Thursday, May 8, 2008

ငလျင်





မနေ့ညက ငလျှင်လှုပ်တယ်။ ဒီရောက်ကတည်းက ငလျှင်နဲ့ ခဏခဏကြုံနေရတော့ သိပ်ထူးပြီးမဆန်းနေတော့ပါဘူး။ ရောက်ခါစကတော့ ငလျှင်လှုပ်ရင် ဆင်းဘဲပြေးရမလို၊ စားပွဲအောက်ဝင်နေရမလိုနဲ့ အခန်းအလယ်မှာ တစ်ယောက်ထဲငုတ်တုတ်နဲ့ ဘာလုပ်ရမှန်းမသိ ကြောက်နေတာ။ ဓာတ်လှေကားမှာကလဲ ငလျှင်လှုပ်တဲ့အချိန် မစီးဖို့ သတိပေးထားတဲ့စာကပ်ထားတော့ ဈေးဝယ်ဖို့ အောက်ဆင်းတိုင်း ဒီအချိန်များ ငလျှင်လှုပ်ရင်လို့တွေးပြီးကြောက်။ စားပွဲအောက်ဝင်ရအောင်လဲ ခေါက်စားပွဲပိစိကွေးအောက် ဝမ်းယားမှောက်တိုးရမှာ။ တော်ကြာ စင်တွေပြိုလဲမှဖြင့် ခေါက်စားပွဲက အရင်ကျိုးမှာ သေချာတယ်။ အမျိုးမျိုးတွေးပူပြီး ကြောက်တာလေ။ ခုများတော့ တော်ရုံလှုပ်ရုံနဲ့ သိပ်မကြောက်တော့ဘူး။ မူးရုံကလွဲပြီး ကျင့်သားရနေပါပြီ။ ဟိုတလောကတောင် ငလျှင်မလှုပ်တာကြာပေါ့လို့ တွေးမိနေသေးတာ။ တခါတလေ နဲနဲခါရုံကလွဲလို့ ခပ်ပြင်းပြင်းမလှုပ်တာကို ပြောတာပါ။ မနေ့ညကတော့ သူရောက်လာတယ်။ ညတစ်နာရီလောက်က စလှုပ်တာ။ ပထမပိုင်းတော့ ခပ်အားလျော့လျော့နဲ့။ နောက်တော့ အားပြင်းလာပြီး မီးဖိုချောင်မှာ ချိတ်ထားတဲ့ ကော်ဖီခွက်တွေ အချင်းချင်း တခွပ်ခွပ်တိုက်လာတယ်။ အရင်ကလဲ ဒီလို ခပ်ပြင်းပြင်းလှုပ်ဖူးတော့ သိပ်မကြောက်သေးဘူး။ ခဏနေတော့ ပြန်ငြိမ်သွားမှာလို့ တွေးထားလို့။ ထင်တဲအတိုင်း ပြန်ငြိမ်သွားတယ်။ နောက်မကြာဘူး ပြန်လှုပ်ပြန်ရော။ အဲလို ၂ကြိမ်လောက် ၁မိနစ်ကျော်လောက်လှုပ်ပြီး ပြန်ငြိမ်သွားတယ်။ အေးအေးဆေးဆေးပြန်ဖြစ်သွားလို့ အိပ်ပျော်ခါစရှိသေး အိမ်က လှုပ်လှုပ် လှုပ်လှုပ်ထပ်ဖြစ်လာတယ်။ အဲဒီအချိန်အထိ မျက်စေ့မဖွင့်ကြည့်သေးဘူး။ နောက်တော့ ပြင်းသထက်ပြင်းလာတယ်။ ကော်ဖီခွက်တွေတိုက်သံကလဲ ပြင်းသထက်ပြင်းပြီး ဆူညံလာတယ်။ အယ်! ဒီတစ်ခါကြမ်းသဟဲ့ဆိုပြီး မျက်လုံးပြူးသွားတယ်။ ထထခြင်း ဘေးက ကွန်ပျူတာနဲ့ စာအုပ်တွေတင်ထားတဲ့စင်ကို ဖမ်းကိုင်ထားလိုက်တယ်။ တော်ကြာ စင်လဲပြီး လာပိမှာစိုးလို့။ အိမ်ကြီးရှင်လဲ ပြူးပြူးပျာပျာနဲ့ထပြီး စင်ရဲ့ ဟိုဘက်တခြမ်းကတိုင်ကို ထိန်းထားတယ်။ လှုပ်တာက တော်ရုံနဲ့မရပ်နိုင်ဘူး။ ခွက်သံတွေက အရမ်းနားငြီးလာတာနဲ့ ကြိုးစားမတ်တပ်ရပ်ပြီး ကော်ဖီခွက်တွေဖြုတ်ပြီး ဘေစင်ထဲ ထည့်ထားလိုက်တယ်။ တော်တော်ကြာကြာလေးလှုပ်ပြီးမှ ငြိမ်သွားတာ။ ဒီတစ်ခါ ခပ်ကြမ်းကြမ်းလှုပ်ပေမယ့် နဲနဲမှ မကြောက်မိဘူး။ ဘေးမှာ အားကိုးရာရှိနေလို့လဲပါတယ်။ ငြိမ်သွားတော့မှ ကိုယ်တော်ချောက ပြောလာတယ်။ "ヤバイ! ちょっと怖い"တဲ့။ ဟမ်! ဒီကတော့ သူ့အားကိုးနဲ့ အေးဆေး၊ သူကတော့ နဲနဲလန့်သတဲ့။ တော်သေးတာပေါ့။ ငလျှင်လှုပ်ခါစက သူ့မမေးမိလို့။ တော်ကြာ ကိုယ်ပါတိုးပြီး ကြောက်နေမိဦးမယ်။ လှုပ်တာရပ်သွားတော့ သတင်းတောင် ထဖွင့်ကြည့်လိုက်သေးတယ်။ ဘယ်လောက်အားလဲလို့။ မနက်ကသတင်းမှာတော့ အနီးဆုံးနေရာမှာ 6.2 တဲ့။ ငလျှင်auto သတိပေးစက်တွေ နောက်ကျလို့ဆိုပြီးလွှင့်သွားတယ်။ စုစုပေါင်း လူ၆ယောက်လောက် ဒါဏ်ရာအနဲအကျင်းလောက်ရတယ်တဲ့။ သေချာကြည့်ချင်လို့ ရာသီဥတုအခြေအနေကြည့်နေကြ http://www.tenki.jp/qua/q_11.html မှာ ရှာလိုက်သေးတယ်။ ဒီကိုရောက်တဲ့အားက ၃ လောက်ဘဲရှိတယ်။ ဒါတောင် အတော်ခါတယ်။ ငလျှင်ဒါဏ်ကာကွယ်အောင်ဆောက်ထားလို့ ပိုခါတာလဲပါမှာပါ။ ခေါင်းထဲကငလျှင်ကတော့ တချက်တချက် ရိပ်ခနဲရိပ်ခနဲ။ ရင်ထဲကငလျှင်ကတော့ မနေ့ညနေကမှ သက်သာသွားတယ်။ အမေနဲ့ ဆယ်မိနစ်လောက် ဖုန်းပြောလိုက်ရလို့။ စိတ်မပူနဲ့ အစစအရာရာ ဈေးကြီးတာတခုဘဲ။ စိတ်မပူဖို့ဘဲ အထပ်ထပ်မှာတယ်။ အဆက်သွယ် လုံးဝမရတာထက်စာရင်တော့ စိတ်အေးရပါသေးတယ်လေ။

7 comments:

ရွှန်းမီ said...

ဟုတ်..
စာတွေ မဖတ်ရတာ ကြာပြီ.. အလုပ်များနေလား..
ငလျင်ကြောင့် ဘာမှ မဖြစ်ဘူး ဆိုလို့ ၀မ်းသာပါတယ်..
အဆင်ပြေပါစေ မဝေ။

nu-san said...

ညီမလေးရေ.. တိုကျိုမှာ ငလျှင်လှုပ်လိုက်တယ်လား.. အမ ဒီဘက် မရောက်ဖြစ်လို့ မသိလိုက်ရဘူး။ သတင်းလာမေးတာ နောက်ကျသွားတယ်။ Sorry ပါနော်။ အိမ်နဲ့ဖုန်းအဆက်အသွယ်ရသွားပြီဆိုလို့ ၀မ်းသာတယ်။ အမကတော့ ဒီနေ့မနက်မှ ရသွားတယ်။ ဒါတောင် mobile ဖုန်းပဲရတာမို့ သူငယ်ချင်း ဖုန်းကို ခဏယူခိုင်းထားပြီး အဖေအမေနဲ့ပြောလိုက်ရတယ်။ အော်.. ဒုက္ခတွေများကြီးလိုက်တာလို့ ဖုန်းဆက်ပြီး သတင်းမေးချင်တာတောင် စောင့်လိုက်ရတာ အခုထိလည်း ဖုန်းလိုင်းတွေ ပြန်မကောင်းသေးပါဘူး။ ကျန်းမာရေးကို ဂရုစိုက်ပါနော်။ ငလျှင်လှုပ်တာ တော်တော်ပြင်းတယ်ဆိုလို့ အမတော့ ကြောက်တတ်လို့လား မသိဘူး စိတ်ပူတယ် ညီမလေးရေ..

Soe Mya Nandar Thet Lwin (Borros Roxo) said...

လာလည်သွားပါတယ်။ အစစအရာရာ အဆင်ပြေပါစေ

Soe Mya Nandar Thet Lwin

Yan said...

ဟုတ်တယ်ဗျာ. ဓာတ်လှေကားစီးနေတုန်း ငလျင်လှုပ်ရင် ဒုက္ခ... မမြရွက်ဝေဘလော့ဂ်လေးဆီလာရတာ တိုင်းခြားအတွေ့အကြုံတွေ့ ဖတ်ရသိရတယ်. ကျေးဇူးဗျာ.

Thyda said...

I read news that this earthquake awoke all ppl in Tokyo. Thanks for sharing your experiences. I was away from Tokyo at that time.

NwayLeL said...

မို့လေး ရေ လာဖတ်သွားပါတယ် ။ မာ့ ခ် ရော နေကောင်းလား ? www.holyscripts.blogspot.com မှာ ပို့ စ်တချို့တင်ထားတယ် ။ ဒီနေ့ connection လည်းကောင်းနေတာနဲ့ ။

တောကကိုရင် said...

ဘယ်လိုပဲဖြစ်ဖြစ် သတိတော့ထားပါဆရာမရေ...
ကျနောတို့ဆီမှာတော့ မုန်တိုင်းဆိုလည်းလန့်နေရ...
ငလျင်ဆိုလည်းလန့်နေရနဲ့...
လူတွေအကုန်လုံးလည်း ကျီးလန့်စာစာပါပဲဗျာ...
အဆင်ပြေတယ် နေကောင်းတယ်ဆိုတာသိရလို့..
ဝမ်းသာပါတယ်ဗျာ...
ကော်မန့်တွေအတွက်လည်းကျေးဇူးပါ....

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP