Friday, December 14, 2007

ရှင်သန်ခြင်း


မနက်တိုင်းကြည့်ဖြစ်တဲ့ TBS 朝ズッバ - သတင်းအစီအစဉ်မှာ ဒီနေ့ စာအုပ်တစ်အုပ်အကြောင်း မိတ်ဆက်တာကြည့်လိုက်ရတယ်။ Breast Cancer နဲ့ ဆုံးသွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူမကတော့ ဒီနှစ် ငါးလပိုင်းမှာ ဆုံးသွားခဲ့ပါပြီ။ သူမဆုံးသွားတဲ့အချိန်မှာ အသက်(၂၄)နှစ်ပဲရှိပါသေးတယ်။ သူမ မဆုံးခင် ဆေးရုံတက်တုန်းက ရိုက်ထားတဲ့ ဗီဒီယိုမှတ်တမ်းနဲ့ တွဲပြသွားပါတယ်။

သူမလေးက ကားအရောင်းပြခန်းက model ပါ။ ချောလည်းအတော်ချောပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်လေးလို့ ပြောရင် ပိုမှန်မယ်။ သူမ (၂၃)နှစ်မှာ Breast Cancer ဖြစ်နေကြောင်း ဆေးစစ်ချက်အရသိလိုက်ရပါတယ်။ သူမဆေးရုံတက်ရတော့ သူမအနား အမြဲနွေးထွေးနှစ်သိမ့်ပြီး အားပေးသူကတော့ သူမဖခင်နဲ့ သူမချစ်သူပါ။ သူတို့ရဲ့အားပေးမှုနဲ့ ဝေဒနာကို ကြံ့ကြံ့ခံရင်း သူမရဲ့ Breast နှစ်ဖက်လုံးဖြတ်တောက် ခွဲစိတ်ခဲ့ပါတယ်။ ဒီလိုဖြတ်တောက်လိုက်ရင် ကောင်းသွားမယ်လို့ မျှော်လင့်ချက်ရှိခဲ့လို့ပါ။ ရင်သားမရှိတော့တဲ့ မိန်းခလေးကို လက်တွဲရမယ့် သူမချစ်သူအတွက် မိန်းကလေးတစ်ယောက်ရဲ့ လှပမှု မရှိတော့လို့ သူမအရမ်းအားနာငိုကြွေးခဲ့ပါတယ်။

ခွဲစိတ်ပြီး ကိုးလအကြာမှာ ရောဂါပြန်ခံစားရလို့ ဆေးရုံပြန်တက်ရပြန်တယ်။ အဲဒီအချိန်မှာသိလိုက်ရတာက သူမ အဆုတ်နဲ့ ကျောရိုးအထိ Cancer cell တွေ ပျံ့နေပြီး နောက်ကျနေပြီဆိုတာပါဘဲ။ အသက်ကို အတော်ခက်ခက်ခဲခဲရှုနေရတယ်။ အရိုးတွေကျိုးသလို နာကျင်တယ်လို့ သူမပြောတယ်။ ဒါပေမယ့် သူမ အသက်ဆက်ရှင်ဖို့ မျှော်လင့်ခဲ့တယ်။ သူမအနာဂါတ်စိတ်ကူးကို သာမာန်မိန်းကလေး အိမ်ထောင်ရှင်ဘဝအဖြစ် ဖြတ်သန်းချင်တယ်လို့ ပြောခဲ့တယ်။

သူမ မသိခဲ့တာက သူမသက်တမ်း တစ်လဘဲရှိတော့တာကိုပါ။ ဆေးစစ်ချက်ထွက်လာပြီး သိလိုက်ရတဲ့အဖြေကို ဖခင်က ပြောမထွက်ရက်ခဲ့ပါဘူး။ သူမ ဖခင်ရော ချစ်သူပါ သူမစိတ်ပေါ့ပါးအောင် နွေးထွေးမှုပေးခဲ့ပါတယ်။ သူမလည်း ဝေဒနာသည်းတဲ့အချိန်ကလွဲလို့ ခပ်ပြုံးပြုံးလေးဘဲ အားလုံးကို ဆက်ဆံပါတယ်။ သူငယ်ချင်းတွေကလဲ သူမကို လက်သည်းနီဆိုးပေး အလှပြင်ပေးနဲ့ ရောဂါသည်လို့မခံစားအောင် အားပေးလို့ပါပဲ။ Cancerဝေဒနာသည်လို့ မထင်ရက်စရာကောင်းလောက်အောင် သူမမျက်နှာလေးက အမြဲလမ်းဆန်းနေပါတယ်။

သူငယ်ချင်းတွေကို သူမ မသေခင် မင်္ဂလာဝတ်စုံဝတ်ဖူးသွားချင်တယ်လို့ ဖွင့်ပြောခဲ့တယ်။ ဒါနဲ့အားလုံး စုပေါင်းပြီး သူမတို့ မင်္ဂလာပွဲကို ဧပြီလမှာ ဘုရားကျောင်းမှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘုရားကျောင်းသွားတဲ့ကားပေါ်မှာ သူမရောဂါ ဖောက်လိုက်သေးတယ်။ ဆိုးရွားလာရင် ဆေးရုံကိုပြန်လှည့်ရမှာ။ ကံကောင်းစွာနဲ့ အပြင်းအထန်ဖောက်မလာတဲ့အတွက် မင်္ဂလာပွဲ ချောချောချူချူနဲ့ ပြီးသွားခဲ့တယ်။ သတို့သမီးလေးက အလှဆုံး ပြုံးခဲ့တယ်။

လက်ထပ်ပြီး မေလအရောက်မှာ သူမ အားလုံးကို နှုတ်ဆက်သွားခဲ့ပါပြီ။ ဘယ်သူထင်မှာလဲနော် ငယ်ရွယ်တဲ့ နုပျိုတဲ့အသက်ကို Breast Cancer က စောစောစီးစီး လုသွားမယ်လို့။ သူမရဲ့ မှတ်တမ်းစာအုပ်ထဲမှာ စကားတစ်ခွန်း အားလုံးအတွက် massage ပေးခဲ့ပါတယ်။
"အသင်တို့အားလုံးမှာ မနက်ဖြန်ဆိုတာရှိပါသေးတယ်။ မနက်ဖြန်နဲ့ထိတွေ့နိုင်တာ အံ့ဩဝမ်းမြောက်ဖွယ်ရာပါ"တဲ့။

*****

ရုပ်ရှင်ဆန်တဲ့ တကယ့်အဖြစ်အပျက်ပါ။ ခဏတဖြုတ်လေးကြည့်မိတာတောင် အတော်ဝမ်းနည်းမိတယ်။ ဝေဒနာကိုခံစားရင်း "အားလုံးအသက်ရှင်နေတာကို တန်ဖိုးထားဖို့" သူမပြောသွားတဲ့ စကားလေးတစ်ခွန်းကို ကြားမိလိုက်တဲ့အချိန်မှာ ကိုယ်နဲ့တိုက်ဆိုင်သွားလို့ဘဲလားမသိ စိတ်အားပြည့်သလို ခံစားလိုက်ရပါတယ်။

11 comments:

thamudayanwe said...

ညီမ အမကကျတော့မနေ့က မင်္ဂလာစုံတွဲတွေ လက်ထပ်တာ ပြတာတွေ့လိုက်ရတယ် စိတ်ဝင်စားဖို့ကောင်းတယ် အချိန်မရှိလို့မရေးပြတော့ဘူး
ညီမက ဂျပန်စာတော်၂ကွ်ျမ်းတာပဲ

အိ said...

လာလည်ပၝတယ်။
ရင်ြသန်္ဘခင်း အေုကာင်းဝင်ဖတ်သြားပၝတယ်မ္ဘမရက်ြဝေ...

သဇင်ဏီ said...

သနားစရာကောင်းတဲ့ဇာတ်လမ်းလေးပဲ..
စိတ်မကောင်းစရာပဲနော်...

Chit Lay Pyay said...

ိစိတ်မကောင်းစရာပဲ ညီမရေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့လောကကြီးက ထွက်သွားရတာ၊ သနားစရာနော်၊ ဒါပေမယ့် သူရဲ့ ဆန္ဒလေး ပြည့်စုံသွားလို့ တော်သေးတာပေါ့နော်၊ သူ့ချစ်သူလေးကလဲ တော်တော် ချစ်ရှာတာပဲ၊ သနားပါတယ်နော်၊

su wai said...

အမရေးပြထားတဲ့ အဖြစ်အပျက်လေးက သနားစရာကောင်းလိုက်တာ… အသက် ၂၄ နှစ်ဆိုတာ လူ့လောကကြီးထဲက ထွက်သွားဖို့ စောလွန်းပါသေးတယ်။ ဒါပေမယ့် အသက်ရှင်နေရတဲ့ အချိန်ခဏလေးမှာ အရမ်းချစ်ပြီး နားလည်မှုရှိတဲ့ ဂရုစိုက်တဲ့ အဖေနဲ့ ချစ်သူ ဘေးနားမှာ ရှိနေတာ အဆိုးထဲက ကံကောင်းခြင်းတစ်မျိုးပဲနော်…။ သူ့ရဲ့နောက်ဆုံးအချိန်လေးက အားလုံးရဲ့ ကြင်နာမှုတွေနဲ့ နွေးထွေးလှပနေမှာပါ။ မှတ်တမ်းစာအုပ်ထဲက message လေးကလဲ အားလုံးကို အသက်ရှင်နေထိုင်မှုကို တန်ဖိုးထားဖို့၊ မနက်ဖြန်ကို မျှော်လင့်ချက်တွေနဲ့ စောင့်ကြိုနေဖို့ သတိပေးလိုက်တာပဲနော်…။

NwayLeL said...

daw mothlay ... lar p byo. ya p .

nu-san said...

ညီမလေးရေ.. တဆင့်မျှဝေပေးတာ ကျေးဇူးပါ။ တခါတလေကျရင် အပြင်ဘက်က ဖြစ်ရပ်တွေဟာ ၀တ္ထုထက်တောင် ဆန်းကြယ်တယ်နော်... ကောင်မလေးကို ချီးကျူးမိတယ်။ ကင်ဆာရောဂါရှိနေတာတောင် ဘ၀ ကို အေးအေးလေးနဲ့ တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်သွားတာ လေးစားမိတယ်..

Red's Rose Dream said...

သူက ၂၄ ဆိုတော့ ငယ်သေးတာပေါ့နော်။
ဒီအရွယ်မှာလည်း ရင်သားကင်ဆာဖြစ်တက်တာဘဲလား။
မျိုးရိုးရှိတော့ ကြောက်နေမိတယ်။

Thyda said...

私もその番組を見ました。可哀相ですね!

မျှားပြာ said...

သတို့သမီးလေးက အလှဆုံး ပြုံးခဲ့တယ်။

အဆင်ပြေပါစေ အစ်မမြရွက်ဝေရေ ..။

Konge said...

ကင်ဆာရောဂါသည်
မေတ္တာကိုမချိုးဖဲ့
မျှော်လင့်ခြင်းကိုမချေဖျက်
ယုံကြည်ခြင်းကိုမတိုက်စား
ငြိမ်သက်ခြင်းကိုမဆွေးမြည့်
စိတ်ချချက်ကိုမဖျက်ဆီး
ခင်မင်မှုကိုမသေစေနှိင်
အမှတ်တရစကားများကိုမဖုံးကွယ်
ရဲရင့်ခြင်းကိုမပိတ်ဆို့
ဝိညာဉ်ကိုမထိုးဖောက်နှိင်
ထာဝရအသက်ကိုမရော့ပါး
ဝိညာဉ်တော်ကိုမငြိမ်းသတ်...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP