Thursday, October 20, 2011

Shock



အသီးအရွက် စုံပြီး ဈေးသက်သာတဲ့ဆိုင်သွားတာ ခရမ်းချဉ်သီး၂လုံး ယန်းငါးရာလို့ တွေ့လိုက်ရတဲ့အခါ .... Shock
ဆူနာမီဝင်လိုက် မုန်တိုင်း၂ခု ဆက်တိုက်ဝင်လိုက်နဲ့ စိုက်ခင်းတွေပျက် အသီးအရွက်တွေ ဈေးတက်တာ သားငါးဈေးကိုတောင် ကျော်တာတွေကျော်ပေါ့။ ဆိုင်မှာလဲ အသီးအရွက်တွေက ဝါနေတာတွေ နွမ်းနေတာတွေ အများကြီးရယ်။ ဖယ်ပစ်လိုက်ပြီးရင်လဲ တင်ထားစရာ မရှိတော့လို့ ဒီလိုဘဲထားထားတာထင်ရဲ့။ အဲလောက်ဈေးကြီးလာရင် ဒီက အိမ်ရှင်မလဲ ရင်တုန်တယ်ကွယ်။

အတန်းထဲမှာ မြန်မာကိုမသိတဲ့ တရုတ်မတယောက်က မြန်မာလူမျိုးပါလို့ဖြေတဲ့ကိုယ့်ကို သေချာကြည့်ပြီး မြန်မာတွေက နင့်လို အသားမဲသလား?လို့ အပြောခံရတဲ့အခါ .... Shock
ကိုယ်အသားမဖြူတာ ကိုယ့်ဘာသာ သိပါတယ်၊ မဲတော့မမဲပါဘူး။ အဖေတူမို့ ညိုပါတယ်။ အမနဲ့ မောင်လေးက အမေဘက်လိုက်ပြီး ဖြူပါတယ်။ မောင်လေးဆို ငယ်ငယ်က လူဝင်စားလို့ထင်ရလောက်အောင် ဖြူတာပါ။ အသားဖြူသူ အမနဲ့ မောင်ကြားညှပ်ပြီး ညိုတဲ့ကိုယ့်ကို တချို့က မောင်နှမ အရင်းလို့မထင်တဲ့သူတောင်ရှိတယ်။ ငယ်ငယ်ကတဲက အားငယ်ခဲ့ရတဲ့အချက်ကို အဲလိုအပြောခံလိုက်ရတာ ပြုံးနေတဲ့မျက်နှာ မဲ့ချင်ချင်တောင်ဖြစ်သွားတယ်။

ဆေးခန်းထဲ ဆရာဝန်ရှေ့က မော်နီတာပေါ်မှာ ကိုယ့်အသက်ကို ၃၀နဲ့ ၄လလို့ မြင်လိုက်ရတဲ့အခါ .... Shock
သုံးဆယ်ပြည့်တုန်းက ဘာမှမဟုတ်လိုက်သလိုဘဲ။ စွန်းထွက်နေတဲ့ ၄လကိုမြင်လိုက်ရတဲ့အခါမှာ အတော်အသက်ကြီးသွားသလို ခံစားလိုက်ရတယ်။ ဒီလိုဆိုတော့လဲ အချိန်တွေကုန်တာ မြန်လိုက်တာ။

မနှစ်ကဝယ်ထားတဲ့ Skinny jeans ကို ဒီနှစ်ဝတ်တဲ့တော့ ပေါင်မှာတစ်နေတဲ့အခါ .... Shock
ဝယ်ပြီး ၂ခါလား ဝတ်ရသေးတယ် အပေါ်က တွဲဝတ်တဲ့ အင်္ကျီ လိုက်ဖက်တာ မရှိတာနဲ့ ထားထားတာရယ်။ လိုက်တဲ့အင်္ကျီရလာလို့ ဝတ်မယ်လဲလုပ်ရော ဘယ်လိုဖြစ်တာတုန်း ပေါင်မှာစီးတစ်နေတာ။ ရအောင်ဝတ်ပြီးတော့လဲ နေရထိုင်ရ သက်တောင့်သက်သာ မရှိလိုက်တာ။ ကမန်းကတန်း ပေါင်ချိန်စက်ပေါ်တက်ကြည့်လိုက်တော့ ၃/၄လအတွင်း ၃ကီလိုကျော် တိုးနေပါရောလား။ အရင်က ချောင်နေတဲ့ ဂျင်းဘောင်းဘီတထည်က ဝတ်လို့ကောင်းပြီး အနေတော်ဖြစ်လာကတည်းက သတိပြုမိရမှာ။ အသက် ၃၀မှာ ပေါင်ချိန်ရုတ်တရက်တိုးလာလို့ လန့်သွားတယ် ဂယ်ဘဲ ;)

ဒီလိုတော့လဲ မဖြစ်သေးဘူးဆိုပြီး အစာလျှော့စားလိုက်တာ ဘော်လီပါ ချောင်သွားတဲ့အခါ .... Shock
ကျစေချင်တဲ့ အဆီတွေက ပေါင်နဲ့ ဗိုက်ပဲဟာကြီးကို။ ဒီထက် ကိုယ်တိုင်းထပ်ကျသွားရင်လဲ ဝယ်ဝတ်စရာ size မရှိတော့ဘူး။ ဂျပန်မတွေလို ဖော့ထုပ်တွေထည့်ပြီး ဝတ်ရတော့မလားဘဲ။ အင်!!

အိပ်ယာခေါင်းရင်းမှာ ထောင်ထားတဲ့ အိမ်ကြီးရှင်နဲ့ အတွဲဖြစ်ခါစက ရိုက်ထားတဲ့ ဓာတ်ပုံကိုကြည့်ပြီး တရုတ်သယ်ရင်းက နင့်အမျိုးသားရဲ့ ရီးစားဟောင်းနဲ့ပုံလားတဲ့ .... အိုးးးးမိုင် Shock
ဘယ့်နှဲ့ပြောလိုက်ပါလိမ့်သယ်ရင်းရယ်။ ကိုယ်မှ ကိုယ်အစစ်ပါ။ ဆံပင်တိုကပ်နေတာရယ်၊ လှချင်လို့ မျက်မှန်ချွတ်ထားတာရယ်၊ ပါးလေးဖောင်းသေးတာဘဲ ကွာပါတယ်။ သူ့မလဲ ရီးစားဟောင်း မရှိရပေါင်။ ရှိရင်လဲ အိပ်ယာခေါင်းရင်းထားအိပ်ရအောင် ကိုယ် အဲလောက် သဘောထားမကြီးပေါင်ကွယ်။ အဲလို သဘောထားကြီးတဲ့သူများရှိရင် ဒီကတောင် သိချင်ပါရဲ့ :D

(ဓာတ်ပုံ-ဂူဂယ်)

6 comments:

မြူးမြူး said...

အိ... နောက်နှစ်ဆို ၃ထိပ်စီးဖြစ်မှာ.. ခုတည်းက လျော့စရာရှိတာလျှော့ထားမှ.. ခုတောင် အရင်ကထက် ၂ဆလောက်ဖြစ်နေဘီ.. ဟင့်..

khun said...

:D LOL...

ခင်မင်းဇော် said...

ညီမရေ ဖဘအကောင့် ပိတ်လိုက်လား။ ရှာမတွေ့တော့လို့။ ဘလော်ဂါတွေ အုပ်စု တစု လုပ်ထားတာ ညီမကို ဖိတ်မလို့ လိုက်ရှာတော့မှ မတွေ့မိတော့ဘူး။ ပြန်လာပါဦး လွမ်းထှာ။

မြရွက်ဝေ said...

မြူးမြူး ---> ၄ထိပ်စီးဖြစ်ရင် သိသိသာသာ ဝလာတတ်တယ်။ သတိ သတိ :D

ခွန် ---> :P

မခင်မင်းဇော် ---> မြရွက်ဝေအမည်နဲ့ အမကို ပြန်add ထားတယ် အမ။ အရင်တခါ addတာ မရဘူး။ ခုပြန်နှိပ်ထားတယ်။

Shinlay said...

shock တွေအကြောင်းဖတ်ပြီး ပြုံးမိပါတယ်။

မြရွက်ဝေ said...

မရှင်လေး ---> ပြုံးသွားတဲ့မျက်နှာ မှန်းကြည့်လိုက်မယ်နော် :)

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP