ကန်စွန်းဥဆို ဖုတ်ထားတာဘဲ ကြိုက်ပါတယ်။ အိမ်မှာက ပြုတ်ဘဲပြုတ်တာမို့ သိပ်မစားပါဘူး။ ခြံပြင်မှာ မီးပုံရှို့တဲ့နေ့မှာ ကန်စွန်းဥ ရှိတာနဲ့ကြုံရင် ပြာတွေအောက် ထိုးထည့်ထားလိုက်တယ်။ ကျက်လောက်ရင် ထုတ်ပြီး မောင်နှမတွေ တယောက်တဖဲ့စားတာ သတိရတယ်။ ကန်စွန်းဥဖုတ်က အချိန်တော့ အတော်ကုန်ပါတယ်။ ဆောင်းတွင်းဆို ဒီမှာ ကန်စွန်းဥဖုတ်တွေ လှည့်ရောင်းတဲ့ ကားရှိတယ်။ "ရာကိအိမို~~~ ရာကိအိမို" အသံရှည်ဆွဲပြီးအော်သံကို ကက်ဆက်နဲ့ဖွင့်ပြီး ကားလေးက တလိမ့်လိမ့် တလမ်းဝင် တလမ်းထွက်မောင်းပြီး လှည့်ရောင်းတာပါ။ ကန်စွန်းဥဖုတ်တလုံးကို ယန်း၃၀၀ ပေးရတာမို့ ဈေးမတော်လှပါဘူး။ စားချင်တဲ့ အချိန်လဲ ကားက လာဦးမှပါ။ ပြီးတော့ ရန်ကုန်မှာလို ဝရန်တာကနေ လက်ခုပ်တီးပြီး ဦးလေးကြီး ခဏဆို လှမ်းအော်တားလို့ရတာမျိုးလဲမဟုတ်ဘူးလေ။ ဈေးဝယ်ထွက်လို့ ကားလာတာနဲ့ တိုက်ဆိုင်မှ ဝယ်ဖြစ်တယ်။ စားချင်တိုင်း မစားရတော့ ကိုယ်တိုင်ဖုတ်ဖို့စိတ်ကူးပြီး အိုးတလုံး ရှာဝယ်လိုက်တယ်။
Friday, June 10, 2011
Subscribe to:
Posts (Atom)