Wednesday, November 19, 2008

ငတက်ပြား


(သုံး)
အချုပ်ခန်းဆီမှ ပြန်လာသောအခါ လှိုင်ဝင်း၏မျက်နှာမှာ ညှိုးနွမ်းနေသည်ကို တွေ့ရ၏။ ကြောက်ရွံ့သည့် အသွင်လည်း ပေါ်နေသည်။ ဤအခြေအနေသည်ပင်လျှင် ဆရာမုန်း၏ လိုလားချက်ပေတည်း။

"ကျဉ်းကျဉ်းကျပ်ကျပ်နေကြရတာ သနားစရာဘဲနော်ဆရာ။ အနံ့ကြီးကလည်း ဆိုးဝါးလိုက်တာ၊ သူတို့မှာ နေလဲဒီအခန်းထဲ၊ အိပ်လည်း ဒီအခန်းထဲ၊ စားလဲ ဒီအခန်းထဲ၊ အိမ်သာတက်လဲ ဒီအခန်းထဲမှာပဲ။ ကျွန်တော်သာဆိုယင် ထမင်းစားဝင်မှာမဟုတ်ဘူး။ အံချင်စရာကြီးပဲ"
လှိုင်ဝင်းက စိတ်ထိခိုက်စွာ မသက်မသာ ဆိုလေသည်။

"ဒါပေါ့ကွာ။ အခန်းကကျဉ်း၊ အကျဉ်းသားတွေကများတော့ တချို့က စောင်ပုခက်ဆွဲပြီး နေကြရတာ မင်းအမြင်ပဲ။ အချုပ်သားဆိုတာ အပြင်လူလို သွားချင်ရာ မသွားရ၊ စားချင်ရာ မစားရနဲ့ ကျဉ်းကျဉ်းကြပ်ကြပ် နေကြရတာပေါ့။ ထမင်းစားတယ်ဆိုရာမှာလည်း ကိုယ်ကြိုက်တဲ့ဆန်၊ ကိုယ်ကြိုက်တဲ့ဟင်းနဲ့ ကိုယ်စားချင်သလောက် စားရတာ မဟုတ်ဘူးကွ၊ ပုံစံနဲ့ စားရတာ။ မဝလဲတန်၊ ဝလည်းတန်ပဲ။ ရေကိုလည်း တပတ်မှ တခါလောက် ချိုးကြရရှာတယ်၊ လူကများတော့ ကျင်ကြီးကျင်ငယ်နံ့၊ ချွေးနံ့တွေဟာ အုတ်နံရံအတွင်းမှာ ပိတ်လှောင်မွမ်းကြပ်နေတော့တာပေါ့"

တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာမုန်းနဲ့ လှိုင်ဝင်းတို့ ဝင်ရောက်လေ့လာစဉ်က ရှင်မတောင် ဒမြအဖွဲ့များ ရောက်နေရကား အချုပ်ခန်းတွင် လူကြပ်နေတော့သည်။ ဘုံခန်းနှင့်မြှောက်၊ ငရဲခန်းနှင့်ချောက်ဟု ဆိုရိုးရှိခဲ့လေသည် မဟုတ်ပါလော။ လှိုင်ဝင်း၏ ခိုးတတ်သောဉာဉ်ကို ပျောက်စေချင်းငှါ အချုပ်ခန်း၏ အနိဋ္ဌာရုံများကို ပြသခြောက်လှန့်ရတော့သည်။

ဆရာမုန်းသည် ကျောင်းဆရာမဖြစ်ခင်က ပခုက္ကူမြို့ ခရိုင်ရဲဝန်ရုံးမှာ ခြောက်လတာမျှ အကူစာရေး လုပ်ခဲ့ဖူးသည်။ ရဲစခန်းမှူးနှင့် ရင်းနှီး၏။ တာဝန်ကျ အစောင့်ရဲသားများနှင့်လည်း ကျွမ်းဝင်သည်။ သူတို့ထံ ပန်ကြားခွင့်တောင်းပြီး လှိုင်ဝင်းနှင့်အတူ ဝင်ရောက်လေ့လာခဲ့သည်။ သခိုးမှု၊ ဒမြမှုများနှင့် အချုပ်ခံနေရသော အကျဉ်းသားများနှင့် တွေ့ဆုံစကားပြောခဲ့သည်။ လှိုင်ဝင်းကြောက်လန့်သွားအောင် ရေလာမြောင်းပေး မေးခွန်းများနှင့် ဆွေးနွေးပြခဲ့သည်။

လှိုင်ဝင်းအား အချုပ်ခန်းလေ့လာရန်ဟူ၍ ပြောခဲ့ခြင်း မဟုတ်ပါ။ ဆရာ့အတွက် အဖော်လိုက်ခဲ့ပါဟူ၍ ပခုက္ကူမြို့သို့ ခေါ်လာခြင်း ဖြစ်သည်။ အချုပ်ခန်းစီသို့လည်း တမင်ပင် ဝင်ရောက်လေ့လာခြင်း အသွင်သဏ္ဌာန်မပေါ်စေပဲ ခရီးသွားဟန်လွှဲသဘောမျိုးဖြင့် ခေါ်ခဲ့လာခြင်း ဖြစ်ပါသည်။ မသိမသာ ပုံသွင်းပဲ့ပြင်ခြင်းပင်တည်း။

"မောင်လှိုင်ဝင်း အချုပ်ခန်းကို မကြောက်ဘူးလား?"
"ကြောက်တာပေါ့ ဆရာရယ်။ နေရထိုင်ရတာ မလွတ်မလက် ကျဉ်းကျဉ်းကြပ်ကြပ်နဲ့။ သနားစရာ သိပ်ကောင်းတာပဲ"
မောင်လှိုင်ဝင်း၏အဖြေကို ဆရာမုန်း အားရမိလေသည်။

"ခုတော့ သူတို့ဟာ သနားစရာပေါ့ကွာ။ အဲ အချုပ်ခန်းထဲမရောက်ခင်တုန်းကတော့ ကြောက်စရာပဲကွ။ ခိုးတယ်။ တိုက်တယ်။ လုတယ်။ သတ်ဖြတ်တယ်ပေါ့။ ပတ်ဝန်းကျင်က လူကောင်းတွေကို သိပ်နှောက်ယှက်တာ၊ ဒုက္ခပေးတာ။ ဒါကြောင့် အစိုးရက ဖမ်းပြီး ထိုက်သင့်တဲ့ အပြစ်ဒါဏ်ပေးဖို့ ခဏလှောင်ထားတာကွ။ အဲ မောင်လှိုင်ဝင်းလဲ သူတို့လို မဆိုးချင်နဲ့။ မမိုက်ချင်နဲ့။ မခိုးချင်နဲ့။ ခိုးဆိုးမိုက်မဲယင်တော့ သူတို့လို အချုပ်ကျမှာပဲကွ"
"ဟုတ်ကဲ့ပါဆရာ။ ကျွန်တော်မမိုက်ပါဘူး"

ဆရာမုန်းသည် လှိုင်ဝင်းအား သူစားချင်ရာကို ဝယ်ကျွေးသည်။ သူလိုချင်သည်ထင်သည့်အရာကို တတ်အားသ၍ ဝယ်ပေးသည်။ ညတွင် ရုပ်ရှင်ပြသည်။ သူ၏ ဉာဉ်ဆိုး ပြောင်းလဲသွားတန်ကောင်းဟု မျှော်လင့်ရသည်။
သို့သော် .....။
အပြန်တွင် ကားပေါ်သို့ ရောက်သောအခါ အရုပ်ဆိုင် တဆိုင်မှ အလစ်သုတ်လာသော ပလတ်စတစ် ဘောလုံးတလုံးကို လှိုင်ဝင်း၏ လွယ်အိတ်ထဲမှာ မြင်တွေ့လိုက်ရလေသည်။
ဆရာမုန်း မောသွားလေသတည်း။
XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

##အရင် ရှေ့တစ်ပိုဒ်က စာရွက်ပြဲနေတဲ့ နေရာမှာ မှန်းပြောတာ လွဲနေတယ်ထင်လို့ ပြန်ပြင်လိုက်ပါတယ်။##

No comments:

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP