Thursday, December 8, 2011

2011.12.07

လည်ချောင်းနာနေတာ ကြာပြီ။ အနာနဲ့ဆေး လွဲနေတယ်။ ဟိုဆေးခန်းပြ ဒီဆေးခန်းပြနဲ့ နောက်ဆုံး နားနှာခေါင်းလည်ချောင်းဆေးခန်းကို သွားပါတဲ့။ အိမ်နားမှာ နားနှာခေါင်းလည်ချောင်းဆေးခန်း ရှိတယ်။ ကိုယ်နဲ့မဆိုင်ဘူးမှတ်ပြီး ဆေးခန်းရှေ့ဖြတ်သွားတိုင်းလဲ သေချာမဖတ်ကြည့်ဘူး။ အရိုးဆေးခန်းလို့ဘဲထင်တာ။ သွားဆေးခန်း အရိုးဆေးခန်းက ပေါ်တယ်ပြောရမယ်။ ဟိုနားဒီနားလျှောက်ရင် တွေ့ရလို့။ နားနှာခေါင်းဆေးခန်းလဲ သွားမယ်ဆိုပြီး တောင်ရွှေ့မြောက်ရွှေ့လုပ်နေတာ၊ မနေ့ကကျ မိုးရွာလို့ ထွက်ချင်ဘူး။ ဒီနေ့တော့ မဖြစ်မနေ သွားမှဟ!လို့ ကိုယ့်ဘာသာ သတိပေးရင်း ထွက်လာတယ်။ ဆေးခန်းရှေ့ရောက်တော့မှ အမ်!! တခါးပိတ်ထားတယ်။ အထဲချောင်းကြည့်တော့ ဗုဒ္ဓဟူးနေ့က ပိတ်ရက်တဲ့ ဖြစ်ရမယ်။ homepage ကြည့်တုန်း ပိတ်ရက်ကို သမန်ကာလျှံကာဖတ်လိုက်တာ စနေညနေနဲ့ တနင်္ဂနွေနေ့လို့မှတ်တာ ဗုဒ္ဓဟူးပါ ပိတ်တာကိုး။

ထွက်လာမိမှတော့ နဲနဲလမ်းသလားပြီးမှပြန်မယ် စိတ်ကူးပြီး ဟိုဝင်ဒီဝင်လုပ်တယ်။ ဆူပါမားကတ်ထဲ ဂျပန်စာအတန်းက ဆဲန်းဆေးနဲ့တိုးလိုက်သေးတယ်။ ဆူပါထဲလဲ ဝယ်ချင်တာ မရှိ။ အပေါ်ထပ်က ယန်းတစ်ရာဆိုင်ယောက်တော့ မြရွက်ဝေတို့ အကြိုက်ပေါ့။ အိမ်မှာဘာလိုလဲ စဉ်းစားရင်း ကောက်ထည့်ရင်း အပြန် အထုပ်တထုပ် ပါတာတော့တာဘဲ။ အပြင်ထွက်ရင် ပိုက်ဆံလဲ လိုက်ထွက်တတ်တာပါလား။ သူလဲ ကိုယ့်လို အိမ်ထဲ ပိုက်ဆံအိတ်ထဲ အမြဲမနေချင်ရှာဘူးထင်တယ်။ အပြန်လမ်းမှာ အိမ်နားရောက်တော့ ဟိုဘက်လမ်းအခြမ်းက စီစီကားကား လူတွေ ပြုံလို့။ အားလုံး မိန်းမတွေချည်း။ ဘယ်တုန်းက ဒီနား အသီးအရွက်ဆိုင် ဖွင့်လိုက်ပါလိမ့်ထင်ပြီး ကြည့်လိုက်တာ ဘယ်ဟုတ်မလဲ ပိုက်ဆံအိတ်တွေ ဈေးချရောင်းနေတာ။ ခြေထောက်က အလိုလို ဆိုင်ရှေ့ရောက်သွားတယ်။ အဟိ :D

အိတ်မှာ ဈေးနှုန်းလဲ ကပ်မထားတော့ ဘယ်လောက်မှန်း မသိဘူး။ ဆိုင်ထဲလဲ ကြည့်ရတာ အားလုံး ဒီနားက အိမ်ရှင်မတွေချည်းထင်ရဲ့။ တချို့က မဝယ်တော့ဘူးဆို အိမ်ပြန်သွားပြီး အိမ်ရောက်မှ မနေနိုင်လို့ ပြန်လာခဲ့တယ်တဲ့။ ပိုက်ဆံရှင်းတဲ့ဆီ နားစွင့်ကြည့်လိုက်တော့ သုံးထောင်လို့ ကြားတယ်။ အသားတွေက ကိုင်ကြည့်တော့ မဆိုးရှာပါဘူး။ အုအဲနိုမှာ ရောင်းတဲ့ ၃၅၀၀ထက်တော့ သာတယ်။ ခက်တာက အိတ်တွေက အကြီးကြီးတွေများတယ်။ ဒီငါးဖောင်ရိုးဘော်ဒီနဲ့ အဲလောက်အိတ် ကြည့်မကောင်းလောက်ဘူးဆိုပြီး မဝယ်ဘဲ ထွက်မယ့်ဆဲဆဲ အိတ်အဖြူတလုံး မျက်ကျိထဲ ရောက်ချလာရော။ ဟိုနားဒီနားသွား လွယ်ဖို့ မဆိုးဘူးဆိုပြီး ယူလိုက်ပါတယ်။ ပိုက်ဆံရှင်းတော့ တစ်ထောင်တဲ့။ ဟယ်!! တယ်ဟုတ်ပါလား တထောင်နဲ့တော့ တန်သကွာလုပ်ပြီး မြောက်ဆွမြောက်ဆွနဲ့ အိမ်ပြန်ရောက်လာတယ်။

(ဖဘမှာ လို tagလုပ်လို့ မရ၍သာ၊ မဟုတ်က ဒီပုံမှာ မKOM ကို tagရန် စိတ်ကူး၏)
(ဖြည့်စွက်---> အိတ်အစွပ်ကနေ သူ့တို့ရဲ့ အွန်လိုင်းဆိုက် သွားတွေ့လို့ပါ http://sac-eshop.com/အဲလောက်ဈေးရှိတဲ့အိတ်မှန်းသိရင် များများဝယ်ထားလိုက်ပါတယ်။ ဒီနေ့နောက်ဆုံးမို့ ပြီးသွားပြီတဲ့ 2011.12.08)

ယန်းတစ်ရာဆိုင်မှ ဝယ်လာသည်များမှာ အောက်ပါအတိုင်း ဖြစ်၏။

သားရေကွင်းဘူးကို ဖောက်ကာ သားရေကွင်းချိတ်တွင် ချိတ်လိုက်ပါသည်။ ရေခဲတေတာဂျီးတွင် ပန်းများပွင့်စေသတည်း။ ခရမ်းသီးတောင် သီးနေသေး

သားရေကွင်း ရှာဝယ်ရခြင်းမှာ သကြားဘူးထဲထည့်ပြီးသကာလ ပိုနေတဲ့ သကြားထုပ်ကို ပိတ်တံနဲ့ ဖိပိတ်ထားသော်လည်း သတိမထားမိဘဲ ဇောက်ထိုးကိုင်မိ၍ သကြားများ အံဆွဲအတွင်း ဖလားဖလားဖြစ်သွား၍ဖြစ်သည်။ ဘာဘဲပြောပြော သားရေကွင်းနဲ့ပိတ်တာသာ အကောင်းဆုံး (ဖြည်ရ ပိတ်ရ နဲနဲရှုပ်တာကလွဲလို့)

အံဆွဲထဲမှ တိုလီမိုလီများလဲ ရှင်းသင့်တာ ကြာနေပြီ


ဝယ်လာသော ဗူးများထဲ ထည့်ပြီး နေရာချကြည့်

ဒီလိုထည့်ပြီး ဒီလိုတွေထပ်လိုက်တော့ finish!!

ဗူးအဝိုင်းတွေက နေရာ အတော်ပုပ်တယ်။ အရင်က မဆန့်တာတွေ ခုတော့ ဆန့်သွားပြီ။ ဗူးတွေတော့ သိမ်းထားလဲ သုံးစရာမရှိတာကြောင့် အမှိုက်ပုံးထဲ ထည့်လိုက်ပါတယ်။ သွားရော့လဟယ်~
"အားလုံးကို လွှတ်ပစ်လိုက်တာ မြရွက်ဝေကမ္ဘာမှာ အိမ်ရှင်းတယ်လို့ ခေါ်ပါတယ်"။ (မှတ်ချက်- ငယ်ငယ်က ဖတ်ဖူးတဲ့ မဂ္ဂဇင်း ဝတ္ထုရှည် "အားလုံးကို စွန့်လွှတ်ခဲ့တာ ချိုပြုံးကမ္ဘာမှာ အချစ်လို့ခေါ်ပါတယ်" ခေါင်းစဉ်ကို ကူးယူပါတယ်)

ဒါတွေလုပ်နေတဲ့ အချိန် ရုံးမှ ပြန်ရောက်လာတဲ့ အိမ်ကြီးရှင်ကို ထမင်းမပြင်ပေးသေးဘဲ ခဏနော်~ နော်~ကိုကိုနော် လုပ်ထားပါတယ်။ သူလဲ သူ့ချစ်တော်လေးများလာမယ့် live အစီစဉ်ထဲ စိတ်ရောက်နေတာမို့ အိုခေပါတယ်လေ။ ;)






Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP