Friday, December 11, 2009

Letter



youtube link

Download link

မနက်ပိုင်း TVမှာ ကြားလို့ ရှာကြည့်လိုက်တာ။ မြန်မာသီချင်းရှိတယ်။ "March April May တန်ခူးလ သင်္ကြန် တို့နှစ်ယောက်တွဲလို့ ပျော်ကြမယ်" ဆိုတာလေ။ ခေါင်းစဉ်တော့မမှတ်မိဘူး။ နောက်ပိုင်းတော့ ယုဇနက ပြန်ဆိုထားတယ်ထင်တယ်။

由紀さおり 手紙 Yuki Saori - Tegami

死んでもあなたと 暮らしていたいと
သက်ဆုံးထိတိုင် အတူနေသွားချင်တယ်လို့
今日までつとめた この私だけど
ယနေ့ထက်တိုင် ရုံကြည်နေခဲ့တယ်ပေမယ့်လည်း
二人で育てた 小鳥をにがし
နှစ်ယောက်အတူ မွေးမြူခဲ့တဲ့ ငှက်ကလေးကို လွှတ်ပေးလိုက်မယ်
二人で書いた この絵燃やしましょう
နှစ်ယောက်သား ရေးခဲ့တဲ့ ဒီပန်းချီကားကို မီးရှို့လိုက်ရအောင်
何が悪いのか 今もわからな
ဘာများမှားနေလဲကို ခုထိ နားမလည်နိုင်ဘူး
だれのせいなのか 今もわからない
ဘယ်သူ့ကြောင့်လဲကို ခုထက်ထိ နားမလည်နိုင်ဘူး
涙で綴りかけた お別れの手紙
မျက်ရည်တွေနဲ့ ရေးထားတဲ့ လမ်းခွဲစာလေ

出来るものならば 許されるのなら
ဖြစ်နိုင်မယ်ဆိုရင် ခွင့်ပြုမယ်ဆိုရင်ပေါ့
もう一度生まれて やり直したい
တကြိမ်လောက် ပြန်လည်မွေးဖွားပြီး တဖန်ပြန်စချင်ပါတယ်
二人で飾った レースをはずし
နှစ်ယောက်အတူ ဆင်ယင်ထားတဲ့ ဇာလိုက်ကာကို ဖြုတ်ပစ်ပြီး
二人で開けた 窓に鍵をかけ
နှစ်ယောက်အတူ ဖွင့်ခဲ့တဲ့ ပြတင်းပေါက်ကို သော့ခတ်လိုက်ရအောင်
明日の私を 気づかうことより
ကိုယ့်ရဲ့မနက်ဖြန်ကို စိတ်ပူနေမယ့်အစား
あなたの未来を 見つめてほしいの
မင်းရဲ့အနာဂတ်လမ်းကို မြင်တွေ့စေချင်ပါတယ်
涙で綴り終えた お別れの手紙
မျက်ရည်တွေနဲ့ အဆုံးသတ်ထားတဲ့ လမ်းခွဲစာ
涙で綴り終えた お別れの手紙
မျက်ရည်တွေနဲ့ အဆုံးသတ်ထားတဲ့ လမ်းခွဲစာပါ

Read More...

Wednesday, December 9, 2009

ဂျပန်စာ ဂျပန်စကား


တကယ်ဆို တခါမှ ဂျပန်စာသင်ယူဖို့ ဂျပန်လာဖို့ဆိုတာ မတွေးမိခဲ့ပါဘူး။ ဆယ်တန်းဖြေပြီးတုန်းက သူငယ်ချင်းတွေနဲ့အတူ ဝေးလားဝါးလားလုပ်ပြီး ဘုရားကျောင်းမှာဖွင့်ထားတဲ့ အင်္ဂလိပ်စာlibiaryကို သွားပြီး ယောင်ခြောက်ဆယ်လုပ်ဖူးပါတယ်။ နယ်မှာက ဘာသာစကားနဲ့ ပတ်သက်တဲ့သင်တန်းဆိုတာ မရှိသလောက်ပါဘဲ။ ပြီးတော့ တခြားဘာသာစကားဆိုရင် အင်္ဂလိပ်စာကိုဘဲ မြင်မိတာလည်း ပါပါတယ်။ ရန်ကုန်မှာ တက္ကသိုလ်တက်ဖြစ်တော့ ပထမနှစ်မှာ စာများလွန်းလို့ တခြားစာလုပ်ဖို့ ဘယ်လိုမှ မစဉ်းစားခဲ့ပါဘူး။ ဒုတိယနှစ်မှာ ကျောင်းက လှည်းတန်းနားကနေ မြောက်ဥက္ကလာဘက် ရောက်သွားပါတယ်။

အဲဒီဘက်က ဘုန်းကြီးကျောင်းတကျောင်းမှာ ပညာဒါနဆိုပြီး ဘာသာစကားတွေ အခမဲ့ သင်ပေးပါတယ်။ အဆောင်နေသူငယ်ချင်းတွေက ကျောင်းပိတ်ရက်ဆို အင်္ဂလိပ်စာသင်တန်းကို သွားတက်ကြတယ်။ ကျမကတော့ စိတ်မဝင်စားလို့ မသွားပါဘူး။ အတင်းခေါ်တာနဲ့ အားနာပါးနာ ၂ခါလောက်သွားပြီး လုံးဝမသွားတော့ပါ။ ယူတတ်ရင် ပညာရတယ်ဆိုပေမယ့် ကိုယ့်အတွက် first impression မှာတင် ကိုယ်နဲ့မကိုက်ဘူးဆိုတာ သဘောပေါက်ပြီးသားပါ။ နောက်တော့ သူငယ်ချင်းတွေ မယ်လမုဘုရားရှိတဲ့နားလို့ထင်ပါတယ်၊ အဲဒီဘက်က ပညာဒါနစာသင်ကျောင်းမှာ သွားတက်ကြပြန်တယ်။ အင်္ဂလိပ်စာအပြင် ဂျပန်စာလည်းတက်ကြတယ်။ ကျမကို ခေါ်ပေမယ့် မလိုက်ရေးချ မလိုက်ပါ။ နီးနီးနားနားကိုတောင် မသွားတာ busကြပ်ပိပ်သိပ် စီးပြီးသွားဖို့အရေး ပိုတောင်မတွေးသေးပါ။

စနေ တနင်္ဂနွေဆို အဆောင်မှာ နှပ်ပြီးကျန်နေခဲ့တယ်။ သူငယ်ချင်းတွေက တခွန်းစ ၂ခွန်းစ ဂျပန်လိုပြောကြ နှုတ်ဆက်ကြတာကြားတော့ သူတို့ကြား ကိုယ်က နောက်ကျကျန်ခဲ့သလို ခံစားရပါတယ်။ အင်္ဂလိပ်စာဆိုလည်း အဲဒီကတည်းက မလုပ်ဖြစ်တော့တာ ခုထိပါ။ သူငယ်ချင်းတွေလဲ တနှစ်ကျော်ကျော်လောက် တက်နေကြပါသေးတယ်။ နောက်ပိုင်းကျ အကြောင်းအမျိုးမျိုးနဲ့ မသွားကြတော့ဘူး။ အဲဒီအတောအတွင်း အိမ်ကြီးရှင်က သူ့ကုမ္ပဏီပိုင်ရှင်ရဲ့ တိုက်တွန်းမှုနဲ့ ဂျပန်စာစလုပ်ဖြစ်တယ်။ လေးငါးလလောက်လုပ်ပြီး လယ်ဗယ်၁ကိုဖြေဖို့ လုပ်ပါတယ်။ တခါထဲနဲ့ လယ်ဗယ်၁ဖြေတာ pressureများလွန်းတယ်လို့ ကုမ္ပဏီပိုင်ရှင်ကပြောမှ လယ်ဗယ်၂ကို ဖြေတော့တယ်။ အဲဒါပြီးတော့ ကွန်ပြူတာဘဲ ဆက်လုပ်နေရာက လယ်ဗယ်၁ဖြေမယ်ဆိုပြီး ဂျပန်စာ ပြန်လုပ်ပြန်ပါတယ်။

အဲဒီအခါ သူ့ဘာသာသူသာမက ကိုယ့်ဘာဆွဲထည့်လာတယ်။ သူသင်ပေးမယ် လယ်ဗယ်၎ဖြေတဲ့၊ ဘာမှမခက်ဘူး လွယ်လွယ်လေးတဲ့။ တကယ်ဆို နောက်ဆုံးနှစ်စာမေးပွဲနဲ့ နီးပြီမို့ မသင်ချင်ပါဘူး။ သို့ပေသိလည်းပေါ့ သင်ပေးမယ့်သူက သင်ပေးမယ်ဆိုမှတော့ သင်ရတာပေါ့။ သင်နေရင်း အခန်းတဝက်လောက်လည်းရောက်ရော သင်တန်းတက်ခိုင်းပါလေရော။ ရှုံ့ချီနှပ်ချီနဲ့ တက်ရပါတယ်။ ဒါတောင် basicအတန်းက ဖွင့်တာ နှစ်ပတ်ကျော်နေပြီမို့ ဆရာက လက်မခံချင်ပါဘူး။ ဟီရဂန ခါတခနတတ်တယ်ပြောမှ လက်ခံပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ရက် မနက်ပိုင်းမို့ သောကြာဆို မနက်ဆို မြို့ထဲကနေ မြောက်ဥက္ကလာကို ကျောင်းကအတန်းအမှီပြေးရတာမို့ အတော်ကသီပါတယ်။ တခါတလေ ဆရာမက စောဝင်ပြီး သင်သွားတာမို့ ရောက်ရင် အတန်းက ပြီးသွားနှင့်ပြီ။

ဒီလိုနဲ့ဘဲ ဒီဇင်ဘာထဲရောက်လာတယ်။ Finalစာမေးပွဲက နီးပြီမို့ အပတ်တိုင်းလိုလို ကျောင်းမှာ စာမေးပွဲတွေ ဆက်နေပါတယ်။ နှစ်စဉ် ဒီဇင်ဘာ ပထမပတ်ရဲ့ တနင်္ဂနွေမှာ ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲလုပ်ပါတယ်။ ဂျပန်စာ စာမေးပွဲမတိုင်ခင် ကျောင်းမှာလဲ စာမေးပွဲရှိတာမို့ အတော်စိတ်ပင်ပန်းရပါတယ်။ ဂျပန်စာ အခြေခံစာအုပ်လဲ သင်လို့မပြီးသေးပါဘူး။ listeningကျင့်ဖို့ဆိုတာက အတော်ဝေးပါတယ်။ သူများတွေက စာမေးပွဲအတွက် practiceအတန်း တွက်ပြီး ကျင့်နေပေမယ့် ကျောင်းအချိန်နဲ့ အဆင်မပြေတာကြောင့် မတက်ဖြစ်ပါဘူး။ စာမေးပွဲမဖြေခင်ရက်မှာ အိမ်ကြီးရှင်ဖြေခိုင်းလို့ မေးခွန်းဟောင်းတစုံဖြေကြည့်တာ အမှတ်တွက်တော့ မအောင်ပါဘူး။ ဒီအဆင့်လေးတောင် မရဘူးလားလို့ အဆူခံရတယ်။ ကိုယ့်ဘာသာ ကျောင်းစာများလို့ ခေါင်းခြောက်ရတဲ့အထဲ သူလုပ်ခိုင်းလို့လဲ လုပ်ရသေး အဆူလဲခံရမို့ စိတ်လဲတို ငိုလဲငိုချင်ပါတယ်။ နောက်တစုံ ထပ်ဖြေခိုင်းတာမို့ ဖြေပြီး ကိုယ့်ဘာသာ အမှတ်တွက်ကြည့်တာ အောင်ပါတယ်။ သူ့ကိုပြောမှ အရင်တစုံကို အမှတ်မှားတွက်ထားလို့ မအောင်တာဖြစ်နေတယ်။ နောက်ထပ် တစုံထပ်ဖြေရင်း စာမေးပွဲအတွက် practiceက အဲဒါသာ လုပ်လိုက်ရပါတယ်။

ကိုယ်လုပ်နိုင်တာ ဒီလောက်မို့ ဒီထက်လဲ ပိုမလုပ်နိုင်တောပါ့ဘူး။ စိတ်တွေလဲရှုပ် ခေါင်းတွေလဲကိုက်ရင်း လယ်ဗယ်၎ ဝင်ဖြေဖြစ်ခဲ့တယ်။ အမှတ်အကောင်းကြီးလဲ မဟုတ် အဆိုးကြီးလဲမဟုတ်ဘဲ အောင်ခဲ့ပါတယ်။ အဲဒါပြီးတော့ finalတန်းဖြေပြီး နယ်ပြန်နားနေတာမို့ ဂျပန်စာ ဆက်မလုပ်ဖြစ်ပါဘူး။ ရန်ကုန်ပြန်ရောက်တော့ လယ်ဗယ်၃နဲ့ဆိုင်တဲ့အတန်းက မဖွင့်သေးတာနဲ့ လပ်ယားစိန်လုပ်ပြီး နေပါတယ်။ သူငယ်ချင်းတွေက အလုပ်ဝင်နေကြပေမယ့် အိမ်ကြီးရှင်က မလုပ်ရဘူး ဒီလာဖို့အတွက် ဂျပန်စာဆက်လုပ်ပါဆိုလို့ ဟိုလိုလိုဒီလိုလိုနဲ့ ဂျပန်စာ သင်တန်းဘဲ ဆက်တက်နေခဲ့ပါတယ်။ ဒီလိုနဲ့ လယ်ဗယ်၃ ပြီးတော့ လယ်ဗယ်၂ အောင်ခဲ့တယ်။ ၂နှစ်နီးပါ ဂျပန်စာချည်းလုပ်လာရတော့ အီလာတယ်၊ ငြီးငွေ့လာတယ်။ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေကို မြင်ပြီး အားကျတယ်။

အဲဒါအပြင် လယ်ဗယ်၁ကို ဖြေဖို့ ကြောက်တာလည်းပါတယ်။ လယ်ဘယ်၃နဲ့ ၂ကြားက gapက အတော်ကွာသလို ၂နဲ့ ၁ကြားကလဲ ကွာလွန်းပါတယ်။ အောင်မှတ်ကလဲ ကွာသွားပါတယ်။ ၄ကနေ၂အထိက အမှတ်(၄၀၀)မှာ ၆၀%ကျော်ရင် အောင်ပေမယ့် လယ်ဗယ်၁ကတော့ ၇၀%ကျော်မှ အောင်တာပါ။ ငယ်ငယ်ကနေ ဆယ်တန်းအထိ ဖြေဘူးတဲ့ စာမေးပွဲအားလုံး အောင်မှတ်က ၄၀၊ တက္ကသိုလ်ရောက်တော့ ၅၀၊ ဂျပန်စာ စလုပ်တော့ ၆၀ တဖြည်းဖြည်း မြင့်တက်လာတယ်။ လယ်ဘယ်၁က ၇၀%အထက်ဆိုတာတောင် အမှတ်(၄၀၀)ဖိုးက ခွဲမေးတာပါ။ ခန်းဂျီး+vocabulary ဆို အမှတ်၉၀ဖိုးမေးပြီး ၁၀၀မှာဘယ်လောက်၊ listening ဆို ၃၀ဖိုးမေးပြီး ၁၀၀မှာဘယ်လောက်၊ reading & grammar ဆိုလည်း ၁၉၀ဖိုးမေးပြီး ၂၀၀မှာ ပြန်တွက်တာမို့ တပုဒ်မှန်ရင် အမှတ်များနိုင်သလို မှားရင်လည် အများကြီး လျော့ပါတယ်။ စာလုပ်ဖို့ ရှောင်ပြေးချင်တာရော အလုပ်လုပ်ချင်တာကြောင့် အလုပ်လျှောက်လိုက်တာ ရသွားတာမို့ အဲဒီကစပြီး ဂျပန်စာနဲ့ အဆက်အသွယ် ပြတ်ပြန်ပါတယ်။

ဒီလည်းရောက်ရော culture shock အပြင် ဂျပန်စာလည်း ဒွတ်ခ ရောက်ပါတယ်။ စာအုပ်ထဲမှာ သင်တဲ့စာနဲ့ လက်တွေ့မှာ ပြောတာ မတူပါဘူး။ ပြောရရင် မြန်မာစာလိုပါဘဲ။ စာအုပ်ထဲမှာ "ဘာဖြစ်ပါသည် ညာဖြစ်ပါသည်" ဆိုတာ စကားပြောရင်မှ မသုံးတာလေ။ အဲဒီတော့ တော်တော်ကြီး စိတ်ဓာတ်ကျပါတယ် ဒီလောက်စာတွေလုပ်ထားတာတောင် ရေရေရာရာ နားမလည်လို့ပါ။ အလုပ်လဲ မလုပ်ရ ဒီလိုဘဲ အချိန်တွေဖြုန်းရင်း အင်တာနက်ထဲကတဆင့် အိမ်နားမှာ ဗော်လန်တီယာ ဂျပန်စာသင်ပေးတဲ့အတန်းတွေ ရှိတယ်ဆိုတာသိပြီး သွားဖြစ်ခဲ့တယ်။ အဓိကက စကားပြောဖြစ်ဖို့ပါ။ ကိုယ့်ဘာသာ နားထောင် စာဖတ်က ဖြစ်နိုင်ပေမယ့် စကားကျတော့ တဖက်က ပြောမယ့်သူရှိမှ ဖြစ်မှာလေ။ အဲဒီရောက်တော့ ကိုယ့်စကားပြောတဲ့ လယ်ဗယ်က ဘယ်လောက်ဆိုးလဲဆို basicဖြစ်တဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်စကားတောင် မှန်အောင်မပြောနိုင်ပါဘူး။ ပြောမယ်ဆို စကားလုံးတွေက တောင်တလုံး မြောက်တလုံးနဲ့ ဝါကျမမှန်ဘူးလေ။

အတန်းမှာလည်း formဖြည့်ရင် ဂျပန်စာ ဘယ်လယ်ဗယ်လောက်အထိသိလဲ ရေးရတယ်။ အဲဒါကို ကြည့်ပြီး group လုပ်ပေးတာပါ။ အဲဒီတုန်းမှာ လယ်ဗယ်၂အောင်ထားတာ ကျမတယောက်ထဲမို့ groupမရှိဘဲ ဆဲန်းဆေးနဲ့ တယောက်ထဲစသင်ရတယ်။ ဗော်လန်တီယာအတန်းဆိုတာ စာမေးပွဲအတွက် သင်ပေးတာမျိုးမဟုတ်ပါဘူး။ ဂျပန်ရောက်နေတဲ့ နိုင်ငံခြားသားတွေ ဘာသာစကား အခက်အခဲကို ကူညီပေးဖို့နဲ့ ဂျပန့်ယဉ်ကျေးမှုတချို့နဲ့ ရင်းနှီးစေဖို့ပါ။ ကျမအတွက်တော့ စာသင်ရဖို့ထက် Conversationက အဓိကပါ။ တယောက်ထဲ သင်ရရင်း လယ်ဗယ်၂အောင်ထားတဲ့ ကိုးရီးယားမလေးရောက်လာတာမို့ အဖော်ရသွားတယ်။ သူက လယ်ဗယ်၁ဖြေဖို့ ဂျပန်စာ သင်တန်းကျောင်းမှာ အတန်းတက်နေတယ်ပြောတယ်။

ဒီမှာရှိတဲ့ ဂျပန်စာကျောင်းတွေမှာ လပြတ်တက်လို့ရတဲ့ အတန်းတွေရှိပါတယ်။ ဒါပေမယ့် ဂျပန်စာအတန်းကို ဂျပန်မှာ တက်ရင် ဈေးကြီးလွန်းတယ်။ ၃လပြတ်တတန်းဆိုရင် မြန်မာပိုက်ဆံနဲ့ဆို ၁၅သိန်းအထက် ရှိပါတယ်။ ကိုးရီးယားမလေးက ဖြေပါလား ပြောပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာကြောင့် မဖြေပါဘူး။ အတန်းမှာ တနှစ်၂ခါ group ပြောင်းပါတယ်။ ကိုးရီးယားမလေးက နိုင်ငံပြန်သွားတော့ နောက်တခါကျတဲ့ groupက တရုတ်သူငယ်ချင်း၂ယောက်ပါ။ သူတို့တွေက လယ်ဗယ်၁အောင်ထားပြီးသားသူတွေပါ။ အရင်က တောက်လျှောက် အေးဆေးနေလာခဲ့သမျှ အဲဒီအခါမှ ချွေးပြန်ရတော့တာ။ ကိုယ့်ထက် လယ်ဗယ်မြင့်တော့ ဖတ်ရတဲ့ စာတွေကလည်း ခက်တယ်။ အဲဒီအချိန်မှာ စာမလုပ်တာ ကြာတာမို့ ကိုယ့်လယ်ဗယ်က ၂လို့တောင် ပြောမရအောင် အတော်ကျနေပြီ။ ပြီးတော့ အဲဒီ ၂ယောက်ထဲက တယောက်က တမျိုးပါဘဲ။ စောင့်သင်ရတာမျိုးဆို စိတ်မရှည်တဲ့ အမူအယာတွေလုပ်ပါတယ်။

နောက်တယောက်ကတော့ အတော်သဘောကောင်းတယ်။ သူနဲ့ အတော်ခင်ပါတယ်။ တကယ့်မြန်မာသူငယ်ချင်းလို ပေါင်းလို့ရတယ်။ စိတ်ထားလဲ ရိုးတယ်။ သူက ဂျပန်ရောက်ပြီး မကြာခင်မှာဘဲ လယ်ဗယ်၁ကို အမှတ်အများကြီးနဲ့ အောင်ထားတာမို့ သူ့ကို မေးရပါတယ်။ သူက ဂျပန်စာကျောင်းမှာ ၃လတက်ပြီး စာလုပ်ပါတယ်တဲ့။ နောက် အဲဒီနှစ်က လယ်ဗယ်၁ဖြေမယ်ဆိုတဲ့ တခြား ကိုးရီးယားသူတယောက်ကို မေးတော့လည်း ကျောင်းတက်ပြီးဖြေမှာတဲ့။ အိမ်ကြီးရှင်ကို အဲဒါပြောတော့ သူက အားပေးရှာတယ် "ဂျပန်ရောက်နေတာဘဲဟာ ဂျပန်စာတတ်ချင်ရင် ကိုယ့်ဘာသာကျက်တဲ့ ဒီကဂျပန်စာကျောင်းတက်ဖို့တော့ မတန်ဘူးတဲ့" (ဟွန့်!) သူပြောတာလည်း ဟုတ်ပါတယ်။ မတန်မှန်း ကိုယ့်ဘာသာ သိတယ်။ ကိုယ်တိုင်လဲ စာပြန်လုပ်ဖို့ အဲလောက်ကြီး အားမသန်ပါဘူး။ ဒီလိုနဲ့ အချိန်တွေကုန်ပြန်တယ်။

နောက်တော့ မြန်မာပြည်မှာ ဂျပန်စာအတန်းတက်တုန်း ခင်ခဲ့တဲ့ သူငယ်ချင်း ဒီရောက်လာပြီး အဆက်အသွယ်ရတယ်။ သူက ဒီနှစ် (၇)လပိုင်းမှာ ဂျပန်စာလယ်ဗယ်၁ဖြေဖို့ ကိုယ့်ဘာသာ စာလုပ်နေတယ်ပြောတယ်။ ကျမကတော့ စာမေးပွဲဖြေဖို့ ကိုယ့်ဘာသာ အစအဆုံးပြင်ဆင်ကျက်မှတ်ဖို့ရာ မတွေးခဲ့ပါဘူး။ အမြဲတန်း သင်တန်းတက်ပြီးမှ ဖြေခဲ့တာကိုးလေ။ သူငယ်ချင်းကအောင်သွားပြီး ကျမကို စာပြန်လုပ်ကြည့်ပါလား တိုက်တွန်းလာတယ်။ အောင်တာ/မအောင်တာထက် ကိုယ့်လယ်ဗယ်ကို စမ်းသပ်ကြည့်ပါတဲ့။ စာကို ဟုတ်တိပတ်တိမလုပ်တာ ၃နှစ်တောင် ရှိခဲ့ပြီ။ တွေဝေနေခဲ့တယ်။ အရင်ကလည်း စာမေးပွဲဝင်ဖြေမယ် စိတ်ကူးလိုက် ၅လလောက် အလိုရောက်ရင် မဖြစ်ပါဘူးဆိုပြီး စိတ်လျှော့ပြီး နောက်နှစ်မှ ဆိုပြီး ရွှေ့လာခဲ့တာ။ ခုမှ ပြန်လုပ်လို့ ရပါ့မလားလေ။

မရေမရာစိတ်ကူးနဲ့ လျှောက်လွှာဝယ်လိုက်တယ်။ အဲဒီနေ့က စာမေးပွဲမတိုင်ခင် ၃လ တိတိ။ တွေးကြည့်ရင်တော့ အတော်ခက်ပါတယ်။ ခန်းဂျီးနဲ့ အသိုင်းအဝိုင်းနိုင်ငံဖြစ်တဲ့ တရုတ်တွေ ကိုးရီးယားတွေအတွက်တော့ ဒီလောက်အချိန်ဟာ ဘာမှ မဟုတ်လောက်ပေမယ့် ဗူးသီးငါးပေါင်းထုပ် ခန်းဂျီးတွေနဲ့ မရင်းနှီးတဲ့သူအဖို့ မလွယ်လှတဲ့ အချိန်ပါ။ လျှောက်လွှာဝယ်ပြီးမှတော့ ဆိုပြီး ကိုယ့်ဘာသာ စိတ်အားတင်းလို့ စာအုပ်ဆိုင်သွား စာအုပ်တွေ သွားရှာဝယ်ပါတယ်။ ဘယ်အပိုင်း အားအနည်းဆုံးလဲမေးရင် လယ်ဗယ်၂ဖြေတုန်း reading အားအနည်းဆုံးပါ။ အချိန်မမှီပါဘူး။

ခုကျ ဘာအားအနည်း ဆုံးလည်းဆို အားလုံးပါ။ ခန်းဂျီး Vocabulary Listening Reading Garammar အားလုံး အားလုံး။ စာအုပ်တွေက ဈေးမသက်သာလှသလို အရမ်းလည်း ဈေးမကြီးပါ။ ယန်း ထောင့်ငါးရာ နှစ်ထောင်ဝန်းကျင်ပါ။ CD လေးချပ်ပါတဲ့ Listeningကတော့ ယန်း၃၄၀၀ကျော်မို့ ဈေးကြီးတယ် ပြောရမယ်။ ခန်းဂျီး Vocabulary အတွက် တစ်အုပ်၊ အားနည်းတဲ့ Readingအတွက် ၂အုပ် (စာမေးပွဲသာ ပြီးသွားတယ် တအုပ်ဘဲ ဖတ်လို့ပြတ်တယ်)၊ Listeningအတွက် တစ်အုပ်၊ အကျဉ်းချုပ် တစ်အုပ်၊ ၂၀၀၈ခုနှစ် မေးခွန်းဟောင်းတအုပ် အားလုံးပေါင်း ၆အုပ်။ စာအုပ်ဖိုးချည်း ယန်း၁သောင်းကျော် ရှိပါတယ်။ ဒါပေမယ့် အဲဒါအားလုံး အလကားရတယ်လို့ ပြောလည်း ရနိုင်တယ်။ အိမ်ကြီးရှင်ရဲ့ အလုပ်က တနှစ်၂ကြိမ် ကုန်တိုက်မှာ ဈေးဝယ်လို့ရတဲ့ လက်မှတ်တွေ ပေးပါတယ်။ အဲဒါနဲ့ ဝယ်တာပါ။

အဲဒီဈေးဝယ်လက်မှတ် ဝယ်နိုင်တဲ့ နေရာတွေက မြို့လယ်ခေါင်က ကုန်တိုက်တွေမို့ တခြားဈေးကြီးပစ္စည်း ဝယ်မိတာထက် အိမ်ကြီးရှင်နဲ့ ကျမက စာအုပ်သာဝယ်ပါတယ်။ စာအုပ်က ဘယ်နားမှာ ဝယ်ဝယ် အဖုံးမှာ ပါပြီးသား သတ်မှတ်ဈေးမို့ ဈေးကွာခြင်း လျော့ခြင်း မရှိပါဘူး။ စာလုပ်စရာ လက်နက်စုံပြီမို့ စာစလုပ်ပါတယ်။ သူငယ်ချင်း အကြံပေးတဲ့အတိုင်း ipodထဲ Listening သွင်းထားပြီး အပြင်သွားရင် လမ်းမှာ နားထောင်တယ်။ လယ်ဗယ်၁ Garammar လယ်ဗယ်၂နဲ့စာရင် မများပါဘူး။ Reading ဖတ်ပြီးဖြေကြည့်တာ အမြဲတန်း တဝက်လောက် မှားပါတယ်။ ကိုယ့်အတွေးနဲ့ စာရေးသူအတွေး အဲလို ထပ်တူကျလွန်းတာပါ။ ပထမ တလလောက်မှာ အရှိန်ကောင်းကောင်းနဲ့ စာလုပ်ဖြစ်ပါတယ်။ အိမ်အလုပ်အပြင် တခြားဘာမှမရှိတာမို့ စာကျက်ချိန် အများကြီးလို့ ပြောလည်းရပါတယ်။ ဒါပေမယ့် ကိုယ့်ဦးနှောက်က လက်ခံနိုင်တဲ့အချိန်က ၃နာရီက အလွန်ဆုံးပါဘဲ။ အချိန်ကြာကြာဖတ်လို့ စာပိုရတာ မရှိဘဲ ခေါင်းတွေထူပူလာတယ်။

ခန်းဂျီးလဲ စကိုင်ရော စိတ်ဓာတ်ကျတာ ကမ္ဘာဟိုဘက်အထိ ဖောက်သွားတယ်။ ဘယ်လိုမှ မှတ်လို့မရ၊ ခုကျက် ခဏနေမေ့၊ အဲဒီကနေစပြီး စာလုပ်ပျက်လာပြန်တယ်။ သူငယ်ချင်းချင်းက သူ့ခန်းဂျီးစာအုပ်နဲ့ မေးခွန်းဟောင်းတွေ ငှါးပေးထားတယ်။ စာကျက်လို့ အာရုံမရမယ့်အတူ သူ့စာအုပ်ထဲကစာတွေ ကိုယ့်စာအုပ်ထဲပြန်ကူးရေးရင်း တခါတလေ အိမ်ကြီးရှင်ကို နပူနစာ စာမေးရင် အိယောင်ဝါးနဲ့ စာကို အဖြစ်လောက် လုပ်နေခဲ့တယ်။ အောက်တိုဘာလကုန်ခါနီးတာတောင် မကျက်မနေ ကျက်ရမယ့် ခန်းဂျီးတွေ မပြတ်သေးပါဘူး။ စာဖတ်ရင်း အဟင့်ရွှတ်ဖတ်လုပ်နေလို့ အိမ်ကြီးရှင်က အဲလောက်စိတ်ထဲ မထားပါနဲ့လို့ အကြိမ်ကြိမ် ပြောပါတယ်။ အစကတည်းက ကိုယ့်အခြေအနေသိအောင် စမ်းကြည့်တဲ့သဘောနဲ့ လျှောက်လွှာတင်ခဲ့တာဘဲလေ။ ခက်တာက ဖြေမှတော့ အောင်ချင်တာကိုး (လောဘ~လောဘ)။ တခါမှ စာမေးပွဲကျတာ မရှိဘူးတော့လည်း ကြောက်မိပါတယ်။ မဖြစ်မညစ် စာလုပ်နေရာက နိုဝင်ဘာလထဲဝင်လာမှ ခန်းဂျီးကျက်တာ ရပ်ထားပြီး မေးခွန်းဟောင်းတွေ လျှောက်ဖြေကြည့်တယ်။ အောင်နိုင်ပါ့မလားရယ်ပေါ့။ အမြဲတန်းတော့ အမှတ် (၇၀)မို့ on the marginပါဘဲ။ ကံမကောင်းရင်တော့ margin ရောက်ဖို့ သုံးလေးလှမ်းလိုပါတယ်။

စာမေးပွဲမဖြေခင်ညအထိ ခန်းဂျီးတွေ မှတ်ကောင်းတုန်းပါ။ ဒီလိုနဲ့ဘဲ စာရတယ်ရယ်လည်းမဟုတ် မရဘူးလဲမဟုတ်နဲ့ စာမေးပွဲ ပြီးသွားပါတယ်။ အိမ်ကြီးရှင်ကိုတော့ အောင်ရင် ဆုပေးပါ မအောင်ရင်တော့ အားပေးပါလို့ ပြောထားပါတယ်။ ဘုရားမှာ ဆုတော့လည်း မတောင်းချင်ပါဘူး။ လိုအပ်မှ ဘုရားကို နားပူနာဆာလုပ်တယ်လို့ ကိုယ့်ဘာသာ ခံယူထားလို့ပါ။ ကံကောင်းရင်တော့ အောင်မယ်လို့ဘဲ မှတ်ယူထားပါတယ်။ မအောင်ရင်တော့ နောက်တခါဆိုတာကြီးကို စဉ်းစားရပါဦးမယ်။ ခုက ဆိုးဆိုးရွားရွားကြီး မဖြေနိုင်တာမဖြစ်သလို အချိန်မလောက်တာလဲ မဖြစ်ခဲ့ပါဘူး။ တကယ်ဆို Readingပိုင်း အရမ်းအားနည်းတာ ဗော်လန်တီယာအတန်းက ဆရာမရဲ့ သတင်းစာ ဖြတ်ပိုင်းလေးတွေ ကော်ပီကူးပြီး ဖတ်ခိုင်းတတ်တဲ့ ကျေးဇူးနဲ့ အရင်ကထက်စာရင် နဲနဲဖတ်နိုင်လာတာပါ။ သူငယ်ချင်းကျေးဇူးနဲ့လဲ စာပြန်လုပ်ဖြစ်သွားပါတယ်။ စာလုပ်တယ် အကြောင်းပြပြီး ချက်တရက် မချက်တရက်နဲ့ ထမင်းဘူးမှန်မှန်မထည့်ပေးဖြစ်တာလဲ ဘာမှမပြောတဲ့ အိမ်ကြီးရှင်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 皆 ありがとうね :)

Read More...

Tuesday, December 8, 2009

အိမ်



ဘာလိုလိုနဲ့ ဒီအိမ်ကို ပြောင်းလာတာ ဒီလ ၅ရက်နေ့မှာ တနှစ်ရှိသွားပြီ။ ပြန်တွေးကြည့်တော့လဲ ဘာမှမကြာလိုက်သေးသလိုပါဘဲ။ အရင်နေခဲ့တဲ့အိမ်ခန်းက 1K အခန်းပါ။ ပို့စ်တခုမှာတောင် ရေးဖူးတယ်။ သူတယောက်ထဲ အရင်နေနှင့်နေတဲ့ အခန်းလေးပေါ့။ ဒီမှာအနေနဲ့ဆို 1Kက တယောက်ထဲနေရင် မဆိုးလှပါဘူး ပြောရမယ်။။ ဂျပန်ဖျာ ၆ချပ်စာ အခန်းရယ်၊ မီးဖိုချောင်နဲ့ ရေချိုးခန်း သီးသန့်ရယ်ပါ။ ၂ယောက်နေဖြစ်တော့လဲ ခိုအိမ်လေးထဲ အစပိုင်းမှာ မနေတတ်ပေမယ့် တဖြေးဖြေး နေသားကျလာပါတယ်။ ဟိုဝယ်ဒီဝယ်နဲ့ ပစ္စည်းတွေ များလာတယ်။ ခြေချစရာ နဲလာတဲ့အိမ်လေးထဲ ဧည့်သည်လာမယ်ဆို မျက်လုံးပြူးရတယ်။

ဒီလိုနဲ့ ကြာလာတော့ အိမ်ပြောင်းဖို့ စိတ်ကူးရတော့တယ်။ စာတိုက်ပုံးထဲ လာလာထည့်တဲ့ အိမ်ကြော်ငြာတွေလဲကြည့် အင်တာနက်ထဲက အိမ်ငှါးတဲ့ ဆိုက်တွေမှာလဲ လိုက်ရှာပေါ့။ လက်ရှိအခန်းနဲ့ အကျယ်သိပ်မထူးခြားတာတောင် ဘူတာနဲ့နီးလေ ဈေးက ပိုကြီးလာလေပါ။ ဒီကြားထဲ ဝယ်ရင်ကောင်းမလား စိတ်ကူးပြီး တချို့အိမ်အဟောင်းကြော်ငြာတွေကို ဖုန်းဆက်မေးကြည့်တယ်။ အသစ်ကို စိတ်မကူးရဲလို့ပါလေ။ သို့သော်လည်းပေါ့လေ နိုင်ငံခြားသားလို့ ပြောလိုက်တာနဲ့ အင်တင်တင်ဖြစ်ကုန်ကြတယ်။ ဥပဒေတွေများလွန်းတဲ့နိုင်ငံမှာ ဂျပန်လူမျိုးအချင်းချင်းကို ရောင်းတာထက် နိုင်ငံခြားသားကိုရောင်းရတာ အလုပ်ရှုပ်ပုံရပါတယ်။

နိုင်ငံခြားသားဆိုတာနဲ့ စပ်ဆက်ပြီး ပြောရရင် ဒီမှာ နိုင်ငံခြားသားကို အလွယ်တကူ အိမ်ငှါးမပေးပါဘူး။ ကျောင်းသားဆိုရင်လဲ ကျောင်းက ဒါမှမဟုတ် "ဟိုရှောနင်း"(保証人) လို့ခေါ်တဲ့ အာမခံပေးသူ ရှိမှပါ။ တကယ်တော့ ဂျပန်မှာ ပြဿနာဖြစ်ရင် ခေါင်းခံပေးရမယ့် "ဟိုရှောနင်း"ကို ဘယ်သူမှ အလွယ်တကူ မလုပ်ချင်ပါဘူး။ ကျောင်းတက်နေလို့ ကိုယ့်ကျောင်းက ထောက်ခံပေးရင် ကောင်းပါတယ်။ တချို့ကျောင်းကတော့ ကိုယ့်ကျောင်းသားဖြစ်တာတောင် တော်ရုံမထောက်ခံပေးဘူးလို့ ကြားဘူးပါတယ်။ ထောက်ခံစာရဖို့ ငွေသွင်းရတဲ့ကျောင်းမျိုးလည်း ရှိတယ်ပြောတယ်။ အိမ်ကြီးရှင်လဲ ကျောင်းသားအနေနဲ့တုန်းက ကျောင်းကရှာပေးတဲ့အဆောင်မှာ နေခဲ့ပါတယ်။ အလုပ်လုပ်တော့ ကုမ္ပဏီကနေ အိမ်ခြံမြေအကျိုးဆောင်ကို ချိတ်ပေးပါတယ်။ အဲဒီ အိမ်ခြံမြေအကျိုးဆောင်ကို ကိုယ်နေချင်တဲ့ အခန်းအမျိုးအစား၊ နေရာ၊ ပေးနိုင်တဲ့လစာတွေပြောလိုက်ရင် သူတို့ရှာပေးပါတယ်။ အဲဒီအခန်းတွေကို လိုက်ကြည့်ပြီး ကိုယ်သဘောကျတာကို ရွေးရုံပါ။ အိမ်လခကိုတော့ ကိုယ့်ဘဏ်အကောင့်ထဲကနေ ကုမ္ပဏီကတဆင့် လစဉ် အကျိုးဆောင်ကို ပေးသွားပါတယ်။ လတိုင်း စာရင်းဇယား ပို့ပေးပါတယ်။ ဒါကြောင့် အိမ်ရှင်အိမ်ငှါး တိုက်ရိုက်တွေ့တာ နဲတယ်ပြောရမယ်။ ဂျပန်အချင်းချင်းကတော့ ရှိပါတယ်။

အိမ်မှာ တခုခုဖြစ်ရင်လဲ အကျိုးဆောင်ကို ဖုန်းဆက်ပြောရပါတယ်။ အိမ်သော့ပျောက်တုန်းက သူတို့ဆီ ဖုန်းဆက်ပြောတော့ သော့ပြင်သူ လွှတ်ပေးတယ်။ ကျတဲ့စရိတ်တော့ ကိုယ့်ဘာသာ ပေးရတာပါ။ သော့အသစ်ထဲက သော့တံတချောင်းကိုတော့ အကျိုးဆောင်ကို ပေးထားရပါတယ်။ ဒါက ဂျပန်မှာ ထုံးစံပါ။ တကယ်လို့ ကိုယ်မရှိတုန်း အခန်းမှာ တခုခုဖြစ်ရင် သော့ဖွင့်ဝင်လို့ရအောင်ပါ။ ပြီးတော့ အခန်းငှါးရင် စပေါ်လိုသဘောမျိုး ပေးထားရပါတယ်။ ကိုယ်နေတဲ့ နေရာပေါ်မူတည်ပြီး တလစာ၊ ၂လစာ၊ ၂လခွဲစာ စသဖြင့် အမျိုးမျိုးပါဘဲ။ တကယ်လို့ အိမ်ပြောင်းရင် အကျိုးဆောင်က လာပြီး အခန်းကို စစ်ပါတယ်။ ပျက်စီးညစ်ပတ်တာတွေရှိရင် အဲဒီထဲက ပြင်ဆင်စရိတ်နှုတ်ပါတယ်။ တကယ်တန်း ပြင်ဆင်စရိတ်ပေးသင့်တဲ့ ပျက်စီးမှုနဲ့ မပေးရတဲ့ ပျက်စီးမှုရယ်လို့ ရှိပါတယ်။ ဥပမာ aircon တပ်ထားပြီး ဖြုတ်ရင် နံရံမှာ အကွက်ရာ ကျန်ပါတယ်။ အဲဒါမျိုးအတွက် အိမ်ငါးက ပေးလျော်စရာ မလိုပါဘူး။ ဒါကို မသိဘဲ ပေးနေရတဲ့သူတွေ အများကြီးပါ။ ကိုယ်တိုင်တောင် အဲဒါကို TVက အိမ်ရှင်အိမ်ငှါးဥပဒေ အစီအစဉ်မှာ ကြည့်ဘူးလို့သိတာပါ။

အိမ်ရှာတာ ပြန်ဆက်ရရင် အိမ်ကြီးရှင်က Apartment ဆို လုံးဝမနေချင်၊ Mansion မှ Mansion ဆိုတာရယ်ကြောင့် တော်ရုံနဲ့ ရှာမရဘူး။ ဒီမှာ Apartment က Mansion ထက် ဈေးသက်သာပါတယ်။ ငလျင်များတဲ့နိုင်ငံမို့ အိမ်ကြီးရှင်က စိတ်ချရတဲ့ Mansionသာ နေချင်ပါတယ်။ Mansionကလဲ ဈေးတော်ရင် ဘူတာနဲ့ဝေး၊ ဘူတာနဲ့နီးရင်း ဈေးက မတန်နဲ့ စိတ်တိုင်းကျမရနိုင်ပါဘူး။ ဒီကြားထဲ လင်နဲ့မယား လျှာနဲ့သွားမို့ ကိုက်မိကြပါလေရော။ ဘာအကြောင်းကြောင့်လဲတော့ မမှတ်မိတော့ပါ။ စိတ်ကောက်ပြီး အိမ်ကြီးရှင်ကို စကားမပြောပါဘူး။ (အိုဆာကာက အမရေ_ "ကောက်ကွေး"လို့ မှန်းတာ မှန်တယ်နော့ :P) အရင်လို တရက်နှစ်ရက်ထက်ကိုလွန်ပြီး ကောက်ကြောရှည်စွာနဲ့ လေး/ငါးရက်အထိ စကားမပြောတာမို့ အိမ်ကြီးရှင်လဲ အကြောင်းရှာရတော့တယ်။

တကယ်ဆို သူကမှ တေမိ။ တနေ့လုံးနေလို့မှ စကားတခွန်းတောင် ပြောသူမဟုတ်။ ကိုယ်မပြောရင် အိမ်က ဘိုးဘွားရိပ်သာလို ခြောက်ကပ်တိတ်ဆိတ်နေတော့တာ။ အိမ်က တိတ်ဆိတ်ခြောက်ကပ်နေတာပြီး နေလို့မပျော်တော့တာမို့ သူက ရုံးအပြန် ဘူတာမှာ ဝေနေနဲ့ တိုက်ခန်းကြော်ငြာလာပြပြီး အိမ်နဲ့နီးတာမို့ သွားကြည့်ရအောင်ဆိုပြီး အဖော်လာစပ်တယ်။ အပြင်သွားရ ပျင်းသူက အဖော်တွေဘာတွေ လာစပ်နေတာမို့ အင်းမလှုပ် အဲမလှုပ်နဲ့ လိုက်သွားလိုက်တယ်။ အမှန်က အခန်းကြည့်ဖို့ထက် စကားပြန်ပြောအောင် ခင်းတဲ့ဗျူဟာပါ။

တကယ်တော့ ဘာရယ်မဟုတ် သွားကြည့်တာပါ။ ဟိုလဲရောက်ရော ရုံးခန်းက တာဝန်ခံက ရွှန်းရွှန်းဝေအောင် စကားတွေပြောတာ နားထောင်ရတာ တနာရီလောက် ကြာသွားတယ်။ သူတို့မလဲ တိုက်ခန်းမှာ သုံးပုံတပုံလောက်ဘဲ နေသူရှိသေးတာမို့ လူလိုချင်နေတာပါ။ modern roomတွေလဲ လိုက်ပြနဲ့ အမျိုးမျိုးပြောနေတာမို့ အားတောင်နာလာတယ်။ အိမ်ခြံမြေဆိုင်ရာ ဥပဒေတွေကို စာအုပ်ဖွင့်ပြီး ရှင်းပြနေတာ ၂နာရီကျော်တောင်ကြာပါတယ်။ ဘာတလုံးမှနားမလည်ပါဘူး။ ကိုယ့်ဂျပန်စာက အဖြစ်လောက်သာသိတာကိုးလေ။ ဒီလိုဥပဒေဆိုင်ရာ ခန်းဂျီးဗျစ်ထူနဲ့ စာအုပ်ကြီးတော့ ဖတ်တတ်ဖို့ ဝေးပါသေးတယ်။ ကျမက သိပ်နားမလည်ဘူးလို့ ပြောလိုက်လို့ တာဝန်ခံလည်း အိမ်ကြီးကိုသာ ဦးတည်ပြီး ရှင်းပြနေတော့တယ်။ ကိုယ်တိုင်ကတော့ ဘေးမှာ ခေါင်းကိုက်ရင်းငိုက်နေပါတယ်။

အရင်ဆုံးကြည့်တဲ့ အစွန်ခန်း 4LDK Typeကို ကြည့်ဖြစ်တယ်။ တခြားနိုင်ငံမှာ တိုက်ခန်းကို ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာ မသိပေမယ့် ဒီမှာတော့ အခန်းကြော်ငြာရင် L-living room, D-dining room, K-kitchen room စသဖြင့် LDKလို့ အတိုပြောပြီး အိပ်ခန်းအရေအတွက်ကို ကိန်းဂဏန်းနဲ့ ရေးပါတယ်။ 4LDK က အိပ်ခန်း၎ခန်းနဲ့ ထမင်းစားခန်း ဧည့်ခန်း မီးဖိုချောင် ပါတဲ့ အခန်းပါ။ အိပ်ခန်း၎ခန်းပါပေမယ့် အခန်းဝင်ပေါက်တွေက ဟိုကွေ့ဒီကွေ့နဲ့ စိတ်ထဲမှာ ဝင်္ကပါလို အခန်းတွေလို့ မြင်မိတာရယ်၊ အိမ်ဝင်ပေါက်ကနေ ဝင်လိုက်ရင် ဒေါင့်ချိုးအကွေ့ဖြစ်လို့ အိမ်ထဲချက်ချင်းမမြင်ရတာကြောင့် မှောင်တယ် ကြိုက်ဘူးဆိုပြီး ဂျီးထူလိုက်ပါတယ်။ လင်မယား၂ယောက်နဲ့ အခန်း၎ခန်းလဲ မလိုအပ်ဘူးထင်တာကြောင့်ပါ။

နောက်ထပ် အိပ်ခန်းသုံးခန်းပါတဲ့ 3LDK Type အခန်းပုံစံသုံးမျိုး ထပ်ပြတယ်။ အဲဒီထဲက အမျိုးအစားတခုမှာ ဂျပန်စတိုင်ဖျာနဲ့အခန်းတခန်းပါတယ်။ ကိုယ့်တွေအတွက်တော့ ဖျာအခန်းက မလိုအပ်တာကြောင့် ဒီအခန်းကိုလဲ ပယ်လိုက်တယ်။ နောက် 3LDKက မော်ဒန်စတိုင်လိုမျိုး၊ ဒေါင့်ခန်းလည်းဖြစ်ပြီး ဒေါင့်ချိုးကို စက်ဝန်းလို ဝိုက်ထားတာမို့ မီးဖိုချောင်ကနေ ဧည့်ခန်းအထိ ဘေးနံရံက အဝိုက်ကြီးပါ။ အိမ်ထဲ ပစ္စည်းတွေ နေရာချရခက်မယ်ထင်လို့ မကြိုက်ဘူး။ ပြီးတော့ တခြာ3းLDK အခန်းတွေထက် ပိုကျယ်တယ်ဆိုပေမယ့် ဝိုက်ဝိုက်ကြီးမို့ ပိုကျဉ်းတယ်လို့တောင် ထင်မိတယ်။

တခန်းပြီးတခန်း ဂျီးများလာတာ လိုက်ပြတဲ့သူလဲ စိတ်ပူပုံပေါ်တယ်။ ရှိတာမှ အခန်းက 4LDK Type တမျိုးရယ်ရယ် 3LDK Type သုံးမျိုးရယ်ကို ဟိုဟာလဲအင်တင်တင် ဒီဟာလဲအင်တင်ဖြစ်နေတာကိုးလေ။ နောက်ဆုံး ခုအခန်းကို လိုက်ပြတယ်။ တခါးဖွင့်တာနဲ့ ဝရံတာအထိတိုးရိုပေါက်မြင်ရတယ် ဒီတချက် မဆိုးဘူးပေါ့။

အခန်း၃ခန်းကလဲ အကျဉ်းအကျယ် သိပ်မကွာဘူး။ အလယ်ခန်းဖြစ်နေတော့ အင်းမ်...။ လိုက်ပြတဲ့တာဝန်ခံကလဲ ကိုယ့်ကို mainမှတ်ပြီး လာလာမေးပါတယ်။ ဘယ်လိုအခန်းမျိုး အကြိုက်ဆုံးလဲဆိုပြီး။ တောင်ဘက်မျက်နှာမူတာ ကြိုက်တယ်လို့လဲပြောလိုက်ရော သူ့မှာပျာပျာသလဲဖြစ်ပြီး ဘာဖြစ်လို့လဲတဲ့။ တနေကုန် အလင်းရောင်ရတာရယ် အဝတ်တွေလဲ ခြောက်မြန်တယ်လေလို့ ပြောလိုက်တော့ ဒီတိုက်လဲလင်းပါတယ် အဝတ်လဲခြောက်မြန်တယ်လို့ကို ကောင်းကြောင်းပြောတော့တာ။ သူ့တိုက်က အရှေ့ဘက်ကို မျက်နှာမူနေတာလေ။

အိမ်ကြီးရှင်ကတော့ ဒီအခန်းကို မဆိုးဘူးထင်နေပြီ။ model roomဆင်ပြီး ပြထားတာလဲ ဒီအခန်းပုံစံမျိုးမို့ပါ။ တာဝန်ခံကလဲ အပြောကောင်း သူကလဲ အားနာတာမို့ ဟုတ်တော့နေပါပြီ။ နောက်ဆုံးတော့ သူတို့ပြတဲ့အထဲက 3LDK Type ဒီအခန်းကို ရွေးဖြစ်သွားတယ်။ ဆဲန်းဆေးကို ဒီအကြောင်းပြောပြတော့ ဂျပန်စကားပုံနဲ့ပြောရရင် ကုမ္ပဏီဘက်က "ဆူဖြိုးတဲ့ဘဲ ဖမ်းမိတယ်"(いい鴨)လို့ ပြောရမယ့်တဲ့။ (မြန်မာလို သားကောင်ဖမ်းတယ်/ အချဉ်ဖမ်းတယ်လို့ ဆိုမလားဘဲ။) တကယ်တော့ နှစ်ဦးနှစ်ဖက်လုံး "အချိုရှာ သကာတွေ့"ကြတာပါ။

ဒီကြားမှာ အိမ်ပြောင်းနိုင်ဖို့ လုပ်ရတာ အများကြီးပါ။ အရင်ကတော့ အကျိုးဆောင်က ရှာပေးတာမို့ ဘာမှအလုပ်မပိုလိုက်ပါဘူး။ ခုက ကိုယ့်ဘာသာ ရှာတာမို့ လိုတာအားလုံး ကိုယ်တိုင်ကြိမ်ကြိမ်သွားရ လိုက်ပေးရပါတယ်။ ပြောမယ့်သာပြောတာ တကယ်တန်း လုပ်စရာတွေ ဘာမှနားမလည်ပါဘူး။ အားလုံး အိမ်ကြီးရှင်နဲ့ တာဝန်ခံသာ ပြောဆိုနေကြတာ။ ခဏကြာ ဘာစာရွက်လိုလိုက် ခဏကြာ ညာစာရွက်လိုလိုက်နဲ့ ရှုပ်နေတာပါဘဲ။ နိုင်ငံခြားသားဖြစ်တာမို့လည်း ပါပါတယ်။ ကိုယ်တိုင်ကျ အိမ်ကြီးရှင်က လိုက်ခဲ့လို့ ခေါ်ခေါ်သွားတာမို့သာ ပါသွားတာ။ ရောက်တဲ့နေရာမှာ ပြောတာတွေ နားမလည်တော့ ငုတ်တုတ်ငိုက်၊ အဲလောက်တောင် ကိုယ့်ဘာသာ အသုံးကျမှန်း သိတော့တယ်။ ပြောင်းရဖို့ သေချာသွားတော့ တာဝန်ခံက သော့အပ်ပါတယ်။ အဲဒီထဲက တချောင်းကို အိမ်လုံခြုံရေးကို ပေးထားရတယ်။ သော့ရပြီဆိုတော့ ကိုယ့်အခန်းလို့ ပြောလို့ရပါပြီ။

ဒီအခန်း ပုံစံကအပြင်ကနေပြန်လာလို့ တံခါးဖွင့်ဝင်လိုက်တာနဲ့ အိမ်ရှေ့ဧည့်ခန်းရော ဝရံတာအထိပါ တောက်လျှောက်မြင်ရတော့ ဘာလို့မှန်းမသိ စိတ်အေးတယ်။ အဲလိုမမြင်ရရင် ထောင့်ချိုးက ဘွားကနဲ ဘာပေါ်လာမလဲလို့ မဟုတ်တာ တွေးကြောက်ပါတယ်။ တကယ်ဆို တခါးဖွင့်လိုက်တာနဲ့ အဝင်ဝကမီးက autoလင်းတာကို ကိုယ့်ဘာသာ အကြောက်ထူတာပါ။ (သတ္တိကတော့ ဘာရှိသလဲမပြောနဲ့ ဘာမှကို မရှိဘူး :D)

မီးဖိုချောင်ကို ဧည့်ခန်းနဲ့ ကပ်ရပ်မှာ counter kitchen လုပ်ပေးထားတာပါ။ အရှေ့ဘက်မှာ ထမင်းစားစားပွဲထားဖို့ရာ အွန်လိုင်းက ဝယ်လိုက်တဲ့ ဆိုဖာက အရှည်လွန်သွားတာမို့ နေရာလွတ်ကျဉ်းသွားပြီး စားပွဲထားလို့မ ရတော့ပါဘူး။ အွန်လိုင်းက ဈေးဝယ်ရင် အဲလိုမျိုးလဲ ဖြစ်တတ်ပါတယ်။ တကယ်က အစကတည်းက အိမ်အခန်းအကျယ်ရဲ့မြေပုံ ရှိပါတယ်။ ပရိဘောဂဝယ်ရင် အကျယ်တိုင်းလို့ရအောင်ဆိုပြီး တာဝန်ခံက မြေပုံနဲ့တိုင်းထွာတွက်ရတဲ့ ပေတံသေးသေးလေးပါ ငှါးပေးထားတယ်။ အဲဒါကို သိသိကြီးနဲ့ ခုံဝယ်တော့ နံရံဘက်ထားတဲ့ခုံကို ၂ယောက်စာနဲ့ ၃ယောက်စာခုံက ဈေးသိပ်မကွာဘူးဆိုပြီး ဝယ်ချလိုက်တာ။ ခုလို ဟိုမရောက်ဒီမရောက် ဖြစ်သွားပါတယ်။

ဒီမိုင်မီးဖိုချောင်လေးထဲမှာ လက်စွမ်းတွေပြတယ်၊ စားချင်တာတွေ ချက်တယ်၊ ထင်ရာမြင်ရာ ရမ်းသမ်းcookတယ်၊ မနက်မနက် အိပ်ချင်မူးတူးထည့်ပေးတဲ့ ထမင်းဘူးကို ကောင်တာပေါ်တင်ပြီး ဓာတ်ပုံရိုက်တယ်။ အရင်ကတော့ အိမ်အလယ်မှာ မီးဖိုချောင်မို့ အနံ့တွေ အောင်းမှာ စိုးမိတယ်။ အနံ့စုပ်ပန်ကာ ပြင်းပြင်းဖွင့်ရင် ကိစ္စမရှိဘူးမို့ တော်ပါသေးတယ်။ ဧည့်ခန်းနဲ့ကပ်ရက် မီးဖိုချောင်ရှိတော့ တမျိုးကောင်းတာက အားလုံးကို မီးဖိုထဲချောင်ထဲကနေ စီးပြီးကြည့်လို့ရသွားတယ်။ လှီးချွတ်ဆေးကြောရင်း တီဗီငေးတယ်။ အရှိန်ပါလာရင် အရှေ့ရောက်သွားတာမို့ ဟင်းအိုးတွေလဲ တူးတတ် ကပ်တတ်ပါတယ်။ အိမ်ရှင်မဖြစ်ပေမယ့် ဟင်းချက်ပြုတ်တာ အဲလောက် ဝါသနာမပါပါဘူး။ ဒါပေမယ့် တကယ်တန်းကျ တအိမ်လုံးမှာ မီးဖိုချောင်ထဲ ဟင်းချက်နေရတဲ့အချိန်က စိတ်ငြိမ်သက်တယ်ပြောရမလား ဒီအိမ်ရဲ့ အိမ်ရှင်မဆိုတဲ့ feeling အဖြစ်ဆုံးလို့ ပြောရမယ်။ ဒါကိုယ့်အပိုင်စား ကိုယ့်ရဲ့ ကိုယ်ပိုင်နေရာလေးဆိုပြီးတော့ပါ။

အခန်းသုံးခန်းထဲက ဝရန်တာဘက်ကျတဲ့အခန်းကို မိုင်မုန့်ဆီကြော်လေးရလာခဲ့ရင် ထားမယ်လို့တော့ ရည်ရွယ်တာပါပဲ။ လောလောဆယ်တော့ အခန်းလွတ်ပေါ့။ ယောင်းမလာတော့ ဒီမှာတည်းတယ်။ နွေမှာတော့ airconကြိုက်တဲ့ အိမ်ကြီးရှင် နေတယ်။ နောက်တခန်းကိုတော့ စာအုပ်စင်နဲ့ တိုလီမိုလီထားတဲ့စင် ထားထားတယ်။ စာကြည့်ခန်းမဟုတ်ပါဘူး။ စာက ကြည့်ချင်တဲ့ နေရာ ကြည့်တာ။ အရင်ကတော့ ထမင်းစားခန်းလုပ်ထားတာကို အလယ်ထဲရောက်နေတဲ့အခန်းမို့ မီးချောင်းအမြဲဖွင့်နေရတာ မကြိုက်တာနဲ့ ထမင်းစားပွဲကို ဧည့်ခန်းရွှေ့လိုက်တယ်။ လောလောဆယ် ဒီလို နေရာချထားတယ်။ အရင်က စာအုပ်စင်ကို ဧည့်ခန်းမှာ ထားတာ။ ကြာတော့ ရိုးလာတာနဲ့ ရွှေ့ပစ်လိုက်တယ်။ အဲလိုဘဲ၊ စိတ်က ငြီးငွေ့လွယ်တယ်။ ခဏဟိုရွှေ့ ခဏဒီရွှေ့နဲ့။ ငါးဖောင်းရိုးဘော်ဒီ အဲဒါကြောင့် ခါးလဲ ခဏခဏ နာပါတယ်။

ဒီအိမ်မှာ အဆင်ပြေသွားတာက အဝတ်လျှော်စက်ထားတဲ့နေရာက မျက်နှာသစ်ဗေစင်နဲ့ တခန်းထဲဖြစ်တာပါ။ အရင်အိမ်လို ဝရန်တာမှာမဟုတ်တာကြောင့် ဆောင်းတွင်းအတွက် အတော်ကောင်းပါတယ်။ မဟုတ်ရင် တခါးဖွင့်ပြီး ဝရံတာထွက် အဝတ်ထုတ်ရတာ အတော်အေးတာပါ။ လက်တွေလဲ ခဏနဲ့ ထုံကျင်တက်လာတယ်။

အိမ်ဝင်ဝင်ချင်း ဘယ်ဘက်မှာ Toilet ရှိတယ်ဆိုရင် ဘယ့်နှယ့်ကြီးလဲ ထင်ပါလိမ့်မယ်။ ကိုယ်တိုင်တောင် ရောက်စက နေခဲ့တဲ့အခန်းမှာ တံခါးဖွင့်ဖွင့်ချင်း မီးဖိုချောင်နဲ့ ရေချိုးခန်းမို့ အတော်အံ့ဩမိတာပါ။ ဝရံတာရှိတဲ့ဘက်ကို အရှေ့လို့ သက်မှတ်ရင်တော့ အိမ်အဝင်ပေါက်ရှိရာက အနောက်ဖြစ်သွားမှာပါ။ အိမ်နောက်ပေါက်ကနေ အိမ်ထဲဝင်ရတယ်ပေါ့။:P ဝင်ပေါက်ဘေးမှာ ဖိနပ်ထားခန်းလေး လုပ်ပေးထားတာ အတော်အဆင်ပြေတယ်။ မြင်ကွင်းမှာ ပွပွထမနေတော့ဘူး။ ပြောမယ့်သာပြောတာ သူ့ဖိနပ်က တရံဘဲရှိတာ။ ကျန်တာအားလုံး ကျမဖိနပ်တွေချည်း။ (မများပါဘူးနော့!)

တကယ်တန်း ဒီဘက်ကို အိမ်ပြောင်းဖို့ပြင်တဲ့အခါ အခန်းပိစိကွေးက ထွက်လာတယ်လို့ မထင်ရလောက်အောင် ပစ္စည်းတွေ အတော်များပါတယ်။ ဒါတောင် အဝတ်တွေလွှတ်ပစ် စာအုပ်တွေလွှတ်ပစ်နဲ့ တတ်နိုင်သလောက် ဝိတ်လျှော့ပစ်တာပါ။ ဒီဘက်မှာ ပစ္စည်းတွေနေရာချပြီး နောက်ရက်မှာ အရင်အိမ်ကို ပြန်သွားရှင်းရပါတယ်။ ပြောင်းမလာခင် နဲနဲရှင်းခဲ့ပေမယ့် အဲဒီတုန်းက ပစ္စည်းတွေ ပုံထားတာမို့ သေချာတော့ မရှင်းရသေပါဘူး။ နောက်ရက်ကိုယ့်ဘာသာ တယောက်ထဲ ကျွပ်ကျွပ်အိပ်ထဲ ဆေးကျောပွတ်တိုက်ဖို့ လိုမယ်ထင်တာတွေထည့်ပြီး ချီတက်ရပါတယ်။ အိမ်ကြီးရှင်ကတော့ သူလဲလိုက်ရှင်းဦးမယ်ပြောပေမယ့် ရုံးဖွင့်ရက်မို့ ကိုယ့်ဘာသာ သွားမယ်ပြောပြီး ထွက်လာခဲ့တယ်။ ၂နာရီလောက်ဘဲကြာမယ်ထင်ရာက ဆေးကြောပွတ်တိုက်ရင်း မွန်းလွဲပြီး ညနေဘက်တောင် ရောက်လာတယ်။ ရှင်းပေးတယ်ဆိုတော့လည်း တံခါးဘောင်မြောင်းကြားက သဲမှုန်တွေပါမကျန် နှိုက်နှိုက်ချွတ်ချွတ် လိုက်ပွတ်ဆေးနေလို့ ကြာတာပါ။ လက်လက်ထအောင် မလုပ်နိုင်ပေမယ့် တတ်နိုင်သလောက် သန့်သွားအောင် လုပ်ထားခဲ့ချင်တာပါ။ အခန်းပိစိကွေးကို ကြမ်း၃ကြိမ်လောက် တိုက်ပေးလိုက်တယ်။ မှန်ပြတင်းတွေက အကြမ်းတခါ အချောတခါ၊ ဝရံတာကိုလည်း ဆေးပေးခဲ့တယ်။ ဒီဇင်ဘာလလယ်မို့ အေးလိုက်တာ ထုံကျင်နေတာပါဘဲ။

အိမ်မပြောင်းခင်မှာ ကြိုပြီး အကျိုးဆောင်ကို ပြောထားရပါတယ်။ မဟုတ်ရင် ရက်၂၀ကျော်သွားတာနဲ့ တလစာ ထပ်သွင်းရမှာပါ။ အခန်းသော့အပ်တဲ့နေ့မှာ မနက်စောစော အိမ်ကြီးရှင်နဲ့အတူထွက်ခဲ့ပြီး လက်စသတ် သိမ်းစရာတွေ ထပ်သိမ်းပြီး အကျိုးဆောင်ကို စောင့်နေလိုက်ပါတယ်။ အကျိုးဆောင်က အခန်းကို နံရံတွေစစ်၊ ဘယ်နေရာ ဘာဖြစ်ဆိုတာကို ပါလာတဲ့တဲ့စာရွက်မှာရေးပါတယ်။ ပြီးတော့ အိမ်ကြီးရှင်က လက်မှတ်ထိုးပေးပြီး သော့အပ်လိုက်ပါတယ်။ အဲဒီက ရေးထားတာကိုကြည့်ပြီး စပေါ်ကနေ ပြန်နှုတ်ပေးတာပါ။ အိမ်ကို သန့်နေအောင် သုံးထားပေတဲ့အတွက်ရယ် သန့်ရှင်းရေးလုပ်ပေးထားတာကြောင့်ရယ် သိပ်အနှုတ်ခံရမှာမဟုတ်ဘူး ပြောပါတယ်။ ပင်ပန်းရကျိုး နပ်တယ်လို့ ဆိုရမယ်။

ဒီဘက်အိမ်အတွက်တော့ လိုအပ်တာတွေ ဖြည်းဖြည်းချင်း အင်တာနက်က ရှာဝယ်တယ်။ အိမ်နဲ့ ခပ်လှမ်းလှမ်းမှာ Home Centerရှိပေမယ့် အဲဒီမှာ ဝယ်ရင် ကိုယ့်ဘာသာ သယ်ရမှာပါ။ အွန်လိုင်းကဝယ်တာ သေချာ မျက်စေ့နဲ့ မကြည့်ရတာရယ် ကိုင်မကြည့်ရတာ တခုဘဲ ခက်ပြီး ဈေးသက်သာတဲ့အပြင် အိမ်တိုင်ယာရောက် ပို့ပေးတာမို့ အဲလောက် မပင်ပန်းပါဘူး။ ပင်ပန်းတာက ဘယ်အရာမဆို အညွှန်းစာရွက်ဖတ်ပြီး ခုတင်၊ စားပွဲ၊ ဆိုဖာ၊ ခုံ အားလုံး ကိုယ့်ဘာသာ စင်ရတာပါ။ ဒီလို တို့စိတို့စိဝယ်ရင်း တဖြည်းဖြည်း အိမ်အင်္ဂါရပ်နဲ့ ညီလာပါပြီ။ ဒီကအိမ်တွေအနေနဲ့ကြည့်ရင် အကျယ်ကြီး မဟုတ်သလို ကျဉ်းတယ်လို့လဲ မဆိုသာပါဘူး။ မိသားစု ၃ယောက်လောက် ချောင်ချောင်လည်လည် နေလို့ရပါတယ်။

အခုနေတဲ့နေရာက မြို့လယ်နဲ့ဆို လှမ်းပါတယ်။ နဂိုကတည်းက အေးအေးချမ်းချမ်းဘဲ နေချင်တဲ့ အိမ်ကြီးရှင်က လူစည်ကားတဲ့နေရာဆို ရှုပ်လို့ဆိုပြီး မကြိုက်ပါဘူး။ ဒါကြောင့် သူတယောက်ထဲနေကတည်းက ဒီဘက်ကို ရွေးနေနေတာပါ။ တိုကျိုရဲ့ ၂၃မြို့နယ်ထဲမှာ သက်ကြီးရွယ်အိုအများဆုံးမြို့နယ်လို့ ဆဲန်းဆေးက ပြောပါတယ်။ အခုအိမ်ကနေ ၂ဘူတာလောက်ကစပြီး စည်ကားပါတယ်။ မြို့လယ်ရောက်ချင်ရင်တော့ ရထားတနာရီ ဝန်းကျင်လောက် စီးရပါမယ်။ ဝေးတယ်ပြောရင်တော့ ဝေးမှာပါ။ ကိုယ်တိုင်အတွက်တော့ နီးတာလဲမဟုတ် ဝေးတာလဲ မဟုတ်ပါဘူး။ လျှပ်စစ်မြို့တော် "အာကီဟဘာရ"၊ မြန်မာဆိုင်တွေရှိရာ "တာကဒနိုဘဘ"၊ တိုကျိုရဲ့ တရုတ်တန်း "အုအဲနို"ဈေးတန်း၊ တခါတလေ ဝယ်လေ့ရှိတဲ့ ကုန်တိုက်တွေရှိရာ "အီခဲဘုကုရို"ဘက်တွေကို နာရီဝက်လောက် ရထားစီးရင် ရောက်တာမို့ပါ။ ဒါ့အပြင် တခြားထွေထွေထူးထူးနေရာတွေလည်း တော်ရုံမသွားပါဘူး။ ကိုယ်ထင် ခုတင်ရွှေနန်းမို့ ခုနေတဲ့နေရာကို မဆိုးဘူးလို့ထင်ပါတယ်။ အိမ်နားမှာ စာကြည့်တိုက်ရယ် မူကြိုကျောင်းရယ် မူလတန်းကျောင်းရယ် အလယ်တန်းကျောင်းရယ် ရှိပါတယ်။ ဒီအိမ်ကို ရွေးတုန်းကတော့ အဲဒါတွေ တခုမှ စိတ်ထဲမရှိပါဘူး။ ခုမှ အဆင်ပြေသားဘဲလို့ မြင်လာမိတာပါ။ ဒီမှာ ဘယ်လောက်ကြာကြာ နေဖြစ်မယ်တော့ ခုထက်တိုင် မသိသေးပါဘူး။ တော်တော် အသက်ကြီးတဲ့အထိလဲ ဖြစ်နိုင်ပါတယ်။

(အရည်မရ အဖတ်မရ ပို့စ်အရှည်ကြီးကို ဆုံးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ပါသည်။ တကယ်တန်း ဒီပို့စ်ကို တနှစ်ပြည့်တဲ့ ၅ရက်နေ့မှာ တင်ဖို့ ကြိုရေးထားတာပါ။ အဲဒီနေ့မှာ ဘယ်လိုမှ မဘလော့နိုင်လို့ ခုမှ ပြန်တည်းဖြတ်ပြီး တင်လိုက်ပါတယ်။)

Read More...

Thursday, November 26, 2009

ရိက္ခာ




ပြီးခဲ့တဲ့တပတ်ကရယ် မနေ့က မှာထားတဲ့ ပစ္စည်းတွေ ရောက်တယ်။ အရင်တပတ် တနင်္လာနေ့မှာ အိမ်ကနေ ပစ္စည်းပို့ထားတယ်ဆိုကတည်းက လည်ပင်းတရှည်ရှည် ဖြစ်နေခဲ့တာ။ ၄ရက်အကြာနဲ့ရောက်လာတော့ ဝမ်းသာသွားတယ်။ လက်ဖက်တွေမှာထားတာလေ။ ပြီးတော့ ဒီတခါ အတန်းက ပျော်ပွဲရွှင်ပွဲမှာ လက်ဖက်ပွဲ ပြင်ယူသွားမယ် စိတ်ကူးထားလို့။ ဂျပန်တွေက လက်ဖက်ကို သုပ်စားတယ်ပြောရင် သဘောမပေါက်ကြဘူး။ ဒါကြောင့် ဒီတခါတော့ သိသွားအောင် ကျွေးလိုက်မယ်။ ပြီးတော့ တခြားစားစရာ ချက်ယူသွားရတာထက် လူလဲ သက်သာတယ်။ သူတို့ စားနိုင်တာ မနိုင်တာတော့ မပြောတတ်ဘူးရယ်။ မစားနိုင်လဲ ကိစ္စမရှိပါဘူး။ အိမ်မှာစားဖို့ ပိုကျန်တာပေါ့။ (အဟိ မကျွေးခင်ကတည်းက ကပ်စေးနဲနေပြန်ပါပြီ။)

ဒီတခါ ပဲကြော်က City Martက ဝယ်ပို့လာတာ။ အရင်စားနေကျ တံဆိပ်တွေထက် အရမ်းစားကောင်းတယ်။ ရောက်ကတည်းက ၂ရက်ဆက်တိုက် မနက်ကော ညပါ လက်ဖက်သုပ်နဲ့ ထမင်းစားတာ ပဲကြော်တထုပ်ကို ကုန်ရော။ ခုနဲနဲ အရှိန်သတ်ထားတယ်။ ဒီတခါ အိမ်လက်ရာ ဘာမှမပါဘူး။ အမေကလည်း ခွဲစိတ်ဖို့အတွက် အိမ်ပြန်သွားရ အမကလဲ ကိုယ်ဝန်ကြီးနဲ့မို့ တမင် မမှာတာပါ။ ဒါတောင် အမက ချဉ်ပေါင်ကြော်ပေးလိုက်မယ်လုပ်နေလို့ တားထားရတယ်။ အဓိကက လက်ဖက်စားရရင် ရပြီလို့။ ဒီက မြန်မာဆိုင်တွေမှာ ဝယ်လည်းရပါတယ်။ ဒါပေမယ့် ကိုယ်စားနေကျ တံဆိပ်မရှိတာရယ် ဆိုင်မှာဘယ်လောက်တောင် ကြာထားမှန်းမသိတာကြောင့် အိမ်ကိုဘဲ မှာတာ။ ပင်ရင်းကနေ ဝယ်ပို့ပေးတယ်။ ဟိုတခါ လက်ဖက်ပြဿနာဖြစ်တုန်း စားနေကျတံဆိပ်လေးမပါလို့ တော်သေးတယ်။ (ပါလာလဲ ဘာမှမတတ်နိုင်ပါဘူး။)

အိမ်က စားစရာတွေရောက်အပြီးမှာ အွန်လိုင်းကနေ ဟင်းချက်စရာတွေ ထပ်ဝယ်ရပြန်တယ်။ စိမ်းစားငါးပိကုန်နေတာ ကြာပြီ။ ငါးပိအစား ငံပြာရည်နဲ့ချက်နေတာ လက်ကျန်က ကုန်တော့မယ်။ ဒါတွေက ဂျပန်ဆိုင်မှာ မရှိဘူးလေ။ ငံပြာရည်တော့ ရှိတတ်ပါတယ်။ တထွာသာသာ ပုလင်းပိစိကွေးကို ဈေးကအတော်ကြီးတယ်။ ဒီတော့ အဲဒါတွေကို အွန်လိုင်းမှာ ထိုင်းဆိုင်က ဝယ်ပါတယ်။ အမြဲဝယ်နေကျဆိုင်က ဈေးတက်လာတာနဲ့ ဆိုင်ပြောင်းဝယ်ဖြစ်တယ်။ ဒီဆိုင်မှာ ငြုပ်သီးစိမ်းလည်း ရှိနေသေးတယ်။ ဝယ်ချင်တာတွေ စာရင်းရေးပြီး ပေါင်းလိုက်တော့ တအားများနေတာနဲ့ ပြန်လျှော့ရတယ်။ သူက ဝယ်ပါပြောပေမယ့် သွားရည်စာတွေတော့ ဖြုတ်ပစ်ရပါတယ်။ (ဆာရိုနာရာ သရက်ပြင်လေးရယ်။) မဝယ်မဖြစ်တွေကို ဦးစားပေးပြီး တခြားစားချင်တာ နဲနဲရယ်ပေါ့။ ဒါတောင် မနည်းပါဘူး။

တကယ်ဆို "အုအဲနို"က "အ-မဲရို့ကို" (アメ横) ဈေးတန်းဘက်သွားရင် အဲဒါတွေအားလုံး ဝယ်လို့ရပါတယ်။ ဒါပေမယ့် သွားရမယ့် အချိန်ရယ် ရထားခရယ် တွက်လိုက်ရင် အွန်လိုင်းပို့ခနဲ့ သိပ်မကွာတော့ပါဘူး။ ဒါတောင် တချို့ဆိုင်ဆို ယန်းငါးထောင်ကျော်ဖိုးဝယ်ရင် အလကား ပို့ပေးတာမျိုးရှိပါတယ်။ ရေခဲရိုက်ပစ္စည်းဆိုရင်တော့ ပို့ခ ပိုဈေးကြီးတယ်။ ကိုယ်တိုင်သွားဝယ်ရင် အဲလောက် တပြုံတမကြီးလည်း မသယ်နိုင်ပါဘူး။ ဒါကြောင့် လူရော အချိန်ပါ သက်သာတဲ့၊ အိမ်အဝအထိ ပို့ပေးတဲ့ အွန်လိုင်းဈေးဝယ်တာကိုဘဲ မှီခိုနေပါတယ်။

ထိုင်းဆိုင်က ပစ္စည်းပုံးကြီးရောက်လာတော့ ပို့ဆောင်ရေးဝန်ထမ်းက မ'နိုင်ရဲ့လားလို့ မေးတယ်။ ရပါတယ် ပြောပြီး လက်ပြောင်းယူလိုက်တာ ယိုင်နဲ့နဲ့ ဖြစ်သွားလို့ အမြန်အမြန် ဖိနပ်ချွတ်မှာ ချထားလိုက်ရတယ်။ အဲလောက် လေးမယ်လို့မှ မထင်မိတာကိုး။ ပုံးဖောက်ကြည့်မှ ဖန်ပုလင်းတွေ များတာကြောင့် အတော်လေးတာပါ။ အထဲမှာ ပါလာတဲ့ စာရင်းနဲ့ ပစ္စည်းတွေ တိုက်စစ်၊ အိုခေပြီဆိုမှ သိမ်းဆည်းဖို့ လုပ်ရတယ်။ မသိမ်းခင် ဘလော့မှာ ကြွားဖို့ ဓာတ်ပုံရိုက်ထားလိုက်တယ်။ အိမ်က ပို့ထားတာလေးတွေ အပါအဝင်ပေါ့။


ဂျင်းလက်ဖက်ရယ် လက်ဖက်အစပ်ရယ်ကို ထမင်းဘူးထဲ ထည့်ပြီးစားနေတာမို့ လျှော့နေပါပြီ။ အချိုနှပ်ကတော့ ပွဲမှာ ကျွေးဖို့ ထားထားတယ်။ အစပ်သွားကျွေးလို့မှ မဖြစ်တာလေ။ တော်ကြာ အစပ်ကြောက်တဲ့ ဂျပန်တွေ မြန်မာလက်ဖက်သုပ်ဆို ကြောက်ပါပြီ ဖြစ်သွားမှဖြင့်။ ဒီတခါ ထိုင်းဆိုင်က ငါးပိရည်ကျိုပုလင်းပါ စမ်းဝယ်ထားတယ်။ တကယ်တူရဲ့လားလို့ ပုလင်းဖောက်ကြည့်တာ တူတာမှ လက်ကိုပေသွားလို့ အနံ့လေးကို ဟောင်သွားတာဘဲ။ သရက်ကင်းနဲ့ တို့စားချင်လိုက်တာ။ ပုလင်းတွေထဲ ဖောက်ထည့်ထားလို့ အိမ်ကပို့ထားတဲ့ တချို့ စားစရာတွေ ပုံထဲ ပါမလာတော့ဘူး။ ကြော်ငြာရမယ်ဆိုရင် ရွှေပုစွန်ခြောက်တံဆိပ် စားစရာတွေ အတော်သန့်ပါတယ်။ အမြင်သန့်တာ ပြောတာပါ။ ဘာလချောင်ကြော် အချိုလဲ ပုစွန်ခြောက်မှုန့်သက်သက်နဲ့ ကြော်ထားတာလား မသိဘူး အတော်ချိုပါတယ်။ လက်ဖက်အရွက်နုလေးတွေက ပုံမပျက်ဘဲ အမြင်လှတယ်။ ပုစွန်ခြောက်ဆိုလည်း သေးသေးသွယ်သွယ်လေးတွေမို့ လက်ဖက်ပြင်ရင် ကြည့်ကောင်းမယ်ထင်တယ်။ ပုစွန်ခြောက်ကို ကြီးလွန်းရင်ကော သေးလွန်းရင်ပါ မကြိုက်ပါဘူး။ ခုလို ဇကောဇကအရွယ်မှ။ မုန့်ဟင်းခါးလည်း သာဂဒိုးသား မုန့်ဟင်းခါးက နာမည်ကြီးတယ်ပြောလို့ ထည့်ပေးလာတယ်။ ရုံးပိတ်ရက် တရက်ရက် ချက်စားကြည့်ဦးမယ်။ ခုတော့ ရိက္ခာတွေအများကြီးမို့ ပျော်မြူးနေပါတယ်။ (စာရင်းပေါင်းကြည့်ချင်ဘူး)

Read More...

Wednesday, November 18, 2009

2009.11.18



အိမ်တွင်းပုန်း လုပ်နေတာ ကြာပြီ။ ဆောင်းအေးအေးမှာ မိုးကလဲ နေ့တိုင်းနီးနီးရွာတော့ အပြင်မထွက်ချင်ပါ။ ထမင်းဘူးလည်း ထည့်ပေးတရက် မထည့်ပေးတရက် ဖြစ်နေပါတယ်။ သူကတော့ သဘောကောင်းစွာ ကိတ်စနမရှိဘူးဆိုပေမယ့် အပြစ်မကင်းသလို ခံစားရတယ်။ အပြင်မသွားလို့ အိမ်ထဲမှာ လှုပ်လှုပ်ရှားရှားနေလားဆိုတော့လဲ မဟုတ်။ စာလည်း သေချာမဖတ်၊ ခွေခေါက်ပြီးသာ နေနေတော့တာ။ ဒီတနေ့တော့ နေသာတာနဲ့ ဈေးထွက်ဝယ်ဖို့ စိတ်ကူးတယ်။ အိမ်နားက စူပါမဟုတ်ဘဲ နဲနဲဝေးတဲ့နေရာဘက် သွားတယ်။ ထုံးစံအတိုင်း အွန်ဖွတ်(on foot)။ စက်ဘီးက ဝယ်ထားပြီး တခါသာစီးတယ်၊ ကြောက်လို့ ဒီအတိုင်းထားထားတာ သံချေးတောင်တက်လို့။ လမ်းလျှောက်တာ ကျန်းမာရေးနဲ့ ညီတယ်လို့ ကိုယ့်ဘာသာ အားပေးပြီး လျှောက်၊ သိပ်မဝေးပါဘူး ခပ်သွက်သွက်လျှောက်ရင် မိနစ်၂၀လောက်။

ကြုံတုန်း ယန်းတရာဆိုင်ထဲဝင် ဟိုကြည့်ဒီကြည့်။ တရာ-တရာနဲ့ ဝယ်မိတာ များပြီ။ မီးဖိုချောင်ပစ္စည်းအားလုံးနီးပါးက ယန်းတရာဆိုင်က ဝယ်ထားတာတွေချည်း။ ယန်းတရာဆိုင်ဆိုပေမယ့် ဆိုင်ပေါ်မူတည်ပြီး ရှိတာတွေကလဲ မတူတတ်ဘူး။ Lawsonယန်းတရာဆိုင်၊ Daisoယန်းတရာဆိုင်၊ Can-doယန်းတရာဆိုင် စုံလို့။ ဒါတောင် အရင်အိမ်နားမှာတုန်းက ၉၉ယန်းဆိုင် ရှိတယ်။ ချစ်စရာကောင်းတာလေးတွေများရင် ဝယ်မိပြီ။ တကယ်ဝယ်စရာရှိလဲဝင် မရှိလဲဝင်၊ ထွက်လာရင်တော့ ပစ္စည်းသုံး/လေးခု ပါလာတယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုတာလဲ အမြဲမဟုတ်။ တခါတလေ စီးတဲ့ရေ တဗြန်းဗြန်းလုပ်။ တော်သေးတယ် တလစီ အသုံးစရိတ် သပ်သပ်ပေးထားလို့။ လက်ထဲရှိသမျှ အားလုံးဝယ်တာမဟုတ်ပေမယ့် စိတ်ညစ်ရင် ဈေးလျှောက်ဝယ်တတ်တဲ့ အကျင့်ကြောင့် စုဗူးထဲလဲ ရောက်တဲ့အခါရောက် မရောက်တဲ့အခါ မရောက်။

ယန်းတရာဆိုင်ကထွက်တော့ အနွေးထည်ရောင်းတဲ့ အတန်းဘက် ပတ်လိုက်တယ်။ ခဏတဖြုတ် မျက်စိအစာကျွေးပြီးသကာလ အသားလက်ကားရောင်းတဲ့ဆိုင်ဘက် ခြေဆန့်။ အသားတွေ ဈေးတော်တာမို့ ဟိုဟာလည်း ဝယ်ချင် ဒီဟာလည်း ဝယ်ချင်၊ သယ်နိုင်တဲ့ နှုန်းကို စဉ်းစားပြီး ဝယ်တာတောင် ကြက်သားဖော့ဗန်း၂ဗန်း၊ ဝက်သား ၂ဗန်း၊ အမဲသား တဗန်း အားလုံးပေါင်း ၅ဗန်း လက်ကားဆိုင်မို့ အားလုံးက ဗန်းအကြီးတွေ။ ဒီကြားထဲ ခရုဆီပုလင်းကြီးတွေ့တာနဲ့ ဝယ်လိုက်တယ်။ ပုလင်းကလဲ ဖန်ပုလင်းနဲ့မို့ လေးသားများဘဲ။ ဆွဲပေတော့ တနင့်တပိုး။

ဒီဘက်ရောက်မှတော့ အသီးအရွက်ကုန်စုံဆိုင်ဘက် သွားရမယ်လေ။ အဲဒီမှာ ကန်စွန်းရွက်ရတယ်။ တခြားအသီးအရွက်တွေလဲ စူပါထက် ဈေးသက်သာတယ်။ ဆောင်းဝင်လို့ ထင်တယ် ကန်စွန်းရွက်တထုပ် ၁၅၀ယန်း ဖြစ်နေပြီ။ မကြာခင် ၂၀၀ဖြစ်တော့မယ်။ ဘာဖြစ်ဖြစ် ဝယ်မရတာနဲ့စာရင် တော်ပါသေးတယ်လေ။ ကြက်သားကာလသားဟင်း ချက်ချင်လို့ ဗူးသီးအစား ချက်နေကြ "ရှိရို့အူရိ-白瓜"ကို ရှာတာ မရှိ။ ပိုက်ဆံရှင်းခါနီးမှ ဂေါ်ဖီပန်းတွေ့တာနဲ့ တထုပ် ထပ်ထည့်လိုက်တယ်။ ဘယ်လက်ပြောင်းသယ် ညာလက်ပြောင်းသယ်နဲ့ လျှောက်ရင်း အိမ်ပြန်ရောက်လာပါတယ်။

မွန်းလွဲတောင် အတော်ကျော်နေပြီမို့ နေ့လည်စာစားပြီး ခဏနား။ ၄နာရီကျော်ဘဲရှိသေးတယ် နေရောင်ပျောက်သွားပြီ။ ဟိုလှည့်ဒီလှည့်နဲ့ ဆေးခန်းသွားဖို့ ပြန်ထွက်ရပြန်။ ဆေးဝယ်ရုံဆိုတော့ အကြာကြီး မစောင့်လိုက်ရပါဘူး။ ဆေးထုတ်တဲ့နေရာသွားတော့ ထုတ်ပေးတဲ့ဆေးတွေကြည့်ပြီး 'ငါများ ဆေးအရေအတွက် မှားရေးမိလိုက်လား'လို့ တွေးမိတယ်။ ဆေးဝယ်တဲ့ formမှာ လိုချင်တဲ့ အရေအတွက်ကို ကွက်လပ်ပေးထားပြီး အနောက်မှာ "~ခု"ဆိုတဲ့ သဘောမျိုး "ခို-個" လို့ ရေးထားတာမို့ ဖြည့်လိုက်တာ။ သူ့ရဲ့ "ခို-個"က ဂရမ်နဲ့ တွက်ပေးတာမို့ အများကြီးဖြစ်သွားတယ်။ နောက်ဆိုသတိထားမှ။

အပြန်မှာ အိမ်နားက စူပါထပ်ဝင်တယ်။ ဟင်! ဝယ်ပြန်ပြီလားလို့ ထင်ကြမယ်။ မနက်စာ ပေါင်မုန့်ကုန်နေလို့ပါ။ နွားနို့တဗူးပါထည့်ပြီး အသားရောင်းတဲ့အတန်းဘက် သွားစပ်စုလိုက်တယ်။ မနက်က ဝယ်ခဲ့တာနဲ့ ဈေးဘယ်လောက်ကွာလဲ သိချင်လို့။ အတော်ကွာတယ်ဆို ငါကွ!လို့ စိတ်ထဲမှာ ကြိတ်ပျော်၊ ဪ အိမ်ရှင်မ အိမ်ရှင်မ ဘာရယ်မဟုတ်တာလေးကိုဘဲ အရေးလုပ်နေတယ်။ ကြည့်ရင်းနဲ့ ဝက်နံရိုးတွေ ဈေးကျတာတွေ့တာနဲ့ ဝက်နံရိုးကြိုက်တဲ့ အိမ်ကြီးရှင်မျက်နှာကို မြင်ယောင်ပြီး ဝယ်လာလိုက်တယ် ၂ဗန်း။ ဒီလောက်အများကြီးဝယ်ပြီး ဘာလုပ်မှာလဲမေးရင် ချက်သင့်တာချက် ခဲသင့်တာ ခဲထားပြီး ဖြည်းဖြည်းချင်းစားပါမည်။ ခုထိတော့ ဘာမှမကိုင်ရသေးပါ၊ ကွန်ပြူတာရှေ့ ရောက်နေပါသည်။ ပို့စ်တင်ပြီးရင်တော့ ဟင်းသွားချက်တော့မည်။ ဒီည အရည်သောက်က ကန်စွန်းရွက်ချဉ်ရည်ဟင်းဖြစ်ပါသည်။ (ကြွားတာ)

Read More...

Monday, November 16, 2009

နောက်မယား



ငယ်ငယ်တုန်းကပါ။ အဖိုးမှာ နောက်မယားရှိတယ်လို့ အဒေါ်က ပြောလာတဲ့အခါ မျက်လုံးပြူးသွားတယ်။ တသက်နဲ့တကိုယ် တခါမှ မကြားမိဘူး။ အဖွားကို သွားမေးတော့လည်း 'အင်း'တဲ့ ခပ်ပြုံးပြုံးဘဲ။ အဒေါ်တွေကလဲ ဘာမှမဖြစ်သလိုနဲ့ အဖွားတောင် သက်သာသေးတယ်တဲ့။ တခါတလေ အဒေါ်တို့အတွက်ပါ အကူအညီရတယ်တဲ့။ ဘယ်လိုကြီးလဲ? မျက်မှောင်ကြုံ့မိတယ်။ နောက်တော့ အဒေါ်က ခေါ်သွားပြီး အဲဒီ အဖိုးရဲ့ နောက်မယားဆိုတာနဲ့ မိတ်ဆက်ပေးတယ်။

တွေ့ခါစက အိုးတိုးအမ်းတန်းဖြစ်သွားမိတယ်။ နောက်တော့ ပြုံးပြလိုက်ပါတယ်။ သူကလဲ သဘောကောင်းတယ်။ နောက်ပိုင်း မကြာမကြာတွေ့ဖြစ်တယ်။ တကယ်က အဲလောက် တွေ့စရာအကြောင်းမရှိတာကို သက်သက် စိတ်ဝင်စားလို့။ သူကလဲ ခုမှ တွေ့ဘူးပေမယ့်၊ တစိမ်းရယ် လူရင်းရယ် မခွဲပါဘူး။ ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေဘဲ။ တခါတလေ ကစားတာတောင် သူ့ကို လက်တဖက်က ဆွဲထားလိုက်သေး။ အချိန်တန်လို့ အိမ်ပြန်ရတော့မယ်ဆိုတော့ သူ့ကို ခေါ်သွားချင်တယ်။ အဖိုးက ခွင့်ပြုမယ် မထင်။

ဒီတော့ ကိုယ့်ဘာသာ ကြံဖန်ရတယ်။ ဒီလိုနဲ့ ကြိုးစားလိုက်တာ အိမ်အပြန် သူ့ကို ခေါ်သွားလို့ ရသွားတယ်။ အဖိုးကတော့ သူ့နောက်မယားနဲ့သူပါ။ ကိုယ်တိုင်က တခြားသပ်သပ်နဲ့။ ဘယ်သူနဲ့မဆို အဆင်ပြေအောင်ပေါင်းတတ်တဲ့ နောက်မယားက ဒီမှာ။


နောက်ကျောဘယ်လောက်ယားယား သူနဲ့တွေ့ရင် အဆင်ပြေသွားရမယ်။ လက်လှမ်းမမှီလို့ တခြားသူကို အကူအညီတောင်းဖို့ မလိုတော့ဘူး။ အစအနောက်သန်တဲ့ အဒေါ်တွေက ကျောကုတ်တံကို ကပြက်ကချော်နဲ့ နောက်မယားလို့ ခေါ်ရာက အကျင့်ပါသွားတာပါ။ ဂျပန်လို ဘယ်လိုခေါ်မှန်းသိချင်တာနဲ့ ရှာဖွေလိုက်တာ "မြေးလေးရဲ့လက်" (မဂေါ့နိုတဲ့ - 孫の手)လို့ ထွက်လာတယ်။ လက်သေးသေးလေးမို့ အဲလိုခေါ်တာလားလို့ ရာဇဝင်ကို ဖတ်ကြည့်တော့ တရုတ်နတ်သမီးအမည် "မကို"麻姑(まこ)က လာတာတဲ့။


နတ်သမီးက လက်သည်းအရှည်ကြီးမို့ သူ့ရဲ့ကျောယားရင် အဲဒီလက်နဲ့ နောက်ကျောကို ကုတ်ရာက "မကို့ရဲ့လက်" 「မကို့နိုတဲ့ - 麻姑の手」 လို့အမည်တွင်ရာက တဖြေးဖြေး အသံထွက် နီးစပ်တဲ့ "မဂေါ့နိုတဲ့" 「孫の手」လို့ ဖြစ်လာပါတယ်။ အသံနီးစပ်မှုတခုသာမကဘဲ ကလေးလက်ကလေးနဲ့တူတဲ့အတွက် အဖိုးအဖွားတွေ နှစ်သိမ့်ပေးသလိုလဲဖြစ်တာမို့ "မဂေါ့နိုတဲ့"လို့ခေါ်ကြောင်းလဲ ဆိုပါတယ်။ "မဂေါ့နိုတဲ့" ကို သတ္တု၊ ပလတ်စတိတ်၊ သားရေ၊ သစ်သား၊ ဝါး၊ ခေါက်သိမ်းနိုင်တဲ့ အိပ်ဆောင် စသဖြင့် ရိုးရိုးသာမန်ကနေ တန်ဖိုးကြီးကုန်ကြမ်းတွေနဲ့ လုပ်ထားတယ်။ "နောက်မယား" "မဂေါ့နိုတဲ့" "Backscratcher"က ဘာနဲ့ဘဲ လုပ်ထားပါစေ အဓိကက ကျောအယားပြေစေဖို့လို့ဘဲ ထင်ပါတယ်။

(ဆောင်းတွင်းရောက်လာလို့ အသားတွေ ခြောက်ပြီးယားရာက ငယ်ငယ်ကအကြောင်း ပြန်သတိယလို့ ရေးလိုက်တာပါ။ နောက်မယားလေး ရှာဦးမှ..။)

Read More...

Friday, November 13, 2009

အိမ်တက်


ဒီမှာ အိမ်ပြောင်းလို့ ကြုံရတာနဲ့ ပတ်သက်ပြီး ရေးချင်ပါတယ်။ ကိုယ့်နိုင်ငံမှာတော့ ဗုဒ္ဓဘာသာဆို အသိတွေဖိတ် အိမ်တက်ဆွမ်းကပ်လိုက်ရင် ပြီးပါတယ်။ အိမ်နီးချင်းတွေကို ဖိတ်သော်ရှိ မဖိတ်သော်ရှိပါ။ အိမ်နီးချင်းဆိုတာ မြင်ပါများရင် ရင်းနှီးလာပါတယ်။ သိပ်အခက်အခဲတော့ မရှိလှပါဘူး။ ဒီမှာကျ အဲလိုမဟုတ်ပါဘူး။ အိမ်ပြောင်းရင် အိမ်နီးချင်းတွေကို လိုက်နှုတ်ဆက်ရတဲ့အလေ့ရှိပါတယ်။

အရင်အိမ်က ၇ထပ်တိုက်ဆိုပေမယ့် တလွှာမှာ အခန်းငယ် ၆ခန်းရှိပါတယ်။ မြန်မာမှာဆိုရင်တော့ ဒီလောက်မြေကွက်ဆို အလယ်လှေခါးနဲ့ ဘယ်ညာမှာ အခန်းဖွဲ့တဲ့ ပုံစံပါ။ အခန်းကကျဉ်းတော့ အများအားဖြင့် တကိုယ်ရေသမားတွေ နေကြပါတယ်။ တချို့ကတော့ အတွဲနဲ့ပေါ့။ မိသားစုတော့ မနေကြပါဘူး။ အားလုံးက အလုပ်ကိုစီမို့ မနက်၇နာရီဝန်းကျင်လောက်ဆို တခါးပိတ်သံတဂျိမ်းဂျိမ်းကြားရပြီး ၇လွှာတထပ်လုံးမှာ ကိုယ်တယောက်သာ ကျန်တတ်ပါတယ်။ လူငယ်ပိုင်းတွေ နေတာများတယ်ထင်ပါတယ်။ ကြာရှည်လဲ မနေကြပါဘူး။

အဲဒီတိုက်မှာ တနှစ်ခွဲကျော်နေရာမှာ ဘေးအခန်းတွေ မျက်နှာချင်းဆိုင်အခန်းတွေ အိမ်ပြောင်းတာ ၄/၅လကြာ တခါလောက် တွေ့ဘူးတာမို့ပါ။ ဒီတိုက်လေးထဲမှာ နေပေမယ့် တခန်းနဲ့တခန်း နှုတ်ဆက်ခြင်းလဲ မရှိပါဘူး။ ဂျပန်မှာ တိုက်မှာနေသူ တယောက်ယောက်နဲ့ အပြင်ထွက်ရင်းဆုံရင် နှုတ်ဆက်ရတဲ့ဓလေ့ရှိပါတယ်။ ရင်းနှီးနှီး မနှီးနှီး "အိုဟိုင်းရိုးဂိုဇိုင်းမစု" "ကွန်နိချိဝ" စသဖြင့်ပါ။ အတန်းက ဆဲန်းဆေးက အိမ်နီးချင်းတွေကို နှုတ်ဆက်ရဲ့လားလို့ ခဏခဏမေးပါတယ်။ ဂျပန်မှာက ရင်းနှီးမှ 'လောကွတ်' (挨拶-အအိစစွတ်) လုပ်တာမဟုတ်ပါဘူး။ သူတို့ရဲ့ ယဉ်ကျေးမှုအနေနဲ့ လုပ်ကြတာပါ။ ရောမရောက်ရင် ရောမလိုကျင့်သင့်တာ သိပါတယ်။ ဒါပေမယ့် တိုက်မှာနေတဲ့ လူငယ်အများစုက ဓာတ်လှေခါးထဲ ဆုံရင်တောင် ဘာသိဘာသာနေကြတယ်။

ဂျပန်လည်း နယ်မြို့တွေမှာ အိမ်နီးချင်း တဦးနဲ့တဦး တွေ့ရင် သေချာနှုတ်ဆက်ကြပေမယ့် မြို့ပြတွေမှာတော့ တသီးတသန့် ဆန်လာပါတယ်။ ရန်ကုန်လည်း အလားတူလို့ဘဲ မြင်မိတယ်။ တိုးတက်လာမှုနဲ့အတူ တသီးသန့်ဆန်လာမှုက ပေါင်းနေပါတယ်။ ဒီတော့ သူတို့ နှုတ်ဆက်လာရင် ကိုယ်လည်း ပြန်နှုတ်ဆက်၊ မသိချင်ယောင်ဆောင်နေရင်တော့ ဘာသိဘာသာဘဲ နေလိုက်ပါတယ်။ ဆဲန်းဆေးကတော့ သူတို့ဘက်က စ,မနှုတ်ဆက်လည်း ကိုယ်က နှုတ်ဆက်ပါတဲ့။ ယဉ်ကျေးမှုမသိသူလို့ အထင်ခံရမှာ စိုးရိမ်ပုံရပါတယ်။ ဆဲန်းဆေးကိုယ်တိုင်ကလည်း နယ်ကလာသူမို့ လောကဝတ်တွေကို အတော်အရေးထားပါတယ်။

နှုတ်ဆက်တာက အခန်းအပြင်မှာ ဆုံတာအပြင် ဒီတိုက်ကို ပထမဆုံး ပြောင်းလာတဲ့အခါမှာလည်း တတိုက်ထဲနေသူတွေကို လိုက်နှုတ်ဆက်ရတဲ့ ဓလေ့လဲရှိပါတယ်။ အရင်ကတော့ တတိုက်လုံး ရှိသမျှအခန်းတိုင်း နှုတ်ဆက်ရပေမယ့်၊ တိုက်တတိုက်မှာ အခန်းပေါင်းများစွာရှိလာရင် လိုက်နှုတ်ဆက်ဖို့က မလွယ်ပါဘူး။ အဲဒီကနေစလို့ မနှုတ်ဆက်မဖြစ်တော့ ကိုယ့်အခန်းရဲ့ ဘယ်ဘက်ညာဘက် အခန်းရယ် အပေါ်အောက်အခန်းရယ်ကို သတ်မှတ်နှုတ်ဆက်ကြပါတယ်။ ဘေးအခန်းက ကိုယ့်မှာ တခုခုအရေးပေါ်ဖြစ်ရင် အကူညီတောင်းနိုင်ဖို့နဲ့ အောက်ဘက်အခန်းကတော့ ကိုယ်က အပေါ်မှာနေတာမို့ ပစ္စည်းတွေပြုတ်ကျတာ သယ်ပြုတုန်း ဆူညံမှုဖြစ်ရင် အားနာစရာကောင်းမှာမို့ ကြိုအသိပေးတာရယ် တကယ်လို့ ကိုယ့်အိမ်မှာ ကလေးငယ်ရှိရင် ကလေးဆော့လို့ အောက်ဘက်ကို အနှောက်အယှက်ပေးကောင်းပေးမိမှာကို ကြိုအသိပေးတဲ့သဘောပါ။

နှုတ်ဆက်ရာမှာလည်း အရင်ရောက်နေသူကို နောက်မှာပြောင်းလာသူက လိုက်နှုတ်ဆက်ရတာပါ။ လက်ချည်းသက်သက် သွားလို့မရပါဘူး။ လက်ဆောင်တခုခု ယူသွားပြီး "အခန်းနံပါတ် ---- ကပါ ---- သူပါ တွေ့ရတာ ဝမ်းသာပါတယ်" (〇〇〇号室から 〇〇です、よるしくおねがいします) လို့ ပြောရပါတယ်။ နှုတ်ဆက်တဲ့ အချိန်တွေ ရက်တွေကလဲ သတ်မှတ်ထားပါတယ်။ ရုံးဖွင့်ရက်တွေဆို လူမရှိမှာစိုးလို့ ပိတ်ရက်တွေမှာ နှုတ်ဆက်ပါတယ်။ အချိန်က စောလွန်းရင် တဖက်သားအတွက် အနှောက်အယှက်မဖြစ်အောင် နေ့ခင်း ၁နာရီကနေ ညနေ ၇နာရီလောက်ကြား သွားရင် သင့်တော်ပါတယ်တဲ့။ ဂျပန်မှာ သတ်မှတ်ထားတဲ့ mannerတွေ အတော်များတယ်။

ဒီလိုရှုပ်တဲ့ အိမ်တက်နှုတ်ဆက်တာကို အရင်အိမ်မှာ တခါမှ မကြုံခဲ့ပါဘူး။ နောက်မှပြောင်းလာတဲ့ အခန်းကလဲ လာမနှုတ်ဆက်သလို ကိုယ်ကလဲ မသွားပါ။ ခဏနေလိုက် ပြောင်းသွားလိုက်ကြလဲ ပါမယ်ထင်ပါတယ်။ ဒီဘက်ကို ပြောင်းလာတော့ ဆဲန်းဆေးက လိုက်နှုတ်ဆက်ဖြစ်အောင် နှုတ်ဆက်ဖို့ တိုက်တွန်းပါတယ်။ ကြာရှည်နေမှာမို့ အခန်းနီးချင်းနဲ့ ရင်းနှီးထားတာ ကောင်းပါတယ်တဲ့။ ပြောင်းတဲ့အထပ်မှာ အခန်း၎ခန်းရှိတာ အစွန်တခန်းဘဲ နေသူရှိပါသေးတယ်။ ဒီတော့ကာ နှုတ်ဆက်ဖို့ ဘေးတခန်းရယ် အပေါ်အောက်ရယ်သာ ရှိပါတယ်။ ဆဲန်းဆေးက အပေါ်ထပ်ပါ နှုတ်ဆက်ဖို့ပြောပေမယ့် အခန်းတာဝန်ခံက အောက်နဲ့ဘေးနဲ့တင် ရပါတယ် ဆိုတာနဲ့ ၂ခန်းကို နှုတ်ဆက်ဖို့ သတ်မှတ်ထားလိုက်တယ်။

အတော်တော့ ရှုပ်ပါတယ်။ သွားရင် ဘာယူသွားရမှန်းမသိတာပါ။ စားစရာလဲ မပေးချင်ပါဘူး။ စူပါက သွားဝယ်ပြီး ယူသွားတယ်ထားဦး ဒါပေးလို့ သင့်တော်ရဲ့လားဆိုတာက တွေးရတယ်။ တခြားဘာပစ္စည်းယူသွားရမယ်မှန်းလဲ မသိတာမို့ နောက်ဆုံး ဆဲန်းဆေးကိုသာ အပူကပ်ရတော့တယ်။ ဆဲန်းဆေးက တန်ဖိုးမကြီးဘဲနဲ့ အသုံးတည့်တာမျိုး ပေးကြတယ်တဲ့။ အများအားဖြင့် Face Towel ပေးကြတယ်ပြောတယ်။ အဲဒါက ဘာဘဲဖြစ်ဖြစ် အသုံးတဲ့တယ်တဲ့။ ဒါနဲ့ ဆဲန်းဆေးနဲ့အတူ ကုန်တိုက်မှာ Face Towel ဝယ်၊ ကောင်တာမှာ အိမ်တက်နှုတ်ဆက်ဖို့လို့ပြော၊ စာရွက်မှာ အမည်ရေးပေးလိုက်ရင် serviceအနေနဲ့ အမည်ကို အိမ်တက်နှုတ်ဆက်တဲ့ စာရွက်ပေါ် printထုတ်ပြီး ပါကင်ပေါ်ကပ်ပေးလိုက်တယ်။ ပိတ်ရက် နေ့ခင်း အဲဒါလေး ယူသွားပြီး ၂ယောက်အတူ လိုက်နှုတ်ဆက်ပါတယ်။


တာဝန်ကျေသွားသလိုတော့ ခံစားရတယ်။ အရှုပ်ကတော့ ပြီးသွားပြီ။ ဒီလိုနဲ့ တခြားအခန်းတွေ ထပ်ပြောင်းလာပြီး ကိုယ့်ဆီလာပြန်နှုတ်ဆက်တာ ကြုံပါတယ်။ ပထမဆုံးက ညာဘက်က အခန်းပါ။ ကလေးလေးချီပြီး သူ့အမျိုးသား ရုံးပိတ်ရက်မရသေးတာမို့ မအားလို့ သူသာ လိုက်နှုတ်ဆက်ရလို့ အားနာပါတယ် ပြောသွားတယ်။ ပါကင်ရော အိပ်ပါ ဆိုင်တဆိုင်ထဲကမို့ ချစ်စရာလေးပါ။ အထဲမှာ ကိတ်မုန့်၆မျိုးကို ၆ချပ်ထည့်ထားတယ်။ စားစရာပေးတာမို့ စိတ်ချရတဲ့ဆိုင်မှန်းသိအောင် တံဆိပ်နဲ့တကွပါတာ ပေးပုံရပါတယ်။


ဒီမှာက မပြောင်းခင် တရက်အကြို ဒါမှမဟုတ်ရင် ပြောင်းပြီး ၂ရက်လောက်အတွင်း လိုက်နှုတ်ဆက်ကြပါတယ်။ ကိုယ်တိုင်တုန်းက သူ့ပိတ်ရက်ကို စောင့်နေတာမို့ ငါးရက်လောက် ကြာသွားတယ်။ သွားနှုတ်ဆက်တုန်း လူမရှိရင် "အခန်းနံပါတ် 〇〇〇ကို ပြောင်းလာသူပါ။ လူမရှိနေတဲ့အတွက် နောက်ထပ်ပါပါ့မယ်"ဆိုပြီး cardမှာရေးပြီး ထားခဲ့ရပါတယ်။ တကယ်လို့ ၂ကြိမ် ၃ကြိမ်သွားသည့်တိုင် လူမရှိတာနဲ့ဘဲကြုံရင် နေတဲ့သူက တကိုယ်ရေသမား ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကိုယ်နေတဲ့တိုက်က မိသားစုနေတဲ့ တိုက်ခန်းမဟုတ်ရင် နှုတ်မဆက်လဲရတယ်ဆိုပါတယ်။ အထူးသဖြင့် အမျိုးသမီး တယောက်တည်းနေတဲ့အခန်းကို မကြာမကြာသွားနေရင် တမျိုးအမြင်ခံရနိုင်ပါတယ်။ ဒါကြောင့်ဘဲ အရင် တိုက်ခန်းမှာ နှုတ်မဆက်ကြတာများလားလို့ ထင်မိတယ်။ ပြောင်းတဲ့အိမ်က လုံးချင်းအိမ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဘေးဘက်ညာ၂အိမ်အပြင် မျက်နှာချင်းဆိုင် ၃အိမ်ကို နှုတ်ဆက်သင့်ပါတယ်တဲ့။


နောက်နဲနဲကြာတော့ နောက်ထပ်တအိမ်က လာနှုတ်ဆက်တာနဲ့ ကြုံပါတယ်။ အဝတ်လျှော်တဲ့ ဆပ်ပြာရည်ဘူး ထည့်ထားတဲ့ အိတ်လေး ပေးသွားတယ်။ အိမ်တက်နှုတ်ဆက်ရာမှာ ပေးကြတာတွေ ရှာကြည့်တော့ ဆပ်ပြာ၊ တဘက်၊ မုန့် စသဖြင့်တွေ့ရတယ်။ ဈေးနှုန်းအနေနဲ့ သာမန်အားဖြင့် ယန်းငါးရာကနေ နှစ်ထောင်ဝန်းကျင်လောက် ရှိတာကို ဝယ်ပေးကြပါတယ်။ လက်ဆောင်ပစ္စည်းမှာ အသုံးတည့်တဲ့ နေ့စဉ်သုံးပစ္စည်းကိုပေးတာ သင့်တော်ပါတယ်တဲ့။ နောက်မှ အိမ်တက်နှုတ်ဆက်ဖို့အတွက် setအလိုက် လုပ်ထားတာတွေရှိမှန်း သိရတော့တယ်။ ဂျပန်ရဲ့ များပြားလှတဲ့ mannerတွေကို ခုထက်ထိတော့ သူ့အရပ် သူ့ဒေသနဲ့ လိုက်လျောအောင် လုပ်သင့်တာတွေ သင်ယူဆဲပါ။

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP