Saturday, June 8, 2013

2013/06/08

ဆယ်တန်းအောင်စာရင်းတွေထွက်ပြီတဲ့။ ရင်ခုန်တဲ့သူတွေ ခုန်နေကြတဲ့အချိန်ပေါ့။ ကိုယ့်တုန်းကရော? လွန်ခဲ့တဲ့ ၁၅နှစ်လောက်က။ ရင်ခုန်သလားဆိုတော့ ဟင်အင်းလို့ ပြောရမယ်။ အောင်မှာသိနေတာချည်းကို။ ဂုဏ်ထူးဘယ်နှခုရမှာလဲဘဲ သိချင်တာတခုဘဲ။ ၂ဘာသာက စာမေးပွဲဖြေပြီးကတည်းက ကိုယ့်ဘာတာ့ အမှတ်တွက်ပြီး သေချာတယ်။ ၃ဘာသာလောက်ပါရင်ကောင်းမှာလို့ မျော်လင့်မိတာတခုထဲ။ မပါတော့လဲ ဘာမှမဖြစ်ပါဘူး။ အစကတည်းက အများကြီးမှန်းဖြေတာမှ မဟုတ်တာ။ ဆေးကျောင်းတက်ရဖို့လဲ စိတ်မကူးပါဘူး။ သွေးသံတရဲရဲမှ မကြည့်ရဲတာကိုး။

အောင်စာရင်းမထွက်ခင်ညအထိတော့ "၃ဘာသာလောက်ပါရင် ကောင်းမှာနော် အမေ့"ဆိုပြီး တတွတ်တွတ်ပြောနေလို့ အမေက အိပ်တော့တဲ့။ မနက်သွားကြည့်ရင် သိရမပေါ့တဲ့။ မနက် ၄နာရီလောက် လမ်းပေါ်က ကျွတ်စီကျွတ်စီအသံတွေနဲ့ လန့်နိုးလာတယ်။ မှောင်တုန်းကြီး စိတ်အားထက်သန်တဲ့သူတွေ အောင်စာရင်းသွားကြည့်နေကြတာ။ ကိုယ့်ဘာသာတော့ စောလွန်းတယ်ဆိုပြီး ပြန်အိပ်လိုက်တယ်။ ကိုယ့်ရဲ့ အစောဆုံးအိပ်ယာထချိန်က မနက် ၆နာရီ။ အဲလောက်ကျမှ အိပ်မှုန်စုံမွားနဲ့ထ၊ မျက်နှာသစ် သွားတိုက်နေတုန်း မြို့ထဲက မောင်ဝမ်းကွဲလေးက စက်ဘီးနဲ့ရောက်ချလာပြီး အောင်တယ် ၃ဘာသာဂုဏ်ထူးပါတယ်တဲ့။ အင်! ဟုတ်လားပေါ့၊ သူကြည့်လာပြီးပြီဆိုတော့လဲ ကိုယ့်ဘာသာ သွားမကြည့်လဲ ပြီးပြီပေါ့၊ ဒီလောက်ပါဘဲ။ နောက်မှ အမေက သူငယ်ချင်းနဲ့ သွားကြည့်လေပြောလို့မှ အိမ်နားက သူငယ်ချင်းကို သွားမေးရတယ်။ သူက သွားမကြည့်ရသေးလို့ မသိဘူးဆိုမှ အဖော်စပ်ပြီး သွားရတာ။ ကိုယ့်အဖြေက သိပြီးသားမို့ အားငယ်နေတဲ့ သူ့ကို အောင်ပါစေလို့ စိတ်ထဲက ဆုတောင်းမိတယ်။ သူမအောင်ရင် ကိုယ်ဘယ်လို အားပေးစကားပြောရမယ်မှန်းမသိဘူးလေ။ သွားကြည့်တော့ မနက် ၉နာရီကျော်မို့ ကျောင်းမှာ လူအတော် ရှင်းနေပြီ။

ကိုယ့်ခုံနံပါတ်ရှာ၊ ဘယ်ဟာဂုဏ်ထူးပါလဲ ကြည့်ပြီး၊ သူ့ခုံနံပါတ်တွေ့လို့ ရိုးရိုးအောင်တာသိမှ တော်သွားတော့တယ်။ ဒါက အောင်စာရင်းထွက်တုန်းအချိန်က။ ရင်ခုန်ရတာက အမှတ်စာရင်းမျှော်တုန်းအချိန်မှ။ သူများတွေက အမှတ်စာရင်းတခုဘဲ လျှောက်တော့ မြန်မြန် ရောက်လာတယ်။ ကိုယ်က အောင်လက်မှတ်ပါ တွဲလျှောက်လိုက်တော့ တော်ရုံနဲ့ ရောက်မလာ။ တနေ့နေ့ မျှော်လိုက်ရတာ၊ စာတိုက်မှာပဲ ပျောက်ပြီလားရယ်ပေါ့။ နောက်ဆုံး သူများတွေထက် တပတ်နောက်ကျပြီးမှ ရောက်လာတော့တယ်။ အဲဒီတုန်းက အမှတ်ပေါင်းကိုကြည့်ပြီး ဟုတ်ရဲ့လားလို့ ခဏခဏ ပြန်ပေါင်းကြည့်ရတယ်။ ကိုယ်ထင်ထားတာထက် အများကြီး များနေလို့။ :)

(တလောလေးက ကိုယ့်ရဲ့ အရေးကြီးစာရွက်စာတန်းတွေထည့်ထားတဲ့အိတ်ထဲက ထွက်လာတယ်)

အောင်စာရင်းအတွက် တကယ်ရင်ခုန်ရတာက နောက်နှစ်ကျမှ။ အိမ်နားက အသိအဒေါ်တယောက်က သူ့သမီးကို ဂိုက်လုပ်ပေးပါတဲ့။ ၅လလောက်တော့ ရသေးတယ်၊ အောင်သွားရင် ရပြီ၊ အားကိုးပါတယ်တဲ့လေ။ သူ့သမီးနဲ့ ငယ်ငယ်က ကိုယ်လဲ ဆော့ဘူးပါတယ်။ အတန်းကြီးလာတော့ စာတဘက်နဲ့ မဆော့ဖြစ်တော့မှ ဝေးသလို ဖြစ်သွားတာ။ သူ့အမေကို အားနာတော့ သင်ပေးရတာပေါ့လေ။ ဉာဏ်လေးကတော့ အတော်ကောင်းတယ်။ ကိုယ့်ထက်တောင် ကောင်းသေး။ ခက်တာက စာနဲနဲမှ မလုပ်တာ၊ အပျော်အပါး အရမ်းမက်တာ။ အစပိုင်းတော့ ကြိုးစားပြီး လာသင်သေးတယ်။ နောက်ပိုင်းကျ ညနေဆို သူ့အမေရောက်လာပြီး ဒီနေ့နေမကောင်းလို့တို့ ဗိုက်အောင့်လို့တို့နဲ့ ခွင့်လာတိုင်ပါရော။ အစကတော့လဲ ဟုတ်ကဲ့၊ ရပါတယ်ပေါ့။ နောက်ကျ ဘယ်ဟုတ်မလဲ သူ့သူငယ်ချင်းတွေနဲ့ စက်ဘီးစီး မြို့ပတ်လုပ်နေတာ။ သူ့အိမ်ကနေ လမ်းပေါ်ထွက်ဖို့ ကိုယ့်အိမ်ရှေ့က ဖြတ်မှ ရတာလေ။ မဟုတ်ရင် အဝေးကြီး ကွေ့ထွက်နေရမှာ။ ဆိုတော့ကာ နေမကောင်းဘူးပြောတဲ့သူက ညဘက်ကျ ဟေးလားဟားလား စက်ဘီးတစီးနဲ့ လျှောက်သွားနေတာ ကြားရ မြင်ရတော့ စိတ်တိုလာတယ်။ ဒါနဲ့ပဲ သူ့ကို ဆူပေးလိုက်တယ်၊ ခုဘဲ ဒီဇင်ဘာ ကုန်တော့မယ်၊ ဒီပုံစံနဲ့ဆို ဆယ်တန်းအောင်မှာ မဟုတ်ဘူးလို့။ ဆူတုန်း ငြိမ်ပြီးနားထောင်တယ်။ အရင်ကလဲ အဲလိုပါဘဲ။ ပြောလိုက်တုန်း ဟုတ်သလိုနဲ့၊ နောက်တော့လဲ ဒုံရင်းအတိုင်းဘဲ။

ခပ်ထန်ထန်ပြောလိုက်ပြီး နောက်ရက် ရောက်မလာတော့ဘူး။ သူ့အမေဘဲ ရောက်လာပြီး သူ့သမီးကပြောတယ်၊ သူဆယ်တန်းမအောင်လောက်ဘူးလို့ အမကပြောတယ်၊ အဲဒါကြောင့် ဆယ်တန်း မဖြေတော့ဘူးတဲ့လေ။ ဟမ်!! ကိုယ့်မှာ ပါးစပ်အဟောင်းသားကို ဖြစ်လို့။ သူ့ကို စာလုပ်ရအောင်ပြောလိုက်တာ၊ သူက စာမေးပွဲမဖြေတော့ဘူးတဲ့၊ ဖြစ်ရမယ်။ သူ့အမေကို ရှင်းပြပြီးမှ သူ့ကို ပြန်လာခိုင်းဖို့ ပြောရတယ်။ အဲနောက်ပိုင်းတော့ အရင်ကထက်စာရင် နဲနဲ အပိုးကျိုးပြီး စာလုပ်လာပါတယ်။ နှစ်စကတည်းက သေချာစာလုပ်လာရင် ဂုဏ်ထူးပါနိုင်တဲ့ ကလေးမပါ။ ခုတော့ အောင်မှတ်ရအောင် မနဲ တွန်းရတယ်။ သူ့ကို စာသင်မှဘဲ ကိုယ့်ခေါင်းမှာ ဆံပင်ဖြူတွေ ပေါက်လာလိုက်တာ၊ ဆယ်ချောင်းမကဘူး။ တသက်နဲ့တကိုယ် ငယ်တုန်းမှာ အဲဒီအချိန်ကဘဲ ဆံပင်ဖြူတွေ ထွက်ဘူးတယ်။ အဲကတည်းက တခြားလူ ဂိုက်လုပ်ပြီး မသင်ပေးချင်တော့တာ။ ခေါင်းပူရလွန်းလို့။

စာမေးပွဲဖြေလာပြီးတော့လဲ သူ့မေးခွန်းစာရွက်မှာ ခြစ်လာတဲ့ အဖြေတွေကြည့်၊ အောင်မှတ် ပြည့်ရဲ့လားတွက်နဲ့ ကိုယ့်မှာ အပူထုပ်ကို ပိုက်လို့ရယ်။ တဘာသာရဲ့ အမှတ်က ကိုယ်တွက်တာ on the margin ဖြစ်နေတော့ ဆုတောင်းရုံဘဲ ရှိတာပေါ့လို့ ပြောလိုက်ရတယ်။ သူကတော့ စာမေးပွဲလဲပြီး၊ ဝက်ကို အတောင်ပံတပ်ပေးလိုက်သလားမှတ်ရအောင် ပျော်လို့ မော်လို့ ဖလမ်းဖလမ်းထလို့။ အောင်စာရင်းထွက်တဲ့နေ့ကျ အိမ်ရောက်မလာဘူး။ အဲဒီနေ့က မိုးတွေရွာလိုက်တာ သဲကြီးမဲကြီးပဲ။ ခြံထဲမှာတင် ရေက ဒူးခေါင်းလောက်ရှိတာ။ မျှော်နေတာ သူမပေါ်လာဘဲ အိမ်နားက တခြားကလေးမ ရောက်လာတယ်၊ အောင်စာရင်းသွားကြည့်မလို့ အဖော်လိုက်ခဲ့ပေးပါတဲ့။ အဲ့ခလေးမက အကြွားသန်လေးမို့ သည်းခံပေါင်းရတာ။ ကိုယ်က သူ့သူငယ်ချင်းမကို ဂိုက်လုပ်ပေးတာသိတော့ သူ့အိမ်က ရန်ကုန်ကနေ အရမ်းတော်တဲ့ ဂိုက်ခေါ်ပေးထားတာ၊ ဂိုက်ကိုကိုက အရမ်းတော်တာ ဆေးကျောင်းတက်ဖို့စောင့်နေတာ၊ အဲဒီ ဂိုက်က တော်လွန်းလို့ သူဆို all D ရမှာလို့ အိမ်ကို ကြုံတိုင်း ဝင်ဝင်ပြောခဲ့တာလေ။ ကိုယ်ကတော့ ဪ ဟုတ်လား၊ အမတော့ နင့်သူငယ်ချင်းတယောက် အောင်သွားအောင် မနဲ လုပ်ယူရမှာလို့ ပြောခဲ့တာ။ တဖြည်းဖြည်း အောင်စာရင်းထွက်ခါနီးလာတော့ ကြွားစိန်လေးက သူအောင်ပါ့မလားမသိဘူးပြောလာလို့ ကိုယ့်တောင် သူ့ရဲ့ before and after gap ကို နားထောင်ပြီး ဘာပြောရမယ်မသိဘူး။

ခုလဲ မျှော်နေတဲ့ ကိုယ့်တပည့် မရောက်လာဘဲ သူက ရောက်လာတော့ မိုးရွာကြီးထဲ အတူသွားကြည့်ပေးလိုက်ပါတယ်။ အောင်စာရင်းထဲ ကိုယ့်တပည့်မ ခုံနံပါတ်တွေ့လိုက်ရမှ ရင်ထဲက အလုံးကြီး ကျတော့တယ်။ ဟဲ့! နင့်သူငယ်ချင်းအောင်တယ်၊ နင်ရော?လို့ မေးလိုက်တော့ သူ့ခုံနံပါတ် မတွေ့ဘူးတဲ့။ သေချာအောင် ကိုယ်လဲ အထပ်ထပ် လိုက်စစ်ပါတယ်။ တကယ်ဘဲ မတွေ့ဘူး။ အတူသွားကြည့်ကာမှ မအောင်တဲ့သူ့ကို ကိုယ်ဘယ်လို အားပေးရမှန်းမသိဘူး၊ ကိုယ့်တပည့်အောင်လို့ ဝမ်းသာရတာကိုတောင် သူအားငယ်သွားမှာစိုးလို့ ထိမ်းထားရတယ်။

အိမ်ပြန်ရောက်တော့ တပည့်မ လာသလားလို့မေးကြည့်တော့ ခုထိပေါ်မလားသေးဘူးတဲ့။ ကြည့်ရတာ သူငယ်ချင်းတွေနဲ့ မြူးနေပြီထင်တယ်လို့၊ အပြင်ထွက် မိုးစို ကြွက်စုတ်ဖြစ်မှတော့ မထူးဘူး၊ သူ့အိမ်ဘက် သွားလိုက်ဦးမယ်လို့ အိမ်ကိုပြောပြီး ထွက်ခဲ့တယ်။ သူ့အိမ်က မြေနိမ့်ပိုင်းမှာ၊ ကိုယ့်အိမ်ထက်တောင် ရေကနက်သေး။ မြောင်းကိုလဲ ကူးလိုက်ရော၊ ရေထဲ ပေါင်တဝက်ကျော် မြုပ်သွားတယ်။ သူ့အိမ်ရောက်တော့ မယ်မင်းကြီးမက အိပ်တုန်းခင်ည! သူ့မောင်လေးကို မနက်က အောင်စာရင်း သွားကြည့်ခိုင်းလိုက်တာ ခုထက်ထိ ပြန်မရောက်သေးလို့ ကျပြီဆိုပြီး အိပ်နေတာတဲ့ ကောင်းကြရော!! အောင်တယ်ဟဲ့လို့ပြောလိုက်တော့ ဟုတ်လားဆိုပြီး ထခုန်နေတယ်။ မိုးအေးအေးနဲ့ အိပ်နေကြတဲ့ သူ့အကိုတွေလဲ ထလာလိုက် အော်ဟစ်ပျော်မြူးကြလိုက် အိမ်သားတွေ တယောက်တလှည့်စီဖက်လိုက် kiss ပေးလိုက်နဲ့ မဆုံးတော့ဘူး။ သူ့အကိုတွေ တော်ကြာကိုယ့်ပါလာဖက်ပြီး သင့်ခယူဆိုပြီး kiss လာပေးမှဖြင့် ဒုက္ခလို့တွေးပြီး ကိုယ့်မှာ လှေခါးဘက် ခြေလှမ်းပြင်ထားရတယ်။ ဂယ်ဘဲ!! ၊ ခပ်မူးမူးသမားတွေမို့ ပြောရတာမဟုတ်ဘူး မြောင်းထဲကျ ရေနစ်လဲနစ်၊ အမြန်ခုန်ဆင်းပြီး ပြန်တော့မယ်လို့။

သူတို့တွေ ဘာလို့ ဒီလောက် ပျော်မြူးနေပါလိမ့်လို့ စဉ်းစားမရဖြစ်ရတယ်။ အတော်ကြာ ပျော်နေကြပြီးမှ ကိုယ့်ကို သူ့အမေက သတိရပြီး ကျေးဇူးနော်၊ သူ့သမီးအောင်သွားတာ အရမ်းကျေးဇူးတင်တယ်၊ ကိုယ့်ကျေးဇူးကြောင့်တဲ့၊ အိမ်မှာ ဆယ်တန်းအောင်ဖူးတဲ့သူ တယောက်မှမရှိတော့ အရမ်းဝမ်းသာတယ်တဲ့လေ။ အဲ! အဲဒါကြောင့် ဒီလောက် ပျော်မြူးနေကြတာလား။ သူ့အကို၃ယောက် တယောက်မှ ဆယ်တန်းအောင်ဘူးဆိုတော့၊ သူက သူ့အိမ်မှာ ပထဦးဆုံး ဆယ်တန်းအောင်တဲ့သူမို့တဲ့။ ဖြစ်ရမယ်။

အဲဒီ တဦးတည်းသော တပည့်မနဲ့ ဆယ်တန်းအောင်စာရင်းအတွက် ရင်ခုန်ရပြီးကတည်းက ကိုယ်ဘယ်သူ့ကိုမှ ဂိုက်မလုပ်ပေးတော့ဘူး။ ဆက်သာဂိုက်လုပ်ကြည့် တခေါင်းလုံးဖြူသွားလိမ့်မယ်။ ဘယ်သူ့ကိုမှ မသင်ပေးတော့ဘူးလုပ်ခါမှ အိမ်က မောင်လေးက ဆယ်တန်းရောက်တယ်။ ဒင်းကလေးက စာလဲမေးသေး ကိုယ့်ကိုလဲ ဆရာပြန်လုပ်သေးတာ။ ဒီနားလေးဘဲ နားမလည်တာ၊ ဒီနားလောက်လေးရှင်းပြတဲ့ သင်္ချာပိုစ္ဆာကို။ အဲလိုကြားဖြတ်ကြီး ရှင်းပြလို့မှမရတာ၊ အပေါ်ကနဲ့ ဆက်နေလို့ ဒီလိုဖြစ်တာဆိုတာမျိုး မနဲပြောယူရတယ်။ တခါတလေ စိတ်လိုလက်ရနဲ့ ဒါကို အစအဆုံးရှင်းပြဆိုပြီး လာမေးတယ်။ ကိုယ့်မှာတော့ ဟုတ်ပြီးဟုတ်ရဲ့နဲ့ ရှင်းပြရတာ၊ သူက ပြုံးစိစိနဲ့နားထောင်တယ်။ ဟဲ့! နားလည်ရဲ့လား ဘာပြုံးစိစိလုပ်နေတာလဲ ပြောလိုက်မှ တဟီးဟီးနဲ့ သူ့နားထဲက ဂွမ်းကိုဆွဲထုတ်ပြီး ရှင်းပြလို့ပြီးပြီးလားတဲ့။ တေနာလေး!! ဒင်းလေးလဲ ဆယ်တန်းနှစ်ချင်းပေါက် အောင်သွားလို့သာဘဲ။ အဲနောက်ပိုင်း အဒေါ်တွေက သူတို့ကလေးတွေ ဆယ်တန်းရောက်တိုင်း ကိုယ့်ကို ဂိုက်လုပ်ပေးပါ လာပြောကြတယ်။ တော်ဘာဘီ တော်ဘာဘီ။ ကျောင်းစာအားတဲ့အချိန်ကြား စာစစ်တာတို့တော့လုပ်ပေးမယ်၊ အမြဲတန်းဂိုက်တော့ မလုပ်ပေးနိုင်ဘူးလို့။ စိတ်ခုတဲ့ အဒေါ်က ခုတယ်။ တတ်နိုင်ဘူးလေ၊ ကိုယ် ဆံပင်ဖြူ ရင်ပူ စိတ်ညစ် မခံနိုင်တော့ဘူးလို့။


(တချိန်က အမှတ်တရ)

1 comment:

Chwin Chet said...

ကောင်းပါတယ်ဂိုက်မလုပ်တာ။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP