Saturday, December 1, 2007

ဒီဇင်ဘာ(၁)ရက်




ဘာလိုလိုနဲ့ ရောက်လာပြန်ပေါ့ ဒီနေ့။ ကျွန်မ နေ့ရက်တွေ မေ့လွယ်ပေမယ့် ဒီ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ကိုတော့ မှတ်မိနေတတ်တယ်။ မှတ်မိရခြင်းကလည်း အထက်တန်းကျောင်းတုန်းက သူငယ်ချင်း ယောက်ျားလေး တစ်ယောက်ကြောင့်ပါ။ သူ့မွေးနေ့က ဒီဇင်ဘာ ၁ရက်နေ့။ ဘယ်နခုနှစ်ကစလို့ World AIDS Day လို့ သတ်မှတ်မှန်း မသိပေမယ့် ကျွန်မတို့ အတန်းခွဲ(A)ကို မြို့တော်ခန်းမမှာ ဟောပြောပွဲတက်ရမယ်လို့ ကံစမ်းမဲဖောက်ခံရတဲ့အခါကျမှ သြော် ဒီဇင်ဘာ၁ရက်နေ့က World AIDS Day ပါလားလို့ သိတော့တယ်။ မွေးနေ့နဲ့ တိုက်ဆိုင်နေတဲ့ သူငယ်ချင်း ယောက်ျားလေးကိုလည်း ဝိုင်းနောက်ကျ၊ သူ့ခမျာလည်း ရီရမလိုငိုရမလိုမျက်နှာပေးကိုဖြစ်လို့။

ဟောပြောပွဲတက်ဆိုတော့လည်း ကျွန်မတို့ နေကြာကွာစေ့၊ သကြားလုံး၊ ရေဘူးဆောင်ပြီး သွားကြတာပေါ့။ စားစရာက ဘယ်အချိန်စလို့ ဘယ်အချိန်ပြီးမယ်မှန်းမသိတဲ့ အစည်းအဝေးတွေ သွားနေရလို့ ဆောင်သွားကြတာ။ စင်ပေါ်က ပြောချင်ရာပြော ကျွန်မတို့လည်း စင်အောက်မှာ နေကြာစေ့စား ကွာစေ့စား အရှေ့က လက်ခုပ်တီးရင်လိုက်တီးပေါ့။ ဒီWorld AIDS Day ဟောပြောပွဲကတော့ အင်အားပြဖို့မလိုလို့ထင်ရဲ့၊ မိုးလုံလေလုံ မြို့တော်ခန်းမမှာလုပ်တယ်။ ယောက်ျားလေး၊ မိန်းကလေး တစ်တန်းစီ စီတန်းပြီးဝင်ရတယ်။ အဝင်ဝမှာ စောင့်တဲ့လူက စက္ကူခွက်တစ်ခွက်ကိုင်ပြီး ဝင်လာသမျှ ကျောင်းသူကျောင်းသားတွေကို ယူဆိုပြီးပေးတယ်။ ခွက်ထဲကြည့်တော့ ခပ်သေးသေး အထုပ်လေးတွေ။ ရှေ့ကလူက သကြားလုံးဝေနေတယ်ထင်တယ် ယူလို့ပြောတော့ နောက်ကလူတွေ လိုက်ယူကြတာပေါ့။ တချို့က ၂ခု ၃ခုယူလိုက်သေးတယ်။ နောက်ဟောပြောပွဲနားထောင်ရင်း ကွိကျိကွိကျိတွတ်ထိုးသံထွက်လာလို့ စပ်စုကြည့်မှ သကြားလုံးမှတ်ပြီးယူလာတာတွေက ကွန်ဒွန်တွေဖြစ်နေတယ်။ ဘာပြောကောင်းမလဲ မိန်းကလေးအားလုံး လန့်ဖျန့်ပြီး ခုံအောက် လွှတ်ပစ်ကြတာပေါ့။ အဲလို တလွဲအမှတ်တရတွေနဲ့။

တက္ကသိုလ်တက်တော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါနဲ့ ပို နီးနီးစပ်စပ်ရှိလာတယ်။ တမျိုးမထင်ပါနဲ့။ ကျွန်မတို့ကျောင်းက ကူးစက်ရောဂါ အထူးကုဆေးရုံဘေးမှာမို့ပါ။ ဆေးရုံနဲ့ကျောင်းကြား မြက်ရိုင်းလယ်ကွင်းတွေ ခံပြီး အလယ်မှာ သံဆူးကြိုးဘဲခြားထားတယ်။ ကူးစက်ရောဂါ အထူးကုဆေးရုံလို့သာ ပြောရတာ အဓိကက HIVလူနာတွေဘဲများတာပါ။ ကျွန်မတို့ သုံးထပ်စာသင်ဆောင်က ဆေးရုံအနောက်ဖက် အုတ်တိုက်အခန်းနဲ့ တန်းနေတယ်။ ခပ်သေးသေးလေးဘဲတွေ့ရပေမယ့် မြင်ပါများတော့ အဲဒီအုတ်တိုက်အခန်းက ဆုံးသွားတဲ့လူနာကို ဘုန်းကြီးပင့် သရဏဂုံတင်တဲ့ အခန်းမှန်း သိရတယ်။ သူငယ်ချင်းတစ်ယောက်ယူလာတဲ့ အိပ်ဆောင်မှန်ဘီလူးနဲ့ ဆေးရုံထဲ လိုက်ချောင်းကြည့်ပြီး ဘာမှမမြင်ရတာကိုဘဲ ကြက်သီးတွေထကြတယ်။ ကျောင်းမှာ ဝိညာဉ်ခေါ် ဗေဒင်တွက်တာလည်း ခေတ်စားလိုက်သေးတယ်။ ကျွန်မတို့အဆောင်မှာ အပေါ်ဆုံးအထပ်မှာဘဲ စာသင်သေးတော့ အောက်နှစ်ထပ်က အခန်းတွေက လွတ်နေတယ်။ အဲဒီမှာ တချို့ သွားဆော့ကြတယ်။ တရက်တော့ အဲဒီအခန်းထဲ ဝိညာဉ်ခေါ် ဗေဒင်တွက်ဆော့တဲ့အဖွဲ့ တဝုန်းဝုန်း တဒိုင်းဒိုင်း ပြေးတက်လာတယ်။ သူတို့ခေါ်သမျှ ဝိညာဉ်တွေ မေးလိုက်တိုင်း HIVနဲ့ ဆုံးတာဆိုလို့ ကြောက်ပြီးပြေးလာကြတာ။ ဖြစ်လည်းဖြစ်နိုင်တာဘဲ။

ကျောင်းနဲ့ ဆေးရုံကပ်ရပ်ပေမယ့် HIVလူနာတွေတော့ အနီးကပ်တွေ့ဖူးတာတော့ အထူးထု အဲ အထူးကုဆေးခန်းမှာ အလုပ်ဝင်တော့မှပါ။ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးထိုင်တဲ့ နှစ်ရက်မှာ များလိုက်တဲ့ လူနာတွေ။ ဆရာဝန်ကြီးက သဘောထားလည်းပြည့်ဝ စာနာစိတ်လည်းရှိတယ်လို့ သတင်းမွှေးသူပါ။ နွမ်းပါးသူတွေနဲ့ ရဟန်းသံဃာ၊ သီလရှင်တွေကို အမြဲကြည့်ရှုခ မယူပါဘူး။ ဆရာကြီးဆီ အများဆုံးလာပြကြတာ HIVလူနာတွေပါ။ နယ်ကလာသူ တော်တော်များများက ကိုယ့်ကိုယ်ကို ဘာရောဂါဖြစ်လို့ဖြစ်မှန်း မသိကြဘူး။ သူတို့ဘယ်လိုကူးစက်လာမှန်း မသိပေမယ့် နွမ်းနွမ်းပါးပါးနဲ့ မသိနားမလည်တဲ့ မျက်နှာတွေ မြင်ရရင် စိတ်မကောင်းဘူး။ မှတ်မိနေသေးတယ်။ သုံးခွကလာတဲ့ အဒေါ်ကြီးတစ်ယောက်နဲ့ ခြောက်နှစ်ခုနှစ်နှစ်အရွယ် သမီးလေး ၂ယောက်၊ အားလုံး ညိုမဲမဲ ပိန်ပိန်လေးတွေ။ ဆရာကြီးကတော့ FOC ကြည့်ပေးလိုက်ပေမယ့် သွေးစစ်ခတွေ တစ်ယောက် သောင်းကျော်ကျကုန်တယ်။ ရန်ကုန်လည်း ရောက်ဖူးပုံမရဘူး။ တည်းဖို့နေရာ ကျွန်မတို့ကို လာမေးနေတော့ သိတဲ့တစ်ယောက်က နယ်ကလာသူတွေ တည်းနေကျ ဘုန်းဘုန်းကျောင်းကို ညွှန်ပေးလိုက်တယ်။ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပေမယ့် နောက်ရက်ချိန်းမှာ စာအုပ်ကြည့်မိတော့ အားလုံးHIV(+)တဲ့။ စိတ်မကောင်း အတော်ဖြစ်မိတယ်။ တချို့လည်း ဆရာကြီးကိုမမေးရဲတော့ သူတို့ ဘာရောဂါဖြစ်တာလဲဆိုပြီး ကျွန်မတို့ကို လာမေးတယ်။ အဲဒီအခါကျရင် အတော်ဖြေရခက်တယ်။

ရန်ကုန်က လူတွေအတော်များများကတော့ ဆရာကြီးဆီ ဘယ်လိုလူနာတွေ များတယ်ဆိုတာ သိကြတယ်။ ဆရာကြီးနဲ့ ပြဖို့ အညွှန်းခံရရင် သို့လောသို့လောတွေးပြီး ဘာဆေးတွေသောက်ခိုင်းတာလဲ လာမေးတယ်။ ရှုပ်လာပုံရတဲ့လူတစ်ယောက်ပေါ့၊ ဆရာကြီးနဲ့ပြရလို့ ကြောက်ပြီး မျက်နှာဇီးရွက်လောက်နဲ့ သူဘာလို့ ဒီဆေးသောက်ရတာလဲဆိုပြီး ကွေ့ဝိုက်လှည့်ပတ်ပြီး လာမေးတယ်။ HIVအတွက်ပေးတဲ့ဆေးမဟုတ်မှန်း သေချာသွားတော့မှ ဆေးခန်းထဲက မြူးတူးပြီးထွက်သွားတယ်။ သြော် ဒီလူ့နှယ် ကြောက်ရင် အစထဲက ဆင်ချင်ပေါ့။ တချို့လူနာများတော့ မြင်ပြင်းကပ်မိတယ်။ ငွေပေါ ကဲကြော ဘဝင်မြင့်နေတဲ့ သူတွေပေါ့။ ငါတို့ ငွေရှိတယ်၊ ကုနိုင်တယ် ဘာမှဂရုမစိုက်ဘူးဆိုတဲ့ အချိုးနဲ့။ တချို့အမျိုးသမီးတွေ ရောဂါဖြစ်မှန်း သိသိကြီးနဲ့ မကောင်းတာဆက်လုပ်နေပုံပါဘဲ။ အဲဒီဝင်ငွေနဲ့ ဆေးဆက်ကုနေတယ်။ HIVအတွက် သောက်ရတဲ့ဆေးတွေက အတော်လည်း ဈေးကြီးပါတယ်။ ငွေများ ငွေနိုင်၊ ဆေးများ ဆေးနိုင်လို့တောင် ပြောရမယ်။ ဆေးမှန်မှန်သောက်နိုင်တဲ့သူများကတော့ ပုံမှန်လူနဲ့မခြား နေနိုင်တယ်။ တလစာဆေးဘူးတွေ သိန်းချီပြီး ဝယ်သွားတဲ့သူ ရှိသလို၊ ဒီနေ့သောက်ဖို့အတွက် ဆေးတစ်လုံးဘဲဝယ်သွားနိုင်သူလည်း ရှိတယ်။ သေချာတာကတော့ ဆေးမှန်မှန်ဝယ်သောက်နိုင်သူက အနည်းစုပါဘဲ။ အဲ တခါတလေ ငွေရှိတိုင်းလည်း ဆေးဝယ်လို့မရတာ ဖြစ်တတ်ပါတယ်။ နယ်စပ်နဲ့ ကားလမ်းပိတ်တဲ့ အခါမှာပါ။ ဆေးခန်းမှာလည်း ဆေးပြတ်သွား အပြင်မှာလည်း ရှာလို့မရ လူနာတွေလည်း ပြူးပြူးပြာပြာဖြစ်ကုန်ရော။ သူတို့ခမျာ နေ့တိုင်း ဆေးမှန်မှန်သောက်မှ ရမှာဆိုတော့လေ။

ဒါနဲ့ စပ်ဆက်မိလို့ ကျွန်မတို့နယ်မှာလည်း နယ်စပ်ထွက် အလုပ်သွားလုပ်သူတွေ များတယ်။ အလုပ်ဆက်မလုပ်နိုင်လို့ ပြန်လာကြရင် အပြန်လက်ဆောင်ဆိုး သယ်လာသူတွေ တကယ်များတယ်။ အဲလိုသူကတဆင့် အိမ်ထောင်ဖက်ကို လက်ဆင့်ကမ်းကူးတယ်။ တကယ်ကို မျက်မြင်ပါ။ ကျွန်မ အမ မော်လမြိုင်မှာ အလုပ်ဝင်နေတုန်းကပေါ့၊ သူက ရင်ကြပ်ရှိတော့ သူ့အမျိုးသားလောင်းရဲ့ ဦးလေးဆေးခန်းနဲ့ မိတ်ဖွဲ့ထားရတယ်။ အဲဒီဦးလေးကပြောတယ်။ ဆေးခန်းလာပြလို့ စစ်ကြည့်လိုက်ရင် (၁၀)ယောက်မှာ (၉)ယောက်က HIVရောဂါရှိနေတယ်တဲ့။ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေ လာရောက်စစ်တမ်းကောက် မေးမြန်းမယ်ဆိုတော့ ရှိသမျှဆေးခန်းတိုင်းကို HIVရောဂါရှိသူ တစ်ယောက်မှ လာမပြပါဘူးလို့ဘဲ ဖြေရမယ်လို့ အမိန့်ပေးခံရတယ်။ အမှန်အတိုင်းဖြေရင် စ/မလက်မှတ် သိမ်းမယ်တဲ့။ သြော် ကောင်းလေစွ ကောင်းလေစွ။ ဒီနည်းနဲ့ မြန်မာပြည်မှာ HIVလူနာ နည်းပါတယ်လို့ လုပ်ထားတာလေ။ အမှန်အတိုင်းသိမှ ပညာပေးရေးလုပ်ငန်းတွေ၊ ကာကွယ်ရေးတွေ ထိထိရောက်ရောက် လုပ်နိုင်မှာပေါ့။ အခုတော့ ဆင့်ပါးစပ် နှမ်းပက်ဖြစ်နေတာ အမှန်ဘဲ။ အိမ်နီးချင်း ထိုင်းမှာတောင် ပညာပေးလုပ်ငန်းနဲ့ အတော်ဟန့်တားထားနိုင်ပြီ။ (ယှဉ်မိပြန်ပြီ။) ကိုယ့်နိုင်ငံမတော့ ..... နည်းပါတယ်၊ မရှိသလောက်ပါဘဲလို့ အော်တဲ့သူ အော်နေပေမယ့် ကျွန်မအလုပ်လုပ်တဲ့ ဆေးခန်းမှာတောင် ဆရာကြီး ခရီးသွားစရာရှိလို့ ဒီတပတ် တစ်ရက်ပဲ ထိုင်နိုင်မယ်လို့ ကြေငြာထားရင် များလိုက်တဲ့လူနာတွေ လာလိုက်တာ အယောက် ၂၀၀၊ ၃၀၀ကျော်။ ဘွတ်ကင်တောင် ပိတ်ပြစ်ရတယ်။ ဒီဆေးခန်းတစ်ခုမှာတင် အဲလောက်ဆိုတော့ ရောဂါဖြစ်နေသူ တကယ့်အမှန်စာရင်းဆိုရင် .......


5 comments:

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ဒီပို့စ်လေးကို ဖတ်ပြီးတော့ မြန်မာပြည်မှာရော ဒီလူနာတွေ ဘယ်လောက်တောင် များနေပြီလဲမသိ ရင်လေးမိတယ်။ ဖုံးအုပ်ထားလို့ လူနာဦးရေနည်းသွားတာမှ မဟုတ်တာနော်။

Thyda said...

大変ですね!

nu-san said...

ညီမလေးရေ. ဒီပို့စ်လေးဖတ်ပြီး ရင်မောမိတယ်...
တချို့ကြလည်း ဆေးမှုကြောင့် HIV postive ဖြစ်ကြတယ်။ တချို့လည်း ဆံပင်ညှပ်ဆိုင်၊ ဆေးခန်းတွေက တဆင့် ရောဂါရကြတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရောဂါတွေ ရကြတယ်.. အမ သူငယ်ချင်း ယောင်္ကျားလေး တစ်ယောက်ပြောဘူးတယ်... သူ ဆံပင်ညှပ်ဆိုင်သွားမယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ဘရိတ်ဓားယူသွားတယ်တဲ့.. နို့မို့ဆို မတော်လို့ ရောဂါကူးရင်တောင် ကိုယ်က ဖောက်ပြန်လို့ဆိုပြီး ရောဂါလည်းရ၊ သိက္ခာလည်းကျအုံးမယ်လို့ ပြောဖူးတယ်.. အင်း.. ဘယ်လိုနည်းနဲ့ပဲ ဖြစ်လာ ဖြစ်လာ မြန်မာပြည်မှာ AIDS ရောဂါသည်တွေ ဘယ်လောက်များပြီး HIV positive တွေ ဘယ်နှစ်ယောက်ဖြစ်နေပြီလဲဆိုတာ မမှန်းကြည့်ရဲဘူး..

နှင်းဆီနီနီ said...

မမမြရွက်ဝေရေ
မြန်မာပြည်မှာ ဘယ်လောက် အေ့စ် တွေရှိလည်းတော့
မသိပါဘူးရှင်။ ၂၀၀၀ လောက်တုန်းက မူဆယ်က သူငယ်ချင်း တယောက်ပြောဖူးတယ်။ သူတို့ မူဆယ်မှာ
၈၀% လောက်က အေ့စ်ဖြစ်နေတယ်ပြောကြတယ်။
ကောင်းလေးတော်တော်များများကလည်း ဖိုးစွဲ ရင်ဆွဲ
မဆွဲရင် အေစ့်ဘဲတဲ့။
အဲ့ဒီတုန်းက ကြားတုန်းက အတော် အံ့သြမိပါတယ်။
အခုတခါ မရှိဘူးပြောခိုင်းတော့ ပိုအံ့သြပါရဲ့။
စိတ်မကောင်းပါဘူး။

မျှားပြာ said...

အဲဒီရောဂါကြီးကို ကျွန်တော်လည်း အရမ်းကြောက်တယ်ဗျာ..
အဲဒီလို လူနာတွေကိုလဲ အရမ်းသနားတာပဲ ..။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP