တပတ်တခါ သွားတက်တဲ့သင်တန်းက ခြောက်လပိုင်း ၂ရက်နေ့မှာ 日帰りバス旅行သွားမယ် လိုက်မှာလားဆိုပြီး လိုက်ရင်ဖြည့်ဖို့formပေးလာပါတယ်။ လက်ရှိသင်တန်းသားတွေဆို တစ်ယောက် ၃၀၀၀円 နဲ့ ကလေးခေါ်လာချင်ရင် ကလေးက ၁၀၀၀円နဲ့ အရင်သင်တန်းသားဟောင်းရယ် ကိုယ့်မိသားစုဝင်တွေဆို ၄၀၀၀円ပါ။ သွားမယ့်နေရာက "ကနဂါဝခရိုင် ဟကိုးနဲ" (神奈川県 箱根のちかく) နားမှာရှိတဲ့ "ယူဂဝရ"ရေပူစမ်း (湯河原温泉)ပါ။ ရေပူစမ်းထဲဝင်မယ့်သူတွေကို ခြုံဖို့towel ယူလာဖို့ မှာတယ်။ မဟုတ်ရင် ဝယ်နေရမှာစိုးလို့ပါ။ ရေပူစမ်းထဲမစိမ်သူတွေအတွက်တော့ ခြေထောက်ဘဲစိမ်ရတဲ့ ရေပူစမ်းကို ဝင်လို့ရပါတယ်။ အဲဒီမှာ နေ့လည်စာစားပြီး အပြန် "ကနဂါဝခရိုင်"ထဲက "အစဟိ"ဘီယာစက်ရုံ (アサヒビール神奈川工場)ကို လေ့လာရေးဝင်မယ်ဆိုပါတယ်။ ဘီယာသောက်ကြစို့! juiceလဲရှိတယ်လေ!တဲ့ စာရွက်ထဲမှာ ရေးထားပါတယ်။ မနက် 8:40ရောက်အောင်လာပါ၊ ညနေ ခြောက်နာရီကျော်လောက် ပြန်ရောက်မယ်မှန်းထားပါတယ်တဲ့။ ကျမက ဘီယာလဲမသောက် ရေပူစမ်းလဲမဝင်ဆိုတော့ လိုက်ဖို့မလိုက်ဖို့မသေချာပါဘူး။ (ရေပူစမ်းစိမ်ဖို့စိတ်တောင်မကူးပါဘူး။ ဒီကရေပူစမ်းတွေ ရေနွေးစိမ်ကန်တွေက သိကြတဲ့အတိုင်း အဝတ်မပါနဲ့ဝင်ရတာ။ ယောင်လို့တောင် ဝင်ဖို့စိတ်မကူးသေး။) ဒါနဲ့ အိမ်ကြီးရှင်ကို မေးတော့ မရောက်ဖူးတဲ့နေရာ ရောက်ဖူးအောင်လိုက်သွားလေတဲ့၊ ခြေထောက်ဘဲစိမ်ရတဲ့ ရေပူစမ်းဝင်ပေါ့ဆိုတာနဲ့ လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။
သွားမယ့်နေ့မှာ ကာလနဂါး စောစောထ သုတ်ခြေတင်ရတယ်။ စုရပ်ရောက်တော့ ကားပေါ်တက်၊ ငိုက်မျည်းမျည်းနဲ့ ထွက်မယ့်အချိန်ကို စောင့်နေတုန်း ဘေးမှာအတူထိုင်မယ့် "ဆအိတမ"က တရုတ်မလေးက သူစီးမယ့် ရထားလိုင်းက မတော်တဆမှုရှိလို့ ရထားတွေ ရပ်နေလို့ busစီးပြီးလာရမှာမို့ ခဏစောင့်ပေးဖို့ ဖုန်းဆက်လာတယ်။ စထွက်မယ့်အချိန်အထက် ဆယ်မိနစ်လောက်နောက်ကျပေမယ့်လဲ ကားလမ်းမပိတ်လို့ ချောချောချူချူနဲ့ ထွက်လာနိုင်ခဲ့တယ်။ အဝေးပြေးယာဉ်ရပ်နားစခန်းမှာ restroomဝင်ဖို့ ခဏတဖြုတ်ရပ်နားပြီး ဆက်ထွက်လာကြတယ်။ ကျမအဖို့ ဒီရောက်ပြီး bus (highway express)စစီးတာ ပထမဦးဆုံးပါဘဲ။ ကားက မြေပြင်ပေါ်မှာ သွားတာနဲနဲ၊ overpass တွေပေါ်မှာဘဲ တောက်လျှောက် နိမ့်ကျသွားလိုက် ပြန်တက်လာလိုက်နဲ့ ဘယ်လိုမှ busစီးတဲ့အရသာမရှိဘဲ ရိုလာကိုစတာ စီးနေရသလားထင်ရတယ်။ တချို့နေရာက overpass ဆိုရင် ဘယ်နှစ်ပြန်တောင် ထပ်နေတာမှန်းမသိအောင် အမြင့်ကြီးရယ်။ တောသူမတို့ ပါးစပ်အဟောင်းသားပေါ့။
နောက် ကားပေါ်မှာ Bingo ဆိုတဲ့ gameဆော့ကြတယ်။
နံပါတ် 1 to 99 ကို random ရေးထားတဲ့ ကဒ်လေးတွေ ဝေတယ်။ ပထမဦးဆုံး အလယ်ခေါင်က Free Space ကို အရင်ဖောက်ရတယ်။ ကျန်နံပါတ်တွေထဲက ဆရာမက စက်ကိုနှိပ်ပြီး ထွက်လာတဲ့ နံပါတ်က ကိုယ့်ကဒ်မှာ ပါရင် အဲဒီနေရာကို အပေါက်ဖောက်၊ အရင်ဆုံး ငါးပေါက်တန်းသွားရင် ဂိမ်းပါတယ်။ ဂိမ်းသွားသူတွေကို မဲနံပတ်ပြားလေးတွေပေးတယ်။ သိမ်းထားပြီး နေ့လည်ကျရင် အဲဒီနံပါတ်နဲ့ လက်ဆောင်ထုတ်ပေးမှာတဲ့။ ကျမက ၂၄ယောက်မြောက်မှ ဂိမ်းတော့ နံပါတ် နှစ်ဆယ့်လေးကဒ်ပြားရတယ်။ အဲလိုဆော့လာရင်းနဲ့ ကားက ကမ်းရိုးတန်းလမ်းပေါ် ရောက်လာတယ်။ အဲဒီနေ့က ရာသီဥတုက မှုန်မှုန်မှိုင်းမှိုင်းနဲ့ရယ်။ မိုးလေဝသက လေပြင်းမယ်၊ မိုးရွာမယ်တော့ပြောထားပေမယ့် ထွက်လာတဲ့တလျှောက် မိုးပဲအုံ့နေခဲ့တယ်။ ကမ်းခြေမှာတော့ လှိုင်းတွေက ကျောက်ဆောင်တွေကို တဝုန်းဝုန်းနဲ့။ ဆူနာမီသာလာရင် ဒီကားလမ်း ရေမြုပ်မှာဘဲလို့တောင် တွေးမိလိုက်သေးတယ်။
ရာသီဥတုမသာယာပေမယ့် ပင်လယ်ပြင်မှာ ငါးဖမ်းလှေလေးတွေ သမုဒ္ဒရာ ဝမ်းတထွာအတွက် မနားကြဘူး။
ကားထဲက Guide အမကြီးရဲ့ ဒီပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို ရှင်းလင်းပြောပြတာကို နားထောင်တချက် မထောင်တချက်နဲ့ (အမှန်တော့ နားထောင်လဲ ကောင်းကောင်းမှ နားမလည်တာ :P) ဟိုငေးဒီငေးနဲ့ဘဲ ရေပူစမ်းကို ရောက်လာတယ်။ ပထမဆုံး နေ့လည်စာစားဖို့ "ကအို့ရိ ဟိုတယ်"(香里ホテル)ကို ဝင်ပါတယ်။ အဲဒီမှာ နေ့လည်စာမစားခင် Bingoဆော့တုန်းက နံပါတ်တွေနဲ့ လက်ဆောင်တွေ ယူရတယ်။ ကျမယူတဲ့အိတ်ထဲမှာတော့ နို့နှစ်ရောင်ကီမိုနိုအဆင် တစ်ရှူးအိပ်လေးရယ်၊ ပုဝါရယ်၊ လက်ကောက်တစ်ကွင်းရယ် ပါပါတယ်။
သူဘာရတယ်၊ ငါဘာရတယ် စပ်စုကြပြီး နေ့လည်စာစားဖို့ ၂ထပ်က ထမင်းစားခန်းဆီသွားကြတယ်။ ထမင်းဘူးထဲ ဂျပန်ထုံးစံလားတော့မသိ ဟိုစပ်စပ် ဒီစပ်စပ် အစုံဘဲ။ သူငယ်ချင်း တရုတ်မလေးက ပင်လယ်စာ ဓာတ်မတည့်လို့ သူ့ပုစွန်ကြော်လာပေးနေလို့ နှစ်ကောင်စားလိုက်ရတယ်။ မီဆိုဟင်းရည်ကလဲ ကဏန်းပါလို့ ခမျာ မသောက်ရပြန်ရှာဘူး။
စားပြီးတော့ "အွန်းစမ်း"ဝင်မယ့်သူနဲ့ ခြေထောက်ဘဲစိမ်မယ့်သူ နှစ်ဖွဲ့ခွဲပြီး "အွန်းစမ်း"ဝင်မယ့်အဖွဲ့က အရင်ထွက်သွားတယ်။ ကြည့်ရတာ ဟော်တယ်အတွင်းနဲ့ ဆက်နေပုံဘဲ။ နောက်မှ ရေပူစမ်းစိမ်တဲ့ တရုတ်မလေးကို စပ်စုကြည့်ရတယ်။ ခြေထောက်ဘဲစိမ်မယ့် ကျမတို့အဖွဲ့ကတော့ ဟိုတယ်ကနေ ဆယ်မိနစ်လောက်လမ်းလျှောက်ပြီး "ဒိုကုဟို့" (独歩の湯) ခြေထောက်စိမ်ကန်ဆီ သွားကြတယ်။ ဟိုတယ်ကထွက်စမှာ မိုးတပေါက်နှစ်ပေါက်ကျလာပေမယ့် နောက်ခဏနေတော့ ပြန်တိတ်သွားလို့တော်သေးတယ်။ စက်ဝိုင်းပုံ ဝင်းထဲမှာ ခြေထောက်စိမ်ကန် ကိုးခုရှိတယ်။ တကန်စီ အပူချိန်မတူပါဘူး။ ကန်တိုင်းမှာ ဘယ်ကန်က ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းအတွက် ကောင်းတယ်ဆိုပြီးရေးထားတယ်။ အဲဒီထဲက ကန်တစ်ကန်က အတော်ပူခြစ်နေအောင် ပူပါတယ်။ နေ့တိုင်း ရေနွေးစိမ်နေကြတဲ့ ဂျပန်တွေတောင် ကြာကြာမစိမ်နိုင်ပါဘူး။ ခြေထောက်က ခဏနဲ့ နီရဲလာတယ်။
ခြေထောက်စိမ်ကန်ကနေ ဟိုတယ်ကိုအပြန် မိုးပြန်ရွာရာကနေပြီး ဘီယာစက်ရုံရောက်တဲ့အထိ မိုးကမတိတ်တော့ဘူး။ ဘီယာသောက်သူတွေတော့ ဘယ်လိုနေတယ်မသိ၊ ကျမတော့ စက်ရုံထဲက အနံ့နဲ့တင် မူးလာတယ်။ အမြန်သာပြန်ထွက်ချင်တော့တာဘဲ။ တာဝန်ခံမမလှလှရဲ့ ရှင်းပြတာလဲ စိတ်ဝင်းစားတော့ဝူး။ မူးတယ်။ လူမရှိဘဲ အခန်းတိုင်းမှာ စက်တွေသက်သက် အလုပ်လုပ်နေကြတာကို မှန်ခန်းတွေကနေ ကြည့်ပြီး ဪ-- ဪ လုပ်ခဲ့တယ်။ စက်ရုံထဲမှာ ဓာတ်ပုံမရိုက်ရဆိုတော့ မှတ်တမ်းတင်ပုံ ပါမလာတော့ဘူး။ ပြန်အထွက်မှာ စက်ရုံအဝင်ဟောခန်းမထဲ စားပွဲတွေတန်းစီချထားပြီး ဘီယာသောက်ချင်သူတွေက ဘီယာတန်းစီ၊ မသောက်သူတွေနဲ့ ကလေးတွေအတွက် ဖျော်ရည်ဘူးတွေ ပေးတယ်။ ဘီယာသောက်သူတွေကို အမျိုးစား၃မျိုး ၃ခွက်သောက်ခွင့်ပေးတယ်။ သူများတွေ ဘီယာနဲ့ "ကန်းပိုင်း!" (乾杯!)တဲ့ကြား ဖျော်ရည်ဗူးနဲ့ဘဲ မြှောက်လိုက်တယ်။ ဘေးကဂျပန်ကလာမေးနေသေးတယ်။ ဘာလို့ ဘီယာမသောက်တာလဲတဲ့။ ဒီရောက်ကတဲက ဒါဘဲဖြေနေရတာ ခဏခဏ။ ဗုဒ္ဓဘာသာဝင်မို့လို့ ငါးပါးသီလမှာပါလို့ မိန်းခလေးမို့လို့နဲ့ ပြောရပေါင်းလဲများပြီ။ သူတို့ကလဲ ကောင်းကောင်းနားမလည် ကိုယ်ကလဲ နားလည်အောင်မရှင်းပြတတ်၊ ရွာပတ်နေတာလဲ အကြိမ်ကြိမ်။ ဒီတခါတော့ "အရသာ မကြိုက်လို့မသောက်ဘူး" ပြောလိုက်မှ "ဪ အရသာမကြိုက်မှတော့ အတင်းသောက်နေဖို့ မလိုဘူးပေါ့"နဲ့ ပြီးသွားလို့ တော်သေး။
အပြန်လမ်းမှာ ရေချိန်လေးလဲရလာကြတော့ ကာရာအိုကေ ဟစ်ကြတယ်။ အားလုံးက ရှေးသီချင်းတွေဆိုကြတော့ တော်တော်များများသီချင်းတွေကို မသိဘူး။ ကောင်းတဲ့သူလဲ ကောင်းပါတယ်။ ဘေးက တရုတ်မလေးက နှစ်ပုဒ်လောက် ဟစ်လိုက်တယ်။ သူ့အမျိုးသား ဂျပန်နဲ့ အမြဲကာရာအိုကေဆိုင်မှာ ဟစ်နေကျဆိုဘဲ။ စကားပြောရင်သာ ဝဲတာ သီချင်းဆိုတာ နားထောင်ကောင်းသားဘဲ။ ကျမက ကိုယ့်ဘာသာ ငိုက်မျည်းနေတာ သူ့အသံက ပျင်းဖို့ကောင်းလို့လားမေးနေလို့ ကားက ငြိမ့်ငြိမ့် ငြိမ့်ငြိမ့်နဲ့မိုလို့ပါလို့ ဖြေရှင်းရသေးတယ်။ ငိုက်ကောင်းတုန်း နောက်ဘက်မှာထိုင်တဲ့ ကလေးက "တိုကျိုတာဝါကြီး!" လို့ ထအော်မှ ပြူးပြဲကြည့်လိုက်တော့ အပြန်လမ်းက မြို့လယ်ကို ဖြတ်မောင်းလားမှန်းသိတော့တယ်။ ကားပေါ်ကနေ အမြန်ဓာတ်ပုံလှန်းရိုက်လိုက်တယ်။
အိပ်ငိုက်လဲပြေလာတော့ ဟိုဟိုဒီဒီငေးရင်းမောရင်း မနက်က စထွက်ခဲ့တဲ့နား ပြန်ရောက်လာတယ်။ ကားပေါ်က ဆင်းပြီး အားလုံး အသီးသီး "ဆာရိုနာရာ" လုပ်ပြီး သူငယ်ချင်း တရုတ်မလေးနဲ့ ဘူတာသို့အတူလျှောက်ပြန်လာခဲ့တယ်။
1 comment:
Thank you for the vacation :-)
. . .
လည်လည် လိုက်ရတာ ပျော်လိုက်တာ . .
Post a Comment