Thursday, November 26, 2009

ရိက္ခာ




ပြီးခဲ့တဲ့တပတ်ကရယ် မနေ့က မှာထားတဲ့ ပစ္စည်းတွေ ရောက်တယ်။ အရင်တပတ် တနင်္လာနေ့မှာ အိမ်ကနေ ပစ္စည်းပို့ထားတယ်ဆိုကတည်းက လည်ပင်းတရှည်ရှည် ဖြစ်နေခဲ့တာ။ ၄ရက်အကြာနဲ့ရောက်လာတော့ ဝမ်းသာသွားတယ်။ လက်ဖက်တွေမှာထားတာလေ။ ပြီးတော့ ဒီတခါ အတန်းက ပျော်ပွဲရွှင်ပွဲမှာ လက်ဖက်ပွဲ ပြင်ယူသွားမယ် စိတ်ကူးထားလို့။ ဂျပန်တွေက လက်ဖက်ကို သုပ်စားတယ်ပြောရင် သဘောမပေါက်ကြဘူး။ ဒါကြောင့် ဒီတခါတော့ သိသွားအောင် ကျွေးလိုက်မယ်။ ပြီးတော့ တခြားစားစရာ ချက်ယူသွားရတာထက် လူလဲ သက်သာတယ်။ သူတို့ စားနိုင်တာ မနိုင်တာတော့ မပြောတတ်ဘူးရယ်။ မစားနိုင်လဲ ကိစ္စမရှိပါဘူး။ အိမ်မှာစားဖို့ ပိုကျန်တာပေါ့။ (အဟိ မကျွေးခင်ကတည်းက ကပ်စေးနဲနေပြန်ပါပြီ။)

ဒီတခါ ပဲကြော်က City Martက ဝယ်ပို့လာတာ။ အရင်စားနေကျ တံဆိပ်တွေထက် အရမ်းစားကောင်းတယ်။ ရောက်ကတည်းက ၂ရက်ဆက်တိုက် မနက်ကော ညပါ လက်ဖက်သုပ်နဲ့ ထမင်းစားတာ ပဲကြော်တထုပ်ကို ကုန်ရော။ ခုနဲနဲ အရှိန်သတ်ထားတယ်။ ဒီတခါ အိမ်လက်ရာ ဘာမှမပါဘူး။ အမေကလည်း ခွဲစိတ်ဖို့အတွက် အိမ်ပြန်သွားရ အမကလဲ ကိုယ်ဝန်ကြီးနဲ့မို့ တမင် မမှာတာပါ။ ဒါတောင် အမက ချဉ်ပေါင်ကြော်ပေးလိုက်မယ်လုပ်နေလို့ တားထားရတယ်။ အဓိကက လက်ဖက်စားရရင် ရပြီလို့။ ဒီက မြန်မာဆိုင်တွေမှာ ဝယ်လည်းရပါတယ်။ ဒါပေမယ့် ကိုယ်စားနေကျ တံဆိပ်မရှိတာရယ် ဆိုင်မှာဘယ်လောက်တောင် ကြာထားမှန်းမသိတာကြောင့် အိမ်ကိုဘဲ မှာတာ။ ပင်ရင်းကနေ ဝယ်ပို့ပေးတယ်။ ဟိုတခါ လက်ဖက်ပြဿနာဖြစ်တုန်း စားနေကျတံဆိပ်လေးမပါလို့ တော်သေးတယ်။ (ပါလာလဲ ဘာမှမတတ်နိုင်ပါဘူး။)

အိမ်က စားစရာတွေရောက်အပြီးမှာ အွန်လိုင်းကနေ ဟင်းချက်စရာတွေ ထပ်ဝယ်ရပြန်တယ်။ စိမ်းစားငါးပိကုန်နေတာ ကြာပြီ။ ငါးပိအစား ငံပြာရည်နဲ့ချက်နေတာ လက်ကျန်က ကုန်တော့မယ်။ ဒါတွေက ဂျပန်ဆိုင်မှာ မရှိဘူးလေ။ ငံပြာရည်တော့ ရှိတတ်ပါတယ်။ တထွာသာသာ ပုလင်းပိစိကွေးကို ဈေးကအတော်ကြီးတယ်။ ဒီတော့ အဲဒါတွေကို အွန်လိုင်းမှာ ထိုင်းဆိုင်က ဝယ်ပါတယ်။ အမြဲဝယ်နေကျဆိုင်က ဈေးတက်လာတာနဲ့ ဆိုင်ပြောင်းဝယ်ဖြစ်တယ်။ ဒီဆိုင်မှာ ငြုပ်သီးစိမ်းလည်း ရှိနေသေးတယ်။ ဝယ်ချင်တာတွေ စာရင်းရေးပြီး ပေါင်းလိုက်တော့ တအားများနေတာနဲ့ ပြန်လျှော့ရတယ်။ သူက ဝယ်ပါပြောပေမယ့် သွားရည်စာတွေတော့ ဖြုတ်ပစ်ရပါတယ်။ (ဆာရိုနာရာ သရက်ပြင်လေးရယ်။) မဝယ်မဖြစ်တွေကို ဦးစားပေးပြီး တခြားစားချင်တာ နဲနဲရယ်ပေါ့။ ဒါတောင် မနည်းပါဘူး။

တကယ်ဆို "အုအဲနို"က "အ-မဲရို့ကို" (アメ横) ဈေးတန်းဘက်သွားရင် အဲဒါတွေအားလုံး ဝယ်လို့ရပါတယ်။ ဒါပေမယ့် သွားရမယ့် အချိန်ရယ် ရထားခရယ် တွက်လိုက်ရင် အွန်လိုင်းပို့ခနဲ့ သိပ်မကွာတော့ပါဘူး။ ဒါတောင် တချို့ဆိုင်ဆို ယန်းငါးထောင်ကျော်ဖိုးဝယ်ရင် အလကား ပို့ပေးတာမျိုးရှိပါတယ်။ ရေခဲရိုက်ပစ္စည်းဆိုရင်တော့ ပို့ခ ပိုဈေးကြီးတယ်။ ကိုယ်တိုင်သွားဝယ်ရင် အဲလောက် တပြုံတမကြီးလည်း မသယ်နိုင်ပါဘူး။ ဒါကြောင့် လူရော အချိန်ပါ သက်သာတဲ့၊ အိမ်အဝအထိ ပို့ပေးတဲ့ အွန်လိုင်းဈေးဝယ်တာကိုဘဲ မှီခိုနေပါတယ်။

ထိုင်းဆိုင်က ပစ္စည်းပုံးကြီးရောက်လာတော့ ပို့ဆောင်ရေးဝန်ထမ်းက မ'နိုင်ရဲ့လားလို့ မေးတယ်။ ရပါတယ် ပြောပြီး လက်ပြောင်းယူလိုက်တာ ယိုင်နဲ့နဲ့ ဖြစ်သွားလို့ အမြန်အမြန် ဖိနပ်ချွတ်မှာ ချထားလိုက်ရတယ်။ အဲလောက် လေးမယ်လို့မှ မထင်မိတာကိုး။ ပုံးဖောက်ကြည့်မှ ဖန်ပုလင်းတွေ များတာကြောင့် အတော်လေးတာပါ။ အထဲမှာ ပါလာတဲ့ စာရင်းနဲ့ ပစ္စည်းတွေ တိုက်စစ်၊ အိုခေပြီဆိုမှ သိမ်းဆည်းဖို့ လုပ်ရတယ်။ မသိမ်းခင် ဘလော့မှာ ကြွားဖို့ ဓာတ်ပုံရိုက်ထားလိုက်တယ်။ အိမ်က ပို့ထားတာလေးတွေ အပါအဝင်ပေါ့။


ဂျင်းလက်ဖက်ရယ် လက်ဖက်အစပ်ရယ်ကို ထမင်းဘူးထဲ ထည့်ပြီးစားနေတာမို့ လျှော့နေပါပြီ။ အချိုနှပ်ကတော့ ပွဲမှာ ကျွေးဖို့ ထားထားတယ်။ အစပ်သွားကျွေးလို့မှ မဖြစ်တာလေ။ တော်ကြာ အစပ်ကြောက်တဲ့ ဂျပန်တွေ မြန်မာလက်ဖက်သုပ်ဆို ကြောက်ပါပြီ ဖြစ်သွားမှဖြင့်။ ဒီတခါ ထိုင်းဆိုင်က ငါးပိရည်ကျိုပုလင်းပါ စမ်းဝယ်ထားတယ်။ တကယ်တူရဲ့လားလို့ ပုလင်းဖောက်ကြည့်တာ တူတာမှ လက်ကိုပေသွားလို့ အနံ့လေးကို ဟောင်သွားတာဘဲ။ သရက်ကင်းနဲ့ တို့စားချင်လိုက်တာ။ ပုလင်းတွေထဲ ဖောက်ထည့်ထားလို့ အိမ်ကပို့ထားတဲ့ တချို့ စားစရာတွေ ပုံထဲ ပါမလာတော့ဘူး။ ကြော်ငြာရမယ်ဆိုရင် ရွှေပုစွန်ခြောက်တံဆိပ် စားစရာတွေ အတော်သန့်ပါတယ်။ အမြင်သန့်တာ ပြောတာပါ။ ဘာလချောင်ကြော် အချိုလဲ ပုစွန်ခြောက်မှုန့်သက်သက်နဲ့ ကြော်ထားတာလား မသိဘူး အတော်ချိုပါတယ်။ လက်ဖက်အရွက်နုလေးတွေက ပုံမပျက်ဘဲ အမြင်လှတယ်။ ပုစွန်ခြောက်ဆိုလည်း သေးသေးသွယ်သွယ်လေးတွေမို့ လက်ဖက်ပြင်ရင် ကြည့်ကောင်းမယ်ထင်တယ်။ ပုစွန်ခြောက်ကို ကြီးလွန်းရင်ကော သေးလွန်းရင်ပါ မကြိုက်ပါဘူး။ ခုလို ဇကောဇကအရွယ်မှ။ မုန့်ဟင်းခါးလည်း သာဂဒိုးသား မုန့်ဟင်းခါးက နာမည်ကြီးတယ်ပြောလို့ ထည့်ပေးလာတယ်။ ရုံးပိတ်ရက် တရက်ရက် ချက်စားကြည့်ဦးမယ်။ ခုတော့ ရိက္ခာတွေအများကြီးမို့ ပျော်မြူးနေပါတယ်။ (စာရင်းပေါင်းကြည့်ချင်ဘူး)

Read More...

Wednesday, November 18, 2009

2009.11.18



အိမ်တွင်းပုန်း လုပ်နေတာ ကြာပြီ။ ဆောင်းအေးအေးမှာ မိုးကလဲ နေ့တိုင်းနီးနီးရွာတော့ အပြင်မထွက်ချင်ပါ။ ထမင်းဘူးလည်း ထည့်ပေးတရက် မထည့်ပေးတရက် ဖြစ်နေပါတယ်။ သူကတော့ သဘောကောင်းစွာ ကိတ်စနမရှိဘူးဆိုပေမယ့် အပြစ်မကင်းသလို ခံစားရတယ်။ အပြင်မသွားလို့ အိမ်ထဲမှာ လှုပ်လှုပ်ရှားရှားနေလားဆိုတော့လဲ မဟုတ်။ စာလည်း သေချာမဖတ်၊ ခွေခေါက်ပြီးသာ နေနေတော့တာ။ ဒီတနေ့တော့ နေသာတာနဲ့ ဈေးထွက်ဝယ်ဖို့ စိတ်ကူးတယ်။ အိမ်နားက စူပါမဟုတ်ဘဲ နဲနဲဝေးတဲ့နေရာဘက် သွားတယ်။ ထုံးစံအတိုင်း အွန်ဖွတ်(on foot)။ စက်ဘီးက ဝယ်ထားပြီး တခါသာစီးတယ်၊ ကြောက်လို့ ဒီအတိုင်းထားထားတာ သံချေးတောင်တက်လို့။ လမ်းလျှောက်တာ ကျန်းမာရေးနဲ့ ညီတယ်လို့ ကိုယ့်ဘာသာ အားပေးပြီး လျှောက်၊ သိပ်မဝေးပါဘူး ခပ်သွက်သွက်လျှောက်ရင် မိနစ်၂၀လောက်။

ကြုံတုန်း ယန်းတရာဆိုင်ထဲဝင် ဟိုကြည့်ဒီကြည့်။ တရာ-တရာနဲ့ ဝယ်မိတာ များပြီ။ မီးဖိုချောင်ပစ္စည်းအားလုံးနီးပါးက ယန်းတရာဆိုင်က ဝယ်ထားတာတွေချည်း။ ယန်းတရာဆိုင်ဆိုပေမယ့် ဆိုင်ပေါ်မူတည်ပြီး ရှိတာတွေကလဲ မတူတတ်ဘူး။ Lawsonယန်းတရာဆိုင်၊ Daisoယန်းတရာဆိုင်၊ Can-doယန်းတရာဆိုင် စုံလို့။ ဒါတောင် အရင်အိမ်နားမှာတုန်းက ၉၉ယန်းဆိုင် ရှိတယ်။ ချစ်စရာကောင်းတာလေးတွေများရင် ဝယ်မိပြီ။ တကယ်ဝယ်စရာရှိလဲဝင် မရှိလဲဝင်၊ ထွက်လာရင်တော့ ပစ္စည်းသုံး/လေးခု ပါလာတယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုတာလဲ အမြဲမဟုတ်။ တခါတလေ စီးတဲ့ရေ တဗြန်းဗြန်းလုပ်။ တော်သေးတယ် တလစီ အသုံးစရိတ် သပ်သပ်ပေးထားလို့။ လက်ထဲရှိသမျှ အားလုံးဝယ်တာမဟုတ်ပေမယ့် စိတ်ညစ်ရင် ဈေးလျှောက်ဝယ်တတ်တဲ့ အကျင့်ကြောင့် စုဗူးထဲလဲ ရောက်တဲ့အခါရောက် မရောက်တဲ့အခါ မရောက်။

ယန်းတရာဆိုင်ကထွက်တော့ အနွေးထည်ရောင်းတဲ့ အတန်းဘက် ပတ်လိုက်တယ်။ ခဏတဖြုတ် မျက်စိအစာကျွေးပြီးသကာလ အသားလက်ကားရောင်းတဲ့ဆိုင်ဘက် ခြေဆန့်။ အသားတွေ ဈေးတော်တာမို့ ဟိုဟာလည်း ဝယ်ချင် ဒီဟာလည်း ဝယ်ချင်၊ သယ်နိုင်တဲ့ နှုန်းကို စဉ်းစားပြီး ဝယ်တာတောင် ကြက်သားဖော့ဗန်း၂ဗန်း၊ ဝက်သား ၂ဗန်း၊ အမဲသား တဗန်း အားလုံးပေါင်း ၅ဗန်း လက်ကားဆိုင်မို့ အားလုံးက ဗန်းအကြီးတွေ။ ဒီကြားထဲ ခရုဆီပုလင်းကြီးတွေ့တာနဲ့ ဝယ်လိုက်တယ်။ ပုလင်းကလဲ ဖန်ပုလင်းနဲ့မို့ လေးသားများဘဲ။ ဆွဲပေတော့ တနင့်တပိုး။

ဒီဘက်ရောက်မှတော့ အသီးအရွက်ကုန်စုံဆိုင်ဘက် သွားရမယ်လေ။ အဲဒီမှာ ကန်စွန်းရွက်ရတယ်။ တခြားအသီးအရွက်တွေလဲ စူပါထက် ဈေးသက်သာတယ်။ ဆောင်းဝင်လို့ ထင်တယ် ကန်စွန်းရွက်တထုပ် ၁၅၀ယန်း ဖြစ်နေပြီ။ မကြာခင် ၂၀၀ဖြစ်တော့မယ်။ ဘာဖြစ်ဖြစ် ဝယ်မရတာနဲ့စာရင် တော်ပါသေးတယ်လေ။ ကြက်သားကာလသားဟင်း ချက်ချင်လို့ ဗူးသီးအစား ချက်နေကြ "ရှိရို့အူရိ-白瓜"ကို ရှာတာ မရှိ။ ပိုက်ဆံရှင်းခါနီးမှ ဂေါ်ဖီပန်းတွေ့တာနဲ့ တထုပ် ထပ်ထည့်လိုက်တယ်။ ဘယ်လက်ပြောင်းသယ် ညာလက်ပြောင်းသယ်နဲ့ လျှောက်ရင်း အိမ်ပြန်ရောက်လာပါတယ်။

မွန်းလွဲတောင် အတော်ကျော်နေပြီမို့ နေ့လည်စာစားပြီး ခဏနား။ ၄နာရီကျော်ဘဲရှိသေးတယ် နေရောင်ပျောက်သွားပြီ။ ဟိုလှည့်ဒီလှည့်နဲ့ ဆေးခန်းသွားဖို့ ပြန်ထွက်ရပြန်။ ဆေးဝယ်ရုံဆိုတော့ အကြာကြီး မစောင့်လိုက်ရပါဘူး။ ဆေးထုတ်တဲ့နေရာသွားတော့ ထုတ်ပေးတဲ့ဆေးတွေကြည့်ပြီး 'ငါများ ဆေးအရေအတွက် မှားရေးမိလိုက်လား'လို့ တွေးမိတယ်။ ဆေးဝယ်တဲ့ formမှာ လိုချင်တဲ့ အရေအတွက်ကို ကွက်လပ်ပေးထားပြီး အနောက်မှာ "~ခု"ဆိုတဲ့ သဘောမျိုး "ခို-個" လို့ ရေးထားတာမို့ ဖြည့်လိုက်တာ။ သူ့ရဲ့ "ခို-個"က ဂရမ်နဲ့ တွက်ပေးတာမို့ အများကြီးဖြစ်သွားတယ်။ နောက်ဆိုသတိထားမှ။

အပြန်မှာ အိမ်နားက စူပါထပ်ဝင်တယ်။ ဟင်! ဝယ်ပြန်ပြီလားလို့ ထင်ကြမယ်။ မနက်စာ ပေါင်မုန့်ကုန်နေလို့ပါ။ နွားနို့တဗူးပါထည့်ပြီး အသားရောင်းတဲ့အတန်းဘက် သွားစပ်စုလိုက်တယ်။ မနက်က ဝယ်ခဲ့တာနဲ့ ဈေးဘယ်လောက်ကွာလဲ သိချင်လို့။ အတော်ကွာတယ်ဆို ငါကွ!လို့ စိတ်ထဲမှာ ကြိတ်ပျော်၊ ဪ အိမ်ရှင်မ အိမ်ရှင်မ ဘာရယ်မဟုတ်တာလေးကိုဘဲ အရေးလုပ်နေတယ်။ ကြည့်ရင်းနဲ့ ဝက်နံရိုးတွေ ဈေးကျတာတွေ့တာနဲ့ ဝက်နံရိုးကြိုက်တဲ့ အိမ်ကြီးရှင်မျက်နှာကို မြင်ယောင်ပြီး ဝယ်လာလိုက်တယ် ၂ဗန်း။ ဒီလောက်အများကြီးဝယ်ပြီး ဘာလုပ်မှာလဲမေးရင် ချက်သင့်တာချက် ခဲသင့်တာ ခဲထားပြီး ဖြည်းဖြည်းချင်းစားပါမည်။ ခုထိတော့ ဘာမှမကိုင်ရသေးပါ၊ ကွန်ပြူတာရှေ့ ရောက်နေပါသည်။ ပို့စ်တင်ပြီးရင်တော့ ဟင်းသွားချက်တော့မည်။ ဒီည အရည်သောက်က ကန်စွန်းရွက်ချဉ်ရည်ဟင်းဖြစ်ပါသည်။ (ကြွားတာ)

Read More...

Monday, November 16, 2009

နောက်မယား



ငယ်ငယ်တုန်းကပါ။ အဖိုးမှာ နောက်မယားရှိတယ်လို့ အဒေါ်က ပြောလာတဲ့အခါ မျက်လုံးပြူးသွားတယ်။ တသက်နဲ့တကိုယ် တခါမှ မကြားမိဘူး။ အဖွားကို သွားမေးတော့လည်း 'အင်း'တဲ့ ခပ်ပြုံးပြုံးဘဲ။ အဒေါ်တွေကလဲ ဘာမှမဖြစ်သလိုနဲ့ အဖွားတောင် သက်သာသေးတယ်တဲ့။ တခါတလေ အဒေါ်တို့အတွက်ပါ အကူအညီရတယ်တဲ့။ ဘယ်လိုကြီးလဲ? မျက်မှောင်ကြုံ့မိတယ်။ နောက်တော့ အဒေါ်က ခေါ်သွားပြီး အဲဒီ အဖိုးရဲ့ နောက်မယားဆိုတာနဲ့ မိတ်ဆက်ပေးတယ်။

တွေ့ခါစက အိုးတိုးအမ်းတန်းဖြစ်သွားမိတယ်။ နောက်တော့ ပြုံးပြလိုက်ပါတယ်။ သူကလဲ သဘောကောင်းတယ်။ နောက်ပိုင်း မကြာမကြာတွေ့ဖြစ်တယ်။ တကယ်က အဲလောက် တွေ့စရာအကြောင်းမရှိတာကို သက်သက် စိတ်ဝင်စားလို့။ သူကလဲ ခုမှ တွေ့ဘူးပေမယ့်၊ တစိမ်းရယ် လူရင်းရယ် မခွဲပါဘူး။ ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေဘဲ။ တခါတလေ ကစားတာတောင် သူ့ကို လက်တဖက်က ဆွဲထားလိုက်သေး။ အချိန်တန်လို့ အိမ်ပြန်ရတော့မယ်ဆိုတော့ သူ့ကို ခေါ်သွားချင်တယ်။ အဖိုးက ခွင့်ပြုမယ် မထင်။

ဒီတော့ ကိုယ့်ဘာသာ ကြံဖန်ရတယ်။ ဒီလိုနဲ့ ကြိုးစားလိုက်တာ အိမ်အပြန် သူ့ကို ခေါ်သွားလို့ ရသွားတယ်။ အဖိုးကတော့ သူ့နောက်မယားနဲ့သူပါ။ ကိုယ်တိုင်က တခြားသပ်သပ်နဲ့။ ဘယ်သူနဲ့မဆို အဆင်ပြေအောင်ပေါင်းတတ်တဲ့ နောက်မယားက ဒီမှာ။


နောက်ကျောဘယ်လောက်ယားယား သူနဲ့တွေ့ရင် အဆင်ပြေသွားရမယ်။ လက်လှမ်းမမှီလို့ တခြားသူကို အကူအညီတောင်းဖို့ မလိုတော့ဘူး။ အစအနောက်သန်တဲ့ အဒေါ်တွေက ကျောကုတ်တံကို ကပြက်ကချော်နဲ့ နောက်မယားလို့ ခေါ်ရာက အကျင့်ပါသွားတာပါ။ ဂျပန်လို ဘယ်လိုခေါ်မှန်းသိချင်တာနဲ့ ရှာဖွေလိုက်တာ "မြေးလေးရဲ့လက်" (မဂေါ့နိုတဲ့ - 孫の手)လို့ ထွက်လာတယ်။ လက်သေးသေးလေးမို့ အဲလိုခေါ်တာလားလို့ ရာဇဝင်ကို ဖတ်ကြည့်တော့ တရုတ်နတ်သမီးအမည် "မကို"麻姑(まこ)က လာတာတဲ့။


နတ်သမီးက လက်သည်းအရှည်ကြီးမို့ သူ့ရဲ့ကျောယားရင် အဲဒီလက်နဲ့ နောက်ကျောကို ကုတ်ရာက "မကို့ရဲ့လက်" 「မကို့နိုတဲ့ - 麻姑の手」 လို့အမည်တွင်ရာက တဖြေးဖြေး အသံထွက် နီးစပ်တဲ့ "မဂေါ့နိုတဲ့" 「孫の手」လို့ ဖြစ်လာပါတယ်။ အသံနီးစပ်မှုတခုသာမကဘဲ ကလေးလက်ကလေးနဲ့တူတဲ့အတွက် အဖိုးအဖွားတွေ နှစ်သိမ့်ပေးသလိုလဲဖြစ်တာမို့ "မဂေါ့နိုတဲ့"လို့ခေါ်ကြောင်းလဲ ဆိုပါတယ်။ "မဂေါ့နိုတဲ့" ကို သတ္တု၊ ပလတ်စတိတ်၊ သားရေ၊ သစ်သား၊ ဝါး၊ ခေါက်သိမ်းနိုင်တဲ့ အိပ်ဆောင် စသဖြင့် ရိုးရိုးသာမန်ကနေ တန်ဖိုးကြီးကုန်ကြမ်းတွေနဲ့ လုပ်ထားတယ်။ "နောက်မယား" "မဂေါ့နိုတဲ့" "Backscratcher"က ဘာနဲ့ဘဲ လုပ်ထားပါစေ အဓိကက ကျောအယားပြေစေဖို့လို့ဘဲ ထင်ပါတယ်။

(ဆောင်းတွင်းရောက်လာလို့ အသားတွေ ခြောက်ပြီးယားရာက ငယ်ငယ်ကအကြောင်း ပြန်သတိယလို့ ရေးလိုက်တာပါ။ နောက်မယားလေး ရှာဦးမှ..။)

Read More...

Friday, November 13, 2009

အိမ်တက်


ဒီမှာ အိမ်ပြောင်းလို့ ကြုံရတာနဲ့ ပတ်သက်ပြီး ရေးချင်ပါတယ်။ ကိုယ့်နိုင်ငံမှာတော့ ဗုဒ္ဓဘာသာဆို အသိတွေဖိတ် အိမ်တက်ဆွမ်းကပ်လိုက်ရင် ပြီးပါတယ်။ အိမ်နီးချင်းတွေကို ဖိတ်သော်ရှိ မဖိတ်သော်ရှိပါ။ အိမ်နီးချင်းဆိုတာ မြင်ပါများရင် ရင်းနှီးလာပါတယ်။ သိပ်အခက်အခဲတော့ မရှိလှပါဘူး။ ဒီမှာကျ အဲလိုမဟုတ်ပါဘူး။ အိမ်ပြောင်းရင် အိမ်နီးချင်းတွေကို လိုက်နှုတ်ဆက်ရတဲ့အလေ့ရှိပါတယ်။

အရင်အိမ်က ၇ထပ်တိုက်ဆိုပေမယ့် တလွှာမှာ အခန်းငယ် ၆ခန်းရှိပါတယ်။ မြန်မာမှာဆိုရင်တော့ ဒီလောက်မြေကွက်ဆို အလယ်လှေခါးနဲ့ ဘယ်ညာမှာ အခန်းဖွဲ့တဲ့ ပုံစံပါ။ အခန်းကကျဉ်းတော့ အများအားဖြင့် တကိုယ်ရေသမားတွေ နေကြပါတယ်။ တချို့ကတော့ အတွဲနဲ့ပေါ့။ မိသားစုတော့ မနေကြပါဘူး။ အားလုံးက အလုပ်ကိုစီမို့ မနက်၇နာရီဝန်းကျင်လောက်ဆို တခါးပိတ်သံတဂျိမ်းဂျိမ်းကြားရပြီး ၇လွှာတထပ်လုံးမှာ ကိုယ်တယောက်သာ ကျန်တတ်ပါတယ်။ လူငယ်ပိုင်းတွေ နေတာများတယ်ထင်ပါတယ်။ ကြာရှည်လဲ မနေကြပါဘူး။

အဲဒီတိုက်မှာ တနှစ်ခွဲကျော်နေရာမှာ ဘေးအခန်းတွေ မျက်နှာချင်းဆိုင်အခန်းတွေ အိမ်ပြောင်းတာ ၄/၅လကြာ တခါလောက် တွေ့ဘူးတာမို့ပါ။ ဒီတိုက်လေးထဲမှာ နေပေမယ့် တခန်းနဲ့တခန်း နှုတ်ဆက်ခြင်းလဲ မရှိပါဘူး။ ဂျပန်မှာ တိုက်မှာနေသူ တယောက်ယောက်နဲ့ အပြင်ထွက်ရင်းဆုံရင် နှုတ်ဆက်ရတဲ့ဓလေ့ရှိပါတယ်။ ရင်းနှီးနှီး မနှီးနှီး "အိုဟိုင်းရိုးဂိုဇိုင်းမစု" "ကွန်နိချိဝ" စသဖြင့်ပါ။ အတန်းက ဆဲန်းဆေးက အိမ်နီးချင်းတွေကို နှုတ်ဆက်ရဲ့လားလို့ ခဏခဏမေးပါတယ်။ ဂျပန်မှာက ရင်းနှီးမှ 'လောကွတ်' (挨拶-အအိစစွတ်) လုပ်တာမဟုတ်ပါဘူး။ သူတို့ရဲ့ ယဉ်ကျေးမှုအနေနဲ့ လုပ်ကြတာပါ။ ရောမရောက်ရင် ရောမလိုကျင့်သင့်တာ သိပါတယ်။ ဒါပေမယ့် တိုက်မှာနေတဲ့ လူငယ်အများစုက ဓာတ်လှေခါးထဲ ဆုံရင်တောင် ဘာသိဘာသာနေကြတယ်။

ဂျပန်လည်း နယ်မြို့တွေမှာ အိမ်နီးချင်း တဦးနဲ့တဦး တွေ့ရင် သေချာနှုတ်ဆက်ကြပေမယ့် မြို့ပြတွေမှာတော့ တသီးတသန့် ဆန်လာပါတယ်။ ရန်ကုန်လည်း အလားတူလို့ဘဲ မြင်မိတယ်။ တိုးတက်လာမှုနဲ့အတူ တသီးသန့်ဆန်လာမှုက ပေါင်းနေပါတယ်။ ဒီတော့ သူတို့ နှုတ်ဆက်လာရင် ကိုယ်လည်း ပြန်နှုတ်ဆက်၊ မသိချင်ယောင်ဆောင်နေရင်တော့ ဘာသိဘာသာဘဲ နေလိုက်ပါတယ်။ ဆဲန်းဆေးကတော့ သူတို့ဘက်က စ,မနှုတ်ဆက်လည်း ကိုယ်က နှုတ်ဆက်ပါတဲ့။ ယဉ်ကျေးမှုမသိသူလို့ အထင်ခံရမှာ စိုးရိမ်ပုံရပါတယ်။ ဆဲန်းဆေးကိုယ်တိုင်ကလည်း နယ်ကလာသူမို့ လောကဝတ်တွေကို အတော်အရေးထားပါတယ်။

နှုတ်ဆက်တာက အခန်းအပြင်မှာ ဆုံတာအပြင် ဒီတိုက်ကို ပထမဆုံး ပြောင်းလာတဲ့အခါမှာလည်း တတိုက်ထဲနေသူတွေကို လိုက်နှုတ်ဆက်ရတဲ့ ဓလေ့လဲရှိပါတယ်။ အရင်ကတော့ တတိုက်လုံး ရှိသမျှအခန်းတိုင်း နှုတ်ဆက်ရပေမယ့်၊ တိုက်တတိုက်မှာ အခန်းပေါင်းများစွာရှိလာရင် လိုက်နှုတ်ဆက်ဖို့က မလွယ်ပါဘူး။ အဲဒီကနေစလို့ မနှုတ်ဆက်မဖြစ်တော့ ကိုယ့်အခန်းရဲ့ ဘယ်ဘက်ညာဘက် အခန်းရယ် အပေါ်အောက်အခန်းရယ်ကို သတ်မှတ်နှုတ်ဆက်ကြပါတယ်။ ဘေးအခန်းက ကိုယ့်မှာ တခုခုအရေးပေါ်ဖြစ်ရင် အကူညီတောင်းနိုင်ဖို့နဲ့ အောက်ဘက်အခန်းကတော့ ကိုယ်က အပေါ်မှာနေတာမို့ ပစ္စည်းတွေပြုတ်ကျတာ သယ်ပြုတုန်း ဆူညံမှုဖြစ်ရင် အားနာစရာကောင်းမှာမို့ ကြိုအသိပေးတာရယ် တကယ်လို့ ကိုယ့်အိမ်မှာ ကလေးငယ်ရှိရင် ကလေးဆော့လို့ အောက်ဘက်ကို အနှောက်အယှက်ပေးကောင်းပေးမိမှာကို ကြိုအသိပေးတဲ့သဘောပါ။

နှုတ်ဆက်ရာမှာလည်း အရင်ရောက်နေသူကို နောက်မှာပြောင်းလာသူက လိုက်နှုတ်ဆက်ရတာပါ။ လက်ချည်းသက်သက် သွားလို့မရပါဘူး။ လက်ဆောင်တခုခု ယူသွားပြီး "အခန်းနံပါတ် ---- ကပါ ---- သူပါ တွေ့ရတာ ဝမ်းသာပါတယ်" (〇〇〇号室から 〇〇です、よるしくおねがいします) လို့ ပြောရပါတယ်။ နှုတ်ဆက်တဲ့ အချိန်တွေ ရက်တွေကလဲ သတ်မှတ်ထားပါတယ်။ ရုံးဖွင့်ရက်တွေဆို လူမရှိမှာစိုးလို့ ပိတ်ရက်တွေမှာ နှုတ်ဆက်ပါတယ်။ အချိန်က စောလွန်းရင် တဖက်သားအတွက် အနှောက်အယှက်မဖြစ်အောင် နေ့ခင်း ၁နာရီကနေ ညနေ ၇နာရီလောက်ကြား သွားရင် သင့်တော်ပါတယ်တဲ့။ ဂျပန်မှာ သတ်မှတ်ထားတဲ့ mannerတွေ အတော်များတယ်။

ဒီလိုရှုပ်တဲ့ အိမ်တက်နှုတ်ဆက်တာကို အရင်အိမ်မှာ တခါမှ မကြုံခဲ့ပါဘူး။ နောက်မှပြောင်းလာတဲ့ အခန်းကလဲ လာမနှုတ်ဆက်သလို ကိုယ်ကလဲ မသွားပါ။ ခဏနေလိုက် ပြောင်းသွားလိုက်ကြလဲ ပါမယ်ထင်ပါတယ်။ ဒီဘက်ကို ပြောင်းလာတော့ ဆဲန်းဆေးက လိုက်နှုတ်ဆက်ဖြစ်အောင် နှုတ်ဆက်ဖို့ တိုက်တွန်းပါတယ်။ ကြာရှည်နေမှာမို့ အခန်းနီးချင်းနဲ့ ရင်းနှီးထားတာ ကောင်းပါတယ်တဲ့။ ပြောင်းတဲ့အထပ်မှာ အခန်း၎ခန်းရှိတာ အစွန်တခန်းဘဲ နေသူရှိပါသေးတယ်။ ဒီတော့ကာ နှုတ်ဆက်ဖို့ ဘေးတခန်းရယ် အပေါ်အောက်ရယ်သာ ရှိပါတယ်။ ဆဲန်းဆေးက အပေါ်ထပ်ပါ နှုတ်ဆက်ဖို့ပြောပေမယ့် အခန်းတာဝန်ခံက အောက်နဲ့ဘေးနဲ့တင် ရပါတယ် ဆိုတာနဲ့ ၂ခန်းကို နှုတ်ဆက်ဖို့ သတ်မှတ်ထားလိုက်တယ်။

အတော်တော့ ရှုပ်ပါတယ်။ သွားရင် ဘာယူသွားရမှန်းမသိတာပါ။ စားစရာလဲ မပေးချင်ပါဘူး။ စူပါက သွားဝယ်ပြီး ယူသွားတယ်ထားဦး ဒါပေးလို့ သင့်တော်ရဲ့လားဆိုတာက တွေးရတယ်။ တခြားဘာပစ္စည်းယူသွားရမယ်မှန်းလဲ မသိတာမို့ နောက်ဆုံး ဆဲန်းဆေးကိုသာ အပူကပ်ရတော့တယ်။ ဆဲန်းဆေးက တန်ဖိုးမကြီးဘဲနဲ့ အသုံးတည့်တာမျိုး ပေးကြတယ်တဲ့။ အများအားဖြင့် Face Towel ပေးကြတယ်ပြောတယ်။ အဲဒါက ဘာဘဲဖြစ်ဖြစ် အသုံးတဲ့တယ်တဲ့။ ဒါနဲ့ ဆဲန်းဆေးနဲ့အတူ ကုန်တိုက်မှာ Face Towel ဝယ်၊ ကောင်တာမှာ အိမ်တက်နှုတ်ဆက်ဖို့လို့ပြော၊ စာရွက်မှာ အမည်ရေးပေးလိုက်ရင် serviceအနေနဲ့ အမည်ကို အိမ်တက်နှုတ်ဆက်တဲ့ စာရွက်ပေါ် printထုတ်ပြီး ပါကင်ပေါ်ကပ်ပေးလိုက်တယ်။ ပိတ်ရက် နေ့ခင်း အဲဒါလေး ယူသွားပြီး ၂ယောက်အတူ လိုက်နှုတ်ဆက်ပါတယ်။


တာဝန်ကျေသွားသလိုတော့ ခံစားရတယ်။ အရှုပ်ကတော့ ပြီးသွားပြီ။ ဒီလိုနဲ့ တခြားအခန်းတွေ ထပ်ပြောင်းလာပြီး ကိုယ့်ဆီလာပြန်နှုတ်ဆက်တာ ကြုံပါတယ်။ ပထမဆုံးက ညာဘက်က အခန်းပါ။ ကလေးလေးချီပြီး သူ့အမျိုးသား ရုံးပိတ်ရက်မရသေးတာမို့ မအားလို့ သူသာ လိုက်နှုတ်ဆက်ရလို့ အားနာပါတယ် ပြောသွားတယ်။ ပါကင်ရော အိပ်ပါ ဆိုင်တဆိုင်ထဲကမို့ ချစ်စရာလေးပါ။ အထဲမှာ ကိတ်မုန့်၆မျိုးကို ၆ချပ်ထည့်ထားတယ်။ စားစရာပေးတာမို့ စိတ်ချရတဲ့ဆိုင်မှန်းသိအောင် တံဆိပ်နဲ့တကွပါတာ ပေးပုံရပါတယ်။


ဒီမှာက မပြောင်းခင် တရက်အကြို ဒါမှမဟုတ်ရင် ပြောင်းပြီး ၂ရက်လောက်အတွင်း လိုက်နှုတ်ဆက်ကြပါတယ်။ ကိုယ်တိုင်တုန်းက သူ့ပိတ်ရက်ကို စောင့်နေတာမို့ ငါးရက်လောက် ကြာသွားတယ်။ သွားနှုတ်ဆက်တုန်း လူမရှိရင် "အခန်းနံပါတ် 〇〇〇ကို ပြောင်းလာသူပါ။ လူမရှိနေတဲ့အတွက် နောက်ထပ်ပါပါ့မယ်"ဆိုပြီး cardမှာရေးပြီး ထားခဲ့ရပါတယ်။ တကယ်လို့ ၂ကြိမ် ၃ကြိမ်သွားသည့်တိုင် လူမရှိတာနဲ့ဘဲကြုံရင် နေတဲ့သူက တကိုယ်ရေသမား ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကိုယ်နေတဲ့တိုက်က မိသားစုနေတဲ့ တိုက်ခန်းမဟုတ်ရင် နှုတ်မဆက်လဲရတယ်ဆိုပါတယ်။ အထူးသဖြင့် အမျိုးသမီး တယောက်တည်းနေတဲ့အခန်းကို မကြာမကြာသွားနေရင် တမျိုးအမြင်ခံရနိုင်ပါတယ်။ ဒါကြောင့်ဘဲ အရင် တိုက်ခန်းမှာ နှုတ်မဆက်ကြတာများလားလို့ ထင်မိတယ်။ ပြောင်းတဲ့အိမ်က လုံးချင်းအိမ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဘေးဘက်ညာ၂အိမ်အပြင် မျက်နှာချင်းဆိုင် ၃အိမ်ကို နှုတ်ဆက်သင့်ပါတယ်တဲ့။


နောက်နဲနဲကြာတော့ နောက်ထပ်တအိမ်က လာနှုတ်ဆက်တာနဲ့ ကြုံပါတယ်။ အဝတ်လျှော်တဲ့ ဆပ်ပြာရည်ဘူး ထည့်ထားတဲ့ အိတ်လေး ပေးသွားတယ်။ အိမ်တက်နှုတ်ဆက်ရာမှာ ပေးကြတာတွေ ရှာကြည့်တော့ ဆပ်ပြာ၊ တဘက်၊ မုန့် စသဖြင့်တွေ့ရတယ်။ ဈေးနှုန်းအနေနဲ့ သာမန်အားဖြင့် ယန်းငါးရာကနေ နှစ်ထောင်ဝန်းကျင်လောက် ရှိတာကို ဝယ်ပေးကြပါတယ်။ လက်ဆောင်ပစ္စည်းမှာ အသုံးတည့်တဲ့ နေ့စဉ်သုံးပစ္စည်းကိုပေးတာ သင့်တော်ပါတယ်တဲ့။ နောက်မှ အိမ်တက်နှုတ်ဆက်ဖို့အတွက် setအလိုက် လုပ်ထားတာတွေရှိမှန်း သိရတော့တယ်။ ဂျပန်ရဲ့ များပြားလှတဲ့ mannerတွေကို ခုထက်ထိတော့ သူ့အရပ် သူ့ဒေသနဲ့ လိုက်လျောအောင် လုပ်သင့်တာတွေ သင်ယူဆဲပါ။

Read More...

Tuesday, November 10, 2009

ရေနွေးစိမ်ခြင်း



(ပုံ---ဂူဂယ်မှ)

ဆောင်းဝင်ကာ အေးလာပြီမို့ အိမ်မှာရေနွေးပြန်စိမ်ဖြစ်တယ်။ တနွေလုံး မသုံးဖြစ်တာမို့ တလတခါမှ ဆေးဖြစ်တဲ့ Bathtubကို သေချာ ပြန်ပွတ်ဆေးတယ်။ ဆဲန်းဆေးကို မေးကြည့်တော့ ဂျပန်တွေက နွေဘက်လည်း ရေနွေးစိမ်တယ်၊ တနှစ်ပတ်လုံး စိမ်တယ် ပြောပါတယ်။ အပူချိန်ကိုတော့ နွေဘက်မှာ လျှော့စိမ်တယ်တဲ့။ ကိုယ်တိုင်ကျ နွေမှာ ဘယ်လိုမှ ရေနွေးမစိမ်နိုင်လို့ ဆောင်းကျမှ စိမ်တာ များပါတယ်။ ဒီရောက်ခါစက လုံးဝ ရေနွေးမစိမ်နိုင်ပါဘူး။

အရင်အိမ်က အခန်းကျဉ်းတာမို့ ရေချိုးခန်းလည်း ကျဉ်းပါတယ်။ Bathtub က ခြေထောက်ဆန့်မရပါဘူး။ နဲနဲဒူးကွေးထိုင်ရတဲ့ Bathtubကို မြင်ဖူးခါစက ဘယ့်နှယ့်ကြီးလဲလို့ ထင်မိတယ်။ အမြဲတမ်း Showerသာ သုံးဖြစ်ပါတယ်။ အရမ်းအေးလာတဲ့အခါကျ ရေနွေးနဲ့ ဘယ်လောက် လောင်းချိုးချိုး ရေရပ်လိုက်တဲ့အခါ ခိုက်ခိုက်တုန်တက်အောင် အေးလာတယ်။ ဒါနဲ့ဘဲ အိမ်ကြီးရှင်က ရေနွေးစိမ်ဖို့ တိုက်တွန်းတယ်။ အဲဒီအိမ်မှာ ရေပိုက်ခေါင်းတခုမှာ ရေဖွင့်ဖို့ ခေါင်း၂ခုရှိပါတယ်။ အနီရောင်ကို ဖွင့်ရင် အခန်းပြင်မှာရှိတဲ့ gasလိုက်ကိုဖြတ်ပြီး ရေပူထွက်ပါတယ်။ အပြာရောင်ကိုဖွင့်ရင် ပုံမှန်ရေအေး ထွက်တယ်။


ဒါကြောင့် ရေစပ်တိုင်း ရေပူကို အရင်ဖွင့်ချထားပြီး ကိုယ့်မှန်းချေလောက်ရောက်ရင် ရေအေးပြန်ဖွင့်ရတာမျိုးပါ။ အပူဖွင့်လိုက် အအေးဖွင့်လိုက်နဲ့ နဲနဲတော့ အလုပ်ရှုပ်ပါတယ်။ ကိုယ်ရှုပ်တာမဟုတ်ပါဘူး။ ရေနွေးစပ်တာ အိမ်ကြီးရှင်အလုပ်မို့ သူရှုပ်တာပါ။းD ဂျပန်မှာ ရေနွေးမစိမ်ခင် ဂျေးညှော်ကင်းအောင် အရင်ဆုံး သေချာရေချိုးရပါတယ်။ ရေနွေးစိမ်ကန်ထဲ စဝင်ခါမှာ ခြေထောက်ချရုံနဲ့ ပူလွန်းလို့ ထိုင်ဖို့ရာ တော်တော်နဲ့ မရဲခဲ့ဘူး။ အားယူရင်း တဖြည်းဖြည်းထိုင်ရတယ်။ ၂ခါ ၃ခါလောက် ဝင်ဖူးအပြီးမှာ ကျင့်သားရလာတယ်။ ရေနွေးစိမ်တာ ဘာထူးခြားလည်းဆို အကြောအချင်ပြေတယ် ပြောရမယ်။ တကိုယ်လုံး relaxဖြစ်ပြီး နေလို့အတော်ကောင်းပါတယ်။ ရေနွေးကန်က ထွက်ရင် အိပ်ချင်လာတာမို့ မအိပ်ခင် ရေနွေးစိမ်တာ အကောင်းဆုံးလို့ ထင်ပါတယ်။ နေလို့ကောင်းပေမယ့် ရေတွေက သွန်သွန်ပစ်ရတာမို့နှမြောမိတယ်။


ဒီဘက်အိမ်ရောက်လာတော့ အိမ်ခန်းက ကျယ်လာတာမို့ ရေချိုးခန်းလည်း ကျယ်တယ်ပြောရပါမယ်။ အဲဒါအပြင် ရေကိုပြန်နွှေးလို့ရတဲ့ Systemပါပါတယ်။ အရင်လို တခါသုံးပြီး အလဟဿမဖြစ်တော့ပါဘူး။ ဂျပန်တွေလည်း လူနည်းတဲ့ အိမ်ဆို ၃ခါလောက် ပြန်သုံးတယ်လို့ ဆဲန်းဆေးကပြောတယ်။ ပြန်နွှေးတဲ့စက်မပါရင်တော့ အဝတ်လျှော်စက်ထဲ ချိတ်တဲ့ ပိုက်နဲ့ ချိတ်ပြီး အဝတ်လျှော်ရာမှာ သုံးကြပါတယ်တဲ့။ အရင်အိမ်တုန်းက အဝတ်လျှော်စက်က ဝရန်တာမှာမို့ ပိုက်ချိတ်ဖို့ရာ ဘယ်လိုမှ အဆင်မပြေပါဘူး။ သွန်ရုံဘဲ ရှိပါတယ်။ ခုကျတော့ အဆင်ပြေသွားတယ်။


Bathtubရဲ့ ခေါင်းရင်းနားမှာ စက်ကလေးရှိပါတယ်။ အဲဒီမှာ Bathtubထဲ ဖြည့်တဲ့ ရေအပူချိန်နဲ့ ပမဏကို ကိုယ်လိုချင်တဲ့ settingထားထားပြီး "ဂျိဒိုး"自動 (Auto)ဆိုတာ နှိပ်လိုက်ရင် တီးလုံးသံနဲ့အတူ "ရေဖြည့်ပါမယ်" ဆိုတဲ့ အသံထွက်လာပြီး ရေဖြည့်နေပါတယ်။ ရေပြည့်ခါနီး ၅မိနစ်အလိုမှာ စက်က "နောက်၅မိနစ်မှာ နွေးရပါတော့မယ်"၊ ရေပြည့်တဲ့အခါမှာလဲ "ရေနွေးစိမ်လို့ရပါပြီ" (お風呂が沸きました)လို့ အသံထပ်ထွက်လာတယ်။ နောက်ရက်မှာ အဲဒီရေကို ပြန်သုံးချင်ရင် "အိုအိဒကိ" (おいだき) ဆိုတာနှိပ်ထားလိုက်ရင် အဲလိုဘဲ တီးလုံးသံနဲ့ အဆင့်ဆင့် ထွက်ပြီး အသိပေးပါတယ်။ ရေရပြီလားလို့ သတိထားပြီး သွားသွားချောင်းစရာ မလိုတော့ပါဘူး။ (ကိုယ်သိတာ အဲလောက်ပါဘဲ။ ခလုပ်ခုံအောက်ဘက်က အဖုံးထဲမှာ ဘာတွေမှန်းမသိတဲ့ ခလုပ်ပိစိကွေးတွေ အများကြီးရှိသေးတယ်။ အဲဒါက သူ့အလုပ်ဆိုပြီး တခါမှ မနှိပ်ကြည့်ဘူးပါ။)


ရေချိုးခန်းမှာအပြင် ဟင်းချက်ရင်း ရေဖြည့်လို့ရအောင် မီးဖိုနားမှာပါ ခလုပ်ခုံအသေးလေးတခု ထပ်ထားထားပေးပါတယ်။ ရေနွေးစိမ်ရင် အရေးကြီးတာက လေဝင်လေထွက်ကောင်းဖို့ပါ။ မဟုတ်ရင် ရေနွေးငွေ့တွေလုံနေတဲ့အခန်းထဲ မွမ်းပြီး နေလို့မကောင်းတတ်ပါဘူး။ လေစုပ်ပန်ကာဖြစ်ဖြစ် လေပေးစက်ဖြစ်ဖြစ် ဖွင့်ထားရပါမယ်။ ရေနွေးစိမ်ကန်ထဲက ထွက်ရင် ရေအေးအေးနဲ့ ဘက်ခြေကနေ ညာလက်/ ညာခြေကနေ ဘယ်လက် အောက်ကနေ အပေါ်ကို ခဏလောင်းချိုးပေးရပါတယ်။ ပြီးရင်တော့ ရေလေးတခွက်သောက်ပြီး သက်တောင့်သက်သာ နေဖို့ပါ။ ရေနွေးစိမ်ကန်က ထွက်ရင် ရေအေးနဲ့ ပြန်လောင်းချိုးပါစေ ချွေးနဲနဲထွက်တာမို့ တချို့က airconလေနဲ့ အအေးခံကြတယ်။ အဲဒီအကျင့်က မကောင်းပါဘူးတဲ့။ ပုံမှန်ဘဲ ချွေးခြောက်အောင် နေသင့်ပါတယ်။

ကိုယ့်အိမ်မှာကိုယ်တော့ ရေနွေးစိမ်တတ်သွားပေမယ့် အများနဲ့တော့ မစိမ်ဖြစ်ပါဘူး။ မနှစ်က ဂျပန်စာအတန်းကနေ ရေပူစမ်းကို နေ့ချင်းပြန် ခရီးသွားရာမှာလည်း သူငယ်ချင်းက ဘယ်လောက်အဖော်စပ်ပါစေ မဝင်ပါဘူး။ ခြေထောက်သာစိမ်ရတဲ့ ကန်ဘက်ကိုဘဲ လိုက်သွားတယ်။ ရေနွေးစိမ်တာမှာ ကိုယ့်အိမ်မှာကိုယ် Bathtubထဲစိမ်တာကို "အိုဖုရို" (お風呂)ဝင်တယ်လို့ ပြောကြတယ်။ ပိုက်ဆံပေးပြီးဝင်ရတဲ့ နေရာတွေကိုတော့ ရေပူစမ်း "အွန်းစမ်း"(温泉)လို့ ပြောကြပါတယ်။ "အွန်းစမ်း"မှာတောင် အမိုးအကာအောက်မှာ လုံလုံခြုံခြုံကာရံထားတာမျိုးဆို "အွန်းစန်း / အိုဖုရို"လို့သာခေါ်ပြီး အမိုးအကာမရှိတဲ့နေရာကို "ရို့တဲန်းဘုရို" (露天風呂)လို့ ပြောကြတယ်။ "ရို့တဲန်းဘုရို"က မြေကြီးကို ကန်ပုံဖြစ်အောင်တူးပြီး ဂျပန်စတိုင် ပန်းခြံနဲ့ သဘာဝလိုဖြစ်အောင် လုပ်ထားတာမျိုး ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ကို လှမ်းမြင်ရတာမျိုးပါ။ ရေနွေးစိမ်ကန်တွေကို အများအားဖြင့် အမျိုးသား အမျိုးသမီး သီးသန့်ခွဲထားကြပြီး မခွဲထားတဲ့ "ကွန်းရော့ကု" (混浴)ဆိုတဲ့ ဘုံရေနွေးစိမ်ကန်တွေလဲ ရှိပါတယ်။

ရေပူစမ်းတွေမှာ ရေထဲဘာဓာတ်ပါတဲ့ ရေပူစမ်း ညာဓာတ်ပါတဲ့ ရေပူစမ်း စသဖြင့် အမျိုးမျိုးစွဲဆောင်ကြပါတယ်။ တခါက တီဗီမှာ ဝိုင်အရက်နဲ့စိမ်တာတွေ ချော့ကလက်ကန်ကြီးထဲ စိမ်နေကြတာတွေ ပြပါတယ်။ ရေနွေးစိမ်ကန်ထဲဝင်ရင် တကယ်က ဘာအဝတ်မှ ဝတ်လို့မရပါဘူး။ တီဗီမှာ ကြော်ငြာဖို့အတွက်ဆိုရင်သာ bath towelပတ်ပြီး ဝင်ခွင့်ပေးပါတယ်။ ဒါကိုကျင့်သားမရတဲ့ နိုင်ငံခြားသားအချို့က ရေကူးဝတ်စုံနဲ့ဝင်လို့ သူတို့ယဉ်ကျေးမှုကို ဖျက်တယ်လို့ မြင်ကြတယ်။ တချို့က ကိုယ်တည်းတဲ့ ဂျပန်စတိုင် တည်းခိုခန်းရဲ့ "အိုဖုရို"ထဲ ဆပ်ပြာအမြှုပ်တွေလုပ်လိုလုပ်မို့ ပိုင်ရှင်တွေ စိတ်ရှုပ်ကြရပါတယ်တဲ့။

အများနဲ့ရေနွေးစိမ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။ အားကစားရုံမှာလည်း Shower Room ထဲမှာ ရေနွေးစိမ်ကန် အကြီးကြီးနဲ့ ချွေးထုတ်ခန်းရှိပါတယ်။ ခက်တာက တခါမှ အဲလိုမဝင်ဘူးတော့ Showerပြီးတာနဲ့ Locker room ထဲ အမြန်သွားတော့တာပါ။ အားကစားရုံထဲမှာ အနံ့အသက်ကင်းအောင် အားကောင်းတဲ့ လေအေးပေးစက်တွေ တပ်ထားတာမို့ ငြိမ်ငြိမ်သက်သက်နားနေရင် ခဏတဖြုတ်နဲ့ အေးလာပါတယ်။ Shower Roomကနေ Locker roomကို အသွား စက္ကန့်ပိုင်းက အတောမသတ်နိုင်အောင် ချမ်းတုန်တက်တာပါ။ ဒါနဲ့ဘဲ တရုတ်သူငယ်ချင်းက တိုက်တွန်းတာနဲ့ ကြိုးစားပြီး ရေနွေးစိမ်ကန်ထဲဝင်ဖြစ်တော့တယ်။ အားကစားရုံရဲ့ ရေနွေးစိမ်ကန်က အတော်အသင့်ကြီးပါတယ်။ Staffတွေက အချိန်အလိုက် test stripလေးနဲ့ ကန်ထဲလာတို့တာ တွေ့ရတယ်။ ရေသန့်မသန့်စစ်တယ် ထင်တာဘဲ။ ကန်ရဲ့ အလယ်မရှိတရှိတနေရာမှာ အောက်ဘက်ကနေ သံပြားကို အပေါက်သေးသေးလေးတွေဖောက်ထားပြီး လေထွက်အောင်လုပ်ထားတာမို့ အဲဒီနေရာက ရေပွက်သလို ပွက်နေပါတယ်။ အဲဒီနေရာသွားနေရင် အရှိန်နဲ့ပွက်နေတဲ့ရေကြောင့် နှိပ်ပေးသလိုခံစားရတယ်။

အဲဒီနေရာက ဇိမ်ကျတာမို့ အတော်များများက ရေပွက်တဲ့နေရာကို ကြိုက်ကြတယ်။ ကိုယ်တိုင်လဲ လူသိပ်မများရင် သွားထိုင်ပါတယ်။ ရေနွေးစိမ်က ၄၂ဒီဂရီ နီးနီး အပူချိန်ထားထားပါတယ်။ ပြင်ပ ရာသီဥတုပေါ်မူတည်ပြီး အပူချိန် မြှင့်တာ နှိမ့်တာတွေလုပ်ပါတယ်။ ကန်ရေပြင်ရဲ့ ကျန်တဲ့နေရာတွေထက် ရေပွက်တဲ့နေရာက ရေနွေးငွေ့ပိုရိုက်တယ်လို့ ခံစားရတယ်။ ရေပွက်ထဲ ဇိမ်ကျရင်း တခါတလေ အတွေးခေါင်မိတယ်။ ငရဲအိုးထဲကျတာဆိုရင် ခုလိုဘဲ ပူလောင်ပြီး ပွက်ပွက်ထနေမှာထင်တယ်လို့။ အဲ့အခါကျရင် အားလုံးလဲ ခုလို ဇိမ်လေးနဲ့ ငြိမ့်နေနိုင်ကြမယ် မထင်ဘူး။ ရေနွေးစိမ်ရင်း ဒီလို ပေါက်တီးပေါက်ရှာ လျှောက်တွေးနေတာ ကိုယ်တယောက်ထဲများလားလေ။

Read More...

Sunday, November 8, 2009

မိုင်ပဲပြုတ်


ပဲပြုတ်စားချင်တာ ကြာပါပြီ။ တူညားတွေဘလော့က ပဲပြုတ်ကိုမြင်တိုင်း သွားရည်ကျတယ်။ စားချင်တာ ဝယ်မရတော့ ကိုယ့်ဘာသာ လုပ်ဖို့ဖြစ်လာတယ်။ ပြီးခဲ့တဲ့လက "တာကဒနိုဘဘ"က မြန်မာဆိုင်သွားတုန်း အဲဒီက ပဲပြုတ်ပြုတ်တဲ့ပဲလို့ ပြောတာနဲ့ ဝယ်လာခဲ့တယ်။ သူငယ်ချင်းကတောင် လုပ်တတ်တယ်လား?လို့ မေးနေတာနဲ့ အင်တာနက်ထဲမှာ "မြင်ဆရာ"တွေရှိတယ် အဲဒါကြည့်လုပ်မယ်လို့ ပြောဖြစ်တယ်။ တကယ်တန်းကျ ဝယ်လာပြီး မစမ်းရဲတာနဲ့ ဒီအတိုင်း ထားထားတာ။ တသက်နဲ့တကိုယ် အိမ်မှာ ပဲပြုတ်ပြုတ်တာ တခါမှ မတွေ့ဖူးဘူးကိုး။ ဒီလိုနဲ့ မြင်ဆရာများ ရေးသားထားတာ အားကိုးပြီး ဆန်တခွက်စာ ရေစိမ်ပြီး အပင်ဖောက်လိုက်တယ်။ အပင်မှပေါက်ရဲ့လားလို့ သွားလှပ်ကြည့် ခဏခဏပဲ။ ပထမတညမှာ အညှောက်လုံးဝမထွက်တာနဲ့ စိတ်များတောင် ပူမိတယ်။ ညအိပ်တာတောင် ပဲစိတွေ မြင်ယောင်နေတာ။ မနက်လင်းတော့ ထပ်ချောင်းကြည့်တာ အညှောက်ပိစိကွေးလေးထွက်နေလို့ ပျော်လိုက်တာ။ ဇကာလေးကိုင်ပြီး အိမ်ကြီးရှင်ကိုလဲ သွားပြနဲ့ တကယ်ပါ မျောက်အုန်းသီးရတဲ့အတိုင်းပဲ။ ခဏနေ သွားချောင်းလိုက်နဲ့မို့ ပဲစိတွေတောင် အမြင်ကပ်လောက်တယ်။

"ပဲစေ့အညှောက်ပေါက်ပြီ"


အညှောက်ကတော့ ပေါက်ပြီ။ ပြုတ်ဖို့လုပ်ငန်းစရတော့မယ်။ pressure cooker မရှိတော့ ထမင်းအိုးပေါင်းအိုးနဲ့ဘဲတည်မယ်။ အခက်တွေ့တာက "ရေ"။ ပဲတခွက်ကို ရေဘယ်လောက်ထည့်ရမယ်မသိဘူး။ ခွက်အချင်နဲ့ ရေးထားတာ မရှိတော့ ခက်ပြီ။ ကိုယ့်အထင်နဲ့ကိုယ် ရေတခွက်နဲ့ လေးပုံတပုံလောက် ထည့်တည်လိုက်တာ ကျက်တော့ကျက်တယ်။ နဲနဲမာတယ်။ အိုးပွက်ကတည်းက အိမ်ထဲမှာ ပဲပြုတ်နံ့က မွှေးကြိုင်နေတာဘဲ။ ညဘက်ကကျက်နေတဲ့ပဲကို မနက်ကျ ခလုပ်နှိပ်ပြီး ပြန်နွှေးထားလိုက်တယ်။ ပြီးတော့ ဆီဆမ်းဆားဖြူးပြီး 'မြန်မာပြည်အလွမ်းပြေမနက်စာ' လုပ်စားလိုက်တယ်။

"ပဲပြုတ်ဆီဆမ်းဆားဖြူး"


ထန်းပင်တက်လက်မှတ်ရသွားတော့ အိမ်ကြီးရှင်ကလည်း အားပေးတာနဲ့ နောက်ထပ် ပဲ၂ခွက်စာ ရေထပ်စိမ်ပြီး အပင်ထပ်ဖောက်ထားလိုက်တယ်။ ဒီတခါ ရေပိုထည့်တည်မယ်ဆိုပြီး ထည့်လိုက်တာ အိုးတက်တော့ ပဲနူးပေမယ့် ရေတွေကျန်နေလို့ မီးဖိုပေါ် ခနပြန်တည်လိုက်တယ်။ ရေခမ်းခါနီး တီဗီသွားမော့မိလို့ အောက်ဘက်ကပဲတွေ အိုးကပ်သွားရော။ တူးခြစ်မသွားတာ တော်သေးတယ်။

"ဒုတိယအကြိမ်ပြုတ်တဲ့ပဲ"


ဒီတခါ အများကြီးပြုတ်ထားတာမို့ အိမ်ကြီးရှင်အတွက် ရုံးမသွားခင်မနက်စာကို ထမင်းကို ပဲပြုတ်ထည့် ဆားဖြူး နှမ်းဆီဆမ်းပြီး ပြင်ပေးလိုက်တယ်။ နောက်တရက်တော့ ပဲပြုတ်နံပြားလုပ်စားတယ်။ နံပြားက စူပါက ဝယ်လာတာပါ။ ナン"နန်"လို့ခေါ်တဲ့ တြိဂံပုံ နံပြားရှိတာကို စမ်းသပ်ကြည့်ချင်တာနဲ့ ပီဇာအချပ်ပြား ဝယ်လာကြည့်တယ်။ ပါဝင်တဲ့ ingredients တွေ တူတာမို့ အရသာ အတူတူဘဲဖြစ်လောက်မယ်ထင်လို့။ တကယ်တန်းကျ ナンက ပိုကောင်းတယ်။ ဈေးကြီးပေးရတဲ့ ပီဇာချပ်က ပွမလာဘူး။ (နောက်ဆို ナンဘဲ ဝယ်တော့မယ်။)

"ပဲပြုတ်နံပြား နဲ့ ရေနွေးကြမ်း"


လက်ကျန်ပဲပြုတ်ကို ဒီမနက် ထမင်းနဲ့နယ်ပြီး အိမ်ကြီးရှင်အတွက် မနက်စာပါ။ ကိုယ်တိုင်ကျ ဒီအတိုင်းဘဲစားချင်တာမို့ ပလိမ်းပဲပြုတ်ပေါ့။ နေ့လည်နေ့ခင်းဘက် ပဲပြုတ်စားလိုက် ရေနွေးချမ်းသောက်လိုက်နဲ့ အတော်ဇိမ်ကျပါတယ်။ မလုပ်တတ်ရင် ငတ်တာမို့ စမ်းလုပ်ရင်းနဲ့ တတ်လာပြီလို့ အမေနဲ့ ဖုန်းဆက်ရင်း ပြောမိတယ်။

"ပဲပြုတ်ထမင်း"


ဒီကနေ့တော့ လက်ကျန်ပဲပြုတ် ပြတ်သွားပြီမို့ ပဲပြုတ်သည်ကြီး ရောင်းလို့ကုန်သွားပါပြီ။:D

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP