(တစ်)
"ဘူးသီးနုနုမခူးရ"
"ငါ၏ ဒူးနာ၏။"
"ဘဦး ရေကူးနေသည်။"
ယနေ့ အဖိတ်နေ့။ ကျောင်းပိတ်ထားသည်။ မောင်မုန်းအားနေ၏။ ထို့ကြောင့် "ကလေးကျောင်း" ဖွင့်လိုက်ရသည်။ များသောအားဖြင့် မောင်မုန်း၏ကျောင်းသည် အဖိတ်နေ့နှင့် ဥပုသ်နေ့များ၌ ဖွင့်တတ်လေသည်။ မောင်မုန်းသည် မိမိ၏ဆရာကြီး ဦးဘိုးကျောင်း၏ သွင်ပြင်ဟန်ပန်ကို အပြည့်ယူထားသည်။ ဆရာကြီးက မျက်မှန်တပ်သည်။ မောင်မုန်းလည်း မိမိလက်ဖြစ် ပြောင်းရိုးအူမျက်မှန်ကို တပ်ထားရ၏။ ကလေးများရှေ့တွင် တုတ်တချောင်းနှင့် စာချလျက်ရှိနေသည်။
မောင်မုန်းက အော်၍စာချသည်။ ကလေးများကလည်း အော်၍စာလိုက်ကြရသည်။ စာကိုအော်၍လိုက်မှ မောင်မုန်းသဘောကျ၏။ တိုးတိုးလိုက်သူများအား ခေါင်းကိုတုတ်နှင့် တို့၍တို့၍ သတိပေးနေရသည်။ ဆရာကြီးကဲ့သို့ ဖြန်းကနဲ ရွှမ်းကနဲ ဆော်ထည့်လိုက်ချင်လှသည်။ သို့သော်--မဖြစ်။ နာကျင်သွားလျှင် ထကာပြန်ပြေးမှာ စိုးရသည်။ ကျောင်းသားတယောက်လျော့သွားလျှင် လျော့မှန်းသိသိ စိတ်အားငယ်ဖွယ်ကောင်း၏။ အခြားသူများကိုပါ အဖော်ခေါ်သွားလျှင် ယနေ့အဖို့ ကျောင်းပိတ်လိုက်ရမည်ဖြစ်သည်။ ထိုအခါ မောင်မုန်းဆရာလုပ်ရတော့မည်မဟုတ်ပြီ။ ထို့ကြောင့် နာနာမရိုက်ရဲ။ စတိမျှသာ ရိုက်ရတော့သည်။
ကျောင်သားများတွင် အမာခံဟူ၍ မောင်မုန်း၏ နှမငယ် ခင်ရီ နှင့် ညီငယ်ဖိုးကြည်တို့သာ ရှိသည်။ သူတို့ကိုပင် စိတ်မချရဲသေးချေ။ ခင်ရီသည် စာလိုက်ရမည်ထက် ဇယ်ခတ်ရမည်ကို ပို၍အားသန်နေသူဖြစ်၏။ မောင်မုန်း၏ ကျန်ကျောင်းသားများမှာ အိမ်နီးချင်းသူငယ်ချင်းများဖြစ်ကြသော ဖိုးပြော့၊ သိန်းအောင်၊ စိန်သောင်း၊ သောင်းခင်၊ ဘောဂ၊ ရွှေမိ၊ ကုလားမ၊ ပုတ်ကြီး၊ ခင်လှနှင့် မိမှေးတို့ဖြစ်ကြ၏။ စုစုပေါင်း ၁၂ယောက်။ ဤမျှသောကျောင်းသားဦးရေကို ရရှိရန် မောင်မုန်း ခက်ခက်ခဲခဲ စီးရုံးယူခဲ့ရသည်။
မောင်မုန်းကျောင်းတက်သွားတိုင်း မိဘများက သားရေစာအဖြစ် ထန်းလျက်ငါးလုံး ပေးနေကျဖြစ်သည်။ မောင်မုန်းသည် နေ့စဉ်ဝေစုရသော ထန်းလျက်များကို မစားရက် မသောက်ရက်ဖြင့် ထန်းဖူးဖာငယ်ကလေးထဲတွင် ထည့်ကာစုထားရသည်။ တပတ်အတွင်း ထန်းလျက်အလုံး အစိတ်သုံးဆယ် စုမိတတ်လေသည်။ မောင်မုန်းသည် ထိုထန်းလျက်လုံးများဖြင့် မိမိကျောင်းသားများကို စည်းရုံးယူရသည်။ ကျောင်းဆင်းသောအခါ တယောက်ဘယ်နှစ်လုံးပေးမည်ဟု။ ယနေ့လည်း ထန်းလျက် ၂၄ လုံးကို အသုံးပြုကာ ကျောင်းဖွင့်ခဲ့ရသည်။ သည်အထဲ လောဘကြီးလှသူ ဖိုးပြော့က ထန်းလျက်သုံးလုံးတိတိပေးမှ ကျောင်းတက်နိုင်မည်၊ စာလိုက်နိုင်မည်ဟု အရေးဆိုလာသေးသည်။ ချော့ချော့မော့မော့နှင့် မနည်းကြီး ပြောယူရလေသည်။
မောင်မုန်းသည် ယခုအပတ်ကျောင်းဖွင့်ဖို့အရေး သုံးလေးရက် ကြိုတင်ပြင်ဆင်ခဲ့ရသည်။ ကျောင်းသုံးသင်ပုန်းကြီးအဖြစ် ထင်းရှူးသေတ္တာအခွံကို အသုံးပြုရမည်။ ဖြူနေသည်ကို မဲသွားအောင် ဆရာကြီး သင်ပုန်းချေသည်ကို အတုယူလျက် ထမင်းရည်ခံကာ မီးသွေးခဲဖြင့် တိုက်ထားရသည်။ ထိုသင်ပုန်းပေါ်တွင် စာရေးရန် မြေဖြူမရှိသဖြင့် မောင်မုန်းအတော်လေး အခက်အခဲတွေ့ရပြန်သည်။ သင်ပုန်းမဲပေါ်တွင် မီးသွေးခဲဖြင့် ရေး၍လည်းမထင်။ ဂွေ့နီခဲကား ပေါပါ၏။ မာလွန်းလှသည်။ စာလုံးလည်း ကောင်းကောင်းမထင်။ မောင်မုန်းသည် သင်ပုန်းမဲမဲပေါ်တွင် ဆရာကြီးရေးထားသော စာလုံးလေးများနှယ် ဖြူဖြူဖွေးဖွေး လှလှပပကလေးတွေ အထင်းသား ပေါ်လွင်နေစေချင်သည်။ နောက်ဆုံးတွင်မှ နည်းကောင်းနည်းမှန်ကို စဉ်းစား၍ရတော့သည်။ ထို့ကြောင့် ယနေ့ ကျောင်းစတင်ဖွင့်နိုင်ခြင်း ဖြစ်လေသည်။ အေးမြသော တမာပင်ရိပ်အောက်တွင် ကလေးတို့၏ စာလိုက်သံများ သံပြိုင်ညီညာစွာ ပေါ်ထွက်နေသည်။
"ဟ--ဟ-- ငါ့ထုံးဗူးထဲက ထုံးတွေဘယ်ရောက်ကုန်ပါလိမ့်"
မောင်မုန်း၏ ဖခင် ကိုတင်ညွန့်သည် ရွာအရှေ့ပိုင်းမှပြန်အလာ ကွမ်းအစ်ကို ဖွင့်လိုက်သည်။ ကွမ်းရွက်ပေါ်သို့ ထုံးတို့ရန် ထုံးဗူးကို အနှိုက်တွင် ထုံး လုံးဝမရှိတော့ကြောင်း တွေ့လိုက်ရသဖြင့် အလန့်တကြား ပြောလိုက်ခြင်းဖြစ်သည်။
"နဂိုကတည်းက မရှိလို့ဖြစ်မှာပေါ့တော်"
ဆေးလိပ်လိပ်နေသော ဇနီးသည် မဖွားဇုံက ပြောလိုက်၏။
"ရှိပါတယ်။ မနက်က ငါ ကွမ်းစားသေးတာပဲဟာ"
"ကျုပ်လည်း ခုနလေးတင်ပဲ အဝတ်လျှော်ပြန်လာတာ။ ဘယ်သူများ ဝင်ယူသွားပါလိမ့်"
မဖွားဇုံက သံသယဖြစ်မိသည်။
ကိုတင်ညွန့်သည် ပြောမနေတော့ဘဲ ထုံးဗူးထဲ ထုံးဖြည့်ရန် ရေအိုးစင်အောက်တွင်ထားသော ထုံးအိုးဆီသို့ ထွက်သွားတော့သည်။
"ဟိုက်-- ဒီမှာလဲ မရှိတော့ဘူးဟ။ တစုံတယောက်တော့ မပြောမဆို ဝင်ယူသွားပြီထင်တယ်"
"ဟုတ်ပါရဲ့။ ဘယ်သူများယူပါလိမ့်။ အဲ-- ကျုပ်ရေချိုးသွားတုန်း ငမုန်းတော့ အိမ်စောင့်ကျန်ရစ်ခဲ့တယ်။ သူ့မေးကြည့်"
"ဘူးသီးနုနုမခူးရ"
"ငါ၏ ဒူးနာ၏။"
"ဘဦး ရေကူးနေသည်။"
သည်တော့မှ ကိုတင်ညွန့် သားဖြစ်သူ၏ စာချသံကို သတိချပ်မိတော့သည်။ ကျေနပ်နှစ်သက်စွာ ပြုံးလိုက်မိသည်။ ယာလက်စကွမ်းကို ထားပစ်ခဲ့ကာ သားစာသင်နေပုံကို ကြည့်လို၍ တမာပင်အောက်သို့ ထွက်လာခဲ့သည်။
"အဖေ ကျွန်တော် ဆရာဖြစ်ပြီဗျ"
မောင်မုန်းက အားရဝမ်းသာ ဆီးကြိုပြောလေသည်။ ကျောင်းဆရာ၏ဂိုက် အပြည့်အဝဖမ်းနေသော်လည်း မောင်မုန်း၏ရုပ်သွင်မှာ ရယ်စရာဖြစ်နေတော့၏။ ပြောင်းရိုးအူမျက်မှန်နှင့်။ နောက် ထုံးစွန်းတွေ အိုးမဲကွက်တွေ ဗလဗွနှင့်။ နှာရည်ယိုနေသည်ဖြစ်လေရာ နှပ်ချေးသုတ်တိုင်း လက်မှ အိုးမဲတွေက နှုတ်ခမ်းမွှေးဆွဲပေးသလို ဖြစ်နေသည်။ ထုံးတွေ ပျောက်ဆုံးရခြင်း ကိစ္စကိုလည်း ကိုတင်ညွန့် နားလည်လိုက်သည်။ သင်ပုန်းဘေးတွင် မြေဖြူတံပမာ လုံးထားသော ထုံးတောင့်တွေ။ နောက်-- သင်ပုန်းပေါ်မှာလည်း ထုံးဖြူနှင့် ရေးထားသောစာတွေ။
"မြေဖြူတံက ရေးမကောင်းဘူးအဖေရာ၊ သိပ်မာတာဘဲ။ ထင်လဲမထင်ဘူး။ ဒါကြောင့် အဖေ့ထုံးအစိုတွေနဲ့ စာရေးရတယ်"
မောင်မုန်းက လူကြီးသူကြီးပမာ ညည်းညူလေသည်။ ကိုတင်ညွန့်သည် ထုံးများဆုံးရှုံးမှုအတွက် သားကို အပစ်မတင်ရက်တော့ပါ။ သားဖြစ်သူသည် ကလေးများစွာကို အောင်မြင်စွာစုစည်းနိုင်ပြီး ကျောင်းဆရာလုပ်တန်းကစားနေသည်ကို ပီတိဖြစ်၍မဆုံး ရှိရသည်။ မောင်မုန်း၏ ဝါသနာကို သဲလွန်စ တွေ့ရလေပြီ။
"သားက ဆရာ ဖြစ်ချင်သလား"
"ဖြစ်ချင်တာပေါ့၊ ဒါကြောင့် ခု ကျောင်းဆရာ လုပ်နေတာလေ"
"ဘာကြောင့် ဆရာဖြစ်ချင်တာလဲ"
"ဆရာကြီးကို သဘောကျလို့ပေါ့"
"ဘာကိုသဘောကျတာလဲ"
သင်္ကြန်တုန်းက ဆရာကြီးကို တရွာလုံး ကန်တော့ကြတယ် အဖေရာ။ ပဲတွေ ဆန်တွေ အများကြီးရတာဘဲ။ နောက်ပြီး အရက်မူးသမားဆိုရင် ကျွန်တော် အားကြီးကြောက်တယ်။ ဆရာကြီးက မကြောက်ဘူး။ လမ်းမှာဆုံမိရင် အရက်မူးသမားက ဆရာကြီးရှေ့မှာ ထိုင်ဝပ်ချကြတော့တာဘဲ။ လူတွေသတ်တယ်ဆိုတဲ့ သေနတ်ကြီးနဲ့ ဗိုလ်မုတ်ဆိတ်တို့ဆိုတာလေ တရွာလုံးက ကြောက်ရပေမယ့် ဆရာကြီးက မကြောတ်ဘူးဗျ"
မောင်မုန်းမှာ သူငယ်တန်း အဆင့်သာ ရှိသေးသည်။ အသက်အားဖြင့် ခြောက်နှစ်မျှသာ။ ကလေးအမြင်၊အသိဖြင့် ဆရာကြီးဘဝကို အားကျနေသည်။ ကျောင်းဆရာအလုပ်ကို ဝါသနာပါနေသည်။ ထို့ကြောင့် အရွယ်နှင့်မလိုက်အောင် အကြောင်းပြချက်တွေ ပြောပြနိုင်ခြင်းဖြစ်သည်။ ကျောင်းဆရာအလုပ်သည် မိမိ လက်ရှိလုပ်ကိုင်နေသော တောင်သူအလုပ်ထက်တော့ သာပေလိမ့်မည်ဟု ကိုတင်ညွန့် တွေးမိသည်။
သို့သော် ဆရာကြီးဦးဘိုးကျောင်းမှာ လစာမရရှာပါ။ ရွာကို ဗိုလ်မုတ်ဆိတ်ဦးစီးသော ရဲဘော်ဖြူတို့ မင်းမူအုပ်စိုးနေသည်။ အစိုးရမှာ အာဏာလက်လှမ်းမမှီသဖြင့် ကျောင်းစရာများကို လစာမပေးနိုင်ပါ။ ရဲဘော်ဖြူများကလည်း လစာပေးနိုင်ဖို့ အပထား၊ သူတို့ဘဝ ရပ်တည်နိုင်ရန်အတွက်ပင် ဆက်ကြေးအမျိုးမျိုး ခွဲနေရသည်။ ဗိုလ်မုတ်ဆိတ်မှာ ဆရာကြီး၏ ငယ်တပည့်ဖြစ်သည်။ ဆရာကြီးရှေ့တွင်ကြောက်ရောင်ပြ၍ နောက်ကွယ်တွင် ထင်ရာရမ်းနေသူဖြစ်သည်။ ဆရာကြီးအတွက် ထွက်ပေါက်ကား ရှိပါ၏။ ပခုက္ကူမြို့၌ရှိသော သူ့ဦးလေးက မြို့သို့ ပြောင်းခဲ့ပါ။ သူ့ဆီစက်တွင် စာရေးခန့်မည်ဟု ခေါ်နေ၏။ သို့သော် ဆရာကြီးဦးဘိုးကျောင်းသည် မြို့သို့ မပြောင်းဖြစ်ပါ။ ကျောင်းသံယောဇဉ်၊ ကလေးများအတွက် ပညာရေးသံယောဇဉ်တို့ကြောင့် လစာမရသော်လဲ ကျောင်းဖွင့်မြဲဖွင့်ကာ ပညာသင်ပေးနေခဲ့သည်။ ဆရာကြီး၏ မွန်မြတ်သော စေတနာကို ကိုတင်ညွန့်စဉ်းစားမိတိုင်း လေးစားရသည်။ ရွာကလည်း ဆရာကြီး၏ စေတနာကို တုန့်ပြန်သင့်သည်ဟုယူဆကာ ကိုတင်ညွန့်ကပင် ဦးဆောင်လျက် သီတင်းကျွတ်နှင့် တန်ခူးလတို့တွင် ဆရာကန်တော့ပွဲ လုပ်ပေးသည်။ ကျောင်းလခကိုလည် ကျောင်းသားတိုင်း လစဉ် တတ်အားသရွေ့ ပေးစေသည်။ ထို့ကြောင့် ဆရာကြီးတို့မိသားစု ရပ်တည်နိုင်ခွင့်ရခြင်းပင် ဖြစ်သည်။
ကိုတင်ညွန့်သည် ကျောင်းဆရာတို့၏ မွန်မြတ်သော စေတနာကို လေးစားသည်။ တန်ဖိုးထားသည်။ ထို့ကြောင့် မိမိသား မောင်မုန်းတယောက် ကျောင်းဆရာအလုပ်၌ ဝါသနာပါနေသည်ကို တွေ့ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ပီတိဖြာရသည်။
"သား- ကြောင်ဆရာဖြစ်ချင်ရင် ကြိုးစား။ ခု မင်း သူငယ်တန်းမို့ စာနည်းနည်းလေးဘဲ သင်တတ်မယ်။ တတန်းပြီးတတန်း အတန်းကြီးလာရင် စာတွေအများကြီးသင်တတ်လာမယ်။ နောက် ဆရာကြီးလို ကျောင်းဆရာဖြစ်လာမယ်။ ဒါကြောင့် အခုကတည်းက ကြိုးစားရမယ်-- သိလား"
"ဟုတ်ကဲ့ပါ အဖေ"
မောင်မုန်း၏ ကတိပေးချက်ကား ရွှင်လန်းတက်ကြွလှသည်။ အားရဖွယ် ကောင်းလှပေ၏။
"ထုံးက မြေဖြူလုပ်လို့မကောင်းဘူးသားရဲ့။ မာတယ်၊ လက်ပေါက်တယ်။ နောင်ကို အဖေ့ထုံးအိုး မနှိုက်နဲ့နော်"
"ကျွန်တော့အတွက် မြေဖြူ ဘယ်ကရမလဲ"
"အဖေဝယ်ပေးမယ်"
"တကယ်နော်"
"တကယ်ပါကွ၊ မြေဖြူလဲ ဝယ်ပေးမယ်၊ စာသင်နိုင်ဖို့ ကျောက်သင်ပုန်းလေးလဲ လုပ်ပေးမယ်"
"ဒါမှ ဒို့အဖေကွ"
မောင်မုန်း ပျော်မဆုံးတော့ပြီ။ ကိုတင်ညွန့်သည် ကတိအတိုင်းပင် မောင်မုန်းအတွက် သင်ပုန်းငယ်တချပ် လုပ်ပေးသည်။ မြေဖြူတပုံး ဝယ်ပေးသည်။ အခြားကလေးများမှာ မုန့်ပဲ သားရေစာ စားရ၍ပျော်သည်။ ကစားစရာ အိုးပုတ် ချိုးရုပ်ရ၍ ပျော်သည်။ မောင်မုန်းမှာမူ ကျောင်းဆရာလုပ်တမ်း ကစားနိုင်ရန် အထောက်အကူပစ္စည်းများရ၍ ပျော်နေသည်။
"ကို့ နှယ်။ အလိုစလိုက် အလားစလိုက် ကလေးကို မြေဖြူဝယ်ပေးရတယ်လို့၊ တကယ်ဆို စားစရာ မုန့်ပဲသားရေစာ ဝယ်ပေးပါလား၊ ကစားစရာ အရုပ်ဝယ်ပေးပါလား"
မဖွားဇုံက ခင်ပွန်းဖြစ်သူအား အပြစ်တင်လေသည်။
"မြေဖြူကလဲ သားအတွက် ကစားစရာဘဲကွ။ တို့သားက ကျောင်းဆရာစိတ်ဝင်နေတာ၊ ကောင်းတဲ့ဝါသနာကို မြှောတ်ပေးရမှာက တို့တာဝန်။ လေးခွနဲ့ ကြက်ကလေးတွေ ငှက်ကလေးတွေ လိုက်ပစ်နေတာထက် စာသင်တမ်းကစားတာက ဘေးကင်းတယ် ကောင်းတယ်"
ထိုအခါမှစ၍ ကျောင်းပိတ်ရက်တိုင်း မောင်မုန်း၏ ကျောင်းငယ်ကလေး ဖွင့်နိုင်တော့လေသည်။
မောင်မုန်းသည် သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းသားဘဝကမူ စိတ်ပါလွန်း၍သာ စာသင်သည်။ မသင်တတ်၊ အစီအစဉ် မကျန၊ ကစားခြင်းသဘောမျှသာ သက်ဝင်နေသည်။ တတိယတန်းကျောင်းသားဘဝသို့ ရောက်သောအခါတွင် စနစ်တကျ သင်တတ်လာပြီး ထိရောက်မှု ရှိလာသည်။ ကျောင်းမနေရသေးသော အိမ်နီးချင်းကလေးများပင် စာရေးတတ် ဖတ်တတ်လာသည်ကို လူကြီးများ သတိထားမိလာသည်။ ထိုအခါ ပညာလိုလားသော ကလေးငယ်တို့၏မိဘများက သူတို့၏ကလေးများကို မောင်မုန်းထံလွှတ်၍ ကစားယင်း စာသင်စေတော့သည်။ ဆရာပေါက်စကလေးမောင်မုန်းမှာ ကျောင်းသား အစိတ်သုံးဆယ်အထိပင် စာသင်ပေးနေရ၏။ ဖခင် ကိုတင်ညွန့်ကလည်း အားပေးသည်။ စာသင်ကျောင်းအတွက် ထန်းပလက်တဲငယ်ကလေး ဆောက်ထားပေးသည်။
နောင်အခါတွင် မောင်မိုမုန်းစာသင်ပေးခဲ့သော် တပည့်များသည် အ သုံးလုံးကျေသင်တန်းမှ ကင်းလွတ်ကြသည်ကို တွေ့ရလေသည်။ မောင်မုန်းကိုလဲ ဆရာပေါက်စကလေးဟု ခေါ်ကြသည်။ မည်သို့ပင်ဆိုစေ-- မောင်မုန်းမှာ ဆရာကြီးဦးဘိုးကျောင်းကဲ့သို့ ဆရာဖြစ်ချင်နေတော့သည်။
XXXXX
(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)
6 comments:
စာရေးဆရာ ကြူရတနာ မောင်မြကြိုင် တဲ့လား။
အရေးအသားက ဆရာသိပ္ပံမောင်ဝ styleနဲ့ အတော်ဆင်တယ်နော်။ ဆရာဝရဲ့ စာတွေဖတ်ပြီးကြီးလာ
တာဆိုတော့ ဒီလိုstyle ရေးတာကို အရမ်းကြိုက်သဗျ။
စောင့်ဖတ်မယ်....တင်ပေးအုံးနော်....
ဝတ္ထု လာဖတ်တယ်.. ကျေးဇူးပဲ မဝေ ..
မီက အစက ဦးဖိုးကျား ရေးတာ လို့ ထင်နေတာ .. နောက်မှ အသုံးလုံး ဆိုတော့ ဦးဖိုးကျား မမီဘူး၊ ဘယ်သူရေးလဲ မသိဘူး လို့ တွေးနေတာ။
စေတနာ ၀ါသနာကောင်းရှင်လေးတွေကို လွမ်းသွားပြီ . . . သူတို့လဲ ခုထိ ရှိနိုင်ပါစေ လို့ .. .
ဒါနဲ့ .. ဆွဲထားတဲ့ ပုံက မျက်စိရှုပ်တယ် လို့ ပြောပြောစ စောပါတယ် :D
မူးသွားလား .. ဆောရီးနော်.. ဒီတစ်ခါ မျက်လုံးအေးလောက်တာလေး တင်ကြည့်မယ်.. .
ဖတ်သွားပါတယ်။ ကျွန်တော်တို့ ရွာသားတွေကို စာခေါ်သင်ပေးတော့လည်း အဲလိုပဲ။ ထမင်းကျွေးပါ့မယ် ဘာညာနဲ့ ချော့ပြီး ခေါ်သင်ရတယ်။
ညီမလေးရေ.. ၀တ္ထုတိုဖတ်ရတာ ကောင်းလိုက်တာ.. နောင်လည်း တင်ပေးဦးနော်.. :)
simple and nice story!! Thanks for sharing.
ဝတ္ထုလေးအတွက် ကျေးဇူးတင်တယ် မြရွက်ဝေ…။ အရမ်းဖတ်လို့ကောင်းတယ်။
Post a Comment