Thursday, July 16, 2009

သားလိမ္မာ နှင့် အမေအို၏ သင်ခန်းစာ


အားပေးသူများရှိလို့ စကန်ဖတ်ပြီး ထပ်တင်လိုက်ပါတယ်။ ဒါတောင် စကန်နာက မလုပ်တတ်လို့ ဂတန့်ဂတန့် ဖြစ်သွားသေးတယ်။ ပျက်ပြီမှတ်တာ။ ပြန်ကောင်းသွားလို့ တော်သေးတယ်။ ဒီတခါ မတူတဲ့ ရသနှစ်မျိုးနဲ့ ကာတွန်းလေး ဖတ်ကြည့်ကြပါ။
















Read More...

Wednesday, July 15, 2009

2009.07.15


အိမ်ကို မရှင်းဖြစ်တာ ကြာပေါ့။ လုံးဝ မရှင်းတာတော့ မဟုတ်ပါဘူး။ ရှင်းတာနဲနဲ ဖွတာများများ ဖြစ်နေတာ။ အများအားဖြင့်တော့ ကြမ်းလေးပွတ်လိုက် ဖုန်လေးစုပ်လိုက် ဒီလောက်နဲ့ ပြီးနေတာ။ စိတ်ကူးပေါက်ရင် ဖွထားတဲ့ စာအုပ်စင်ကို ရှင်းတယ်။ ရေချိုးခန်း အိမ်သာကလည်း အဲလိုဘဲ။ ခုအိမ်က အရင်အိမ်နဲ့ ပြောင်းပြန်။ အရင်က ခုနှစ်လွှာမှာ အစွန်ခန်းဆိုတော့ နွေဆို ဘေးပြတင်းပေါက်ရော ဝရံတာတခါးရော ဖွင့်ထားရင် လေအဝင်အထွက် ရှိတာမို့အိမ်ထဲမှာ ရေငွေ့ သိပ်မအောင်းဘူး။ ခုအိမ်ကျ အလယ်ခန်းဆိုတော့ ဝရံတာတခါးဖွင့်လည်း ပြန်ထွက်ဖို့ ပြတင်းပေါက်မရှိဘူးမို့ လေမဝင်လေတော့ အိမ်ထဲမှာ ရေငွေ့တွေ အောင်းတယ်။ အိမ်သာရေချိုးခန်းက အတွင်းဘက်ထဲရောက်နေတော့ တပတ်လောက်ဆို နီချင်ချင် အရောင်ပေါက်လာရော။ အိမ်သာက ခဏနဲ့ ဆေးလို့ ပြီးပါတယ်။ ရေချိုးခန်းက ကြာတာ။

ဒီနေ့အတွက် တနေရာ ရှင်းပြီးရင် နောက်တနေရာ ထပ်မလုပ်ချင်တော့ဘူး။ ပြီးခဲ့တဲ့ရက်က ထမင်းစားပွဲခုံကို ဘေးအခန်းကနေ ဧည့်ခန်းကို ရွှေ့တယ်။ လွတ်သွားတဲ့ ဘေးခန်းထဲ ဧည့်ခန်းက ကွန်ပြူတာခုံနဲ့ စာအုပ်စင်ကို နေရာချလိုက်တယ်။ စာအုပ်တွေလည်း အစအဆုံး ပြန်စီရတာပေါ့။ ဘုရားစင်ကို စာအုပ်စင်ထားတဲ့နေရာ ရွှေ့လိုက်တယ်။ နွေရောက်လာတော့ ဘုရားစင်ရှိတဲ့နေရာက နေထိုးပြီး ဘုရားပန်းတွေ ဘယ်လိုမှ မလန်းတော့တာနဲ့ ရွှေ့ချင်နေတာ။ မလုပ်တော့လည်း မပြီး/ လုပ်လိုက်တော့လည်း မကြာပါဘူး။ (ဒါက အရင်ရက်က အကြောင်း)

တခြားနေရာတွေက စိတ်ပါရင် ပါသလို အလှည့်ကျ ရှင်းဖြစ်ပေမယ့် တော်ရုံနဲ့ မရှင်းဖြစ်တာ နေ့တိုင်းချက်တဲ့ ဂတ်စ်မီးဖို။ ရှင်းသင့်နေပြီမှန်း သိသိနဲ့ ပစ်ထားတာ။ အရမ်းအချိန်ကုန်တယ်။ ဟင်းဝေကျလိုက် ဆီပေါက်ထားတာတွေက မီးနဲ့တွေ့ပြီး မီးဖိုမှာ ဆီဂျိုးတွေ ဖြစ်နေတာ။ ဒါတောင် ကာသင့်သလောက် ကာဗာတွေ လုပ်ထားတာ။ အပေါ်ဘက်က အငွေ့စုပ် ပန်ကာအဖုံးနဲ့ ဘေးနံရံတွေမှာ ဆီငွေ့တွေ ရိုက်ထားတာတွေ့ ဟင်းချက်တိုင်း မြင်နေရက်နဲ့ မမြင်ချင်ရောင် ဆောင်နေတာ။

ဒီနေ့တော့ အစီစဉ်မရှိဘဲ ရှင်းမိတယ်။ ပထမတော့ ကွိုင်တွေလောက် ဆေးမလို့ပါ။ ပြီးတော့ နံရံတွေပါ ဆေးလိုက်မယ် စိတ်ကူးပြီး ဆေးရင်း အပေါ်ဘက်ကို တိုက်ရင်းမှ အငွေ့စုပ် ပန်ကာအဖုံးလဲ ဆေးလိုက်ပါမယ်လေ ဆိုပြီး အဖုံးဖြုတ်ချလိုက်တယ်။ ဆီဂျိုးတွေက အတော်တိုက်ရခက်ပါ့။ ဆော်ဒါနဲ့ ပွတ်ရင် လွယ်လွယ်ထွက်တယ်လို့ ပြောလို့ စမ်းကြည့်တာလဲ မထူးပါဘူး။ အားစိုက်ပြီး ပွတ်ရတာဘဲ။ kitchen cleanser ဖြန်းလည်း အားကုန် ပွတ်ရတာပါဘဲ။ တခြားနေရာတွေထက် ကွိုင်ပြားတွေက အဆိုးဆုံး။ ဟင်းအိုးတင်တဲ့ အမြင့်တွေရဲ့ အောက်ခြေက ပွတ်တိုက်ရတာ လက်ဝင်တယ်။ "မ,သန့်ချင်"က မလုပ်ချင်ရင်သာ ပစ်ထားတာ။ လုပ်ပြီဆို သေချာသန့်နေမှလေ။

ဒီတော့ နှစ်နာရီကျော် ကြာတဲ့အထိ မပြီးနိုင်ဘူးပေါ့။ ခြေထောက်တွေလဲ ညောင်းလို့ ပုလွေရိုး လက်မောင်းလဲ တောင့်လာပြီ။ ခဏလောက် နားရင်း TVသွားမော့နေလိုက်တယ်။ ပြီးမှ ဆက်ပြီး ဆေးတယ်။ မီးဖိုပေါ် ဖုံးထားတဲ့ အလူမီနီယံပြားလည်း အသစ်လဲဖို့ ဖြုတ်ပစ်လိုက်တယ်။ ဘေးအကာကို ဆေးလိုက်တာ စတီးဘရက်နဲ့ အပွတ်လွန်ပြီး အရောင်တွေ ကွက်ကုန်လို့ လွှတ်ပစ်လိုက်ရတော့တယ်။

အားလုံးပွတ်တိုက်အပြီး နေ့တဝက်လဲ ကျိုးသွားပြီ။ (ဟူး~ မောတွားပြီ။) ဆေးထားတာတွေ အခြောက်ခံပြီး ပြန်နား အဲ မနားရပါဘူး။ အဝတ်လျှော်ထားတာတွေ ထုတ်လှမ်း၊ မီးဖိုချောင်သုံး လက်သုတ်တွေ ချွတ်ဆေးနဲ့ စိမ်ထားတာကိုလျှော်၊ ပြီးသွားတော့ ကွန်ပြူတာ ကိုင်ဖို့ မျက်စပစ်နေတာ ကိုင်မိရင် ထချင်မှာမဟုတ်ဘူးဆိုပြီး အောင့်ထားလိုက်တယ်။ ရေခြောက်လောက်ပြီဆိုရင် လုပ်ငန်းပြန်စပါမယ်။ (ဒန်~တန်~ ) တစစီ ဖြုတ်ထားတဲ့ မီးဖိုအစိတ်အပိုင်းတွေ ပြန်ထည့်မယ်။


ပြီးရင် မီးဖို ကွိုင်ပြားပတ်ချာလည် အတွင်းဘက်ကို အလူမီနီယံပြားဝိုင်းဝိုင်းလေးတွေနဲ့ အုပ် အပေါ်ကမှ အလူမီနီယံပြားအကြီးနဲ့ မီးဖိုတခုလုံးကို ထပ်အုပ်တယ်။ နဲနဲတော့ သန့်လာပြီ။ မီးဖိုဘေးအကာတပ်တော့မှ ဆိုဒ်က မကိုက်တော့ဘူး။ အရင်အိမ်တုန်းက သုံးပြီး ပိုတဲ့ဟာကို တပ်တာ ရှေ့ထိမရောက်ဘူး။ နဂိုအကာက ဘေးအတိုအရှည်ကို ဆွဲညှိလို့ရတယ်။ ခုဟာက မရ၊ တခြားအပိုလည်းမရှိတော့ လောလောဆယ် ဒါလေးဘဲ တပ်ထားလိုက်ဦးမယ်။


သန့်သွားပြီ၊ ခုတော့ သန့်သွားပြီ။ အလူမီနီယံပြားရောင်နဲ့ မီးဖိုပြောင် ဖြစ်သွားပြီ။ "ပီကပီက" (ピカピカ)လေး။ ဘယ်လောက်အထိ ခံလေမလဲ မသိ။ ဒီည ဟင်းချက်လို့ ဝေကျရင် ပြန်ညစ်ပတ်သွားဦးမယ်ထင်ရဲ့။ မီးဖို မြန်မြန်သန့်အောင် ဆေးတဲ့နည်းလေးသိရင် ပြောပြကြပါဦးနော။

Read More...

Sunday, July 12, 2009

"မင်းသမီး မာနခဲ"

ကာတွန်း ဖတ်နှင့်နော်။ အိမ်က ပို့ပေးထားတဲ့ ရွှေသွေးစာအုပ်ထဲက စကန်ဖတ်ထားတာပါ။ မဖတ်ဖူးသူတွေအတွက် အသစ်ပေါ့။:P ဖတ်ဖူးသူများလည်း သူငယ်ပြန်လို့ရအောင်ပါ။ (ကိုယ့်လိုလူတွေ ရှိမလားလို့။:D) စာအုပ်သက်တမ်းက ဆယ်နှစ်ပိုကြီးနေတယ်။ အဖွားရဲ့ အမွေလို့ပြောလို့လည်းရပါတယ်။















Read More...

Friday, July 10, 2009

2009.07.10


ဒီနေ့အကြောင်းရေးမလို့ မဟုတ်ပါဘူး။ မနေ့က အကြောင်းကို ဒီနေ့မှ ရေးတာပါ။ မနေ့က တရုတ်သူငယ်ချင်းတယောက်နဲ့ နေ့ခင်း နေကျွတ်ကျွတ်ပူထဲ ဟိုဟိုဒီဒီ လမ်းသလားကြတယ်။ အပူချိန် ၃၂ ဒီဂရီ၊ လေသိပ်မတိုက်၊ ရေပူငွေ့တွေဟပ်တော့ အိုက်ပြုတ်ပြုတ်ကြီးပါ။ အိမ်ကနေ လမ်းလျှောက်ရင် နာရီဝက်သာသာလောက်ရှိတဲ့ စာကြည့်တိုက်ကို သွားစပ်စုတာပါ။ နှစ်ယောက်လုံး စက်ဘီး မစီးတတ်လေတော့ အွန်ဖွတ် (on foot)ပေါ့။ အဲဒီကအပြန် လမ်းမှာရှိတဲ့ စူပါမှာ တယောက် အအေး၂ဗူးစီဝယ်ပြီး တခြားတနေရာကို ခြေဆက်ဆန့်တယ်။ ၂ နေရာက တောင်နဲ့မြောက်မို့ ဒီနေ့မှ သွားမလို့ပါဘဲ။ ထွက်လက်စနဲ့ မထူးဘူးဆိုပြီး ဆက်သွားလိုက်တာ။ အဲဒီက စာအုပ်ဆိုင် ခပ်ကြီးကြီးတခုမှာ လိုချင်နေတဲ့ စာအုပ်လေး လိုက်ရှာတာ တွေ့တာနဲ့ ဝယ်ခဲ့တယ်။
(image from amazon book shop)


ဒါ ဂျပန်ကို ရောက်ပြီး ပထမဦးဆုံး ကိုယ့်ရွှီးအားခနဲ့ ဝယ်တဲ့ စာအုပ်ပါ။ ဘာအလုပ်မှ မလုပ်နေတော့ လုပ်အားခ ဆိုတာ မရှိပါဘူး။ (အိမ်ကြီးရှင် ပေးတဲ့ မုန့်ဖိုးက လွဲလို့။) ဒီလ အစပိုင်း တရက်မှာ တရုတ်သူငယ်ချင်း ၂ယောက်နဲ့ အတူ လုပ်အားပေးအဖွဲ့ရဲ့ lectureship မှာ နိုင်ငံခြားသား အနေနဲ့ ဒီရောက်စ အတွေ့အကြုံတွေ အမြင်တွေ သွားရွှီးရတာပါ။ အဲဒီက သူတို့က ကျေးဇူးတင်တဲ့အနေနဲ့ "全国共通図書カード" (pre-paid card for purchasing books) ယန်းတထောင်တန်ကဒ် ၂ကဒ်ပါတဲ့ စာအိတ်လေး တယောက် တခုစီ လက်ဆောင်ပြန်ပေးလိုက်တယ်။ လေပေါ ရွှီးရွှမ်းပြီး ရလာတာ ဆိုတော့ကာ ရွှီးအားခပေါ့။

အဲဒီကဒ်ကို အသုံးချဖို့ လမ်းရှာနေတာ။ အဲဒါနဲ့ဘဲ အပေါ်က စာအုပ်ကို ဝယ်ဖြစ်ခဲ့တယ်။ အတန်းက 先生(Teacher)က ဖတ်ကြည့်ဖို့ ညွှန်းတဲ့ စာအုပ်ပါ။ အရင်က ပို့စ်တခုမှာ တင်ဘူးတဲ့ "ကြယ်တွေကို ရေတွက်ရင်း"ဆိုတဲ့ ပို့စ်က အဲဒီထဲက စာတစ်ပုဒ်ပါ။ သတင်းစာ ဖြတ်ပိုင်းမှာ ပါတာမို့ ရှေ့မှာ တပိုင်းရှိနေတာကို စာအုပ်ဖတ်မှ သိရတယ်။ အမှန်တော့ ဝတ္ထုလို အက်ဆေးလို စာအုပ်တွေ မဖတ်နိုင်ပါဘူး။ ကိုယ်မသိတဲ့ ခန်းဂျီးတွေက အပေါသားကိုး။ အခုစာအုပ်က သိပ်အခက်ကြီး မဟုတ်လောက်ဘူးဆိုပြီး ဝယ်ခဲ့တာ။ စိတ်ကို နွေးထွေးစေတဲ့ စာအမျိုးအစားကို ဆောင်းပါး တပုဒ်စီအနေနဲ့ ပါတယ်။ စာအရှည်ကြီးတွေ မဖတ်နိုင်တဲ့ ကျမအတွက် အတော်ပါဘဲ။ ပျင်းမမအတွက် ဆက်တိုက်ဖတ်ဖို့မလိုတဲ့ စာမျိုးကမှ ကိုက်တာပါ။ မဟုတ်ရင် ဖတ်ပြီးတန်းလန်းထားလိုက် ပြန်ဖတ်လိုက်နဲ့ဆို ရှေ့က အကြောင်းတွေ မေ့မေ့သွားလို့ နောက်ပြန်လှန်နေတာနဲ့ တော်ရုံနဲ့ ရှေ့ကို မရောက်နိုင်တော့ဘူး။

စာအုပ်ဆိုင်ထဲက ကွန်ပြူတာမှာ ကျမလိုချင်တဲ့စာအုပ်ကို ရိုက်ပြီးရှာတာ လွယ်လွယ်ရှာတွေ့ပေမယ့် တရုတ်သူငယ်ချင်း လိုချင်တဲ့ စာအုပ်က မတွေ့ဘူး။ ကျမက 先生ပေးထားတဲ့ သတင်းစာ ဖြတ်ပိုင်းလေး ဆောင်သွားတာမို့ ရှာရလွယ်ပါတယ်။ သူငယ်ချင်းက စာအုပ်ခေါင်းစဉ် မသေချာတော့ ထွက်မလာဘူး။ မရှိတာလည်း ဖြစ်မှာပါ။ စာအုပ်ဆိုင်က အိမ်နားက ဆိုင်တွေထက် ကြီးပေမယ့် မြို့လယ်ခေါင်က စာအုပ်ဆိုင်ကြီးတွေလောက်တော့ မစုံပါဘူး။ ဒါတောင် ကုန်တိုက် တလွှာရဲ့ တခြမ်းလုံးက စာအုပ်ဆိုင်ပါ။ ဒီဘက်က နိုင်ငံခြားသား အနေနည်းတာမို့ ဂျပန်တွေအတွက် ရည်ရွယ်တဲ့ စာအုပ်တွေ များတာပါ။ သူငယ်ချင်းကတော့ နောက်မှ "ဂင်းဇ"ဘက်က စာအုပ်ဆိုင်မှာ ဝယ်တော့မယ်ဆိုပြီး ပြန်လာခဲ့တယ်။

အပြန် ညနေစာအတွက်ပါ အတူဈေးဝယ်ပြီး လမ်းခွဲခဲ့တယ်။ စူပါထဲမှာက တည်းက နာရီတကြည့်ကြည့် ဖြစ်နေတာ။ လေးနာရီ ကျော်တော့မှာမို့လေ။ စောစောစီးစီး အိမ်ကြီးရှင် ပြန်လာမှာ မဟုတ်ပါဘူး၊ ကြည့်နေတဲ့ ဂျပန်ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပိုင်း လာတော့မှာမို့ပါ။ (အလုပ်များရှာတယ် အဟီး) တကယ်တော့ ဂျပန်ဇာတ်လမ်းတွေ ကြည့်ပေမယ့် သဘောကျတာ နဲပါတယ်။ ဂျပန်ဇာတ်လမ်းတွဲတွေကလည်း ကြည့်ပါများတော့ သိလာတယ်။ ကျောရိုးအားဖြင့် တူနေတာတွေ များတယ်လေ။ အချစ်ကားမျိုးတွေ အငိုကားမျိုးတွေ သိပ်မကြိုက်လို့ မကြည့်ပါဘူး။ စိတ်ပျော့တယ်လေ။ ဒီမှာ ခေတ်စားတဲ့ "အီဂျီမဲ့" (ညှဉ်းပန်းနှိပ်စက်)တဲ့ ကားမျိုးဆို လုံးဝမကြည့်ပါ။ သည်းမခံနိုင်ပါဘူး။

ဒီတော့ကာ ပျော်စရာ ကားတွေဘဲ ကြည့်တာများတယ်။ ဟိုတလောက ကြိုက်မိတာဆိုရင် "曲がり角の彼女" (A Woman at a Turning Point)ဆိုတဲ့ ကားလေး။ အသက် ၃၀ပိုင်းဝင်လာတဲ့ မန်နေဂျာ အပြိုဂျီးမမရဲ့ ကြုံရဆုံရတဲ့ လုပ်ငန်းခွင် အချစ်ရေး စတာတွေကို ပျော်စရာဖြစ်အောင် ရိုက်ထားတာပါ။ ဟာသတွေပါသလို စိတ်ခွန်အားဖြစ်စရာလေးတွေ ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်တာကတော့ မြန်မာ့အမြင်နဲ့ တမျိုးဖြစ်စရာတွေ ဖယ်ကြည့်လိုက်ရင် ကြည့်ပျော်ပါတယ်။ ကြည့်ချင်သူများ ဒီလင့်မှာ သွားကြည့်ပါနော်။ တရုတ်လိုနဲ့ ကိုးရီးယားလို စာတန်းထိုးဘဲ ရှိပါတယ်။

အခုသဘောကျမိတာက ရိုးရိုးအေးအေး ဘဝကို ကျော်ဖြတ်လာတဲ့ ၂၉နှစ်အရွယ် ကျောင်းဆရာက ကျန်းမာရေး ဆေးစစ်ရင်း ကင်ဆာရောဂါရှိကြောင်း သိလိုက်ရတယ်။ ရောဂါက တော်တော်ကျွမ်းနေပါပြီ။ စစသိချင်းမှာ တနှစ်ဘဲ နေရတော့မယ်ဆိုပြီး သူ့မှာ တော်တော့ကို ခြောက်ခြားသွားပါတယ်။ နောက်မှ ဖြည်းဖြည်းချင်း စဉ်းစားပြီး ကျန်သေးတဲ့ သူ့သက်တမ်း တနှစ်ကို နောင်တဆိုတာ မကျန်ခဲ့အောင် ကြိုးစားနေသွားတဲ့ အကြောင်းပါ။ ငိုစရာ ဇာတ်လမ်းတွေ မကြည့်ပေမယ့် ဒီကားက ငိုဖို့ သပ်သပ်ကား မဟုတ်ပါဘူး။ သူဘယ်လို ရှင်သန်သွားတယ်ဆိုတာကို အတွေးအခေါ်ရစေတဲ့ ကားပါ။ ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်နိုင်ပါတယ်။

ရေးနေရင်း လမ်းချော်သွားပြီ။ ပြန်ဆက်ရရင် ဇာတ်လမ်းကြည့်ပြီး ကွန်ပြူတာဖွင့် ဘလော့ဖတ် အနားယူ ဟင်းချက်ပြီး ပို့စ်ရေးမယ်ဆိုမှ ခန္ဓာကိုယ်က ဘယ်လိုမှ မရတော့ဘူး။ နေပူထဲ လျှောက်သွားထားတာ လူက နွမ်းဖပ်သပ်လိုက်နေပြီ။ ဒီတော့ကာ မနေ့က ရေးမယ့်စာ ဒီနေ့မှ ရေးလိုက်တော့ပါတယ်။

Read More...

Wednesday, July 1, 2009

ဆရာလည်း ဆရာ၊ တပည့်လည်း တပည့်


(လေး)

ဆရာမုန်းသည် လက်ဝဲဘက် လက်ညှိုးပေါ်တွင် လျှော်ပြားကို တင်သည်။ လက်ယာဘက်လက်ဖြင့် ဓားမောက်ကို ကိုင်သည်။ လက်ဝဲလတ်မဖြင့် ဓားမောက်အနှောင့်ကို ထိန်းကာ လျှော်ကို ရွှီးကနဲ ဆွဲယူလိုက်၏။ ဤနည်းဖြင့် လျှော်သပ်သည်။ ချည်နှောင်ရန် လျှော်တချောင်းကား ဖြစ်လာပေသည်။ ထန်းခေါက်ဖာ ထိုးလောက်အောင်ကား လျှော်မချောလာချေ။ မည်သို့ပင် အထပ်ထပ်အခါခါ ကြိုးစားသပ်သော်လည်း မဖြစ်လာ။

ဆရာမုန်းတပည့် မိစန်းသည်ကား မိမိမျက်မှောက်မှာပင် လျှော်များ တချောင်းပြီးတချောင်း သပ်ပြီးနေတော့၏။ သူကလေး အသက်ရှိလှမှ ၁၁နှစ်သာ။ ပြီးတော့ မိန်းကလေး တဦး။ သူသပ်သည့် လျှော်ပြားကလေးများကား ချောလှပါဘိ၏။ နန်းစက်ထဲမှ ထွက်လာသည့်ပမာ လျှော်ချောင်းခြင်း အပြားညီလှသည်။

ဆရာမုန်းစိတ်ထဲတွင် ရှက်လာမိသည်။ မိမိသည် လူကြီးတယောက်၊ ထို့နောက် ဆရာတဦး။ မိမိတပည့်မကလေး လုပ်နိုင်သည့် အလုပ်ကိုမှ လိုက်၍ မလုပ်နိုင်တော့ပြီလော။

ဆရာမုန်းသည် ထန်းခေါက်ဖာ ထိုးနိုင်သည့် အဆင့်ဝင် လျှော်ပြားကလေးများ ရနိုင်ရန် အထူးကြိုးစား သပ်နေမိ၏။ ဓားမောက်က ပြတ်လှသဖြင့် ပျက်စီးသွားသော လျှော်အချောင်းရေလည်း မနည်းတော့ပြီ။ လျှော်ကား ဖြစ်လာပါသည်။ သို့သော် မချောမွေ့၊ အပြားချင်းလည်းမညီ၊ သေသပ်မှုလည်းမရှိ။ ထို့ကြောင့် ချည်နှောင်ထားသည့် လျှော်အတန်းအစားသာ ဘောင်ဝင်နေတော့၏။ ဖာထိုးနိုင်သည့် လျှော်ပြားရနိုင်ဖို့အရေး ဝေလာဝေး။

"ဟိုက်"

"ဟင် ဆရာ ဓားရှသွားပြီ"

"မနည်းပါလား ဆရာမုန်းရယ်"

"ဖြစ်မှဖြစ်ရလေတော်"

ရုတ်တရက် မိစန်းတို့ မိသားစု တအိမ်သားလုံး ဆူညံသွားတော့သည်။ ဆရာမုန်း၏ လက်ဝဲဘက် လက်ညှိုးကို ဓားပြတ်သွားသည်။ အရေပြားမှာ ဆွဲလိုက်သော လျှော်နှင့်အတူ ဓားမောက်ကြားတွင် ကပ်ပါသွားလေသည်။ သူတို့တတွေ စိတ်မကောင်းကြီးစွာ ဖြစ်ကြရလေသည်။

ဆရာမုန်းသည် ပရုတ်ဆီဗူးတောင်းကာ မိမိဖာသာမိမိ ပတ်တီးစီးရတော့သည်။ ဒဏ်ရာ အတော်ကလေးနက်သည်။ မိစန်းဖခင်ကိုပြောတော့ ဖုန်မှုန့်သိပ်ပေးမည်ပြုနေသဖြင့် မနည်းကြီး ရှင်းပြ တောင်းပန်ထားရသည်။

သည်တော့မှာပင် ဆရာမုန်းမှာ အားမတန် မာန်လျှော့၍ လျှော်သပ်ခြင်းအမှုကို လက်လျှော့လိုက်ရတော့သည်။

ကျွမ်းကျင်ရာ လိမ္မာကြသည်ဟုသာ ဆိုရပေတော့မည်။ စတုတ္ထတန်းကျောင်းသူ မိစန်း၏ မိဘများဖြစ်ကြသော ကိုပြော့၊ မခင်သိန်းတို့အိမ် ရောက်ခါမှ မိမိက ညံ့ဖျင်းသည်ဟု ယူဆထားသော တပည့်များက အံ့ဩစဖွယ် အလုပ်များ၌ ပိုင်နိုင်ကျွမ်းကျင်စွာ လုပ်ဆောင်နေကြသည်ကို ဆရာမုန်း မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတော့သည်။

မိစန်းက ရေစိမ်ပြီးသား ထန်းလျှော်ပြားကြီးများကို ဓားမောက်ဖြင့် ခွဲခြမ်းစိတ်ဖြာကာ ထန်းခေါက်ဖာ ထိုးနိုင်လောက်အောင် ချောမွေ့ကောင်းမွန် ညီညာသော လျှော်ပြားကလေးများဖြစ်ရန် သပ်ပေးနေ၏။ မိခင် မခင်သိန်းက အပြားညီအောင် ရွေထားသော ထန်းဖူးများဖြင့် ထန်းခေါက်ဖာ အကြီးစားပုံ ရက်လုပ်နေသည်။ ဖခင် ကိုပြော့က မိစန်းသပ်ပေးသော လျှော်များဖြင့် ထန်းဖူးပေါ်တွင် ထပ်မံလိုက်ထိုးနေသည်။ အတွင်းက ထန်းဖူးခံ အပြင်က လျှော်မံထားသည့် နှစ်ထပ် ထန်းခေါက်ဖာများ ဖြစ်လာ၏။ လျှော်နက်များကိုလည်း အလျင်းသင့်သလို အသုံးပြုလေရာ အကွက်ဆန်းများ ပေါ်လွင်နေတော့၏။ အဖုံးပေါ်မှာလည်း အနက်ခံဝယ် အဖြူစာလုံးဖြင့် 'မာပါစေ၊ သုခ၊ သုခဝတီ၊ မာလာ၊ အာရောဂျံ' စသည့် စာတန်းများ လှပစွာ ပေါ်နေတော့သည်။

ဒုတိယတန်းကျောင်းသူ မိသန်းမြင့်က ထန်းဖူးဖြင့် လျာပေးသည့် ဆီးတော်ဖီထည့်ရန် ထန်းခေါက်ဖာငယ် ပုံစံကလေးများကို မောင်ဖြစ်သူ တတိယတန်းကျောင်းသား ဘိုငွေက လျှော်ထပ်တိုက်ပေးနေသည်။ သူလည်း မခေပေ။ ငွေဟူသော စာလုံးဖြင့် အဖုံးကို တန်ဆာဆင်လေသည်။

ယုတ်အစွဆုံး သူငယ်တန်းကျောင်းသား ဖိုးရွှေကပင် ရွေပြီးသား ထန်းဖူးပြား ရောင်စုံကို အသုံးပြုလျက် တချပ် ဆယ်ပြားတန် တတောင်ပတ်လည် ထန်းဖူးဖျာငယ်ကလေးများ ရက်လုပ်နေတော့သည်။

ဆရာမုန်း သဘောပေါက်ပါပြီ။ ညံ့သည် တော်သည်ဆိုရာ၌ ကာလဒေသအလိုက်သာ အကဲဖြတ်၍ရသည်။ မည်သူမဆို တနေရာရာ၌ စွမ်းဆောင်နိုင်ကြသည်ချည်းပင်။ ကျောင်းသားတိုင်းတွင် ဘဝကိုယ်စီ အလှကိုယ်စီ ရှိကြသည်ပင်တည်း။ ကလေးတိုင်း တန်ဖိုးထားသင့်ကြောင်း လက်တွေ့ သိမြင်ရပြီ။

"လျှော်ကို ဘယ်လို အနက်ရောင် ဆိုးသတုန်းဗျ"

"လွယ်ပါတယ် ဆရာမုန်းရယ်။ သပ်ပြီးသား လျှော်ပြားတွေကို သံတိုသံစတွေနဲ့ ရောသာစိမ်ထားလိုက်၊ ငါးရက်အတွင်း မဲနက်ပြောင်လာတော့တာဘဲ"

ကိုပြော့က ပြောပြသဖြင့် ဆရာမုန်း ဗဟုသုတ တိုးရသည်။

"ထန်းဖူးကိုရောဗျာ ဘာဆေးနဲ့ ရောင်စုံ ဆိုးရသလဲ"

"ပိုးဆိုးဆီနဲ့မှ စွဲတယ်ဆရာရေ့။ အဲ အနီနဲ့ အစိမ်းက အတောက်ပဆုံးဘဲ"

ထိုလက်မှုပညာကို ဆရာမုန်း စိတ်ဝင်စားလာမိသည်။

"ဒီပညာကို ကျွန်တော့် သင်ပေးပါလား"

"မခဲယဉ်းပါဘူး ဆရာမုန်းရယ်။ အားလပ်တိုင်းသာ လာခဲ့၊ တတ်စေ့မယ်။ ထန်းခေါက်ဖာ ထိုးနည်းတွင် မကပါဘူး။ တံမြက်စည်းပါ ထိုးတတ်စေ့မယ်။ လက်လှည်းတံမြက်စည်းနဲ့ မတ်တတ်တံမြက်စည်းတွေကိုလည်း ကျုပ်တို့ အလျဉ်းသင့်သလို ထိုးရောင်းနေပါတယ်"

"ကျေးဇူးပဲဗျာ။ နေ့တိုင်း ကျောင်းဆင်းချိန်မှာ လာခဲ့မယ်"

"နေ့တိုင်း ရေနွေးကြမ်း တည်ထားမယ် ဆရာရေ့"

ဆရာမုန်းသည် မိစန်းတို့အိမ်မှ တက်ကြွစွာ ပြန်လည်ထွက်ခွါလာခဲ့၏။ စောဥတို့အိမ်သို့ ဆက်သွားသော်လည်း တအိမ်သားလုံးကို မတွေ့ရ။ ရွာအရှေ့ စမ်းထဲတွင် ဆားချက်ရန် ဆားမြေများကို ရေနှင့် ကျင်ထုတ်နေကြသည်ဟု သိရသည်။ ဆားချက်ခြင်းလုပ်ငန်းသည်လည်း ရေမြက်ရွာ၏ အဓိကကျသော စီးပွါးရေးလုပ်ငန်းတရပ် ဖြစ်ပေသည်။ ရေမြက်ဆားသည်လည်း ပဲခူးဆားကဲ့သို့ ငန်သည်ပင်။ သို့သော် အရောင်ကား ပဲခူးဆားကဲ့သို့ ဖြူဆွတ်ဆွတ်ကြီးမဟုတ်။ ဝါကျန်ကျန်ဖြစ်နေသည်။

ညနေစောင်းပြီ ဖြစ်ရကား စမ်းဆီသို့ မသွားနိုင်တော့ချေ။ နောက်မှ ဆားလုပ်ငန်းနှင့် စောဥတို့ဘဝကို ဆက်လက်လေ့လာရတော့မည်။

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP