Tuesday, May 11, 2010

ရွက်ကြွေ


အသက် (၇၇)နှစ်ရှိပြီဖြစ်တဲ့ အမေက စက္ကူအိတ်အကြီးကြီးကို လက်၂ဖက်နဲ့ ကိုင်ပြီး အခန်းထဲက ထွက်လာတယ်။
"အမေ ဘယ်သွားမလို့လဲ" (၄၇)နှစ်အရွယ် သမီး 'တာကဟာတကဲ ဖုမိကို' က မေးလိုက်တယ်။
"မြန်မြန်ပြန်မှဖြစ်မယ်၊ မနက်ဖြန် အောင်သွယ်တွေ့ပွဲ မမှီဘဲ နေလိမ့်မယ်"လို့ ငိုမလိုမျက်နှာနဲ့ အမေက ပြန်ဖြေတယ်။
"အောင်သွယ်ပွဲ! ဘယ်သူ့အတွက်လဲ?"
"ငါ့အတွက်လေ"
"ဘယ်အထိပြန်မလို့လဲ?"
"မီတိုကလွဲလို့ ဘယ်ရှိရမှာလဲ"
"မီတိုမှာ အိမ်မရှိတော့ဘူးလေ အမေ၊ အမေ့အိမ်က ဒီမှာလေ"
ပြောရင်းနဲ့ ဖုမိကိုက အမေ့လက်ထဲက အိတ်ဆီ လက်လှမ်းလိုက်တယ်။ အမေက ကိုယ်ကို ယို့ပြီးရှောင်လိုက်တာ အရှိန်လွန်ပြီး အိမ်အဝင် တခါးဝနဲ့ ဒုန်းကနဲ တိုက်မိသွားတယ်။ အသံကြောင့် အပေါ်ထပ်က ကလေးတွေ ပြေးဆင်းလာကျတယ်။ တခါးနဲ့တိုက်မိသွားတဲ့အဖွားကို သားက ပွေ့ချီလိုက်တဲ့အခါ 'လွှတ်'လို့ အကြောက်အကန် အော်တော့တယ်။
"အဖွား ဘယ်လိုဖြစ်တာလဲ" ဆိုပြီး သမီးငယ်က ငိုပါရော။

တယောက်ထဲ မီတိုမှာ နေနေတဲ့ အမေ့ကို အိမ်ခေါ်လာပြီး နောက်တရက်ညနေမှာ ခုလိုဖြစ်တာပါ။ နောက်နေ့တွေမှာလဲ ညနေရောက်လာရင် အမေက မီတိုကို ပြန်မယ်ဆိုပြီး သောင်းကျန်းပါတယ်။ ဆေးရုံခေါ်သွားပြီး စစ်ကြည့်တဲ့အခါမတော့ အယ်လ်ဇိုင်းမားအမျိုးအစား သတိမေ့ရောဂါလို့ သိရတယ်။ တဖြည်းဖြည်း ပိုဆိုးလာဖို့ အလားအလာများတယ်လို့ ဆရာဝန်က ပြောလာတော့ ဖုမိကိုတယောက် ရှော့ခ်ရပြီး ဘာပြန်ပြောရမှန်း မသိရလောက်အောင်ပါဘဲ။

အမေက တနေ့လုံး မေးခွန်းတွေ မေးတယ်။ "ငါ့သမီးက နင့်အပြင် ဘယ်သူရှိသေးလဲ" "ငါ့ပိုက်ဆံအိတ် တွေ့မိလား" "မနက်ဖြန် နေသာမှာလား" ....
ဘယ်လောက် ပြန်ဖြေပါစေ ခနနေရင် မေ့သွားတာမို့ ဒီမေးခွန်းကိုဘဲ ထပ်တလဲလဲ မေးပြန်တယ်။
ကလေးတွေရဲ့ ထမင်းဘူးကိုဖွင့်ပြီး ဟင်းတွေ နှိုက်စားတတ်တယ်။ သွားတုမှာကပ်နေတဲ့ စားကျွင်းစားကျန်တွေကို ပြတင်းမှန်တွေ လိုက်ကာတွေ တခါးတွေမှာ သုတ်တတ်လို့ အလစ်မပေးရဲလောက်အောင်ပါဘဲ။ ဖုမိကိုက အိမ်သာတက်ချင်ယင်တောင်မှ တခါးကိုဖွင့်ပြီး အမေ့စကတ်စကိုဆွဲလို့ ကိစ္စပြီးရပါတယ်။ မနက်သုံးကြိမ် နေ့လည်းသုံးကြိမ် ညနေသုံးကြိမ် ထမင်းစားတယ်။ အဲဒီကြားထဲမှာတောင် ထမင်းကျွေးပါလို့ အကြိမ်ကြိမ် ပြောပြန်တယ်။

တမနက်မှာ အမေ့အခန်းကို ချောင်းကြည့်မိတော့ ပခုံးလှုပ်ပြီး တရှုံ့ရှုံ့ငိုနေတာ တွေ့ရတယ်။ တကယ့် ကလေးငယ်တယောက်လိုပါဘဲ။ ဘာရယ်မဟုတ် ဖုမိကိုလဲ "ကန်းချန် မဟုတ်လား"လို့ အသံပြုလိုက်တယ်။
အမေက နောက်လှည့်ကြည့်ပြီး "အိမ်ရှင်မ ဘယ်လိုလုပ်ပြီး ငါ့ငယ်နာမည်ကို သိတာလဲ"လို့ မေးလာတယ်။
"သိတာပေါ့။ အီဘာ့ရကိခရိုင်ဘက်မှာ ချစ်စရာကောင်းတဲ့ ကလေးငယ်တွေကို ကန်းချန်လို့ ခေါ်ကြတယ်မဟုတ်လား"
"အိုး တယ်သိပါလား" အမေ့မျက်နှာက ချက်ချင်း ရွှင်လန်းသွားတယ်။
အရင်တုန်းက အမေကို ငယ်ငယ်က အိမ်မှာ ကန်းချန်လို့ခေါ်တယ်ဆိုတာ ကြားဖူးခဲ့တယ်။
အမေ့ကို ဒီလိုမလုပ်နဲ့လို့ ဆူမိပြောမိတာထက် အမေ့ရဲ့ အသိအတိုင်း အလိုက်သင့်လေး နေသွားကြည့်ရင် ဘယ့်နှယ့်နေမလဲလို့ ဖုမိကို တွေးမိတယ်။

အဲဒီနေ့ရဲ့ ညနေဖက်မှာလည်း အမေက မီတိုကို ပြန်မယ်လို့ ပြောပြန်ပါတယ်။
"ကန်းချန် အမြန်ပြန်ချင်နေပုံဘဲနော်"လို့ ဖုမိကိုက အပြုံးမျက်နှာနဲ့ ပြောလိုက်တယ်။
"အိမ်ကမိသားစုလဲ မနက်ဖြန် လင်းတဲ့အခါကျ မီတိုကို ပြန်ကြမလို့"လို့ ဖုမိကိုက လိမ်ပြောလိုက်တယ်။
"ဟယ် အဲဒါဆို မြန်မြန်ပြောရောပေါ့၊ အတူလိုက်မယ်လေ။ ဒီည ဒီမှာတည်းရင် ရတယ်မဟုတ်လား"
"ရတာပေါ့ ဒီမှာ အတူတည်းရအောင်"လို့ ပြန်ဖြေတဲ့အခါမှာတော့ အမေက ဝမ်းသားပြီး ရီတယ်။
နေ့တိုင်း ဒါကို ထပ်ခါ ထပ်ခါ ပြောပေးရင် ရပြီ၊ ကိစ္စမရှိလောက်ဘူးလို့ ဖုမိကိုက အမေနဲ့ ဘယ်လို ပြောဆိုရမယ်ဆိုတာကို သဘောပေါက်လာတယ်။


အိမ်ရှေ့ ကန်ဘောင်ရိုးပေါ်မှာ မရိုးပင် ဆာခူရာ စတဲ့ အပင်ကြီးတွေ ရှိပါတယ်။ ဆောင်းဦးဝင်တဲ့အခါ ရွက်ခြောက်တွေ ကြွေတာမို့ ဒီအတိုင်း ထားထားရင် လမ်းမကို မမြင်ရလောက်အောင် ရွက်ကြွေတွေနဲ့ ဖုံးနေတတ်တယ်။ ဒီအိမ်ရောက်ရောက်ချင်း အမေက ပထမဦးဆုံးလုပ်တာက တံမြက်စည်းလှည်းတာပါ။ မတ်တပ်လှဲ တံမြက်စည်းနဲ့ လှည်း၊ အမှိုက်ဂေါ်နဲ့ ကော်ပြီး ပလတ်အတစ်အမှိုက်အိတ်ထဲ ထည့်ပါတယ်။ ရွက်ကြွေတွေကို မြင်တာနဲ့ အမေက တံမြက်စည်းနဲ့ အမှိုက်ဂေါ်ယူခဲ့လို့ ပြောတော့တာဘဲ။ ကြည့်ရတာတော့ ရွက်ကြွေတွေကို လှည်းရတာ အတော်သဘောတွေ့ပုံရတယ်။ အမေ တံမြက်စည်းလှည်းနေရင် ဖုမိကိုလဲ ခဏတဖြုတ် အနားယူလို့ ရတော့တယ်။

ဟုတ်ပြီ! ဆိုပြီး ဖုမိကို အကြံရသွားတယ်။ ရွက်ကြွေတွေကို အိတ်နဲ့ ထည့်သိမ်းထားရမယ်။ ပြီးရင် အိမ်ရှေ့မှာ ကျဲထားရင် ဘယ်လိုများ နေမလဲဆိုပြီး စမ်းကြည့်မိတယ်။ အမေက ဝမ်းသာအားရနဲ့ ရွက်ကြွေတွေကို လှည်းတော့တာဘဲ။ မနက်တကြိမ် ညနေတကြိမ် နေ့စဉ်အလုပ်လိုမျိုး မှန်မှန်လှည်းတယ်။ နေရောင်နဲ့လဲ ထိတွေ့ဖြစ် သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုလဲ ဖြစ်တာမို့ အမေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်လာတယ်။

အိမ်နီးနားချင်းတွေက အမေနဲ့အတူ မီးပုံပွဲလုပ်ပြီး ကန်စွန်းဥတွေ ဖုတ်စားကြတယ်။ အမေက ကာရန်လိုက်ကဗျာတွေ ရွတ်တဲ့အခါ အားလုံးက သဘောတကျ ရီကြတယ်။ အမေက ဒီလိုရီစရာတွေလဲ ပြောတတ်ပါလားလို့ ဖုမိကို တွေးမိပြီး ဟိုးအရင် ငယ်ရွယ်စဉ်က ရွှင်လန်းတက်ကြွနေတဲ့ အမေ့ရဲ့ အသွင်အပြင်ကို မြင်ယောင်မိလာတယ်။ ညဘက်မှာ အမေ့ရဲ့ သွားတုကို ဆေးကြောလို့ ခွက်ထဲ ထည့်ရင်း စောင်ခြုံထားတဲ့ အမေ့ဘက်လှည့်လို့ ခွက်ကိုပြရင်း "သွားတု ဒီထဲမှာနော်။ အမေ ဒီမှာအမြဲနေနော်"လို့ ပြောတဲ့အခါ အမေက အိပ်ချင်မူးတူးနဲ့ "သမီးက စိတ်ရှည်ရင် ပြီးတော့ ပိုက်ဆံလည်း ရှိရင်"လို့ ပြန်ပြောတယ်။ နောက်နေ့ကျ မေ့သွားပြန်တာမို့ ညတိုင်း ဒီလို ထပ်ခါ ထပ်ခါ ပြောဖြစ်တယ်။ ညတိုင်း အမေက ပျော်နေပြီး "သမီးက အတော်စိတ်ဝင်စားဖို့ကောင်းတဲ့သူဘဲ"လို့ ပြောရင်း ရီတတ်တယ်။

တဘက်ရဲ့ အနားစ ချုပ်ရိုးပြေနေတာကို တွေ့တဲ့အခါ အမေက အပ်ချည်နဲ့ အပ် ယူလာခဲ့လို့ ပြောတယ်။ ပေးလိုက်တော့ တဘက်အနားစကို သေသပ်သွားအောင် ပြန်သီပေးတယ်။ အချုပ်အလုပ်ကလဲ အမေ့အတွက် စိတ်ဝင်စားတဲ့အရာဘဲလို့ သဘောပေါက်မိတယ်။ ဟောင်းလာတဲ့ အဝတ်စတွေကို စုပြီး အဝတ်စုတ်တွေ ချုပ်ပေးတယ်။ အမေ အချုပ်အလုပ်မှာ စိတ်နစ်နေတဲ့အချိန်မတော့ ဖုမိကိုလည်း အမေ့ဘေးနားမှာမှာ ခဏတဖြုတ်လှဲပြီး အနားယူလာနိုင်တယ်။ မှေးခနဲ အိပ်ပျော်သွားမိရာက ဖျတ်ခနဲ နိုးလာမိတယ်။
အမေက "အိမ်ရှင်မဆိုတာ ပင်ပန်းတယ်။ အမျိုးသား ပြန်မရောက်ခင် ခဏတဖြုတ်နားနေချေ" ဆိုပြီး အမေက စောင်ခြုံပေးလာတဲ့အခါမှာတော့ မျက်ရည်တွေတောင် ဝေ့တက်လာမိပါတယ်။


ခုနှစ်နှစ်ဆက်တိုက် အမေအိုကို ပြုစုခဲ့တယ်။ အဲဒီနှစ်တွေထဲ နှောင်းပိုင်းထက်ဝက်လောက်မှာ သူမမိခင်က အရိုးကျိုးပြီး အားနည်းလာခဲ့တယ်။ နောက် ဆေးရုံမှာ ဆုံးပါးသွားခဲ့ပါတယ်။ အဲဒီအချိန်ကနေ ၁၀နှစ်ကြာပြီးနောက် "ဖူမိကို"လည်း အသက်၆၃နှစ် ပြည့်ခဲ့ပြီ။

ဒီနေ့ သူမနဲ့ ကျမ သူမမိခင်နဲ့အတူ လမ်းလျှောက်နေကျ မြစ်ကမ်းဘေးဘောင် လမ်းလေးကို လမ်းလျှောက်ကြတယ်။ နှစ်ယောက်အတူ ယှဉ်လျှောက်နိုင်ရုံ လမ်းကလေးပါ။ မြင့်မားစိမ်းလန်းတဲ့ သစ်ပင်တွေ လမ်းတလျှောက် ပေါက်ရောက်နေပါတယ်။ မြစ်ကမ်းဘေးလမ်းကလေးရဲ့ တဖက်မှာတော့ အလယ်တန်းကျောင်းရဲ့ ကျောင်းကစားကွင်းရှိပြီး ကာယလေ့ကျင့်ခန်းအသင်းအဖွဲ့ရယ် ဘေ့စ်ဘောအသင်းအဖွဲ့ရယ်က ကျောင်းသူကျောင်းသားတွေ လေ့ကျင့်နေပါတယ်။
"ဒီနားရောက်ရင် အမေကလေ" သူမက ရီတယ်။
"အလယ်တန်းကျောင်းသူကျောင်းသားတွေကို 「ကြိုးစားထား~~」လို့ အော်ပြောလေ့ရှိတယ်လေ"
"ကျောင်းသူကျောင်းသားတွေရဲ့ တုန့်ပြန်မှုကရော ဘယ်လိုလဲ" ကျမက မေးလိုက်တယ်။
"အားလုံး အသံအကျယ်ကြီးနဲ့ လေ့ကျင့်နေကြတာ။ မကြားနိုင်ဘူးလေ"

ဟိုဟိုဒီဒီ မြေပြင်ပေါ်မှာ သစ်မြစ်တွေ ထွက်နေလို့ ခွကျော်မသွားလို့ မရပါဘူး။ သူမမိခင် လမ်းလျှောက်ရတာ အတော်ခက်ခဲမယ်လို့ တွေးမိတယ်။ တကယ်တော့ ကျမမှာလည်း သက်ကြီးရွယ်အို မိဘတွေ ရှိပါတယ်။ အဲဒီအခါကျရင် ပြုစုစောင့်ရှောက်တာ မလုပ်လို့ မရတော့ဘူးထင်ပါရဲ့။


"ထမင်းစားပြီးရုံရှိသေးတယ် နောက်ထပ်စားချင်တယ်လို့ပြောလာရင် ဘယ်လိုဖြေမလဲ" ကျမက မေးလိုက်တယ်။
" 「ခုနလေးတင် စားပြီးတာမဟုတ်လား။ ဟင်အင်းနော်။ ဘာစားချင်လို့လဲ」 လို့ မေးကြည့်လိုက်တယ်။ အမေက 「ရွှေဖရုံသီး」လို့ ပြန်ဖြေတယ်လေ။ 「မရှိလို့ သွားဝယ်လိုက်မယ်နော်」လို့ ပြန်ပြောလိုက်ရင် 「အင်း」တဲ့၊ အဲလိုနဲ့ ပြီးသွားရော။ ဒါပေမယ့် နောက်တစ်မိနစ်နေရင် ထပ်ပြောပြန်ရော 「ဗိုက်ဆာတယ်」တဲ့။" သူမက ရီလိုက်တယ်။ "ဒီလောက်ခဏခဏပြောတာကို ရေထားတဲ့အခါတွေ ရှိတယ်။ ကလေးတွေကိုလည်း ဒီနေရာမှာ အမှတ်နဲ့ ခြစ်ထားပြီး မှတ်နော်လို့ မှာထားတယ်။ ရေကြည့်တဲ့အခါ တနေ့ကို ၃၉ကြိမ် ပြောတယ်"
"ဟယ်! ၃၉ကြိမ်တောင်၊ အကြိမ်တိုင်း ပြန်မဖြေလို့ မရဘူးလား" ကျမအသံက ကျယ်သွားတယ်။
"အလုပ်ရှုပ်တယ်ဆိုပြီး အဲဒါကို မိသားစုတွေက စိတ်တိုမယ့်အစား ဒီနေ့က ၁၈ကြိမ်ဘဲရှိသေးတယ်လို့ဖြစ်ဖြစ်တွေးလိုက်ရင် ပျော်စရာကောင်းလာတယ်ရော"
သူမပြောတာကို နားထောင်ပြီး ကျမလည်း လုပ်နိုင်မယ်လို့ ထင်လာမိတယ်။
အေးမြမြလေပြေက တိုက်ခတ်လာတယ်။ သစ်ရွက်တွေအချင်းချင်း ပွတ်တိုက်သံ တရှဲရှဲက လွင့်ပျံ့လို့။


"အမေအိုကို ပြုစုတာကနေ ရလိုက်တာက ဘာများလဲ" ကျမက မေးလိုက်တယ်။
"အင်းမ်..." သူမ စဉ်းစားနေတယ်။
"ကိုယ့်ကိုယ်ကို ကျေနပ်အားရတာ ထင်တယ်"
"ဟင်?" ကျမက သဘောမပေါက်တာကို ကြည့်ပြီး သူမက ဒီလို ထပ်ပြောတယ်။
"သတိတရဖြစ်နေတာက ပျော်ရွှင်နေတဲ့ အမေ့မျက်နှာကိုဘဲ၊ ကျေနပ်စရာ ကောင်းလိုက်တာလို့ တွေးမိတယ်။ စိတ်ညစ်ပင်ပန်းရတာတွေကို မေ့သွားတယ်"

ကြီးမားတဲ့ "ဆာခူရာ"ပင်အောက်ကို ရောက်လာခဲ့တယ်။ အစိမ်းရောင် သစ်ရွက်တွေက အခုံးပုံ ပုံပေါ်နေပါတယ်။ ထိုင်ခုံတန်းရှိလို့ ကျမတို့ ထိုင်လိုက်ကြတယ်။
"ဆာခူရာတွေ ဝေတဲ့အချိန်မှာ ဒီမှာထိုင်ပြီး နှစ်ယောက်သား ငှက်ပျောသီးစားခဲ့တယ်" သူမက ကျမကို ကြည့်ပြီး ရီတယ်။
"အဲဒီအခါ အမေကလေ 「ဖူမိကို ဆာခူရာပန်းကြည့်ပွဲဆိုပြီး အိုဆကဲရော」 တဲ့"
ဖူမိကိုက ပြောရင်းနဲ့ မျက်တောင် တဖျက်ဖျက်ခပ်လို့ ဆာခူရာပင်ကို မော့ကြည့်နေပါတော့တယ်။



အရင်က ရေးခဲ့ဘူးတဲ့ ကြယ်တွေကို ရေတွက်ရင်းဆိုတဲ့ ဘာသာပြန် ပို့စ်ကို ပထမပိုင်းနဲ့ ပေါင်းပြီး ပြန်တင်လိုက်တာပါ။

6 comments:

နေ့အိပ်မက် said...

ဂျပန်နာမည်တွေကို မြန်မာလိုပြောင်းပြီးရေးလိုက်ရင် ဘာသာပြန်လို့တောင် ထင်ရမှာမဟုတ်ဘူး..... သက်ကြီးရွယ်အိုတွေကို သည်းခံဖို့က အပြောလွယ်သလောက် အလုပ်ခက်တယ်နော်... ဇာတ်လမ်းထဲက သားအမိအစား ပျော်လိုက်တာ ;)

ဒါနဲ့မမ “အိမ်သာတက်ချင်ယင်တောင်မှ” က “အိမ်သာတက်ချင်ရင်တောင်မှ” ဟုတ်.. “ယင်”က “ယင်ကောင်”မှာသုံးတာဟုတ်ဘူးလားဟင်

ရွှန်းမီ said...

ဇာတ်လမ်းလေးကို သဘောကျတယ်
ဘာသာပြန်ပေးတာ ကျေးဇူးတင်ပါတယ် အစ်မဝေ
ပျော်ရွှင်အဆင်ပြေပါစေ =)

Kyaw Hnin Se Lwin said...

ခံစားရတယ်
တို့အမေရဲ့မေ(အဘွားက)အဲလိုဖြစ်ခဲ့တာ
ကလေးလေးလိုပဲ
သူ ငြိမ်အောင် မြေးတွေက အမြဲ ဖဲအတူရိုက်ပေးရတယ် ခစ်
မေက ဘွားကို အိမ်မှာ ကြာကြာအိပ်စေချင်တယ်
ဘွားက ခွေးတွေထမင်းကျွေးရဦးမယ် ဆိုပြီး
မနက်လင်းတာနဲ့ထပြန်တော့တာပဲ...
သူ့အိမ်မှသူ့အိမ်ပဲ...

khun thadar said...

အင်း...ခုနောက်ပိုင်း ဒီမှာ ဒီေ၇ာဂါ အဖြစ်များလာသလိုဘဲ...အစ်မရေ။
ခွန့်ရုံးက တယောက်ရဲ့အမေလည်း အဲဒီေ၇ာဂါဖြစ်နေလို့ တချိန်လုံးသူ့မှာရုံးခဏခဏပျက်နေရတယ်။
သမီးကသူတယောက်တည်းရှိတာဆိုတော့ သူကြည့်မှရမှာဆိုတော့လေ။ သနားပါတယ်နော်....

ခင်မင်းဇော် said...

ဂျပန်ကို ခဏရောက်တုန်းက မြရွက်ဝေနဲ့ နုစံကို ဆက်သွယ်ချင်လိုက်တာ ဘယ်လိုဆက်သွယ်ရမယ် မသိတာနဲ့ မတွေ့လိုက်ရဘူး။ ဒီဘလော့ ၂ ခုက ဖတ်နေကျဆိုတော့ စိတ်ထဲမယ် ရင်းနှီးနေတာလေ။

မြရွက်ဝေ said...

ညီမနေ့အိပ်မက် ---> စာအုပ်ထဲကအတိုင်း ရိုက်ထားတာညီမရေ၊ အဲဒီထဲရာ ရင် ကို ယင်၊ ဘဲ ကို ပဲ လို့ ရေးထားတာ ကိုယ့်ဘာသာ ရိုက်ရင်း မပြင်လိုက်မိတာ။ ဘယ်ဟာက အမှန်လဲတော့ မသိပါဘူး။

ညီမရွှန်းမီ ---> :)

Kyaw Hnin Se Lwin ---> တို့အဘွားလဲ အဲလိုဘဲ။ သတိရတဲ့ဟာတွေတော့ အသေအချာ သိနေတတ်ပြီး ထမင်းတော့ ခုစားပြီး ခနနေ မေ့သွားရော။

Khun thadar ---> အင်းနော်၊ အဲလိုအကြောင်းမျိုး တီဗီမှာ လွှင့်တာကြုံတိုင်း ကိုယ်တိုင်သာဆို ဘယ်လိုလုပ်ရမှန်း စဉ်းစားနိုင်ပါ့မလားလို့ တွေးမိတယ်။

ခင်မင်းဇော် ---> ညီမရဲ့ ရေးတချက် မရေးတချက် ကပေါက်တိ ကပေါက်ချာ ဘလော့ကို လာဖတ်တာသိရလို့ ကျေးဇူးပါ အမရေ။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP