အိမ်ပြောင်းပြီး နဲနဲတော့ အခြေကျလာပြီ။ ကိုယ့်အိမ်ကိုယ့်ယာလို့ ခံစားလို့မရသေးဘူး။ အရင် အခန်းကျဉ်းလေးကို သတိရတယ်။ အဲဒီခိုအိမ်လေးက အိမ်ကြီးရှင် အရင်နေနှင့်နေတော့ လူအငွေ့အသက်တွေရှိတယ်လေ။ ရောက်ရောက်ချင်း နွေးနွေးထွေးထွေး ခံစားရတယ်။ ခုအိမ်ကျတော့ ဟာလာဟင်းလင်းကြီးဖြစ်နေသလိုဘဲ။ အိမ်ကျယ်သွားလို့လဲနေမှာပေါ့လေ။ ကြမ်းတွေက သစ်ခင်းပေမယ့် အညိုမဟုတ်ဘဲ အဖြူရောင်ဘက်သန်းနေတော့ ကွိုင်ဘဲ။ အမှုန်ကျနေရင် အတော်သိသာတာ။ တိုက်ပေါ်မှာ ကောက်သင်းကောက်နေရတယ်။ ဆံပင်ကျွတ်ပြီး ကျထားတာတွေကိုပါ။ ကြမ်းပေါ်မှာ ထင်းနေတာကိုး။ ဂျပန်ရောက်မှ ဆံပင်ပိုကျွတ်သလား မပြောတတ်ဘူး။ ရေနွေးနဲ့ဘဲ ခေါင်းလျှော် ရေချိုးလုပ်နေလို့လေ။ ဖုန်စုပ်စက်လည်း အကြီးပြန်ဝယ်ရတော့မယ်။ အရင်အခန်းက သေးလို့ သေးသေးလေးနဲ့ရတာ။ ခုအိမ်နဲ့က မရတော့ဘူး။ ကြာကြာဖွင့်ရင် ဝါယာညှော်နံ့လိုရချင်တော့ ကြောက်ကြောက်။ အင်တာနက်က အိမ်ထောင်ပစ္စည်းတွေမှာထားတာကလည်း ပစ္စည်းပြတ်နေလို့ အားလုံးမရသေးဘူး။ အိမ်မှာ တို့လို့တန်းလန်းတွေချည်းဘဲ။ ဧည့်ခန်းမှာ စားပွဲနဲ့ ကော်ဇောတော့ရှိပြီ၊ ဆိုဖာတွေ မရှိသေးဘူး။:D အရင်အိမ် လိုက်ကာအထူတွေက ဒီအိမ်မှာ အမြင့် လုံးဝမကိုက်တော့လို့ အသစ်ဝယ်လိုက်ရတယ်။ လိုက်ကာအပါးကတော့ အနံလွန် အစအကြီးကြီးကို ခေါက်ထားတာမို့ ဖြည်ချလိုက်တာ တော်သွားသေးတယ်။ ဒါတောင် အဖျားခေါက်စာသိပ်မရှိတဲ့အပြင် အရင်အိမ်က ပြတင်းတပေါက်ကို ၁စနဲ့ရတာ ခုအိမ်က ပိတ်၂စမှ တစ်ပေါက်ရတော့တယ်။ ဧည့်ခန်းမှာဘဲ အရင်တပ်ထားလိုက်တယ်။ ဘေးအခန်းအတွက် ပိတ်ပါးစ မရှိလို့ မချုပ်ရသေးဘူး။ ဝယ်လိုက်ရင်တော့ မြန်မြန်ပြီးတာပေါ့။ အမြင့်ကိုက်တာက အတော်ရှာယူရမှာ။ လိုက်ကာ အထူတွေတောင် အကျယ်ကိုက်ပြီး အမြင့်မကိုက်၊ အမြင့်ကိုက်ရင် အကျယ်မကိုက်နဲ့မို့ နောက်ဆုံး အကျယ်ကိုက်တာယူလာပြီး အဖျားတွေကို ခေါက်ချုပ်ပစ်လိုက်တယ်၊ ပြီးရော။ မလှလဲနေတော့။
အိပ်ခန်းထဲက ပြတင်းပေါက်အသေးကိုတော့ အရင်က ဘာရယ်မဟုတ် ဝယ်ထားတဲ့ ပိုးသားအဖြူကို အဖျားမှာ ဇာတပ်ပြီး လိုက်ကာအပါးအဖြစ် ချုပ်လိုက်တယ်။ အထူချုပ်ဖို့ ပိတ်စမရှိသေးလို့ ခဏထားထားရဦးမယ်။ တို့လို့တန်းလန်းတွေပါဆိုမှ။ ကွန်ပြူတာစင်က နောက်တပတ်ထဲရောက်မယ်ထင်ရဲ့။ လောလောဆယ် ကြမ်းပြင်ပေါ်မှာဘဲ။ {ကွန်ပြူတာဆိုလို့ အင်တာနက်ရတဲ့နေ့က routerခံမရလို့ဆိုပြီး အိမ်ကြီးရှင်က တိုက်ရိုက်ချိတ်ပြီးစမ်းလိုက်တာ ချူနာပါနာ laptopလေး virusကိုက်ခံလိုက်ရတယ်။ သဘောကောင်းရင် လွယ်လွယ်ပွင့်ပေမယ့် တခါတခါကျ ဖောက်နေလို့ နောက်မှ ဝင်းဒိုးပြန်တင်ပေးမယ်တဲ့။ :(} airconက ဝယ်ထားတယ်၊ မတပ်ရသေးဘူး။ ဟိုမပြီး ဒီမပြီးတွေများလို့ အိမ်ပြောင်းဖူးတဲ့သူငယ်ချင်းနဲ့ စကားပြောဖြစ်တော့ အားပေးရှာသား "သူလဲ အိမ်ပြောင်းတာ အခြေတကျဖြစ်ဖို့ ၃လလောက် ကြာသတဲ့၊ မှာထားတဲ့ ပစ္စည်းတွေ စောင့်ရနဲ့တဲ့" အားရှိစရာပါဘဲ။ သူငယ်ချင်းတွေကို နှစ်သစ်ရောက်မှ အလည်ခေါ်တော့မယ် စိတ်ကူးတယ်။ အဲလောက်ကျရင်တော့ အခြေကျတန်ကောင်းရဲ့လေ။
9 comments:
ကြမ်းခင်းလေးက အပေအတေ ခံမယ့်ပုံမပေါ်ဘူးနော်။
တိုက်ပေအုံးတော့။ အခန်းဆီးဖြူလေးနဲ့ နံရံလေးလိုက်တယ်။ မမွန်က အခန်းဆီးဆို အပြာလေးကြိုက်တယ်။
ဟယ်..အိမ်လေးက ချစ်စရာလေးး
အိမ်ပြောင်းပြီးရင် အလည်ဖိတ်ပါဗျို့.. :D
အလည်ခေါ်မယ်ဆို အမရော ပါလားဟင်.. အဟီး.. :D
အိမ်ကျယ်ကြီးနဲ့ပျော်စရာကြီးနော်။
လိုက်ကာလေး လှတယ်..
အဆင်ပြေပါစေ..
စလုံးမှာတော။ ကြမ်းတိုက်တဲ့ တုတ်တံလေးရှိတယ်။ စကူ တပ်ပြီး လိုက်သုတ်လိုက်ရင် ဆံပင်ချည် အားလုံးကပ်ပါသွားရော။ ပေါ့ပေါ့လေး။ ကလေးလေးတောင် တိုက်တတ်တယ်။ ကစားသလို လိုက်ပွတ်လိုက်ရင် ပြီးရော။ ရှိသလားဟင်။
အင်း.. အိမ်ပြောင်းရင်တော့ဒီလိုပါပဲ မမရေ ဟိုမပြီးဒီတို့လို့တန်းလန်းနဲ့ ဘယ်ကစလို့ဘာလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်ဗျာ။
မမွန်---> ဟုတ်တယ်အမရေ၊ ကြမ်းခင်းအဖြူနဲ့တော့ ဟုတ်နေပြီ၊ အမှုန်အမွှားက အစ မြင်လွယ်လွန်းတယ်။ ညီမလည်း အခန်းဆီးကို အပြာရောင်ကြိုက်တယ်။ ခုက တခါးဝနဲ့ ကိုက်တာ ရှာယူခဲ့တာ။
မဝါဝါ---> လာလည်ပါ အမရေ။
မနု-စံ---> အမရေ ပြောနေဖို့တောင် မလိုဘူး၊ ဘယ်တော့လာမှာလဲသာ ကြိုပြော၊ ရှောင်နေ အဲလေ တည်းဖို့ပြင်ဆင်ထားပေးမယ်။
ဆရာဉာဏ်---> အိမ်ကျယ်တော့ သန့်ရှင်းရေးလဲ မလွယ်ဘူးဆရာရေ့။ :D
ညီမရွှန်းမီ---> ကျေးဇူးပါ ညီမရေ။
မခင်ဦးမေ---> ရှိတယ် အမရေ။ အဲဒါက ကြမ်းကိုဘဲ သုတ်လို့ရတာ၊ ကော်ဇောခင်းထားတဲ့နေရာတွေကျ ဖုန်စုတ်စက်နဲ့မှရတာ။ (အိမ်ကြီးရှင်ကို ပူစာမလို့ ဆင်ခြေတက်ကြည့်တာပါ အဟီး။)
Craton---> ဟုတ်တယ် မောင်လေးရေ၊ ခုထိ မပြီးနိုင်ဘူး၊ သိမ်းလိုက်၊ သိမ်းထားတာတွေပြန်ထုတ်လိုက်နဲ့ ချာလည်ရိုက်နေတာ။
လိုက်ကာလေးက လှလိုက်တာ..
Post a Comment