Monday, December 17, 2007

ဂျပန်မှာကျောင်းလာတက်မယ်ဆိုရင်...


**မာစတာ / ဘွဲ့လွန် လာတက်သူတွေအတွက် မရည်ရွယ်ပါ။ ပုံမှန်ကျောင်းလျှောက်ပြီး ကျောင်းတက် အလုပ်လုပ်မည့်သူများအတွက် သိသလောက် မျှဝေပါတယ်။**

ဂျပန်စာသင်တန်းတက်တုန်းကပါ။ သင်တန်းတက်သူတွေက အမျိုးမျိုးပါပဲ။ UFLမှာ ကျောင်းတက်နေသူတွေ practice အတွက်လာတက်သူ၊ ပြင်ပက ဂျပန်သွားဖို့အတွက် တက်သူ၊ အပျော်သဘောနဲ့ လာတက်သူ စသဖြင့် အမျိုးမျိုးရှိပါတယ်။ အများအားဖြင့်တော့ သင်တန်းနဲ့ချိတ်ထားတဲ့ ဂျပန်ကျောင်းတွေ၊ တက္ကသိုလ်တွေကိုလျှောက်ဖို့ ရည်ရွယ်သူတွေများပါတယ်။ တချို့က အပြင်ကပွဲစားနဲ့ကျောင်းလျှောက်ဖို့အတွက် သင်တန်းတက်နေကြောင်း ထောက်ခံစာလိုချင်လို့ တက်သူတွေလည်း ရှိပါတယ်။

နှစ်တိုင်း ဒီဇင်ဘာလ ပထမပတ်ရဲ့ တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံက ဂျပန်ဘာသာကျွမ်းကျင်မှုစာမေးပွဲ JLPT- Japanese Language Proficiency Test (日本語能力試験)ကျင်းပပါတယ်။ အဲဒီအခါ အဝင်ဝမှာ ပြင်ပသင်တန်းကြော်ငြာတွေ သူတို့ကျောင်းနဲ့ချိတ်ထားတဲ့ ဂျပန်ကျောင်းကြော်ငြာတွေရဲ့ လက်ကမ်းစာစောင်တွေကမ်းပါတယ်။ ကြော်ငြာတွေကြည့်မိရင်တော့ ကျောင်းတွေအားလုံးက တက်ချင်စရာကြီးပါ။

ကျောင်းတွေမှာ Language School နဲ့ တက္ကသိုလ်ဆိုပြီး (၂)မျိုးရှိပါတယ်။ Language Schoolကတော့ ဒီဖက်ရောက်ရင်လည်း ဂျပန်စာကို အခြေခံကစပြီးပြန်သင်ရတာပါ။ Language Schoolတက်ဖို့ JLPTက ဂျပန်စာအခြေခံ level 4 စာမေးပွဲ အောင်ရပါမယ်။ လျှောက်တဲ့ကျောင်းပေါ်မူတည်ပြီး (၁)နှစ် သို့မဟုတ် (၂)နှစ်တက်ရပါတယ်။ တချို့ အပြင်ပွဲစား/ အသိကနေ ကျောင်းလျှောက်တယ်ဆိုတာ ဒီလို Language School တွေပါ။ ကျောင်းလခကတော့ ကျောင်းပေါ်မူတည်ပြီး ၆လစာ/ တစ်နှစ်စာ သွင်းရပါတယ်။ (မြန်မာပြည်ကလာသူတွေဆိုရင် တစ်နှစ်စာ သွင်းရပါတယ်။) ကျောင်းလခက ပုံမှန်အားဖြင့် တစ်နှစ်စာကို မြန်မာငွေသိန်း (၆၀)ဝန်းကျင်မှာရှိပေမယ့် ပွဲစား / သင်တန်းကို ဝန်ဆောင်စားရိတ် ပေးရတာမို့ လာသူအတော်များများ အနည်းလေး သိန်း (၁၂၀)ပေးရတာ သိရပါတယ်။ ကျောင်းပြီးရင် အလုပ်မရနိုင်သေးပါဘူး။ Senmon (専門) ဆိုတဲ့ Major ဘာသာတမျိုးမျိုးသင်ပေးတဲ့ကျောင်းကို ဆက်ရှာတက်ရမှာပါ။ တချို့Language School တွေမှာ Senmon Gakkou (専門学校)တွေ ရှိပြီး အဲဒီကနေ ဆက်တက်လို့ရပါတယ်။ တချို့မှာ မရှိတော့ ကိုယ့်ဘာသာကျောင်းတက်ရင်း စုံစမ်းပြီးလျှောက်ရပါတယ်။

တက္ကသိုလ်ကျောင်းလျှောက်ချင်ရင် JLPT အနည်းဆုံး level 2 အောင်ရပါမယ်။ ဒါမှမဟုတ် EJU (ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ) ရမှတ် ၂၂၀အနည်းဆုံး ရသူဖြစ်ရပါမယ်။ တက္ကသိုလ်တွေမှာ ပညာသင်ဆုပါ ပေးတဲ့ကျောင်းတွေရှိပါတယ်။ ပညာသင်ဆုမှာလည်း အမျိုးမျိုးရှိပါတယ်။ Full Scholarship တွေရှိသလို တချို့က lecture အတန်းတွေအတွက် သွင်းရတဲ့အခကို ၆လစာလွတ်ငြိမ်းခွင့်ပေးတဲ့ (practical တွေအတွက်တော့ practicalကြေးသွင်းရမယ့်) ပညာသင်ဆုလိုမျိုးတွေလည်းရှိပါတယ်။ နောက် ပညာသင်ဆုက ရပေမယ့် ဂျပန်ရောက်ရောက်ချင်းမှာ မရသေးပါဘူး။ ကျောင်းဘက်က စာရင်းဇယားတွေလုပ်ပြီးမှ ပြန်ပေးတတ်တာမျိုးပါ။ ရောက်ပြီး ၂ / ၃လလောက်ကြာမှ ရတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် ပညာသင်ဆုရတိုင်းလည်း အဆင်မပြေတာတွေရှိပါတယ်။ နောက်တခုရှိသေးတာက သင်တန်းတွေကို လာချိတ်ထားတဲ့ တက္ကသိုလ်ကျောင်းအားလုံးက ဝိဇ္ဇာဘာသာရပ်ဆိုင်ရာတွေဘဲ တက်ခွင့်ပေးထားတာများပါတယ်။ အများအားဖြင့်တော့ စီပွားရေးဘာသာရပ်ပါ။ ဝိဇ္ဇာဘာသာရပ်နဲ့ပြီးသူထက် သိပ္ပံဘာသာရပ်ပြီးသူတွေက အလုပ်အကိုင်အခွင့်အလမ်း ပိုများပါတယ်။

နေစရိတ်၊ စားစရိတ်က နယ်နဲ့ မြို့ ကွာပါတယ်။ နယ်က မြို့ထက် သက်သာပါတယ်။ ဒါပေမယ့် နယ်မှာ အချိန်ပိုင်းလုပ်ခကနဲပါးသလို လခလည်း နဲပါတယ်။ တိုကျိုမှာတော့ ဆိုင်တွေပေါများလို့ အလုပ်ရှာရလွယ်ပါတယ်။ ကျောင်းသားတွေအတွက် တရားဝင် အချိန်ပိုင်းလုပ်ကိုင်ခွင့်က တနေ့ ၄နာရီပါ။ အဲဒီလောက်ပဲလုပ်ရင် နောက်ဆက်သွင်းရမယ့် ကျောင်းလခ အဆောင်ခ၊ နေစရိတ်၊ စားစရိတ်လောက်မှာ မဟုတ်လို့ ကျောင်းကမသိအောင် ပိုလုပ်ကြတာများပါတယ်။ နောက်ပြီး ကျောင်းကရှာပေးထားတဲ့ အချိန်ပိုင်းအလုပ်တွေကက လခနည်းပြီး တစ်နှစ်စာချုပ်နဲ့ ကြိတ်မှိတ်လုပ်ရတာတွေလည်းရှိပါတယ်။ တိုကျိုမှာဆိုရင် ချွေတာစားသောက်ရင်တောင် ကျောင်းသားတစ်ယောက် တစ်လစရိတ် ယန်း(၁၀)သောင်း (မြန်မာငွေ ၁၀သိန်းလောက်)အနဲဆုံး ကုန်ကျပါတယ်။ ကိုယ်နေတဲ့စားတဲ့စားရိတ်လောက်တော့ ရှာနိုင်ကြပါတယ်။ အိမ်ပြန်ပေးနိုင်ဖို့ဆိုတာတော့ ကျောင်းတက်တုန်း သိပ်မလွယ်ပါဘူး။ဒီရောက်ပြီး တချို့ကြုံတွေ့ရတာက အထင်နဲ့ လက်တွေ့ကွာခြားခြင်းပါ။ ဂျပန်နိုင်ငံဆိုတော့ အတော်တော့ အထင်ကြီးပြီးလာခဲ့ကြတာပါ။ ဒီမှာလက်တွေ့ကြုံမှာက ဂျပန်ရဲ့ပင်ပန်းတဲ့ နေထိုင်မှုဘဝပါ။

တချို့က ကျောင်းတက်ရရင် ပြီးရော၊ ဒီရောက်ရင် သူ့ဘာသူ ဖြစ်သွားမယ်လို့ထင်ပြီးလာသူတွေရှိပါတယ်။ တကယ်တန်းတော့ ထင်တာထက် ပင်ပန်းမှုတွေကြုံရပါတယ်။ အိမ်ကတတ်နိုင်သူတွေအတွက် ကိစ္စမရှိပေမယ့် ချေးငှါးပြီးလာသူတွေအဖို့ အတော်အခက်တွေ့ကြပါတယ်။ တချို့တက်မိတဲ့ကျောင်းက သိပ်အဆင်မပြေ၊ ကျောင်းပြီးရင် အလုပ်ရဖို့စိတ်ပူ၊ လာဖို့ကုန်ကျထားတာတွေမကျေနဲ့ အတော်စိတ်သောကရောက်သူတွေလည်း ရှိပါတယ်။ ကျောင်းကထွက်ပြေးပြီး "O"လုပ်ကြသူတွေလည်း ရှိပါတယ်။ ဂျပန်မှာ Black list ဖြစ်ပြီးရင် ပြည်ဝင်ခွင့် / ဆက်နေခွင့် မပေးပါဘူး။

"O"ဆိုတဲ့ အိုဗာစတေးနေရင်လည်း အမြဲကျီးလန့်စာစားဘဝ ရောက်နေရမှာပါ။ စက်ဘီးစီးသွားလို့ လမ်းမှာ စက်ဘီးစစ်ဆေးရေးနဲ့တွေ့ပြီး အစစ်ခံရတာနဲ့တောင် "O"မှန်းပေါ်နိုင်ပါတယ်။ နောက်"O"သမားတွေ ခိုးကြောင်ခိုးဝှက်နေရတဲ့အပြင် အချိန်ပိုင်းလုပ်ခကလည်း တရားဝင်နေခွင့်ရသူထက် အနှိမ်ခံရပါတယ်။ မကျေနပ်လည်း ပြောပိုင်ခွင့်မရှိပါဘူး။ ပြောမိလို့ အတိုင်ခံရရင် ကိုယ်ဘဲ ပြန်ပို့ခံရမှာ။ နာဖျားရင်လည်း မလွယ်ပါဘူး။ "O"သမားတွေမှာ "ကျန်းမာရေးအာမခံ - 健康保険"မရှိ / လုပ်လို့မရပါဘူး။ ဒါကြောင့် ဆေးခန်းပြရင် 30%လောက်ဘဲ ပေးရမယ့်နေရာမှာ ယန်းသောင်းချီပေးရပါမယ်။ အခုနောက်ပိုင်း စီမံကိန်းတွေချပြီး "O"သမားတွေကို သေချာလိုက်ဖမ်းနေပါတယ်။ ဂျပန်မှာ နိုင်ငံပေါင်းစုံက "O"သမား (၂)သိန်းလောက်ရှိတာ ဒီ သုံးနှစ်အတွင်း ရှာဖွေဖမ်းဆီးရေးလုပ်တာ (၃)သောင်းလောက် ဖမ်းဆီးမိပြီလို့ ကြားပါတယ်။

ဒါကြောင့် ဂျပန်မှာကျောင်းလာတက်မယ်ဆိုရင် ကိုယ်တက်မယ့်ကျောင်းအကြောင်း သေချာသိမှ အဆင်ပြေနိုင်ပါမယ်။ နယ်မှာလား၊ တိုကျိုမှာလား? ကျောင်းလခ အဆင်ပြေပြေ ဆက်သွင်းသွားနိုင်မလား? ကျောင်းပြီးရင် အလုပ်ရနိုင်မယ့် အခွင့်အလမ်းရော ဘယ်လောက်ရှိသလဲ? စသဖြင့် အများကြီးသိထားနိုင်လေ ပိုကောင်းလေပါဘဲ။ ရောက်ရင်ပြီးရောလာရင် ဒုက္ခတွေ့မှာက ကိုယ်အရင် ပြီးတော့ ကိုယ့်မိဘပါ။ ကိုယ်သွားမယ့်နေရာအကြောင်း ပိုသိထားလေ ကောင်းလေပါ။ ဒါမှ တခုခုဆိုရင် ကြိုတင်စဉ်းစားနိုင်မှာပါ။

13 comments:

Thyda said...

Yes, you are right..sister. I heard yesterday that one person( I know) ,who was with overstay status (O),was arrested. I felt so sorry for her. (May be, she would be sent back to Myanmar soon.)

Some said that Myanmar ppl in Japan have (almost)no criminal records but many ppl run away from Japanese language school and work illegally and become overstay status as you mentioned in your post.

For me, I am wondering everytime that I'd like them to try a little bit more from attending language school to vocational school and then work legally. It is good for long-run. But each person has different kind of difficulties.

Actually, coming to Japan is not(not) going down into 'nat yay kan' which is perfect in everything. Life in Japan is not really easy. But nothing is impossible as long as everybody ,who would like to come to Japan,well-prepared for their future.

I agree with you sister, Thanks a lot for sharing.

nu-san said...

အခုလို ပြောပြပေးတာ ကျေးဇူးပါ .. အမကတော့ အဲလို ကျောင်းလျှောက်တဲ့အ တွေ့အကြုံမျိုး မရှိဘူး။ အမတို့ အလုပ်ထဲက လူတချို့တော့ ကျောင်းတက်ဖို့ ရောက်လာတဲ့သူတွေရှိတယ်။ ပြေတာလည်း ရှိ၊ မပြေတာလည်း ရှိပေါ့။ .. အမကတော့ အဲလိုမျိုး မစွန့်စားချင်ဘူး။ ဘာဖြစ်မယ်မှန်း မသေချာလို့။ အမတို့ ပြီးခဲ့တဲ့ Golden Week က တိုကျိုတက်တော့တောင် အစစ်ခံလိုက်ရသေးတယ်.. တောသားပုံပေါက်လို့လား မသိပါဘူး.. ကဒ်ပြတော့မှ ဘာမှ မပြောတော့တာ.. O သာဆိုရင်တော့ အသက်ပါ ထွက်မယ်၊ ကြောက်တတ်တယ် ခေါ်မှာပေါ့နော်.. အဟီး..

ဒီပို့စ်လေးက ဗဟုသုတ ရတယ် ... ကျေးဇူးပါ ညီမလေးရေ... :)

thamudayanwe said...

ညီမလေး
အမမအားတာရယ် ပျင်းတာရယ်နဲ့ မရေးဖြစ်တာပါ.ညိမရေးတဲ့အကြောင်းအရာတွေရယ် ကော်မန့်ပေးသွားကြတဲ့ မသီတာတို့ရဲ့ အမြင်တွေက အမနဲ့ထပ်တူပါပဲ..အမလဲ O ကိုအားမပေးပါဘူး..ဘ၀မှာ ပိုက်ဆံလေးရယုံနဲ့ ဘ၀ဆုံးနေရတဲ့သူတွေလိုဖြစ်နေပါတယ်..နောက်တခု..အမက
master ဘွဲ့လွန်တွေနဲ့ပတ်သက်ပီးပြောချင်ပါတယ်..
ကျောင်းအပေါ်လိုက်ပီး အလုပ်၇တဲ့အခြေအနေမူတည်ပါတယ်..ဒီpost ကိုပီးရင် ကိုစေးထူးရဲ့နိုင်ငံခြားသွားလျှင်ဆိုတဲ့ post မှာ လင့်ခ်သွားပေးလိုက်မယ်နော်..
master ဘွဲ့လွန်တွေက ဒီနိုင်ငံကလူအတော်များများပါထပ်တက်ကြပါတယ် အလုပ်ရလွယ်ကြလို့ အထူးသဖြင့် master ပါ..ကျောင်းစတက်ပီး ၆လလောက်ကတည်းက အလုပ်ခေါ်စတွေက ပလူပျံနေတာပါပဲ ဒါကလဲ အမအထင် ကျောင်းပေါ်မူတည်မယ်ထင်တယ်..အမဆီမှာတော့ နေ့စဉ် အလုပ်ခေါ်စာတွေ ရောက်ရောက်နေတယ်..သူတို့ရဲ့ system က master မ၀င်ခင် under grad ကျောင်းနောက်ဆုံးနှစ်စာမေးပွဲမဖြေခင် ဘ၀ထဲက မာစတာဝင်ခွင့်ကိုဖြေရပါတယ်.ဒါကlanguage ကျောင်းမဟုတ်လို့ပါ.. မာစတာဝင်ပီး ပထမနှစ်မှာကတည်းက အလုပ်ရှာရပါတယ် ကုပ္မဏီတွေကလည်းအတော်များများ လာခေါ်ကြပါတယ်..ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ပီးလျှောက်ကြပါတယ်..အဲဒီမှာလဲ အဆင့်ဆင့် အင်တာဗျူးကနေစပီး အမျိုးစုံဖြေကြရပါတယ်..အဲဒီတော့ ကျောင်းလဲပီးရော အလုပ်ရကြတဲ့လူတွေ များကြပါတယ်..ကျောင်းအပေါ်မှာတော့ တကဲ့ကို မူတည်ပါတယ်..တိုကျိုတက္ကသိုလ်.ကျိုတိုတက္ကသိုယ်လို့ပြောလိုက်ရင်ပဲ
ဂျပန်အတော်များများက အထင်ကြီးကြတော့တာပါပဲ..အဲဒီအချက်ကလဲ အတော်လေးအရေးကြီးပါသေးတယ်..ဂျပန်မှာအလုပ်လုပ်ချင်တဲ့ နိုင်ငံခြားသားတွေလဲ ဂျပန်စကားအတော်ကျွမ်းကျင်ရင် အလုပ်ရကြပါတယ် အလုပ်ရကြပါတယ်.ဒီနိုင်ငံမှာ စကော်လာတွေကလဲ အတော်များပါတယ် .ဒီရောက်မှ လျှောက်တဲ့ monbusho scholar တွေ rotary
scholar တွေ အစရှိသဖြင့် ဆရာရဲ့ထောက်ခံချက် နဲ့ရကြတာများပါတယ်..တချို့ဆိုရင် တက္ကသိုလ်မှာပဲ ဆရာက lab အကူဆိုပီးကျောင်းတက်ရင်းပြန်ခန့်ပေးထားတဲ့သူတွေ လဲရှိပါတယ်..ညီမပြောသလိုပါပဲ နယ်မြို့ရဲ့ ကုန်ကျစရိတ်နဲ့အတော့ကိုကွာပါတယ်..အမတို့လဲ အတော်အံ့သြမိတယ် တိုကျိုနဲ့နီးတဲ့ ရိုကိုဟားမားတောင် အစစအရာရာ ဈေးချိုနေတယ်.
အမဆို တိုကျိုကိုမရွေးချယ်ခဲ့တာ က ရန်ကုန်နဲ့တူတယ်ဆိုပီဒ ကုန်ကျစရိတ်နဲနဲပိုသက်သာမဲ့ မန္တလေးလို့ ကိုယ့်ဘာသာသတ်မှတ်တဲ့ကျိုတိုကိုရွေးချယ်လိုက်တာတခုအပါအ၀င်ပါပဲ..ဒါပေမဲ့ ကုန်ကျစရိတ်အတူတူပါပဲ..

စာလဲရှည်သွားပီမို့ ..နားပါတော့မယ်..

မြရွက်ဝေ said...

မသီတာ ==> ဂျပန်ရောက်တယ်ဆိုတာ နတ်ရေကန်ထဲကျတာ မဟုတ်ဘူးဆိုတာ အမှန်ဘဲ အမရေ။ ဂျပန်ရောက်သွားရင် အားလုံး အဆင်ပြေသွားမယ်ထင်သူတွေကို နားလည်အောင်ပြောပြရခက်တယ်။ ဒီလာဖို့အတွက် သိန်းရာချီ ရင်းထားရပြီဆိုကတည်းက ဝန်ထုပ်ဝန်ပိုး ဖြစ်တော့တာဘဲ။ အခုနောက်ပိုင်း Language Schoolတွေမှာ မြန်မာကျောင်းသားတွေ ထွက်ပြေးလို့ ဝင်ခွင့်ရဖို့ ပိုကြပ်လာတယ်လို့ပြောတယ်။ အာရှနိုင်ငံချင်းတူတာတောင် မြန်မာက အခွင့်အရေး နဲပါးတယ်။ ဖိလစ်ပိုင်လိုနိုင်ငံတောင် visit visaနဲ့လာ ကျောင်းရှာလျှောက် Student visa ပြောင်းယူ၊ ပြီးတော့ အလုပ်ရှာလို့ရတယ်။ မြန်မာကိုတော့ မရလို့ဘူးသိရတယ်။ တချို့Language Schoolဆို မြန်မာဆို ဟင်အင်းတဲ့ ၊ Student visaရဖို့ သူတို့အာမခံ မပေးနိုင်ဘူးလို့ပြောတယ်။ ဝိဇ္ဇာဘာသာရပ်နဲ့ ကျောင်းလာတက်မယ့်သူထက် Language Schoolနဲ့လာ အဲဒီကျောင်းပြီးတော့ အလုပ်အကိုင် ကောင်းကောင်းရနိုင်မယ့် Senmon ကျောင်း / တက္ကသိုလ် တခုခု ဆက်တက်ရင် ပိုကောင်းပါတယ်။ အဲဒီကျောင်းရဲ့ ကျောင်းဝင်ကြေး တတ်နိုင်ဖို့တော့ လိုလိမ့်မယ်။

မnu-san ==> ဟုတ်တယ် အမရေ။ တိုကျိုမှာ နေရာတိုင်း ရဲတွေ အများကြီးဘဲ။ တောသားပုံပေါက်လို့တော့ မဟုတ်ပါဘူး အမရယ်။ သူတို့က ကြည့်လိုက်တာနဲ့ နိုင်ငံခြားသားမှန်းတန်းသိလို့ ရှောင်တခင် စစ်တာ။ အမျိုးသားတောင် အလုပ်ကနေ နေ့လယ်ပိုင်း အပြင်ခဏထွက်တာတောင် လမ်းမှာစစ်ခံထိတာ ၃ / ၄ ခါရှိပြီ။ ညီမတော့ တခါ၊ စက်ဘီးတစ်စီး နှစ်ယောက်စီးပြီး ရဲစခန်းရှေ့ သွားဖြတ်တာလေ။ နှစ်ယောက်မစီးရတာ မသိလို့ အဟီး။:D

မသမုဒယ ==> အမရေ ဘွဲ့လွန်နဲ့ပတ်သက်ပြီး မသိတာ ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ။ ဒီမှာက ပညာရှင်တွေအတွက်တော့ အလုပ်ပေါပါတယ်။ လခလည်းကောင်းတယ်။ ဆရာနဲ့ အဆင်ပြေအောင် ပေါင်းနိုင်ဖို့လဲလိုတာမှန်တယ်။ "တိုကျိုတက္ကသိုလ်"က ဂျပန်မှာ နံပါတ်(၁)လေ။ "တိုးဒအိ" 東京大学လို့ ပြောလိုက်တာနဲ့ ဆရာကြီးဒီဇိုင်းနဲ့ အထင်ကြီးခံရတော့တာဘဲ။ ဒါတောင် တကမ္ဘာလုံးမှာ နံပါတ် (၁၇)ဘဲ ရှိသေးတယ်လို့ ဟိုတလောက သတင်းမှာကြည့်လိုက်ရတယ်။ နောက် ဒီမှာက မြန်မာနဲ့တူတာတခုရှိတယ်။ ဘာလက်မှတ် ညာလက်မှတ်တွေရှိရင် အလုပ်အကိုင်ကောင်းရတာမျိုးလေ။ အထူးသဖြင့် ကွန်ပြူတာနဲ့ပတ်သက်တဲ့ CCNAတို့ CCNPတို့ နောက် အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ TOEICလို အောင်လက်မှတ်တွေရထားရင် အလုပ်လွယ်လွယ်နဲ့ရှာလို့ရမှာ အမှန်ဘဲ။ အချိန်လည်းပေးနိုင် ငွေကြေးလည်းတတ်နိုင်မယ်ဆိုရင်တော့ ဝိဇ္ဇာဘာသာရပ်နဲ့ကျောင်းလာတက်သူတွေ ကျောင်းတဖက်နဲ့ အဲဒီ အပြင်သင်တန်းတွေတက်ပြီး အောင်လက်မှတ်ရထားရင် ပိုကောင်းတယ်။ မဟုတ်ရင် ကျောင်းပြီးလို့ ဝိဇ္ဇာဘာသာရပ်နဲ့ အလုပ်ရှာရင် ဂျပန်တွေနဲ့ ပြိုင်တိုးရခက်လိမ့်မယ်။ ဘွဲ့ရဘာသာရပ် အတူတူချင်းတောင်မှ ဂျပန်က သူ့နိုင်ငံသားကို ဦးစားပေးမှာ မို့လို့ပါ။

သဇင်ဏီ said...

အော်.. ဂျပန်မှာ O နဲ့နေတဲ့သူတွေလဲ ရှိကြတာပဲလားဟင်.. ခုမှသိတယ်.. အန္တရာယ်များတာပေါ့နော်...
ဗဟုသုတအဖြစ်နဲ့ဖတ်သွားပါတယ် မ

Red's Rose Dream said...

ှဗဟုသုတတွေ ဖတ်သွားတယ်အမရေ။
မှတ်သားစရာတွေချည်းပါဘဲ။

su wai said...

အမရေ...ဂျပန်မှာ ကျောင်းသွားတက်ချင်တဲ့ ဆုဝေ သူငယ်ချင်းတစ်ယောက် ရှိတယ်...အမရေးထားတဲ့ ဟိုမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ ကြိုတင်သိထားသင့်တာတွေကို သူ့ကို ပြန်ပြောလိုက်မယ်နော်...ဒီပို့စ်လေးအတွက် အမကို ကျေးဇူးတင်ပါတယ်...။ ဒီကလူတွေက ဂျပန်ဆို ဘယ်လိုသွားရသွားရ ဆိုတာမျိုး ဖြစ်နေကြတာဆိုတော့လေ...။ အမကတော့ ဂျပန်စာ တော်တော် ကျွမ်းကျင်နေပြီ ထင်တယ်နော်...။

ကလိုစေးထူး said...

ကျနော် ဆရာလုပ်တာတော့ မဟုတ်ပါဘူး။ အကြံတခုပြု တောင်းဆိုချင်တယ်။ ဒီပို့စ်လေးကို my favorite post ဆိုပြီးတော့ ဘေးနားမှာ လင့်ခ်လေး ပေးထားစေချင်ပါတယ်။ တကယ်လို့ ဒီဘလော့ဂ်ကို လာလည်တဲ့ မြန်မာပြည်ကလူထဲက တယောက်ယောက်က ဒါလေးကို ဖတ်မိသွားတော့ အသုံးတည့်မယ့် အချက်အလက် တချို့ရသွားလဲ မနည်းဘူးလေ။

KPZ said...

မမရေ.. ဒီပို့စ်လေးကို လင့်ချိတ်ခွင့် ပြုပါနော်

မြရွက်ဝေ said...

kpz ==> link နိုင်ပါတယ် ညီမရေ။ ကျေးဇူးပါ။

Unknown said...

အမ ရေပေးထားတာတွေဖတ်ရတာတကယ်ဗဟုသုတရပါတယ်.ကျေးဇူးပါအမ

ကျော်နှင်းဆီလွင် said...

သေသေချာချာဖတ်ရှုသွားပါတယ်။
:O

Unknown said...

ဖတ်လိုက်၇တာ တန်ဖိုး၇ှိပါတယ်ဗျာ
ကျွန်တော် က အပြင် စကော်လာနဲ့ ကျောင်းလာ
တက်နေတာပါ...ဒါပေမဲ့  နယ်ကျောင်းဆိုတော့
စ၇ိတ်တော်တော်သက်သာပါတယ်၊၊ တကယ်တမ်းဂျပန်ကိုလာမဲ့ သူတွေကိုပြောချင်တာကလေ..အထင်နဲ့ အမြင်နဲ့ တကယ်ကိုတခြားစီပါ..သိပ်ကိုပင်ပန်းပါ
တယ်...ယှဉ်ပြိုင်မှုအ၇မ်းများပါတယ်..အခုချိန်
မှာဂျပန်လူမျိုးတွေတောင်အလုပ်၇ဖို့ တော်တော်
ကြိုးစားနေ၇တာပါ..ပညာသင်ဖို့ ဆို၇င်တော့
အားပေးပါတယ်...ပိုက်ဆံ၇ှာဖို့ လာချင်တာဆို
၇င်တော့ မကောင်းသေးပါဘူးလို့ ပြောပါ၇စေ

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP