Thursday, April 23, 2009

ဒီလိုပါဘဲ


အိမ်ကို လွမ်းပြီး စာရေးချင်စိတ် မဝင်တာနဲ့ မရေးဖြစ်တာတောင် ကြာသွားပြီ။ ဘလော့ကိုတော့ရောက်ပါတယ်။ စာရေးဖို့ကြိုးစားရင်း လမ်းချော်ပြီး "ထမင်းဘူး"ဘလော့က cboxအတွက် အလုပ်မလုပ်တော့တဲ့ ပုံတွေကိုဖြုတ်၊ ပုံအသစ်တွေ uploadလုပ်လိုက်တာ ရွာပတ်ပြီး တရက်အချိန်ကုန်သွားပါရော။ "မြရွက်ဝေ"ဘလော့အတွက် ဘာမှမလုပ်ဖြစ်တာနဲ့ တခုခုတော့လုပ်မှလို့ တွေးပြီး အမြဲတမ်းကြည့်ဖြစ်တဲ့ ဂျပန်ဖက်ရှင်ဆိုက် "http://www.style-arena.jp/en/"ကို ဘေးကလင့်မှာ ထပ်ထည့်ဖြစ်တယ်။ အဲဒီဆိုက်က တိုကျိုက ဖက်ရှင်နဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ "ဟာရဂျုကု" "ရှီဘူရာ" "အိုမိုတဲ့စန်းဒိုး" "ဒအိကန်ရာမ" "ရှင်းဂျုကု" စတဲ့ ၅နေရာက လမ်းသွားလမ်းလာတွေကို ဓာတ်ပုံရိုက်ပြီး အပတ်တိုင်း သောကြာနေ့မှာ အသစ်တင်ပါတယ်။ အဲဒီပုံတွေနဲ့ စာအုပ်လဲ ထွက်တယ်။ ကျမကတော့ အင်တာနက်မှာ အလကား ကြည့်လို့ရနေတာမို့ စာအုပ်မဝယ်ပါဘူး။ ဘယ်လို ဝတ်စားရမယ်မှန်း မသိတဲ့အခါ အဲဒီဆိုက်ကို ဖွင့်ဖွင့်ကြည့်ရတယ်။ ဒါက ဘလော့ကို ပစ်မထားကြောင်း ကြော်ငြာဝင်တာပါ။

ဒီရက်ပိုင်းကလည်း မိုးလေးတဖျောက်ဖျောက်ရွာလိုက်နဲ့မို့ တယောက်ထဲ ပျင်းပြီး တောင်တွေးမြောက်တွေးနဲ့ အိမ်ကို ပိုပြီးသတိရလေမို့ သူငယ်ချင်းတွေနဲ့ လျှောက်သွားလိုက်၊ လည်ပတ်စားသောက်လိုက်နဲ့ အချိန်ဖြုံးနေမိတယ်။ ပြီးခဲ့တဲ့တပတ် တနင်္လာနေ့ကတော့ "ချော"ဆိုတဲ့ တရုတ်သူငယ်ချင်းက ညနေစောင်းမှာ ဖုန်းဆက်လာပြီး သူ့အိမ်မှာ ဝိုင်းဖွဲ့ချက်စားမှာမို့ လာခဲ့ပါဆိုတာနဲ့ သွားစားဖြစ်တယ်။ ကဲ! သူများဆီမှာ စားပြီးမှတော့ ကိုယ့်အိမ်မှာ ချက်စားဖို့အတွက် ပြန်ဖိတ်ရတာပေါ့။ အမှန်တော့ အဲဒီအပတ် သောကြာနေ့မှာ ချက်စားကြမလို့ဟာ "ချော"က မအားတာနဲ့ ဒီတပတ်ထဲ ရွှေ့လိုက်တယ်။ ရွှေ့မှတော်သွားသေးတယ် ပြောရမယ်။ အပျင်းကြီးပြီး အိမ်မရှင်းတာ ကြာနေပြီလေ။ မီးပူတိုက်စရာ အဝတ်တွေကလည်း တောင်ပုံရာပုံ။ လျှော်စရာက တချို့တဝက်ရှိနေသေးတယ်။ ဒီတော့ လျှော်စရာတွေကို အရင် အဝတ်လျှော်စက်ထဲထည့်ပေါ့။ အဲဒီရက်က နေလည်းပြန်သာနေတာမို့ အတော်ပါဘဲ။ လှမ်းထားတဲ့ အဝတ်တွေ တရက်ထဲနဲ့ ခြောက်သွားတယ်။ ခြောက်သွားပြီးတဲ့အခါမတော့ မီးပူတိုက်တဲ့ စခန်းဝင်ရပြီ။ ၂နာရီကျော်ကျော် ထိုင်တိုက်မှ ပြီးသွားတယ်။ နွေဦးဝင်ပြီဆိုတော့ အံဆွဲထဲက အဝတ်တွေကိုလည်း သေချာ ပြန်ခွဲရပြန်ပေါ့။ အဝတ်အထူတွေက မဝတ်တော့တာမို့ သပ်သပ်စီထည့်၊ အိမ်ကြီးရှင် အပြင်သွားရင် ဝတ်တဲ့ အင်္ကျီတွေကိုလည်း လက်ရှည်ကသပ်သပ်၊ လက်တိုက သပ်သပ် တကန့်စီပြန်စီရတယ်။ သူ့အဝတ်က ရှင်းရလွယ်ပေမယ့် ကိုယ့်အဝတ်ကျမှ ခက်ရော။ အိမ်နေအဝတ်တွေကို အထူနဲ့ အပါးခွဲပြီးစီထည့်၊ အပြင်သွားအဝတ်တွေကိုလည်း အထူတွေသပ်သပ်ထည့်၊ အဲ! မထူမပါးတွေကျ ခက်ရော။ ဒီအံဆွဲထဲ ထည့်ရကောင်းနိုး ဟိုအံဆွဲထဲ ထည့်ရကောင်းနိုးနဲ့ စီထည့်လိုက် စိတ်တိုင်းမကျလို့ ပြန်ထုတ်လိုက်နဲ့ ပြီးသွားတဲ့အချိန်မှာ အတော်ညဥ့်နက်နေပြီ။ ပြီးတော့ စာအုပ်စင်လေး နဲနဲပါးပါးရှင်းပြီး အိပ်လိုက်တော့တယ်။

တနင်္လာနေ့ အတန်းမှာ သယ်ရင်းတွေနဲ့ တွေ့တော့ ကြာသပတေးနေ့ စုဖြစ်မယ်ထင်တယ်ဆိုပြီးမှ ညဘက်ကျမှ ဖုန်းဆက်လာပြီး ဗုဒ္ဓဟူးနေ့ လာခဲ့မယ် ဖြစ်သွားတယ်။ နောက်ရက်မှာ ကမန်းကတန်း ဈေးဝယ်ထွက်ရတယ်။ လိုချင်တာတွေ လှည့်ပတ်ဝယ်ရင်း အထုပ်တွေက တနင့်တပိုးဖြစ်သွားတယ်။ ဒါတောင် ဝယ်စရာ ကျန်သေးတာ၊ မသယ်နိုင်တော့လို့။ နောက်ရက် သူတို့မလာခင်လေး ပြေးဝယ်လိုက်မယ် စိတ်ကူးလိုက်တယ်။ ချက်လိုက်ပြုတ်လိုက်နဲ့ ပြီးသွားတဲ့ အချိန်မှာ အိမ်ကြီးရှင်အတွက် ညစာ မချက်ရသေးဘူး။ အဆင်ပြေသလိုလေး အမြန်လုပ်လိုက်လို့ ညစာအတွက် ပြီးသွားပေမယ့် ထမင်းဘူးအတွက် မချက်နိုင်တော့ဘူး။ အိမ်ကြီးရှင်က မချက်တော့နဲ့ အပြင်မှာ စားလိုက်မယ် ဆိုတာနဲ့ တော်သွားသေးတယ်။

ထမင်းဘူးအတွက် စိတ်အေးရပေမယ့် အိမ်သန့်ရှင်းရေး မလုပ်နိုင်တော့ဘူး။ ခြေထောက်က အတော်ညောင်းနေပြီ။ ဈေးပတ်ဝယ်နေတာက ၃နာရီလောက်ကြာတယ်။ ဟင်းချက်တာ မတ်တတ်မတ်တတ်နဲ့ ၂နာရီ ဒီခြေထောက်မှ မညောင်းရင် ဘယ်ခြေထောက် ညောင်းဦးမလဲလေ။ ဒီတော့ အိမ်သန့်ရှင်းရေးကို နောက်ရက်မနက် ရွှေ့လိုက်တယ်။ သယ်ရင်းတွေက ၁၀နာရီလာမယ်ဆိုတော့ သူတို့မလာခင် အမြန်လေး ကားပတ်အခင်းတွေကို ဖုန်စုပ် ကြမ်းတွေကို ကြမ်းတိုက်တံအဝတ်နဲ့ လိုက်ပွတ်၊ စားပွဲတွေ ထိုင်ခုံတွေ သုတ်နဲ့ ဘာမှသာမဟုတ်တယ် အားလုံးပြီးသွားတဲ့အခါမှာ ကိုးနာရီ ခွဲနေပြီ။ ကမန်းကတန်း ရေချိုးပြီးတဲ့အခါမှာ ဈေးသွားဖို့ မမှီတော့ဘူး။ သယ်ရင်းတွေ ရောက်လာပြီးမှ အိမ်နားက စူပါမှာ ဖျော်ရည်နဲ့ အသီးအနှံနဲနဲ ထွက်ဝယ်လိုက်တယ်။

သယ်ရင်းသုံးရောက်စလုံး တရုတ်တွေဆိုတော့ သူတို့ဟင်းနည်းတွေ ကြည့်ပြီး နောက်ချက်စားကြည့်ဖို့ မှတ်ထားလိုက်တယ်။ ကျမက ကြာဇံဟင်းခါးချက်ပြီး "ဝဥ"သုပ်တယ်။ သူတို့စားနိုင်ပါ့မလားလို့ စိတ်ပူနေတာ။ တယောက်တလှည့် ချက်ပြုတ်ပြီး စားဖို့အတွက် ပြင်ထားပြီး ဒီလို ဓာတ်ပုံရိုက်ထားလိုက်တယ်။


"တိုး"စံ ရဲ့လက်ရာ 'စုဘူတ'လို့ခေါ်တဲ့ ဝက်သားဟင်း


"ချော"စံရဲ့လက်ရာ ကြက်သားဟင်း


"ဦး"စံရဲ့လက်ရာ ငါးဟင်း


ဒါက မိုင်လက်ရာ ဝဥသုပ်


စားပြီးသောက်ပြီး TVရှေ့မှာ အားလုံး မျက်လုံးလေးတွေ စဉ်းလို့။ "တိုး"စံကတော့ အိပ်ပါပျော်သွားတယ်။ "ချော"စံကတော့ မှိန်းလိုက် ထလာလိုက်နဲ့။ "ဦး"စံနဲ့ ကျမဘဲ စကားတွေ ပြောနေတာ။ အမှန်တော့ ကျမလဲ ငိုက်လာပြီ။ မနက်ကတည်းက မနားရသေးတော့ ဗိုက်လည်းပြည့်ရော အိပ်ချင်တော့တာ။ ကိုယ်က အိမ်ရှင်ဆိုတော့ မျက်လုံးအတင်း ဖြဲထားရတယ်။ ညနေကျ ၄နာရီလောက်ကျ ကြက်တောင်သွားရိုက်မယ်၊ ၅နာရီလောက် အိမ်နားက စာကြည့်တိုက်ရှေ့မှာ စောင့်နေ၊ သူတို့အိမ်ခဏပြန် အဝတ်လဲပြီး ပြန်လာမယ် ဆိုပြီး ပြန်သွားကြတယ်။ ကျမက စာကြည့်တိုက်နဲ့ နီးနီးလေးမို့ အချိန်ရသေးတာတဲ့ ဧည့်ခန်းက ဆိုဖာမှာ ကွေးနေလိုက်တာ ဘယ်အချိန် အိပ်ပျော်သွားမှန်း သိလိုက်ဘူး။ နိုးလာတော့ ၅နာရီထိုးဖို့ ၁၅မိနစ်ဘဲ ကျန်တာနဲ့ အဝတ်အမြန်လဲပြီး ပြေးရတယ်။ ဟိုလည်းရောက်ရော အားကစားခန်းမက အပြင်လူကစားဖို့ သောကြာ၊ စနေ၊ တနင်္ဂနွေဘဲ ရတာတဲ့။ ဒီတော့ လုပ်စရာ မရှိတာနဲ့ စာကြည့်တိုက်ထဲဝင် ကျမမှာ စာကြည့်တိုက်ကဒ် မရှိသေးတာနဲ့ လုပ်ပြီး စာအုပ်ငှါးပြီး ပြန်ခဲ့ပါတယ်။

ညကျ အိမ်ကြီးရှင်ကို သယ်ရင်းတွေချက်ထားတဲ့ ဟင်းနဲ့ မျက်နှာလုပ်ပြီး ကျွေးလိုက်တယ်။ အိုခီ~ ဒီနေ့အဖို့ အားလုံးပြီးပြီ နားတော့မည်ဆိုတော့မှ သတိရတယ်။ ထမင်းဘူးအတွက် ဈေးမဝယ်ရသေးဘူး။ အသားတွေက ရှိပေမယ့် အသီးအရွက် မဝယ်ရသေးဘူး။ မိုးချုပ်နေပြီမို့ အိမ်ကြီးရှင်က မချက်တော့နဲ့ ဆိုတာနဲ့ ဒီတရက်လည်း ထမင်းဘူးလေး စင်ပေါ်မှာ အနားယူနေရ ရှာပါတယ်။ ဟင်းမချက်ရတော့ဘူးဆိုတော့ကာ ငှါးလာတဲ့ စာအုပ်လေးကို မအိပ်ခင် နဲနဲလေးဖြစ်ဖြစ် ဖတ်ဖြစ်အောင် ကြိုးစားဖတ်လိုက်တယ်။ ၂ပတ်နေရင် ပြန်အပ်ရမှာမို့ပါ။ ခုရက်ပိုင်း ဂျပန်စာကို တနေ့ နဲနဲလေး ပြန်ဖတ်ဖြစ်အောင် ကြိုးစားနေတယ်။ ငှါးလာတာကလည်း ကလေးလယ်ဗယ်စာအုပ်ပါ။ စာကြီးပေကြီးတွေ မဖတ်နိုင်သေးတာမို့ စာသေးပေသေးတွေဘဲ ကြိုးစားဖတ်ပါဦးမယ်။ ဖတ်လို့ကောင်းရင်တော့ ဘာသာပြန်ကြည့်မယ် စိတ်ကူးတယ်။ (ရေတက် ငါးဇင်ရိုင်းလေး ဘယ်နှရက် ခံဦးမယ် မသိဘူး)

ဒီရက်ပိုင်း ဘာမှ မတင်ဖြစ်ပေမယ့် လာရောက်လည်ပတ်သူများကို ကျေးဇူးအများကြီး တင်ပါတယ်။

Read More...

Friday, April 3, 2009

ချစ်သဝဏ်လွှာ(၂)


တဖတ်သက်အချစ်ရဲ့ စာလွှာ

အချစ်ဦးက မူကြိုကျောင်းတုန်းကပေါ့။ "အခဲမိ"လို့ခေါ်တဲ့ ကောင်မလေးပါ။းD ကြိုက်နေတာကို သူများတွေ သိမှာစိုးလို့ ကောင်မလေး တခြားနေရာ သွားနေတဲ့အခါမျိုးမှာ "ဒီကောင်မလေး နဲနဲမှ ချစ်စရာမကောင်းဘူး"လို့ ပြောခဲ့တယ်။ ပြိုင်ဖက်တွေ ပေါ်လာမှာ ကြောက်လို့များလား မသိတော့ပါဘူး? တော်တော် အကျင့်ဆိုးတဲ့ ကလေးဖြစ်ခဲ့မယ်ထင်တယ်။းD

ဒါပေမယ့် တွေးကြည့်လိုက်ရင် ကျနော် ကြိုက်မိတဲ့ ကောင်မလေးကို သူငယ်ချင်းတွေ သိမှာစိုးလို့ အဲလိုလုပ်ဖြစ်ခဲ့တယ်ဆိုတာ သတိထားမိတယ်။ ကျောင်းသားဘဝတုန်းက သူငယ်ချင်းအိမ်မှာစုပြီး ဘယ်သူက ဘယ်သူ့ကိုကြိုက်တယ်ဆိုတာမျိုး ပြောခဲ့ဖူးတယ်ဟုတ်လား။ ဒါပေမယ့် ကျနော်တယောက်ဘဲ ကြိုက်နေတဲ့ ကောင်မလေးရှိလည်း "မရှိဘူး"လို့ လိမ်ပြောခဲ့တယ်။


"ဒီကောင်မလေးကို ကြိုက်တယ်ကွာ"လို့ ပြောတဲ့ သူလည်း ရှိပေမယ့် ဒါဟာ ကောက်ကျစ်တာလို့ တွေးမိတယ်။ တဖက်သတ်ကြီး ကောင်မလေးကို လက်ဝါးကြီးအုပ်ထားသလို ဖြစ်နေတယ်မဟုတ်လား။ တကယ်လို့ သူနဲ့အပြိုင် အဲဒီကောင်မလေးကို ကြိုက်ခဲ့မယ်ဆိုရင် "သူငယ်ချင်းက ဒီကောင်မလေးကို ကြိုက်တယ်လို့ပြောထားတာကြီးဆိုတော့ ငါလည်း ကြိုက်တယ်လို့ မပြောရဲတော့ဘူး"လို့ တွေးပြီး ဘာမှမစခင် အဲဒီကောင်မလေးက ကိုယ့်အတွေးထဲက ချစ်သူဖြစ်လာဖို့ကနေ လွဲချော်သွားမှာလေ။ ဒါမျိုးကို မကြိုက်တာမို့ ဖွင့်မပြောဖြစ်တာလား မသိပါဘူး။

ဒါပေမယ့် ကျနော်က ဘာလို့လဲမသိ ကံကောင်းတယ် ပြောရမယ်။ ပထမဦးဆုံး ဗယ်လင်တိုင်းချော့ကလက်ကို အချစ်ဦးဖြစ်တဲ့ "အခဲမိ"ဆီက ရခဲ့တယ်။ အဲဒါက မူလတန်း တတိယနှစ် ကျောင်းသားဘဝတုန်းကပါ။ ဘာပြန်ပေးရမလဲ မသိလို့ အမေ့ကို ဘီစကစ် မှာလိုက်ပြီး ဘီစကစ်နဲ့အတူ စာကို ပေးဖြစ်လိုက်ခဲ့တယ်။ "ကျေးဇူးတင်ပါတယ်။ ကျနော်လည်း ကြိုက်ပါတယ်"ဆိုတာမျိုး ရေးပေးလိုက်တယ်ထင်တယ်။

တစိမ်းတယောက်ကို ကြိုက်တယ်လို့ ရေးပေးဖြစ်တာ အဲဒါက ပထမဦးဆုံးပါ။ ကျနော့အနေနဲ့ ဘဝမှာ ပထမဦးဆုံး ရည်းစားစာ ဖြစ်ခဲ့ပါတယ်။

*****


ချိုမြိန်တဲ့စကား

'တာ့တာ'လို့ လက်ပြနှုတ်ဆက်တဲ့အချိန်မှာ 'နောက်တွေ့တာပေါ့နော်'လို့ တိုးတိုးသာသာလေးပြောတတ်တဲ့ နင့်ကို အရမ်း~ အရမ်း~ အရမ်း~ အရမ်းချစ်နေမိတာကို ကိုယ့်ဘာသာ သတိထားမိတယ်။ ခွဲနေရတဲ့အချိန်ထက် ခွဲခွါရတော့မယ့်အချိန်လေးမှာ ငါ နင့်ကိုချစ်မိတဲ့ အချစ်တွေ မြတ်နိုးရတာတွေကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရတယ်။ ချစ်တယ် အရမ်းချစ်တယ်ဟာ...

*****


ချစ်သူဆီသို့ စာသဝဏ်

နှစ်ရှည်လများ ချစ်လာခဲ့တဲ့ ချစ်သူအတွက် ကျနော် ရည်းစားစာ ရေးပါမယ်။ စာထဲက အကြောင်းအရာက တကယ့်ကို သာမန်ရိုးရိုး နေ့စဉ်အဖြစ်အပျက်တွေပါ။ ဒီနေ့ အတူလမ်းလျှောက်ထွက်ရတာ ပျော်လိုက်တာတို့၊ မင်းလေးလက်ရာ ထမင်းဟင်းတွေ စားလို့ကောင်းလိုက်တာတို့၊ နောက်တကြိမ် အဲဒီကို အတူသွားကြစို့တို့၊ မင်းလေးနဲ့ အတူရှိနေတဲ့နေ့တွေက စိတ်ချမ်းသာလိုက်တာတို့ စတာတွေကို ခပ်တိုတိုစာသားတွေနဲ့ ရေးတယ်။ ကျနော့အတွက် ရည်းစားစာဆိုတာ အချစ်တွေကို သိစေဖို့ နည်းလမ်းပါ။

အရမ်းကို စာရေးချင်စိတ်ဖြစ်တာက ချစ်သူနဲ့ တွေ့ပြီး ခွဲရတဲ့အချိန်။ 'အင်း... နောက်တွေ့တာပေါ့နော်'လို့ နှုတ်ဆက်ပြီး ခွဲလာတဲ့အခါမျိုးမှာ ပြင်းပြင်းထန်ထန် စာရေးချင်စိတ်တွေ ဖြစ်ဖြစ်လာလို့ ချက်ချင်း mail ပို့တာတွေ၊ FAXနဲ့ စကားလုံးတွေ ပုံလေးတွေ ပို့တာမျိုး လုပ်မိတယ်။ စာရေးပြီး ချိပ်ပိတ်ပြီး လိပ်စာမရေးဘဲ နောက်တကြိမ် ချစ်သူနဲ့ တွေ့တဲ့အခါ သူမမသိအောင် handbagထဲ တိတ်တိတ်လေး ထိုးထဲ့ထားလိုက်တယ်.... အတော်အေးတိအေးစက် နိုင်တယ်နော်။:D

ဒါပေမယ့် ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ ချစ်သူတွေဖြစ်နေပြီးပြီဘဲဆိုပြီး ရည်းစားစာ ရေးမပေးတော့တာမျိုးကတော့ တဖြည်းဖြည်း အနမ်းမပေးချင်တော့တာမျိုးနဲ့ တူလာတယ်လို့ ထင်တယ်။ ကျနော်က "အချစ်"ကို ကျင့်သားရလာတာမျိုးတွေ ရေသာခိုလာတာမျိုးတွေ မလုပ်ချင်ဘူး။

တကြိမ်လက်ဝယ်ရပြီးပြီဆိုပြီး ဒီအတိုင်းနဲ့ ပြီးသွားရောလား? အဲလိုမဖြစ်သင့်ဘူး မဟုတ်လား။ ချစ်မြတ်နိုးတယ်ဆိုတာ အတူတူ စချစ်ကြတဲ့အချိန်က ကြည်နူးစရာကောင်းတယ်လို့ ကျနော်က ပြင်းပြင်းထန်ထန် ယုံကြည်တဲ့အတွက် ချစ်သူကို သေသေချာချာ အနမ်းပေးတာ၊ သေသေချာချာ ရည်းစားစာ ရေးပေးတာမျိုး ဖြစ်ချင်မိတယ်။ သေချာတာပေါ့! စချစ်တဲ့ အချိန်လောက်လေးမဟုတ်ဘဲ နှစ်တွေဘယ်လောက်ကြာကြာ ဒီလိုမျိုး လုပ်သွားချင်တယ်။

လက်ထပ်ပြီး နေ့ရက်နှစ်လတွေ ကုန်လွန်တဲ့တိုင် ကိုယ့်ရဲ့ ချစ်ရသူအိမ်ထောင်ဖက်ကို မပျက်မကွက် ရည်းစားစာ ရေးပေးနေနိုင်တယ်ဆိုရင်တော့ ဒါဟာ အကောင်းတကာ့ အကောင်းဆုံး ဂန္ထဝင်မြောက်တဲ့ ချစ်ချင်းပါပဲ။

*****


"ဘယ်လိုဖြစ်လို့ပါလိမ့်!!!"

"ဘယ်လိုဖြစ်လို့ပါလိမ့်! ဒီလောက် အတူတူရှိနေတာတောင်၊ ဒီနေ့တောင် အတူတူရှိနေရဲ့သားနဲ့၊ မနက်ဖြန် တွေ့ရမယ်ဆိုတာကို တွေးမိလိုက်ရင် ရင်တုန်လာပြီး နေလို့ထိုင်လို့ကို မရချင်တော့ဘူး.... ဘယ်လိုဖြစ်လို့ပါလိမ့်!!!"

*****


ထာဝရအမြဲ ချစ်ရသူအတွက် စာသဝဏ်

ဒါက ကျနော် "ဖူကူအိုကာ"မှာ တက္ကသိုလ်တက်နေတုန်းက အကြောင်းပါ။ အတော်ခင်တဲ့ သူငယ်ချင်း မိန်းကလေးက သူတဖက်ချစ်နေရသူကို ဖွင့်ပြောရကောင်းနိုး ဘယ်လိုလုပ်ရမှန်းမသိဘဲ ခံစားနေရတုန်းကပေါ့။ အဲဒါကို သိပ်စကားများတဲ့ ယောက်ျားလေးတယောက်က အဲဒီမိန်းကလေးကို "ဘာဖြစ်ဖြစ် ပထမဆုံး ဖွင့်ပြောလိုက်။ အဲလိုဆို ပြန်လက်ခံတာဖြစ်ဖြစ်၊ မပြောကောင်း မဆိုကောင်း အငြင်းခံရတာဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်လေ စိတ်ထဲ ပေါ့သွားမှာပေါ့" လို့ ပြောလိုက်တယ်။

ဒါကိုကြားပြီး ကျနော်က အရူးလားလို့ ထင်လိုက်မိတယ်။ ကြိတ်ဆွေးနေ ပူလောင်ခံစားနေရတဲ့ တဖက်သတ်အချစ်စိတ်ကို 'စိတ်ပေါ့ပါးသွားဖို့အတွက်နဲ့' ဖွင့်ပြောလိုက်တာမျိုး မဟုတ်ဘူးလေ၊ 'ပြန်ချစ်စေချင်လို့' ဖွင့်ပြောရတာ မဟုတ်လား။ အဲဒီကောင်က သူ့အတွေးနဲ့ မိန်းကလေးကို လျှောက်လုပ်ခိုင်းပြီး တကယ်တော့ သူကိုယ်တိုင် စိတ်ပေါ့ပါးချင်တာမျိုးလို့ ထင်မိတယ်။

ချစ်သဝဏ်လွှာလည်း အတူတူဘဲ။ စိတ်ပေါ့ပါးစေရုံသက်သက် ပေးတာမျိုးက မဟုတ်သေးဘူး။ ချစ်လို့ အသိပေးရုံလောက်နဲ့ မဖြစ်သင့်ဘူး၊ တကယ့်ကို နှစ်နှစ်ကာကာချစ်မိလို့ ပြန်ချစ်စေချင်လို့ ပေးရတာမျိုးလေ။

ဒါနဲ့ "ဘယ်လိုဖြစ်လို့ပါလိမ့်!!!"ဆိုတဲ့ စာဆိုရင် တဖက်သတ်အချစ်နဲ့ ကြိတ်ခံစားနေရတာကို ဖွင့်မပြောခင်လိုမျိုး ဖတ်ရတယ် မယ်ဟုတ်လား။ တကယ်တော့ ဒါဟာ တော်တော်ကြာကြာ ချစ်သူတွေဖြစ်ပြီးသား သူတွေရဲ့စိတ်နဲ့ ရေးထားတာပါ။

ဥပမာ ကြာရှည်ချစ်သူတွေ ဖြစ်လာပြီးပေမယ့်လည်း အဲလို အမြဲတမ်း တဖက်သတ်အချစ်လို ခံစားချက်နဲ့ ရင်ခုန်တာတွေ၊ လွမ်းရတာတွေ၊ တွေ့ချင်စိတ်ပြင်းပြင်းပျပျဖြစ်တာတွေ စတဲ့ ခံစားမှုမျိုးနဲ့ ချစ်သဝဏ်လွှာကို ရေးမယ်ဆိုရင် ဒီအချစ်ဟာ ကြိမ်းသေ အကြာကြီး အဓွန့်ရှည်မှာလို့ ကျနော်ကတော့ ယုံကြည်တယ်။

*****


Diamond

"ချစ်တယ်" ... နင်က ဒီစကားလုံးကို ငြီးငွေ့သွားမှာစိုးလို့ ရင်ထဲမှာဘဲ ငါလေ အဲဒီစကားကို အကြိမ်ကြိမ် ပြောနေမိတယ် ... "ချစ်တယ် .... ချစ်တယ်"... တကယ်တော့ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် ငါဖွင့်ပြောချင်တာကို ကြိတ်မှိတ်ပြီးနေခဲ့တာ။ ဒါကြောင့် နင် အရင် အိပ်ချင်လာပြီး ငိုက်မျဉ်းနေတဲ့အခါကျမှ ငါက ဒီစကားကို ပြောဖြစ်တယ်... "ချစ်တယ် ..... သိလား.... ချစ်တယ်ဆို..." ငါလေ နားရွက်နားကပ်ပြီး တိုးတိုးလေး အကြိမ်ကြိမ်ပြောမိတယ်.... "ချစ်တယ်.... ချစ်တယ်"...


*****


Read More...

Thursday, April 2, 2009

ချစ်သဝဏ်လွှာ


ချစ်သူထံ၊ သူငယ်ချင်းထံ၊ မိသားစုထံ ပြီးတော့ ကြိုးစားနေတဲ့သူများထံသို့.........
ချစ်ခင်သူများထံ အကြောင်းအမျိုးမျိုးကို ပြောပြချင်လို့ ကျနော် စာတွေအများကြီး ရေးလိုက်ပါတယ်။

*****


ဇာတ်ဆောင်မိတ်ဆက်

"ပူး" - အသက် တနှစ်။ စာသယ်ပေးတဲ့ မျှားနတ်မောင်။ "ခအဲဒဲ့"လေးရဲ့ စာတွေကို သယ်ပေးရင်း သူမလေးကို တဖက်သတ် ချစ်နေမိသူ။


"ခအဲဒဲ့" - အသက် ၁၇နှစ်။ "ပူး"ရဲ့ တဖက်သတ်ချစ်သူ။ သူမကိုယ်တိုင်လည်း တဖက်သတ် ချစ်မိနေသူ။ "ပူး"ကို သူမ မမြင်နိုင်ပါ။


"နစွတ်အို့" - "ယုကိ"လေးရဲ့ ချစ်သူ။ ဘယ်တော့ အဖြတ်ခံရမလဲလို့ သူငယ်ချင်းတွေက စိတ်ပူပန်ခံနေရသူ။


"ယုမိ" - အသက် ၃နှစ်။ ဆိတ်တွေကြားမှာ နာမည်ကြီး ဆိတ်မလေး။ "နစွတ်အို့"နဲ့ ချစ်ကြိုက်နေဆဲ။


"မိုရှ" - စာတွေကို ဝါးစားတဲ့ဆိတ်။


"ဂုဖု" - "ဒိုမု"ရဲ့ သူငယ်ချင်း။


"ငှက်ဖြူ"


"ဒိုမု" - "ဂုဖု"ရဲ့ သူငယ်ချင်း။


"ဂျိမု" - ကြင်နာတတ်တဲ့ စတုရန်းပုံ မျှားနတ်မောင်။ "ပူး"ရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက် သူငယ်ချင်း။


"ခအဲဒဲ့"ရဲ့ မေမေနဲ့ "ခအဲဒဲ့"ငယ်ငယ်က


"ပူး"ရဲ့ အစ်ကို


*****




"နင်နဲ့ သူငယ်ချင်းဖြစ်ကတည်းက ဘာလုပ်လုပ် အတူတူ... အမြဲတမ်း သူငယ်ချင်းလို့ မှတ်ယူရင်း... စွဲစွဲမြဲမြဲ မှတ်ယူရင်း... ဒါပေမယ့် အဲဒီထက်ကို ငါ့ရင်ထဲမှာ ကြီးလာ~ ကြီးမားလာတယ်။ တွေးလိုက်တိုင်းလည်း ရင်ထဲမှာ တဖြည်းဖြည်း ကြီးမားလာပြီ။ ဒါပေမယ့် ဒါဟာ နင်နဲ့ ခုလို သူငယ်ချင်းလို ရင်းနှီးပျော်ရွှင်နေရတာ ပျက်စီးသွားမှာ စိုးတာရယ်ကြောင့်.... ဒါပေမယ့်လေ နင်နဲ့ ရင်းနှီးလေ ရင်းနှီးလာလေလေ ငါရဲ့ စိတ်တွေကို ထိမ်းချုပ်လို့ မရနိုင်တော့ဘူး.... ...ချစ်တယ် .... ချစ်တယ်။ .... အရမ်းချစ်တယ်"



*****


ဖွင့်ဟဝန်ခံစာ
ကျနော် ကောင်မလေးတွေနဲ့ ရည်းစားဖြစ်တဲ့ နည်းထဲက အများဆုံးနည်းကို ပြောရမယ်ဆိုရင် ပထမဦးဆုံး သူငယ်ချင်းဖြစ်၊ တော်တော်ကြာကြာ ခင်မင်လာပြီး အမြဲတမ်း အတူတူ အချိန်တွေက များလာပြီး မသိလိုက်တဲ့ အချိန်မှာ ၂ယောက်လုံး တပြိုင်ထဲ စိတ်ထဲမှာ ချစ်သူရည်းစားလို ခံစားလာရတာမျိုးပါ။ ထမင်းအတူတူစား၊ ဈေးအတူတူဝယ်ရင်း အလိုလို kiss ပေးမိပြီး "အီယား~ ချစ်မိသွားပြီ!!"လို့ ကိုယ့်ဘာသာ သတိထားမိတဲ့အခါမှာ ရည်းစားတွေ ဖြစ်နေကြပြီလေ။

ဒါကြောင့်ပါလို့ ဆင်ခြေပေးတာ မဟုတ်ပေမယ့် ကျနော်က "ချစ်တယ်" "ပြန်ချစ်ပါ"လို့ ရိုးရိုးသားသား ဖွင့်ဟတဲ့ ရည်းစားစာ တခါမှ မရေးဖူးဘူး။ အဲဒီအစား ချစ်သူဆီကို ရည်ရွယ်တဲ့ ရည်းစားစာတွေ အများကြီး ရေးဖြစ်တယ်။ ကျနော့်အတွက် ရည်းစားစာဆိုတာ ချစ်သူကို ပေးတဲ့ စာမျိုးတွေပါ။

ဒါပေမယ့် ခုတခါတော့ ဒီစာအုပ်ကို ရေးရင်း စိတ်ကူးယဉ်အချစ်ကို တွေးပြီး ရည်းစားစာတွေ အများကြီးရေးပြီး၊ တဖတ်သက် အချစ်နဲ့ ခံစားနေရတဲ့ သူငယ်ချင်းရဲ့ စကားတွေကို နားထောင်ရင်း ချစ်သဝဏ်လွှာရဲ့ အတွေးအမြင်က ပြောင်းသွားတယ်။

ဖွင့်ဟဝန်ခံစာ ချစ်သဝဏ်လွှာလည်း ကောင်းတာပါဘဲလေ...

ကျနော်က အချစ်ကဗျာ ကောင်းကောင်းမရေးတတ်ပေမယ့် "ချစ်တယ်"ဆိုတာကို ရိုးရိုးရှင်းရှင်း နားလည်လွယ်တဲ့ စကားလုံးသုံးပြီးပြောတာ အကောင်းဆုံးဆိုတာ ပိုသေချာသွားတယ်။ အကြိမ်ကြိမ် အခါခါရေးပြီး မပေးဖြစ်တဲ့ ရည်းစားစာတွေ ဖြစ်လည်း ရတယ်၊ မင်းအကြောင်းတွေးပြီး မအိပ်နိုင်တဲ့ ညတွေကို ကုန်လွန်ခဲ့တယ်လို့ ခပ်ဆွေးဆွေး ရည်းစားစာဖြစ်လည်း ရပါတယ်။

ဒီလိုတွေးလိုက်ရင် အခုအချိန်အထိ ရှက်ပြီး မရေးရဲတဲ့ ချွဲချွဲနွဲ့နွဲ့ စကားလုံးတွေလည်း သုံးရဲလာမယ်လို့ တွေးမိတယ်လေ။

*****


"တို့ တခါမှ မပို့ဖြစ်တဲ့ စာတွေ နင့်ဆီကို ရည်ရွယ်ပြီး ရေးဖြစ်တာ သိလားဟင်?
ဘယ်တုန်းကများ ဒီစာတွေနဲ့ ဒီအံဆွဲထဲ အပြည့်ဖြစ်သွားတာပါလိမ့်။ ဒီစာတွေကို တံတားလုပ်ပြီး နင့်ဆီကို လာခဲ့မယ်ကွာ။
ကြယ်ရောင်ကောင်းကင်အောက်မှာ
စာတွေနဲ့ ဖန်ဆင်းထားတဲ့ တံတားကို ဖြတ်သန်းရင်း...
သီချင်းလေးညည်းပြီး..
ကြိမ်းသေ ပြည့်ဝရမယ်လို့ ကြယ်ကြွေကို ကြည့်လို့ ဆုတောင်းရင်း...
တို့ မင်းအိမ်ပြတင်းဝကို ဘယ်တော့များမှာ ခေါက်နိုင်မလဲ?
အိပ်မက်ထဲမှာတော့ အကြိမ်ကြိမ် အခါခါ date နေခဲ့ပေမယ့်လည်းလေ...."



*****

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP