Wednesday, February 13, 2008

"ဟစဲဒဲရ - 長谷寺"


သွားတုန်းက ကာမာကူရာကိုပါ။ မသွားခင် ဂူဂယ်မှာရှာကြည့်တော့ အဲဒီနားမှာ ဘုရားကျောင်းတွေ အများကြီးဘဲ။ အဆင်ပြေရင်ဝင်မယ်လို့ စိတ်ကူးသွားတယ်။ "ဟစဲဘုရားကျောင်းက" ဘူတာကနေ ကာမာကူရာဆင်းတုတော်ဆီ လမ်းလျှောက်သွားတဲ့ လမ်းမှာရှိတာကြောင့် ဘယ်လိုသွားသွား ကြုံနေတယ်။ အခုအချိန်က အေးလဲအေး၊ မြို့သေးသေးလေးနားမှာရှိတာကြောင့် လူမစည်လောက်ဘူးထင်တာ ဘူတာမှာကတည်းက လူတွေများသား၊ ဂျပန်တွေရော နိုင်ငံခြားသားတွေရောဘဲ။ ပလက်ဖောင်းကျဉ်းကျဉ်းလေးကို တန်းစီသွားနေကြတာ ဘုရားဈေးလျှောက်တာကျနေတာဘဲ။ လမ်းဘေးတလျှောက်လည်း ဆိုင်းတန်းတွေနဲ့။ တချို့ဆို ကျိုက်ထီးရိုးက ဆိုင်လေးတွေလိုဘဲ ရွှေချည်ထိုးလေးတွေ၊ ချည်ထည်နဲ့ တိုလီမိုလီလေးတွေရောင်းတယ်။ တချို့ကျတော့ စပန့်ဂါဝန်တွေချိတ်ထားတာ ချောင်းသာကဆိုင်နဲ့တောင်တူတယ်။ ဟိုငေးဒီငေးနဲ့ လျှောက်လာလိုက်တာ ဘုရားကျောင်းတောင်ရောက်ရော။

"ဟစဲဘုရားကျောင်း အဝင်ဝ"



ဘုရားကျောင်းအဝက "ဂျင်းရိကိရှ (လန်ချား)"



"အိုမီကုဂျိ"ဆိုတဲ့ ဗေဒင်စာရွက်တွေ နိုင်ငံခြားသားတွေလည်း စပ်စုနေတယ်။



ရေကန်လေးက ကြည်နူးစရာ



"ဟိုးရှောရေကန်"တဲ့။



လိုဏ်ဂူအဝင်ဝ



ဂူထဲမှာ မတ်ရပ်ရုပ်ပွါးတော်တွေရှိတယ်။ (ဂျပန်လိုတော့"ခမိစမ") အမည်တွေကတော့ အစုံဘဲ။ ဂျပန်တွေက ဘုရားရယ်လို့ ယူဆပုံမရဘူး။ နတ်လို သဘောထားပုံဘဲ။ ဘာလို့လဲဆို ရုပ်ပွါးတော် အမည်တွေ လိုက်ဖတ်ကြည့်မိလို့။ မှတ်မိတဲ့ အမည်တချို့မှာ "ပညာရေးနတ်" (ရုပ်ပွါးတော်ပုံပေမယ့် နတ်လို့ဘဲ သုံးပါရစေ)၊ "အချစ်ရေးနတ်"၊ "ကျန်းမာရေးနတ်" စတာတွေအပြင် "အရက်နဲ့ဆိုင်တဲ့နတ်"ပါ တွေ့ရတယ်။ ဘုရားပုံတော်ထုပြီး အဲလိုအမည်တွေ တွေ့ရတာ တမျိုးကြီးဘဲ။ ဂူဝင်ဝင်ချင်းမှာ အလှုခံပုံးနဲ့ ဖယောင်းတိုင်တွေ ထားထားတဲ့ နေရာ ရှိတယ်။ အဲဒီမှာ ဖယောင်းတိုင်ယူပြီး တချို့က သူတို့သဘောကျတဲ့ ရုပ်ပွါးတော်အမည်ရှေ့မှာ ပူဇော်ကြတယ်။

ဒါက "ပညာရေးနတ်" ရှေ့မှာ မီးပူဇော်ထားတာ။ (အမည်ပါအောင်ရိုက်လိုက်လို့ ရုပ်ပွါးတော်က တဝက်ဘဲပါတော့တယ်။)


သူတို့လဲ အကြွေတွေပစ်ပြီးဆုတောင်းကြတယ်။ အကြွေစေ့တွေ ကန်ထဲမှာ အများကြီး။


ရွှေရောင်သေးသေးလေးတွေမို့ ဘုရားဆင်းတုတွေများလားလို့ အနီးကပ်သွားကြည့်မိတော့ ဗျပ်စောင်းတီးနေတဲ့မယ်တော်ပုံလေးတွေ။


ဂူအထွက်ဝမှာ အဲဒီမယ်တော်ပုံနဲ့ ဆုတောင်းစာချိတ်ဖို့ စာရွက်တွေနဲ့ အလှူခံပုံး။


ဆုတောင်းထားကြတာ အများကြီးဘဲ။



"နဂေါ့မိဂျိဇိုး"တဲ့။ ငြိမ်းအေးပျော်ရွှင်အောင် စောင့်ရှောက်တယ်လို့ ထင်ပါတယ်။



"ဟောဒီမှာလဲ သုံးပါး"



ကလေးတွေကတော့ ကန်ထဲက ငါးရောင်စုံတွေ အစာကျွေးရင်း ပျော်နေကြတယ်။


ဟိုဟိုဒီဒီ ကျောင်းဆောင်တွေ









ဘုရားဆင်းတုတော်ကို ဘယ်သူမှ ဝင်မရှိခိုးကြပါဘူး။ အဝမှာဘဲ ရပ်ကြည့်ကြတယ်။


တောင်ပေါ်ကနေ မြင်ရတဲ့ ပင်လယ်ရှုခင်း



ပင်လယ်ကမ်းခြေဘက်ကို လမ်းလျှောက်ကြည့်ချင်သား။ ဆောင်းတွင်းဖြစ်တော့ ညနေစောင်းလာတာနဲ့ အေးလဲပိုအေး မှောင်လဲမှောင်မြန်တယ်လေ။ တောင်ပေါ်ရှုခင်းကဘဲ ပင်လယ်ကိုငေးပြီး ကာမာကူရာဘက်ကို ခရီးဆက်ခဲ့တော့တယ်။

5 comments:

thamudayanwe said...

အမ မရောက်ခဲ့ဘူး
နောက်မှထပ်သွားရမယ် ..ကျေးဇူး

ရွှန်းမီ said...

ဘုရားကျောင်းကို အလည်ပို့တဲ့အတွက် ကျေးဇူးပါ.. စိတ်ထဲ အေးသွားတယ်..း)

nu-san said...

ညီမလေးရေ.. ဘုရားကျောင်းထဲကို ဓာတ်ပုံတွေ ကြည့်ပြီး လည်ပစ်လိုက်ပြီ.. :) နောက်တခါ တိုကျိုတက်ဖြစ်လို့ ကာမာကုရ ဘုရားဘက်ရောက်ရင် ၀င်လည်ရမယ်... :D

Unknown said...

ဘုရားဖူးပြီးပြီ။
လိပ်ဥတူးလိုက်ဦးမယ်။
ဓါတ်ပုံထဲမှာပါတဲ့ ကောင်မလေးက ချစ်စရာလေးနော်။
နာမည်နဲ့လိပ်စာ မမေးခဲ့ဘူးလား။
ဟီး.....ဟီး

Ko Ko Ye` said...

ကျေးဇူးပါပဲ သူငယ်ချင်းရေ။ မရောက်ဘူးတဲ့နေရာက နှစ်လိုဖွယ်နေရာတေတွေတွေ့ပြီး ကြည်ညိုဖွယ်ရာ ဗုဒ္ဓရုပ်ပွားတော်တွေ ဖူးလိုက်ရတယ် ကျေးဇူးတစ်ကယ်တင်ပါတယ်။ ありがとう

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP