Sunday, February 3, 2008

နှင်းတွေ-- နှင်းတွေ


၁၂နာရီထိုးတော့မယ်ဆိုတဲ့နှိုးသံကြားမှ မျက်လုံးကျယ်သွားတယ်။ ဟိုက် ဒွတ်ခ! ဒီနေ့ သင်တန်းစတက်ရမယ့်နေ့။ ဒီဇင်ဘာထဲကအပ်ထားပြီး နေ့ရွှေ့ညရွှေ့လုပ်နေလို့ သင်တန်းကတောင် ဖုန်းဆက်မေးတယ်။ အီး-- အဲ-- ဂျီး-- ဂျဲ ရွှီးလိုက်ပြီး ဖေဖော်ဝါရီ သုံးရက်စတက်မယ် ပြောထားတာ။ နေ့လည်၂နာရီလာပါမယ်လို့။ အခု ၁၂နာရီထိုးတော့မယ်တဲ့။ မဖြစ်ဖူးထမှ။ (မနက်လင်းခါနီးမှ အိပ်တော့ထချင်ဘူး။) မိုးတွေရွာနေလားမသိတဲ့၊ ကားတွေဖြတ်သွားတာ မိုးရေထဲ မောင်းနေသလိုဘဲတဲ့။ ဟင်! ဟုတ်လားလို့ ဝရန်တာတခါးဖွင့်ချောင်းလိုက်တော့--


ဝိုး!!!!!!!!!! နှင်းတွေ-- နှင်းတွေ

အများကြီးဘဲ။ နှင်းဖတ်တွေလည်း အကြီးကြီးတွေ။ ဟိုတခါ နှင်းစကျတုန်းက ခပ်မှုန်မှုန်တွေများတယ်။ ခုဖွေးနေအောင်ကျတာ။ ခေါင်မိုးမဲမဲမဲတွေလည်း ဖြူလို့ ဖွေးလို့။ ကြည့်လို့ကောင်းလိုက်တာ လှလိုက်တာ ဟီ ဟီ လုပ်နေတုန်း အယ်! ဝရန်တာက အဝတ်တွေ!! ရုပ်ဖို့မေ့သွားတာ။ အမြန်ရုပ်မှလို့ ကြည့်လိုက်တော့ သွားပဟ ရေခဲရိုက် အင်္ကျီတွေ ဖြစ်ကုန်ပြီ။ ပခုံးတွေပေါ် နှင်းတွေပုံပြီးခဲနေတာ။ ခြေအိပ်တွေထဲလဲ ဝင်ပြီးအပြင်တောင်လျှံလို့။ ဟင့်!


ပထမဆုံး နှင်းကျတဲ့ ဇန္နဝါရီ၂၄ရက်က ရိုက်ထားတာ ဝရန်တာမှာ ဒီလောက်ဘဲရှိတယ်။


ခုတော့ ဒီလိုဖြစ်လို့။


ဝရန်တာက ရေခဲခြစ်။


ချမ်းလိုက်တာ ဂတ်ဂတ်ဂတ်။ ဘေးဘက်လဲ တခါးဖွင့်ပြီး စပ်စုလိုက်သေးရဲ့။

အေးအေးလေးနဲ့ ပြန်ကွေးချင်ပေမယ့် သင်တန်းက ဆက်ရွှေ့လို့မကောင်းတော့ သွားရပေမပေါ့။ သင်တန်းကိုတော့ နောက်ကျကောင်းကျမယ် (နောက်ကျမှာသေချာပြီးသား)လို့ ဖုန်းဆက်ထားလိုက်တယ်။ အဝတ်အထပ်ထပ်ဝတ်ပြီး တိုက်အောက်အဝလည်းရောက်ရော ရှရွတ်-- ရှရွတ်-- အမေ့! စကိတ်နှစ်ချက်စီးသွားတာ။ ဘေးက ပိုက်လုံးလှမ်းဖက်လိုက်လို့သာ တော်တော့တယ်။ မဟုတ်ရင် သင်တန်းမရောက်ဘဲ ဆေးရုံရောက်တော့မှာ။ နှင်းတွေခဲပြီး ရေခဲအလွှာဖြစ်နေတာ၊ ကြွေပြားပေါ်မှာဆိုတော့ အတော်ချောကျိကျိနဲ့။ ဆက်သွားဖို့တောင် လန့်သွားတယ်။ သတိလေးနဲ့ ဆက်လျှောက်ရင်း ဒီလိုနှင်းတောထဲ လမ်းလျှောက်တာ ပထမဦးဆုံးအကြိမ်မို့ ငေးလိုက် အောက်ကိုသတိထားကြည့်လိုက်နဲ့ taxiတားစီးဖို့သတိရတော့ လမ်းတဝက်ကျိုးနေပြီ။ မထူးပါဘူး လမ်းဘဲ ဆက်လျှောက်လိုက်တော့တယ်။


ပန်းခြံလေးထဲဖြတ်တော့ ပိတ်ရက်တိုင်း အမြဲတမ်းကလေးတွေနဲ့ စည်နေရာက ခုတော့ ရှင်းလို့။ ကလေးလေးတစ်ယောက်ဘဲ သူ့မေမေလို့ထင်ရသူနဲ့ နှင်းလုံးအရုပ်လုပ်နေတယ်။ အရင်က မြက်ခင်းစိမ်းစိမ်းလဲ နှင်းတွေနဲ့ ဖွေးနေတာဘဲ။ အမှတ်တရ ဓာတ်ပုံရိုက်ပြီး နှင်းတောထဲ ခုန်စွခုန်စွလုပ်လိုက်တယ်။ ခြေထောက်က နှင်းထဲနစ်သွားတာ အိစိအိစိနဲ့ ပျော်စရာကြီး။ သင်တန်းမသွားဘဲ ဆော့နေချင်တော့တာ။


ဒီအပင်ကြီးက ကြည့်လို့ကောင်းတာမို့ ရိုက်ခဲ့တယ်။

ကြာနေလို့တော့မဖြစ်ချေဘူးဆိုပြီး သင်တန်းရောက်အောင် ခရီးဆက်ပေါ့။ လမ်းမှာ ယိုးဒယားဆိုင်ဝင်ပြီး တုန်ယမ်းစားဖို့လုပ်တော့ အင်! ဆိုင်ကလူစီဖြစ်နေပါ့လား။ မတ်တက်ရပ်စောင့်သူတွေနဲ့ရောဘဲ။ အရင်က တခါမအဲလို မဟုတ်ပါဘူး။ အေးတဲ့နေ့မို့ထင်ရဲ့။ သိပ်ကြာမယ့်ပုံမရှိတော့ ခဏစောင့်ပြီး တုန်ယမ်းကွန် ချဉ်စပ်ပူပူလေးကို နှပ်တွေထွက်တဲ့အထိ သောက်ပလိုက်တယ်။ ဗိုက်ပြည့်ပြီး သင်တန်းရောက်တော့ ငိုက်ပြီ။ သင်တန်းကလဲ ဒီနေ့မှသေချာသိတယ်၊ Self-studyတဲ့။ စာအုပ်ထုတ်ပေးထားတယ်။ ကိုယ့်ဘာသာလုပ်ကြည့်ပြီး မရရင်ခေါ်မေးတဲ့။ ကောင်းကြရော။

ဂျပန်တွေနဲ့လဲ တခါမှ တိုက်ရိုက်စကားမပြောဖူးဘူး။ ဟုတ်တော့နေပြီ။ စာအုပ်အထူကြီးဖွင့်ကြည့် ဘာမှမသိ။ စာတွေပစ်ထားတာ နှစ်ပေါက်နေပြီဆိုတော့ ခန်းဂျီးတွေက ခပ်ရေးရေးဘဲ သိတော့တယ်။ ဖတ်ဆိုတော့လည်း ဖတ်ပေါ့ကွယ်။ အချိန်စာရင်းထုတ်ပေးထားတာ ဒီနေ့အဖို့ ၂၇မျက်နှာဖတ်ရမယ်ဆိုဘဲ။ ၅မျက်နှာတောင် အနိုင်နိုင်ရယ်။ ဘေးမှာအားကိုးရာ ပါလာတယ်။ သင်တန်းစတက်ရက် မသွားတတ်မှာစိုးလို့ လိုက်ပို့တာ။ ဘာလုပ်ရမှာလဲလို့ မျက်နှာငယ်နဲ့ကြည့်လိုက်တော့ သူဘဲစာဖတ်ပြီးရှင်းပြတယ်။ (စိတ်မဝင်စားပါဘူး၊ နားမလည်ပါဘူးဆိုတာကို သူအတင်းတက်ခိုင်းတာ သူ့မှာတာဝန်ရှိတယ်။) သူ့လက်ချာနဲ့ဘဲ ၂နာရီခွဲအကြာလောက်သင်ပြီး နောက်အချိန်အတွက် ရက်ချိန်းပေးပြီးပြန်ခဲ့တယ်။

အပြင်မှာ နှင်းမကျတော့ပေမယ့် နှင်းရဲ့နောက်ဆက်တွဲ မိုးဖွဲလေးတွေကျနေတယ်။ လမ်းမှာဘဲ ဈေးဝင်ဝယ်၊ ညနေစာစားပြီး အိမ်ဘက်ကိုရောက်တော့ တော်တော်မှောင်လာပြီ။ ပန်းခြံဘက်သွားကြည့်ချင်သေးလားတဲ့။ တော်ပါပြီ၊ လေပြင်းတွေတိုက်လို့ အသက်ရှုမရတာ အိမ်ရောက်ချင်လှပြီ။ မိုးစက်တွေ ထပ်ကြီးလာရင် ရေခဲရေမိုးဖြစ်တော့မှာ။ သုတ်ခြေတင်ပြီး အိမ်ရောက်တော့ heaterတန်းဖွင့်ပြီး အိုးးးး relax-- relax -----

8 comments:

thamudayanwe said...

nice!!!!!
Kyoto is not too much.
but i'll post on other snowing day of another place for skiing and ice scating.
now I'm busy again. may be next week.

nu-san said...

ဟင်းး.. နာလိုတော့ဘူးနော်..:P

Osaka မှာ နှင်းအဲဒီလောက် မကျဘူး.. သေးသေးလေးတွေပဲ ကျတယ်..ဟိုတလောကလည်း ဆရာမက နှင်းကျတာ မြင်လိုက်ရလားဆိုပြီး ညဘက်ကြီး mail ပို့လာတော့ အပြင်ထွက်ကြည့်တာ နှင်းလည်း မကျတော့ဘူး.. :(

ညီမလေးရေ.. ရေခဲခြစ်လေး လုပ်ပါဦး.. အပေါ်က အချိုရည်လေးစမ်းပေးနော်.. :D :D

ရွှန်းမီ said...

အဲ.. အဲဒီ ရေခဲခြစ် တင်နေတာ အ၀တ်လျှောက်စက်လား အမှိုက်ပုံးလားဟင်..
မသိလို့ ..
အဲဒီနှင်းတွေကို ကိုယ်တိုင် မြင်ဖူးချင်လိုက်တာ..
ဒီမှာတော့ မိုးလေးအေးရင် ဆွေးပေါ့..

Thyda said...

Take care naw sister!

It's very easy to slip. I saw on TV news that many ppl fell down on the snow which become ice.

ကလိုစေးထူး said...

ဒီနေ့ ဒီမှာ နှင်းမုန်တိုင်းကျလို့ ဘယ်မှသွားမရလို့ စိတ်ညစ်ညစ်နဲ့ ဘလော့ဂ်လည်ထွက်မိတာ ဘလော့ဂ်ထဲမှာလဲ နှင်းတွေ ကျနေတာကိုး။ :D ကဲ... နှင်းဘယ်မှာ ပိုအကျများလဲ ပြိုင်မလား :P လောလောဆယ်ကတော့ ဒီမှာ မနေ့ညကနေ အခုလက်ရှိအချိန်အထ ၇ လက်မ ကျပြီးပြီတဲ့။ ညနေကျရင် အနည်းဆုံး ၅ လက်မ ထပ်ကျပါမယ်တဲ့။ ဘာပဲဖြစ်ဖြစ် နှင်းကျရင် လမ်းသိပ်ချောတယ်ဗျ။ သတိတော့ထားပေါ့။ :)

လင်းလက်ကြယ်စင် said...

အမရေ ညီမကတော့ နှင်းတွေကို အဲဒီလောက်အပြင်မှာ မမြင်ဖူးလို့ မြင်ရင် အရမ်းချစ်တာပဲ ။ ပူလောင်နေတဲ့နေရာမှာပဲ နေဖူးတော့ အေးတဲ့နေရာလေးကို အလည်တစ်ခေါက်သွားဖို့လည်း စိတ်ကူးထားတယ်။ တစ်နေ့တာ အဖြစ်အပျက်လေးကို ဖတ်ရတာ စိတ်ကြည်နူးဖို့ကောင်းပါတယ် ။ အားပေးနေတယ်နော် အမ :)

Winkabar said...

နှင်းတွေလှတယ်နော်။ တော်ပါသေးတယ် အဲမှာက နည်းနည်းပဲကျလို့။ ဒီမှာကတော့ ကြေညာလိုက်ရင် ၅ လက်မ ကနေ ၁၀ လက်မဆိုတာကြီးပဲ။ မနေ့ကဆို ညနေဖက်ကျောင်းတွေပိတ်လိုက်တယ်။ ကျတာ မှမနားတမ်းပဲ။ မနက်ကျတော့အပြင်မှာအထူကြီး
ဖြစ်နေတာ။
ကိုစေးထူးပြောသလိုပဲ အရမ်းလည်းချော်တယ်။ သတိထားနော်အစ်မ။ မနေ့က မျက်စိရှေ့တင်ကားနှစ်စီးလမ်းဘေး ချော်သွားသေးတယ်။ ကံကောင်းလို့ဘာမှမဖြစ်ကြဘူး။

pandora said...

လှတယ်
အဲလိုနေရာ ခဏတဖြုတ်တော့ လာချင်တယ်
အကြာကြီးတော့ နေနိုင်မယ် မထင်
အအေးကြောက်တယ်ဂျ

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP