Monday, November 19, 2007

ပုံဖော်ထမင်းဘူး





"ကရလာဘဲန်း - キャラ弁" (Character lunch box) လေးတွေ TVအစီအစဉ်မှာ မြင်ဖူးနေတာတော့ ကြာပါပြီ။ အမည်မသိတာနဲ့ အင်တာနက်မှာ "အိုဘဲန်းတိုး-お弁当"လို့ ရှာကြည့်ရင် တခြားထမင်းဘူးတွေများပြီး ပုံဖော်ထမင်းဘူးကို အများကြီး မတွေ့ရဘူး။ ဒီနေ့မှ "ကရတ်လာဘဲန်း - キャラ弁"လို့ခေါ်မှန်း သိတော့တယ်။ Characterရဲ့ ဂျပန်လို အသံထွက် "ကရလာကူတာ - キャラクター"နဲ့ "အိုဘဲန်းတိုး-お弁当" ပေါင်းပြီး "キャラ弁"လို့ ချုံ့ရေးလိုက်တာပါ။ ကာတွန်းဇာတ်ဆောင်တွေ သရုပ်ဆောင်တွေရဲ့ Characterကို ပုံဖော်ထားလို့ "ကရလာဘဲန်း - キャラ弁"လို့ခေါ်တာပါ။ အဲဒီအမည်နဲ့Google မှာရှာတော့ တွေ့တော့တွေ့ပါရဲ့။ ဒါပေမယ့် လုပ်နည်းတွေ မပါဘူး။ ဒါနဲ့ စပ်စုနေကျ ဂျပန်ဟင်းချက်နည်းဆိုက်မှာ ရှာလိုက်တာ အများကြီးဘဲတွေ့တယ်။ အဲဒီထဲကမှ "အလွယ်တကူပုံဖော်ထမင်းဘူး - キャラ弁 簡単" လုပ်နည်းတချို့ကို တင်လိုက်ပါတယ်။ "ကရလာဘဲန်း - キャラ弁"တိုင်းမှာ "နိုရိ - のり (海苔)"လို့ခေါ်တဲ့ ရေညှိခြောက်နဲ့ ချိစ်အလွှာကို သုံးထားတာ တွေ့ရပါတယ်။

Relaxkuma(リラックマ)ထမင်းဘူး



(၁) ထမင်းကို ပဲငံပြာအကြည်ရည်ရယ် ငါးအသားမှုန့်နဲ့ ရောနယ်ပြီး အရွယ်တော်အဆုပ် သုံးခုလုပ်ပါ။
(၂) ထမင်းဘူးထဲ နေရာတကျထည့်ပါ။
(၃) ချိစ်အလွှာကို ပုံဖော်ညှပ်ပြီး နားရွက်နဲ့ နှာခေါင်းနေရာချပါ။ ပြီးရင် ပုံဖော်ညှပ်ထားတဲ့ ရေညှိခြောက်ကို မျက်လုံးနဲ့ နှာခေါင်းအပေါ်မှာထားပါ။ နောက်ဆုံး အသီးအရွက် တန်ဆာပလာတွေထည့်ပြီး မျက်စေ့ပသာဒဖြစ်အောင် လုပ်ပြီးရင် ပြီးပါပြီ။
*မူရင်းပြုလုပ်နည်း ဒီမှာပါ*


Hello kitty(ハローキティー)ထမင်းဘူး


(၁) ထမင်းဖြူကို ဆုပ်ပြီး နေရာချပါ။
(၂) ပြောင်းဖူးစေ့တစ်စေ့ကို နှာခေါင်းနေရာမှာ ထားပါ။
(၃) အမဲရောင်ပဲစေ့နှစ်စေ့ကို မျက်စေ့နေရာမှာ ထားပါ။
(၄) သွားကြားထိုးတံကို သုံးပြီး နှုတ်ခမ်းမွှေးနေရာအတွက် ခပ်တိမ်တိမ် အပေါက်လေးလုပ်ပါ။
(၅) နှုတ်ခမ်းမွှေးအတွက် ခပ်မျှင်မျှင်ညှပ်ထားတဲ့ ရေညှိခြောက်ကို သွားကြားထိုးတံနဲ့ တို့ယူပြီး အပေါက်နေရာလေးမှာ ထိုးထည့်ပါ။
(၆) ပန်းပွင့်အတွက် "အသားပြား-ဟမ်"ကို ပုံဖော်ပြီး ဝတ်ဆံနေရာမှာ ချိစ်အလွှာကို ညှပ်တင်ပါ။ နောက်ဆုံး နားရွက်နေရာနား ထားလိုက်ရင် ပြီးပါပြီ။
*မူရင်းပြုလုပ်နည်း ဒီမှာပါ*


Totoro(トトロ)ထမင်းဘူး


"တိုနားရိ နို တိုတို့ရို-Tonari no Totoro" (My neighbor Totoro) ကာတွန်းကားထဲက "တိုတို့ရို"ထမင်းဘူးပါ။
(၁) ထမင်းကို ပဲငံပြာအကြည်ရည်ရယ် ငါးအသားမှုန့်နဲ့ ရောနယ်ပြီး ကိုယ်လုံးအတွက် အဆုပ်ဆုပ်ပါ။ လက်ကိုထမင်းစေ့ပြန်မကပ်အောင် ပလက်စတစ်ခံပြီး ဆုပ်နိုင်ပါတယ်။ နားရွက်အတွက် ခပ်ချွန်ချွန် သေးသေးလေး နှစ်ခုလုပ်ပါ။
(၂) အပေါ်က ရေညှိခြောက်အုပ်ပါ။
(၃) ထမင်းဘူးထဲထည့်ပါ။
(၄) ချိစ်အလွှာကို မျက်လုံးနဲ့ ဝမ်းဗိုက်အတွက် ဖြတ်ယူပါ။
(၅) ပြီးလျှင်နေရာချပြီး ညှပ်ထားတဲ့ ရေညှိခြောက်တွေကို မျက်စံနဲ့ ရင်ဘတ်မှာ နေရာချပါ။
(၆) နှာခမ်းမွှေးအတွက်ညှပ်ထားတဲ့ ရေညှိခြောက်အချောင်းလေးတွေရဲ့ တဖက်စွန်းကို "မရောနိစ်"နဲ့ တို့ပါ။
(၇)ပြီးလျှင် နှာခမ်းမွှေးနေရာမှာ ကပ်ပါ။ ဤတွင် "တိုတို့ရို"ပြီး၏။
*မူရင်းပြုလုပ်နည်း ဒီမှာပါ*


Makkurokurosuke(まっくろくろすけ)ထမင်းဘူး


Tonari no Totoro (My neighbor Totoro) ကာတွန်းကားထဲကဘဲ ထမင်းဘူးပါ။
လွယ်လွယ်လေးပါ။ ဝိုင်းဝိုင်းလေးညှပ်ထားတဲ့ ရေညှိခြောက်အပေါ် ချိစ်အလွှာကိုလည်း ဝိုင်းဝိုင်းညှပ် မျက်စေ့နေရာအတွက် အပေါက်ဖောက်ပြီးတင်လိုက်ရင်ပြီးပါပြီ။
*မူရင်းပြုလုပ်နည်း ဒီမှာပါ*

"တိုနားရိ နို တိုတို့ရို"ကာတွန်းကားကို ကျွန်မခြောက်တန်းလောက်တုန်းက မြန်မာ့ရုပ်သံက လွှင့်ဖူးပါတယ်။ အဲဒီတုန်းက မီးကမမှန်တော့ တပိုင်းတစလောက်ပဲ ကြည့်ခဲ့ရတယ်။ ဘာမှန်းနားမလည်ပေမယ့် အဲဒီကာတွန်းကားထဲက "မာ့ကုရိုကုရိုစုကဲ"ကို "မာ့ဂုရုဂုရုဂဲ"၊ သရဲအိမ် "အိုဘကဲရရှီကိ- お化け屋敷"ကို "အိုဘားဂီရဂီ"လို့ နားကြားလွဲတာ မှတ်မိနေပါသေးတယ်။ ဒီရောက်ပြီးမှ မနွေလည်တိုက်တွန်းလို့ youtubeမှာ ရှာပြီး ပြန်ကြည့်ဖြစ်တယ်။ ဒီမှာများ အဲဒီကားထဲက meiလေးလို သမီးလေးမွေးရင် "ကရလာဘဲန်း" လုပ်ခိုင်းလို့ ဦးနှောက်ခြောက်ကိန်းမြင်တယ်။ ဒီမှာက ထမင်းဘူးကို အလှဆင်ပြီးထည့်ပေးကြတာ။ ဘယ်သူမှလည်း စတီးချိုင့် မကိုင်ကြဘူး။ ဘာပြောပြော ကျွန်မတော့ ငယ်ငယ်က ကျောင်းကိုလာပြီး မောင်လေးနဲ့ကျွန်မကို နေ့လည်စာလာကျွေးတဲ့ အမေ့ရဲ့သုံးဆင့်ထမင်းချိုင့်ကြီးနဲ့ စားခဲ့ရတဲ့အချိန်တွေကို လွမ်းမိပါရဲ့--------


7 comments:

nu-san said...

ထမင်းဘူးတွေက စားဖို့မကောင်းပဲ ချစ်ဖို့ပဲ ကောင်းတယ်။ :)
Totoro ကို အမလည်း အရမ်းကြိုက်တယ်.. Studio Ghibli က ထုတ်တဲ့ ကားတော်တော်များများ ကောင်းတယ်။ အမတော့ အကုန်ကြိုက်တယ်. :D

မျှားပြာ said...

ကျွန်တော်ကတော့ အလှမကြည့်ချင်ဘူးဗျာ .. စားပဲစားလိုက်ချင်တော့တယ် .. ။း)

မာန်လှိုင်းငယ် said...

ချစ်စရာအရမ်းကောင်းတဲ့ ပုံလေးတွေပဲ။ အဲလိုလုပ်နိုင်ဖို့က မလွယ်ဘူးထင်တယ်နော်။ စိတ်ရှည်ရတယ်။ ကျနော် ဗျဟုသုတတိုးတယ်ဗျာ။ မမြရေ။

ကလိုစေးထူး said...

ထမင်းဘူးထဲက စားစရာတွေကို မစားရက်လောက်အောင်ပဲ အနုပညာဆန်လှပါပေတယ်။ အောက်ဆုံးညာဘက်ထောင့်က လူမျက်နှာပုံကို သဘောအကျဆုံးပဲ။ ထမင်းကြော်တွေနဲ့ ပုံဖော်ထားပုံရတယ်နော်။

Chit Lay Pyay said...

Hello Kitty ထမင်းဘူးလေးကို အကြိုက်ဆုံးပဲ၊ အဲလို ထမင်းဘူးနဲ့ သာ ထည့်ပေးရင်တော့ မြန်မြန် ၀ိတ်ကျနိုင်တယ်၊ ချစ်ဖို့ကောင်းလို့ မစားရက်ပဲ ထိုင်ကြည့်နေတာနဲ့ ဆိုတော့၊

Red's Rose Dream said...

အမရေ အကုန်စားသွားတယ်။
အ၀သေးလို့ လိုက်ပွဲပေးပါဦး။

ထွန်း said...

ဂျပန်တွေက အစားကို မျက်စိနဲ့ စားတယ်ဆိုတာ ယုံသွားပြီ။ အနောက်တိုင်း ဥရောပ အစာတွေက ပေါင်မုန့်  အသားညှပ်။ ကြက် ငါး အာလူးကြော် အရသာကို မတွေ့ ဘူး ဗမာပါးစပ်နဲ့ ပြောတာပါ။ မြေထဲပင်လယ် ပိုင်းက အစာတွေက ဗမာအစာလို ခရမ်းချဉ်သီးနဲ့ ချက်တာ ဥပမာ အီတလီ အစာတွေပေါ့. အာရှ အစာဝယ်စားလို့ မရတော့ ကိုယ်တိုင်ဘဲ ချက်စား ရတယ် ဂျပန် စားသောက်ဆိုင်ရှိတယ် တပွဲ ၇ပေါင်တောင် ပေးရတယ် ချက်တဲ့သူတွေ တယောက်မှ ဂျပန်မဟုတ်ဘူး ဗမာနဲ့ အဖြူ အမဲ (ကပလီ)တွေ ဟင်းရည် သောက်တဲ့ ဇွန်းက ယောင်းမအရွယ် သစ်သားဇွန်းကြီးဗျ ဟတ်ဟတ် အချိုမှုန့် အရသာ နဲ့ တကယ်မိုက်တယ် ဈေးပါမိုက်တယ်ဗျ

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP