Monday, March 24, 2008

င၊ မောင်၊ ကို မှ ဆရာသို့


(နှစ်)

ခရိုင်ပညာဝန်ရုံး
ပခုက္ကူမြို့
အမိန့်စာအမှတ် (၂၃၉) / ၆၁
နေ့စွဲ၊ ၁၉၆၁ ခု၊ အောက်တိုဘာလ ၂၀ ရက်။

ဤရုံးသို့ လျှောက်ထားချက်အရ လစ်လပ်နေသော လက်ထောက်ဆရာနေရာ ပေါ်ပေါက်ပါက ခန့်ထားနိုင်ရန်အတွက် အရည်အချင်းစစ်စာမေးပွဲဖြေဆိုထားသူမောင်မုန်း (မှတ်ပုံတင်အမှတ် YSO ၁၃၇၃၈၄)အား ပခုက္ကူ (က)နယ်မြေ ရေမြက်ရွာ အစိုးရမူလတန်းကျောင်းတွင် မူလတန်းလက်ထောက်ဆရာအဖြစ် လစာစကေး ၇၀-၅-၁၁၀/တွင် လစာရင်း ၇၀+ရှားပါးစရိတ်တို့ဖြင့် ၁၉၆၁ ခု နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ အရည်အချင်းပြည့်ဆရာမရမီ ခေတ္တခန့်ထားလိုက်သည်။
(တိုင်းပညာဝန် အတည်ပြုပြီး)

ပုံ(တင်ဦး)
ခရိုင်ပညာဝန်
ပခုက္ကူမြို့
XXXXX

ပညာရေးဌာန
စာအမှတ် ၂၅/၂၈၊ အီး (၂)
နေ့စွဲ ၂၈-၁၀-၆၁

မိတ္တူကို....
၁။ မောင်မုန်း၊ တဆင့် ခရိုင်ရဲဝန်ရုံး၊ ပခုက္ကူ။
၂။ ကျောင်းအုပ်ဆရာမကြီး၊ ရေမြက်ရွာအစိုးရမူလတန်းကျောင်း၊ ပခုက္ကူ(က)နယ်။

ပုံ (ဝင်းမောင်)
ပညာအုပ်၊
ပခုက္ကူ(က)နယ်။
XXXXX


မောင်မုန်းသည် သူ၏လက်ထဲသို့ အမိန့်စာရွက်ရောက်လာသည့် အချိန်မှစ၍ ဖတ်၍မငြီးနိုင်တော့ပဲ ဖတ်ပြီးယင်း ဖတ်နေမိတော့သည်။ အချိန်မီ အလုပ်ဝင်ရမည်။ သည်ကြားဝယ် ကြိုတင်ပြင်ဆင်စရာများရှိနေသည်။ ရွာသို့ပြန်၍ မိဘ ဆွေမျိုးများကို နှုတ်ဆက်ကန်တော့ရဦးမည်။ ထို့ကြောင့် ကိုသိန်းကားဖြင့် ပခုက္ကူမှ ကြူရွာသို့ ပြန်လာခဲ့ရသည်။ အထူးနှုတ်ဆက်ကန်တော့လိုသူက ဘဖီးနှင့် ဘဖိုးစံ။

"ငါ့မြေးက သိပ်ပညာချွန်တာ။ တနေ့နေ့မှာ ရာထူးရာခံနဲ့ ကြီးပွါးမယ့်ကလေး။ ကြိုးစား ကလေး။ မင်းကြီးပွါးယင် ဘဖီးတို့ကို မမေ့နဲ့နော် ကြားလား"
ဘဖီးနှင့်တွေ့တိုင်း ဤသို့အားပေးစကားဆိုလေ့ရှိသည်။ ဘဖီးသည် မောင်မုန်းတို့နှင့် ဆွေမျိုးရင်းချာမဟုတ်ပါ။ သို့သော် ဘဖီးသည် ရွာထဲရှိ အိမ်တိုင်းသို့ သွားလာဝင်ထွက်နေတတ်သူဖြစ်သည်။ ကလေးများကို ချစ်တတ်သည်။ အလိုလိုက်သည်။ ပညာထူးချွန်သော မောင်မုန်းကိုမူ ပိုမို၍ ချစ်ခင်မြှောက်စားလေသည်။

"အဲဒါ ငါ့မြေးမောင်မုန်းစာမေးပွဲအောင်လို့ ရထားတဲ့ လက်မှတ်"
မောင်မုန်း ပညာသင်ယူနေသော မြင်းခြံမြို့ အမှတ်(၁)အထက်တန်းကျောင်းသည် အစဉ်အလာအရ နှစ်စဉ် မိဘဆရာသင်းလုံးကျွတ် အစည်းအဝေးကြီးတွင် အတန်းတိုင်းမှ ပညာထူးချွန်သည့်ကျောင်းသားများကို ဆုချီးမြှင့်စမြဲဖြစ်သည်။ မောင်မုန်းသည် အတန်းတိုင်းတွင် ပထမ သို့မဟုတ် ဒုတိယ ရလေ့ရှိသည်။ ဆုလက်မှတ်နှင့် ဆုပစ္စည်းများကို ပိုက်လျှက် ရွာသို့ပြန်ကာ ကြွားလေ့ရှိသည်။ ထိုအခါ ဘဖီးသည် မောင်မုန်း၏ ဆုလက်မှတ်နှင့် ဆုပစ္စည်းများကိုယူဆောင်ပြီး တအိမ်တက်ဆင်းလည်၍ ထပ်ဆင့်ကြွားလိုက်ရသည်မှာ အမောပင်။ မောင်မုန်း၏ ကောင်းသတင်းသည် "ဗျိုး"မဟစ်၊ မောင်းမထုရပဲ ရွာနှင့် ရွာပတ်ဝန်းကျင်မှာ မွှေးသွားတတ်သည်။

သို့သော် ဘဖီးသည် စာမတတ်ရှာချေ။ ဤဟာကွက်ကို မောင်မုန်းက ဖြည့်စွက်ပေးရသည်။ ဘဖီးစာသင်ရန် အတော်စည်းရုံးယူရသည်။ အရွယ်ကြီးမှ လူသိမြင်ကြား စာသင်ရမှရှက်နေသည်။ ထို့ကြောင့် ဘဖီးအားလပ်သည့်အချိန်တိုင်း ကြိုကြားကြိုကြား သွားရောက်ကာ တိတ်တဆိတ်သင်ပေးရ၏။ မောင်မုန်း၏ ကျောင်းပိတ်ရက် နှစ်နွေတွင် ဘဖီးအတွက် အသုံးလုံး ကျေသွားတော့၏။ ထို့ကြောင့် ဘဖီးသည် မောင်မုန်းကို အခြားကလေးများထက် ပိုမိုချစ်ခင်ပေသည်။

"ကဲ ငါ့မြေး။ ဒါမင်းမှာထားတဲ့ ပျားရည်။ ခုနတင်ပဲ ကိုဖိုးသန့် ရှားတောထဲက ငါကိုယ်တိုင် ဖွပ်လာခဲ့တာ။ စစ်လိုက်သမှ စစ်စစ်၊စစ်စစ်နဲ့တောင် မြည်ပြလိမ့်ဦးမယ်။ ယုန်ပေါင်ကိုလဲ ဆရာတော်ကို ရောက်ရောက်ချင်း ကြော်ကပ်လိုက်။ ဆရာတော်က အထူးတဆန်းမို့ မက်ပါလိမ့်မယ်။ ထန်းလျက်ကတော့ မရသေးဘူးကွ။ နောက်တပတ် မင်းပြန်လာမှယူ။ အထူးစပယ်ရှယ် ချက်ထားလိုက်မယ်"

မောင်မုန်းသည် မြင်းခြံမြို့ ကိုးဆောင်တိုက် ဇေယျသုခကျောင်းတွင်နေ၍ အတန်းပညာကို ကျောင်းတက်ဆည်းပူးရသည်။ ဆရာတော်ကြီးသည် စတုမဓူကို အမြဲဘုဉ်းပေးလေ့ရှိသည်။ မြို့မှဝယ်လျှင် ပျားရည်စစ်စစ် ရခဲသည်။ ထို့ကြောင့် ရွာရောက်သည့်အခိုက် ပျားရည်စစ်စစ်ရရန် ဘဖီးကို အပူကပ်ရတော့သည်။ ဘဖီးသည် အသက် ၅၀ ကျော်နေပြီ။ သို့သော် တောလိုက်ဝါသနာကြီးလှ၏။ ပဒတ်၊ ချိုး၊ ခါ၊ ယုန်၊ သမင် လိုက်ရသမျှကို ရောင်းချ၍ အသက်မွေးသည်။ တခါတရံ ထန်းတက်သည်။ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် သားသမီးများကျန်ရှိခဲ့သော်လည်း သူတို့မှာ သူ့အိုးသူ့အိမ်နှင့် ဖြစ်နေကြပေပြီ။ ယခုအခါ၌ ဘဖီးသည် အပျိုကြီး နှမနှစ်ယောက်နှင့်အတူ နေထိုင်လျှက်ရှိပေသည်။

ရွာတွင် အလှူ၊ မင်္ဂလာဆောင်၊ မသာ စသည့် သာရေးနာရေး တခုခုရှိပြီဆိုလျှင် တောမှာပျော်တတ်သော ဘဖီးသည် တောလုပ်ငန်းမှန်သမျှကို လစ်လျူရှုတော့သည်။ နှမအပျိုကြီး ဒေါ်ဖွားမူကို အိမ်စောင့်ထားပစ်ခဲ့ကာ နှမအပျိုကြီး ဒေါ်ဖွားစုနှင့်အတူ အလှူအိမ်၊ မင်္ဂလာဆောင်အိမ်၊ အသုဘအိမ်မှာ ရောက်နေတတ်သည်။ ကာယကံရှင်ကိုယ်စား လုပ်ဆောင်ရမည့်အလုပ်ဟူသမျှ သူတို့မောင်နှမနှစ်ယောက်က သိမ်းကျုံးတာဝန်ယူသွားတော့သည်။ ကိုယ်တိုင်လည်း လုပ်ကြသည်။ ဦးဆောင်မှုလည်း ပေးတတ်ကြသည်။ ပွဲပြီးမီးသေ ပတ်စာခွါ ဖျာသိမ်း ကိစ္စအဝဝပြီးမှ ပြန်တတ်ကြသည်။

ဘဖိုးစံကား ဘဖီးနှင့်ဆန့်ကျင်ဘက်။
သူ့အိမ်မှာ ရှိသမျှ အလုပ်အားလုံးကို သူ့သားသမီးများနှင့် လွှဲထားကာ နဖားကြိုးချွတ် အနားယူတော့သည်။ အချိန်ရှိသမျှကို အိမ်လည်ခြင်းဖြင့် အသုံးချလေသည်။ လက်ဘက်ရည်ဝိုင်းဟူသမျှ ဘဖိုးစံရောက်သည်ချည်း။ တရွာလုံးအနှံ့ သွားတတ်သူဖြစ်ရာ အိမ်တိုင်းရှိ အမှုကိစ္စအဝဝကို အပ်ကျသည်မှအစ သိနေလေသည်။ တအိမ်မှသတင်းကို တခြားတအိမ်သို့ ဖြန့်ချီရေးတာဝန်၌ တဦးတည်း ဒိုင်ခံတာဝန်ယူထားသည်။ ထို့ပြင် ရောက်နေကျအိမ်သို့ ရောက်နေကျအချိန်တွင် ရောက်လေ့ရှိ၏။ ထို့ကြောင့် ဘဖိုးစံအား "ရေဒီယို"ဟူ၍လည်းကောင်း၊ "စံတော်ချိန်"ဟူ၍လည်းကောင်း အများကခေါ်ကြသည်။

"ဖွားဇုံ နင့်သား လေးတန်းအောင်ပြီပဲ။ သေစာရှင်စာ ဖတ်တတ်ယင် တော်ရောပေါ့။ ကျောင်းဆက်ထားပြီး ကုလားဖြူစာသင်ယင် နင့်သား မိစ္ဆာဒိဋ္ဌိဖြစ်သွားမယ်။ သိရဲ့လား"

မောင်မုန်း လေးတန်းအောင်၍ ကျောင်းဆက်ထားရေးကို ဘိုးအေဘွားအေနှင့် မိဘနှစ်ပါးတို့ တိုင်ပင်နေဆဲတွင် ဘဖိုးစံရောက်လာပြီး ဤသို့ပြောခြင်းဖြစ်လေသည်။ ဘဖိုးစံသည် မောင်မုန်းအား ဘုန်းကြီးကျောင်းမထားဘဲ လူကျောင်းထားကာ အတန်းစာ သင်စေသည်ကိုပင် ကြိုက်နှစ်သက်သူမဟုတ်ချေ။ လူမှန်လျှင် ပရိတ်ကြီး ၁၁သုတ်နှင့် သဒ္ဒါ၊ သင်္ဂြိုလ် တတ်ရမည်ဟု ခံယူထားလေသည်။ ယခု မြို့ကျောင်းသို့ထားကာ အင်္ဂလိပ်စာသင်စေမည် ဆိုသောအခါ အပြင်းအထန် ကန့်ကွက်လေတော့သည်။ ဘဖိုးစံသည် မောင်မုန်းတို့ ဘိုးဘွားမိဘများနှင့် ဆွေမျိုးအရင်းအချာ တော်စပ်သည်။ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်။

"နင်တို့ စဉ်းစားကြနော်။ မြို့ကျောင်းထားရင် ထမင်းစရိတ်၊ စာအုပ်ဖိုး၊ ဖောင်တိန်ဖိုးကုန်မယ်။ ၁၀ တန်းအောင်ဖို့ နောက်ခြောက်နှစ်ထားရဦးမယ်။ ၁၀ တန်းအောင်ပါပြီတဲ့၊ အစိုးရအလုပ်က သေချာတယ် မဆိုနိုင်ပြန်ဘူး။ ငါကြားထားတယ်။ ရန်ကုန်မှာ ၁၀ တန်းအောင်ပြီး ရေထမ်းရောင်းစားရတဲ့သူတွေ တပုံကြီးပဲတဲ့"
ဘဖိုးစံ စေတနာနှင့် ပြောခြင်း ဖြစ်ပေမည်။ ထိုစဉ်က ရွာနှင့် ပတ်ဝန်းကျင် နီးနီးနားနားတွင် အလယ်တန်းကျောင်းဟူ၍ မဖွင့်သေး။ လေးတန်းအောင်၍ ကျောင်းဆက်ထားလိုလျှင် ပခုက္ကူနှင့် မြင်းခြံသို့ သွားနိုင်မှ ဖြစ်သည်။ ထမင်းလခက တလ ၃၀ ကျပ်။ ထိုစဉ်က ဆန်ဈေးနှင့်တွက်သော် ဆန် သုံးတင်းဖိုး။ မောင်မုန်းတို့မိသားစုမှာ ချောင်လည်သည်ဟု မဆိုနိုင်ပေ။

"ကျွန်တော်တော့ ထားတော့မယ် ဆုံးဖြတ်လိုက်ပြီ အရီးစံ။ သူသူငါငါ ငွေကုန်ကြေးကျခံပြီး ကျောင်းထားကျတာ ပညာတန်ဖိုးရှိလို့သာ ဖြစ်ရမယ်။ အင်္ဂလိပ်စာသင်တိုင်းလည်း မိစ္ဆာဒိဋ္ဌိမဖြစ်ပါဘူး အရီးစံ။ ကျွန်တော် လေ့လာပြီးပါပြီ။ မြို့ကျောင်းတွေမှာလဲ ဗုဒ္ဓဘာသာ သင်ပေးပါတယ်။ အလုပ်ရလဲလုပ်၊ အလုပ်မရလဲ အသိဉာဏ်ပညာအလိမ္မာ တိုးတာပေါ့။ ရေထမ်းရောင်းစားရခြင်း အတူတူ ၁၀ တန်းအောင်သူက မအောင်သူထက်တော့ ပညာအဆင့်ခြင်း ပိုပါလိမ့်မယ်။ အနည်းဆုံး ၁၀ တန်းအောင်ဆိုတဲ့ ဂုဏ်တော့ ရှိဦးမှာပေါ့ဗျာ။ မဟုတ်ဘူးလား အရီးစံ"

"ဟ ရေထမ်းမှာဆိုယင် ခုထွက်ထမ်း ဖြစ်တာပေါ့ကွ။ ငွေကုန် အချိန်ကုန် လူပင်ပန်းခံပြီး မြို့ကျောင်းထားဦးမှာလား။ ငါ့လခွီးတဲ့မှပဲ"
ကိုတင်ညွန့်ပြောသည်ကို ဘဖိုးစံက ဒေါသတကြီး ပြန်ပြောသည်။
"အဖြစ်ပြောတာပါ အရီးစံ။ အစိုးရက ပညာရေး အားပေးနေတာဟာ တိုင်းပြည်အတွက် လူတော်လူကောင်းတွေ မွေးထုတ် အသုံးချချင်လို့ နေမှာပါ။ အလုပ်ရရေး မရရေးထက် ပညာတတ်ဖို့ အသိပညာ အလိမ္မာပွါးဖို့ကို အဓိက ထားရမှာပေါ့ အရီးစံရယ်"

"မင်းကတယ်ပြီး အားသန်နေတာကိုး။ အသိဉာဏ်ပညာအလိမ္မာပွါးချင်ယင် တဝါလောက် ကိုရင်ဝတ်ပြီး ဘုန်းကြီးဆီပို့။ သဒ္ဒါ၊ သင်္ဂြိုလ် သင်ပေးလိမ့်မယ်။ ရက်ရာဇာ ပြဿဒါး ရွေးတတ်သွားမယ်။ မဟာဘုတ်တိုင် ထူတတ်ပြီး သက်ရောက် ဂြိုလ်စား နားလည်သွားမယ်။ လောကနီတိဆိုတာ တသက်လုံးသုံးမကုန်တဲ့ ဗဟုသုတပါကွာ။ ဇာတ်ကြီးဆယ်ဖွဲ့နဲ့ ငါးရာ့ငါးဆယ်၊ ဇိနတ္ထိတို့ကိုပဲ လေ့လာဦး။ တကယ့်အဖိုးတန်တွေပါကွာ"
ဘဖိုးစံစကားကို ကိုတင်ညွန့် ပြုံးလေသည်။

"ခု မင့်သား လေးတန်းအောင်တယ်သာဆိုတယ် ခေါင်းလျှော်ရက်၊ မလျှော်ရက်၊ စပါးသွင်းရက်၊ မသွင်းရက်။ လာဘ်နေ၊ နတ်နေ၊ စက်နေဆိုတာ ဝေလာဝေးရောကွ။ သစ်တန်တွက် စပါးတွက်လဲ မတွက်တတ်ဘူး။ ဒါ့ကြောင့် အစက ငါမပြောလား။ ဘုန်းကြီးကျောင်းထားပါဆိုတာ။ မင်းတို့ ခေတ်လူတွေ တယ်ခက်တာပဲ"
ဘဖိုးစံစကားကြောင့် မောင်မုန်း မျက်လုံးပြူးသွားရလေသည်။ မှန်သည်။ ဘဖိုးစံပြောသော ပညာရပ်များ မောင်မုန်း မတတ်သေးပါ။ ပြား ၁၀၀ တကျပ် သုံးသောခေတ်တွင် မောင်မုန်းဘာမျှနားမလည်သော ကျပ်၊ ပဲ၊ ပိုင် တွက်နည်းများ။ မူး၊ ပဲ၊ ရွေး တွက်နည်းများနှင့် မကြာခဏ ပညာစမ်းတတ်သည်။ မောင်မုန်း မတွက်တက်၍ ချာချာလည်ရတော့၏။ မောင်မုန်းသည် မိမိ၌ ထိုပညာ လိုနေသေးသည်ဟုသာ ထင်မှတ်လိုက်သည်။ မြို့ကျောင်းမှာနေလျှင် ထိုပညာများ သင်ရကောင်း၏ဟုသာ မျှော်လင့်ရတော့၏။

"မင်းတို့ စဉ်းစားဖို့ကောင်းတယ်ကွာ။ ငမုန်းဆိုရင် မြက်ရိတ်နိုင်ပြီ။ နွားစာစဉ်းနိုင်ပြီ။ ရေခတ်နိုင်ပြီ။ နွားစာတော့ ကောင်းကောင်းကြီးကျွေးနိုင်ပြီကွ။ နောင်နှစ်ဆိုရင် ထွန်စီးနိုင်ပြီ။ သူ့ကို ကျောင်းထားမယ်ဆိုရင် မင်းတို့ ဘယ်သူ့ကို သွားခိုင်းမလဲ။ မင်းတို့မှာ သားထောက်သမီးခံ ကြီးကြီးမားမား မရှိဘူးနော်။ အဲ ပညာတပိုင်းတစနဲ့ ဆက်မသင်နိုင်ရင်လဲ ဒုက္ခ။ ချေးမကော်လောက်၊ ပဲမလှော်လောက်နဲ့ နတ်အိုးကွဲ ဖြစ်နေဦးမယ်"

မည်သို့ပင်ဆိုစေ မောင်မုန်းသည် မြို့ကျောင်းတွင် ပညာဆက်လက်သင်ကြားခွင့် ရရှိလေသည်။ ဆွေမျိုးသားချင်းများဖြစ်သော ပခုက္ကူ ဦးထွန်းလှိုင်၊ ဒေါ်ခင်မေတို့အိမ်တွင် တစ်နှစ်။ နောက် ဦးစိန်ဖေ၊ ဒေါ်မြကြွေတို့အိမ်တွင် တစ်နှစ်နေ၍ ပခုက္ကူမြို့ အမှတ်(၁) အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ယူရသည်။ ပခုက္ကူမှ ဆဋ္ဌမတန်းကို အောင်မြင်ခဲ့သည်။

စီးပွါးရေး အခြေအနေအရ ထမင်းလခဟူ၍လဲ အတိအကျမပေးနိုင်ခဲ့။ ဆန်ပေး၊ ဆီပေး၊ ယာထွက် ပစ္စည်းလေးနှင့် ဟင်းသီးဟင်းရွက်များကိုသာ တတ်အားသရွေ့ တည်းခိုအိမ်သို့ ပေးပို့ထောက်ပံ့ရသည်။ အားနာသဖြင့် မြင်းခြံမြို့၊ ကိုးဆောင်တိုက်၊ ဇေယျသုခကျောင်းတွင် ဆွေမျိုးဘုန်းတော်ကြီးထံ ပြောင်းနေရသည်။ မိဘများမှာ သားပညာရေးအတွက် မြေအချို့ကို ဖဲ့ခဲ့ရလေသည်။

"အစက ငါအပြောသား။ ခု ဘယ့်နှယ့်ရှိစ။ ဒီကောင်လေးကို အိမ်မှာခိုင်းရင် ခုဆို ထွန်ဦးစီးဖြစ်လောက်ပြီ။ ခုတော့ အိမ်ပြန်လာတုန်း နွားစာတောင်း ကောင်းကောင်းမစင်းတတ်ဘူး"
ရေဒီယိုစံတော်ချိန် ဘဖိုးစံက ရွာထဲသို့လည်၍ မောင်မုန်းအတွက် ဂရုဏာဒေါ်သော အပြစ်တင်နေသည်။
မြင်းခြံမြို့၊ အမှတ်(၁) အစိုးရအထက်တန်းကျောင်းမှာပင် မောင်မုန်း မက်ထရစ်စာမေးပွဲကို အောင်မြင်ခဲ့လေသည်။

"သား-- မင်းကိုတော့ တောင်သူအလုပ် မလုပ်ခိုင်းချင်ဘူး။ အဲ အရီးစံပြောသလို နတ်အိုးကွဲ အဖြစ်မခံနိုင်ဘူး။ ဒီတော့ လူအကဲ့အရဲ့လွတ်အောင် အစိုးရအလုပ်တခုခု ရှာပေတော့"
မိတ်ဆွေ အပေါင်းအသင်းတို့၏ အကူအညီပေးမှုကြောင့် ပခုက္ကူမြို့ ခရိုင်ရဲဝန်ရုံးတွင် "အကူစာရေး"အဖြစ် စေတနာ့ဝန်ထန်း လုပ်အားပေး အလုပ်ဝင်ရသည်။ အကယ်၍ စာရေးနေရာ လစ်လပ်ခဲ့သော် အလွယ်တကူ အလုပ်ဝင်နိုင်ရန်ဖြစ်၏။ မည်သည့်ကာလတွင် အလုပ်ရလိမ့်မည်ဟု မခန့်မှန်းနိုင်။ ဝါသနာလဲ မပါလှ။

"အစိုးရအလုပ်ဆိုတာ လွယ်တာမှတ်လို့။ ဌာနဆိုင်ရာတွေနဲ့ ရင်းလဲရင်းနှီးမှ။ လာဘ်ယင်လဲ ထိုးမှ။ ခုလို စိုက်လိုက်မတ်တတ်လုပ်နေလို့ ဘယ်ရမလဲ။ ခုဆို ငမုန်းမှာ အလုပ်လုပ်ရပေမယ့် လခမရတဲ့အပြင် အိမ်ကထမင်းလခနဲ့ သားရေစာဖိုးတောင် စိုက်ရသေးတယ်"
ဘဖိုးစံကား နဂိုက သူ့စကားကို နားမထောင်မိခဲ့သည့် ပြစ်ချက်ဖြင့် မောင်မုန်းလုပ်သမျှကို အကောင်းမမြင်တတ်တော့ချေ။

မောင်မုန်းသည် အကူစာရေးဘဝနှင့် အလုပ်ခေါ်သမျှကို လျှောက်ထားလေသည်။ အရည်အချင်းစစ်စာမေးပွဲမှန်သမျှ ဝင်ဖြေသည်။ မူလတန်း လက်ထောက်ဆရာခန့်သောအခါတွင် မောင်မုန်း ထခုန် ကျွမ်းပစ်မိသည်အထိ ဝမ်းသာသွားသည်။ ကလေးဘဝကာ့ပင် ဝါသနာပါခဲ့သည့် အလုပ်။ တိုင်းယက်သည့် ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့်ဖြစ်သွားတော့သည်။

"ကောင်အိုလေး၊ မင်းမှားကွက်နင်းမိပြီ။ တို့ဌာနမှာနေရင် တနေ့နေ့ အောက်တန်းစာရေးတော့ မြေကြီးလက်ခတ်မလွဲရမှာ သေချာတယ်။ တက်လမ်းအများကြီးရှိတယ်ကွ။ အောက်တန်းစာရေးက အထက်တန်းစာရေး၊ အထက်တန်းစာရေးကနေပြီး ရုံးအုပ်စာရေးကြီး၊ နောက်ဝန်ထောက်။ ဘယ်မှာလဲ၊ မင့်ကျောင်းဆရာက တက်လမ်း။ သင်တန်းတွေ နှစ်နဲ့ချီပြီးတက်ဦး။ အင်တာဗျူးတွေ ဝင်ဖြေဦး။ ဒီတော့မှ တစ်ရာမှာ တစ်ယောက်နှုန်းလောက်သာ တက်လမ်းရှိတာကလား"
ခရိုင်ရဲဝန်ရုံး ငွေစာရင်းဌာန စာရေးကြီး ဦးမော်နှင့် ဦးတင်စိုးတို့က ကရုဏာဒေါသောဖြင့် ပြောလေသည်။ ကျောင်းဆရာအလုပ်ကို မဝင်ပဲနေ၊ ဌာနမှာပင် အလုပ်ရစေဟု အာမခံကြလေသည်။ သို့သော် မောင်မုန်း မနေတော့ပြီတည်း။

"အမေတော့ ဝမ်းမသာနိုင်ဘူး ငါ့မြေးရယ်။ မင်းအဖေ ရက်စက်လို့ ငါ့မြေး ၁၀ နှစ်သားကတည်းက အမေတို့နဲ့ ခွဲခွါပြီး ကျောင်းနေခဲ့ရတယ်။ အဲဒီတုန်းကတော့ ကျောင်းထွက်ချိန် အိမ်ပြန်ရောက်မှာပဲလို့ ဖြေသာသေးရဲ့။ ခု အလုပ်ရပြီး တရွာတရပ်ကို သွားနေမယ်ဆိုတော့ အမေဘယ်လို စိတ်ဖြေရမလဲ ငါ့မြေးရယ်"
ဝမ်းသာအားရနှင့် ကားပေါ်ကအဆင်း အိမ်အဝင်ရောက်မဆိုက်ပင် ပခုက္ကူမြို့နယ် ရေမြက်ရွာတွင် ကျောင်းဆရာအလုပ်ရကြောင်း အော်ပြောလိုက်မိသည်။ ဘွားအေ အမေဌေးက မျက်ရည်စမ်းစမ်းနှင့် ဆိုရှာသည်။ မိခင်လည်း ထိုနည်း၎င်းပင်။
"ကျောင်းပိတ်ရက်တိုင်း ပြန်လာခဲ့ပါမယ်ဗျာ"
ဘိုးအေ၊ ဖွားအေနှင့် မိခင်တို့ကို နှစ်သိမ့်စကား ပြောရလေသည်။ ဝမ်းသာသူမှာ မောင်မုန်း၏ဖခင် ကိုတင်ညွန့်ပင်တည်း။
ဖခင်က ဝမ်းသာအားရဖြင့် နည်းညွှန်စကားဆိုလေသည်။

ရွာထဲသို့လည်၍ နှုတ်ဆက်ကန်တော့ရာတွင် ပထမဦးစွာ ဘဖိုးစံနှင့် တွေ့ဆုံရသည်။
"မင်းဟာက ဘယ်မှာဇယားကိုက်လို့လဲကွာ။ မင်းအတွက် ကုန်ကျခဲ့တဲ့ ငွေငါးထောင်ကျော်ကို အတိုးပေးကြည့်စမ်း။ တလ တလ အတိုးငွေ ၁၅၀ အနည်းဆုံး ရနိုင်တယ်ကွ။ ခုမင်းရတဲ့လခက တလမှ ၁၂၆ကျပ် ၇၅ပြား။ မိုင် ၃၀ကျော်ဝေးတဲ့ဒေသ သွားနေရဦးမယ်"
ဘဖိုးစံကမူ ထုံးစံအတိုင်း အကောင်းမြင်ဝါဒကို ဖယ်ကြဉ်၍ အပျက်မြင်ဝါဒဖြင့် မောင်မုန်းအား ရှုတ်ချလေသည်။ မောင်မုန်းစိတ်မဆိုးပါ။
"ကျွန်တော် ချေးမကော်လောက်၊ ပဲမလှော်လောက်နဲ့ နတ်အိုးကွဲဘဝကတော့ လွတ်ပြီ ဘဖိုးစံရယ်"
မောင်မုန်းသည် ဤစကားတခွန်းကိုပြောကာ ဘဖိုးစံထံမှ ထွက်ခွါခဲ့လေသည်။

"ငါ့မြေး တနေ့နေ့ ဒီလိုဖြစ်မယ်လို့ ဘ အတပ်ပြောခဲ့တာဘဲ။ မဆန်းပါဘူး။ ခုကျောင်းဆရာထက်မြင့်တဲ့ အဆင့်ကို တက်နိုင်ဖို့ ကြိုးစားဦး ငါ့မြေး"
ဘဖီးသည် ချိုးသားကြော်၊ ရေနွေကြမ်းတို့ဖြင့် ဧည့်ခံလေသည်။ ဝမ်းသာအားရရှိလွန်းလှသည်။ မောင်မုန်း ကလေးဘဝက သူနှင့်ထိစပ်ခဲ့သည့် ရှေးဟောင်းနှောင်းဖြစ်များကို တဝကြီးပြောပြနေသည်။
"ဘမှာတော့ တခြားပေးကမ်းစရာ မရှိဘူးကွယ်။ အဲ သားရေဖိနပ်တရံတော့ ရှိလေရဲ့။ ငါ့မြေးယူသွား။ ကျောင်းဆရာဆိုတော့ ဂုဏ်နဲ့ထိုက်တန်အောင် ဝတ်ရစားရမှာ"
"မယူပါရစေနဲ့ ဘဖီးရယ်။ ကျွန်တော်ကသာ ကန်တော့ရမှာပါ"
"ယူသွား ငါ့မြေး။ မယူရင် ဘာ့စိတ်ဆိုးမယ်"
မောင်မုန်းသည် ဘဖီးကို ကန်တော့ကာ ပြန်လည်ထွက်ခွါခဲ့၏။ ဖိနပ်ကိုလည်း ယူလာရသည်။

"ငါ့တပည့်၊ မင်းဟာ တပည့်ကောင်းတဦးဖြစ်ခဲ့ပြီ။ ဆရာကောင်းတဦးဖြစ်အောင် ကြိုးစားပေတော့"
ဆရာကြီး ဦးဘိုးကျောင်းက ဩဝါဒတိုလေးကို မိန့်ကြားပြီး ဆရာ့လက်စွဲစာအုပ်ကို လက်ဆောင်ပေးလိုက်သည်။

ဆရာလေးဦးညွန့်မောင်ကာ့မူ ကျောင်းဆရာတစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်း၊ သိက္ခာ၊ သမာဓိများကို အသေးစိတ်ပြောပြ နည်းညွှန်လေသည်။
"အဓိကလိုအပ်တာကတော့ ကျောင်းဆရာတဦးမှာ နာသုံးနာနဲ့ ပြည့်စုံရမယ်ကွ။ ဝါသနာ၊ စေတနာနဲ့ အနစ်နာခံခြင်းပေါ့ကွာ။ နောက်ထပ် နာတနာတိုးလိုက်ဦး။ အထက်အမိန့်ကို နာခံခြင်းတဲ့။ နာလေးနာနဲ့ပြည့်စုံအောင် ကြိုးစားမယ်ဆိုရင် အောင်မြင်တဲ့ ပြည်သူ့ကျောင်းဆရာတဦးဖြစ်မှာသေချာတယ်"

XXXXX



(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

4 comments:

စိုးထက် - Soe Htet ! said...

ကောင်းတယ် ဗျ ... တစ်ကယ့် ဘ၀ကို ထင်ဟပ်တဲ့ ၀တ္ထုလေးဗျ .. ထပ်လာဖတ်ပါမယ် :D

HEARTMUSEUM said...

ကျောင်းဆရာတဦးမှာ နာသုံးနာနဲ့ ပြည့်စုံရမယ်ကွ။ ဝါသနာ၊ စေတနာနဲ့ အနစ်နာခံခြင်းပေါ့ကွာ။...........
အခုအဲဒါတွေ မရှိတော့ဘူး..........
ဝမ်းနည်းစရာကောင်းလိုက်တာ....
ငယ်ငယ်ကဆရာတွေကိုတော့ လွမ်းမိတယ်..........
အိုကြီး အိုမနဲ့ ဒုက္ခေ၇ာက်နေကြတယ်ဗျာ.........

ရွှန်းမီ said...

စေတနာရှင် ဆရာ ဆရာမ များကို သတိရမိပါသည်။
မမဝေ .. အလုပ်များနေလား.. ဆက်ရေးပါဦးနော်။။

စိုးထက် - Soe Htet ! said...

ဆက်ရေးပါဗျ :D

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP