Wednesday, October 28, 2009

Maitake



(ပုံ---ဂူဂယ်မှ)

"မအိတကဲ" (舞茸 / Hen of the Woods)ဆိုတာ မှိုတမျိုးပါ။ မြန်မာလို ဘယ်လိုခေါ်တယ် မသိပါ။ "မအိတကဲ"မှိုမှာပါတဲ့ β-Glucansက ကိုယ်ခံအား (immunity)ကို တက်စေပြီး ဝက်တုပ်ကွေးကို ကာကွယ်မှုပေးတယ်လို့ သတင်းမှာ ကြည့်လိုက်ရတယ်။ မှိုက ထုတ်တဲ့အရည် (Extract)ကို ကိုယ်ခံအားဆဲလ် (Macrophage)ထည့်ထားတဲ့ Microbiological culture fluidထဲ ထားကြည့်တဲ့အခါ ဗိုင်းရပ်စ်ပွါးနှုန်းကို 30 ~ 40% လျှော့ချပေးတယ် ဆိုပါတယ်။ လက်တွေ့စမ်းသပ်ချက်အရ အကြမ်းအားဖြင့် ၁၀နာရီအကြာမှာ အဲဒီလို ထင်ရှားတဲ့ ရလာဒ်ကို ရတာဖြစ်ပြီး အများအားဖြင့် ဗိုင်းရပ်စ်တွေ ထက်ဝက်နီးပါး သေဆုံးကုန်ပါတယ်။ မှိုရဲ့ Extract က ဗိုင်းရပ်စ်ကို တိုက်ရိုက်တိုက်တာ မဟုတ်ဘဲ ကိုယ်ခံအားဆဲလ်တွေကို လှုံ့ဆော်ပြီး ဗိုင်းရပ်စ်ပွါးနှုန်းဖိနှိပ်ခြင်းမှာ ကူညီပေးပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်က ဘယ်လိုပြောင်းလဲပါစေ မှိုရဲ့ ကိုယ်ခံအားတက်စေတဲ့နှုန်းက မပြောင်းလဲဘူးဆိုပါတယ်။

"မအိတကဲ"မှိုကို စားရာမှာ ကိုယ်ခံအား တက်စေတာက သူ့ကထွက်တဲ့ အရည်ဖြစ်လို့ အရည်ဟင်းတွေ လုပ်စားတာ အကောင်းဆုံးပါတဲ့။ ခုလို အေးလာတဲ့အချိန်မို့ ဂျပန်က အိမ်တော်တော်များများ "နဘဲ"(ကြေးအိုး) လုပ်စားကြပါတယ်။ ကြေးအိုးထဲ "မအိတကဲ"မှိုလည်း ထည့်စားကြတယ်။ အဲဒီအခါ မှိုကိုဘဲစားရင် အကျိုးသက်ရောက်မှု မရှိပါဘူး။ မှိုထဲပါတဲ့ β-Glucansက ရေပျော်ဓာတ်ဖြစ်လို့ (water soluble) အပူပေးရင် အားလုံး အပြင်ထွက်ကုန်ပြီး အရည်ထဲ ရောက်သွားပါတယ်။ ဒါကြောင့် ကြေးအိုးရဲ့ အရည်ကို သောက်ပါမှ အကျိုးရှိမှာပါ။

တန်ဆေးလွန်ဘေးဆိုတာမို့ တရားလွန်စားရင်တော့ မကောင်းပါဘူး။ တနေ့ကို တစ်ရာဂရမ်က သင့်တော်တဲ့ မှန်းခြေဖြစ်ပါတယ်။ သတင်းထဲမှာ "မအိတကဲ"မှိုကို အရည်နဲ့စားနည်း တချို့ ပြသွားတယ်။ ဂျပန်အစားအစာ ဖြစ်ဖြစ်မြောက်မြောက် မချက်တတ်လို့ သေချာလိုက်မမှတ်ထားလိုက်ပါဘူး။ အဓိကက ရေနွေးနဲ့ ပြုတ်ရင် ထွက်လာတဲ့ အရည်မို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ချက်မယ် စိတ်ကူးမိတယ်။


ကျောက်ဖရုံသီး ကြက်သားစွတ်ပြုတ်ရည်ထဲ ထည့်စမ်းကြည့်ပါတယ်။ မှိုက အညိုရောင်အရည်တွေ ထွက်တာမို့ ဟင်းအရောင်က မလှမပ ဖြစ်သွားတယ်။ နောက်များမှ တခြားချက်နည်းရှာပြီး "မအိတကဲ"မှိုဟင်းရည်ချက်ပါဦးမယ်။

(တုပ်ကွေးကာကွယ်ဖို့ရာ β-Glucansပါတဲ့ မှိုတွေအပြင် Vitamin Aပါတဲ့ ကြက်အသည်း ဝက်အသည်း စတာတွေလည်း စားသင့်ပါတယ်တဲ့။)

Read More...

Monday, October 26, 2009

ကီရှိလိတိုးရုရယ်၊ ဝီးရုစုရယ်၊ ဝကုချင်းရယ်


အဲဒါ ဘာတွေလို့ ထင်လဲငင်? တကယ်တော့ ဂျပန်ဘာသာက မွေးစားထားတဲ့ နိုင်ငံခြားဘာသာ စကားလုံးတွေပါ။ ကိုယ့်ဘာသာစကားမှာလဲ အဲလို မွေးစားစာလုံးတွေ ရှိပါတယ်။ တခုကွာတာက အသံထွက်ပါ။ မြန်မာစာက ဂျပန်စာနဲ့ ယှဉ်ရင် အသံထွက်တွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ S F H X စတာတွေကို မြန်မာလို ထွက်ရရင် ခက်ပေမယ့် အက်စ် လို့ရေးရင် S အသံမှန်း တွေးလို့ ရပါတယ်။ ဂျပန်စာက "ဂေါ့ဂျူးအွန်း" (五十音) ဆိုတဲ့ အသံထွက် ငါးဆယ်ဘဲ ရှိတာမို့ တချို့ အသံထွက်တွေကို စာလုံးပေါ်မူတည်ပြီး နီးစပ်ရာ အသံထွက်ပါတယ်။

ကိုယ့်ဘာသာစကားမဟုတ်တဲ့ စာလုံးတွေရဲ့ အသံထွက်ကို ဂျပန်လို "ဂိုင်းလိုင်းဂေါ့" (外来語 - "borrowed word") လို့ ခေါ်ပါတယ်။ "ဂိုင်းလိုင်းဂေါ့"မှာ ဘယ်အသံထွက်ကို ဘယ်လိုရေးတယ်ဆိုတာ ဇယားရှိပေမယ့် ရှုပ်လွန်းလို့ နားမလည်ပါ။ ကိုယ့်ဘာသာ သဘောပေါက်သလို မှတ်ထားတာက တချို့ဟာက အတိုကောက်အသံထွက်ကို ယူတယ်၊ တချို့စာလုံးတွေက အသံထွက်နဲ့ အနီးဆုံး ရေးတယ်၊ တချို့ကတော့ စာလုံးအတိုင်းတိုင်း အသံဖြတ်ထွက်တယ်။

အသံထွက် အတိုကောက်မှာဆို Television (TV)ကို "တဲလဲဘိ"(テレビ) ၊ Personal computer (PC)ကို "ပါဆိုကွန်"(パソコン)၊ Celebrityကို "စဲလဲဘု"(セレブ) စသဖြင့်ပါ။ အသံထွက်နဲ့ အနီးဆုံးတွေမှာမှာဆို Control ကို "ကွန်တိုရိုးရု"(コントロール)၊ Style "စုတိုင်ရု" (スタイル)၊ Chance "ချန့်စု"(チャンス) စသဖြင့် ရေးပါတယ်။ ဂျပန်အသံထွက်မှာ စကားလုံးရဲ့ အဆုံးသတ်တဲ့စာလုံးက "L"ဆို "ရု"၊ "~ing" ဆို "ဂု"၊ "P"ဆိုရင် "ပု"၊ "M"ဆိုရင် "မု"၊ "T"ဆိုရင် "တို"လို့ ထွက်တာတွေ များပါတယ်။ စာလုံးအတိုင်းတိုင်း အသံထွက်တာဆိုရင် Category ကို "ကတီဂိုရိ" (カテゴリー)လို့ ရေးတာမျိုးပါ။

တချို့အသံထွက်တွေက ရုတ်တရက် ကြားကြားချင်း နားမလည်ပေမယ့် တွေးကြည့်ရင် သဘောပေါက်ပါတယ်။ Cancel ကို အသံထွက်အပေါ် မူတည်ပြီး ကန်စယ်ရုလို့ ရေးလို့ရပါရက်နဲ့ "ကရန်စယ်ရု" (キャンセル)လို့ ခေါ်တာမျိုးတွေပါ။ တကယ်ဆို ဂျပန်စာနဲ့ "ဂိုင်းလိုင်းဂေါ့"တွေ ဖတ်ရရင် အင်မတန် ခေါင်းခြောက်ပါတယ်။ ဆဲန်းဆေးရှေ့မှာ စာဖတ်ရရင်း "ဂိုင်းလိုင်းဂေါ့"တွေ ပါလာလို့ ကောင်းကောင်း မထွက်နိုင်တဲ့အခါမှာ "အိ အဲ အား အု" နဲ့ ခွေးအကြီး လှည်းနင်းသလို ဖြစ်ဖြစ်နေတယ်။


မကြားဘူးရင် မှန်းလို့မရတဲ့ အသံထွက်တွေ အများကြီးရှိပါတယ်။ တီဗီက Chewing gum ကြော်ငြာ ကြည့်တုန်း Xylitol (ဇိုင်လီတော- ကိုယ့်ဘာသာထင်တဲ့ ဗမာလို အနီးစပ်ဆုံး အသံထွက်)ပါတယ်လို့မှန်း သိလည်း မင်းသမီး ပြောသွားတာ တခုမှ နားမလည်လိုက်ပါဘူး။ စာလုံးကို သိသိကြီးနဲ့ နားမလည်တော့ မကျေမနပ်နဲ့ အင်တာနက်ထဲ ရှာလိုက်တာ Xylitolကို ဂျပန်လို "ကီရှိလိတိုးရု" (キシリトール)လို့ ခေါ်ပါတယ်တဲ့။ Xy အသံထွက်က ဂျပန်လို အနီးစပ်ဆုံးမှ မရှိပါ။ ဘာလို့ "ကီရှိ" ဖြစ်မှန်းတော့ နားမလည်ပါဘူး။ ဒီအတိုင်းတိုင်းသာ မှတ်လိုက်ပါတယ်။

ခုတလော ရာသီဥတုက အေးလာပါပြီ။ ဆောင်းဝင်လာတော့ လေထုထဲ ရေငွေ့ပါဝင်မှု ကျလာလို့ တုပ်ကွေးပိုးတို့ ပျော်မြူးရာ အချိန်ဖြစ်လို့ ဂရုပြုကြပါနဲ့ တီဗီမှာ မကြာမကြာ လွှင့်ပါတယ်။ Influenza လို့ ပြောတာ နားလည်ပါတယ်။ သူ့နောက်က ဆက်ပါတဲ့ "ဝီးရုစု"(ウイルス)ဆိုတဲ့ စကားတလုံးကို နားမလည်ပါဘူး။ ပထမတော့ ဒီလိုဘဲ နေရာကနေ ကြားရပါများတော့ ဘာပါလိမ့်လို့ သိချင်လာတယ်။ တောင်ရှာမြောက်ရှာလုပ်လိုက်တော့ ထွက်လာပါတယ်။ "ဝီးရုစု" ဆိုတာ Virusပါတဲ့။

"ဝီးရုစု"နဲ့ တွဲရက်ကြားရတာက "ဝကုချင်း" (ワクチン)ပါ။ ခေါင်းလေးကုပ်ပြီး ထပ်ရှာလိုက်တယ်။ တွေ့ပြီ Vaccine တဲ့။ အဲလို ကိုယ်သိထားတာနဲ့ လုံးလုံးမတူတဲ့ အသံထွက်တွေ အများကြီးရှိပါတယ်။ မြန်မာစာမှာလည်း တကယ့်အသံထွက်နဲ့ တက်တက်စင် လွဲနေတာတွေ အများကြီးရှိပါတယ်။ လွဲရခြင်း အကြောင်းရင်းကတော့ မတူဘူးလို့ထင်မိတယ်။ မြန်မာစာက အသံထွက်အမှန်ကို မသိလို့ ထင်ရာထွက်ရာက အမှန်လို့စွဲကုန်တာတွေ များပါတယ်။ မမေဓာဝီကိုကလိုစေးထူး နဲ့ ကိုညီလင်းဆက်တို့မှာ ဖတ်ကြည့်နိုင်ပါတယ်။ ဂျပန်စာကတော့ အသံထွက် မရှိလို့ နီးစပ်ရာ ထွက်တာမျိုးပါ။ သီးသန့်မှတ်မှ ရမှာတွေရှိပါတယ်။ တခြားစာလုံးတွေရှိရင် သိသူများ ပြောပေးကြပါဦးနော်။

ပို့စ်အတွက် မသိတာတွေကို "ဂူးဂုရု"(Google)မှာ ရှာဖွေရေးဆင်းရင်း ရေးလိုက်ပါတယ်။ ထမင်းစားပြီး ပါးစပ်လေးမွှေးအောင် "ကီရှိလိတိုးရု"ပါတဲ့ ပီကေလေးဝါးပါ။ တုပ်ကွေးရာသီမို့ တုပ်ကွေး "ဝီးရုစု"ကို ဂရုစိုက်ကြပါ။ လိုအပ်ရင် ကာကွယ်ဆေး "ဝကုချင်း"လဲ ထိုးကြပါနော်။

နားပါဦးမည်။ ။

ကိုးကား-- http://ja.wiktionary.org/wiki/Category:日本語_外来語

Read More...

Sunday, October 25, 2009

သူတို့ကို ဘယ်လိုခေါ်ရမယ်?



(ပုံ---ဂူဂယ်မှ)

မြန်မာစာမှာ ကြီးသူကို ရိုသေ ဆိုတာ ရှိတာမို့ တဖက်လူပေါ် မူတည်ပြီး ခေါ်ဝေါ်ရတဲ့ အသုံးအနှုန်းတွေ မတူပါဘူး။ ကိုယ့်ထက်ငယ်နေရင် မောင်လေးရေ၊ ညီမရေ ခေါ်လိုက်ရင် ပြီးပါတယ်။ ကြီးသူဆိုရင် အမ၊ အကို၊ အဒေါ်၊ ဦးလေး၊ အဖွား၊ အဖိုး စသဖြင့်ပေါ့လေ။ ဒါက တကူးတက သင်စရာမဟုတ်ဘဲ ငယ်ငယ်က လူကြီးမိဘတွေရဲ့ ဆုံးမစကားအတိုင်း ပြောဆိုရာက ကျင့်သားရသွားတာပါ။

သို့သော်ငြားလည်း ဒီမှာကျ ရိုသေသလို ခေါ်ရတာ မလွယ်ပါဘူး။ အမျိုးသားများကို သိပ်မဆိုလိုပါဘူး။ အမျိုးသမီးများကို ပြောချင်တာပါ။ အသက်အရွယ်အမျိုးမျိုးက အမျိုးသမီးများထက် သက်ကြီးပိုင်းကိုပါ။ ကိုယ့်ထက် ကြီးသူကိုဆို "အိုနဲစံ" (အမ)လို့ ခေါ်ပါတယ်။ ကြီးတယ်ဆိုလဲ အလွန်ဆုံး နှစ်၂၀လောက်အထိပေါ့။ အဲဒီထက်ကြီးရင်တော့ "အိုဘစံ" (အဒေါ်)၊ အသက် ၆၀ထက်ကြီးရင်တော့ "အိုဘားစံ"(အဖွား)ပေါ့။

ခက်တာက ဒီမှာ အသက်ဘယ်လောက်ကြီးကြီး "အိုဘားစံ"(အဖွား) လို့ အခေါ်ခံဖို့ နေနေသာသာ "အိုဘစံ" (အဒေါ်) လို့ခေါ်တာတောင် လက်မခံပါဘူး။ "အိုနဲစံ" (အမ) လို့ခေါ်မှ ကြိုက်ကြတယ်။ ဆိုင်တွေမှာ သွားစားလို့ရှိရင်တောင် စားပွဲထိုးသူကက ကိုယ့်အမေအရွယ်ထက်ကြီးပါစေ "အိုနဲစံ" (အမ)လို့သာ သုံးရပါတယ်တဲ့။ အဲဒီလို သုံးရမယ်ဆိုတာ ဂျပန်စာ သင်ပေးတဲ့ ဆဲန်းဆေး (Teacher)က ပြောတာပါ။ ဒီမှာက နုပျိုတာကို အလေးထားတာမို့ "အိုဘစံ" (အဒေါ်)လို့ သွားခေါ်ရင် ရိုင်းပါသတဲ့။

ဒီက တီဗီအင်တာဗျူးတွေမှာတောင် တချို့က "အိုဘစံ" (အဒေါ်) တို့ "အိုဘားစံ"(အဖွား)တို့လို့ ခေါ်ပြီးမေးရင်း မေးခွန်းကို ပြန်မဖြေခင် "အိုနဲစံ" (အမ)လို့ ခေါ်ပါဆိုပြီး ပြန်ပြောတာ မကြာမကြာ ကြည့်ဘူးပါတယ်။ မြန်မာအမြင်နဲ့ကျ တမျိုးကြီး ဖြစ်ဖြစ်နေတယ်။ ကိုယ်က ယဉ်ကျေးသမှုနဲ့ ခေါ်တာကြီးက ရိုင်းတယ်ဆိုတော့။ ပြောမယ့်သာ ပြောတာ၊ ဆဲန်းဆေး (Teacher) ရဲ့ အသက်က ၆၃ နှစ်ရှိပါပြီ။ အမေ့ထက်တောင် ဆယ်နှစ်လောက် ကြီးပါတယ်။ တနှစ်က ပျော်ပွဲရွှင်ပွဲလုပ်တုန်း အတန်းသူတယောက်ရဲ့ မူကြိုအရွယ်ကလေးက သူ့ကို "အိုဘားစံ"(အဖွား)လို့ ခေါ်လို့ 'ရှော့'ရပါတယ်တဲ့။ သူက တခါမှ အိမ်ထောင်မပြုဘူးသူ အပျိုကြီးပါ။ အဲဒါကြောင့် ကလေးတွေစီက "အိုဘားစံ"(အဖွား)လို့ ခေါ်တာကြီးကို ကျင့်သားမရဘူး ဆိုပါတယ်။

ဖြစ်ရလေလို့သာ စိတ်ထဲက ပြောဖြစ်တယ်။ ဆဲန်းဆေး (Teacher)ကိုတော့ ကျမကို ကလေးတွေက "အိုဘစံ" (အဒေါ်)လို့ လာခေါ်လဲ ကိစ္စမရှိဘူးလို့ ပြောဖြစ်တယ်။ ဒါက ကိုယ့်အသက်အရွယ်ကြောင့် အခေါ်ခံရတာ အထူးအဆန်းမဟုတ်ဘူးလို့ မှတ်ယူလို့ပါ။ တကယ်လည်း မြန်မာပြည်မှာဆို အဒေါ်လို့ အခေါ်ခံရမယ့်အရွယ်ပါဘဲ။ ၂၈ကို ကျော်လာပြီလေ။ အသက်ဆိုတာ ကြီးမယ့်အမျိုးဘဲဟာ။ မကြာသောကာလမှာလဲ အဒေါ်အရင်းခေါက်ခေါက် ရာထူးတက်တော့မယ်ဆိုတော့ကာ အဒေါ်လို့ လာပြောခေါ် စိတ်မဆိုးပါ။ အဖွားလို့လာခေါ်ရင်တော့ 'ငါများ သိပ်ရင့်နေပြီလား'လို့ တွေးမိမှာ။ :D

အားကစားရုံမှာ အသက်ကြီးသူတွေ များတယ်။ အများအားဖြင့် ၆၀ကျော်တွေပါ။ ၇၀ကျော်တွေလဲ ရှိပါတယ်။ ပြောရရင် ကိုယ့်အဖွားအရွယ်နဲ့ အထက်တွေပါ။ သို့သော်ငြားလည်း "အိုဘားစံ"(အဖွား)လို့ သွားခေါ်မိရင် စိတ်ဆိုးခံရမှာဆိုးလို့ တတ်နိုင်သလောက် နာမ်စားမသုံးဖြစ်အောင် ကွေ့ရှောင်ပြောရ နှုတ်ဆက်ရတယ်။ တရုတ်သူငယ်ချင်းကတောင် "အာနို အိုဘားစံ" (အဲဒီ အဖွားကလေ)ဆိုပြီး လာပြောနေလို့ သူ့ကို သတိပေးရသေးတယ်။ ရှေ့မှာ ပေါ်တင် "အိုဘားစံ"(အဖွား)လို့ သွားမခေါ်နဲ့နော် ကြိုက်မှန်းမသိ/ မကြိုက်မှန်းမသိနဲ့လို့။ သူကတောင် ဟယ် အဖွားအရွယ်မို့ အဖွားခေါ်တာ မကြိုက်ဘူးဆိုတော့ "အိုကာ့ရှိအိ" ထူးဆန်းတယ် ပြောနေသေးတယ်။ သူတို့ တရုတ်မှာလည်း မြန်မာပြည်လိုဘဲ သုံးနှုံးတယ်လို့ ပြောတယ်။ အဖွားအရွယ်မို့ "အိုဘားစံ"ခေါ်တာ မကြိုက်ဘူးဆိုတော့ သတိထားရုံပေါ့။ ဒါပေမယ့် အဖွားအရွယ်ကို အမလို့ခေါ်ဖို့ရာ နှုတ်မရဲသေးတာ အမှန်ပါ။

မှတ်ချက်။ ။ ဂျပန်စကားက "အိုဘားစံ"(အဖွား)မှာ お祖母さん နဲ့ お婆さん ခန်းဂျီး ၂မျိုး ရှိပါတယ်။ ၂ခုလုံး အဖွားကို ဆိုလိုပေမယ့် ပထမ တလုံးက ကိုယ့်အဆွေအမျိုးမှာ သုံးပြီး နောက်တခုက တစိမ်းမှာ သုံးပါတယ်။ ဒုတိယစာလုံးက အဖွားဆိုတာအပြင် အိုနေတဲ့သူလို့ပါ သဘောဆောင်တာမို့ မကြိုက်ကြတာများလားလို့ တွေးမိတယ်။

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP