Thursday, November 20, 2008

ငတက်ပြား


(လေး)
လှိုင်ဝင်း စတုတ္ထတန်းသို့ ရောက်လာလေပြီ။
စတုတ္ထတန်းသည် မြို့နယ်စုပေါင်းစာစစ်အဖွဲ့က စာမေးပွဲစစ်မေးသည် ဖြစ်ရကား မူလတန်းကျောင်းအတွက် အရေးအကြီးဆုံး ဖြစ်လေသည်။ မူလတန်းကျောင်းတကျောင်း၏ ပညာရည်အဆင့်နှင့် ထိုကျောင်းတွင် သင်ပြသော ဆရာဆရာမတို့၏ ဂုဏ်သိက္ခာကို စတုတ္ထတန်းအောင်စာရင်းက အဆုံးအဖြတ် ပေးနိုင်လေသည်။ တတိယတန်းနှင့် စတုတ္ထတန်းကို ဆရာမုန်း ကိုင်လေသည်ဖြစ်ရာ စတုတ္ထတန်း အောင်ချက်ရာနှုန်း ကောင်းဖို့အရေးသည် ဆရာမုန်း၏တာဝန် ဖြစ်လာလေသည်။ ကျေးလက်မူလတန်းကျောင်းများ၏ အစဉ်အလာမှာ သီတင်းကျွတ်သည်နှင့်တပြိုင်နက် စတုတ္ထတန်း ကျောင်းသားကျောင်းသူများကို အတန်းပိုင်ဆရာက မိမိအိမ်သို့ ညခေါ်သိပ်ကာ သင်ခန်းစာ သင်ကြားပေးခြင်း၊ စာကျက်စေခြင်းတို့ဖြင့် အောင်ချက်ရာနှုန်း ကောင်းစေရေးအတွက် အထူးကြိုးပမ်းလေ့ရှိသည်။

ဆရာမုန်းအတွက် ပို၍အဆင်ပြေလေသည်။ ဆရာမုန်းသည် ဘုန်းကြီးကျောင်းဝိုင်းအတွင်းရှိ စာသင်ကျောင်းအနီး ဇရပ်တဆောင်ပေါ်တွင် နေထိုင်လေရာ စတုတ္ထတန်း ကျောင်းသားများကို ခေါ်သိပ်လိုက်ရုံသာ။ အဖော်လည်း ရသေးသည်။ သင်ခန်းစာလည်း သင်ပြရသည်။ တချက်ခုတ် နှစ်ချက်ပြတ်လေသည်။ ယခုနှစ် စတုတ္ထတန်း ကျောင်းသားပေါင်း ခုနှစ်ယောက်သာရှိသည်။ နှစ်ဦးက မိန်းကလေးများ ဖြစ်ကြ၏။ မြေပန်းတောင်းရွာနှင့် ရေမြက်ရွာတို့မှ ဖြစ်ကြလေသည်။ သူတို့အတွက် ညကျောင်းတက်ရေး မစီစဉ်နိုင်။ နေ့ကျောင်းတက်ချိန်အတွင်းမှာပင် သီးခြားအစီအစဉ်ဖြင့် အချိန်ပို သင်ကြားပေးလေသည်။

ယောက်ျားလေးငါးဦးမှာမူ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေလျက် မူလတန်းကျောင်းတက်သည်ဖြစ်လေရာ ထာဝရတွေ့ဆုံ သင်ကြားပေးနိုင်လေသည်။ နှစ်စကတည်းကပင် ဆရာမုန်းသည် သူတို့ကို မိမိဇရပ်တွင် ခေါ်တင်ထားလိုက်သည်။ ဇရပ်ပေါ်မှာပင် သင်ပုန်းကြီး ထိုင်ခုံများဖြင့် စာသင်ခန်းအဖြစ် ဖန်တီးထားရလေသည်။
လှိုင်ဝင်း၊ ခင်မောင်ရင်၊ တင်လှိုင်၊ ကျော်စိုး နှင့် စံပို....။

"ဆရာမုန်းနော် သူခိုးကို ဘဏ္ဍာစိုးအပ်သလို ဖြစ်နေဦးမယ်။ ကောင်လေးကို ဂရုစိုက်"
ဆရာတော်က သတိပေးလေသည်။ လှိုင်ဝင်းသည် ဆရာမုန်းအပေါ် ပို၍သံယောဇဉ်ကြီးလေရာ ဆရာမုန်း၏ အဝတ်အစားများကို လျှော်ပေးခြင်း၊ ထမင်းဟင်း ချက်ပေးခြင်း စသည်ဖြင့် စိတ်လိုလက်ရ ကူညီလေ့ရှိလေသည်။ ဆရာမုန်းထံသို့ တခါးမရှိ ဓားမရှိ ဝင်ထွက်နေသူလည်း ဖြစ်သည်။ ထို့ကြောင့် ဆရာတော်က သတိပေးခြင်း ဖြစ်လေသည်။ ဆရာမုန်း ယုံကြည်ထားလေသည်။ လှိုင်ဝင်းသည် မိမိအပေါ်တွင် သံယောဇဉ် ရှိနေပေပြီ။ မိမိပစ္စည်းကိုကား ခိုးလိမ့်မည်မထင်။ ထို့ကြောင့် လှိုင်ဝင်းအပေါ် အကြွင်းမဲ့ ယုံကြည်ဟန် ပြထားရသည်။ အဖိုးတန် အရေးကြီးသည့် ပစ္စည်းကိုမှ လုံခြုံစွာထားရလေသည်။

စမ်းကြည့်မိသည်။ ငွေအကြွေလေးများကို ရေတွက်မှတ်သား၍ အမှတ်တမဲ့ အလွယ်တကူ ထားပုံမျိုး။ ခဲတံ၊ ကျောက်တံ၊ ဖော့ဖျက်စသည့် အသေးအဖွဲ ပစ္စည်းကလေးများကို အမှတ်အသားဖြင့် အမှတ်မထင် ထားလေဟန်မျိုး.....။ ဆရာမုန်း စိတ်မကောင်းကြီးစွာ ဖြစ်ရလေသည်။ လှိုင်ဝင်းသည် သူ့ဉာဉ်ဆိုးကို မဖျောက်ပေတကား။ ငွေနှစ်ကျပ် သုံးကျပ်ထဲမှ ငါးမူး သုံးမတ် မသိမသာယူခြင်း၊ အသေးအဖွဲ ပစ္စည်းကလေးများထဲမှ တခုစနှစ်ခုစယူခြင်းတို့ဖြင့် သူ၏အခြေအနေမှန်ကို ပြသလျက်ရှိပေသည်။

ဝါဆိုလတွင် ကျောင်းအနည်း၌ ဂေါတမဘုရားပွဲတော်ကြီး ရှိလေသည်။ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဆပ်ကပ်ရုံနှင့် ရုပ်သေး၊ ဇာတ်၊ ဗလာပွဲများ ပါဝင်လေသည်။ ဆိုင်ဈေးတန်းများဖြင့် စီကားလှသည်။ လဆန်း ၈ရက်နေ့မှ လပြည့်ကျော် ၂ရက်နေ့အထိ ခင်းကျင်းလေသည်။ ဆရာမုန်းသည် လှိုင်ဝင်းအား ပွဲတော်တွင် မခိုးမဝှက်စိမ့်ငှါ သူ့ဘိုးအေကို မုန့်ဖိုးအလုံအလောက် ပေးစေလေသည်။ မိမိကလည်း တတ်အားသ၍ ပေးလေသည်။ ပွဲတော်တွင်း မခိုးမဝှက်ရန်လည်း အသေအချာ ဆုံးမဩဝါဒ ပေးထားရ၏။

သို့သော်....။

"ဆရာ လှိုင်ဝင်းညက ဇာတ်ပွဲထဲမှာ အိပ်ပျော်နေတဲ့ လူတွေစီက ဖိနပ်တွေ အလစ်သုတ် ချွတ်ယူလာပြီး ဖိနပ်ပြင်ကုလားစီ ရောင်းစားတယ်ဆရာ။ ဖိနပ် ၁၀ရံ ငွေ အစိတ်ရသတဲ့ ဆရာ"
လှိုင်ဝင်းနောက်သို့ ထောက်လှမ်းရေးထည့်ထားသည့် ကျောင်းသားကလေး နှစ်ယောက်က သတင်းဆိုးကို ပေးပို့လာသည်။ ဆရာမုန်းက လှိုင်ဝင်းကိုခေါ်၍ တိုးတိုးတိတ်တိတ် စစ်ဆေးမေးမြန်းကြည့်ရသည်။ သူ ခိုးမိကြောင်း ဝန်ခံလေသည်။

"မင့်ဖိနပ် ဘယ်လောက်ပေးရတုန်းကွ"
လှိုင်ဝင်းမှာ လောလောဆယ် သူ့ဘိုးအေက ဖိနပ်သစ်တရံ ဝယ်ပေးထား၏။
"၁၇ကျပ် ပေးရတယ်ဆရာ"
"ဒီဖိနပ်မျိုး ၁၀ရံဆိုရင် ငွေဘယ်လောက်သင့်မလဲကွာ"
"၁၇၀"
"မင်းရောင်းခဲ့တဲ့ ၁၀ရံကျတော့ ငွေအစိတ်ထဲ ရတယ်ဆို"
"ခိုးရာပါ ပစ္စည်းမို့ လျှော့ရောင်းရတာပါ ဆရာရယ်"
လှိုင်ဝင်းက ပြုံး၍ ဖြေလေသည်။

"ဆုံးရှုံးရတဲ့သူမှာတော့ တန်ဖိုးအပြည့်ဆုံးရှုံးကြရရှာမှာပဲ မောင်လှိုင်ဝင်း။ ပွဲလမ်းသဘင်လာတာမို့ အသစ်ကို ချစီးလာကြမှာကိုး။ မင်းက အသက်နဲ့ ရင်းပြီးခိုးတယ်။ မိယင် မသက်သာဘူးနော်။ မသေတောင် ကျိုးပဲ့ကန်းမှာပဲ။ အနာတရဖြစ်မှာ သေချာတယ်။ ဒါပေမယ့် မင်းအတွက် ငွေအစိတ်ပဲ ခံစားရတယ်။ ဝယ်တဲ့သူက ခိုးရာပါ ပစ္စည်းဆိုပြီး ငွေ၇၀ကျော်ကြီးများတောင် ခေါင်းပုံဖြတ်လိုက်တာ မင်းသတိမူမိရဲ့လား။ ငွေအစိတ်ဟာလဲ မင့်မှာ ဘာများအဖတ်တင်သလဲ။ သူခိုးဆိုတဲ့နာမည်ပဲ အဖတ်တင်မယ် မောင်လှိုင်ဝင်း။ ဒီတော့ ခိုးတာဟာ ကောင်းသလားကွာ"
"မကောင်းပါဘူးဆရာ"
"မင်းလေးတန်းရောက်ပါပြီ။ စဉ်းစားတတ်ပြီ။ အသိသားနဲ့ မမိုက်ချင်စမ်းနဲ့ မောင်လှိုင်ဝင်းရယ်"
"ဟုတ်ကဲ့ပါဆရာ"

ဆရာမုန်း အတတ်နိုင်ဆုံး စောင့်ကြည့်နေသည်။ တညနှစ်ညအတွင်း လှိုင်ဝင်း ငြိမ်ငြိမ်ကလေး ကုပ်နေရှာသည်။ လပြည့်ညတွင်မူ ဆရာမုန်း၏ အလစ်တွင် လှိုင်ဝင်း ပျောက်သွားချေတော့သည်။ ဆရာမုန်းလည်း လှိုင်ဝင်း၏ အခြေအနေကို တစေ့တစောင်း အကဲခတ်နိုင်ရန် ပွဲတော်ခင်းသို့ ထွက်လာခဲ့ရသည်။

"သူခိုးဟေ့ သူခိုး သူခိုး ဆီးဖမ်းကြပါ"
"ဒီမှာ မိနေပြီဟေ့"
"ချကွာ ရိုက်ကွာ"
"ခွပ် ဗုန်း"
"အောင်မလေးဗျ"
"အသေသာဆော်ဟေ့"
ရုတ်ရုတ်သဲသဲ ဆူဆူညံညံအသံများဗလံများကြားတွင် လှိုင်ဝင်း၏ အော်သံ ညည်းသံကို ကြားလိုက်ရသဖြင့် လုစုစုရှိရာသို့ ဆရာမုန်း အမောတကော ပေးသွားရသည်။ ဝိုင်း၍ ရိုက်ခြင်းခံနေရသူကား လှိုင်ဝင်းပင်တည်း။ မကယ်လျှင် သေဖွယ်ရှိလေသည်။

"ဗျို့ ဆရာတို့၊ ကလေးပါဗျ။ ဒီလောက်မရိုက်ကြပါနဲ့။ ဥပဒေ"
တားရမသဖြင့် ဆရာမုန်းသည် လှိုင်ဝင်းကိုယ်ပေါ်သို့ ဝမ်းလျားမှောက်ကာ ကာကွယ်လိုက်ရသည်။
"ဟ ဟ တော်ကြတော့၊ ကျောင်းဆရာကို ထိသွားပြီ"
မှန်သည်။ ဆရာမုန်း၏ ချိုစောင်းတွင် ပူခနဲ ခံစားလိုက်ရသည်။ မျက်နှာပေါ်သို့လည်း သွေးများ ဖြာစီးလာသည်။ လူရှဲအသွားတွင် ဆရာမုန်းသည် လှိုင်ဝင်းကို ပွေ့ချီလျက် ယာယီပွဲတော် ရဲစခန်းသို့ အပ်လိုက်ရ၏။ သို့မဟုတ် လှိုင်ဝင်း၏ အသက်အန္တရာယ်မှာ စိတ်မချရပေ။ ဆရာမုန်း၏ ဒါဏ်ရာကို ကမ္မကျေးလက်ကျန်းမာရေးမှူးက ဆေးထည့် ပတ်တီးစည်းပေး၏။ လှိုင်ဝင်းကိုလည်း ပခုက္ကူဆေးရုံသို့ ပို့လိုက်ရသည်။

နောက်မှ အဖြစ်မှန်ကို စူးစမ်းလေ့လာကြည့်ရသည်။ လှိုင်ဝင်းသည် အထည်ဆိုင်မှ လုံချည်စတအုပ်ကို အတင့်ရဲစွာ ဆွဲပေးခြင်း ဖြစ်၏။ ဆရာမုန်းသည် အထည်ဆိုင်ရှင်အား တောင်းပန်၍ အမှုကို ရုပ်သိမ်းစေရသည်။ ၁၀ရက်လောက်ကြာမှ လှိုင်ဝင်း ဆေးရုံမှ ဆင်းလာနိုင်သည်။ အပေါက်အပြဲ အကွဲဒါဏ်ရာများမှ အမာရွတ်ထင် ကျန်ခဲ့သော်လည်း မကျိုးမကန်း ရုပ်ဆင်းမပျက်သည်ကို ဝမ်းသာရသည်။ လှိုင်ဝင်း ကံကောင်းသည်ဟု ဆိုရပေမည်။

လှိုင်ဝင်းက ဆရာမုန်းအား ထိခြင်းငါးပါဖြင့် ရှိခိုးတောင်းပန်လာသည်။
"ကျွန်တော့အတွက် ဆရာ့မှာ အနာတရဖြစ်ရတာ စိတ်မကောင်းပါဘူးဆရာရယ်။ ခွင့်လွှတ်ပါ"
"ကိစ္စမရှိပါဘူး မောင်လှိုင်ဝင်းရယ်။ မင်းအသက်ကို ဆရာကယ်နိုင်လိုက်တာကိုပဲ ဝမ်းသာမဆုံးရပါပြီ"
လှိုင်ဝင်းသည် ဆရာမုန်း၏မျက်နှာကို ငေးကြည့်နေ၏။ နောက်တွင် မျက်ရည်စတွေ ကျလာသည်။

"ဆရာ"
"မောင်လှိုင်ဝင်း ပြောစရာရှိတာ ပြောပါ။ မောင်လှိုင်ဝင်းအတွက် ဆရာ ဘာကူညီရမလဲ"
"ကျွန်တော့ကို မခိုးဖို့ ဆုံးမစကား မပြောတော့ဘူးလား ဆရာ"
လှိုင်ဝင်းက ထူးဆန်းသောမေးခွန်းကို မေးလာသည်။
"ဆရာပြောပေမယ့် မောင်လှိုင်ဝင်းက နားထောင်ဦးမှကိုး"
"ကျွန်တော် ခုချိန်ကစပြီး မခိုးတော့ပါဘူးဆရာ"

ဆရာမုန်းက ဆုံးမသဖြင့် ဝန်ခံရသော ကတိမဟုတ်။ ဆရာမုန်း၏ ရေလာမြောင်းပေး မေးခွန်းများကြောင့် ထွက်ပေါ်လာသော အဖြေလည်မဟုတ်။ လှိုင်ဝင်း၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာသော ကတိစကားသာတည်း။
"ဒီလိုဆို ဆရာ့ခေါင်းက အမာရွတ်ကလေးဟာ တပည့်တဦးကို အောင်မြင်စွာ ဆုံးမနိုင်ခဲ့တဲ့ အထိမ်းအမှတ်တဆိပ်ကလေး ဖြစ်လာပြီပေါ့ကွာ"

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

3 comments:

sin dan lar said...

ကောင်းလိုက်တာ အစ်မရယ်

အညတြ (ခေတ္တ နယူးယောက်ခ်) said...

တော် ပါ ပေ တယ် မ မြရွက်ဝေ

nu-san said...

တကယ်ဖတ်ပြီးသွားပါပြီ ဆရာမ.. :D

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP