောက်ကြီးဆန်ထက် ပိုလေးသတဲ့။ ကျန်းမာရေးနဲ့ ပြည့်စုံကြတာလည်း လက်တွေ့"
"တင်ပါ့"

ဦးဓမ္မသည် သုံးလွန်းတင်ထမင်းအကြောင်း စိတ်ရှည်လက်ရှည်ပင် ရှင်းလင်းပြောပြတော်မူလေသည်။
"ဆန်ဈေး ဘယ်လိုဘဲဖြစ်ဖြစ် ပေါပေါရှားရှား ဒီဒေသကတော့ သုံးလွန်းတင်ထမင်းကို လက်မလွှတ်ကြဘူး။ ပြောင်းဆန်နဲ့ပဲဟာ ဆန်ရဲ့ ညီငယ်နဲ့နှမငယ်ပဲ။ ဘယ်တော့မှ ဆန်ဈေးကို မကျော်လွန်ကြဘူး။ ထာဝရ သစ္စာရှိတယ် ဆိုရမယ်။ ဒီတော့ မချွေတာသော်လည်း ချွေတာရာရောက်နေတယ် ဆရာမုန်းရဲ့"
"မှန်ပါ့ ဘုရား"

"ဆရာမုန်း ကျောင်းပိတ်ရက်မှာ ရွာတွေလည်ပြီး လေ့လာကြည့်စေချင်တယ်။ ဒီရွာနဲ့ ပတ်ဝန်းကျင်ရွာက လူတွေဟာ စားဝတ်နေရေးမှာ ရောင့်ရဲလွယ်ကြတယ်။ ရှားတိုင်ထူ ထန်းသားပျဉ်နဲ့ ထန်းပလက်မိုးပြီး နေကြတယ်။ ယာထွက်လက်ဖြစ် ဗမာချည် အဝတ်ကို ဝတ်ကြတယ်။ သုံးလွန်းတင်ထမင်းနဲ့ ဟင်းလေးကို မဲပြီးစားကြတယ်။ ထန်းလျက်ကို သရေစာလုပ်ကြတယ်။ ဒါပေမယ့် အထင်မသေးနဲ့ ကျောင်းဆရာရေ့။ သူတို့မှာ ချွေတာစုဆောင်းပြီးသား ဖြစ်နေကြတယ်။ အရေးကြုံယင် လူနဲ့အတူ သူနဲ့အမျှ သုံးနိုင်ကြတယ်။ အမြဲတမ်း စိတ်ချမ်းသာနေတော့တာပဲ။ ဒါဟာ ဘဝပီတိပဲ ဆရာမုန်းရဲ့။ ဆရာမုန်းသာ ဒီဒေသရဲ့ စရိုက်ကို လိုက်လျောညီထွေ ကျင့်သုံးတတ်မယ်ဆိုယင် တနေ့ သဌေးလေး ဖြစ်ရစေ့မယ်"
"တပည့်တော် ကြိုးစားကျင့်သုံးပါ့မယ် ဘုရား"

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)


Read More...

Friday, September 19, 2008

မီးဖိုချောင်ထဲမှာ ပျော်စရာ


မီးမီးလေးရဲ့ ဆော့စရာ အဲလေ မနေ့က rakutenမှာ အွန်လိုင်းဈေးဝယ်ထားတဲ့ ပစ္စည်းလေးရောက်လာတယ်။ ပျော်လွန်းလို့ ကလိချင်နေတာ မနဲစောင့်နေရတယ်။ မိုးချုပ် ဆယ့်တစ်နာရီကျော်မှ အညွှန်းလေးကို သေချာဖတ်ပြီး စမ်းသပ်လိုက်တယ်။ မနက်ကျ အိမ်ကြီးရှင်အတွက် ထမင်းဘူးမှာထည့်လိုက်တော့ ဒါမျိုးလေး။ ကြက်ဥပြုတ်လေ။ ပုံဖော်ထားတာ။


ပုံဖော်တယ်ဆိုလို့ အထင်မကြီးလိုက်နဲ့ဦးနော်။ ပုံဖော်ခွက်ထဲထည့်ပြီး လုပ်ထားတာ။ အဲဒီခွက်အကြောင်း ပြီးခဲ့တဲ့ရက် မနက်ပိုင်းသတင်းမှာ ကြည့်မိကတည်းက လိုချင်လို့ အင်တာနက်ထဲ လိုက်လျှောက်ရှာထားတာ။ ဘယ်လိုခေါ်မှန်းမသိလို့ အတော်လိုက်ရှာလိုက်ရတယ်။ တွေ့လို့ နာမည်ဖတ်ကြည့်တော့ "Dream Land ကြက်ဥပြုတ်ခွက်" (ゆでたまご器ドリームラン)တဲ့။

ဈေးလဲမဆိုးပါဘူး။ အခွန်အပါအဝင် 1575ယန်း ကျတယ်။ ခွက်ပုံ ၄မျိုးနဲ့ ကြက်ဥ အကာနဲ့ အနှစ်ခွဲတဲ့ ခွက်ရယ် ပါတယ်။ ခွက်၎ခွက်ရဲ့ အဖုံးအတွင်းဖက်မှာ အသည်းပုံ၊ ကြယ်ပုံ၊ လေးထောင့်ပုံ၊ ပန်းပွင့်ပုံ ဒီဇိုင်း ၄မျိုးနဲ့ ပုံစံချတာလေး တွဲပါတယ်။ အဲဒါက အရှင်မို့လို့ ဖြုတ်လို့ရတယ်။


ပြုတ်ရင်တော့ အတော်စိတ်ရှည်ရတယ်။ ပထမဦးဆုံး ပုံစံခွက်တွေရဲ့ အတွင်းဘက်ကို ဆီပါးပါးလေး သုတ်ရတယ်။ မဟုတ်ရင် ကြက်ဥပြုတ်ကို တွန်းထုတ်ရင် ကြပ်နေမှာမို့ထင်တယ်။ အဖုံးအတွင်းပိုင်းတွေကိုလည်း အဲလိုဘဲ ဆီပွတ်ရတယ်။ ကြက်ဥစစ်ခွက်ကို ပန်းကန်အဝမှာတင်ပြီး အပေါ်ကနေ ကြက်ဥကို ခွဲချလိုက်တဲ့အခါ အနှစ်က အလယ်က အချိုင့်လေးပေါ် တင်ကျန်ခဲ့ပြီး ဘေးအမြောင်းကနေ အကာတွေ အောက်ဘက်ကို စီးကျသွားတယ်။ အနှစ်ဘေးက ကပ်နေတဲ့ အကာတွေ သူ့ဘာသာ ရှောခနဲ လိမ့်စီးကျသွားတာကြည့်ပြီး သည်းတွေ ယားလိုက်တာ။ ပြီးတော့ အကာတွေကို ပုံစံခွက်ထဲထည့်၊ အဖုံးကို အတွင်းပုံဖော်တာ တွဲရက်နဲ့ ဖုံးပြီး ရေနွေးပူပူတည်ထားတဲ့အိုးထဲ ရေမြုပ်တဲ့အထိထည့်ပြီး ၁၂မိနစ်ပြုတ်ရတယ်။ ပြီးရင် ပြန်ဆယ်၊ အဖုံးဖွင့်လိုက်တော့ အလယ်မှာ အနှစ်ထည့်ဖို့ အမြှောင်းလေး ရလာပြီ။ အဲဒီထဲ အနှစ်တွေ လောင်းထည့်၊ အဖုံးအတွင်းဘက်က ပုံစံဖော်ချောင်းကို ဖြုတ်ပြီး အဖုံးနဲ့ ပြန်အုပ်ပိတ်၊ နောက်ထပ် ၈မိနစ် ထပ်ပြုတ်ပြီးရင် ရပြီ။


၂ယောက်စာအတွက်မို့ ကြက်ဥ ၂လုံးပဲ ခွဲဖြစ်လို့ ပုံစံခွက်လည်း နှစ်ခုကိုပဲ စမ်းလိုက်ရတယ်။ အသည်းပုံကို စမ်းချင်နေတာမို့ နောက်တခါမှ ကျန်တဲ့ပုံတွေ ထပ်စမ်းရမယ်။


ဂျယ်လီတွေလဲ လုပ်လို့ရတယ်။ ကြက်ဥပြုတ်တာနဲ့ လုပ်နည်း နဲနဲကွာတယ်။ စိတ်ကူးပေါက်နဲ့နေ့ ကျောက်ကျောကျိုကြည့်ဦးမယ်။ နောက်ထပ်ဝယ်ထားတာ ၁မျိုးကျန်သေးတယ်။ အဲဒါက လုပ်ကြည့်ပြီးမှတင်တော့မယ်။ သမီးလေးများရှိရင်တော့ ပျော်စရာပဲနေမှာ။ အတူဆော့ အဲ အတူချက်ဖို့ အဖော်ရနိုင်တယ်။ ခုလောလောဆယ်တော့ မီးဖိုချောင်ထဲ တစ်ယောက်တည်း ထင်တိုင်းကျဲနေတာပေါ့။

Read More...

Wednesday, September 17, 2008

သုံးလွန်းတင်နှင့် ဟင်းလေး


(တစ်)

"ဆရာမုန်း ထမင်းစားကြွ"
ဆွမ်းစားစည်တီးသည်တွင် ဦးပဉ္စင်းများ ဆွမ်းဘုဉ်းပေးတော်မူကြသည်။ ဦးပဉ္စင်းများ ရေနွေးပွဲထိုင်နေသည်တွင် ကိုရင်များနှင့်တပြိုင်နက် ဆရာမုန်း ထမင်းပွဲဝင်ထိုင်ရလေသည်။ နေ့ဆွမ်းအတွက် ရေမြက်ရွာမှ ဆွမ်းအိုးတလုံး။ ရွာသာအေးရွာမှ ဆွမ်းအိုးတလုံး၊ မြေပန်းတောင်ရွာမှ ဆွမ်းအိုးတလုံး၊ ပြည့်အိုင်ရွာမှ ဆွမ်းအိုးတလုံးဟူ၍ နေ့စဉ်အမြဲ ဆွမ်းအိုးလေးလုံးရှိသည်။ သည်အထဲတွင် အလျဉ်းသင့်၍ ပို့လာသော သဒ္ဓါဆွမ်းအိုးများလည်း ရှိသေးသည်။ ကိုရင် ကျောင်းသားတို့ ရွာပေါင်းစုံ ဆွမ်းခံ၍ရသည်မှ ကောင်းနိုးရာရာ ဟင်းခွက်အချို့သည်လည်း ဘုန်းတော်ကြီးပွဲသို့ ရောက်သေးသည်။ သို့ဖြစ်၍ ကျောင်းထိုင်ဆရာတော် ဦးဥက္ကံသနှင့်တကွ ဦးဓမ္မ၊ ဦးသုမန၊ ဦးသောဘိတ စသော ဦးပဉ္စင်းလေးပါးတို့ ဘုဉ်းပေး၍ မကုန်နိုင်။ ဆွမ်းနှင့်ဟင်းလျာ အလျှံပယ် ဖြစ်နေတတ်သည်။ ဆရာမုန်းတယောက်အတွက် ဘာမျှမထူးခြား။ ကိုရင် ကျောင်းသားများ စားမကုန်၍ ထမင်းခြောက်လှန်းရသေးသည်။ ဟင်းကျန်များကိုလည်း ဟင်းလေးအိုးမှာ လောင်းထည့်ပစ်ရသေးသည်။ ဟင်းလေးအိုးဆိုသည်မှာ ဆွမ်းဟင်းကျန်များ စုပေါင်းရောထည့်ထားသော အိုးဖြစ်သည်။

"ဒီတနှစ်တာတော့ ဆရာမုန်းကို ဦးဇင်းတို့ကပဲ စားရေးသောက်ရေး တာဝန်ယူပါရစေ။ မချို့ငဲ့စေရပါဘူး။ နောင်နှစ်တော့ ကျောင်းဆရာရဲ့ သဘောပေါ့"
ရောက်ရောက်ချင်းပင် ကျောင်းထိုင်ဆရာတော် ဦးဥက္ကံသက အမိန့်ရှိခဲ့သဖြင့် ဆရာမုန်းမှာ ကျောင်းသားများနှင့်အတူ ကျောင်းအိပ်ကျောင်းစား ဖြစ်နေခဲ့ရသည်။ သို့သော် ဆရာမုန်း စိုးရွံ့နေမိသည်။ ရွာပေါင်းစုံမှ ဘုန်းတော်ကြီးအား ရည်မှန်း၍ လှူဒါန်းသည့် ဆွမ်းကွမ်းဖြစ်ချေသည်။ မဆီမဆိုင် မိမိက ဝင်စားသဖြင့် အပြစ်ထိုက်ချေတော့မည်လော။ အပြစ်ထိုက်လျှင် ကျေပါစေတော့ဟူ၍ အားလပ်တိုင်း ဘုရားခြေရင်း ကျောင်းတလင်းဝယ် သန့်ရှင်းမပြတ် တံမြက်ခတ်ရသည်။ မြက်ထိုးရသည်။ ဆရာက မြက်ထိုး အမှိုက်လှည်းသောအခါ ကျောင်းသားများက ဝင်၍ကူညီကြသည်။ နှစ်ရက် သုံးရက်ကြာသောအခါ လှဲစရာအမှိုက်နှင့် ထိုးစရာမြက် မရှိတော့ပေ။

"အပြစ်မထိုက်ပါဘူး ဆရာမုန်းရဲ့။ ဦးဇင်းက ကံသုံးပါးနဲ့ စွန့်ပြီးသား ဆွမ်းကွမ်းပါ။ မြိန်မြိန်သာ သုံးဆောင်ပါ"
ဆရာတော်က ဆရာမုန်း၏ သံသယကို ဖျောက်ပေးတော်မူလေသည်။ သို့သော် ဆရာမုန်းသည် မိမိလုပ်ကိုင်နိုင်သည့် ကျောင်း၏ဝေယျာဝစ္စ၊ ဘုန်းကြီးပျံ၏ ဝေယျာဝစ္စ ဟူသမျှကို အားလပ်တိုင်းပင် ဝင်ရောက်လုပ်ကိုင်ပေးရသည်။ တရက် နှစ်ရက်ကြာလျှင် ဆရာမုန်းအတွက် နေရာမှန် တွေ့လာသည်။ တပေါင်း တန်ခူးတွင် ကျင်းပမည့် ဘုန်းကြီးပျံပွဲအတွက် ယခုကပင် ပြာသာဒ်၊ လောင်တိုက်၊ မဏ္ဍပ်စသည်တို့ကို လုပ်ဆောင်နေကြပြီ။ တညင်ရွာမှ ယာယီစပ်သမားများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆေးရေးနေကြသည်။ လူပေါင်းအစိတ် မနေမနား ရေးဆွဲနေကြရ၏။

ဆရာမုန်းသည် ပန်းချီဝါသနာပါခဲ့သူဖြစ်၍ တတ်အားသ၍ ဝင်ကူသည်။ ကနုတ်ပန်းများ ဝင်ဆွဲပေး၏။ တချက်ခုတ်၍ သုံးချက်ပြတ်သည်ဟု ဆိုရချေမည်။ မိတ်ဆွေတိုးသည်။ ယာယီကနုတ်ပန်းဆွဲနည်းပညာနှင့် မြေဆေးသုံးနည်းပညာတို့ကို နားလည်လာသည်။ နောက်... မူလတန်းကျောင်းအတွက် သင်နည်းအထောက်အကူပြု ရုပ်ပုံကားချပ်များ ရေးဆွဲခွင့်ရလာသည်။ စပ်သမားများကပင် 'ဘောင်'ခွေပေးကြ၏။ စာသင်ခန်းမှာ ကပ်ထားနိုင်သည်။ မူလတန်းစာသင်ခန်းသည် ပန်းချီကားချပ်တို့ဖြင့် စိုပြည်လာတော့၏။ အဓိက အသုံအဝင်ဆုံး ပန်းချီကားချပ်ကြီးမှာ ဗျည်း၂၆လုံး လင်္ကာရုပ်ပုံကားချပ်ကြီးပင် ဖြစ်၏။ ကျောင်းနေစ ကလေးများမှာ တောက်ပသော အရောင်ကို နှစ်သက်သည်။ ရုပ်ပုံကို ကြည့်လိုလှသည်။ ဆရာမကြီးအတွက် မူလထက် ပိုမိုထိရောက်စွာ သင်ကြားနိုင်ပေသည်။

စပ်သမားများက သူတို့နှင့်အတူ ပျော်ပျော်ပါးပါး ထမင်းဝင်စားပါရန် ဖိတ်ခေါ်သည်။ ဆရာတော်က ခွင့်မပြုချေ။ သူတို့နှင့်စားလျှင် ဟင်းသုံးလေးခွက်သာ စားရမည်။ ဘုန်းကြီးပွဲကျကိုစားလျှင် ဟင်းခွက် နှစ်ဆယ် အစိတ်စားရမည်ဟု မိန့်တော်မူသည်။ မှန်ပေသည်။ ဆရာမုန်းသည်။ ထမင်းပွဲသို့ ဝင်ထိုင်လိုက်သည့်အခါတိုင်း ဟင်းခွက် ၃၀၀ပါမှ ပွဲတော်တည်တော်မူလေ့ရှိသည့် ပုဂံမင်းဆက် နရသီဟပတေ့မင်းကို အမှတ်ရလိုက်မိသည်သာဖြစ်၏။ ရွာသူရွာသားများသည် တလမှတခါ အလှည့်ကျသော ဆွမ်းအိုးအတွက် အတတ်နိုင်ဆုံးအင်အားဖြင့် အကောင်းဆုံး အမွန်မြတ်ဆုံးဖြစ်အောင် အထူးကြိုးပမ်းကြလေသည်။

ဆွမ်းက ကောက်ကြီးဆံ၊ ဟင်းလျာက အမဲ၊ ဝက်၊ ကြက် နှင့် ကြုံတောင့်ကြုံခဲရတတ်သော ယုန်၊ ချိုး၊ ခါ၊ ငုံး၊ ပုတတ်သားများ ပါတတ်လေသည်။ ပင်မဟင်းကို ရံထားသည့် ပဲဟင်း၊ ပဲဆိမ့်၊ မှိုကြော်၊ စောင်ချမ်းချဉ်၊ သရက်ချဉ်၊ ပဲပင်ချဉ်၊ ငရုတ်သီးကြော်၊ ငပိကြော်တို့သည်လည်း ဆီတပြန်ပြန်နှင့် ဟင်းစပ်တဲ့အောင် စီမံထားကြသည်ချည်းဖြစ်သည်။

သို့သော်..... သို့သော်.... သို့သော်....။
ဆရာမုန်းသည် မိမိစားပွဲပေါ်တွင်ရှိသည့် ကောက်ကြီးဆန်ထမင်းထက် ကျောင်းသားတို့၏ သပိတ်ထဲမှာ ရှိနေသော 'သုံးလွန်းတင်'ထမင်းကို ပို၍ အာသာတပ်မိလေသည်။ မိမိရှေ့ရှိ ဟင်းမျိုးစုံထက် ကျောင်းမီးဖိုချောင်ထဲမှာ ရွက်အိုးကြီးနှင့် လှုံထားသည့် ချဉ်ပေါင်းခေါ် ဟင်းလေးကို ပို၍ တောင့်တမိသည်။ ဆရာမုန်းသည် ကျောင်းသားဘဝက ဦးကြီး ဦးဆောင်းတို့၏ 'သုံးလွန်းတင်ထမင်းဖွဲ့' လွမ်းချင်းများကို သင်ကြားခဲ့ဖူးပါသည်။ သို့သော်.... မတိုက်ဆိုင်သဖြင့် မစားခဲ့ဖူးချေ။

နောက် ဗဟုသုတ ဟင်းလေးအိုးကြီးခေါ် ကျမ်းစာပါ 'ဟင်းလေး'အကြောင်းကိုလည်း ဖတ်ရှုမှတ်သားခဲ့ဖူးပါသည်။ မကြုံကြိုက်သဖြင့် မမြည်းစမ်းခဲ့ဖူးပေ။ ယခု ရေမြက်ကျောင်းသို့ရောက်ခါမှ တိုက်ဆိုင်ကြုံကြိုက်သဖြင့် တမင်တောင်းယူကာ မြည်းစမ်းစားကြည့်မိသည်။ ဆရာမုန်း တခါတည်းနှင့် ခံတွင်းတွေ့သွားလေသည်။ သို့သော်.... ညနေ၊ ညနေကျမှသာ စားရသည်။ နံနက်ပိုင်း၌ ဘုန်းကြီးပွဲတွင် သုံးလွန်းတင်ထမင်းနှင့် ဟင်းလေး မပါရလေကား ဆရာမုန်းမှာ စားခွင့်မကြုံပဲ ဖြစ်ရလေသည်။

ဟင်းလေးဟူသည် မကုန်၍ ကျန်နေသော ဟင်းများကို စုပေါင်းကျိုထားသည်ဖြစ်ရကား ဦးပဉ္စင်းများ ဘုဉ်းပေးခြင်းငှါ မအပ်။ ထို့ပြင် သုံးလွန်းတင်ထမင်းထက် ကောက်ကြီးဆန်က ပို၍ ကောင်းမွန်သည်ဟု အများက လက်ခံထားလေရာ သုံးလွန်းတင်ထမင်းသည်လည်း ဘုန်းကြီးပွဲမှာ ထည့်၍ ကပ်ရိုးထုံးစံမရှိ။
ဆရာမုန်း မအောင့်အည်းနိုင်တော့ပြီ။
"ဦးဇင်းဘုရား။ တပည့်တော်ကို သုံးလွန်းတင်ထမင်းနှင့် ဟင်းလေးကို ယူစားခွင့်ပြုပါ"
ဆရာမုန်း၏ လျှောက်ထားချက်ကြောင့် ဆရာတော် ဦးဥက္ကံသမှာ ပြုံးတော်မူ၏။ ကျောင်းသားတစ်ယောက်ကို မျက်ရိပ်ပြ အချက်ပေးလိုက်ရာ ဆရာမုန်း၏ ထမင်းပွဲသို့ သုံးလွန်းတင်ထမင်း တဇလုံနှင့် ဟင်းလေးတပန်းကန် ရောက်လာချေသည်။

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)


Read More...

ရင်ထဲမကောင်းဘူး


ဒီနေ့စာရေးမယ်လို့ စိတ်ကူးထားတာ။TVက နေ့လည်လွှင့်လာတဲ့ ဇာတ်လမ်းကြည့်ပြီး ရင်ထဲမကောင်းလို့ စာမစီနိုင်တော့ပါ။ ကားအမည်က "Human Trafficking"တဲ့။ မိန်းမဘဝရောက်ရတာ အဲလောက်ဆိုးတယ်လား။ ကလေးလေးတွေ သနားပါတယ်။ ဇာတ်လမ်းဆိုတာသိပေမယ့် ဒေါသတွေထွက်ပြီး ဝမ်းလည်းနည်းတယ်။ လူဆိုးခေါင်းဆောင်သေတာတောင် မကျေနပ်နိုင်ဘူး။ အဲဒီထက် အသေဆိုးနဲ့ သေသင့်တယ်လို့ တွေးမိတယ်။


စိတ်ညစ်သွားပြီ။ စာရေးလို့ မရတော့ဘူး။ ဘလော့လာလည်သူတွေကို အားနာစွာနဲ့ ရိုက်ထားတဲ့ ဆရာမုန်းဝတ္ထုတိုဘဲ ဆက်တင်လိုက်တော့တယ်။

Read More...

Sunday, September 14, 2008

ချစ်ခင်ရိုသေ


(လေး)

ဆရာမုန်း တရေးနိုးလာသည်။
လမိုက်ညဖြစ်၍ အမှောင်ထုက ကြီးစိုးနေသည်။ ဆောင်းတွင်း ကြောင်ရာသီဖြစ်၍ ကြောင်အော်သံများ ဆူညံနေဘိသည်။ ကလေးငိုသံလိုလို ဘာလိုလို၊ ကျောင်းဝိုင်းအတွင်း၌ သစ်ပင်ကြီးများ ပေါလေရာ ညဥ့်ငှက်တို့၏ အတောင်ခတ်သံများကလည်း ချောက်ချားဖွယ်ရာ ကောင်းနေတော့၏။ တခါ... တခါ ဂီးကနဲ ဂီးကနဲ ငှက်ပုပ်ခေါ် ငှက်ဆိုးထိုးသံများလည်း ကြားနေရသည်။ ခပ်လှမ်းလှမ်း ချောင်းပြင်ဆီမှ တီတီတူးအော်သံကိုလည်း ကြားရသေးသည်။
ဆရာမုန်းသည် အသံများကို နားစွင့်နေမိ၏။

ကိုရင် ကျောင်းသားများအိပ်နေသည့် နေရာဆီမှ တချွတ်ချွတ် လှုပ်ရှားသံကို ကြားလာရသည်။ တယောက်ယောက် အအိပ်ကြမ်း၍ ကန်ကျောက်လူးလှိမ့်သံ ဖြစ်ပေလိမ့်မည်။ သွားကြိတ်သံကိုလည်း ကြားရ၏။ ရုတ်တရက် သူတို့ဆီမှ မဝေခွဲနိုင်သော အသံတမျိုး ပေါ်ထွက်လာပြန်သည်။ သတ္တုခွက်ထဲသို့ လက်ဖက်ရည် ငှဲ့ချသံမျိုး။
"ဟဲ့.... ဟဲ့..... ဘာတုန်းဟ"
ဆရာမုန်း အံ့အားသင့်စွာ မေးလိုက်မိသည်။ အရေးထဲ လက်နှိပ်ဓာတ်မီးက လျှာကပ်နေ၍ ထိုးမရ။ ဓာတ်မီးခြစ်ကို စမ်းရှာသည်။ သတ်သတ်မှတ်မှတ် သတိနှင့် မထားခဲ့မိ၍ တော်တော်နှင့် ရှာမတွေ့။

ပထမ ကြားရသော အသံမျိုး ရုတ်တရက် ပျောက်ကွယ်သွားပြီးလျှင် တဂွတ်ဂွတ် ရေသောက်သံမျိုး ထပ်မံကြားလာရပြန်သည်။ ရေသောက်ခြင်းကာ လုံးဝမဖြစ်နိုင်။ သောက်ရေအိုးက ဆရာမုန်း၏ ခေါင်းရင်းမှာသာ ရှိသည်။ ရေသောက်လိုလျှင် ဆရာမုန်အနီးမှ ဖြတ်လာရပေမည်။ ကိုရင် ကျောင်းသားများအနီးတွင် သောက်စရာဟူ၍ ဘာမျှမရှိ။ မီးခြစ်ကိုညှိ၍ ဖယောင်းတိုင်မှာ ညှိလိုက်၏။ အလင်းရောင်ဖြင့် သူတို့ဆီသို့ စူးစမ်းလိုက်ရသည်။

"ဟင်...... ခင်မောင်စိုး။ မင်းဘာတွေသောက်နေသလဲ"
ဆရာမုန်းသည် ဖလားနှင့် မော့သောက်နေသော ခင်မောင်စိုးထံ ထသွား၍ ဖလားကို လုယူလိုက်ရသည်။ ကြောက်ရွံ့တုန်လှုပ်နေသော ခင်မောင်စိုးခမျာ မျက်နှာငယ်ကလေးနှင့် ဆောက်တည်ရာမရ ဖြစ်နေရှာသည်။
"ဟင်.... ခင်မောင်စိုး။ မင်း.... မင်း.... မင်း...."
"ဟုတ်ပါတယ်ဆရာ"
"ဖြစ်မှဖြစ်ရလေ ခင်မောင်စိုးရယ်။ မင်းကြောက်လို့ အောက်ကို မဆင်းဝံ့ရင်လည်း ဆရာ့ကို နှိုးပါလား။ ဆရာအဖော်လိုက်ခဲ့မှာပေါ့။ အန္တရာယ်ကို မလွယ်နိုင်တော့လို့ မထိန်းနိုင်ဘူးဆိုရင်လည်း ဖလားထဲမှာ ဒီအတိုင်း ထားလိုက်ပါလား။ နောက်မှ သွန်ပစ်ပေါ့။ ခုတော့.... ခုတော့...."
"ဆရာဆိုမှာ ကြောက်လို့ပါဆရာ"

ကိုရင်တွေကား တပါးမျှမနိုး။ မနိုးသည်က ကောင်းလှသည်။ သို့မဟုတ် ခင်မောင်စိုး၏ မကြားဝံ့မနာသာသောသတင်းသည် ကျောင်းသားအားလုံးထံ ပျံ့နှံ့သွားပေလိမ့်မည်။ ဆရာမုန်း စိတ်မကောင်းကြီးစွာ ဖြစ်ရလေသည်။ ခင်မောင်စိုးကိုလည်း သနားသွားမိသည်။ ကြောက်ရွံ့ခြင်းသည် မကောင်း။ အမှားကို ပြုမိတတ်ပေ၏။

"ဆရာ့ကို မကြောက်နဲ့ ခင်မောင်စိုး။ လုံးဝမကြောက်နဲ့။ နေရာတကာမှာ ကြောက်နေရင် ဒုက္ခတွေ့ရတတ်တယ်။ အဲ မကြောက်ရဘူးဆိုပြီး ထော်လော်ကန့်လန့်တော့ မလုပ်သင့်ဘူး။ ကျိုးကြောင်းပြသ ဆုံးမသွန်သင်တာကိုတော့ နားထောင်ရမယ်။ နာယူရမယ်"
"ဟုတ်ကဲ့ပါဆရာ"
"ကဲ အိပ်တော့"

ဖယောင်းတိုင်မီးရောင်အောက်တွင် ဆရာမုန်း တွေးနေမိသည်။ ငေးနေမိသည်။ ဆရာဖြစ်စ ညမှာပင် မကြုံစဖူး ထူးခြားသောဖြစ်ရပ်နှင့် ရင်ဆိုင်လိုက်ရသည်။ တရားခံကား ခင်မောင်စိုး၏ ကြောက်စိတ်ပင်တည်း။ တစ္ဆေသရဲကြောက်သည်ထက် ဆရာကို ကြောက်ခြင်းက ပိုမိုဆိုးရွားသည်။ သူပြုသောအမှုကို ဆရာသိမှာစိုးသည်။ ဆူမှာစိုးသည်။ အမာန်ခံရမှာစိုးသည်။ အရိုက်ခံရမှာစိုးသည်။ ထိုကြောက်စိတ်ကြောင့်ပင် မိမိပြုသောအမှုကို ဖုံးကွယ်ရန် မကြားစဖူးသော စွန့်စားမှုကို ပြုလိုက်ခြင်းပင်တည်း။

ဆရာတပည့် ဆက်ဆံရာတွင် တပည့်များက ဆရာအပေါ်တွင် ထားသင့်သော သဘောထား နှစ်မျိုးရှိသည်။ ဆရာမုန်း တခုခုကို ရွေးချယ်ရပေတော့မည်။ ယနေ့ည ဖြစ်ရပ်ကြောင့် ရွေးချယ်မှုတွင် တွေဝေမနေတော့ပေ။ ပြတ်သားတိကျစွာ ရွေးလိုက်နိုင်ပြီတည်း။
ကြောက်ချစ်ရိုသေကို ခံယူမည်လော။
ချစ်ခင်ရိုသေမှုကို ခံယူမည်လော။

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)


Read More...

Saturday, September 13, 2008

တောင်တောင်အီအီအတွေး


ရာသီဥတုကလဲ ခုရက်ပိုင်း ဘယ်လိုဖြစ်နေပါလိမ့်။ ဂျပန်ကျောင်းလာတက်ရမယ့် ညီမလေးကို ခုဂျပန်မှာ အရမ်းပူတုန်းဘဲလို့ မေးလ်ပို့လိုက်ကာမှ နောက်ရက်ကျ ဆောင်းလေအေးတွေ အရမ်းတိုက်လာလို့ တခါးတောင် ပိတ်ထားရတယ်။ ဟော! ညီမရေ ဆောင်းဝင်လာပြီလို့ မေးလ်ထပ်ပို့လိုက်တော့ လေက ၂ ရက်ဘဲတိုက်ပြီး ရပ်သွားပြန်ရော။ အခုကျ နွေခေါင်ခေါင်အပူချိန် ပြန်ရောက်သွားပြန်ပေါ့။ နေ့ခင်းဘက်ကျ မှောင်ကျလာပြီး မိုးရွာချင် ရွာနေပြန်တယ်။ ရော်! ခက်ပြီ။ "ရန်ကုန်မိုးနဲ့ ရန်ကုန်သား အစိုးမရ" လို့ဘဲ ကြားဘူးတာ "ဂျပန်မိုးလေဝသ အစိုးမရ"လို့ ပေါင်းထည့်လိုက်ရမယ်။ ရန်ကုန်မိုးအစိုးမရတာ ရန်ကုန်မှာ တက္ကသိုလ်တက်တော့ သိလိုက်ရတယ်။

မနက်နိုးခါစ ကောင်းပြီးကောင်းရက်နဲ့ ကြည်လင်နေတဲ့ ရာသီဥတုက ၉နာရီထိုးလို့ ကျောင်းသွားမယ်ဆိုမှ ကောက်ရွာချတာ။ လေရော မိုးရော တော်တော်နဲ့ မစဲမယ့်ပုံဘဲ။ ကျောင်းနားမှာ နေပြီး ဝီရိယကောင်းကြတဲ့ မမတွေဆိုတော့ လက်ချာချိန်ကပ်မှ အဆောင်က ထွက်ကြတာလေ။ မိုးရွာလဲ စောင့်လို့မဖြစ်လို့ သွားကြရတယ်။ လယ်ကွင်းထဲက ကျောင်းဆိုတော့ လေတိုက်ချက်က အတော်ဆိုးတယ်။ ထီးဆောင်းလဲ မိုးအမှုန်တွေလွင့်လို့ ခေါင်းအထိ စိုကုန်ရော။ ကျောင်းအဝင်ဝရောက်တော့ မိုးက တဖြည်းဖြည်း စဲလာပြီ။ သုံးထပ်က စာသင်ခန်းပေါ် တက်လာရင်း မိုးတိတ်လို့ နေတောင်ပြူလာသေး။ ဟင်! ခုနက သူဘဲ သည်းသည်းမည်းမည်းရွာပြီး ခုကျ နေပူလို့။ အခန်းထဲရောက်တော့ ကြွက်စုတ်ဖြစ်နေတာ ဒီအဆောင်သူ၇ယောက်ဘဲ။ ကားရှိတဲ့ သူငယ်ချင်းက ရေစိုအဝတ်တွေလဲဖို့ အဆောင်ပြန်လိုက်ပို့ပေးရတယ်။ ဒါမျိုးက ခဏခဏကြုံနေကြ။ ဪ ရန်ကုန်မိုး ရန်ကုန်မိုး။ ရန်ကုန်သား အစိုးမရတာကတော့ ရည်းစားဖြစ်မှ သိသွားပြီ။ ရာသီဥတုလိုဘဲ၊ ခုနေသာ တော်ကြာ မိုးကောက်ရွာ၊ ခုတိမ်ကင်းစင် ခနနေ လငပုတ်ဖမ်း အတော်မြန်ပါ့။ တွေးရင်းတောရင်း အတင်းအုပ်တဲ့ဆီ ရောက်သွားပြီ။

ဒီမှာ ခုက နွေနဲ့ဆောင်း ကူးချင်ချင်ဆိုတော့ ပူတဲ့ရက်ပူ အေးတဲ့ရက်အေး။ ဖျားချင်စရာ ရာသီဥတုလေး။ ဖျားလို့မဖြစ်ပါဘူး။ တော်ကြာ "တောင်ဝှေးလဲတော့ ဖိုးသူတော် ထူနိုင်ပြီး ဖိုးသူတော်လဲတော့ တောင်ဝှေးမထူနိုင်"ဖြစ်နေမှာ။ အမြဲချူနာပါနာ ကိုယ်ခန္ဓာက နေ့တိုင်း ဟိုနားကိုက် ဒီနားနာတာကလွဲပြီး အဖျားမလွယ်လို့ တော်သေးတယ်။ အရင်ကဆို လတိုင်းနီးပါး ဖျားတာ၊ အမေနဲ့နေတော့ ဖျားရင် "အမေ့! အဟင့်!"ဆိုပြီး ဂျီလို့ရတယ်။ ဒီမှာဖျားလို့က "ယောက်ျား! အဟင့်"လုပ်နေလို့လဲ သူက အမေ့လို လူနာပြုစုတတ်တာမဟုတ်။ အချိန်တန် ရုံးသွားရပြီ။ ကိုယ့်တစ်ယောက်ထဲကျန်တော့ ကိုယ်လုပ်မှ ဖြစ်မှာတွေ လိုက်လုပ်ရတာပေါ့။ (အမေ့အိမ်ကိုဘဲ အမေ့သမီး လွမ်းပါသည်။ :D) အလုပ်ရှုပ်တဲ့နေ့ကျ ဘာတွေရှုပ်မှန်းမသိ မပြီးနိုင် မစီးနိုင်။ အိမ်အလုပ်က ကိုယ့်ဘာသာ ရပ်လိုက်မှ ပြီးတာ။ ဒီတော့ ဘလော့လိုက်လည်မည်၊ မနက်ပိုင်း အိမ်အလုပ်တွေ Stop!! အလည်လွန်ပြီး ညနေပိုင်းရောက်မှ ဈေးသွားဟင်းချက်ဖို့ ကမန်းကတန်း လုပ်ရပေါင်းလဲများပြီ။ (တော်တော်ကို အလုပ်တွေ များနေတာ)

တချို့ရက်ကျ အိမ်အလုပ်လဲ မယ်မယ်ရရ မလုပ်၊ ကွန်ပျူတာလဲ မဖွင့်နဲ့ မနက်ထမင်းဘူးထည့်ပေးပြီး ပြန်နှပ်နေတာ။ အဲဒီအခါကျ ပျင်းပိုးပါထပြီး ဘာမှလုပ်ချင်တော့ဘူး။ air con ဖွင့်ပြီး စောင်ချုံထဲ ကြွက်မင်းစည်းစိမ်တက်နေတော့တာ။ မိုးလေးပါ ရွာလို့ကတော့ ဘာပြောကောင်းမလဲ (ဘာမှ ပြောမကောင်းဘူး။) စာရေးမယ်ကြံတော့ ပူအိုက်လို့ အကြံမထွက်၊ မိုးရွာတော့ လွမ်းလွမ်းဆွေးဆွေးကြီးမို့ စာမရေးချင်၊ ဆောင်းကျ အေးလို့ ထချင်ဘူး။ ပျင်းရိခြင်းကလဲ ၆ပါးသာ ရှိပေလို့ဘဲ။ အားလုံး ကိုယ့်ဆီလာစုနေသလားမှတ်ရတယ်။ gtalk ရဲ့ custom massages မှာ "အေးသည်/ပူသည်/မိုးချုပ်သည်/စောသည်/ဆာသည်/ပြည့်အင့်သည် အင်းမ်... ၆ပါးဘဲရှိပေလို့သာပေါ့"လို့ ရေးတင်ထားမိတော့ အိမ်က အမက "ဘတ်စ်ကား ကြပ်သည်။ မိုးရွာသည်။ ရေကြီးသည်"လို့ လာထပ်ဖြည့်ပေးတယ်။

ပျင်းပြီး စာမရေးရင် ဘလော့လေး ခြောက်ကပ်နေမှာစိုးလို့ ဝတ္ထုကိုဘဲ ကြိုးစားပမ်းစား ရိုက်တင်နေတာ။ အတော်တော့ အခြေအနေကောင်းသား။ ကိုယ့်ဘာသာ ရေးချင်ရာရေးတုန်းက လူမလာသလောက် ဆရာမုန်းဝတ္ထုတိုတွေနဲ့ကျ လာဖတ်သူ အတော်များတယ်။ ပင်ကိုယ် အရေးအသား ဘယ်လောက်ကောင်းတယ်ဆိုတာ ကိုယ့်အခြေအနေ ကိုယ်သိပေါ့။ ဆရာမုန်းဝတ္ထုတိုဆိုလို့မှ သတိရတယ်။ ရှေ့ဆက်ရိုက်ရမယ့် အခန်းတွေ ဖတ်ကြည့်ရင်း "ငတက်ပြား"ဆိုတဲ့အခန်းက စာရွက်၂ရွက် ပြဲနေတယ်။ ဖတ်နေရင်း နောက်တမျက်နှာကူးမှ ဘယ့်နှယ့်ဖြစ်ပါလိမ့်လို့ စာရွက်နံပါတ်ကြည့်လိုက်မှ အရင်းကနေ အဖြဲခံရမှန်း သိတော့တယ်။ ဘယ်သူ လက်ဆော့ထားတယ်မသိ။ ဒီတော့ အဲဒီအခန်းကို ရိုက်ရကောင်းနိုး ဘယ်လိုလုပ်ရမှန်းမသိနဲ့ (အကြံပေးကြပါ)။ ဖတ်တဲ့သူတွေလဲ ကိုယ့်လို half-feel ကြီး ဖြစ်မှာစိုးရဲ့။ ပျောက်နေနဲ့စာတွေရဲ့ ရှေ့နဲ့နောက် စာမျက်နှာတွေကို ၂ခေါက် ၃ခေါက်လောက် ဖတ်ကြည့်လိုက်တော့ နဲနဲပါးပါး ဆက်စပ်မိလာတယ်။

ဆရာမုန်းဝတ္ထုတိုတွေနဲ့ အပါးခိုနေတာ မKOMက မြင်ပုံရတယ်။ "ခေတ်ဟောင်းစာလေး တွေ ဖတ်ရတာ ကောင်း သလို မြရွက်ဝေ ရဲံ့ ခံစားချက် ကလေး များ လို လည်.းဖတ် ချင်နေပါတယ်။ မရေးတာ ကြာပြီ။"လို့ လာပြောသွားတယ်။ ဧကန်တ မKOMဗိုက်ထဲမှာ ပုဏ္ဏားလေး ရှိပုံဘဲ။ (ကျောင်းတုန်းက သူများတွေကို လိုက်နောက်တာ သွားသတိရတယ်။ ကိုယ့်ကို ခန့်မှန်းပြောတာတွေ မှန်တဲ့အခါ "ဟယ် မှန်လိုက်တာ၊ နင့်ဗိုက်ထဲ ပုဏ္ဏားလေးရှိပုံရတယ်" လို့ပြောလိုက်ရင် အပြောခံရသူက ပြုံးပြုံးကြီးရှိတုန်း "ပုဏ္ဏားကြီးနဲ့ ရတာထင်တယ်"လို့ ဆက်ပြောလိုက်တော့ ရှုံ့မဲ့သွားတာလေ။) မKOMကတော့ အကြားအမြင်ရတယ်လို့ဘဲ ပြောပါတော့မယ်။ တော်ကြာ လည်ပင်းလာညှစ်မှာ ကြောက်လို့။ မဟုတ်ရင် ဆေးထိုးအပ်ကြီး ကိုင်ပြီးလာရင် ဒွတ်ခ။ syringephobia ပါဆိုမှ။ ရေးတော့ရေးမယ် မKOMရေ၊ ဦးနှောက်ကို ညှစ်ကြည့်ဦးမယ်။

မနိကလည်း ဘလော့မှာ စားစရာတွေ တမျိုးပြီးတမျိုးတင်ပြီး နှိပ်စက်ပါ့။ မနက်စာအကြောင်းတင်တော့ အိမ်က ကိုယ်တော်က သူလဲ မနက်စာ ထမင်းစားချင်သတဲ့။ ကိုယ်က ထမင်းမစားတတ်သူမို့ ကော်ဖီ၊ မုန့် (သို့) ငှက်ပျောသီးစားရင် ပြီးရော။ အရင်က ကိုယ့်အကြိုက်လိုက်စားနေပြီးမှ ခုတော့ ထမင်းချင်ခြင်းတက်နေတယ်။ အပြေးအလွှား စဉ်းစားရပြီ။ ထမင်းဘူးပြင်ဖို့အပြင် မနက်စာပါ လုပ်ဖို့။ ဟင်းရည်ကတော့ "မီဆို"အနှစ်နဲ့ ချက်ရတာ မြန်တယ်။ စိတ်ကူးရသလို ကြက်ဥဟင်းရည်လေးချက်လိုက်၊ ပဲပြားဟင်းရည်လေးလုပ်လိုက်နဲ့ ဂျပန်စတိုင်တွေချည်းဘဲ။ အမှန်တော့ အချိန်ကုန် သက်သာလို့။ ထမင်းအတွက်ကဘဲ ခေါင်းခြောက်ရတာ။ ဘာတွေလုပ်ပေးမှန်းတော့မသိတော့ဘူး။ စဉ်းစားလို့ရတာ တခါက ပဲကြော်နဲ့ထမင်းဖြူနယ်တာ။ ဆီက မြေပဲဆီမရှိတော့ နှမ်းဆီနဲ့နယ်ရတယ်။ ပဲကြော်ကလဲ မုန့်ဟင်းခါးထဲ ထည့်စားရတဲ့ဟာကို ချေလိုက်တာ။ ကျန်တာ သိတော့ဘူး။ နောက်ကျ အလွယ်လုပ်လို့ရအောင် ဂျပန်မှာ ထမင်းဖြူနဲ့ နယ်စားရတဲ့ အမှုန့်တွေ သုံးမျိုးလောက် ဝယ်ထားလိုက်တယ်။ ဒီမနက် အဲဒါနဲ့ဘဲ နယ်ပေးလိုက်တယ်။ "ဘယ်လိုလဲ" စားကောင်းရဲ့လားလို့ မေးတော့ "အင်း.. ကောင်းပါတယ်"တဲ့။ "--ပါတယ်"ဆိုတော့ "ကောင်းတယ်"မဟုတ်ဘူးပေါ့လို့ အားငယ်သွားတယ်။ "အဲလိုဟုတ်ဘူးလေ မိန်းမလက်ရာ မဟုတ်လို့ ပြောတာ၊ စားကောင်းတာပေါ့"လို့ ထပ်ပြောမှ နဲနဲကျေနပ်သွားတယ်။ ဒါတောင် "ဟင်းရည်က မိန်းမ လက်ရာလေ"လို့ အထွန့်တက်လိုက်သေးတယ်။ "ဟင်းရည် အရမ်းကောင်းတယ်"လို့ ထပ်ပြောမှ သွားမစိနိုင် ဖြစ်သွားတယ်။ ဟင်းရည်က ဘာခက်တာလိုက်လို့။ ဟိုတခါ ဆရာမအိမ် သွားလည်တုန်းက မှတ်ထားတာ။ ပဲပြားကို သေးသေးတုန်း၊ ရေထဲ "ဒါရှိ-Dashi"ဆိုတဲ့ ငါးကထုတ်ထားတဲ့ ဂျပန်ဟင်းခတ်အမှုန့်ထည့်၊ ပဲငံပြာရည် နဲနဲနဲ့ "မီရင်း-mirin" ဆိုတဲ့ အချိုရည်ထည့်တည်၊ ဆူရင် မီးပိတ်။ ဟင်းရည်ခွက်ထဲထည့်ပြီး အပေါ်က "မိစွတ်ဘ"အရွက်လေးတင်လိုက်။ ပြီး၏ ပေါ့။


မနက်စာကို ဘာတွေများ စားချင်သတုန်းလို့မေးမိတော့ အင်းမ်... ထမင်းသုပ်တို့၊ မုန့်ဖတ်သုပ်တို့လိုမျိုးတွေပေါ့ဆိုတော့ မဇနိ ပို့စ်ကို အလွတ်ဖတ်ပြီး လာပြောနေသလား အောင့်မေ့ရတယ်။ မနက်အသုပ်သာ ထသုပ်ရလို့ကတော့ ထမင်းဘူးပါ လွတ်သွားမယ်ထင်ရဲ့။ ညကလည်း အိပ်ခါနီးမှ မဇနိရဲ့ "ထမင်းစားလို့သိပ်မကောင်းတဲ့အခါ"ဖတ်ပြီး သွားရည်ကျနေပြန်တယ်။ ပြီးတော့ "Royal-Myanmar"က "သက်သက်လွတ် ရှမ်းခေါက်ဆွဲ" ကို ဆက်ဖတ်နေလို့ "တော်တော့ အိပ်ခါနီး စားစရာလိုက်မကြည့်နေနဲ့။ ပိတ်"လို့ ဟန့်လိုက်ရတယ်။ မဟုတ်ရင် ရေခဲသေတ္တာဖွင့်လိုက်၊ မုန့်ခြင်းတောင်း နှိုက်လိုက်၊ မီးဖိုချောင်ထဲ သွားချောင်းလိုက် လုပ်လာတော့မှာ။ အဲဒီကျ ကိုယ်ဘဲ အလုပ်များတော့မယ်။ အိပ်ခါနီး စားတာ ကျန်းမာရေး ထိခိုက်မယ်၊ မကောင်းဘူးလို့ ပြောထားရတယ်။ (ကျမ အလုပ်ရှုပ်တာလဲ မကောင်းဘူးလေ။ )


Read More...

ချစ်ခင်ရိုသေ


(သုံး)

မိုးချုပ်၍ စည်တီး၊ ကြေးစည်နှက်သည်နှင့် တပြိုင်နက် ဘုန်းကြီးကျောင်းသား ကျောင်းအိပ်ကျောင်းစားတို့မှာ ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ မေတ္တာပို့၊ အမျှဝေကြရသည်။ ဆက်လက်၍ နံနက်ပိုင်းက ကျက်မှတ်ခဲ့သော စာတို့ကိုလည်း အလွတ်ပြန်ဆိုကြရသည်။ မရသော ကျောင်းသားတို့၏ တင်ပါးကို ကြိမ်လုံးနှင့် မိတ်ဖွဲ့ပေးလေသည်။ စတုတ္ထတန်းစာရင်းဝင် ကိုရင်သုံးပါးနှင့် ကျောင်းသားတယောက်မှာ ဆရာမုန်း၏ ဇရပ်ပေါ်သို့ ရောက်ရှိနေကြသဖြင့် စာပြန်ခြင်းအမှုမှ အထူးကင်းလွတ်ခွင့် ရကြသည်။ သူတို့တတွေ သင်္ချာတွက်နေကြသည်။ သူတို့အတွက် ရရှိခဲသော အထူးအခွင့်အရေးတရပ်ဟု ဝမ်းပန်းတသာ ပျော်ရွှင်စွာ ရှိနေကြသည်။

ဆရာမုန်း၏ ဇရပ်မှာ စာသင်ခန်းကလေး ဖြစ်နေတော့၏။ ထိုင်ခုံ၊ သင်ပုန်း၊ သင်ပုန်းဖျက်နှင့် အပြည့်အစုံ။ မှန်အိမ်၏ အလင်းရောင်အောက်မှာ လင်းလင်းချင်းချင်း။ ကျောင်းသုံးပရိဘောဂနှင့် ပတ်သက်၍ ဆရာမုန်း ဆက်စပ်စဉ်းစားမိလာသည်။ ကျောင်းဖွင့်သက်နှင့်စာလျှင် မူလတန်းကျောင်းကလေးမှာ ကျောင်းသုံးပရိဘောဂ အတော်ပြည့်စုံနေပေပြီ။ သို့သော် ထိုင်ခုံ၊ စာရေးခုံနှင့် သင်ပုန်း စသည်တို့မှာ အသားပွတွေချည်း ဖြစ်နေသည်ကို တွေ့ရလေသည်။ သည်အကြောင်းနှင့်ပတ်သက်၍ ဆရာမကြီးကိုရော ဆရာတော်ကိုပါ မေးမြန်းမကြည့်မိခဲ့ချေ။

"ဒီ စားပွဲ၊ ထိုင်ခုံ၊ သင်ပုန်းတွေက အစိုးရက ပေးတာတော့ မဟုတ်နိုင်ဘူးကွ။ ရွာက ဝိုင်းဝန်းလုပ်ပေးထားတာလား"
ကျောင်းသားများကို မေးကြည့်ရတော့သည်။
"ဆရာတော်လုပ်ထားတာပါ ခင်ဗျ"
ကိုရင်မောင်လတ်က ဖြေဆိုလေသည်။
"ငွေအရင်းအနှီးကကော ဘယ်သူတွေ စိုက်ထုတ်တာလဲ"
"အလကားရတာပါခင်ဗျ။ ပျဉ်ဖိုးတပြားမှ မကုန်ပါဘူး"
"ဟေ ဟုတ်လား"
ကိုရင်ကျော်စိုး၏ ဖြေကြားချက်ကြောင့် ဆရာမုန်း အံ့အားသင့်ရလေသည်။ ပျဉ်အလကားရသည့်နည်းကို ဆရာမုန်း မစဉ်းစားတတ်ပေ။
"ဘယ်လိုကွ လုပ်စမ်းပါဦး။ ပျဉ်က ဘယ်လိုရတာလဲ"
"ဒီလိုပါ ဆရာ။ ရေမြက်၊ ရွာသာအေး၊ ညောင်ဂျစ်ပင်နဲ့ မြေပန်းတောင်းရွာတွေမှာ အသုဘရှိတိုင်း အသုံးပြုပြီး မသာခေါင်းတွေကို ဗဟိုကျတဲ့ ဒီကျောင်းမှာ လာထားတတ်ကြတယ်။ မရှိဆင်းရဲလို့ ခေါင်းမစပ်နိုင်တဲ့သူတွေအတွက် အဟောင်းက အလွယ်တကူ ယူသုံးနိုင်တာပေါ့။ ဒါပေမယ့် အဟောင်းကို သုံးခဲကြပါတယ်။ ဒီကျောင်းမှာ ခေါင်းတွေ ပုံနေတော့တာဘဲ။ ဘုန်းတော်ကြီး ကျောင်းဖွင့်တော့ ထိုင်ခုံ၊ စာရေးခုံ၊ သင်ပုန်းတွေ လုပ်ပစ်တာပေါ့။ ဆရာတော်က လက်သမားပညာလည်းတတ်တယ် ဆရာ"
မူလတန်းကျောင်း မဖွင့်မီကပင် ဤကျောင်းသို့ ကျောင်းအိပ်ကျောင်းစား ရောက်နေပါသည်ဆိုသော ကျောင်းသက်ရှည်လှသည့် ချောက်တောင်းရွာသား ကိုရင်စံမောင်က သူသိသမျှကို အပြည့်အစုံပင် ပြောပြလေသည်။

ဆရာမုန်း သဘောကျသွားလေသည်။ လေလွင့်ပျက်ဆီးကုန်တော့မည့် ပစ္စည်းတွေ။ လူမသုံးလိုသည့် အမှိုက်သရိုက် ပစ္စည်းတွေ။ ခြစား၍ မြေကြီးဩဇာ ဖြစ်ကုန်တော့မည့် ပစ္စည်းတွေ။ ဤပစ္စည်းတွေကို အကျိုးရှိစွာ အသုံးချနိုင်သည့် ဆရာတော်၏စိတ်ကူးကို ဆရာမုန်းချီးကျူးမိလေသည်။ စေတနာကိုလည်း လေးစားမိလေသည်။

"တကယ်တွေးကြည့်ရင် ကြောက်စရာကြီးနော်"
ကိုရင်လေးပါးအလယ်တွင် လူဝတ်ကြောင်နှင့် အငယ်ဆုံးကောင်လေးဖြစ်သူ ခင်မောင်စိုးက မျက်နှာငယ်လေးနှင့် ညီးညူလေသည်။ သူထိုင်နေသော စာရေးခုံနှင့် သင်ပုန်းကြီးကို ကြည့်၍လည်း စိတ်ထဲမှာ မသိုးမသန့် ကြောက်ရွံ့နေဟန်ရှိလေသည်။

"ဘာကြောက်စရာရှိလဲ ခင်မောင်စိုးရယ်။ တစ္ဆေသရဲဆိုတာ တကယ်မရှိဘူးကွ။ လူတွေ စိတ်ကူးယဉ် ဖန်တီးထားတဲ့ အရာတွေဘဲ။ ဘယ်သူမြင်ဘူးလို့လဲ။ တစ္ဆေသရဲချောက်တယ်ဆိုတာ စိတ်ထဲက ကြောက်ရွံ့နေတဲ့အချိန်မှာ အမြင်မှား အကြားမှားတာဘဲကွ။ ကြောက်စိတ်ကြောင့် ဟုတ်၏ မဟုတ်၏ မစဉ်းစားနိုင်ဘဲ တစ္ဆေသရဲချောက်တယ် ဖြစ်တော့တာဘဲ"

ဆရာမုန်းသည် ခင်မောင်စိုးအား တတ်နိုင်သမျှ မကြောက်တရားဟောရတော့သည်။ သူ့မှာ ကြောက်တတ်သောစိတ် အရင်းခံရှိနေသည်။ ဤသို့လျှင် အခါအခွင့်ရတိုင်း ကြောက်တတ်သောစိတ်ကို ပယ်ဖျက်ပေးပါလျှင် တနေ့နေ့တွင် ခင်မောင်စိုးသည် တစ္ဆေသရဲ အစွဲအလမ်း ကင်းစင်ပြီး သတ္တိရှိလာပေလိမ့်မည်။

၉နာရီတွင် သင်္ချာချိန် ရပ်တန့်လိုက်ကာ နေ့ခင်းက သင်ခဲ့ရသမျှ သင်ခန်းစာများကို ပြန်လည်ဖတ်ရှု မှတ်သားစေရသည်။ ၁၀နာရီခွဲတွင် သူတို့အား အိပ်ခွင့်ပေးလိုက်သည်။
"ဆရာ ခင်ဗျ ဟောဒီမယ် ကိုရင်စံမောင်က ကျွန်တော့ကို ကြောက်စရာတွေ ပြောနေပါတယ်ခင်ဗျ"
ဆရာမုန်းသည် သင်နည်းမှတ်ချက် ရေးနေစဉ် ခင်မောင်စိုး ထအော်တိုင်လေသည်။ သူတို့ တီးတိုးတီးတိုးပြောနေသံကား ဆရာမုန်း အကြားသားပင်။
"ဟုတ်လား ကိုရင်"
"တစ္ဆေသရဲက ကိုရင် ဘုန်းကြီးဆိုရင် မချောက်နိုင်ဘူး။ လူဆိုမှ ချောက်နိုင်တယ်လို့ ပြောတာပါခင်ဗျ"
"တယ်ခက်ပါလား"
ဆရာမုန်း ရေရွတ်လိုက်မိသည်။
"နောက်ပြီး သွေးစုတ်ဖုတ်ကောင်ကြီးအကြောင်းလည်း ပြောပါတယ် ခင်ဗျ"
"ဟေ ဟုတ်လား ကိုရင်စံမောင်"
"ကျွန်တော့ကို မောင်လတ်က အပြောခိုင်းလို့ သွေးစုတ်ဖုတ်ကောင် ရုပ်ရှင်အကြောင်း ပြောပြမိတာပါ ဆရာ"
"ဟုတ်ပါတယ် ကျွန်တော်က အပြောခိုင်းတာပါ"
"သူတို့ပြောနေတာ ကြောက်စရာ သိပ်ကောင်းပါတယ်ခင်ဗျ။ ကျွန်တော်ကြားနေရပါတယ်။ ကြောက်လို့ အိပ်လို့မရပါဘူးခင်ဗျ"
ခင်မောင်စိုးက စိတ်ပျက်အားငယ်စွာ ပြောလေသည်။
"မင်းတို့ တော်တော်ခက်တယ်။ စာကျက်ချိန်မှာတော့ တသမ်းသမ်း တဝေဝေနဲ့၊ ငိုက်သူကငိုက်လို့။ အိပ်ပါဆိုတော့ စကားတွတ်ထိုးနေကြတယ်။ နောက်ဆို ကြောက်တတ်သူရှေ့မှာ ကြောက်စရာပြောရင် အရိုက်ခံရမယ်မှတ်။ ခင်မောင်စိုးလဲ ကြောက်တဲ့စိတ်ကို ကြိုးစားဖျောက်။ တစ္ဆေသရဲဆိုတာ လုံးဝမရှိဘူး။ လူတွေ စိတ်ကူးယဉ်ဖန်တီးထားတာပါလို့။ ကဲ ပျော်အောင်အိပ်ကြတော့"
"ဟုတ်ကဲ့ပါခင်ဗျ"
ဆရာမုန်းသည် မှန်အိမ်က ငြှိမ်းလိုက်သည်။ ဇရပ်ခန်းလေး တခုလုံး မှောင်ကျသွားလေတော့၏။
XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)


Read More...

Thursday, September 11, 2008

ချစ်ခင်ရိုသေ


(နှစ်)

ကျောင်းတက်၍ သင်ခန်းစာ စသင်လျှင် သင်ချင်းပင် ကျောင်းသားငယ်နှစ်ယောက်သည် ဆရာ့စားပွဲအနီး တိုင်မှာချိတ်ထားသည့် သံပြားဝိုင်းကလေးကို သူဦးငါဦး လုယက်ကြသည်။ သံပြားဝိုင်းကလေးကိုရသည့် ကလေးက ယင်းကို လည်ပင်းမှာ ချိတ်ဆွဲလျက် ဆရာမုန်းထံ လက်ညှိုးကလေးလာထောင်သည်။ ဆရာမုန်း ခေါင်းငြိမ့်လိုက်ရသည်။ ဆရာမုန်းသည် မိမိ ကျောင်းသားငယ်ဘဝက စာသင်ခန်းထဲမှ အပြင်ထွက်လိုလျှင် ဤကဲ့သို့ ထွက်ခွင့်လက်မှတ် မလိုခဲ့သည်ကို ပြန်လည်စဉ်းစားမိသည်။ ယခုသော် ဆရာတော် တီထွင်ထားဟန်ရှိသည်။ အပြင်ထွက်ခွင့်လက်မှတ် သံပြားကလေး နှစ်ခုရှိနေသည်။ ကျောင်းသူများအတွက် တစ်ခု၊ ကျောင်းသားများအတွက် တစ်ခု။ ကျောင်းသူက လက်မှတ်ရလျှင် အဖော်တစ်ယောက်ကိုပါ ခေါ်နိုင်ခွင့်ရှိလေရာ ကျောင်းသားသုံးဦး အပြင်ရောက်နေသည်ဟု ဆိုနိုင်ပေသည်။

သံပြားဝိုင်းကလေးမှာ အနားမရရှာ။ ကျောင်းသားကျောင်းသူတို့၏ လက်ထဲမှာချည်း လည်ပတ်နေရသည်။ ကိုင်ဖန်များသဖြင့် ပြောင်လက်နေတော့၏။ အပြင်မှ စာသင်ခန်းအတွင်းသို့ ပြန်ဝင်လာမည့် ကျောင်းသားကျောင်းသူများကို စာသင်ခန်းတွင်း ကျောင်းသားကျောင်းသူများက တစေ့တစောင်း စောင့်မျှော်လျက်ရှိတတ်ပေရာ ဆရာသင်ကြားနေသော သင်ခန်းစာသို့ အာရုံစူးစိုက်မှု ရော့ပါးနေတော့၏။ အပြင်မှ ပြန်ရောက်လာသည့် ကျောင်းသားကျောင်းသူများက ထိုသံပြားဝိုင်းကလေးကို သံမှာချိတ်လိုက်သည်နှင့်တပြိုင်နက် ကြံစည်ထားသူ အကြံတူတစုက သူ့ထက်ငါ လက်ဦးအောင်ထကာ လုယက်တတ်ပေရာ သင်ကြားနေသည့် သင်ခန်းစာကို အနှောက်အယှက် ဖြစ်ရလေသည်။

ဆရာမုန်း စဉ်းစားကြည့်သည်။ ထွက်လက်မှတ်ကို တခဲတယဉ်းရယူလျက် အပြင်ထွက်ကြသည့် ကျောင်းသားများထဲတွင် အမှန်တကယ် လိုအပ်၍ထွက်သော ကျောင်းသားများ ရှိသကဲ့သို့ မလိုအပ်ပါပဲလျက် ပျင်းပိုးထကာ အချိန်ဖြုံးရန် ထွက်သူများလည်း ရှိပေလိမ့်မည်။ ကလေးတို့၏သဘောသည် အားကျတတ်သည်။ အတုခိုးတတ်သည်။ အများယောင်၍ ယောင်ရပါသည် အမောင် တောင်မှန်းမသိ မြောက်မှန်းမသိ ဆိုသကဲ့သို့လည်း ပြုမူတတ်ချေသည်။ နောက် ခဲယဉ်းခက်ခဲသည်ကိုမှ ရယူလိုသော စိတ်မျိုးလည်း ရှိပေလိမ့်မည်။ ဖိလွန်းလျှင် ကြွတတ်သည်။ တင်းကြပ်လွန်းလျှင် ပေါက်ကွဲတတ်သော သဘာဝလည်း ရှိပေသည်။ စာသင်ခန်း၏ အပြင်သို့ ထွက်လိုရခြင်း အဓိက အကြောင်းအချက်မှာ စာသင်ခန်းကို ငြီးငွေ့၍ ဖြစ်ပေမည်။

စာရေး၊ စာဖတ်၊ စာချ၊ စာအံ၊ သင်္ချာတွက် စသည်ဖြင့် အချိန်တိုင်း တစာစာဖြစ်နေလျှင် ငြီးငွေ့ကြမည်မှာ မုချပင်တည်း။ စာနှင်အတူ ကဗျာရွတ်ဆိုခြင်း၊ ပန်းချီဆွဲခြင်း၊ ပုံပြောခြင်း၊ လက်မှုနှင့် အိမ်တွင်းမှုပညာများ တွဲဘက်လုပ်ကိုင်စေလျှင် ပျော်လာနိုင်သည်။ ကစားယင်းပင် ပညာသင်သော နည်းစနစ်မျိုး ကြံဆထားရပေလိမ့်မည်။ စာသင်ခန်းမှာ ပျော်လာလျှင် ကုပ်နှင့်ကော်၍ ထုတ်စေကာမူ အပြင်သို့ ထွက်ချင်တော့မည်မဟုတ်ချေ။ စာသင်ခန်း၏အပြင်သို့ ထွက်ရခြင်းသည် အခွင့်အရေးတရပ်မဟုတ်ဟု ခံယူလာကြပေလိမ့်မည်။ သဘာဝကို မလွန်ဆန်နိုင်သည့် အခါမျိုးကျမှသာ မလွှဲမကင်းသာ ထွက်ကြတော့မည် ဖြစ်လေသည်။

စဉ်းစားရန် ရှိပေသေးသည်။ ဆရာမုန်းသည် ကျောင်းတွင်ရှိသော အစဉ်အလာဟောင်းများကို ဖျက်ဆီးပစ်သည်ဟု ဆိုကြမည်လော။ မည်သို့ဆိုစေ အလုပ်နှင့် သက်သေပြနိုင်လျှင် သို့မဟုတ် အောင်မြင်မှုနှင့် မှတ်ကျောက်တင်နိုင်လျှင် မည်သူမျှ အပြစ်မြင်ကြလိမ့်မည် မဟုတ်ချေ။ ထို့ပြင် ကျောင်းသွားကျောင်းပြန် လမ်းခရီးတလျှောက်တွင် ကျောင်းသားကျောင်းသူများအား လက်ပိုက်၍ သွားလာစေခြင်းတို့ကိုလည်း ပြုပြင်ပြောင်းလဲပစ်နိုင်ရန် ဆရာမုန်း ကြိုးစားရပေလိမ့်မည်။
XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)


Read More...

Tuesday, September 9, 2008

ချစ်ခင်ရိုသေ


(တစ်)

နံနက်လင်းလျှင် လင်းချင်းပင် ဆရာတော် ဦဥက္ကဝံသက ဘုန်းကြီးကျောင်းသား ကျောင်းအိပ်ကျောင်းစား ကလေး၃၀ကျော်ကို လောကုတ္တရာစာပေများကို သင်ကြားပေးတော်မူသည်။ ထို့ကြောင့် ဆရာမုန်း၏ အထက်တန်းကျောင်းသား တဝက်ခန့်သည် နံနက်ပိုင်းတွင် ဘုန်းတော်ကြီးကျောင်းသားများ ဖြစ်နေသည်ဟု ဆိုနိုင်ပေ၏။ အချို့က သင်ပုန်းကြီး၊ အချို့က မင်္ဂလသုတ်၊ အချို့က ပရိတ်ကြီး၊ သဒ္ဒါသင်္ဂြိုလ်အထိ ပေါက်ရောက်နေသူများလည်း ရှိလေသည်။ ဘုန်းတော်ကြီးကျောင်း သင်ကြားနည်း စနစ်အတိုင်း ဉာဏ်အနုအရင့်အလိုက် တစ်ဦးချင်း သင်ပေးနေသည်ကို တွေ့ရသည်။ တပုဒ်ကြေညက်မှ နောက်တပုဒ်တက်ပေးသည်။ ကြေညက်သည်ဆိုရာ၌ နှုတ်တက်အာဂုံဆောင်နိုင်၍ ကျောက်သင်ပုန်းထဲတွင် မမှားမယွင်းအောင် အလွတ်ပြန်လည်ရေးသားနိုင်ခြင်းကို ဆိုလိုသည်။ သဘောအဓိပ္ပါယ်ကို ရှင်းလင်းပြောပြခြင်းကားမရှိ။ တဦးချင်းရှင်းလင်းပြောပြနိုင်ရန်လည်း အချိန်များစွာ လိုပေလိမ့်မည်။

အတန်းကျောင်းပညာရေး၌ကား တဦးချင်းသင်ရန် မလွယ်ကူချေ။ သင်ရိုးညွှန်းတမ်း၊ လပိုင်း မာတိကာနှင့် အပတ်စဉ် မာတိကာတို့အရ အချိန်နှင့်ကိုက်ကာ သင်ကြားရသည်ဖြစ်ရာ အတန်း၏ ပျမ်းမျှဉာဏ်ရည်ကိုလိုက်၍ အစုလိုက် အတန်းလိုက် သင်ကြားမှ ဖြစ်နိုင်သည်။ ဉာဏ်ထိုင်းလွန်းသူများနှင့် ဉာဏ်ရည်ထက်မြက်လွန်းသူများကိုမူ သီးခြားအချိန်ပိုယူ၍ သီးခြားအချိန်ပိုယူ၍ တဦးချင်း သင်လျှင် များစွာအကျိုးသက်ရောက်နိုင်မည်ဟု ဆရာမုန်းတွေးမိလေသည်။

ဆရာတော်၏ နံနက်ပိုင်းစာသင်ချိန်သည် စာကျက်သံ စာအံသံတို့ဖြင့် ဆူညံနေတော့သည်။ စာကျက်သံ စာအံတို့အကြား ကြိမ်သံတရွှမ်းရွှမ်းသံကိုလည်း မကြာခဏ ကြားနေရပေသည်။ ဆရာတော်၏ ကြိမ်နှင့်မိတ်ဖွဲ့ခြင်းခံရသည့် ကျောင်းသားများမှာ မသက်သာတော့ပြီ။ တိုင်ကိုဖက်စေကာ တင်ပါးတွင် အရှိုးထင်အောင် အရိုက်ခံရရှာလေသည်။ မငိုရ၊ မျက်ရည်မကျရ။ ငိုလျှင် မျက်ရည်ကျလျှင် ကြိမ်ချက်ပိုများမည်ဖြစ်လေသည်။ သူတို့မှာ အံကြိတ်ခံရရှာလေသည်။ ဆရာမုန်း တစေ့တစောင်း အကဲခတ်ကြည့်နေမိသည်။ မငို၊ မျက်ရည်မကျသော်လည်း အချို့ကျောင်းသားများ သေးတဖြန်းဖြန်းပါသည်ကို တွေ့ရ၏။ ၈နာရီခွဲမှ ဆရာတော် စာအံပုတ်တော့သည်။ စာအံပုတ်သည်ဆိုရာ၌ ကြမ်းပြင်ကို ကြိမ်နှင့်ပုတ်ကာ စာအံခြင်းအမှု ရုပ်သိမ်းကြောင်း ကြေညာခြင်းပင်တည်း။

ကျောင်းအိပ်ကျောင်းစား ကျောင်းသားအားလုံး ဆွမ်းခံထွက်နိုင်ရန် သပိတ်၊ ကြုတ်၊ လင်ဗန်းနှင့် ဗျပ်ခွက်များ ဆေးကြောသုတ်သင်ကြရသည်။ ၉နာရီတွင် တုန်းခေါက်ကာ ရေမြက်၊ ရွာသာအေး၊ ပြည့်အိုင်၊ ညောင်ဂျစ်ပင်နှင့် မြေပန်းတောင်းရွာများသို့ လူခွဲကာ ဆွမ်းခံထွက်ကြရလေသည်။ တုန်းခေါက်သံကြားသည်ဆိုလျှင်ပင် ပတ်ဝန်းကျင်ရွာအသီးသီးမှ ဆရာမုန်းတို့ မူလတန်းကျောင်းသို့တက်မည့် ကျောင်းသူကျောင်းသားများ တဖွဲဖွဲရောက်လာကြသည်ကို တွေ့ရလေသည်။

"ဆရာမုန်းနော် ကျောင်းသားတွေကို သိပ်အလိုမလိုက်နဲ့၊ စာနဲ့ပတ်သက်လာရင် အညှာမပေးနဲ့၊ ဆော်သာဆော်၊ မကျိုးမပဲ့မကန်းရင် ပြီးရော၊ ပေါက်ပြဲရင် ကျုပ်ဆေးထည့်ပေးမယ်။ ပြဿနာ လုံးဝမဖြစ်စေရဘူး။ စိတ်ချ"
ယနေ့ ဆရာမုန်း စာသင်ခန်းသို့ စဝင်တော့မည်ဖြစ်သည်။ ထို့ကြောင့် ဆရာတော်က ရဲသွေးတင်ပေးနေခြင်း ဖြစ်လေသည်။
"စည်းကမ်းလည်း မလျော့ရဲစေနဲ့။ ကျုပ် ဆရာမကြီးကို သိပ်အားမရဘူး။ သူ့ဆိုရင် ကျောင်းသားတွေ သိပ်မလေးစားကြဘူး။ ကျုပ် ဝင်ဝင်ထိန်းပေးနေရတယ်။ ခုတော့ ဒီနေ့ကစပြီး ကျောင်းသားတွေကို ဆရာမုန်းလက်ထဲမှာ အပ်တယ်။ စည်းကမ်းနဲ့ပတ်သက်လာရင် ဆရာမုန်းတာဝန်"
"တင်ပါ့ ဘုရား"
ဆရာတော် စိတ်ကျေနပ်အောင်သာ ဝန်ခံလျှောက်ထားလိုက်ရသည်။ ဆရာမုန်း ဘဝင်မကျလှချေ။

၁၁နာရီခွဲမှာ ကျောင်းစတက်သည်။
"မင်္ဂလာပါ ဆရာ"
"မင်္ဂလာပါ တပည့်တို့၊ ထိုင်ကြပါ"
ဆရာမကြီး၏ တာဝန်ပေးချက်အရ ဆရာမုန်းသည် စလျှင်စခြင်းပင် ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်းတို့ကို ကိုင်ရမည်ဖြစ်သည်။ ဆရာမုန်း၏ စာသင်ခန်းများအဖြစ် ဇရပ်တစ်ဆောင် သီးသန့်ခွဲပေးလေသည်။ ဆရာမကြီးကလည်း သူငယ်တန်း၊ ပထမတန်းကလေးများနှင့် ဇရပ်တဆောင်ပေါ်မှာ။ ဇရပ်နှစ်ဆောင်သည် မဝေးလှသော်လည်း ခပ်လှမ်းလှမ်း ဖြစ်နေ၏။

စတုတ္ထတန်းက ခုနှစ်ယောက်၊ ကိုရင်သုံးပါး၊ လူဝတ်ကြောင်တယောက်နှင့် မိန်းကလေးသုံးဦးတို့ ပါဝင်သည်။ တတိယတန်းက ၁၃ယောက်၊ ဒုတိယတန်းက ကျောင်းသား ၂၀၊ စုစုပေါင်းမှ ကျောင်းသား ၄၀သာ။ ကျောင်းသားအင်အား မများသော်လည်း အတန်း သုံးတန်းအတွက် ဘာသာရပ်တွေ များလှသည်။ တတန်းသို့ဝင်နေချိန်တွင် ကျန်နှစ်တန်းအားနေမည်။ အားနေသော နှစ်တန်းကို နိုင်အောင်ထိန်းနိုင်ရမည်။ လေ့ကျင့်ခန်းပေးထားမှ သင့်မည်။ ဘာသာရပ်တွေ မေးလွဲဖြစ်မနေအောင် အတန်းမဝင်မီကပင် ကြိုတင်စီစဉ်ထားနိုင်ရမည်ဖြစ်သည်။

လက်တွေ့ အတန်းဝင်သင်ကြားရသောအခါတွင် ကျောင်းသားများသည် ကျက်စာ၌ အားသန်နေကြသည်ကို တွေ့ရ၏။ ကျက်မှတ်ထားသည့်အတိုင်း အပုဒ်လိုက်၊ အပုဒ်လိုက်ပြန်မေးလျှင် 'သည်' '၏'မလွဲ ဖြေနိုင်ကြသည်။ သို့သော် ခွဲခြားစိတ်ဖြာမေးသည့် မေးခွန်းများကို မဖြေတတ်ကြ။ မဖြေနိုင်ကြ။ ဉာဏ်ကိုလွှာ၍ အသုံးမပြုတတ်ကြသည်ကို တွေ့ရသည်။ နဂိုက ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်၏ အရှိန်ပါနေဟန်တူသည်။ ထိုအဖြစ်ကို ပြုပြင်ပြောင်းလဲပစ်ရန် ဆရာမုန်း၏တာဝန် ဖြစ်လာတော့သည်။

"ဟေ့....... ဟေ့.......... ဟိုနှစ်ယောက် လက်ရေးလှရေးပါဆို၊ ဘယ့်နှယ် ခဲတံချင်းပေါက်နေရတာလဲ"
ဆရာမုန်းသည် စတုတ္ထတန်းတွင် သင်္ချာတွက်ပြနေစဉ် ဒုတိယတန်းကျောင်းသားနှစ်ယောက် ခံတံချင်းပေါက်ကစားနေသည်ကို မြင်တွေ့လိုက်ရသည်။ နာမည်ကို ခေါ်ရမည်ဖြစ်ပါသည်။ သို့သော် ယနေ့မှ အတန်းစဝင်ရသည်ဖြစ်ရာ နာမည်မသိသေးသဖြင့် ဟိုနှစ်ယောက်ဟူသော နာမ်စားကို သုံးလိုက်ရသည်။ လက်တွေ့သိရှိလာရသည်မှာ ကျောင်းသားတို့သည် ဆရာ၏မျက်စေ့အောက်တွင် မခုတ်တတ်သည့်ကြောင်ပမာ စည်းကမ်းရှိစွာ ငြိမ်ဝတ်ပိပြားသော်လည်း ဆရာ့မျက်ကွယ်တွင် အလစ်ရလိုက်သည်နှင့်တပြိုင်နက် ထင်ရာကြဲတတ်သည့်စရိုက်ပင်တည်း။

စည်းကမ်းဟူသည်မှာ ကြောက်၍လိုက်နာရခြင်းထက် အသိရှိစွာလိုက်နာရခြင်းက တန်ဖိုးရှိ၍တာရှည်ခိုင်မြဲကြောင်းကို ဆရာမုန်းသိနားလည်ထားသည်။ အပြစ်ကျူးလွန်သည့် ကလေးနှစ်ယောက်မှာ မျက်နှာငယ်ကလေးတွေနှင့် ဆရာမုန်းရှေ့မှောက်သို့ လာရောက်မတ်တပ်ရပ်လာကြ၏။ ဆရာသစ်က မည်သို့အပြစ်ပေးပါမည်နည်းဟု ကြောက်ရွံ့စိုးရိမ်နေကြဟန်ရှိလေသည်။ ဆရာတော်ထားခဲ့သော ထားဝယ်ကြိမ်လုံးကလည်း စားပွဲပေါ်တွင် အသင့်ရှိနေသည်မဟုတ်ပါလော။ သူတို့ နှစ်ဦးသာမဟုတ် ဆရာမုန်းကိုင်သော ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်း ကျောင်းသူကျောင်းသားအားလုံးသည် ဆရာမုန်း၏ အရိပ်အကဲကို မသိမသာ ကြည့်ရှုနေကြလေသည်။ ပထမဆုံးအကြိမ် အပြစ်ပေးရမည်ဖြစ်သဖြင့် အရေးကြီးလှသည်။ မပြောမဆို ဒေါသအလျောက် တန်း၍အပြစ်ပေးခြင်းသည် မထိရောက်နိုင်ဟု ဆရာမုန်း တွက်ဆမိလေသည်။

"မင်းနာမည်"
"ချစ်ဆွေပါခင်ဗျ"
"ကိုရင့်နာမည်ကကော"
"ရှင်သုမန အဲ... အဲ... မောင်တင်မြင့်ပါ"
အပြစ်ပေးရမည့်အထဲတွင် ကိုရင်တပါးပါ ပါလေသည်။
"ကိုရင်တို့ နှစ်ယောက်မှာ အပြစ်ရှိသလား၊ မရှိဘူးလား"
နှစ်ဦးစလုံး မည်သို့အဖြေပေးရမည်ကို စဉ်းစားနေကြဟန်ရှိသည်။
"ကျောင်းသားဆိုတာ မှန်တာကို ရဲရဲဝံ့ဝံ့ဝန်ခံရဲတဲ့ သတ္တိရှိရမယ်ကွ။ မှန်တာကို ဝန်မခံရဲတာဟာ သတ္တိကြောင် သရဲဘောနည်းသူဘဲ"
"အပြစ်ရှိပါတယ်ခင်ဗျ"
"ကျွန်တော့မှာလဲ အပြစ်ရှိပါတယ် ဆရာ"
"အေး အဲဒီလို ဝန်ခံရဲရမယ်။ မင်းတို့ အဲလေ ကိုရင်တို့အပြစ်က လက်ရေးလှရေးပါဆိုတာ မရေးဘဲဆော့နေတဲ့အပြစ်၊ စာရေးကိရိယာကို ရိုရိုသေသေ ကိုင်တွယ်သုံးစွဲရမယ့်အစား ခဲတံတွေကို အကျိုးမဲ့ ပျက်စီးစေတဲ့အပြစ်၊ နောက်ပြီး ပတ်ဝန်းကျင်က မင်းတို့ဆီ အာရုံစိုက်နေကြတော့ အလုပ်ပျက်အောင် နှောက်ယှက်တဲ့အပြစ်"

ဆရာမုန်းသည် အပြစ်ကျူးလွန်သော ကလေးနှစ်ယောက်ကို ချက်ချင်းတန်းမရိုက်သေးဘဲ စိတ်ရှည်လက်ရှည် ရှင်းလင်းပြောပြနေသည်ကို ကျောင်းသားအားလုံး အထူးတဆန်း ကြည့်နေကြသည်။ အံ့ဩနေကြသည်။
"ကိုရင်တို့ကို အပြစ်ပေးထိုက်သလား"
"ပေးထိုက်ပါတယ်ခင်ဗျ"
နှစ်ဦးစလုံးပင် အသံပြိုင်ဖြေကြလေသည်။
ဆရာမုန်းသည် ကလေးနှစ်ဦးစလုံးကို နှုတ်ဖြင့်သာ ရေလည်အောင် ပြောဆိုဆုံးမလွှတ်လိုက်မည်ဟု စိတ်ကူးမိသေးသည်။ သို့သော် ဆရာတော်၏ မိန့်ကြားချက် ရှိနေသေးရကား စတိအဖြစ်တော့ ရိုက်နှက်အပြစ်ပေးရပေတော့မည်။
"ကဲ ဒါဖြင့် မင်းတို့ကို အပြစ်ပေးရမယ်"
အပြစ်ပေးမည်ဆိုကတည်းက ချစ်ဆွေသည် အနီးရှိတိုင်ကို ဖတ်လေတော့သည်။ ဆရာမုန်း စိတ်ထဲမှ ကြိတ်၍ပြုံးမိလေသည်။
"ဟေ့ မောင်ချစ်ဆွေ တိုင်မဖတ်နဲ့။ ဒီလာ လက်ဝါးဖြန့်"
"ခင်ဗျာ"
"လက်ဝါးဖြန့်လေ"
သည်တော့မှာ ချစ်ဆွေ လက်ဝါးဖြန့်တော့သည်။ ဆရာမုန်းသည် သစ်သားပေတံနှင့် ခပ်စပ်စပ်လေးရိုက်လိုက်၏။ ထိုအခါ ကျောင်းသားအားလုံး၏ မျက်နှာသည် ပြုံးစိစိဖြစ်ကုန်သည်ကို ဆရာမုန်း သတိချပ်မိလိုက်သည်။

နှစ်ဦးစလုံး အပြစ်ပေးခံရပြီး သူတို့နေရာသို့ ပြန်ထိုင်ကြသည်။ ဆရာမုန်းသည် ပေတံနှင့် ရိုက်နှက်အပြစ်ပေးခြင်းနှင့် ပတ်သက်၍ သူတို့နှစ်ဦးနှင့်တကွ ကျောင်းသားများ မည်သို့တုန့်ပြန်သဘောထားမည်ကို မသိမသာ အကဲခတ်ကြည့်နေမိသည်။ ချစ်ဆွေရော ကိုရင်တင်မြင့်ပါ မျက်နှာမညှိုးကြ။ ကြောက်လန့်ဟန်မပြ။ သစ်သားပေတံနှင့် လက်ဝါးကို ရိုက်လိုက်သည်နှင့်ပတ်သက်၍ ဆုလာဘ်ကြီးတပါးဟု သဘောထားနေသလောမသိ။ လက်ဝါးကလေးကို တဖြန့်ဖြန့်နှင့် အနီးရှိကျောင်းသားများကို ကြွားဝါပြနေတော့သည်။ ဆရာမုန်း သဘောပေါက်လိုက်မိသည်။

တိုင်မှာဖတ်ပြီး တင်ပါးဝယ် အရှိုးထင်အောင် အရိုက်ခံကျင့်ရှိထားသူများအနေဖြင့် လက်ဝါးကို ပေတံနှင့်ရိုက်သည်မှာ သူတို့အတွက် အပျော့ဟု ထင်ကြတော့မည်။ အယားပျောတ်သလောက်ပင် အောက်မေ့ကြလေမည်။ ပေတံကလေးနှင့် ရိုက်သလောက်ကို ရယ်တာပေါ့ ရယ်တာပေါ့ဟု ဝမ်းထဲမှာ ကြိတ်ပြီး ကြွေးကြော်နေကြမည်လောမသိ။ ရိုင်းရိုင်းပင် ဥပမာ ပေးရချေတော့မည်။ ငရဲကလာသူ ပြာပူကို ကြောက်လိမ့်မည်မဟုတ်တကား။ မည်သို့ဆောင်ရွက်ရပါမည်နည်း။ ဆရာတော်ကဲ့သို့ ရိုက်ရမည်လော။ ဆရာမုန်း မရိုက်လို။ မရိုက်လျှင်လည်း ကြောက်ကြလိမ့်မည်မဟုတ်။ ညှာတာရိုက်ပါလျှင်လည်း နကန်မနာသော နွားထုံကဲ့သို့ ရှိချိမ့်မည်။ လောလောဆယ်တွင် သူတို့ကို ခြောက်လှန့်ကြည့်ရဦးမည်။

"အားလုံးနားထောင်ကြကွဲ့။ စာသင်ချိန်မှာ စည်းကမ်းပျက်သူတွေကို ဆရာ အရေးယူရလိမ့်မယ်။ ခုနက မောင်ချစ်ဆွေနဲ့ မောင်တင်မြင့်ကို ရိုက်တာဟာ တကယ်ရိုက်တာ မဟုတ်သေးဘူး။ စတိလောက်သာ ဖြစ်ပါတယ်။ နောက်နောင်ဆိုရင် မင်းတို့ကို ဆရာတော်လို ရိုက်ရပါလိမ့်မယ်။ ဆရာက အပြစ်မပေးချင်တဲ့အခါ ဆရာတော်ဆီကို ပို့ရပါလိမ့်မယ်။ ဆရာတော်က စည်းကမ်းဖောက်ဖျက်သူဟူသမျှကို သူ့ဆီပို့ဖို့ မှာထားပါတယ်"

အားလုံး ငြိမ်ကျသွားတော့သည်။ သူတို့၏ မျက်နှာတိုင်းတွင် ကြောက်ရွံ့သည့် လက္ခဏာများ ပေါ်လာကြသည်ကို တွေ့မြင်လိုက်ရတော့သည်။
XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)


Read More...

Friday, September 5, 2008

ရွှေပေလွှာနဲ့ အကြွေးများ


ခရီးလေး တပတ်လောက်သွားပြီး ပြန်လာတော့ emailစစ်လိုက်တာ အာပါး! စာတွေအများကြီးရောက်နေပါလားပေါ့။ အရင်က နေ့တိုင်းစစ်နေတာ တနေ့တစ်စောင်တောင်မရောက်တဲ့ မေးလ်တွေက အခုအများကြီးရောက်နေတော့ ပျော်သွားတယ်။ သူငယ်ချင်းလဲမရှိတော့ ဘလော့ရယ် မေးလ်တွေရယ်နဲ့ အဖော်လုပ်နေရာတာ။ မေးလ်တွေ ဖတ်ရင်းနဲ့ အပျော်မျက်နှာက မဲ့ချင်လာတယ်။ ကိုယ့်ဆီရည်ရွယ်ပြီးပို့ထားတာ ၃စောင်ထဲရယ်။ ကျန်တာက forwardမေးလ် နဲ့ စပန်မေးလ်တွေ။ စပန်မေးလ်တွေကိုတော့ သိသလောက် report spamထဲရောက်အောင်လုပ်ထားတော့ တချို့မသိတာတွေလောက်ဘဲ Inbox ထဲ ရောက်နေတာပါ။ စိတ်ပျက်ရတာက forwardမေးလ်တွေကြောင့်။ သူငယ်ချင်း တစ်ယောက်က forwardမေးလ် အရမ်းပို့တယ်။ တချို့က တခါတလေမှ ပို့တာပါ။ မေးလ်ရောက်လို့ ကြည့်လိုက်တိုင်း forwardမေးလ်ဆိုရင် ဟွန့်!ဆိုပြီးဖြစ်ရတာထက် စိတ်ရှုပ်လာရတာက အဲဒီထဲက "ရွှေပေလွှာ"မေးလ်တွေကြောင့်။ forwardမေးလ်ထဲမှာက သံသရာအလည်ဆုံးက "ရွှေပေလွှာ"မေးလ်တွေ ဖြစ်မယ်ထင်ရဲ့။

"ရွှေပေလွှာ"လို့ သုံးလိုက်တာ အရင်က အပြင်မှာ ကြုံဖူးလို့ပါ။ နွေကျောင်းပိတ်လို့ ရန်ကုန်က အဖွားအိမ် သွားလည်တုန်းကပေါ့။ ခြံတခါးက ခေါင်းလောင်းမြည်လို့ ထွက်ကြည့်တော့ စာတစ်စောင် ညှပ်ထားတာ တွေ့တယ်။ တံဆိပ်ခေါင်းမပါ၊ ပို့သူလိပ်စာမပါနဲ့။ ရှေ့စာမျက်နှာမှာတော့ "ရွှေပေလွှာ"လို့ ရေးထားတယ်။ ဘာများလဲလို့ ဖွင့်ဖောက်လိုက်တော့ "တောင်ပုလုဆရာတော်အိပ်မက်" လို့ ခေါင်းစဉ်ချီပြီး လက်ရေးစာတစ်စောင် ထွက်လာတယ်။ အစပိုင်းမှာ ဒီနှစ်ထဲမှာ ဖြစ်ပျက်မှာကို ဘာတွေမြင်တယ်၊ ဘာတွေဖြစ်လိမ့်မယ် စတဲ့ ရှေ့ပြေးဟောစာတန်းလို ရေးထားတယ်။ နောက်ပိုင်းလဲ ရောက်လာရော "ဤစာကို ---စောင် ဝေပါ။ မဝေပါက သင် ကံဆိုးမှုများ ကျရောက်မည် ဘာဖြစ်မည် ညာဖြစ်မည်" စသဖြင့် ခြိမ်းခြောက်သံပါပါ ရေးလာပါတယ်။ နောက် "မ/မောင်--- က ---ဆောင် ဝေလိုက်တာ ထီသိန်းဆုပေါက်သွားပါတယ်။ အယုံကြည်မရှိလို့ မဝေတဲ့ မ/မောင်----ကတော့ ခြေကျိုးလက်ကျိုးဖြစ်သွားတယ်၊ ကားတိုက်ခံရပြီး သေသွားတယ်" စသဖြင့် ရေးထားပါတယ်။ တအိမ်လုံး စာကိုဖတ်ကြည့်ပြီး စိတ်တော့ရှုပ်ရတာ အမှန်ဘဲ။ အယုံကြည့်မရှိဘူးဆိုရင်လဲ စာထဲမှာပါတဲ့ ခြိမ်းခြောက်တဲ့အရေးအသားက စိတ်ထဲ စနောင့်စနင်း ဖြစ်ရတယ်။ နောက်တော့ အဒေါ်ကဘဲ မိတ္တူကူးပြီး စာတိုက်ပုံးထဲ ထည့်လိုက်သလားတော့ သေချာမမှတ်မိတော့ပါဘူး။ ကျမတို့ ကလေးတစ်သိုက်ကတော့ တောင်ပုလုဆရာတော်ဆိုတာ ဘယ်လိုပါလိမ့်၊ သမိန်ပေါသွပ်ကာတွန်းထဲမှာပါတဲ့ တောင်ပုလုမြို့က ဖြစ်မယ်ထင်ရဲ့လို့ဘဲ တွေးမိတယ်။

တခါလာပြီးလို့ ပြီးသွားပြီမှတ်တာ နောက်တပတ် နှစ်ပတ်ခြားပြီး အဲလို ခပ်ဆင်ဆင်စာတွေ ရောက်ပြန်တာဘဲ။ အလုပ်ရှုပ်တယ်ဆိုပြီး နောက်ပိုင်း ဖတ်ပြီးဒီလိုဘဲ ပစ်ထားလိုက်ကြတယ်။ ဘာမှလဲမဖြစ်သလို ဝေလိုက်လို့လဲ ဘာထီမှမပေါက်ပါဘူး။ သက်သက်အချိန်ကုန်တာ။ အခုကျတော့ အင်တာနက်ခေတ်ဆိုတော့ "ရွှေပေလွှာ"လဲ အဆင့်မြင့်ပြီး forwardမေးလ်ကနေ ရောက်လာတယ်။ မေးလ်ဆိုတော့ လက်နဲ့ရေးဖို့ ကော်ပီကူးဖို့မလိုဘဲ forward all နှိပ်လိုက်ပြီးသွားတာမို့ ရောက်လိုက်တဲ့ "ရွှေပေလွှာ" forwardမေးလ်တွေ အစောင်စောင်ဘဲ။ ဒီတစ်မျိုးထဲကိုဘဲ ၃ခါလောက် ပြန်ပြန်ရောက်လာတာလဲရှိတယ်။ ကျမကတော့ အစပိုင်း ဒီလိုဘဲထားလိုက်တယ်။ ဘယ်သူ့ဆီမှလဲ ပြန်forwardမလုပ်ပါဘူး။ အယုံအကြည်မရှိပေမယ့် ခဏခဏလာပါများတော့ စိတ်ရှုပ်လာတယ်။ နောက်ပိုင်း forwardမေးလ်ဆို အကြမ်းဖျဉ်း အပေါ်ကနေ အောက်အထိ ဆွဲချပြီး တချက်ကြည့်လိုက်တယ်။ ကာတွန်းလေးတွေလောက်ဆို ဒီလိုဘဲထားလိုက်ပါတယ်။ "ရွှေပေလွှာ"ဖြစ်လို့ကတော့လာထား ချက်ချင်း Deleteဘဲ။ ဒါပေမယ့်လဲ forwardမေးလ်တွေ လာလွန်းအားကြီးလွန်းလို့ ကြာတော့ စိတ်ပေါက်ပေါက်နဲ့ gtalkက custom massages မှာ ကောက်ရေးထားလိုက်တယ် "never read and always delete nonsense forward mails"လို့။

အဲလိုကျတော့ သူငယ်ချင်းက gtalk မှာ တွေ့တုန်း မေးလာတယ်။ နင်မဖတ်ဖူးလားတဲ့။ အေး၊ မဖတ်ဖူးလို့ပြောလိုက်တယ်။ ပြောနေရင်းနဲ့ forwardမေးလ်ပို့ပြန်ရော။ စိတ်ရှုပ်ရှုပ်နဲ့ ဖွင့်ကြည့်တော့ ဘာစာမှ မရှိဘူး။ download ဆိုပြီး နှိပ်စရာပေးထားလို့ "ဘာတုန်း?"လို့ပြန်မေးလိုက်တယ်။ ဖွင့်ကြည့်တဲ့။ စိတ်ချ! အဲလိုဟာမျိုး ဘယ်တော့မှ မနှိပ်ဘူး။ ဘာမှန်းမသိ ညာမှန်းမသိနဲ့ ငါ့စက်ထဲ virus ဝင်မှာ မကြိုက်ဘူးလို့ ပြောပစ်လိုက်တယ်။ စိတ်ဆိုးလဲ ဆိုးစေတော့။ ကျမစက်ကို အိမ်ကြီးရှင်က flashတွေ java scripts တွေ ပိတ်ပေးထားပေးတယ်။ အရင်ကဆို နားမလည်ဘဲ အကုန်လိုက်နှိပ်နေတာကိုး။ (အဲလို အနှိပ်ကောင်းလို့ စက်လဲ formatချလိုက်ရဘူးတယ်။) သူက flash file တွေက virus အဝင်ဆုံးလို့ပြောတော့ သူပြောတာနားထောင်ပေါ့။ အခုလိုပိတ်ထားတော့ ဘလော့တွေလည်ရင် သီချင်းတွေဖွင့်ထားတဲ့ဘလော့ဖြစ်ဖြစ် flashတွေ တင်ထားတာဆို ကိုယ်ckick နှိပ်မှ ပွင့်တာဆိုတော့ စက်လဲ မလေးတော့ဘူး။ တချို့ဘလော့တွေဆို တင်ထားတာများလို့ လေးလွန်းတယ်။ အဲလိုဆို ချက်ချင်း ကောက်ပိတ်ပစ်လိုက်ရော။ မဟုတ်ရင် ကိုယ့်စက်ပါ restart ပြန်လုပ်လိုက်ရလို့။ ၂ခါလောက်ကြုံဖူးပြီး မှတ်သွားတာ။ ပြောရင်း လမ်းချော်လာပြီ။ forwardမေးလ်ထဲက flashတွေ downloadခလုပ်တွေ အကြောင်းကနေ ရောက်သွားတာ။ နောက် အိမ်ကြီးရှင်ကိုပြောလိုက်တော့ သူက forwardမေးလ်အတွက် folder တစ်ခုတပ်ပေးတယ်။ လာသမျှ forwardမေးလ်တွေ အဲဒီထဲဂျောင်း!!။ ဒီတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ အရင်လို Subject: ရဲ့ နေရာမှာ forwardကို ဖြုတ်ထားတယ်။ အဲဒီတော့ ဒီအတိုင်းဘဲ Inbox ထဲရောက်နေကြပြန်ရော။ ကဲ တတ်နိုင်တော့ဘူး။ ခေါင်းစဉ်ကြည့်ပြီး မသိချင်ရင် ချက်ချင်း delete လုပ်၊ ဒါဘဲတတ်နိုင်တော့တယ် "ရွှေပေလွှာ"ရေ။

အကြွေးဆိုတာက Reader ကိုဖွင့်လိုက်တော့ လားလား!!! တယ်များတဲ့ ပို့စ်အသစ်တွေပါလား။ ရာချီနေတယ်။ အတော်ဖတ်ယူရဦးမယ်။ ဖတ်နေရင်း အသစ်တွေထပ်တက်လာနဲ့ အိုးးးးး! အဖတ်သံသရာလည်နေပြန်ရော။ ဟင်းချက်ရင်းဖတ်၊ ထမင်းစားရင်းဖတ်၊ ဘယ်သူမှတာဝန်ပေးတာမဟုတ်လဲ ကိုယ့်ဘာသာကိုယ် အားကြိုးမာန်တက်ဖတ်။ ကွန့်မန့်တွေလဲ သွားမပွတ်နိုင်။ ကိုယ့်ဘလော့အတွက်လဲ ပို့စ်မတင်ဖြစ်။ ခရီးသွားပို့စ်ကလဲ သွားတာတွေများထားတော့ စဉ်းစားရေးရဦးမယ်။ မုဒ်ဝင်တဲ့အခါပေါ့။ ခရီးသွားတော့ မောင်မျိုးလေးက မုန့်ဝယ်ခဲ့ပါတဲ့။ အရုပ်ပဲ ပါလာတယ်။ သူ့အိမ်သွားလည်တော့ တခါးပိတ်ထားတယ်။ မနက်က O-wayမှာ ကိုဇနိရေးတာဖတ်ရင်းမှ ဆရာကြူရတာနာ မောင်မြကြိုင်ရဲ့ "ဆရာမုန်းရဲ့ ဝတ္ထုတိုများ"ကိုလဲ ဆက်ရိုက်ဖို့ သတိရတော့တယ်။ စာအုပ်က အထူကြီးရယ်၊ စာရိုက်တာကလဲ လိပ်ကလေး ကီးဘုတ်ပေါ်တက်ပြေးတာကမှ မြန်မယ်ဦးမယ်လေ။ ဒီတော့ မကြာမီ လာမည် မျှော်---ဟော်---ဟော်----




Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP