လည်ချောင်းနာနေတာ ကြာပြီ။ အနာနဲ့ဆေး လွဲနေတယ်။ ဟိုဆေးခန်းပြ ဒီဆေးခန်းပြနဲ့ နောက်ဆုံး နားနှာခေါင်းလည်ချောင်းဆေးခန်းကို သွားပါတဲ့။ အိမ်နားမှာ နားနှာခေါင်းလည်ချောင်းဆေးခန်း ရှိတယ်။ ကိုယ်နဲ့မဆိုင်ဘူးမှတ်ပြီး ဆေးခန်းရှေ့ဖြတ်သွားတိုင်းလဲ သေချာမဖတ်ကြည့်ဘူး။ အရိုးဆေးခန်းလို့ဘဲထင်တာ။ သွားဆေးခန်း အရိုးဆေးခန်းက ပေါ်တယ်ပြောရမယ်။ ဟိုနားဒီနားလျှောက်ရင် တွေ့ရလို့။ နားနှာခေါင်းဆေးခန်းလဲ သွားမယ်ဆိုပြီး တောင်ရွှေ့မြောက်ရွှေ့လုပ်နေတာ၊ မနေ့ကကျ မိုးရွာလို့ ထွက်ချင်ဘူး။ ဒီနေ့တော့ မဖြစ်မနေ သွားမှဟ!လို့ ကိုယ့်ဘာသာ သတိပေးရင်း ထွက်လာတယ်။ ဆေးခန်းရှေ့ရောက်တော့မှ အမ်!! တခါးပိတ်ထားတယ်။ အထဲချောင်းကြည့်တော့ ဗုဒ္ဓဟူးနေ့က ပိတ်ရက်တဲ့ ဖြစ်ရမယ်။ homepage ကြည့်တုန်း ပိတ်ရက်ကို သမန်ကာလျှံကာဖတ်လိုက်တာ စနေညနေနဲ့ တနင်္ဂနွေနေ့လို့မှတ်တာ ဗုဒ္ဓဟူးပါ ပိတ်တာကိုး။
Thursday, December 8, 2011
Friday, October 21, 2011
ဒီလိုလူကို မြင်လား?
ရထားစောင့်ရင်း ဘူတာမှာ ကပ်ထားလေ့ရှိတဲ့ manner ပိုစတာတွေကို ဖတ်မိပြီး သဘောကျမိတာလေးတွေရှိတယ်။ ဂျပန်တွေက manner ကို အတော်လိုက်နာကြပါတယ်။ အားလုံးတော့လဲမဟုတ်ပါဘူး။ တွေ့မိသမျှထဲမတော့ busထဲ ရထားထဲ ဖုန်းပြောတာပါ။ ရထားထဲရော busထဲမှာပါ စီးနေတုန်း manner modeထားဖို့က အမြဲလို ကြေငြာပါတယ်။ ဦးစားပေးထိုင်ခုံနေရာတွေမှာဆိုရင်တော့ ဖုန်းကို shutdownလုပ်ဖို့ ကပ်ထားပါတယ်။ ကျမတော့ မေ့ပြီး manner mode မထားမိတတ်တာများတယ်။ ဒါပေမယ့် ဖုန်းလာခဲ့ရင်လဲ မကိုင်ပါဘူး။ ဖုန်းအသံကို အကျယ်ကြီး မထားထားတာမို့ အိပ်ထဲထည့်ထားမိရင် တော်ရုံနဲ့ ဖုန်းသံ မကြားရတတ်လို့ပါ။ တခါမြည်ပြီးမှ ဘယ်သူလဲကို ကြည့်၊ အပြင်ရောက်မှ ပြန်ဆက်ရင်ဆက်၊ ပြန်မဆက်နိုင်သေးရင် manner modeပြောင်းထားလိုက်တယ်။ တချို့ကျ တဖက်သားကို ခု ရထားထဲမှာမို့ နောက်မှပြန်ခေါ်လိုက်မယ်ဆိုပြီး အမြန်ချလိုက်ကြတယ်။ တချို့ကျ တကယ်ကို အကျယ်ကြီးပြောနေတော့တာ အကြာကြီးဘဲ။ နောက်ထပ် ကြုံရတာများတာက နားကြပ်တပ် သီချင်းနားထောင်တာပါ။ ပုံမှန်လောက်ဆို ပတ်ဝန်းကျင်ကို အသံမလျှံထွက်တတ်ပါဘူး။ တချို့များ volumeကို အဆုံးထားပြီး နားထောင်သလားမှတ်ရအောင် သုံး လေးလှမ်းအကွာကနေ သူနားထောင်နေတဲ့သီချင်းကို အားလုံး ကြားနေရတယ်။ အလှပြင်တဲ့သူတွေလဲ တွေ့မိတယ်။ ဆင်းမယ့်ဘူတာ မရောက်မချင်း တောက်လျှောက် မှန်တကြည့်ကြည့်နဲ့ ပြင်နေတော့တာ။ တချို့က ရထားထဲရောက်မှ အစအဆုံး အလှပြင်တယ်၊ တချို့ကြတော့ ပြင်လာပြီးသားကို တချိန်လုံး သနေတယ်။ ဒီလိုမျိုး အပြုအမူတွေကို ဂျပန်မှာ "မန်နားအိဟန်း (マナー違反/ Breach of manners)" နိုင်ငံကြီးသား မပီသတဲ့ အပြုအမူလို့ သတ်မှတ်ပါတယ်။
အများကို အနှောက်အယှက်ပေးတဲ့ အပြုအမူ မလုပ်မိစေဖို့ ဘူတာမှာ manner ပိုစတာတွေ ကပ်ထားတတ်တယ်။ အဲဒီထဲကမှ တိုကျိုမက်ထရိုရဲ့ ဒီနှစ်ထုတ် manner poster series ကို အတော် သဘောကျမိတယ်။ တိုကျိုမက်ထရိုက ၁၉၇၄ခုနှစ် ၉လပိုင်းကစပြီး လစဉ် manner ပိုစတာ အသစ်ကပ်လေ့ရှိပါတယ်။ နှစ်တိုင်း ခေါင်းစဉ်တခုထားပြီး အဲဒီခေါင်းစဉ်နဲ့ အကိုက်ပုံတွေကို လစဉ် အသစ်ကပ်ပါတယ်။
၂၀၀၅ခုနှစ်အထိထဲမတော့ "ကမ္ဘာ့အပျော်ဆုံး မက်ထရိုဆီသို့" "ပိုပြီး ပြုံးပန်းဝေတဲ့ မက်ထရိုဆီသို့" (世界でいちばん、ハッピーなメトロへ。もっと、スマイルメトロへ。)
၂၀၀၆ခုနှစ်မှာတော့ "ပျော်ရွှင်ဖွယ် အပြုအမူ အားလုံးလဲ စိတ်ချမ်းသာ ကိုယ်တိုင်လဲ စိတ်ချမ်းသာ" (Happy Manner~みんながキモチいい。あなたもキモチいい。)
၂၀၀၇ခုနှစ်မှာ "သက်ကြီးအပြုအမူ သက်ငယ်အတုခိုး" (おとながお手本です。)
၂၀၀၈ / ၂၀၀၉ခုနှစ်မှာ " ~~မှာ ပြုလုပ်ကြစို့" (○○でやろう。)
၂၀၁၀မှာတော့ "ထပ်ပြီး ပြုလုပ်ကြစို့" (またやろう。)
ဒီနှစ် ၂၀၁၁ကျ "ဒီလိုလူကို မြင်လား?!" (こんな人を見た。) ဆိုတဲ့ ခေါင်းစဉ်ပါ။ အရင်နှစ်တွေနဲ့မတူ တိရစ္ဆာန်ပုံလေးတွေနဲ့ဆိုတော့ သဘောကျမိတာမို့ လစဉ်အလိုက်ပုံလေးတွေ တင်လိုက်ပါတယ်။
ကိုးကား
http://www.tokyometro.jp
http://scope.metrocf.or.jp/gallery/mp_gallery2011.html

၂၀၁၁-ခုနှစ် ၁၀-လ
ဈာန်ဝင်ပြီး အလှပြင်၊ မှန်ကြည့်တာထက် ပတ်ဝန်းကျင်ကို ကြည့်တတ်ပါ
၂၀၁၁-ခုနှစ် ၉-လ
သူများကိုမှီပြီး တခေါခေါ၊ အိပ်ပျော်သူ့မျက်နှာဘေးက အခက်တွေ့နေသူမျက်နှာ
၂၀၁၁-ခုနှစ် ၈-လ
သင့်နားကြပ်ကအသံတွေ ဘေးလျှံထွက်နေပါသလား?
၂၀၁၁-ခုနှစ် ၇-လ
ကြားဖြတ်မဝင်ပါနဲ့၊ စည်းစနစ်တကျ တန်းစီပါ
၂၀၁၁-ခုနှစ် ၆-လ
ထီးကရေစက် သူများတွေဆီ စင်ကုန်ပြီလား?
၂၀၁၁-ခုနှစ် ၅-လ
မလောပါနဲ့ မပြေးပါနဲ့၊ အေးအေးဆေးဆေး ပြုလုပ်ပါ
၂၀၁၁-ခုနှစ် ၄-လ
ကပ်ထိုင်ပေးပါ တထိုင်စာလောက် ရပါစေ။ ကူညီပါနော်

Saturday, August 6, 2011
ဧည့်
ပြီးခဲ့တဲ့တပတ်က ကိုယ်ကသူများအိမ် ဧည့်သည်သွားလုပ် သွားလည်တယ်။ ဧည့်သည်သွားလုပ်ရတာခက်ဘူးလေ။ အိမ်ရှင်သယ်ရင်းက အချက်အပြုတ်တော်တော့ ကိတ်စနမရှိဘူး။ ကိုယ့်ဆီဧည့်သည်လာမယ်ဆို နဲနဲရင်ခုန်ရတယ်။ ကိုယ်ဧည့်သည်သွားလုပ်တဲ့ သူငယ်ချင်းက ဂျပန်ရောက်ပြီးမကြာခင် အိမ်လာလည်ဖူးတယ်။ ဒီက အိမ်ရှင်မလက်သစ် ဘာချက်မိမှန်း စဉ်းစားလို့မရတော့ဘူး။ သူ့အမျိုးသားက ဂျပန်မို့ အစပ်မစားနိုင်မှာစိုးပြီး ငရုတ်သီးမှုန့်လျှော့ချက်တာဘဲမှတ်မိတော့တယ်။ နောက် ချက်ပြုတ်ကျွေးဘူးတဲ့ ဧည့်သည်က ကိုယ့်လိုအိမ်ရှင်မ တရုတ်သူငယ်ချင်း၂ယောက်ပါ။ အားလုံးချက်ရတာတော့ မဟုတ်ပါဘူး။ သူတို့လဲ တယောက်တမျိုးစီ ချက်ပါတယ်။ ကိုယ်ချက်တာက ကြာဇံချက်နဲ့ ဝဥသုပ်။ သူတို့လဲ ကိုယ့်လိုပါဘဲ အချက်အပြုတ် အကျွမ်းကြီးမဟုတ်ဘူးပေါ့။ ဒီကြားထဲမှာ သူငယ်ချင်းတွေ အိမ်လာဘူးပေမယ့် ခဏတဖြုတ်ရယ်ဆိုတော့ အအေးနဲ့တင် ပြီးသွားတာဘဲ။
ဖဘမှာ ဓာတ်ပုံတွေအတင်ကောင်းတာနဲ့ တရုတ်သူငယ်ချင်းတယောက်က စားချင်တယ်ပြောလာတယ်။ အိမ်လာလည်မယ် မြန်မာဟင်းချက်ကျွေးပါတဲ့။ အဲ့ခါမှ ဟဲ့ပလုတ်တုတ် မြန်မာဟင်းဆိုဘဲ။ ငါချက်နေတာ ဘာဟင်းပါလိမ့် ပြန်တွေးရတယ်။ မြန်မာဟင်းစစ်စစ်က ဘာပါလိမ့်၊ သိဘူး၊ အိမ်ကိုမြန်မာဟင်းဆိုတာဘာလဲလို့ မေးကြည့်တော့ အမက ကြက်သွန်ဖြူနီဂျင်းဆီသပ်ပြီးချက်တာက မြန်မာဟင်းပေါ့တဲ့။ ကိုယ့်ဘာသာ စိတ်ကူးပေါက်ရာတွေချက်နေတာ၊ ဂျပန်စာမဟုတ်တဟုတ်ဟင်း တရုတ်စာမဟုတ်တဟုတ်ဟင်းတွေ။ မြန်မာစာမဟုတ်တဟုတ်ဟင်းဖြစ်ရတာက ဒီမှာ ဝယ်လို့ရတဲ့ ကုန်ကြမ်းနဲ့ ချက်ရတာမို့။ ပြီးတော့ 'မဂျီးများ'က ကိုယ်မကြိုက်တာဆို တော်ရုံနဲ့ မချက်ဘူး။ ကိုယ်စားချင်တာလေးတွေဘဲ ချက်တယ်။ တခါတလေ သူများဘလော့မှာ ချက်ထားတာလေးတွေကို ကိုယ့်မှာရှိတာနဲ့ လျှောက်ချက်ကြည့်တယ်။
အရသာကတော့ မဆိုးဘူးလို့တော့ထင်တာဘဲ။ ကိုယ့်ဘာကိုယ်တော့ (သင့်)လို့ အမှတ်ပေးထားတယ်။ စားလို့ဖြစ်နေတာဘဲဆိုတော့လေ။ အိမ်ကြီးရှင်ကတော့ ကိုယ့်ယောက်ျားမို့ ချက်သမျှ ကြိုက်လဲစား မကြိုက်လဲစားပေါ့။ သူများကို ချက်ကျွေးဖို့ရာ ကိုယ့်လက်ရာကိုယ် စိတ်မချဘူး။ တရုတ်သူငယ်ချင်းက အိမ်လာလယ်မယ်ပြောနေတာကို အင်းမလှုပ် အဲမလှုပ်နေနေတာ ကြာပေါ့။ ဒီကြားထဲ စကားပြောဖြစ်ရင်း ထောပတ်သီးအကြောင်း ရောက်သွားတယ်။ သူတို့က ထောပတ်သီးဖျော်ရည်ကို မသိဘူးတဲ့။ ဒါဆို အိမ်လာရင် ဖျော်တိုက်မယ်ပြောထားတယ်။ မြန်မာဟင်းစားချင်တယ်ဆိုတော့ သူတို့ကို မေးပါတယ်။ အစပ်စားနိုင်ရဲ့လားလို့ တော်ကြာ မြန်မာဟင်းစားပြီး ဗိုက်နာတယ် ဝမ်းလျှောတယ်ဖြစ်မှာ စိုးလို့ပါ။ သူတို့က တရုတ်လူမျိုးဗိုက်မို့ ကျန်းမာတယ် အစပ်စားနိုင်တယ်ဆိုတော့လဲ ပြီးရောပေါ့လေ။
အသားလက်ကားဖြန့်တဲ့ဆိုင်က အမဲသားရော ကြက်သား၊ အသဲ၊ အမြစ်တွေ အများကြီးဝယ်လာဖြစ်တယ်။ အမဲသားကို ဂျင်းအများကြီးခြစ်ထည့်ပြီး နူးအိနေအောင် ခပ်ကြာကြာတည်ထားလိုက်တယ်။ အမဲသားကို ဂျင်းအများကြီးနဲ့တည်တာ စားကောင်းမှန်း သိတာ မကြားသေးဘူး။ ဟင်းချက်ခါနီးမှ ကြက်သွန်နီကုန်နေမှန်း သတိရလို့။ ကြက်သွန်ဖြူလဲ နဲနဲပဲကျန်တာတယ်။ ဈေးလဲ ထပ်မသွားချင်တော့တာနဲ့ ရှိတဲ့ဂျင်းကိုဘဲ တတက်လုံးကုန်အောင် ခြစ်ထည့်ချက်ရာက စားကောင်းတာနဲ့ နောက်ပိုင်း အဲလိုဘဲ ချက်တော့တော့တယ်။ ဒီတခါချက်တာ ငရုတ်သီး နဲနဲများလို့ စပ်သွားတယ်။
ကြက်သားကိုလဲ အသားရော အသဲအမြစ်ရော ဆီသပ်ပြီး မဆလာချက်လေး ချက်လိုက်တယ်။ ဒါကတော့ အရမ်းမစပ်ပါဘူး။ ဝက်နံရိုးတွေ အချိုချက်မလို့ဟာ ပျင်းလို့ မချက်ဖြစ်လိုက်ဘူး။ ခရမ်းချဉ်သီး ငါးပိချက်ချက်တယ်။ သခွါးသီးနဲ့ တို့စားဖို့။ ပန်းဂေါ်ဖီကို ဘေကွန်နဲ့ ကြော်လိုက်တယ်။ အရည်သောက်အတွက်တော့ ပဲနီလေးဟင်းရည်။
တရုတ်သူငယ်ချင်း၂ယောက်မှာ တယောက်က ပြည်မကြီးကလာသူမို့ အတော်အစပ်စားနိုင်တယ်။ ထိုင်ဝမ်သူကတော့ သိပ်မစားနိုင်ဘူး။ ထိုင်ဝမ်သူက ကြက်သားကို ဂျပန်အရက်နဲ့ အချိုပေါင်းထားတာ ယူလာပေးတော့ ထမင်းစားပွဲလေး ပိုစိုပြေသွားတယ်။ ပြည်မကြီးသူက စားပြီးသွားတာတောင် ကျန်တဲ့အမဲသားဟင်း ကြိုက်လို့ဆိုပြီး ဒီအတိုင်းစားနေတာနဲ့ ကြိုက်ရင် အိမ်ထည့်ယူသွားလေလို့ ပြောလိုက်တာ ဝမ်းသာသွားတယ်။ ကြက်သားဟင်းလဲ ကြိုက်တယ်တဲ့၊ ဒါဆိုလဲ ယူသွားလို့။ ပဲနီလေးဟင်းရည်လဲ ချက်နည်းမေးနေလို့ ပြောပြလိုက်ပြီး စမ်းချက်ဖို့ ဆနွင်းမှုန့်နဲ့ ပဲနဲနဲစီ ထည့်ပေးလိုက်တယ်။ ကိုယ့်လက်ရာကို ဝမ်းသာအားရ စားကြလို့ စိတ်ချမ်းသာရတယ်။
စားပြီးတော့ သူတို့ယူလာတဲ့ ထောပတ်သီးကို ဖျော်သောက် လေတွေပေါ၊ ဗိုက်ချောင်လာတော့ ဖရဲသီး ခွဲစားကြတယ်။ ၃ယောက်သား အချိန်ကုန်မှန်းမသိကုန်လိုက်တာ ညနေ၆နာရီထိုးခါနီး ပြည်မကြီးသူရဲ့ အမျိုးသား ရုံးကပြန်ရောက်ပြီး ဖုန်းဆက်မှဘဲ ပြန်ဖို့ ပြင်ဖြစ်တော့တယ်။ နောက်ထပ်လာလည်ချင်တယ်ဆိုတော့ လာပေါ့လေ။ ဒီကလဲ နောက်ထပ် မြန်မာဟင်း ဘာချက်ရရင်ကောင်းမလဲ တွေးလိုက်ဦးမယ်။

Saturday, July 30, 2011
င-ငါးဖယ်
အုအဲနိုမှာ ဈေးဝယ်ရင်း စိတ်ရှည်လက်ရှည် လိုက်စပ်စုလိုက်တာ ငါးဖယ် ရှာတွေ့လာတယ်။ ငါးဖယ်စားချင်လို့ လိုက်ရှာနေတာ ကြာပေါ့။ ဒီမှာရတဲ့ ငါးဖယ်ကြော်နဲ့ ဆင်တဲ့ "စစွတ်မအဂဲ" (satsumaage) ဆိုတာ ဝယ်စားကြည့်တာ ဘယ်လိုမှ မကြိုက်ဘူး။ ချိုရဲရဲကြီးမို့ ငါးအရသာ မရဘူး။ ရေခဲရိုက် fish ball ကိုဘဲ ငါးဖယ်အစားထိုး ချက်စားဖြစ်တယ်။ ဒီတခါတော့ ဆိုင်ထဲမှာ စိမ်ပြေနပြေ တခုပြီးတခု ကိုင်လိုက်ချလိုက်လုပ်ရင်း ငါးဖယ်နဲ့ဆင်တဲ့ပုံလေး သွားတွေ့တယ်။ အတော်ကို ပျော်သွားတာ။ ထိုင်းကသွင်းတယ်။ အနောက်ဘက်မှာတော့ ဂျပန်လို ငါး100%လို့ ရေးထားတယ်။ ငါးဖယ်ကို ဂျပန်လို "နာဂိနာတ နာမဇု" (ナギナタナマズ)လို့လဲ ခေါ်တယ်။
အိမ်ရောက်တော့ စပါးလင်ညက်ညက်လှီး ဆား ဆနွင်းထည့်ပြီး ဇလုံထဲ လက်ညောင်းအောင် ပေါက်လိုက်ရတယ်။ ငရုတ်ဆုံ ရှိဘူးလေ။ ရှိလဲ ထောင်းရဲပေါင်၊ အပေါ်ထပ်မှာနေတော့ အောက်ဘက်မှာနေသူတွေ အနှောင့်အယှက်မဖြစ်အောင် သတိထားရတယ်။ စီးလာအောင် ပေါက်ပြီးသကာလမှာ အလုံးလေးတွေလုံးတယ်။ စားရတာနဲ့မကာမိအောင် အတော်အလုပ်ရှုပ် အချိန်ကြာတာဘဲ။ ပြီးတော့ ဆီပူထဲထည့်ကြော် အအေးခံလိုက်တယ်။ ဝမ်းသာအားရ အရသာမြည်းကြည့်တော့ ငါးဖယ်စစ်စစ်နဲ့ သိပ်မတူလှဘူးရယ်။ တခုခုရောထားသလိုဘဲ။ သိပ်မစီးဘူး။ မစားရတာနဲ့စာရင်တော့ တော်ပါသေးတယ်။
ခရမ်းချဉ်သီးနဲ့ချက်ပြီး နံနံပင်လေးအုပ်လိုက်တော့ ငါးဖယ်ဟင်းလေးဖြစ်သွားတာပေါ့။ ဒိုးဇို~ :)

Friday, June 10, 2011
ကန်စွန်းဥဖုတ်
ကန်စွန်းဥဆို ဖုတ်ထားတာဘဲ ကြိုက်ပါတယ်။ အိမ်မှာက ပြုတ်ဘဲပြုတ်တာမို့ သိပ်မစားပါဘူး။ ခြံပြင်မှာ မီးပုံရှို့တဲ့နေ့မှာ ကန်စွန်းဥ ရှိတာနဲ့ကြုံရင် ပြာတွေအောက် ထိုးထည့်ထားလိုက်တယ်။ ကျက်လောက်ရင် ထုတ်ပြီး မောင်နှမတွေ တယောက်တဖဲ့စားတာ သတိရတယ်။ ကန်စွန်းဥဖုတ်က အချိန်တော့ အတော်ကုန်ပါတယ်။ ဆောင်းတွင်းဆို ဒီမှာ ကန်စွန်းဥဖုတ်တွေ လှည့်ရောင်းတဲ့ ကားရှိတယ်။ "ရာကိအိမို~~~ ရာကိအိမို" အသံရှည်ဆွဲပြီးအော်သံကို ကက်ဆက်နဲ့ဖွင့်ပြီး ကားလေးက တလိမ့်လိမ့် တလမ်းဝင် တလမ်းထွက်မောင်းပြီး လှည့်ရောင်းတာပါ။ ကန်စွန်းဥဖုတ်တလုံးကို ယန်း၃၀၀ ပေးရတာမို့ ဈေးမတော်လှပါဘူး။ စားချင်တဲ့ အချိန်လဲ ကားက လာဦးမှပါ။ ပြီးတော့ ရန်ကုန်မှာလို ဝရန်တာကနေ လက်ခုပ်တီးပြီး ဦးလေးကြီး ခဏဆို လှမ်းအော်တားလို့ရတာမျိုးလဲမဟုတ်ဘူးလေ။ ဈေးဝယ်ထွက်လို့ ကားလာတာနဲ့ တိုက်ဆိုင်မှ ဝယ်ဖြစ်တယ်။ စားချင်တိုင်း မစားရတော့ ကိုယ်တိုင်ဖုတ်ဖို့စိတ်ကူးပြီး အိုးတလုံး ရှာဝယ်လိုက်တယ်။
ဂတ်စ်မီးဖိုမှာတည်လို့ရတဲ့ အမျိုးအစားပါ။ ကန်စွန်းဥအပြင် ပြောင်းဖူးရော ငါးအသားတုံးပါကင်လို့ရပါတယ်။ အိုးက အောက်ဘက်မှာ အပေါက်တွေ ပါပါတယ်။ မီးအားအလယ်အလတ်လောက်နဲ့ ကန်စွန်းဥဆို မိနစ် ၃၀ ~ ၄၀၊ ပြောင်းဖူးနဲ့ ငါးက မိနစ် ၂၀ ~ ၃၀ ပါ။
ဝယ်လာတဲ့ ကန်စွန်းဥက အတော်ကြီးတာမို့ တလုံးဘဲ ထည့်ဖုတ်ဖြစ်တယ်။ ဆယ်မိနစ်တကြိမ် မျက်နှာပြင်ကို လှည့်ပေးလိုက်တာ မိနစ်၄၀နဲ့လေးဘက်လုံးလှည့်ကင်အပြီး ဖြစ်သွားတယ်။
မွှေးရနံ့လေး တသင်းသင်းနဲ့ ကန်စွန်းဥဖုတ်ပါ။

Sunday, May 29, 2011
မိုင်မုန့်လုံးရေပေါ်
မုန့်လုံးရေပေါ် စားချင်စိတ်ပေါက်လို့ စမ်းလုပ်ကြည့်တယ်။
ဆိုင်မှာ ကောက်ညှင်းမှုန့်စစ်စစ်လိုက်ရှာတော့ ဒီအောက်က တံဆိပ်ကို သွားတွေ့တယ်။ ကောက်ညှင်းမှုန့်၁၀၀%လို့ ရေးထားတယ်။ ပထမဦးဆုံး စမ်းလုပ်တာဆိုတော့ အထုပ်တဝက် (၁၀၀)ဂရမ် ကိုဘဲ ရေထည့်နယ်လိုက်တယ်။
ထန်းညက်မရှိတော့ "ကူရို့ဇတိုး" (kurozatou-黒砂糖) လို့ခေါ်တဲ့ ကြံသကာကို အတုံးလေးတွေဖြစ်အောင်ညှပ်ပြီး မုန့်လုံးထဲ ထာပနာလိုက်တယ်။
မုန့်လုံးတွေကို ရေနွေး ပွက်ပွက်ဆူထဲထည့်၊ ရေပေါ်တက်လာရင် ဆယ်ပြီး ရေခဲရေထဲ ခနစိမ်ထားလိုက်တယ်။ ရေစစ်ပြီးသွားတော့ အုန်းသီးခြောက်လေး ဖြူးလိုက်ပါတယ်။
အိမ်ကြီးရှင်က အတော်စားလို့ကောင်းတယ်ပြောတယ်။ (ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာ။) ;)

ကောက်ညှင်းမှုန့်
ထန်းညက်မရှိတော့ "ကူရို့ဇတိုး" (kurozatou-黒砂糖) လို့ခေါ်တဲ့ ကြံသကာကို အတုံးလေးတွေဖြစ်အောင်ညှပ်ပြီး မုန့်လုံးထဲ ထာပနာလိုက်တယ်။
ကြံသကာ
မုန့်လုံးတွေကို ရေနွေး ပွက်ပွက်ဆူထဲထည့်၊ ရေပေါ်တက်လာရင် ဆယ်ပြီး ရေခဲရေထဲ ခနစိမ်ထားလိုက်တယ်။ ရေစစ်ပြီးသွားတော့ အုန်းသီးခြောက်လေး ဖြူးလိုက်ပါတယ်။
အုန်းသီးခြောက်
အိမ်ကြီးရှင်က အတော်စားလို့ကောင်းတယ်ပြောတယ်။ (ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာ။) ;)
Saturday, February 12, 2011
Happy Birthday
2011.02.12
ပြည်ထောင်စုမေ တူမလေး
တစ်နှစ်ပြည့်မွေးနေ့ ပျော်ရွှင်ပါစေ
Subscribe to:
Posts (Atom)