Wednesday, November 21, 2007

"Y" နဲ့ "O"


တိုက်ဆိုင်မှုကြုံလာတိုင်း ရင်ထဲ စပ်ဖျင်းဖျင်းခံစားရတဲ့အကြောင်းပါ။ ဒီအကြောင်း ရေးရပေမယ့် ကျွန်မ ဆေးပညာနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် မသိတာကို ကြိုပြောချင်ပါတယ်။ ကျောင်းတော်ကသင်ပေးလိုက်တဲ့ အသိပညာထဲက ဝေဝေဝါးဝါးကျန်နေတဲ့မှတ်ဉာဏ်ကို ပြန်တိုက်ချွတ်ရေးသားလိုက်ပါတယ်။

--------------------------------------------

"Y"

ကျွန်မဆယ်တန်းလောက်တုန်းကပေါ့။
"မွေးပြန်ပြီ။ ဒီေ-ာက်ကောင်မလေးတွေဘဲ။ ဒီေ-ာက်သုံးမကျတဲ့မိန်းမ"
ဘေးအိမ်က ဦးလေးကြီး မြည်တွန်တောက်တီးသံကြောင့် အိမ်ရှေ့ရေတွင်းမှာ ရေခပ်နေတဲ့ကျွန်မ ရုတ်တရက်မို့ လန့်သွားပါတယ်။ သြော်သူ့မိန်းမ ကလေးမွေးပြီကိုး။ ပြီးတော့ မိန်းကလေးတဲ့။ ရှေ့ကမွေးထားတဲ့ သုံးယောက်စလုံး မိန်းကလေးတွေကြီးဘဲမို့ သားလိုချင်တာ နားလည်ပါတယ်။ ဒါပေမယ့် သမီးလေးမွေးလာတော့ ဒေါသထွက် အရက်သောက် မူးရူးပြီး သူ့မိန်းမကော ကလေးကိုပါ ကလော်ဆဲနေပါတယ်။ ကျွန်မရင်ထဲ မကောင်းပါဘူး။ ကိုယ့်ရင်သွေး လူ့လောကထဲရောက်လာတာ တခြားသူတွေရဲ့အပြုံးကို မရရင်တောင် မိဘနှစ်ပါးရဲ့ပီတိကို ကလေးလေးခံစားသင့်ပါတယ်။ သွေးပူတုန်းပြောတာဆိုရင်တောင် နောင်ကြီးပြင်းလာတဲ့တချိန်ချိန် စကားစပ်မိလို့ပြောကြရင် ငါမွေးလာတုန်း ငါ့မိဘ မပျော်ပါလားဆိုတဲ့အသိက ရင်ထဲသိမ်ငယ်ခံစားရမှာပါဘဲ။ ကိုယ်ချင်းစာမိတာပါ။ ကျွန်မမွေးတုန်းက အဝေးရောက်နေတဲ့အဖေ၊ အမရှိပြီးပြီဆိုတော့ ယောက်ျားလေးလိုချင်တဲ့အဖေ ဖုန်းဆက်မေးပြီး ကျွန်မမှန်းသိတော့ "ဟင်-မိန်းကလေးဘဲလား"တဲ့။ မြင်တဲ့အချိန်မှာ သူ့နဲ့ချွတ်စွတ်တူလို့ ကျေနပ်သွားတယ်ဆိုပေမယ့် ဒီအကြောင်းတွေပြန်ပြောတိုင်း ကျွန်မမွေးလာတဲ့အချိန် အဖေ့မျှော်လင့်ချက် ပျက်သွားတာတွေးမိရင် စိတ်မကောင်းပါဘူး။

သားသမီးဆိုတာ တကယ်တော့ ထီထိုးထားသလိုပါဘဲ။ သိန်းဆုပေါက်လား သောင်းဆုဝင်မလား မသိနိုင်ပါဘူး။ သားသမီးကို အရင့်အရင်က ရွေးချယ်ပိုင်ခွင့် မရှိပေမယ့် ဒီတိုးတက်တဲ့ခေတ်ကြီးမှာတော့ ရွေးချယ်ယူလို့ရနေပါပြီ။ အများဆုံးရွေးချယ်ခံရတာလည်း ယောက်ျားလေးတွေပါ။ လူမျိုးအတော်များများရဲ့အယူအဆမှာလည်း ယောက်ျားလေးမွေးလာရင်ကောင်းပြီး မိန်းကလေးမွေးလာရင် မျက်နှာမရပါဘူး။ ဗုဒ္ဓဘာသာဝင်ဆိုရင်တော့ ယောက်ျားလေးဆို သာသနာ့ဘောင်သွင်းပြီး ရဟန်းမိဘဖြစ်ရတာကို ဂုဏ်ယူပါတယ်။

လိုချင်ဆန္ဒကို မပြောလိုပေမယ့် မိန်းကလေးမွေးလာလို့ ကိုယ့်ရင်သွေးကို ငြူစူတဲ့အပြင် မိန်းမဖြစ်သူကိုပါ ရှုတ်ချပြောဆိုတဲ့သူတွေကိုတွေ့ရင် ကျွန်မအတော်မကျေနပ်ပါဘူး။ တကယ်ဆို မိန်းကလေးဖြစ်မလား ယောက်ျားလေးဖြစ်မလားဆိုတာ ဖခင်ပေါ်မှာဘဲမူတည်တာပါ။ မိခင်ဖက်ကမျိုးစေ့မှာ XXခရိုမိုဆုံးဘဲရှိပြီး ဖခင်ဖက်မှာXYခရိုမိုဆုံးရှိပါတယ်။ Yနဲ့ပေါင်းရင် ယောက်ျားလေးဖြစ်ပြီး Xနဲ့ပေါင်းရင် မိန်းကလေးဖြစ်မှာပါ။ ဒီအကြောင်းတွေ မသိခင်က ပြန်လည်ချေပမပြောနိုင်ခဲ့ပေမဲ့ အခုတော့ လုံးဝဘဲ။ မောင်ဝမ်းကွဲလေးတွေကိုပါ ရာဇသံပစ်ထားတယ်။ မိန်းမယူ ကလေးမွေးလို့ သမီးတွေချည်းရရင် မိန်းမကိုအသုံးမကျဘူးမပြောနဲ့၊ ကိုယ်တိုင်ဘဲ အသုံးမကျတာလို့။

ဒီစာရေးတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် အလုပ်ဝင်တုန်းကနေ အခုထိခင်တဲ့ ညီမလေးတစ်ယောက်အကြောင်း သတိရမိပါတယ်။ သွက်လက်ထက်မြက်ပြီး သူတပါးကို အတော်ကူညီတတ်တဲ့ ညီမလေးပါ။ သူ့ဘဝအကြောင်း (သူ့မေမေအကြောင်းဆိုရင် ပိုမှန်မယ်) နားထောင်ခွင့်ရချိန်မှာ ကျွန်မ အတော်ရင်မော စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မသာ "ဂျူး"လို စာတွေရေးတတ်ရင် ဖောက်ပြန်ချင်လို့ ကိုယ့်တပည့်နဲ့ယူသွားပြီး သမီးချည်းဘဲနှစ်ယောက်မွေးလို့ နောက်မိန်းမယူရပါတယ်လို့ ဆင်ချေပေးတဲ့လူအကြောင်း ပစ်ပစ်နှစ်နှစ်ရေးလိုက်ချင်ပါတယ်။ ညီမလေးတို့ ညီအစ်မကတော့ အုပ်ထိမ်းမှုကောင်းတဲ့ သူ့မေမေရဲ့ အရိပ်အာဝါသအောက်မှာ ထူးချွန်သူလေးတွေဖြစ်တဲ့အပြင် နှစ်စဉ် ဝါဝင်ဝါထွက်တိုင်း ဖခင်ကိုရော ဖခင်ဖက်က အဖိုးအဖွားတွေကိုပါ မပျက်မကွက် သွားရောက်ကန်တော့ဆဲပါ။ နောက်အိမ်ထောင်နဲ့ ပုစုခရုကလေးငယ်တွေအတွက် ရုံးကန်နေရတဲ့ သူ့ဖေဖေကို သနားတယ်၊ အလုပ်ကျွေးပြုချင်တယ်တဲ့။ တခါခါတော့လည်း မိန်းကလေးမွေးလို့ သူ့မေမေကို ပစ်သွားတယ်ဆိုတာပြောပြီး မျက်ရည်ဝဲလို့ရယ်။ ကျေးဇူးဆပ်နိုင်ဖို့ကြိုးစားနေတဲ့ ညီမလေး အမြင်ပါစေလို့ ဆုတောင်းရင်း မွေးလာတဲ့ သမီးလေးတိုင်းလည်း မိဘနှစ်ပါးလုံးရဲ့ ပီတိကို ရနိုင်ပါစေလို့။
--------------------------------------------

"O"

ဒီအဖြစ်နဲ့ကြုံတာ ဆယ်တန်းဖြေပြီး ကျောင်းတွေပိတ်ထားတုန်း ရန်ကုန်က အဖေ့ဘက်ကအဖွားအိမ်မှာ ကွန်ပျူတာသင်တန်း လာတက်တုန်းကပါ။ တရက် ထမင်းစားနေတုန်း စကားဆက်စပ်လို့ပြောကြရင်း အဒေါ်တစ်ယောက်က သူတို့ဖက်(အဖေ့ဖက်)အမျိုးတွေက "B"သွေးအုပ်စုတွေချည်းဘဲလို့ပြောပါတယ်။ ကျွန်မကိုလဲမေးတော့ အဖေ၊အမေ၊အမနဲ့ကျွန်မက "B"သွေး၊ မောင်လေးတစ်ယောက်ဘဲ "O"သွေးပါလို့ပြောလိုက်တယ်။ အဲဒီမှာတင် အဒေါ်က အဖေ၊အမေ "B"သွေးဖြစ်ရက်နဲ့ မောင်လေး"O"သွေးဖြစ်တာ လုံးဝမဖြစ်နိုင်ဘူးဆို ပြောပါတော့တယ်။ ပြီးတော့ တခုခုမှားနေတာဖြစ်မယ်လို့ ထပ်ခါထပ်ခါပြောရင်း မဲ့ပြုံးနဲ့ ကျွန်မကိုကြည့်ပါတယ်။ ပြောရရင် ကျွန်မအမေကဘဲ ဖောက်ပြန်ပြီး ဆုံးသွားတဲ့အဖေ့အပေါ် သစ္စာမရှိသလို ဆိုလိုချင်တာတယ်။ ကျွန်မစိတ်မကောင်းဖြစ်လွန်းလို့ ထမင်းတောင်ဆက်မစားနိုင်ပါဘူး။ ဒေါသထွက် ငိုချင်မိပြီး အမေ့ဆီ ပြန်ပြေးချင်တာဘဲသိတယ်။ အဲဒီတုန်းက ကျွန်မ ဖြေရှင်းမပြတတ်ခဲ့ဘူး။ အခုတော့ ဘာရမလဲ၊ လာပြောလို့ကတော့ ပထမနှစ်မှာ ကျောင်းတော်ကသင်ပေးလိုက်တဲ့ အသိပညာနဲ့ ရှင်းပြပြီး ဘာမှနားမလည်ဘဲ အမေ့ကို စော်ကားတဲ့သူတွေအပေါ် (နားမလည်ဘဲ သူများကိုကဲ့ရဲ့တဲ့ ငတုံးဆိုတဲ့အကြည့်နဲ့) ခပ်ကြောကြောပြန်ကြည့်လိုက်ဦးမယ်။

မိဘဆီကသွေးအုပ်စု သားသမီးဆီရောက်ရင် ဖြစ်နိုင်ချေတွေကို အောက်မှာ ရေးပြလိုက်ပါတယ်။ မိဘနှစ်ပါး "B"သွေးဖြစ်တိုင်း သားသမီးအားလုံး "B"သွေးမဟုတ်နိုင်ပါဘူး၊ "O"သွေးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ဝင်စားသူတွေအတွက် သွေးအုပ်စုတွက်ပုံကို ဒီမှာကြည့်နိုင်တွက်နိုင်ပါတယ်။
A + A = A (or) O
B + B = B (or) O
AB + AB = A (or) AB (or) B
AB + A = A (or) AB (or) B
AB + B = A (or) AB (or) B
O + O = O
O + A = O (or) A
O + B = O (or) B
O + AB = A (or) B

ကျွန်မရေးသားထားတဲ့ ဒီဆေးပညာနဲ့ပက်သတ်တဲ့ အကြောင်းတွေ သိပြီးသားသူတွေလည်းရှိကြမှာပါ။ မသိကြသေးသူအဖို့ ကျွန်မလိုအဖြစ်မျိုးများကြုံခဲ့ရင် ပြန်လည်ဖြေရှင်းပြောပြနိုင်ဖို့ ရေးသားလိုက်ပါတယ်။ ဒီ"Y"နဲ့"O"ကို ကျွန်မဘဝထဲက နာကျင်ခဲ့ရတဲ့အပိုင်းအစများဖြစ်လို့ ဘယ်တော့မှ မမေ့နိုင်ပါဘူးရှင်။


10 comments:

Red's Rose Dream said...

အမလိုဘဲ မိန်းကလေးမွေးလို့ စိတ်ညစ်သွားတဲ့ ဖေဖေ ကျွန်မမှာ တစ်ယောက်ရှိပါသည်။ အခုတော့ သူနဲ့တူလို့တဲ့
အိမ်ကနေကို ထွက်မသွားစေချင်ပါဘူးတဲ့လေ။ :P
အို နဲ့ ပက်သက်တဲ့ ဗဟုသုတများအတွက် ကျေးဖူးတင်ပါတယ်ရှင်။

nu-san said...

ညီမရေ... တရုတ်တွေလည်း အဲလို အယူရှိတယ်.. သမီးမိန်းခလေးဆိုရင် မချစ်ကြဘူး။ ယောင်္ကျားလေးမှ မြတ်သတဲ့.. ဒါပေမယ့် ကိုယ်ကရွေးချယ်ခွင့် မရှိတဲ့အထဲမှာ သားသမီးလည်း ပါတာဆိုတော့ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ချစ်ရမှာပေါ့.. အခြောက်ကလေး မဖြစ်ရင် ပြီးတာပဲ မဟုတ်လား.. ယောင်္ကျားလေး ဖြစ်ပြီး မိန်းခလေးလို ဖြစ်နေမယ်.. မိန်းခလေးဖြစ်ပြီး ယောင်္ကျားလေးလို ၀တ်စားနေထိုင်မယ်ဆိုရင် ဘာမှတတ်နိုင်မှာ မဟုတ်ဘူး... ညီမလေးပြောတဲ့ Y နဲ့ O အကြောင်းကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်.. ဗဟုသုတလည်းရတယ်..

စိုးထက် - Soe Htet ! said...

ကျွန်တော်ကတော့ သမီးလေးမွေးတာ ပျော်လွန်းလို့ .. ဘာပဲ ဖြစ်ဖြစ် ကိုယ့်သွေးသားပဲလေ... :D

လင်းဦး(စိတ်ပညာ) said...

ဟုတ်တယ်...ကျွန်တော်တို့ဆီမှာ အယူအဆအစွဲတွေနောက်ပဲ လိုက်နေကြတယ်....ကိုယ်သွေးသားပဲဟာကို......ယောက်ျား ကောင်းတစ်ယောက်ဖြစ်ဖို့ထက် မိန်းမကောင်းတစ်ယောက် ဖြစ်ဖို့က ပိုခက်ပါတယ်ဆိုတာ ကျွန်တော်မှတ်သားခဲ့ဖူး ပါတယ်။..

လုလု said...

မြရွက်ဝေရေ့  မလု လာလည်သွားတယ်နော်။ အမြဲလိုလို လာလည်ဖြစ်ပေမယ့် ဆီပုံးမရှိတော့ အလွယ်တကူ မအော်ဖြစ်ခဲ့ဘူးနော်။ အရေးအသားကောင်းတဲ့ ညီမဘလော့ဂ်ကိုလည်း ကြိုက်ပါတယ်။

သဇင်ဏီ said...

"Y" post ကို ၂ ခေါက်တိတိပြန်ဖတ်မိတယ်...

Yan said...

ဒီထက်ကောင်းတာတောင် ဒီလောက်မကောင်းဘူး မမြရွက်ဝေရေ...
အဲလို သွေးအမျိုးအစား ဖြစ်ပေါ်ပုံကို စိတ်ဝင်စားနေတာ၊ ဘယ်လိုမှလည်း မရှာတတ်ဘူးဖြစ်နေတာဗျ.

ကျေးဇူးအများကြီးတင်ပါတယ်ဗျာ.

Pork Chop လုပ်နည်း ပြောပြမယ်. :D

ခင်မင်လေးစားလျက်

ရန်အောင်

ကလိုစေးထူး said...

ကျနော်တို့ ညီအကိုကတော့ ညီမလေးကို မွေးတုန်းက ကွေးနေအောင် ကပြီး ပျော်ခဲ့ဖူးတယ်။ ခံစားချက်ကို မှီတည်ရင်း သွေးအုပ်စုတွေရဲ့ ဆင်းသက်ပုံကိုပါ ရှင်းပြသွားတာအတွက်ကျေးဇူးပါ။

Winkabar said...

လူတွေကတော့ဒီလိုပါပဲအစ်မရယ်။ မသိပဲနဲ့ထင်ရာမြင်ရာ
လျှောက်လျှောက်ပြောနေကြတာ။ စိတ်ထဲထည့်မနေပါနဲ့။
ဗဟုသုတရတယ်အစ်မရေ။ ကျေးဇူးနော်။

မျှားပြာ said...

ကျွန်တော်ဆို ကျွန်တော့်ညီမကို သိပ်ချစ် ..
အစ်မရေ အဆင်ပြေပါစေဗျာ ..။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP