Tuesday, June 30, 2009

အကြံကုန် ခရုချက်


ကြက်သားချက်လိုက် ဝက်သားချက်လိုက် ပုစွန်ချက်လိုက်နဲ့ လှည့်ပတ်ချက်နေတာ ဟင်းတွေက ထပ်နေပြီ။ အိမ်ကြီးရှင်က ဘာမဆို ချက်ကျွေးတဲ့အတိုင်း စားနိုင်ပေမယ့် ဇီဇာကြောင်တဲ့ကျမ ကိုယ့်ဘာသာ ချက်ပြီး မစားချင်တာတွေ အများကြီးရယ်။ ငါးဟင်းချက်မယ် စိတ်ကူးလိုက်၊ ပင်လယ်ငါးတွေချည်းမို့ မစားချင်လိုက်၊ ဝယ်မယ်စိတ်ကူးလည်း အရိုးများနေရင် ဘယ်လိုလုပ်ရပါ့နဲ့ ငါးက မချက်ဖြစ်တာ များတယ်။ အမဲသားက တခါတလေမှ အိမ်ကြီးရှင် အတွက် ချက်ပေးဖြစ်တယ်။ ကိုယ်တိုင်တော့ မစား။ တသက်လုံး ရှောင်ပါမယ် ဆုံးဖြတ်ချက်ချထားတာ မဟုတ်ပေမယ့် တတ်နိုင်သလောက် မစားပါဘူး။ ဈေးဝယ်ထွက်တိုင်းတော့ ဝယ်နေမကျတဲ့ ပင်လယ်စာတွေ အမြဲသွားသွားကြည့်တယ်။ ပြီးရင် ဝယ်တာလဲ မဟုတ်ဘူး။

ဒီတခါတော့ "အာဆရိ" (アサリ)ဆိုတဲ့ ခရုလေးတွေ ဝယ်ခဲ့တယ်။ ဟိုးအရင်က ဆန်ပြုတ်ချက်တုန်း ထည့်ဖူးတာလေးပါ။ ဝယ်တုန်းကတော့ "မီဆိုရှီရု" (味噌汁)ထဲ ထည့်ချက်မလား စိတ်ကူးပြီး ဝယ်ခဲ့တာ။ အချဉ်ဟင်းရည် ချက်မိသွားတော့ အရည်သောက်က မလိုတော့ဘူး ဖြစ်သွားတယ်။ ဟင်းချက်စားမယ် စိတ်ကူးပေမယ့် တခါမှ မချက်ဖူးတော့ ဘယ်လိုချက်ရမယ် မသိဘူး။ ဒီတော့ အကြံကုန် ဂဠုန်ဆားချက် သလိုပေါ့။ ကိုယ်သိတဲ့ ချက်နည်း ကုန်ပြီဆိုတော့ကာ ဟင်းချက်နည်း စာအုပ်လေး ဆွဲဖွင့်ကြည့်ရတော့တယ်။ အဆင်သင့်စွာနဲ့ဘဲ "အာဆရိ"ခရုချက်နည်းလေး တခု တွေ့တယ်။ ဒီစာအုပ်တွေက ဂျပန်ရောက်ပြီး မကြာခင် ဝယ်ဖြစ်တဲ့ ဟင်းချက်နည်း စာအုပ်လေးတွေပါ။


နဂိုကတည်းက ဟင်းသေချာ မချက်တတ်တာရယ် ဒီက သားငါးသီးနှံတွေက မမြင်ဘူးတာတွေက အများကြီးမို့ ဟင်းချက်တိုင်း ရှုံ့မဲ့ရှုံ့မဲ့လုပ်နေတာနဲ့ စာအုပ်ဆိုင် ရောက်တုန်း ဟင်းချက်နည်းစာအုပ်လေးတွေ ကြည့်ဖြစ်တယ်။ စာအုပ်ဆိုင်က Book Off (http://www.bookoff.co.jp/)ဆိုတဲ့ စာအုပ်အဟောင်းရောင်းတဲ့ဆိုင်ပါ။ အဟောင်းဆိုပေမယ့် အသစ်နီးနီးကောင်းတဲ့ အဟောင်းတွေပါ။ တချို့စာအုပ်တွေဆို ပါကင်မဖောက်ရသေးတဲ့ အသစ်တွေပါရှိတယ်။ Book Off မှာ စာအုပ်အတော်များများကို ယန်းတစ်ရာနဲ့ ရောင်းပါတယ်။ ပုံမှန်စာအုပ်အသစ်ဆိုင်ဆိုရင် စာအုပ်တအုပ်ကို အနိမ့်ဆုံး ယန်း၆၀၀က စတယ်။ ဒီတော့ကာ Book Off မှာ ဝယ်ရတာ တန်တယ်လေ။

ရောက်ခါစက ဟင်းချက်တိုင်းနဲ့ ဈေးဝယ် သွားခါနီးတိုင်း အဲဒီစာအုပ်တွေ ဖွင့်ပြီး ခဏခဏ မှတ်ရတယ်။ နောက်ပိုင်းက နဲနဲပါးပါး သိလာတာနဲ့ အဲဒီစာအုပ်တွေ မကြည့်ဖြစ်တာ ကြာပေါ့။ ခုမှ ပြန်သသိရပြီး ထုတ်ကြည့်မိတာ။ ခရုဟင်းချက်ဖို့ လိုတာတွေကလည်း အိမ်မှာအားလုံးရှိတာမို့ အတော်ဘဲဖြစ်သွားတယ်။ ခရုဟင်းအတွက် လိုတာတွေက ___

"အာဆရိ"ခရု --------------------------> ၅၀၀ ဂရမ်
ငရုတ်သီးခြောက်အနီတောင့် ------->၂ တောင့်
ကြက်သွန်ဖြူ -------------------------->၁ မွှာ
ဂျင်း ------------------------------------->အနည်းငယ်
ဆီ --------------------------------------->ဇွန်းကြီး ၂ ဇွန်း
နံနံပင် ------------------------->အနည်းငယ်

ဟင်းခတ် အရသာအတွက်က ___
ဟင်းချက်အရက် --------------------->ဇွန်းကြီး ၂ ဇွန်း
သကြား -------------------------------->ဇွန်းသေး တစ်ဇွန်းခွဲ
ပဲငံပြာရည်အကျဲ --------------------->ဇွန်းကြီး ၁ဇွန်းခွဲ
အသားမှုန့် ---------------------------->အရည်ဖျော် ခွက်တဝက်
(ဇွန်းသေး = 5 cc / ဇွန်းကြီး = 15 cc / ခွက်တဝက် = 100 ml)

ခရုတွေကို ရေစိမ်ထားတဲ့အထဲ ဆားနဲနဲထည့်ပေးရင် အထဲက သဲတွေ ထွက်သွားပါလိမ့်မယ်။ ပြီးရင် အခွံအချင်းချင်း ပွတ်တိုက်ဆေးပြီး ရေစစ်ထားလိုက်တယ်။ ငရုတ်သီးခြောက်ကို အထဲက အစေ့တွေ ထုတ်ပြီး ခပ်ညက်ညက် လှီးထားတဲ့ ဂျင်းရယ် ကြက်သွန်ဖြူရယ်နဲ့အတူ ဆီပူဒယ်အိုးထဲမှာ ဆီသပ်၊ အနံ့မွှေးလာရင် အလယ်အလတ်မီးလောက်ထားပြီး ခရုတွေပါ ထည့်ကြော်တယ်။ အပေါ်က အရသာအရည်စပ်ထားတာကို လောင်းထည့်ပြီး အဖုံးဖုံးထားလိုက်ရင် ခရုတွေ အခွံဟပြီး ပွင့်လာပါတယ်။ ကျက်သွားရင် ပန်းကန်ထဲ ထည့်ပြီး အပေါ်က နံနံပင်လေး အုပ်လိုက်ရင် ရပါပြီ။



Read More...

Sunday, June 28, 2009

ဆရာလည်း ဆရာ၊ တပည့်လည်း တပည့်


(သုံး)

ရစ်နှင့် ဗိုင်းငင်သည်ကို ဆရာမုန်း ရုပ်ပုံထဲမှာသာ တွေ့ခဲ့ဖူးသည်။ ယခုသော် လက်တွေ့မြင်တွေ့ နေရလေပြီတည်း။ ဗိုင်းငင်နေသူသည် ဆရာမုန်းတပည့် ညွန့်ကြည်။ ဗိုင်းတောင့်ကို ဗယ်လက်မှာ ကိုင်၍ ညာလက်ဖြင့် ရစ်ကို လှည့်သည်။ ရစ်တံဝင်ရိုးဗူးတားကလေး အပြင်ဘက်တွင် ချည်များဖြစ်ကာ ရစ်ပတ်လာသည်။ ဝှီးကနဲ ဝှီးကနဲ မြန်လှသည်။ ကြည့်ကောင်းလှသည်။ ခဏအတွင်းမှာပင် ချည်ဝင်တလုံး ရလာသည်။

ညွန့်ကြည်၏ မမက ရက်ဖောက်ယောက်နေသည်။ မိခင်ဖြစ်သူက ယက်ကန်း ရက်နေသည်။ သူတို့ကိုင်ကြသည်က ဝါချည်ဖြူမဟုတ်။ ပင်နိဝါချည်ဖြစ်သည်။ ယက်ကန်းစင်တွင် ရက်နေဆဲ အထည်ပင်လျှင် ပင်နီစဖြစ်လေသည်။ ရိုးရိုးပင်နီဆင်မဟုတ်။ နိုင်ငံခြား ဖော့ကွက်ကို အတုခိုးထားသည့် အဆင်ဆန်း။ အဖုကလေးတွေ အပိန့်ကလေးတွေပေါ်အောင် ရက်နိုင်စွမ်း ရှိလေသည်။

သူတို့တွေအားလုံး အလုပ်ကိုယ်စီဖြင့် လှုပ်ရှားနေကြသည်။ ညွန့်ကြည်၏ ဖခင်ဖြစ်သူ ဦးရင်းနီသာလျှင် ဆရာမုန်းကို ဧည့်ခံ စကားပြောနိုင်တော့သည်။

"လသာတုန်း ဗိုင်းငင် ဆိုပေမယ့် ကျုပ်သမီး ညွန့်ကြည်ကတော့ လမသာလဲ မီးခွက်ထွန်းပြီး ဗိုင်းငင်ရတယ် ဆရာရဲ့။ အမြဲတမ်း သက်ကြီးခေါင်းချ ကြက်တွန်ချိန်မှ အိပ်ရတာချည်းပဲ။ ဒါတောင် 'မှာစ'တွေ ပြီးအောင် ဈေးတပတ်အတွင်း မနည်းကျုံးလုပ်ရတယ်။ ကမ္မဈေးမှာဆို ကျုပ်တို့ ပင်နီစက ဈေးအကောင်းဆုံး ရောင်းအတွင်ဆုံးပဲ ဆရာရယ်"

ဦးရင်းနီက သူတို့၏ မိသားစု လုပ်ငန်းအကြောင်းကို အားပါးတရ ပြောပြလေသည်။

"မညွန့်ကြည်ချည်းဘဲ ဗိုင်းငင်ရသလားဗျာ"

"တာဝန်ကိုယ်စီပေါ့ ဆရာရယ်။ ကျုပ်နဲ့ ကျုပ်သားနှစ်ယောက်က တောင်သူလုပ်ငန်းဘက်မှာ အလုံးစုံ တာဝန်ယူရတယ်လေ။ ပင်နီဝါတွေ စိုက်ပေးရတယ်။ ဝါကောက်တာကအစ အိမ်အရောက် ကျုပ်တို့တာဝန်ပဲ။ ညွန့်ကြည်ကတော့ ဗိုင်းငင်။ သူ့မမ ညွန့်ရီက ဝါကြိတ်၊ ဝါဖတ်၊ ချည်ချ။ ရက်ဖောက်ယောက်၊ ချည်စာနင်း၊ ချည်သေ့ ချည်ဘက်ဆိုင်ရာ အစုံ လုပ်ပေးရတယ်။ သူ့မအေကြီးက ယက်ကန်းဘက်တာဝန်"

"ညွန့်ကြည်က အလျဉ်မီအောင် ဗိုင်းငင်ပေးနိုင်ပါ့မလားဗျာ"

"မီတယ်ဆရာ။ ဆရာ့တပည့်က စိတ်ရှည်တယ်၊ သေသပ်တယ်၊ ဇွဲရှိတယ်၊ ပါရမီလည်းပါတယ် ဆိုနိုင်တယ်ဗျ။ ဒီရွာနဲ့ ပတ်ဝန်းကျင်မှာတော့ ဗိုင်းငင်ပညာမှာ သူ့ကို မမီကြဘူး။ ကုလားချည်ရှုံးအောင် ငင်နိုင်တယ် ဆရာ။ ချည်သေးတယ်။ ချောတယ်။ ခိုင်တယ်။ ပင်နီစ ဝယ်သူတွေက ညွန့်ကြည်ရဲ့ လက်ရာမှ ကြိုက်သတဲ့ ဆရာ။ ဒီတော့ သူ့မမတောင် ဗိုင်းဝင်ပြီး မငင်ရဲအောင် ဖြစ်နေတယ် ဆရာမုန်းရဲ့"

ဆရာမုန်းသည် မိမိတပည့်၏ စွမ်းရည်ကို ဂုဏ်ယူမိသော်လည်း ညွန့်ကြည်ကလေး ဆင်းရဲရှာပါတကားဟု သနားကရုဏာဖြစ်ရသည်။

"မှာစတွေကများ၊ အလုပ်ကလဲ မနိုင်မနင်းနဲ့မို့ ငါ့သမီးရယ် တတိယတန်းအောင်ပြီပဲ။ သေစာရှင်စာ ဖတ်တတ်ပေါ့၊ ကျောင်းထွက်ပါတော့၊ ဗိုင်းငင်တာကိုပဲ ဇောက်ချလုပ်ဖို့ ပြောတာလည်း မရဘူးဗျ။ ကျောင်းလည်းနေမယ် ဗိုင်းလဲငင်မယ်တဲ့။ ကျောင်းမသွားခင်နဲ့ ကျောင်းဆင်းချိန်မှာ မနေမနား ကြိုးစားငင်တော့တာပဲ"

ညွန့်ကြည်သည် အဘယ်ကြောင့် အိမ်စာမလုပ် စာမကျက်နိုင်သည့်အကြောင်း ဆရာမုန်း ကွင်းကွင်းကွက်ကွက် သိမြင် သဘောပေါက်ပါပြီတည်း။ ကျောင်းစာထက် အိမ်လုပ်ငန်းကို အဓိက ထားကြသော ကျေးလက်တောရွာ ကျောင်းသားမိဘများအကြောင်း တွေးမိတော့သည်။ အနာမသိလျှင် ဆေးမရှိ။ ယခု အနာကို သိရပြီ။ ဆေးရှိရတော့မည်ဖြစ်၏။ ညွန့်ကြည်တို့တတွေအား ကျောင်းအိပ်ကျောင်းစား ညကျောင်းသားတွေနှင့် တန်းတူသဘောထားကာ သင်ကြားခဲ့ခြင်းသည် ဆရာမုန်း၏ အမှား ဖြစ်လေသည်။

သူကလေးတို့တတွေ အိမ်တွင် အလုပ်ကိုယ်စီနှင့် မအားလပ်ကြရှာ။ မိသားစု စားဝတ်နေရေးအတွက် တာဝန်ကိုယ်စီ ထမ်းနေကြရရှာသည်။ အိမ်စာအလုပ်များများပေး၍ မဖြစ်ပြီ။ ကျောင်းတက်ချိန်၌ စာသင်ခန်းထဲမှာပင် သင်ခန်းစာ ဟူသမျှကို သိနားလည် သဘောပေါက်သည်အထိ အပြတ်သင်နိုင်အောင် ကြိုးစားရတော့မည်။ ကျောင်းသားများကို အမှီလိုက်နိုင်ရန်အတွက် ကျောင်းချိန်အတွင်းမှာပင် သူတို့ကို အပိုသီးခြား သင်ပေးရဦးမည်။

ညွန့်ကြည်တို့အိမ်မှ ထွက်လာသောအခါ ဆရာမုန်းသည် ပင်နီစ အဆင်ဆန်း ၁၀မျိုးမှ အစငယ်ကလေးများ တောင်းယူလာခဲ့သည်။ ကျောင်းစာသင်ခန်းထဲတွင် စာရွက်ကြီးတရွက်ပေါ်မှာ ကပ်ထားပြီး အမည်နှင့်တကွ ချိတ်ဆွဲပြနိုင်ရန် ဖြစ်လေသည်။ ထို့အပြင် 'ဝါပင်မှ အထည်စသို့' ဟူသော ပန်းချီကားတချပ်ကိုလည်း ရေးဆွဲနိုင်ရန် ဆရာမုန်း စိတ်ကူးပေါ်လာမိသည်။

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

Read More...

Saturday, June 27, 2009

ဆရာလည်း ဆရာ၊ တပည့်လည်း တပည့်


(နှစ်)

"နင်တို့ ဘာအသုံးကျသလဲ။ အိမ်မှာတွက်ဖို့ ဂဏန်းတွေ ပေးလိုက်တယ်။ ပြီးအောင် မတွက်ခဲ့ကြဘူး။ အိမ်မှာကျက်ဖို့ ကျက်စာတွေ ပေးလိုက်တယ်။ ရအောင် မကျက်ခဲ့ကြဘူး။ စာတွေရေးဖို့ လေ့ကျင့်ခန်းတွေ ပေးလိုက်တယ်။ တယောက်မှ အပြီးသတ်အောင် မရေးခဲ့ကြဘူး။ တို့က အပတ်စဉ် သင်ရိုးမာတိကာအတိုင် သွားရမှာ။ မတွက်လို့ မရလို့ မရေးခဲ့လို့ဆိုပြီး စောင့်နေလို့မရဘူး။ ဒီအတိုင်း မဖြစ်တော့ဘူး။ ဒီလိုပုံနှင့် မိုးကြီးချုပ်လျှင် ကျန်ုပ်အိမ်သို့ မပြန်နိုင်ပါ ဆိုသလို စာမေးပွဲ ကျကြတော့မှာဘဲ။ အဲ... ကျောင်းနဲ့ဆရာ နာမည်အပျက်တော့ မခံနိုင်ဘူး။ နက်ဖြန်ခါကစပြီး ကြိမ်သုံးရတော့မယ်။ မနာချင်ယင် တွက်ခဲ့ကြ၊ ရေးခဲ့ကြ၊ ကျက်ခဲ့ကြ။ အားလုံး နားလည်ကြရဲ့လား"

"နားလည်ပါတယ် ဆရာ"

စောဥ၊ ကြည်ညွန့်၊ မိစန်း စတုတ္ထတန်းမှ မိန်းကလေး သုံးယောက်တို့သည် ဆရာမုန်း၏ရှေ့ဝယ် မတ်တပ်ရပ်လျက် ရှိကြ၏။ ဆရာ ဆူသမျှကို ငြိမ်ငြိမ်လေး ခံယူလျက် ရှိကြသည်။ ဝမ်းနည်းလွယ်တတ်သူ စောဥမှာ မျက်ရည်များ ဝေ့လျက် ရှိနေတော့၏။

"ဒီအထဲ တင်ထွေးဆိုတဲ့ကလေးမက ကျောင်းမလာတာ လေးငါးရက်ရှိသွားပြီ။ ဘာတွေများ အလုပ်ရှုပ်နေတယ် မသိဘူး။ ကျောင်းပျက်တာကို ခွင့်တိုင်ရကောင်းမှန်း မသိကြဘူး"

"တင်ထွေးက ကျောင်းထွက်ပြီတဲ့ ဆရာ"

"ဟေ"

စောဥက ဝင်ပြောလိုက်သည်တွင် ဆရာမုန်း ပါးစပ်အဟောင်းသားနှင့် တအံ့တဩ ဖြစ်သွားမိသည်။

"ဟင် ဒီလို ဘယ်ရမလဲ။ တို့ကျောင်းက ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်ထွက်လို့ရတယ်များ ထင်နေကြသလား မသိဘူး။ နွားမခြံတောင် သူ့အချိန်အကန့်အသတ်နဲ့ဝင်ထွက်ရတာ။ အင်း နင်တို့ မိဘတွေဆီကို လာတွေ့ရဦးမယ်။ ကဲ ထိုင်ကြ"

စတုတ္ထတန်းတွင် ပြဿနာအဖြစ်များသည်က မိန်းကလေးများသာတည်း။ ယောက်ျားကလေးများက ကျောင်းအိပ်ကျောင်းစား ဖြစ်ရကား ဆရာမုန်းနှင့် ထာဝရ မကွဲမကွာ ရှိနေကြသည်။ စာကျက်ချိန်တွင် မကျက်မနေရ။ သင်္ချာတွက်ချိန်တွင် မတွက်မနေရ။ အိမ်စာလေ့ကျင့်ခန်း လုပ်ချိန်တွင် မလုပ်မနေရ။ ထိုအခါ သင်ခန်းစာ အလျဉ်မှီနေကြသည်။ အရှိန်ပါနေကြသည်။

မိန်းကလေး လေးဦးမှာမူကား အခြေအနေအရ အခွင့်မသာသဖြင့် ညကျောင်း မတတ်နိုင်ကြ။ ရွာနှင့် ကျောင်းကြားတွင် ချောင်းကျယ်ကြီး ခြားနေ၏။ ဘုန်းတော်ကြီးကျောင်းတွင် ညအခါ မိန်းကလေးများနှင့် မသင့်လျော်။ ထို့ကြောင့် သူတို့ကို အိမ်စာပေးလိုက်ရသည်။ ကျက်ရန်စာ၊ တွက်ရန်သင်္ချာ၊ ရေးသားဖြေဆိုရန် သင်ခန်းစာများကို နေ့စဉ် စီစဉ်ပေးရသည်။ သို့သော် မတွက်၊ မကျက်၊ မရေးခဲ့ကြသည်က များ၏။ သင်ခန်းစာ အလျင်မမှီ။ အရှိန်မပါ။ ထိုအခါ အညံ့စာရင်းသို့ အလိုလို ဝင်သွားလေတော့သည်။

မဖြစ်ချေပြီတည်း။ သူတို့မိဘများနှင့် တွေ့ဆုံ ဆွေးနွေးရမည်။ အိမ်မှာ စာကျက်ရန်၊ သင်္ချာတွက်ရန်၊ လေ့ကျင့်ခန်းလုပ်ရန် မိဘများက ကြပ်မကွပ်ကဲပေးကြရန် နှိုးဆော်ပေးရမည်။

အဖိတ်နေ့မှာပင် ဘုန်းတော်ကြီးကျောင်းမှ ရွာသို့ ထွက်လာခဲ့၏။ ရှေးဦးစွာ ကျောင်းထွက်ပြီဆိုသော တင်ထွေးတို့အိမ်သို့ မေးမြန်းဝင်ရသည်။ အိမ်ဟုဆိုသော်လည်း ထန်းတဲတခုသာ ဖြစ်၏။ ရွာအစွန် ထန်းတောထဲတွင် ဆောက်ထားလေသည်။

ကလေးငယ်ကို ခါးထစ်ခွါချီလျက် ထန်းပင်များအောက်တွင် ထန်းပလက်ခွါနှင့် ထန်းစစ်များ လိုက်လံရှာဖွေ ထင်းစုနေသော တင်ထွေးကို တွေ့ရလေသည်။

"ဟာ ဆရာ တဲထဲသွားနှင့်ဆရာ။ အမ ထန်းလျက်ချက်နေတယ်။ ကျွန်မလည်း လာခဲ့ပါ့မ ဆရာ"

တင်ထွေးမှာ မမျှော်လင့်ပဲ ဆရာမုန်းကို တွေ့လိုက်ရသဖြင့် ပျာပျာသလဲ ဖြစ်သွားလေသည်။

"မတင်ထွေး ကိုယ့်အလုပ်ကိုသာ ပြီးအောင်လုပ်ပါ။ ဆရာ့အတွက် အနှောက်အယှက် မဖြစ်ပါစေနဲ့"

ထန်းပင်ပေါ်တွင် ထန်းလှီးနေသူသည် သူ့ဖခင် ဖြစ်ဟန်တူသည်။ တဲထဲတွင် ထန်းလျက်ချက်နေသော သူ့မိခင်ကိုလည်း တွေ့ရသည်။ တင်ထွေးမိခင်က အသင့်ရှိနေသော ရေနွေးကြမ်း၊ ထန်းလျက်ဖြူဆုပ်တို့ဖြင့် ဧည့်ခံလေသည်။ ဖခင်ဖြစ်သူကလည်း ထန်းရည်ချိုတမြူကို ဆွဲလျက် ဝင်လာသည်။

"ကျုပ်ကိုတော့ ခွင့်ပြုပါဦးဆရာ။ ထန်းလှီးလက်စနဲ့မို့"

"သွားပါ သွားပါ ကျွန်တော်လာတာကလည်း အလည်သက်သက်ပါ။ ကိစ္စအထူးအထွေ မရှိပါဘူး"

တင်ထွေး၏ဖခင် ပြန်လည်ထွက်ခွါသွား၏။ ခေတ္တအကြာ ထန်းပင်ပေါ်သို့ ရောက်သွားကာ သီချင်းအော်ဆိုသည်ကို ကြားလိုက်ရသည်။

"ကျွန်တော်လာတာက မတင်ထွေး ကျောင်းလေးငါးရက် ဆက်ပျက်နေလို့ နေမကောင်းများ ဖြစ်နေသလားလို့ လာမေးတာပါ"

"ဪ တင်ထွေးကျောင်းပျက်တာလား။ ဘာမှမဖြစ်ပါဘူးဆရာ။ သူကပြောတော့ ကလေးပါခေါ်ပြီး ကျောင်းတက်မဖြစ်လို့တဲ့။ နေ့တိုင်းဘဲ ကျောင်းတက်ချင်နေတာ"

"ဖြစ်ရလေဗျာ"

ဆရာမုန်း ငြီးငြူမိသည်။

"ကျုပ်တို့လည်း သူ့ကို ကလေးအထိန်း မခိုင်းချင်ပါဘူး ဆရာ။ မဖြစ်လွန်းလို့ပါ။ ရှင်းရှင်းပြောပါရစေတော့။ ကျုပ်တို့မိသားစုမှာ အလုပ်မနိုင်လွန်းလို့ တင်ထွေးကို ကျောင်းထားနိုင်တဲ့ အခြေအနေ မရှိပါဘူး။ သူ့အဖေက ထန်းတက်။ ကျုပ်က ထန်းလျက်ချက်။ ကလေးတွေက တင်ထွေးပါဆို လေးယောက်။ ရှေ့ဆင့် နောက်ဆင့်ဆိုတော့ သူဘဲ ဒိုင်ခံ ထိန်းကျောင်းရရှာတယ်။ အဲ တင်ထွေးက ကျောင်းနေချင်လွန်းလို့သာ ကလေးထိန်းရင်း ကျောင်းတက်ခွင့်ပြုရတာပါ။ ခုတော့ ကလေးအပို မခေါ်ရဘူးဆိုတော့ သူ့ခမျာ ကျောင်းမတက်ရဲတော့တာပါ ဆရာ။ နေမကောင်းမရှိပါဘူး"

ကျောင်းနေချင်လွန်းသည့် ကျောင်းသူတယောက် ဆုံးရှုံးတော့မည်မှာ လက်မတင်လေး လိုတော့သည်ဟု ဆရာမုန်း အထိတ်တလန့် ဖြစ်သွားမိသည်။ ယခင်က ကလေးတို့၏ အခြေအနေမှန်ကို မစူးစမ်းခဲ့မိတကားဟု နောင်တရမိသည်။ နဂိုကမူ ကလေးငယ်များ ခေါ်လာရခြင်းသည် အလိုစလိုက်၊ အလားစလိုက် အပျော်သက်သက် အကြောင်းမဲ့ခေါ်လာသည်ဟု ဆရာမုန်း အထင်မှားခဲ့မိ၏။ ယခုမှ မခေါ်မဖြစ်၍သာ ခေါ်လာရကြောင်း လက်တွေ့ သဘောပေါက်ရလေပြီ။

စာသင်ခန်းအတွင်း၌ ကလေးများ ဆူပူငိုယိုခြင်း ကိစ္စနှင့် ချေးသေးပြဿနာတို့သည် ကျောင်းနေချင်ပါလျက်နှင့် မနေရရှာပဲ ပညာရေး အညွန့်တုန်းရသည်ထက်စာလျှင် ဘာမျှမဟုတ်တော့ချေပြီ။ ပညာလိုသော ကလေးတိုင်း ပညာသင်ချိန်အရွယ်၌ ကျောင်းနေပိုင်ခွင့်ရှိရန် ဆရာမုန်း အတတ်နိုင်ဆုံး ကူညီတော့မည်ဟု သန္နိတ်ဋ္ဌာန်ချလိုက်မိသည်။

တင်ထွေးသည် ကလေးငယ်ကိုချီလျက် တဲထဲသို့ ဝင်လာသည်။

"တင်ထွေး နင် ကျောင်းတက်ပါ။ ကလေးပါ ခေါ်ခဲ့ပေတော့။ ဆရာ ခွင့်လွှတ်တယ်"

တင်ထွေး၏ အပြစ်ကင်းစင်သော မျက်နှာကလေး ဝင်းထိန်ရွှန်းလက်သွားသည်ကို ဆရာမုန်း တွေ့မြင်ပီတိဖြစ်ရလေတော့သည်။

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

Read More...

Friday, June 26, 2009

ဆရာလည်း ဆရာ၊ တပည့်လည်း တပည့်


'အိမ်ပြောင်းပြီးကတည်းက ဆရာမုန်း စာအုပ်ကို ဆက်ရိုက်ဖို့ မေ့နေတာ ဒီနေ့မှ သတိတရ ပြန်ရိုက်ဖြစ်တော့တယ်။ မျှော်နေသူများရှိရင်လည်း "ဂေါ့မဲန်းနဲ~"။းD စာရိုက်ကလည်း နှေးပါတယ်။ အာရုံတွေကများသလို ဆင်ခြေလည်း များပါတယ်။ ဒါကြောင့် ဆရာမုန်း ဝတ္ထုတိုပေါင်းချုပ်ကို မုဒ်ဝင်ရင် ဝင်သလို ဆက်ရိုက်သွားပါမယ်လို့'

XXXXX


(တစ်)

အရေးကောင်း ဒိန်းဒေါင်းဖျက်ဟု ဆိုရပေမည်။

တတိယတန်းတွင် နေ့နှင့်ညဖြစ်ပေါ်ခြင်း သင်ခန်းစာကို ရှင်းလင်းပြောပြ သင်ကြားနေစဉ် မိကြည်ဝင်းနှင့်အတူပါလာသော နှစ်နှစ်သားကောင်လေးက ကျူကျူပါအောင် ထငိုလေတော့သည်။ မိကြည်ဝင်းသည် သူ့မောင်ငယ်လေးကို ချော့မော့သည်။ မရ။ ခြောက်လှန့်သည် မတိတ်။ ငိုသံကလည်း ကလေးအရွယ်နှင့် မလိုက်အောင်ပင် ကျယ်လောင် စူးရှလွန်းသည်။ ရှင်းလင်းပြောပြ သင်ကြားနေသော ဆရာမုန်း၏အသံကိုပင် ဖုံးလွှမ်းနိုင်စွမ်း ရှိပေသည်။ မိကြည်ဝင်းသည် ဆရာကို အားနာသော မျက်နှာငယ်ကလေးနှင့် ကြည့်နေရှာသည်။ သူ့ဆန္ဒအရမူ အပြင်လွတ်ရာသို့ ကလေးကို ခေါ်ထုတ်သွားလိုလှ၏။ သို့သော် သင်ခန်းစာ သင်နေဆဲဖြစ်သော ဆရာမုန်းကို ကြောက်နေသည်။ ဆရာက ခွင့်မပြုပဲ အပြင်သို့ ထွက်ခွင့်မရှိပေ။


သမိုင်းကို ဖတ်ရှုနေသော စတုတ္ထတန်း ကျောင်းသူကျောင်းသားများပင် ကလေးငိုသံကို အာရုံစူးစိုက်လာကြရကား စာဖတ်သံ တိတ်သွားသည်။ ဆရာမုန်း ဒေါသထွက်သွားမိသည်။ သင်ခန်းစာ အသင်ပျက်ရလေပြီ။

"မကြည်ဝင်း၊ နင့်မောင်ကလေးကို အပြင်ခေါ်ချော့စမ်း။ အငိုတိတ်မှ ပြန်ဝင်ခဲ့"

မိကြည်ဝင်းသည် ကလေးကို စာသင်ခန်းနှင့် ဝေးရာ အပြင်ဘက် ခက်လှမ်းလှမ်းသို့ ခေါ်သွားလေသည်။ ဤအခါကျမှ ဆရာမုန်းသည် သင်လက်စ သင်ခန်းစာကို ဆက်လက်သင်ကြားရတော့သည်။ သို့သော် အရှိန်ပျက်သွားချေပြီ။ ဆရာမုန်း အားမရတော့ပြီ။ ကလေးတို့၏ ပျံ့လွင့်နေသော စိတ်အာရုံကို ပြန်လည်စုစည်းရန် မနည်းကျိုးစားယူနေရတော့၏။

တတိယတန်း သိပ္ပံဘာသာရပ်ပါ နေ့နှင့်ည ဖြစ်ပေါ်လာပုံ သင်ခန်းစာသည် အလွန့်အလွန် အရေးကြီးသည်ဟု ခံယူထားသည်။ ထိုသင်ခန်းစာသည် ကမ္ဘာမြေကြီး လုံးကြောင်းနှင့် လည်ကြောင်းကို အခြေခံထားသည်။ ကမ္ဘာမြေကြီး လုံးကြောင်းနှင့် လည်ကြောင်းကို သိနားလည်ပါမှ နေ့နှင့်ည ဖြစ်ပေါ်ရခြင်းကို ဆက်လက်သင်ကြားဖြစ်နိုင်သည်။

ဆရာမုန်းတွင် ကိုယ်တွေ့ကြုံထားချက် များစွာရှိသည်။ ယနေ့ အသက်၄၀ကျော် လူကြီးအတော်များများက ကမ္ဘာမြေကြီး လုံးသည် လည်သည်ဆိုလျှင် ပျက်ရယ်ပြု ရယ်သွမ်းလိုကြပေသည်။ လကမ္ဘာပေါ်သို့ လူရောက်နိုင်ရန် ကြိုးပမ်းနေသည့်အပြင် စကြဝဠာအနှံ့ ဂြိုလ်များစွာတို့ကို သုတေသနပြုကာ အသစ်အသစ်သော သိပ္ပံပညာရပ်များ နေ့စဉ်နှင့်အမျှ ပေါ်ထွက်နေစဉ်တွင် ကျွန်ုပ်တို့က ဘာမျှ စူးစမ်းခြင်း မရှိပဲနှင့် ရသေ့ရှစ်သောင်း ဆရာကောင်းတို့ စကြဝဠာတံတိုင်းမှ ရေကူးခဲ့သည်ဆိုသော အာဒိကပ္ပကျမ်းလာ လေးကျွန်း တမြင့်မိုရ်နှင့် ဖွဲ့ထားသည့် ကမ္ဘာပြားကြီးဟု အငြင်းသံနေကြပါလျှင် အဘယ်မှာ သိပ္ပံနည်းကျတော့အံ့နည်း။ တိုးတက်နိုင်ပါအံ့နည်း။ ကမ္ဘာ့အလယ်တွင် ရှက်ဖွယ်လိလိရှိပေစွ။

ရှိစေတော့။ လူကြီးပိုင်းတွေအတွက် ဆရာမုန်းတာဝန်မဟုတ်ဟု ရှောင်တွေးလျှင် ဖြစ်နိုင်ပေ၏။ ကလေးများ မတွေဝေပဲ သိပ္ပံအသိရှိစေရန်ကား ဆရာမုန်းအတွက် မလွှဲရှောင်သာသော သမိုင်းပေးတာဝန်ပေတည်း။ သူကလေးတို့တတွေ အသိတရားမှန်မှ သိပ္ပံနည်းကျကျ စဉ်းစားတွေးခေါ်တတ်မှ သိပ္ပံအသိရှိကြမှ အနာဂတ် မြန်မာ့သမိုင်းသည် လှပချိမ့်မည်။ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ချိမ့်မည်။ စက်မှုနိုင်ငံဖြစ်နိုင်လိမ့်မည် မဟုတ်ပါလော။ အစကောင်းမှ အနှောင်းသေချာမည်။

ထို့ကြောင့် တတိယတန်း ကလေးတို့အား ကမ္ဘာမြေကြီး လုံးကြောင်းနှင့် လည်ပတ်ခြင်း နှစ်မျိုးကို သင်နည်း အထောက်အကူပစ္စည်း အပြည့်အစုံနှင့် ဥပမာ ဥပမေယျ အမျိုးမျိုး ထုတ်ဖော်သက်သေပြုကာ သဘာဝကျကျ သင်ကြားနေခဲ့သည်။ ကလေးထငိုလိုက်သံဖြင့် အရှိန်ပျက်သွားရသည်။ ဆရာမုန်း အားမလို အားမရ ဖြစ်ရသည်။ မနက်ဖြန်မှ ဆက်လက်သင်ကြားတော့မည်ဟု အချိန်ရွှေ့ဆိုင်းလိုက်ကာ ကမ္ဘာလုံးကြီးပုံ ဆွဲကြရန် တာဝန်ပေးခဲ့ရလေသည်။

စတုတ္ထတန်းသို့ သွားကာ သင်္ချာဘာသာ ဆက်လက်သင်ကြားရသည်။ တပည့်များ သင်္ချာတွက်ကောင်းနေဆဲတွင်

"ဟယ်!! ကလေး နောက်ဖေးတွေ သွားနေပြီ။ တင်ထွေး ညည့်ကလေးကြောင့် ငါ့လွယ်အိတ် ပေကုန်ပြီ။ ဟောတော့ စာအုပ်တွေရော လျော်ပေး တင်ထွေး လျော်ပေး"

ခင်မေထားက အထိတ်တလန့် ထအော်လိုက်သည်။ စတုတ္ထတန်း ကလေးများသည် ပြောင်းကြ ရွှေ့ကြနှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ သင်္ချာတွက် ပျက်သွားလေတော့၏။ ဆရာမုန်းသည် တင်ထွေး၏ ညီမလေးကို လှမ်းကြည့်လိုက်မိ၏။ တကိုယ်လုံး မစင်တွေပေကျံနေသည်။ ကြမ်းပြင်မှာရော ခုံတွေမှာပါ။ ကလေးလက်နှင့် ထိထားသော ခင်မေထား၏ လွယ်အိတ်နှင့် စာအုပ်များလည်း မလွတ်ပါချေ။ သာမန် သုတ်သင်ရှင်းလင်းရုံဖြင့် မရ။ ကလေးကို ရေချိုးပစ်ရမည်။ ကြမ်းပြင်နှင့် ခုံများကို ရေဆေးချရမည်။ ခင်မေထား၏ လွယ်အိပ်ကို လျှော်ပစ်ရမည်။ စာအုပ်များကိုကား ရေဆေး၍မဖြစ်။ အဝတ်နှင့် တတ်နိုင်သမျှ သုတ်ပစ်ရမည်။ စင်ကောင်းပါ၏ဟု မျှော်လင့်ရပေသည်။

"ဒုက္ခပါပဲဟာ။ တင်ထွေးက ကလေးကို ရေချိုးပေးချေ၊ ခင်မေထားရဲ့ လွယ်အိတ်ပါယူသွား။ ဆောင့်လျှော်ခဲ့။ ညွန့်ကြည်ပါ အဖော်လိုက်သွားစမ်းဟာ၊ တတ်နိုင်သလောက် ကူပေးလိုက်စမ်းပါ။ ကိုရင်စံမောင် နဲ့ ကိုရင်မောင်လတ်တို့က ရေတထမ်း သွားထမ်းကြ"

မတတ်နိုင်ပြီ။ ကိုရင်များဖြစ်သော်လည်း ခိုင်းရတော့သည်။ အကြီးဆုံး နိုင်နိုင်နင်းနင်းဟူ၍ သူတို့သာရှိချေသည် မဟုတ်ပါလော။ ကိုရင်နှစ်ပါးမှာ တင်ထွေး၏ ကလေးကြောင့် အကြောင်းမဲ့ ရေတထမ်း သွားထမ်းရမည်ဖြစ်သဖြင့် မျက်နှာ မသာယာလှချေ။ ခင်မေထားလည်း စာအုပ်များကို သုတ်သင် သန့်ရှင်းယင်း နှာခေါင်းတရှုံ့ရှုံ့ ရှိနေပေတော့သည်။

ရေတထမ်း ရောက်လာသောအခါ ဆရာမုန်းနှင့်တကွ စတုတ္ထတန်း ကျောင်းသူကျောင်းသားများ စုပေါင်းသန့်စင်ရေး ဝိုင်းဝန်းလုပ်ဆောင်ကြရ၏။ စာသင်ခန်းတခန်းလုံး ရေတွေ ရွှဲရွှဲစိုသွားတော့သည်။ နေ့လည်ပိုင်း သင်္ချာချိန် သင်ကြား၍ မဖြစ်နိုင်တော့ချေ။ ရေခြောက်အောင် စောင့်ရတော့မည် ဖြစ်သဖြင့် ခေတ္တအားလပ်ချိန် ပေးထားလိုက်ရတော့၏။

ဆရာမုန်းသည် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆင့်ထံသို့ သွား၍ ထိုပြဿနာကို တင်ပြဆွေးနွေးရတော့၏။

"ဆရာတော် သင်တုန်းကတော့ အပိုကလေး မခေါ်ခဲ့ရဘူး။ ဆရာရောက်လာတော့ ခေါ်နိုင်တယ်ထင်ပြီး ခေါ်လာကြတာ။ ဒီကိစ္စ ဆရာ့ကို မပြောမိဘူး။ ဆရာ သင့်သလိုသာ စီမံပါ ဆရာ။ ဆရာ့အတန်းသားတွေဘဲ။ ဆရာ့ သဘောတခု လွှဲပါတယ်"

ဆရာမုန်းသည် ညနေကျောင်းဆင်းခါနီးတွင် မိမိအတန်းသားများကို ကြေညာချက်တရပ် ထုတ်ပြန်လိုက်ရတော့၏။

"ကျောင်းသို့ စာရင်းမဝင်သေးသော ကလေးများကို လုံးဝခေါ်ခွင့်မပြု"

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

Read More...

Wednesday, June 24, 2009

Tobu World Square - 3


အချိန်က ဘယ်လောက်မှ မကျန်တာနဲ့ အမေရိကဇုံထဲ အပြေးသွားပြီး ဓာတ်ပုံတွေ မြန်မြန်ရိုက်ရပါတယ်။ ဂျပန်ဇုံထဲမှာတုန်းကလို သေချာမကြည့်နိုင်တော့ပါဘူး။ ခပ်ကြီးကြီးတွေဘဲ ရိုက်ရတော့တယ်။ အာရှဇုံထဲမှာ အာနန္ဒာဘုရားပုံစံငယ်ရှိတယ်လို့ အဝင်ဝမှာတုန်းက senseiက ပြောတာမို့ အဲဒီဘက်ကို အမှီသွားမယ် ဆုံးဖြတ်မိပေမယ့် အချိန်က ၁၅မိနစ်တောင် မကျန်ချင်တော့ဘူး။
နယူးယော့က "လေဘာတီရုပ်ထု" "Chrysler Building" "World Trade Center"



"နယူးယော့မြို့မှ ကြိုဆိုပါ၏"


"ကားတွေလဲ တိုက်နေလေရဲ့!"


"အိမ်ဖြူတော်"


အမေရိကဇုံကထွက်တော့ အီဂျစ်ဘက် ရောက်ပါတယ်။
"အီဂျစ်ကန္တာရထဲက သစ်ကုလားအုပ်တွေ"


"စဖင့်ရုပ်တု"


"ပိရမစ်"



ပြီးတော့ ဥရောပဇုံထဲ ရောက်တယ်။ အဲဒီမှာကျမှ ပိုပြီး စိတ်ဝင်စာဖို့ကောင်းလိုက်တဲ့ ပုံစံငယ်တွေအများကြီးဘဲ။ ၂၅ပုံချုံ့ထားတာတောင် အတော်ကြီးကြီးမားမားတွေ များတယ်။
"Colosseum (အီတလီ)"


ရောမက "St. Peter's Basilica"


"ပီစာမျှော်စင် (အီတလီ)"


"အီဖယ်မျှော်စင် (ပြင်သစ်)"


"Milan Cathedral (အီတလီ)"


"Palace of Versailles (ပြင်သစ်)"

နဲနဲဘဲ ကြည့်အပြီးမှာ ဆရာ/ဆရာမတချို့က ကားစီပြန်တော့ဖို့ လိုက်သတိပေးနေပါတယ်။ နာရီကြည့်လိုက်တော့ သတ်မှတ်တဲ့ အချိန်ပြည့်ဖို့ ၅မိနစ်သာသာလောက်ပဲ ကျန်တော့တယ်လေ။ လက်လှမ်းမီရာလေးတွေသာ အပြေးရိုက်ရတော့တယ်။ စိတ်ထဲမှာတော့ အာရှဇုံထဲ မမှီတော့ဘူးဆိုပြီး စိတ်မကောင်း ဖြစ်ချင်လာတယ်။
"Dover ရဲတိုက် (အင်္ဂလန်)"


"Arc de Triomphe (ပြင်သစ်)"


စပိန်က "Sacred Family Church"

ကျမကို ကင်မရာပေးပြီး ဟိုဟိုဒီဒီလိုက်ကြည့်နေတဲ့ အိမ်ကြီးရှင်က နောက်နားရောက်လာပြီး ဟိုဘက်မှာ မြန်မာပြည်က ဘုရားရှိတယ် အမြန်သွားရိုက်ချေ၊ ပြီးရင် ကားဆီအမြန်ပြန်မယ်လို့ ပြောလာတာနဲ့ အပြေးကလေး သွားရိုက်ရတယ်။ အဲဒီမှာ စပြီးရိုက်မိတာက ဒီအောက်က ပုံစံငယ်။ မြန်မာက ဘုရားတဆူမှတ်နေတာ နောက်မှသိတယ် အဲဒါ အန်ကောဝတ်ကျောင်းတော်ပါတဲ့။ ဒုံ'တာလေ။ :P
ကမ္ဘောဒီးယားက "အန်ကောဝတ် ကျောင်းတော်"


မြင်ချင်လှပါတဲ့ တို့မြန်မာပြည်က "အာနန္ဒာဘုရား"


အာနန္ဒာဘုရားကိုတွေ့ရမှ စိတ်ချမ်းသာသွားတာ အမှန်။ တခြားအာရှက ပုံစံငယ်တွေကြည့်ဖို့ အချိန်မရတော့ပါဘူး။ ပြန်လှည့်မထွက်ခင် အာနန္ဒာဘုရားဘေးဘက်က ပုံစံငယ်တခုကို လှမ်းရိုက်ခဲ့တယ်။ ဘာရယ်မှန်းတော့သိဘူး။ နောက်မှ အင်တာနက်ထဲ ပြန်ရှာကြည့်ရတယ်။
"အီရန်က အဆောက်အဦ၊ ဘုရားကျောင်းလို့ ထင်တာဘဲ"


ကားပေါ်လည်း အရောက် သတ်မှတ်အချိန်လည်း အတိပါဘဲ။ ကမန်းကတန်းမို့ အားလုံးမကြည့်ခဲ့ရပေမယ့် ကိုယ့်နိုင်ငံကဘုရားကို မြင်ခဲ့ရတာမို့ စိတ်တော့ကျေနပ်ခဲ့ပါတယ်။ ဒါတောင်မှ ဘာလို့ ရွှေတိဂုံဘုရားကျတော့ မရှိရတာလဲလို့ ခုထိ တွေးနေမိတယ်။

(Tobu World Square ရဲ့ Homepageမှာ ပုံတချို့တဝက် ရှိပါတယ်။ http://www.tobuws.co.jp/default_en.html)

Read More...

Sunday, June 21, 2009

Tobu World Square - 2


နစ်ကိုးက တောတွေ တောင်တွေ ဝိုင်းနေတာမို့ နဲနဲစိမ့်ပြီး အေးလာတယ်။ ကျမက အင်္ကျီ၂ထပ်မို့ သိပ်မအေးပေမယ့် ရှပ်လက်ရှည်တထပ်တည်းဝတ်ထားတဲ့ အိမ်ကြီးရှင်ကတော့ ချမ်းလာပါပြီ။ ပုံစံငယ်လေးတွေကလည်း တော်တော်ကို အသက်ဝင်ပါတယ်။ အပင်လေးတွေအားလုံးက ဘွန်းစိုင်းလုပ်ထားတဲ့ အပင်အစစ်တွေပါ။ တော်တော်လေးကို လက်ရာမြောက်အောင် လုပ်ထားတာမို့ ပုံစံငယ်တခုရှေ့ရောက်တိုင်း စိမ်ပြေနပြေ ကြည့်ချင်မိတယ်။
"ဘူတာရုံ"


"ရထားလာနေပါပြီ"


"ကားတွေခဏရပ်ပါ"


"ဟော့ကိုင်းဒိုးက ရှေးဟောင်းအစိုးရရုံး"


ဟိုဓာတ်ပုံရိုက် ဒီဓာတ်ပုံရိုက်နဲ့ ဂျပန်ရဲ့ ရှေးဟောင်းဇုံထဲမှာ မိနစ်၂၀လောက် ကြာသွားတယ်။ Tobu World Squareရဲ့ ငါးပုံ တပုံစာဘဲ ရောက်သေးတာမို့ နာရီကြည့်ပြီး မဖြစ်ချေဘူးဆိုပြီး သုတ်ခြေတင်ရတော့တယ်။
"တိရိစ္ဆာန်ဥယျာဉ်နဲ့ ကစားကွင်းဘက် ခပ်မြန်မြန်ပြေး"


"ဆင်တွေ၊ ကြံ့တွေ၊ မြင်းကျားတွေ၊ သစ်ကုလားအုပ်တွေ၊ အကောင်ပလောင်တွေ"


"ဒီခွက်လေးတွေကြည့်ပြီး Disneylandမှာ ချာချာလည် မူးခဲ့တာ ပြန်သတိရတယ်"


"ချားစီးကြမလားရှင့်"


အဲဒီဘက်ကနေ ဆက်လျှောက်လာတော့ ခေတ်သစ်ဂျပန်ဇုံထဲ ရောက်သွားပါတယ်။ ပထမဆုံး ဘယ်ဘက်မှာတွေ့လိုက်ရတာက "ဂျပန်ပြည်သူ့လွှတ်တော်" (国会議事堂)ပါ။



တိုကျိုဘူတာ (ဝေးဝေး)


တိုကျိုဘူတာ (နီးနီး)


"တိုကျိုတာဝါ"


"Imperial Hotel, Tokyo"


"Tokyo Dome"


"New Tokyo International Airport, Terminal 2"






"Tokyo National Museum"


ဂျပန်က "ရော်ရောဂိ အမျိုးသားအားကစားရုံ / Yoyogi National Stadium"


"ဖူဂျီမာရု အပျော်စီး သင်္ဘော"


"ယိုကိုဟားမား သင်္ဘောဆိပ်ပါတဲ့"


"လှေလေးတွေကိုလည်း controlလုပ်ပြီး သွားခိုင်းထားတယ်"


"အနောက်မှာ ရေလွှာစကိတ်စီးနေတဲ့ လူရုပ်သေးသေးလေးလဲ ပါတယ်"


"ခေတ်သစ်ဂျပန်ဇုံကနေ အဝေးပြေးလမ်းမကတဆင့် အမေရိကဇုံဘက်ကို ဆက်သွားပါဦးမယ်"


(ဆက်ရန်...)


Read More...

Friday, June 19, 2009

Tobu World Square


တနှစ်တခါ အတန်းကနေ နေ့ချင်းပြန် ခရီးသွားလေ့ရှိတာ မနှစ်ကတော့ "ယူဂဝရ"ရေပူစမ်း (湯河原温泉)ကို သွားဖြစ်ခဲ့တယ်။ ဒီနှစ်တော့ "နစ်ကိုး" (Nikkō / 日光市) မှာရှိတဲ့ "တိုးဘု ဝေါ်လ်စကွဲ" Tobu World Square (東武ワールドスクウェア)ကို သွားခဲ့ပါတယ်။ ဒီတခေါက်တော့ "နစ်ကိုး"ကို မရောက်ဖူးတာကြောင့် အိမ်ကြီးရှင်က သူလဲလိုက်မယ်ဆိုတာနဲ့ formထဲ ၂ ယောက်စာဖြည့်ပေးလိုက်တယ်။ မနက် ကိုးနာရီလောက်မှာ စုရပ်ကနေ စထွက်ဖြစ်တယ်။ တိုကျိုက စထွက်လာကတည်းက မိုးက ခပ်အုံ့အုံ့ရယ်ပါ။ ဒီမှာ ၆လပိုင်းရောက်ပြီဆို "ဥကိ"(雨季)မို့ မိုးရွာတဲ့ရက်တွေ များတယ်။ ခရီးမသွားခင်ကတည်းက မိုးရွာလည်း သွားဖြစ်မယ်လို့ ကြေညာထားပေမယ့် အဲဒီရက်မှာ နေရောင်လေး ကွက်ကြား ကွက်ကြား ထွက်နေတာမို့ စွတ်စွတ်စိုစို ဖြစ်မနေပါဘူး။


ဒီတခါ bus guide က တော်တော်လေး စကားပြောနိုင်ပါတယ်။ ပထမတော့ ဂျပန်စာ အတန်းက နိုင်ငံခြားသားတွေဆိုပြီး ဂျပန်လို နားမလည်မှာ စိတ်ပူလို့ အကြိမ်ကြိမ် မေးနေပါသေးတယ်။ ပြီးမှ ဆရာ/ဆရာမတွေက ဂျပန်စကား လုံးဝမတတ်သူတွေ မဟုတ်ပါဘူးလို့ ရှင်းပြမှ သူ့မှာ စိတ်အေးလက်အေးနဲ့ ခရီးလမ်းကြောင်းတလျှောက်က သဘာဝ ပတ်ဝန်းကျင်အကြောင်းနဲ့ သွားမယ့်နေရာအကြောင်းတွေကို စိတ်ဝင်စားအောင် ပြောပြတယ်။

ပြီးတော့ ထုံးစံအတိုင်း Bingo ဆော့ပြီး အရင် ဂိမ်းတဲ့သူကို လက်ဆောင်ယူဖို့ နံပါတ်စဉ်တွေ ပေးတယ်။ အိမ်ကြီးရှင်က နံပါတ် ၂ ရပြီး ကျမကတော့ ၃၅ယောက်မြောက်မှ ဂိမ်းတော့တယ်။ နေ့လည် ၁၂ နာရီ ဝန်းကျင်လောက်မှာ Tobu World Squareကို ရောက်ပါတယ်။


Tobu World Squareက ကမ္ဘာအရပ်ရပ်က ကျော်ကြားတဲ့နေရာတွေကို ၂၅ပုံ ၁ပုံ ချုံ့ထားတဲ့နေရာပါ။ အထဲဝင်ပြီးပြီးချင်း လက်ဆောင်တွေ အရင်ရွေးရတယ်။ ပြီးတော့ နေ့လည်စာဘူဖေးစားဖို့ အတွင်းဘက်က စားသောက်ဆိုင်ကို သွားကြပါတယ်။ တိုကျိုမှာ နေရောင်တွေ့ရပေမယ့် နစ်ကိုးမှာ တောင်တွေများပြီး မိုးအုံ့ရာက ခပ်ဖွဲဖွဲလေး ရွာကျလာတယ်။ ထီးမဆောင်းလည်း ရသေးတာမို့ ခပ်သွက်သွက်ဘဲ လျှောက်သွားလိုက်တယ်။ ဆိုင်ရှေ့က ကွင်းပြင်ထဲမှာ နိုင်ငံပေါင်းစုံက အလံသေးသေးလေးတွေ ကြိုးတန်းမှာ တွဲလောင်းချိတ်ထားတာမို့ မြန်မာ့အလံများ တွေ့ရမလားလို့ ရှာကြည့်မိသေးတယ်။ မျက်စိဘဲ ရှန်းသလားတော့မသိ မတွေ့ခဲ့ဘူး။း(

နေ့လည်စာစားဖို့ နာရီဝက် အချိန်ပေးပါတယ်။ ပြီးရင် ဆိုင်အဝင်ဝနားမှာ စုကြဖို့ Tobu World Squareက ဂိုက်က ပြောပေမယ့် ကိုယ့်ဘာသာ လျှောက်ကြည့်လည်းရတယ်လို့ ဆရာမက ပြောတာမို့ အိမ်ကြီးရှင်နဲ့ ၂ယောက်သား ထွက်ခဲ့တယ်။ အပြန် ဘီယာစက်ရုံဝင်ဦးမယ်ဆိုတော့ လှည့်ပတ်ကြည့်ချိန် တစ်နာရီဘဲပေးတာမို့ အချိန်သိပ်မရဘူး။ ဆိုင်ကနေထွက်ထွက်ချင်း ပထမဆုံး ဘယ်ဘက်မှာရှိတဲ့ တရုတ်ပြည်က ဂရိတ်ဝေါကို စတွေ့တယ်။
တရုတ်ပြည်က "ဂရိတ်ဝေါ"


အဲဒီကနေ လက်ယာရစ်အတိုင်း ဆက်သွားရင် အာရှက အထင်ကရနေရာတွေဘက်ကို ရောက်ရမှာကို ကျမတို့၂ယောက်က ချော်တောငေါ့ပြီး အများနဲ့မတူ လက်ဝဲရစ်ပတ်မိတာမို့ ဂျပန်ရဲ့ ရှေးဟောင်းနေရာ (ဂျပန်ဇုံ - 日本ジーン)တွေထဲ အရင်ရောက်သွားတယ်။
ရှိဂခရိုင်က "အီရှီရာမ ဘုရားကျောင်း / Ishiyama-dera"


နရမြို့က "ရကုရှိ ဘုရားကျောင်း / Yakushi-ji"


နရမြို့က "ဟောလျူးဂျိ ဘုရားကျောင်း / Horyu-ji Temple"


ကျိုတိုက "နိဂျော ရဲတိုက် နဲ့ ပန်းခြံ / Nijō Castle - Ninomaru Garden"


ကျိုတိုက "ကင်းကကု ဘုရားကျောင်း / Kinkaku-ji"


ကျိုတိုက "ဂင်းကကု ဘုရားကျောင်း / Ginkaku-ji"


နရမြို့က "ကစုဂ ဘုံကျောင်း / Kasuga Shrine"




Kyoto Imperial Palace



ကျိုတိုက "ကိရောမီဇု ဘုရားကျောင်း / Kiyomizu-dera Temple"


နရမြို့က "တိုးဒိုင်းဂျိ / Todaiji Temple"


ဟီရိုရှီးမားက "အိစွတ်ကုရှီမ ဘုံကျောင်း / Itsukushima Shrine"




"ဟိမဲဂျိ ရဲတိုက် / Himeji Castle"


"ရိုးရာဘွန်းကပွဲ / Bon Festival"


"တိုးဘုအမြန်ရထားဘူတာ"


မီရဂိ ခရိုင်က "ဇူအိဂန်း ဘုရားကျောင်း / Zuigan-ji"


ရာမဂတ ခရိုင်က ဂျပန်ရိုးရာအိမ်




"နီးဂါတာက လယ်ယာဖူလုံရေးပြခန်း"


ကာနဂဝ ခရိုင်က "အဲန်းဂကု ဘုရားကျောင်း / Engaku-ji"


ကူမမိုတို ခရိုင်က "ကူမမိုတို ရဲတိုက် / Kumamoto Castle"


"ဂျပန်ရိုးရာ ရှေးဟောင်းအိမ်နဲ့ လယ်ကွင်း လယ်ကွက်လေးတွေ"









(ဆက်ရန်...)

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP