ထမင်းဘူးဘလော့မှာ တင်ဘူးတဲ့ ကြက်တောင်ပံဖက်ထုပ်ကြော်ကို ဒီတခါ ထပ်လုပ်ဖြစ်တာနဲ့ အဆင့်ဆင့်ကို ဓာတ်ပုံရိုက်ထားလိုက်တယ်။ မမိုးကောင်းသူ နဲ့ မစူးနွယ်က ဘယ်လိုအစာသွပ်တာလဲလို့ မေးထားတာနဲ့ တချက်ခုတ် ၂ချက်ပြတ် ပြန်လည်းဖြေဖြစ်ရင်း ပို့စ်လည်းရေးဖြစ်သွားပါတယ်။ အမှန်တော့ ဒီနေ့က ဆရာမရယ် သူငယ်ချင်းတွေနဲ့အတူ အပြင်သွားကြဖို့ပါ။ ရာသီဥတုက ဒီနေ့ကျမှ လေပြင်းတွေတိုက်ပြီး မိုးရွာတာနဲ့ အစီအစဉ် ပျက်သွားတယ်။ ဒီတော့ မရေးတာကြာနေတဲ့ ပို့စ်လေး ရေးဖြစ်သွားတာပါ။
Sunday, May 17, 2009
ကြက်တောင်ပံဖက်ထုပ်ကြော်
ထမင်းဘူးဘလော့မှာ တင်ဘူးတဲ့ ကြက်တောင်ပံဖက်ထုပ်ကြော်ကို ဒီတခါ ထပ်လုပ်ဖြစ်တာနဲ့ အဆင့်ဆင့်ကို ဓာတ်ပုံရိုက်ထားလိုက်တယ်။ မမိုးကောင်းသူ နဲ့ မစူးနွယ်က ဘယ်လိုအစာသွပ်တာလဲလို့ မေးထားတာနဲ့ တချက်ခုတ် ၂ချက်ပြတ် ပြန်လည်းဖြေဖြစ်ရင်း ပို့စ်လည်းရေးဖြစ်သွားပါတယ်။ အမှန်တော့ ဒီနေ့က ဆရာမရယ် သူငယ်ချင်းတွေနဲ့အတူ အပြင်သွားကြဖို့ပါ။ ရာသီဥတုက ဒီနေ့ကျမှ လေပြင်းတွေတိုက်ပြီး မိုးရွာတာနဲ့ အစီအစဉ် ပျက်သွားတယ်။ ဒီတော့ မရေးတာကြာနေတဲ့ ပို့စ်လေး ရေးဖြစ်သွားတာပါ။
Saturday, May 9, 2009
"မိုင်ဆန်ပြုတ်"
အဂျစ် နေမကောင်းချင်ချင် ဖြစ်နေသည်။ ကိုယ်တိုင်လည်း ဘာမှမထူး။ Golden week ပိတ်ရက်မှာ ဘယ်သွားသွား လူများတာမို့ နဂိုကလည်း ဘယ်မှ ထွက်မလည်ပါ။ ခုလို ဝက်တုတ်ကွေးဖြစ်နေကြတယ်ဆိုတော့ ပိုလို့တောင် မထွက်ဖြစ်ပါဘူး။ ဒါတောင် ဘယ်ကနေ ဘယ်လို ကွေးချင်ချင်ဖြစ်တာလဲကို စဉ်းစားလို့မရတာအမှန်။ ရာသီဥတုကို လွှဲချရမယ်ထင်တယ်၊ ပူနေရာက မိုးအုံ့ပြီး ၂ရက်လောက် မိုးရွာတာမို့လေ။ စဖြစ်တာက ကျမ၊ ပိတ်ရက်မှာ ထုံးစံအတိုင်း ၂ယောက်လုံး ညဥ့်နက်တဲ့အထိ မအိပ်နဲ့မို့ အအိပ်မမှန် အစားမမှန်ဘူးလေ။ တရက်ကျ ကျမ အပူတွေများပြီး လည်ချောင်းနာလာတယ်။ ငယ်ငယ်ကလို မဖျားခင် ရှေ့ပြေးလက္ခဏာပေါ့။ ဒါနဲ့ Cevit သောက်ပြီး ရေနွေးအိုးတည်လို့ တညနေလုံး ရေနွေးကြမ်း ထိုင်သောက်နေလိုက်တာ နောက်ရက်ကျ မနာတော့ဘူး။ ဒါပေမယ့် လည်ချောင်းယား၊ ချွဲထ၊ နှာမွှန်တော့ ကျန်သေးတယ်။ ဆေးသေတ္တာဗူးထဲ ရှာဖွေကြည့်လိုက်တော့ ကျန်းမာရေးအာမခံက ပေးထားတဲ့ အအေးမိ၊ လည်ချောင်းနာ၊ နှာစေး ပျောက်ဆေးဗူးတွေ့တာမို့ ကိုယ့်ဘာသာကုပြီး သောက်ထားလိုက်တယ်။
ကျမက သက်သာလာတဲ့အချိန်မှာ အိမ်ကြီးရှင်က လည်ချောင်းနာလာလို့တဲ့။ သူ့ကို ကူးပြီထင်တယ်။ ပထမတော့ သူက ဆေးမသောက်သေးဘူး။ နောက်ရက်မနက် ပိုနာလာတယ်ဆိုမှ ဆေးသောက်တော့တယ်။ ကျမက တကြိမ်ဆေးသောက်ပြီး သက်သာလာပေမယ့် သူက မသက်သာဘဲ ချောင်းတွေပါ ဆိုးလာတယ်။ ချူနာပါနာဖြစ်လာပြီဆိုတော့ ခြင်္သေ့ကနေ ကြောင်ကလေးဖြစ်ပြီး ညောင်နာနာနဲ့ရယ်။;) ဒီနေ့ ကျမက Medical check-up အတွက်သွားရမှာမို့ အပြန်သူ့ကို ဆေးခန်းဝင်ပြမယ် စိတ်ကူးသွားတာ။ ပြီးမှ သူက ဒီတရက် အခြေအနေ စောင့်ကြည့်ပြီး မသက်သာမှ သွားမယ်ဆိုတာနဲ့ ဆေးဘဲ ရှာဝယ်ပြီး ပြန်ခဲ့တယ်။
အိမ်လည်းရောက် ကျမလည်း ညက အိပ်မပျော်တာရယ် သွေးဖောက်လာတာရယ်ကြောင့်ထင်တယ် မူးလာလို့ တရေးအိပ်လိုက်တော့တယ်။ နိုးလာမှ သူ့ကို အဖျားတိုင်းကြည့်တော့ normal နဲနဲကျော်နေပါတယ်။ သူကတော့ မဖျားပါဘူးလို့ ခေါင်းမာနေတာ။ ကဲ! ဒါဖြင့်လဲ မဖျားဘူးပဲထားပါတော့။ ဒါပေမယ့် ဒီရက်တော့ အစာမာမာ ချက်မကျွေးတော့ဘူး။ ဒါနဲ့ တရုတ်သူငယ်ချင်းအိမ် သွားလည်တုန်းက စားခဲ့ဘူးတဲ့ ဆန်ပြုတ်ကို စမ်းချက်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။
ဆန်ပြုတ်ဆိုရင် လူမမာစာကြီးလိုဘဲ မြင်မိတာမို့ အရင်က ဖျားတိုင်း ခနောဆန်ပြုတ်ကလွဲရင် မစားနိုင်ပါဘူး။ ဒီရောက်ပြီး ရိုးရိုးဆန်ပြုတ်ကို ထမင်းစားချင်စိတ်မရှိတုန်း ဆန်ကိုလှော်ပြီး တခါလား ချက်စားဖူးပါတယ်။ ရေနဲ့ ဆန်နဲ့အချိုးလဲ မသိပါဘူး၊ ရမ်းသမ်းမှန်းသမ်းချက်ပြီး သိပ်မကြိုက်လို့ ထပ်မချက်ဖြစ်ဘူး။ သူငယ်ချင်းချက်ကျွေးတာက လုံးဝ လူမမာစာနဲ့ မတူဘူးရယ်။ အဲလိုမျိုး ချက်ကြည့်မယ် စိတ်ကူးလိုက်တယ်။ ပထမဆုံး ဆန်ကို ဆန်ပြုတ်ဖြစ်အောင်တည်နည်းကို လိုက်ရှာကြည့်တာ __ လိုချင်တဲ့ ထမင်းအနေပေါ်မူတည်ပြီး ၄ မျိုး ရှာတွေ့တယ်။
ဆန်ပြုတ်ပျစ်ပျစ် (全粥 - せんかゆ) __ 1 : 5 ( ဆန် : ရေ )
မပျစ်မကျဲဆန်ပြုတ် (7分粥 - ななぶんかゆ) __ 1 : 7
ရေကျဲကျဲဆန်ပြုတ်(5分粥 - ごぶんかゆ) __ 1 : 10
ရေခပ်ကျဲကျဲဆန်ပြုတ်(3分粥 - さんぶんかゆ) __ 1 : 15
ဆန်ကို မချက်ခင် နာရီဝက်လောက် ရေစိမ်ထားရင် ပိုကောင်းတယ်လို့ ရေးထားပေမယ့် အချိန်မရတာမို့ ဒီအတိုင်း တည်လိုက်တယ်။ အိမ်က ထမင်းအိုးမှာ "ဆန်ပြုတ်"တည်ဖို့အတွက် "အိုခါရု"(おかゆ)ဆိုတဲ့ ခလုပ်ပါတာမို့ အတော်ဘဲ။ အရမ်းပျစ်ပျစ် မကြိုက်တာမို့ ဆန်တခွက် ရေခုနှစ်ခွက်နဲ့ တည်ထားလိုက်တယ်။ အဲဒီကြားမှာ အိမ်နားက စူပါမှာ ဈေးသွားဝယ်လိုက်တာပေါ့။
ဘာအမယ်တွေလိုသလဲကို သိပ်မမှတ်မိတာမို့ သူငယ်ချင်း ချက်ကျွေးတုန်းက ပါတာတွေကို စဉ်းစားလို့ရတဲ့အတိုင်း ဝယ်လာလိုက်တယ်။
ဝက်သားကြိတ်သား
"အဆရိ"ခရု (あさり/Clam)
"အီတယ"ခရုအသားဗူး (いたや貝柱/Scallop)
"စဲရိုရီ"တရုတ်နံနံ (セロリ/Celery)
မုန်လာပင်ပေါက် (かいわれ大根/Radish sprout)
"ရှီအိတကဲ"မှို (シイタケ/Shiitake)
"အအို့ဂျိဆို"ရွက် (青じそ/green perilla)
ဂျင်း
ကြက်သွန်ဖြူ
ထောပတ်
အသားမှုန့်
ဆား
ပဲငံပြာရည်အကျဲ
ငရုတ်ကောင်း
အိမ်လည်းပြန်ရောက် ဆန်ပြုတ်အိုးလည်း ကျက်နေတာမို့ အတော်ပါဘဲ။ ဝယ်လာတာတွေကို လှီးချွတ်ပြီး အဆင်သင့် ပြင်ထားလိုက်တယ်။

အိုးထဲမှာ ထောပတ်ကို အပူပေးပြီး အရည်ပျော်သွားရင် ဂျင်းနဲ့ ကြက်သွန်ဖြူ ထည့်ဆီသပ်လိုက်တယ်။ ပြီးရင် ဝက်သားကြိတ်သား နဲနဲထည့်ကြော်တယ်။ ဝက်သားမကြိုက်လည်း ကြက်သားပေါ့။ အသားတွေ အနီရောင်ပျောက်လောက်ရင် "ရှီအိတကဲ"မှို ပါးပါးလှီးထားတာရယ် တရုတ်နံနံအရိုးရယ် ခရုအသားဗူးထည့်မွှေ၊ အသားမှုန့် ဆား ပဲငံပြာရည်အကျဲထည့်တည်၊ နွမ်းလာရင် ခရုလေးတွေရယ် ဆန်ပြုတ်ထည့်ပြီး အလယ်အလတ်မီးနဲ့ တည်ထားလိုက်တယ်။ အိုးမကပ်အောင်တော့ မွှေမွှေပေးရတယ်။ မီးပိတ်ခါနီးကျမှ မုန်လာပင်ပေါက်၊ "အအို့ဂျိဆို"ရွက် နဲ့ တရုတ်နံနံရွက် ထည့်မွှေ၊ ငရုတ်ကောင်းလေးခတ်လိုက်ရင် ရပါပြီ။
"အအို့ဂျိဆို"နဲ့ တရုတ်နံနံ အနံ့သင်းသင်း ဆန်ပြုတ်လေး "ဒိုးဇို မယ်ရှီအာဂတ်တယ်~"

Subscribe to:
Posts (Atom)