Monday, December 29, 2008

အိမ်ရှင်မ


အိမ်ကနေ ၂မိနစ်လောက် လမ်းလျှောက်သွားရင် "Seiyu"(ဆေးယု)ဆိုတဲ့ စူပါမားကတ်တခု ရှိပါတယ်။ အသီးအရွက်က သိပ်များများစားစားမရှိပေမယ့် အသားတွေကတော့ များပါတယ်။ ဒါပေမယ့် ဈေးသက်သာတာ နည်းပါတယ်။ အသီးအရွက်ဆိုရင် ဈေးကြီးလွန်းတယ်လို့တောင် ပြောလို့ရတယ်။ ဒါတောင် ဒီဆိုင်က ဟိုတလောလေးတင်ကမှ အရောင်းကျတာတွေကို မြှင့်တင်ဖို့ဆိုပြီး "နှိုင်းယှဉ်ဈေးချ" ဆိုတာကို လုပ်လိုက်လို့ အရောင်းအဝယ် တက်လာတာပါ။ ဥပမာ တခြားစူပါမှာ ဒီအမျိုးအစား အသားငါး အသီးအရွက်ကို ဒီဈေးနဲ့ရောင်းနေတယ်ဆိုတဲ့ ဈေးဝယ်ဖြတ်ပိုင်းစာရွက်ပြပြီး သူတို့ဆိုင်က ဈေးကြီးနေပါတယ်လို့ ပြနိုင်ရင် အဲဒီအမျိုးအစားကို သူများဆိုင်ထက် ဈေးချရောင်းပါတယ်။ အသားကတော့ သူ့နေ့နဲ့သူ ဈေးချတာတွေရှိပေမယ့် ကိုယ်ဝယ်ချင်တာနဲ့ ကိုက်တာရှိမှ အဆင်ပြေတယ်။ နွားနို့တမျိုးကတော့ ဈေးသက်သာတယ်။ အဆီမထုတ်ထားတဲ့နွားနို့က (1000ml)တစ်ဘူးကို ပုံမှန် ယန်း၁၈၀ကနေ ၂၅၀ကြား ရှိပါတယ်။ အဲဒါကို ယန်း၁၅၀နဲ့ရောင်းတော့ နေ့တိုင်း တော်တော်ကြီးကို ရောင်းရတဲ့ပုံပါဘဲ။ အရသာလဲရှိ ဈေးလဲတော်တာမို့ နွားနို့လိုချင်ရင် အဲဒီဆိုင်မှာ ဝယ်ဖြစ်တယ်။ ကျန်တာကိုတော့ ဈေးကြီးလို့ နဲနဲပါးပါးလောက်ဘဲ ဝယ်တယ်။

များများစားစားဝယ်ချင်ရင်တော့ တပတ်တခါ သွားတက်တဲ့ သင်တန်းအပြန်မှာ တရုတ်သူငယ်ချင်းတွေနဲ့အတူလိုက်ပြန်ပြီး သူတို့ ဆင်းတဲ့ဘူတာနားမှာရှိတဲ့ ဆိုင်တွေမှာ ဝယ်ပါတယ်။ အဲဒီဘူတာကနေ အရင်ကနေခဲ့တဲ့ အိမ်ကို လမ်းလျှောက်ရင် ၃၅မိနစ်ကြာပါတယ်။ ပျင်းလောက်အောင် လျှောက်သွားရတာမို့ သူငယ်ချင်းတွေနဲ့ တောင်တလုံးမြောက်တလုံး ဂျပန်စကားပြောရင်း လမ်းလျှောက်သွားမှ တော်ရာကျတယ်။ စက်ဘီးလဲ မစီးရဲဘူးလေ။ ကျမကမှ နဲနဲပါးပါးစီးတတ်သေးတယ်၊ သူငယ်ချင်း၂ယောက်လုံးက လုံးဝ မစီးတတ်ဘူးဆိုတော့ လမ်းဘဲလျှောက်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဖြေတွေးတွေးရပေမယ့် အိမ်ကနေသွားချင်တယ်ဆိုရင် အသွားရောအပြန်ပေါင်းလိုက်ရင် ၁နာရီကျော်တာမို့ မစားသာလှဘူး။ ဝေးလွန်းတယ်ဆိုပေသည့်လည်း အိမ်ချင်မ အဲလေ အိမ်ရှင်မဖြစ်သမို့ များများစားစားရပြီး ဈေးသက်သာတဲ့နေရာကို သွားဝယ်ရတာပါဘဲ။

(ဒီနှစ်ရဲ့ စာရင်းစာအုပ်ပါ၊ စာရင်းသာရေးပြီး မပေါင်းကြည့်တာကြာပေါ့။ ခေါင်းကိုက်မှာစိုးလို့)

အခုနေတဲ့နေတဲ့နေရာကနေဆို မိနစ်၂၀လောက် လျှောက်ရတယ်။ အရင်ကနဲ့စာရင် နဲနဲပိုနီးလာတာပေါ့လေ။ အဲဒီဘူတာနားကဆိုင်တွေကို တရုတ်သူငယ်ချင်း ခေါ်သွားလို့ ရောက်ဖူးတာ။ အထူးသဖြင့် လက်ကားဆိုင်တွေများတယ်။ အမြဲလိုတော့ ကုန်ခြောက်ဆိုင်နဲ့ အသီးအရွက်ဆိုင်တွေမှာ ဝယ်ဖြစ်တာပါ။ ဘူတာနားက ဆိုင်တဆိုင်မှာမှ အမြဲတမ်းရှာနေခဲ့တဲ့ ငရုတ်သီးစိမ်းနဲ့ နံနံပင်ကို ရှာတွေ့တာကို အရင်ကရေးခဲ့ဘူးပါတယ်။ ဒီနေ့လဲ အိမ်ရှင်ထီး အဲ အိမ်ကြီးရှင်ကိုပါခေါ်ပြီး အဲဒီဘက်ကို ဈေးဝယ်ထွက်ခဲ့တယ်။ ဒီဘက်ပြောင်းပြီး တခါမှ မလိုက်ဖူးသမို့ လိုက်ခဲ့တာပါ။ အမှန်တော့ ဈေးတခါဝယ်ရင် အိမ်ရှင်မတွေက အတော်တွက်ချက်ပြီးမှ ဝယ်ကြတယ်လို့ ဟိုဆိုင်ဝင် ဒီဆိုင်ဝင်နဲ့ ကြာတတ်ပါတယ်။ ကိုယ်တိုင်က ဒီဟာဝယ်ရကောင်းနိုးလုပ်နေတုန်း ယူလိုက်လေ ဝယ်လိုက်ဆိုပြီး မြန်မြန်ပြီးရင် ပြီးရောလုပ်နေတတ်တယ်။ ဒီတော့ ကြိုပြောထားရတယ်၊ ဆိုင်က ကျဉ်းလွန်းတယ် လိုက်မဝင်လာဘဲ အဝက လူရှင်းတဲ့နားမှာ စောင့်နေလို့။ မဟုတ်ရင် မျက်နှာက လငပုပ်ဖမ်းလာတော့မယ်လေ။ ထူးထူးခြားခြား ဒီနေ့ကျမှ လူတွေများလိုက်တာ။ တိုးခွေ့ပြီး ဝယ်ရတယ်။ ပိတ်ရက်တွေ ဆက်နေပြီမို့ ဈေးဝယ်သူတွေများတာလားတော့ မသိဘူး။

အသားအဓိကရောင်းတဲ့ "Niku no hanamasa"စူပါကို အရင်သွားဖြစ်တယ်။ အဲဒီဆိုင်က လက်ကားဖြန့်တာမို့ အသားဘူးတွေက အလတ်နဲ့ အကြီးတွေဘဲရှိတယ်။ ဒီဆိုင်ကို အိမ်ကြီးရှင် အင်တာနက်ထဲကနေ ရှာတွေ့တာပါ။ အဲဒီတလောက ဓာတ်ဆီတွေ ဈေးတက်လာလို့ အသားဈေးတွေတက်လာတဲ့အကြောင်း ပြောလိုက်တော့ သူက အင်တာနက်ထဲ သတင်းရှာဖတ်ကြည့်ရင်း ဒီမှာ အသားဈေးသက်သာတဲ့ဆိုင်တဆိုင် ရှာတွေ့တယ်ဆိုတာတဲ့ သွားဖြစ်သွားတာ။ တရုတ်သူငယ်ချင်း၂ယောက်လုံး အဲဒီဆိုင်ကို မသိတာမို့ အတူသွားဖြစ်တော့ သူတို့ကို ဆရာလုပ်ပြီး ခေါ်သွားလိုက်သေးတယ်။ ဒီနေ့တော့ အသား၎ဗူးလောက် ဝယ်လာဖြစ်တယ်။ ဝက်သားလွှာတွေရယ်(၁၀၀ဂရမ် ၈၉ယန်း)၊ ဝက်အသားအတုံးလိုက်ရယ်(၁၀၀ဂရမ် ၉၉ယန်း)၊ ကြက်အမြစ်ရယ်(၁၀၀ဂရမ် ၆၉ယန်း)၊ ကြက်ပေါင်သားရယ်(၁၀၀ဂရမ် ၆၉ယန်း) ဝယ်လာဖြစ်တယ်။ ကိုယ့်ဘာသာကိုယ်တော့ ဒီဆိုင်က ဈေးတော်တယ်လို့ ထင်တာပါဘဲ။ ဒါတောင် ကြက်တောင်ပံပါ ဝယ်မလို့ စိတ်ကူးမိသေးတယ်။ အရမ်းများနေမှာမို့လို့ မဝယ်လိုက်တော့ဘူး။


နောက်တော့ ချောင်ကြိုချောင်ကြားက အသီးအရွက်ဆိုင်မှာ ကြက်ဥသွားဝယ်တယ်။ ကြက်ဥအနီရောင် (အဖြူရောင်လဲရှိတာမို့ပါ) LL sizeကို ၁၀လုံးမှ ၁၇၅ယန်းလေ။ တခြားဆိုင်တွေမှာဆို normal sizeကိုဘဲ ယန်း၂၀၀ကျော်တယ်လေ။ ထောပတ်ခရမ်းသီး ခပ်ရွယ်ရွယ် ၂လုံးကို ယန်း၁၀၀ဆိုလို့ ဝယ်လာလိုက်သေးတယ်။ ပြီးတော့ နောက်အသီးအရွက်ဆိုင်ကို ထပ်သွားဖြစ်တယ်။ ထုံးစံအတိုင်း ငရုတ်သီးစိမ်းနဲ့ နံနံပင် ပါလာသပေါ့။ ဒါတောင် ခရမ်းချဉ်သီး ရှိနေသေးလို့။ မဟုတ်ရင် ခရမ်းချဉ်သီးပါ ဝယ်ဖြစ်တယ်။ အဲဒီဆိုင်ရောက်တိုင်း ဒီ၃မျိုးကို ဝယ်နေကျလိုဖြစ်လို့ တရုတ်သူငယ်ချင်းတွေကတောင် အံ့ဩနေကြတယ်။ နံနံပင်ကတော့ ယန်း၁၅၀ ဒီဈေးအတိုင်း မပြောင်းလဲပါဘူး။ ငရုတ်သီးက ရှားလာတဲ့အချိန်မို့ထင်တယ်။ အရင်က တထုပ် ယန်း၅၀ကနေ ၁၀၀၊ ပြီးခဲ့တဲ့တပတ်က ၁၅၀၊ ဒီနေ့ကျ ၁၈၀ဖြစ်သွားပြီ။ ဈေးတက်တာ မြန်လိုက်တာ။ လီမွန်က တစ်လုံး ယန်း၇၀တဲ့။ ကြက်သွန်အသေးလေးတွေ စမ်းဝယ်လာတယ်။ မုန့်ဟင်းခါးဖြစ်ဖြစ် ချက်စားဖြစ်ရင် ထည့်မလားလို့။


သက်သာရာသက်သာကြောင်းတော့ ဝေးဝေးလံလံအထိသွားပြီး ဈေးဝယ်ခဲ့ပါတယ်။ မဝယ်ခင်လေး ဗိုက်ဖြည့်တဲ့အနေနဲ့ ကုလားဆိုင်မှာ ဝင်စားခဲ့တယ်။ အပြင်မှာစားဖြစ်ရင် တစ်ယောက်စာကျသင့်ငွေနဲ့ အိမ်မှာ၂ယောက်စာချက်စားရင်ကျတာနဲ့ အတူတူလောက်ဆိုတော့ကာ "ပလိုင်းပေါက်နဲ့ ဖားကောက်"ဆိုတာ ဒါမျိုးကို ပြောတာများလား......။

5 comments:

ရွှန်းမီ said...

း) ဖြစ်တတ်ပါတယ်.. ဖြစ်တတ်ပါတယ်..
ညီမနဲ့ သူငယ်ချင်းတွေလည်း ဈေးသက်သာတဲ့ ကုန်တိုက်မှာ မုန့်တွေ ပစ္စည်းတွေ သွားသွားဝယ်ပြီး အပြန်ကျတော့ အငှားကားနဲ့ ..

nu-san said...

ညီမလေးရေ.. အမှန်ပဲ.. ဈေးသက်သာတဲ့ဆိုင်ကို သွားမယ်ဆိုရင် ကြားထဲက စားစရိတ်နားစရိတ်တွေ ထည့်တွက်ရင် မထူးဘူးပဲ.. အမတို့ဆိုရင်လည်း စက်ဘီးနဲ့ သွားတာ လမ်းမှာ ထမင်းစားနားရတာနဲ့ အအေးသောက်နားရတာနဲ့ နားမဆုံးဘူးရယ်.. အမကတော့ တချို့ဟာတွေဆို အိမ်နားမှာပဲ ၀ယ်လိုက်တော့တယ်.. တ၀က်ဈေးချတာတွေပဲ လိုက်ချောင်းဖြစ်တာများတယ်.. :D

မီယာ said...

အိမ်ရှင်မတို့ ဘ၀ မလွယ်ပါဘူးနော်။ အမေတို့ အဖွားတို့ လူ ၁၀ ယောက်ကျော်စာကို တနေ့တနေ့ ဘယ်လို စီမံ ချက်ပြုတ်ခဲ့ကြလဲမသိဘူး။

ThuHninSee said...

နှစ်ယောက်စာလည်း ကုန်တာပဲနော။် စားစရိတ်တင်မဟုတ်ဘူး။ ဘာညာဘာညာစရိတ်ရော။
အဲလိုတွက်တဲ့သူရှိတာ ပျော်လိုက်တာ။ အဖော်ရရှိလို့။

မြရွက်ဝေ said...

ညီမရွှန်းမီ---> ကိုယ်ဝယ်ချင်တာလေးကို သက်သက်သာသာရလာတယ်လို့ဘဲ ဖြေတွေးလေးနဲ့ ကျေနပ်ရတာလေ။

မနုစံ---> မနက်စာ ချက်စရာကုန်သွားလို့ အမရေ။ နိုးတဲ့အချိန် နေလဲမြင့်နေပြီဆိုတော့ ဈေးဝယ်ထွက်ရင်းဘဲ စားဖြစ်သွားတာ။

မမီယာ---> ၁၀ယောက်မပြောနဲ့ အမရေ့၊ ဧည့်သည် တစ်ယောက်ယောက်လာရင်တောင် ကိုယ့်လက်ရာစားနိုင်ပါ့မလားလို့ စိတ်ပူတယ်။

မမွန်---> အဖော်ရှိတယ် မမွန်ရေ၊ အရင်က အမြဲပေါင်းကြည့်သမျှ ခုတော့ မပေါင်းဘဲပစ်ထားတာ၊ အရင်ကထက် ၂ဆဖြစ်နေမှာ သေချာလို့။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP