Thursday, April 23, 2009

ဒီလိုပါဘဲ


အိမ်ကို လွမ်းပြီး စာရေးချင်စိတ် မဝင်တာနဲ့ မရေးဖြစ်တာတောင် ကြာသွားပြီ။ ဘလော့ကိုတော့ရောက်ပါတယ်။ စာရေးဖို့ကြိုးစားရင်း လမ်းချော်ပြီး "ထမင်းဘူး"ဘလော့က cboxအတွက် အလုပ်မလုပ်တော့တဲ့ ပုံတွေကိုဖြုတ်၊ ပုံအသစ်တွေ uploadလုပ်လိုက်တာ ရွာပတ်ပြီး တရက်အချိန်ကုန်သွားပါရော။ "မြရွက်ဝေ"ဘလော့အတွက် ဘာမှမလုပ်ဖြစ်တာနဲ့ တခုခုတော့လုပ်မှလို့ တွေးပြီး အမြဲတမ်းကြည့်ဖြစ်တဲ့ ဂျပန်ဖက်ရှင်ဆိုက် "http://www.style-arena.jp/en/"ကို ဘေးကလင့်မှာ ထပ်ထည့်ဖြစ်တယ်။ အဲဒီဆိုက်က တိုကျိုက ဖက်ရှင်နဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ "ဟာရဂျုကု" "ရှီဘူရာ" "အိုမိုတဲ့စန်းဒိုး" "ဒအိကန်ရာမ" "ရှင်းဂျုကု" စတဲ့ ၅နေရာက လမ်းသွားလမ်းလာတွေကို ဓာတ်ပုံရိုက်ပြီး အပတ်တိုင်း သောကြာနေ့မှာ အသစ်တင်ပါတယ်။ အဲဒီပုံတွေနဲ့ စာအုပ်လဲ ထွက်တယ်။ ကျမကတော့ အင်တာနက်မှာ အလကား ကြည့်လို့ရနေတာမို့ စာအုပ်မဝယ်ပါဘူး။ ဘယ်လို ဝတ်စားရမယ်မှန်း မသိတဲ့အခါ အဲဒီဆိုက်ကို ဖွင့်ဖွင့်ကြည့်ရတယ်။ ဒါက ဘလော့ကို ပစ်မထားကြောင်း ကြော်ငြာဝင်တာပါ။

ဒီရက်ပိုင်းကလည်း မိုးလေးတဖျောက်ဖျောက်ရွာလိုက်နဲ့မို့ တယောက်ထဲ ပျင်းပြီး တောင်တွေးမြောက်တွေးနဲ့ အိမ်ကို ပိုပြီးသတိရလေမို့ သူငယ်ချင်းတွေနဲ့ လျှောက်သွားလိုက်၊ လည်ပတ်စားသောက်လိုက်နဲ့ အချိန်ဖြုံးနေမိတယ်။ ပြီးခဲ့တဲ့တပတ် တနင်္လာနေ့ကတော့ "ချော"ဆိုတဲ့ တရုတ်သူငယ်ချင်းက ညနေစောင်းမှာ ဖုန်းဆက်လာပြီး သူ့အိမ်မှာ ဝိုင်းဖွဲ့ချက်စားမှာမို့ လာခဲ့ပါဆိုတာနဲ့ သွားစားဖြစ်တယ်။ ကဲ! သူများဆီမှာ စားပြီးမှတော့ ကိုယ့်အိမ်မှာ ချက်စားဖို့အတွက် ပြန်ဖိတ်ရတာပေါ့။ အမှန်တော့ အဲဒီအပတ် သောကြာနေ့မှာ ချက်စားကြမလို့ဟာ "ချော"က မအားတာနဲ့ ဒီတပတ်ထဲ ရွှေ့လိုက်တယ်။ ရွှေ့မှတော်သွားသေးတယ် ပြောရမယ်။ အပျင်းကြီးပြီး အိမ်မရှင်းတာ ကြာနေပြီလေ။ မီးပူတိုက်စရာ အဝတ်တွေကလည်း တောင်ပုံရာပုံ။ လျှော်စရာက တချို့တဝက်ရှိနေသေးတယ်။ ဒီတော့ လျှော်စရာတွေကို အရင် အဝတ်လျှော်စက်ထဲထည့်ပေါ့။ အဲဒီရက်က နေလည်းပြန်သာနေတာမို့ အတော်ပါဘဲ။ လှမ်းထားတဲ့ အဝတ်တွေ တရက်ထဲနဲ့ ခြောက်သွားတယ်။ ခြောက်သွားပြီးတဲ့အခါမတော့ မီးပူတိုက်တဲ့ စခန်းဝင်ရပြီ။ ၂နာရီကျော်ကျော် ထိုင်တိုက်မှ ပြီးသွားတယ်။ နွေဦးဝင်ပြီဆိုတော့ အံဆွဲထဲက အဝတ်တွေကိုလည်း သေချာ ပြန်ခွဲရပြန်ပေါ့။ အဝတ်အထူတွေက မဝတ်တော့တာမို့ သပ်သပ်စီထည့်၊ အိမ်ကြီးရှင် အပြင်သွားရင် ဝတ်တဲ့ အင်္ကျီတွေကိုလည်း လက်ရှည်ကသပ်သပ်၊ လက်တိုက သပ်သပ် တကန့်စီပြန်စီရတယ်။ သူ့အဝတ်က ရှင်းရလွယ်ပေမယ့် ကိုယ့်အဝတ်ကျမှ ခက်ရော။ အိမ်နေအဝတ်တွေကို အထူနဲ့ အပါးခွဲပြီးစီထည့်၊ အပြင်သွားအဝတ်တွေကိုလည်း အထူတွေသပ်သပ်ထည့်၊ အဲ! မထူမပါးတွေကျ ခက်ရော။ ဒီအံဆွဲထဲ ထည့်ရကောင်းနိုး ဟိုအံဆွဲထဲ ထည့်ရကောင်းနိုးနဲ့ စီထည့်လိုက် စိတ်တိုင်းမကျလို့ ပြန်ထုတ်လိုက်နဲ့ ပြီးသွားတဲ့အချိန်မှာ အတော်ညဥ့်နက်နေပြီ။ ပြီးတော့ စာအုပ်စင်လေး နဲနဲပါးပါးရှင်းပြီး အိပ်လိုက်တော့တယ်။

တနင်္လာနေ့ အတန်းမှာ သယ်ရင်းတွေနဲ့ တွေ့တော့ ကြာသပတေးနေ့ စုဖြစ်မယ်ထင်တယ်ဆိုပြီးမှ ညဘက်ကျမှ ဖုန်းဆက်လာပြီး ဗုဒ္ဓဟူးနေ့ လာခဲ့မယ် ဖြစ်သွားတယ်။ နောက်ရက်မှာ ကမန်းကတန်း ဈေးဝယ်ထွက်ရတယ်။ လိုချင်တာတွေ လှည့်ပတ်ဝယ်ရင်း အထုပ်တွေက တနင့်တပိုးဖြစ်သွားတယ်။ ဒါတောင် ဝယ်စရာ ကျန်သေးတာ၊ မသယ်နိုင်တော့လို့။ နောက်ရက် သူတို့မလာခင်လေး ပြေးဝယ်လိုက်မယ် စိတ်ကူးလိုက်တယ်။ ချက်လိုက်ပြုတ်လိုက်နဲ့ ပြီးသွားတဲ့ အချိန်မှာ အိမ်ကြီးရှင်အတွက် ညစာ မချက်ရသေးဘူး။ အဆင်ပြေသလိုလေး အမြန်လုပ်လိုက်လို့ ညစာအတွက် ပြီးသွားပေမယ့် ထမင်းဘူးအတွက် မချက်နိုင်တော့ဘူး။ အိမ်ကြီးရှင်က မချက်တော့နဲ့ အပြင်မှာ စားလိုက်မယ် ဆိုတာနဲ့ တော်သွားသေးတယ်။

ထမင်းဘူးအတွက် စိတ်အေးရပေမယ့် အိမ်သန့်ရှင်းရေး မလုပ်နိုင်တော့ဘူး။ ခြေထောက်က အတော်ညောင်းနေပြီ။ ဈေးပတ်ဝယ်နေတာက ၃နာရီလောက်ကြာတယ်။ ဟင်းချက်တာ မတ်တတ်မတ်တတ်နဲ့ ၂နာရီ ဒီခြေထောက်မှ မညောင်းရင် ဘယ်ခြေထောက် ညောင်းဦးမလဲလေ။ ဒီတော့ အိမ်သန့်ရှင်းရေးကို နောက်ရက်မနက် ရွှေ့လိုက်တယ်။ သယ်ရင်းတွေက ၁၀နာရီလာမယ်ဆိုတော့ သူတို့မလာခင် အမြန်လေး ကားပတ်အခင်းတွေကို ဖုန်စုပ် ကြမ်းတွေကို ကြမ်းတိုက်တံအဝတ်နဲ့ လိုက်ပွတ်၊ စားပွဲတွေ ထိုင်ခုံတွေ သုတ်နဲ့ ဘာမှသာမဟုတ်တယ် အားလုံးပြီးသွားတဲ့အခါမှာ ကိုးနာရီ ခွဲနေပြီ။ ကမန်းကတန်း ရေချိုးပြီးတဲ့အခါမှာ ဈေးသွားဖို့ မမှီတော့ဘူး။ သယ်ရင်းတွေ ရောက်လာပြီးမှ အိမ်နားက စူပါမှာ ဖျော်ရည်နဲ့ အသီးအနှံနဲနဲ ထွက်ဝယ်လိုက်တယ်။

သယ်ရင်းသုံးရောက်စလုံး တရုတ်တွေဆိုတော့ သူတို့ဟင်းနည်းတွေ ကြည့်ပြီး နောက်ချက်စားကြည့်ဖို့ မှတ်ထားလိုက်တယ်။ ကျမက ကြာဇံဟင်းခါးချက်ပြီး "ဝဥ"သုပ်တယ်။ သူတို့စားနိုင်ပါ့မလားလို့ စိတ်ပူနေတာ။ တယောက်တလှည့် ချက်ပြုတ်ပြီး စားဖို့အတွက် ပြင်ထားပြီး ဒီလို ဓာတ်ပုံရိုက်ထားလိုက်တယ်။


"တိုး"စံ ရဲ့လက်ရာ 'စုဘူတ'လို့ခေါ်တဲ့ ဝက်သားဟင်း


"ချော"စံရဲ့လက်ရာ ကြက်သားဟင်း


"ဦး"စံရဲ့လက်ရာ ငါးဟင်း


ဒါက မိုင်လက်ရာ ဝဥသုပ်


စားပြီးသောက်ပြီး TVရှေ့မှာ အားလုံး မျက်လုံးလေးတွေ စဉ်းလို့။ "တိုး"စံကတော့ အိပ်ပါပျော်သွားတယ်။ "ချော"စံကတော့ မှိန်းလိုက် ထလာလိုက်နဲ့။ "ဦး"စံနဲ့ ကျမဘဲ စကားတွေ ပြောနေတာ။ အမှန်တော့ ကျမလဲ ငိုက်လာပြီ။ မနက်ကတည်းက မနားရသေးတော့ ဗိုက်လည်းပြည့်ရော အိပ်ချင်တော့တာ။ ကိုယ်က အိမ်ရှင်ဆိုတော့ မျက်လုံးအတင်း ဖြဲထားရတယ်။ ညနေကျ ၄နာရီလောက်ကျ ကြက်တောင်သွားရိုက်မယ်၊ ၅နာရီလောက် အိမ်နားက စာကြည့်တိုက်ရှေ့မှာ စောင့်နေ၊ သူတို့အိမ်ခဏပြန် အဝတ်လဲပြီး ပြန်လာမယ် ဆိုပြီး ပြန်သွားကြတယ်။ ကျမက စာကြည့်တိုက်နဲ့ နီးနီးလေးမို့ အချိန်ရသေးတာတဲ့ ဧည့်ခန်းက ဆိုဖာမှာ ကွေးနေလိုက်တာ ဘယ်အချိန် အိပ်ပျော်သွားမှန်း သိလိုက်ဘူး။ နိုးလာတော့ ၅နာရီထိုးဖို့ ၁၅မိနစ်ဘဲ ကျန်တာနဲ့ အဝတ်အမြန်လဲပြီး ပြေးရတယ်။ ဟိုလည်းရောက်ရော အားကစားခန်းမက အပြင်လူကစားဖို့ သောကြာ၊ စနေ၊ တနင်္ဂနွေဘဲ ရတာတဲ့။ ဒီတော့ လုပ်စရာ မရှိတာနဲ့ စာကြည့်တိုက်ထဲဝင် ကျမမှာ စာကြည့်တိုက်ကဒ် မရှိသေးတာနဲ့ လုပ်ပြီး စာအုပ်ငှါးပြီး ပြန်ခဲ့ပါတယ်။

ညကျ အိမ်ကြီးရှင်ကို သယ်ရင်းတွေချက်ထားတဲ့ ဟင်းနဲ့ မျက်နှာလုပ်ပြီး ကျွေးလိုက်တယ်။ အိုခီ~ ဒီနေ့အဖို့ အားလုံးပြီးပြီ နားတော့မည်ဆိုတော့မှ သတိရတယ်။ ထမင်းဘူးအတွက် ဈေးမဝယ်ရသေးဘူး။ အသားတွေက ရှိပေမယ့် အသီးအရွက် မဝယ်ရသေးဘူး။ မိုးချုပ်နေပြီမို့ အိမ်ကြီးရှင်က မချက်တော့နဲ့ ဆိုတာနဲ့ ဒီတရက်လည်း ထမင်းဘူးလေး စင်ပေါ်မှာ အနားယူနေရ ရှာပါတယ်။ ဟင်းမချက်ရတော့ဘူးဆိုတော့ကာ ငှါးလာတဲ့ စာအုပ်လေးကို မအိပ်ခင် နဲနဲလေးဖြစ်ဖြစ် ဖတ်ဖြစ်အောင် ကြိုးစားဖတ်လိုက်တယ်။ ၂ပတ်နေရင် ပြန်အပ်ရမှာမို့ပါ။ ခုရက်ပိုင်း ဂျပန်စာကို တနေ့ နဲနဲလေး ပြန်ဖတ်ဖြစ်အောင် ကြိုးစားနေတယ်။ ငှါးလာတာကလည်း ကလေးလယ်ဗယ်စာအုပ်ပါ။ စာကြီးပေကြီးတွေ မဖတ်နိုင်သေးတာမို့ စာသေးပေသေးတွေဘဲ ကြိုးစားဖတ်ပါဦးမယ်။ ဖတ်လို့ကောင်းရင်တော့ ဘာသာပြန်ကြည့်မယ် စိတ်ကူးတယ်။ (ရေတက် ငါးဇင်ရိုင်းလေး ဘယ်နှရက် ခံဦးမယ် မသိဘူး)

ဒီရက်ပိုင်း ဘာမှ မတင်ဖြစ်ပေမယ့် လာရောက်လည်ပတ်သူများကို ကျေးဇူးအများကြီး တင်ပါတယ်။

4 comments:

ThuHninSee said...

ဝဥသုပ်မစားဖူးဘူး။ မြင်ကိုမမြင်ူဖူးတာ။
ဦးစံရဲ့ ငါးဟင်းလေး စားချင်လိုက်တာ။

မြူးသျှရီ said...

လည်လည်လာပါတယ်ရှင်။။။။။။။
မြူးလဲဝဥသုပ်တခါမှစားဖူးဘူး။
ကောင်းမှာနော်ဘာနဲ့ လုပ်လဲဟင်?

မိုးကောင်းသူ said...

ဝဥက အဲဒီမှာကော ရလား။ ကိုယ်တိုင်လုပ်တာလား။ လုပ်တတ်ရင် နည်းပြောပြပါအုံးနော်။ အစ်မကတော့ စားဖူးတယ်။ အစ်မကတော့ ထုံးစံအတိုင်း ချဉ်ချဉ်စပ်စပ်လေး သုပ်စားတယ်။ ငါးဟင်းလေးလဲ စားချင်တယ်။

မြရွက်ဝေ said...

ဟယ်! မမွန်က ဝဥ မစားဖူးဘူးလား။ ကရင်ပြည်နယ်ဘက်မှာ ပေါတယ်လေ။ ကျိုပြီးသား အတုံးလိုက်ရောင်းတာ၊ ရန်ကုန်မှာတော့ ဈေးကြီးတယ်။ အလေးချိန်နဲ့ရောင်းလို့။

မြူးသျှရီ---> "ဝဥ"ကို ကျိုပြီး အတုံးလုပ်ထားတာပါ။

မမိုးကောင်းသူ---> ကိုယ်တိုင်တော့ မကျိုတတ်ဘူး။ မြေတွင်းဥက အကြီးကြီးရယ်။ အမေကတော့ ကျိုနည်းသိတယ်။ မြန်မာမှာရော ဒီမှာပါ ကျိုပြီးသား အတုံးတွေ ရောင်းပါတယ်။ ဝီကီမှာ ရှိတယ်။ (http://en.wikipedia.org/wiki/Konjac) ကျိုနည်းပါ ရေးထားပါတယ်။ (by mixing konnyaku flour with water and limewater) ဝဥကို ဂျပန်လိုတော့ ကွန်းညကု လို့ခေါ်တယ်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP