Thursday, December 20, 2007

လက်ခတ်သံ


ဒီသီချင်းကို စကြားဖူးတာက ကလေးဘဝတုန်းကကြည့်ဖူးတဲ့ "ရွှေချည်ငွေချည်တန်းပါလို့" ဆိုတဲ့ ရုပ်ရှင်ထဲမှာပါ။ ဒေါ်မေနွဲ့ ဘုရားရှိခိုးနေတုန်း ပခက်ထဲက ကလေးငိုလို့ ဘုရားဖြောင့်ဖြောင့် မရှိခိုးနိုင်ဘဲ ကလေးထိန်းပြီး သားချော့တေးအနေနဲ့ ဆိုခဲ့တာပါ။ အဲဒီကတည်းက ဒေါ်မေနွဲ့ ကိုလည်း ကြိုက်၊ သီချင်းကိုလည်း ကြိုက်သွားတာ။ အဲဒီသီချင်းက သီချင်းကြီးလား နှောင်းခတ်တေးလားတော့ မသိပါဘူး။

စဉ်းစားကြည့်တော့လည်း ဇာတ်လမ်းထဲမှာ ဒေါ်မေနွဲ့ပြောသွားတာတွေက အတော်မှန်တာဘဲ။ တပင်စီရှိတဲ့ ချည်မျှင်လေးတွေ ယက်ကန်းစင်မှာ လွန်းနဲ့ယက်ပြီး ပိတ်သားဖြစ်သွားလိုက်တာ နဂိုအတိုင်း ပြန်ရှင်းနိုင်ဖို့ အတော်ခက်တယ်။ ကျွန်မလည်း ဘယ်အချိန်ကတည်းကမှန်းမသိ ချည်နှောင်မိတဲ့ သံယောဇဉ်တွေ တယ်များပါလား။ လွယ်လွယ်နဲ့တော့ ရှင်းနိုင်မှာ မဟုတ်ဘူး။ ရှင်းမရတဲ့အပြင် အရှုပ်ထုပ်ကြီးထဲ အရှုပ်တွေများလို့ကောင်းတုန်း။ (အခုဆို ဘလော့သံယောဇဉ်ပါ တိုးလာပြီ။:P) ဒီသီချင်းကိုလည်း တချိန်ချိန်မှာ ဒေါ်မေနွဲ့လို သားချော့တေးအဖြစ် ဆိုဖြစ်ဦးမလားဘဲ။

လက်ခတ်သံ

{ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဆင်ဝတ်ကြပါစို့ မောင်ကြီးရေ တော့ ---
အောက်ပြည်ကို လှေတော်ထိုး ပိုးမှာလိုက်တယ် လေလေ့} ၂
{အနားတဖတ်တချက်ရယ်က စိမ်းနုခြယ် စိန်းနုခြယ်
အလယ်မှာ သံရောင်ကွက်နဲ့ ချစ်တဲ့သူ ယက်ခဲ့တယ်} ၂
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ ---- လက်ခတ်သံ လက်ခတ်သံ ပျိုလေးလက်ခတ်သံ
လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်ကကြားသလေလေ့
လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်က သောင်းတိုင်က သောင်းတိုင်ကကြားသလေလေ့

ရွှေချည်ငွေချည်တန်းပါလို့ ယက်ကန်းရွှေစင် တန်းရွှေစင် ရွှေချည်ငွေချည်တန်းပါလို့ ယက်ကန်းရွှေစင် တန်းရွှေစင်
ဘယ်သူဘယ်သူဝင်ကာမှ ချည်ခင်ထွေး ဘယ်သူဘယ်သူဝင်ကာမှ ချည်ခင်ထွေး
ရှင်းနိုင်ပါ့သရှင် ရှင်းနိုင်ပါ့သရှင်

ယက်ကန်းစင် အကွက်ဆန်းထွင်
ပျို့မောင်ကြီး ကိုရောင်ပွါးနဲ့ အတော်လိုက်မယ့်အဆင် ယဉ်သလေ့
မျှော်လိုက်တဲ့ခင် ခင်လေး အတော်လိုက်မယ့်အဆင် ယဉ်သလေ့
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ လက်ခတ်သံ လက်ခတ်သံ ပျိုလေးလက်ခတ်သံ
လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်ကကြားသလေလေ့
လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်က သောင်းတိုင်က သောင်းတိုင်ကကြားသလေလေ့


သီချင်းကို ကြိုက်လို့ အမှတ်တရအနေနဲ့သာ ရေးတင်လိုက်တာ။ စာသားအားလုံး မှန်ပါ့မလားတော့ မသိပါဘူး။ မှတ်မိတဲ့အတိုင်း ရေးလိုက်တယ်။ သိသောသူများရှိရင် ပြင်ပေးနိုင်ပါတယ်။

9 comments:

သဇင်ဏီ said...

သွပ်လဲ အဲဒီသီချင်းလေးကို သဘောကျတယ်..
တော်တယ်ကွာ..တို့အမက..စာသားတွေတောင်ရတယ်ဆိုတော့..
စကားမစပ်..ကိုယ်တိုင်တော့ သားချော့တေးအနေနဲ့ ဆိုနဲ့နော်.. အပူမရှာပါနဲ့မရယ်.. ဟီး..ဆရာလုပ်တာ..
အေးချမ်းတဲ့မကို အေးအေးချမ်းချမ်းလေးပဲ ဖြစ်စေချင်လို့ပါ.. စိတ်ဆိုးကြေးနော်..

nu-san said...

ဟယ်.. သားချော့တေးတွေ ဘာတွေ ဆိုနေပါလား.. ညီမလေးရေ.. junior လေးတွေ ရှိနေပြီလား.. ?? :)
သီချင်းလေးကိုတော့ အမတို့ ငယ်ငယ်က ကျောင်းကပွဲမှာ က ခဲ့ဖူးတယ်.. အခုတော့လည်း စာသားတွေက မေ့ကုန်ပါပြီ။ ညီမလေးက မှတ်မိတယ်နော်. ဥာဏ်ကောင်းလိုက်တာ.. :)

Yan said...

စာသားတွေဒီလောက်ရတာ သီချင်းလေးများ မရှိဘူးလား မမြရွက်ဝေ...

ရှိရင် Share ပါဦးဗျာ. ကျွန်တော်လည်း ဒီသီချင်းလေးကို သိပ်ကြိုက်တယ်.

သံစဉ်လှိုင်းဘလော့ဂ်လေးနဲ့ Eng Blog လေးအတွက်လည်း ဖိတ်ခေါ်ချင်ပါတယ်. Email လေး သိပါရစေလား

ခင်မင်လေးစားလျက်

ရန်အောင်

Chit Lay Pyay said...

စစ်ရေ မ လဲ အဲဒီကားကို အရမ်းကြိုက်တယ်၊ သီချင်းလေးကို ပြန်လည် တူးဖော်ပေးတာ ကျေးဇူးနော်၊ ဒါနဲ့ စကားမစပ်၊ အဲဒီသီချင်းဆိုတာ ဒေါ်မေသစ် မဟုတ်ဘူး၊ ဒေါ်မေနွဲ့နော်၊ မှားမှာစိုးလို့ ပြင်ပေးတာ၊ စိတ်ဆိုးနဲ့နော်၊ ပြင်လိုက်အုံး သိလား၊

မြရွက်ဝေ said...

ညီမသဇင်ဏီ==> စိတ်မဆိုးပါဘူးရှင်။
မnu-san ==> junior လေးလား? အဟီး ချိတေးဘူး။ :D
ကိုရန်အောင် ==> သီချင်းက ရှာလို့မတွေ့ဘူးရှင့်။ ကျွန်မလည်း လိုချင်နေတာ။
မလေပြေရေ ==> ပြင်လိုက်ပါပြီ။ ပြောပြပေးတာ အရမ်းကျေးဇူးတင်ပါတယ်။

May said...

ကျေးဇူးပါ မမြရွက်ဝေ .. အဲဒီသီချင်းကို သိပ်ကြိုက်တာပါ..
မမြရွက်ဝေလောက် စာသားကို အစဉ်အတိုင်း အပြည့်မရဘူး နဲနဲပဲ မှတ်မိပါတယ်..
မီ မှတ်မိသလောက်ထဲက စာသား နဲနဲ ပြင်ပေးပါရစေ . .
ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဆင်ဝတ်ကြပါစို့ မောင်ကြီးရေ ..
အဲဒီခောတ်က ခောတ်စားတဲ့ အဆင်ပါ.. ပုံတော် ဖိနပ်တို့ ပုံတော်ဆင်တို့ ဆိုတာတွေ . .
ပြီးတော့ .. လက်ခတ်သံ ကျွန်းပိုသား . . . သောင်းတိုင်က ကြားပါတယ်ရှင် . ..
ကျွန်းသား အပိုစနဲ့ လုပ်ထားတဲ့လက်ခတ်မို့ အသံဟိန်းတယ်လို့ သိရပါတယ်. . .
ကြည့်ရတာ ယက်ကန်းစင် တစ်ခုလုံးက ကျွန်းနဲ့လုပ်ထားတဲ့ အကောင်းစားမျိုး မဟုတ်လောက်ဘူးနဲ့တူပါတယ် .. လက်ခတ်ကတော့ ကျွန်းပါလို့ ကြားညှပ်ကြွားတာပေါ့..
မီ သိတာ ဒီလောက်ပါပဲ ..
ဒါနဲ့ မမြရွက်ဝေကို လင့်ခ်ခွင့်ပြုပါ..

မြရွက်ဝေ said...

မရွှန်းမီ ==> ကျေးဇူးပါ။ ပြင်လိုက်ပြီ။ ကျွန်မ သေချာမသိသေးတဲ့နေရာတွေ ရှိသေးတယ်။ သိတဲ့သူတွေ ပြောပြပေးရင်းနဲ့ သီချင်းစာသားအမှန်တွေသိရလို့ ဝမ်းသာပါတယ်။ လင့်ခ်နိုင်ပါတယ်ရှင်။

Red's Rose Dream said...

မရေ သီချင်းလေးကို အတော်သဘောကျပါတယ်။
ဒါပေမယ့် ပိုစ့်လေးထဲက ချည်မျှင်လေးဆိုတာလေးကို ပိုစိတ်ဝင်စားမိပါတယ်။
သမီးစိတ်ဝင်စားတာမှန်မယ်ဆိုရင်တော့ မင်္ဂလာတစ်ပါးပါနော်။
အဆင်ပြေပါစေနော် မ။
ကျန်းမာပါစေ။
ချစ်သော။
နှင်းဆီနီနီ။။

မေဓာဝီ said...

လာလည်ရင်းနဲ့ လက်ခတ်သံ သီချင်းလေး တွေ့လိုက်ရလို့ ၀မ်းသာလို့ ကျေးဇူးတင်ကြောင်း ပြောတာပါ။ အဲဒီသီချင်းကို ကြိုက်ပေမဲ့ စာသားအကုန်မရလို့ လိုချင်နေတာကြာပြီ။ ကျေးဇူး အများကြီး တင်ပါတယ် မြရွက်ဝေ ... ။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP