Wednesday, November 7, 2007

စုဗူး


အဖေနဲ့ အမေက ကျွန်မတို့မောင်နှမ၃ယောက်လုံးကို ငယ်ငယ်ပိစိကွေးအရွယ်ကတည်းက စုဗူးစုတတ်ဖို့ လေ့ကျင့်ပေးခဲ့တယ်။ ဆန်တပြည် ခုနှစ်ကျပ်ခေတ်မှာ တနေ့မုန့်ဖိုး ပြားလေးဆယ်ရတယ်။ အိမ်မှာမုန့်တွေဝယ်ပေးထားတော့ မုန့်ဖိုးဆိုတာ စုဗူးထဲရောက်တာများပါတယ်။ အဲဒီတုန်းက မောင်လေးမမွေးသေးဘူး။ အမနဲ့ ကျွန်မတို့နှစ်ယောက် တထွာသာသာ ဆင်ပုံကြွေရုပ်စုဗူး တယောက်တဘူးနဲ့ စုကြတယ်။ ကိုယ့်စုဘူးကိုယ် မမကြည့်ပြီး လေးလာရင် ပျော်လိုက်တာ။ ဆင်ရုပ်စုဗူးအပြင် အမနဲ့ နှစ်ယောက်အတူပေါင်းစုတဲ့ ပလတ်စတစ် အရုပ်မစုဘူးကြီးလည်းရှိတယ်။ အဲဒီစုဗူးက ကြီးတော့ တော်တော်နဲ့မပြည့်နိုင်ဘူး။ စုဘူးကြီးပြည့်ဖို့ လည်ပင်းလောက်အရောက်မှာ မောင်လေးမွေးလာတော့ အဖေနဲ့အမေက သူ့အတွက် စုဗူးမရှိလို့ ပေးလိုက်ပါဆိုတော့ ပေးလိုက်ရတယ်။ ညီအမနှစ်ယောက် နှုတ်ခမ်းထော်ကြပေမယ့် အဖေက မုန့်ဖိုး၁၅ကျပ်စီ ပြန်ပေးလို့ ကျေနပ်လိုက်ကြတာဘဲ။ ဒီကောင်လေး အဲဒီအရွယ်ကတည်းက အမတွေကို ဗိုလ်ကျခဲ့တာ။ သူ့စုဗူးပြည့်သွားတော့ ဖောက်ပြီး အဖေက ဘဏ်စာအုပ်ထဲထည့်ပေးတယ်။ ကျွန်မတို့နှစ်ယောက်ကတော့ ဆင်ရုပ်လေးတွေကို မှန်ဘီဒိုထဲ အလှထားထားကြတယ်။

အဖေဆုံးပြီးနောက် ဘဝအလှည့်အပြောင်းတွေကြုံပြီး အမေ့မွေးရပ် ပြန်နေခဲ့တယ်။ အဲဒီအချိန်ကစလို့ ကျွန်မတို့တွေ စုဘူးစုတဲ့ အလေ့အကျင့်ကို မေ့သွားခဲ့တော့တယ်။ ခုနှစ်တန်းအရောက်မှာ ဘီဒိုရှင်းရင်း ကြွေရုပ်စုဗူးလေးတွေဖောက်ဖို့ ကြုံလာတယ်။ အရုပ်ကလေးကို နှမြောလို့ အောက်ပိုင်းကနေ ဝိုင်းဝိုင်းလေးဖောက်တယ်။ ငါးဆယ်ကျပ်နီးပါးပဲရှိပေမယ့် အကြွေစေ့တွေဆိုတော့ အများကြီးဘဲ။ အဲဒီအကြွေစေ့တွေ မသုံးပါဘူး။ အပြင်ရောက်သွားရင် သံရည်၊ကြေးရည်ကျိုခံထိပြီး ပြန်လည်မတွေ့နိုင်မှာမို့ အမှတ်တရအနေနဲ့ သိမ်းထားတယ်။ သားမြေးတီတွတ်ကျွတ်ဆတ်တွေကို ပြဖို့။ (°∨°) အခုတောင် ကျွန်မညီမဝမ်းကွဲတွေ အကြွေစေ့ဆိုတာ သင်္ချာစာအုပ်ထဲမှာဘဲ မြင်ဖူးတော့တယ်။ တချို့အကြွေစေ့တွေဆို ကျွန်မအမေထက်တောင် အသက်ကြီးသေးတယ်။ တော်တော်လေးတာတွေလည်း ရှိတယ်။ ဘော်နဲ့လုပ်ထားတဲ့ ၁၀ပြားစေ့တွေ ဘုရားသွားရင် အကြွေစေ့ပစ်ဖို့ တခါတလေယူသွားတယ်။ ဘုရားမှာ အရင်ကလို အကြွေစေ့ အလွယ်လဲလို့မှမရဘဲ။ ကိုယ်က ၁၀ကျပ်ပေးရင် အကြွေက ၈ကျပ်ဖိုးဘဲပြန်ရတယ်။ ဒါတောင်ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်နီးပါးတုန်းက။ အခုများတော့ ရှိပါ့ဦးမလားဘဲ။

တက္ကသိုလ်တက်တော့ ကျောင်းမှာ ကျပ်စေ့ထည့်ပြီး မြို့တွင်းဆက်လို့ရတဲ့ဖုန်းရှိတယ်။ အဲဒါနဲ့ အိမ်ပြန်ဖြစ်ရင် ကျပ်စေ့တွေသယ်လာတယ်။ နောက်အဲဒီဖုန်းပျက်သွားတာ ပြန်မပြင်ပေးတော့ ကျပ်စေ့တွေ ဒီအတိုင်းကျန်နေသေးတယ်။ တက္ကသိုလ်မှာဘဲ မေ့နေတဲ့အကျင့်လေး သတိရဖို့ ဖြစ်လာတယ်။ ကျွန်မတို့အဖွဲ့ထဲက သူငယ်ချင်းတယောက်က တနေ့၅၀ကျပ်စုတယ်လို့ပြောမှလေ။ အဲဒီကနေ အကျင့်ပြန်လုပ်တာ အခုအထိပေါ့။ ကျွန်မကနေ အကျင့်ကူးကုန်တာ အဆောင်ကသူငယ်ချင်းတချို့တောင် စုဘူးလေးတွေနဲ့။ သူတို့စုဘူးက မြင့်တယ်။ သော့ခတ်ထားတဲ့ သံသေတ္တာလှလှလေးကို အပေါ်မှာစုဘူးအပေါက်နဲ့။ ပိုက်ဆံလိုရင် သော့ဖွင့်ပြီးပြန်နှိုက်ယူကြတယ်။ ကောင်းပါ့။ :)

ဒီရောက်တော့လည်း စုဗူးစုတယ်။ ဂျပန်ပိုက်ဆံက မှတ်ရတာ နဲနဲလေးရယ်။ အရွက်ဆိုရင် တစ်ထောင်တန်၊ နှစ်ထောင်တန်၊ ငါးထောင်တန်နဲ့ တစ်သောင်းတန်ရယ်ဆိုပြီးရှိတယ်။ ဒါတောင် နှစ်ထောင်တန်က အသုံးနဲလို့ တော်ရုံနဲ့တွေ့ဖို့ မလွယ်ဘူး။ အကြွေစေ့ဆိုရင် တစ်ယန်း၊ ငါးယန်း၊ တစ်ဆယ်ယန်း၊ ငါးဆယ်ယန်း၊ တစ်ရာယန်းနဲ့ ငါးရာယန်းရယ်ရှိတယ်။ ဒီနဲနဲလေးတောင် ကျွန်မမှတ်တာ ရွာပတ်နေသေးတယ်။ ငါးရာယန်းစေ့ကတော့ ကြီးလို့ မမှားဘူး။ ငါးယန်းစေ့နဲ့ ငါးဆယ်ယန်းစေ့က အလယ်မှာအပေါက်ပါတယ်။ ဒါပေမယ့် ဟောင်းနေတဲ့ တစ်ဆယ်ယန်းစေ့က ငါးယန်းစေ့နဲ့ အ
ရောင်တူတယ်။ ငါးဆယ်ယန်းစေ့က တစ်ရာယန်းအရောင်တူတယ်။ အစွန်းထွက်အကြွေပေးရင် မှားလွန်းလို့။ တခါဈေးဝယ်တုန်း အကြွေစေ့တွေအများကြီးပေးပြီး ခပ်တည်တည်နဲ့ ပြန်အမ်းငွေ စောင့်နေတာ၊ တစ်ရာယန်းကို ငါးဆယ်ယန်းနဲ့ မှားပေးထားမှန်းမသိဘူး။ "すみません" လုပ်လိုက်ရတယ်။



စုဗူးထဲကို ယန်းငါးရာစေ့တွေ စုတယ်။ တခြားအကြွေစေ့က ဈေးဝယ်တိုင်း ရနိုင်ပေမယ့် ယန်းငါးရာစေ့က တော်တော်နဲ့ လက်ထဲမရောက်နိုင်ဘူး။ အဲဒါကြောင့် ရလာတိုင်း စုဗူးထဲထည့်တယ်။ အကြွေကျသံ "တချွင်ချွင်" ကြားရရင် ကလေးဘဝကို သတိရပြီး ပျော်တယ်။ စုဘူးမှာတော့ 1Day.1Coinတဲ့။ အဆင်ပြေသလိုဘဲ စုတယ်။ ပုံးအောက်မှာ ခန်းဂျီး
စာလုံး"五"နဲ့ရေးပြီး အကြွေစေ့အရေအတွက်ကို မှတ်ထားတယ်။ တစေ့ထည့်ရင် မျဉ်းတကြောင်းရေးတယ်။ ငါးစေ့ထည့်ပြီးရင် 五စာလုံးတလုံးရပြီ။ အစက်လေးတွေက နောက်စာလုံးအတွက် နေရာချထားတာ။ "500円玉で約300,000円" "100円玉で約80,000円"လို့ပုံးမှာရေးထားတယ်။ စုဗူးပြည့်ရင် "ယန်းငါးရာစေ့ဆို မှန်းချေ 300,000ယန်း" "တစ်ရာယမ်းစေ့ဆို မှန်းချေ 80,000ယန်း"ရမယ်တဲ့။ စုဗူးပြည့်ရင် ဘာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ မထားထားဘူး။ TVမှာကြည့်လိုက်ရတဲ့ ဂျပန်မင်းသမီးကြီးကတော့ စန္ဒယားဝယ်သတဲ့။ ကျွန်မတော့ မသိသေးဘူး။ မေထုန်ဖွားဆိုတော့ စိတ်အပြောင်းအလဲက မြန်ပါဘိသနဲ့။ စိတ်ကူးရရာလုပ်မယ်။ နောင်လာလတ္တံ့သော သားသားလေး (သို့) မီးမီးလေးကိုပေးဖို့ ဒီအတိုင်းထားချင်လည်းထားမလားလို့။

7.7.2007ကစစုတဲ့ ကျွန်မရဲ့စုဘူးလေး။ (私 の 貯金箱 - わたし の ちょきんばこ)



4 comments:

thamudayanwe said...

တော်သေးတာပေါ့ပိုက်ဆံပဲစုလို့ နေ့တိုင်းကုန်ကျစရိတ်တွက်နေရင်တော့..အမလေး...

ကျေးဇူးပဲညီမရေ..အမဂျပန်ဆိုင်က.ငရုတ်သီးပုံပါတဲ့ဟာကို
ရွေးဝယ်တာ..တကယ်စပ်တယ်..ညီမကြိုက်ရင်ရှာဝယ်
ဘယ်လိုမှမရဘူး..ဒီနေံလည်းရှာရင်းဂျပန်ဆိုင်
တရုပ်အစားအစာတန်းမှာငရုတ်သီးထုပ်လဲတွေ့ တယ်..မ၀ယ်ရဲဘူး..စပ်နေမှာဆိုးလို့..
ကိုးရီးယား..ကင်ချီမှုန့်လဲတွေ့ တယ်..
အရောင်တင်မှုန့်ထင်တယ်နော်..
ဒွတ်ခပဲ..ဒီငရုတ်သီးတွေနဲ့တော့

မျှားပြာ said...

ကျွန်တော်လည်း မေထုန်ဖွားပဲ အစ်မရ ..
အပြောင်းအလဲတော့ မမြန်ပါဘူးဗျာ ..း)
စုဘူးကတော့ ဘုစုခရုတွေရမှပဲ စုတော့မယ် ဟေး ဟေး
ဟင်းတွေလည်း ချက်တော့ဘူးနော် ..
အဆင်ပြေါစေအစ်မရေ ...။

nu-san said...

ညီမရေ. စိတ်ကူးကောင်းလိုက်တာ.. အမလည်း စုဗူးစု အုံးမယ်.. တချိန်ချိန် အသုံးတည့်ချင် တည့်မှာပေါ့နော်..:D
ညီမပြောသလိုပဲ ယန်း ၅၀၀ စေ့ တွေ ရရင် ရသလို စုထားမယ်လို့ မနက်က ဒီပို့စ်ဖတ်ရင်း ပြောနေကြတာ.. idea ကောင်းပေးတဲ့အတွက် ကျေးဇူးပါ.. :)

Winkabar said...

ကောင်းတယ်အစ်မရေ။ သားမြေးမြစ်တွေကိုပြဖို့စုတာလည်း။ သမီးလည်းစုကြည့်ဦးမယ်။ စုဗူးကိုတစ်ခါမှမသုံးဖူးဘူး။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP