Friday, December 26, 2008

အမွှေးများစွာ


အမွေးဟုတ်ဘူးနော်၊ ဟထိုးပါတယ်။ နယ်မှာနေတုန်းက ဝင်းနဲ့ခြံနဲ့အိမ်၊ ပြီးတော့ပြတင်းပေါက်တွေက အများကြီးဆိုတော့ အိမ်ထဲမှာ အနံ့အသက်ဆိုတာ လုံးဝသတိမထားမိသလိုဘဲ။ ရှိလဲမရှိပါဘူး။ ဝင်လာရင်တောင် နဲနဲကြာရင် ပြန်ထွက်သွားတာဘဲ။ အညှော်လုပ်လို့ ညှော်ရင်တော့ ခြံဝထွက်နေလိုက်ရင် ပြီးသွားရော။ ရန်ကုန်မှာကျ တိုက်ခန်းထဲဆိုပေမယ့် ဝရန်တာနဲ့ မီးဖိုချောင် တဖြောင့်ထဲဆိုတော့ အရှေ့ကဖြစ်ဖြစ် အနောက်ကဖြစ်ဖြစ် လေတိုက်လိုက်ရင် အိမ်ထဲက အနံ့အသက်တွေ ထွက်သွားတာပါဘဲ။ (ပြောရရင် ကန်ထရိုက်တိုက်ရဲ့ တိုက်ခန်းတခါးမှန်တွေက နှစ်ကြာလေ လေလုံအောင်ပိတ်ချင်ပါတယ်ဆိုရင်တောင် ပိတ်လို့မှ မရတာလေ။) မီးဖိုချောင်က ညှော်ရင်တောင် ဝရံတာထွက်နေလို့ ရသေးတယ်။ ဒီမှာကျတော့ အနံ့အသက်အခုခုဆို အိမ်ထဲမှာ အောင်းနေတတ်တယ်။ ဟင်းတခါချက်ရင် exhaust fan တွေ အတော်ကြာဖွင့်ထားရတယ်။ ဒါတောင် ကိုယ်တိုင်က အခန်းထဲမှာနေနေတော့ အနံ့ကိုယဉ်သွားပြီး မရှိတော့ဘူးထင်နေတာ။ အပြင်သွားပြီး ပြန်လာလို့ တခါးဖွင့်လိုက်တာနဲ့ ဟင်းနံ့တွေ ထောင်းခနဲ ရတတ်တာ။ အရင်အိမ်ကလည်း မီးဖိုချောင်က အိမ်အဝင်ဝမှာဆိုတော့ ပိုသိသာတယ်။ နွေဆိုရင်တော့ ဘေးပြတင်းရော ဝရံတာတခါးပါ ဖွင့်ထားလိုက်တယ်။ အဲလိုဆိုရင်တော့ မြန်မြန် အနံ့သက်သာသွားတယ်။ အဲ ဆောင်းရောက်ရင်တော့ ကွိပြီဘဲ။ အပြင်က အေးလွန်းလို့ တခါးကလဲ ဖွင့်လို့မဖြစ်၊ ဟင်းနံ့တွေကလဲ တော်ရုံနဲ့မပျောက်နဲ့။ ရေချိုးတော့လည်း ရေနွေးနဲ့ဆိုတော့ ရေငွေ့တွေပါ လှောင်နေတော့ ပိုဆိုး၊ ရေချိုးခန်း အိမ်သာတွေ မှိုတက်လွယ်သလားလဲ မပြောနဲ့။ exhaust fanဖွင့်ထားလဲ သိပ်မနိုင်ပါဘူး။ အဲဒီတော့ မွှေးတာကြိုင်တာတွေ ဝယ်ပြီး အိမ်ထဲ လိုက်ချထားရတယ်။ ဒါတောင် အနိုင်နိုင်။ ခုအိမ်မှာတော့ အရင်အိမ်ကနေ အတွေ့အကြုံရသွားပြီ။ အနံ့မွှေးတာတွေ ထားနိုင်မှ တော်ကာကြမယ်လို့။ ပြီးတော့ ကျယ်လည်းကျယ်လာတဲ့အပြင် အလယ်ခန်းဖြစ်လို့ ဘေးပြတင်းပေါက်လဲ မရှိဘူးလေ။

အဲဒါနဲ့ အရင်ဆုံး တပ်ဖြစ်တာက ဒီဟာလေး။


ရေမွှေးအဆီဘူးလိုဟာလေးကို plug နဲ့တပ်ပြီး ဖွင့်ရတာလေး။ စပယ်ပန်းနံ့လေး တသင်းသင်းနဲ့မို့ မဆိုးရှာဘူး။ စပယ်ပန်း မတွေ့ရတဲ့နေရာမှာ မြန်မာပြည်ကိုတောင် သတိရသွားတယ်။ ဧည့်ခန်းမှာ တခုနဲ့ အိမ်အဝင်ဝမှာ တခုထားဖြစ်တယ်။ နောက်မှ အိပ်ခန်းနဲ့ အခန်းလွတ်တခန်း အတွက် ထပ်ဝယ်တယ်။

ဒါတောင် အပြင်က ဝင်လာရင် ချဉ်စူးစူးဖြစ်သလို အနံ့ရလို့ လိုက်ရှာတာ ဘယ်ကမှန်း မသိဘူး။ အဲဒါနဲ့ လီမွန်ဘာလီနံ့ရတဲ့ ဒီဗူးလေးတွေ ယန်း၁၀၀ဆိုင်ကထပ်ဝယ်လာပြီး အဝင်ဝဘေးက ဖိနပ်စင်အခန်းရယ်၊ အိမ်သာမှာရယ်၊ ရေချိုးခန်းအရှေ့က အဝတ်လျှော်စက်ထားတဲ့ အခန်းမှာရယ် ထပ်ထားဖြစ်တယ်။


ဒါပေမယ့် သူက လေဝင်လေထွက်ရှိမှ ပိုအနံ့ထွက်တာမို့ အနားဖြတ်ရင် သတိရတိုင်း သွားလှုပ်ပေးနေမိတယ်။ ဖိနပ်စင်အခန်းကျ လေမဝင်တော့ သွားလှုပ်လဲ လှုပ်တုန်းတချက်ဘဲ၊ သတိရလို့ သွားဖွင့်ကြည့်ရင် သစ်သားတွေ၊ ပေါလစ်တွေက ထွက်နဲ့အနံ့က ရှိနေတာဘဲ။ အဲဒီအခန်းမှာ plugမရှိတော့ ဟိုလို ဘူးလေးတပ်လို့ မရဘူး။ အဲဒါနဲ့ နောက်ထပ်ဝယ်ဖြစ်တာက ဒီဟာလေး။


ရေမွှေးအဆီဘူးကို ဓာတ်ခဲနဲ့ ဖွင့်ရတာ။ ထိပ်အဝကလေးကနေ ဆေးလိပ်မီးခိုးထွက်သလို တချက်တချက် အမွှေးနံ့ ထွက်တယ်။ အပေါ်ဆုံးကနဲ့ အမျိုးအစားမတူလို့ စပယ်ပန်းပုံပေမယ့် အနံ့က နဲနဲပြင်းသလိုဘဲ။ ဖိနပ်ခန်းမှာဆိုတော့ ကိစ္စမရှိပါဘူးလေ။ အရင်ထားထားတဲ့ လီမွန်နံ့ဘူးက စာအုပ်စင်ပေါ် ရောက်သွားတယ်။

ဒါက အဝတ်တွေ၊ အမွှေးပွအရုပ်တွေ စတဲ့ ပိတ်သားတွေကို မှိုမတက်အောင် ဖျန်းတဲ့ဘူး။


ပေါင်ဒါနံ့လိုလိုရတယ်။ အရင်အိမ်တုန်းက လက်ကျန်ပါ။ ယန်း၁၀၀ဆိုင်ကဘဲ ဝယ်ထားတာ။ ဒီနေ့တော့ အဝင်ဝလမ်းနဲ့ မီးဖိုချောင်မှာ ခင်းထားတဲ့ကော်ဇောတွေရယ် ခြေသုတ်ဝတ်တွေရယ် အိပ်ခန်းထဲက ကော်ဇောရယ် အိပ်ယာတွေကို လိုက်ဖျန်းထားလိုက်တယ်။

အမွှေးတိုက်ပွဲဝင်နေတာ မပြီးနိုင်သေးဘူး။ ဒါတောင် air freshener ဗူးတွေ ကြည့်မိသေးတယ်။ အတော်များများက toiletလို့ ရေးထားလို့၊ ဒီမှာ အဲလိုဘူးတွေကို အိမ်သာမှာဘဲ သုံးလို့များလားတော့ မသိဘူး။ sprayဘူးတွေဆိုတော့ သိပ်မဝယ်ချင်ပါဘူး။ သုံးပြီး ပစ်ရခက်လို့။ ခုထိတော့ သိပ်စိတ်တိုင်းမကျသေးဘူး။ ထပ်ဝယ်ဖြစ်တဲ့ အိမ်ထောင်ပရိဘောဂတွေကလည်း အနံ့ထွက်သေးသကိုး။ အနံ့အသက်တခုခုရလို့ စိတ်တိုင်းမကျတိုင်း မီးဖိုချောင်က exhaust fanကို ပါဝါအမြင့်ဆုံးတင်ပြီး တဝုန်းဝုန်းဖွင့်လိုက်၊ ရေချိုးခန်းထဲက exhaust fanပါ ဖွင့်လိုက်လုပ်နေတာ။ အခုအိမ်မှာ တခုကွာတာက အခန်းတွေမှာ အပြင်ဘက်ကိုဆက်နေတဲ့ လေစုပ်သွင်းတဲ့ အပေါက်တွေပါတယ်။ အဲဒီတော့ ဘယ်exhaust fanဖွင့်ဖွင့် ဖွင့်လိုက်တာနဲ့ အဲဒီအပေါက်တွေကဏည်း အပြင်လေတွေကို ပြန်စုပ်သွင်းတယ်။ ဆောင်းတွင်းချမ်းပါတယ်ဆိုမှ လေအေးတွေဝင်လို့ တဂတ်ဂတ်ဖြစ်ရတယ်။ တတ်နိုင်ဘူးလေ၊ မြန်မာဟင်းတွေ ချက်စားသ၍တော့ ဆီသတ်တဲ့အနံ့ပျောက်အောင် ဖွင့်နေရမှာပေါ့။

10 comments:

khin oo may said...

အနံတွေ ဗူးတွေနဲ့ တစ်ယောက်ထဲ ယောက်ယက်ခတ်နေတာ မြင်ယောင်ကြည့်နေတယ်။ :P

ရွှန်းမီ said...

ရွှတ် ရွှတ် .. ဟတ်ချိုး . . . :-)
ဒီမှာတော့ အနံ့ပြဿနာ သိပ်မရှိတော့ အကြံမပေးတတ်ဘူး။

မီယာ said...

တအိမ်လုံးမွှေးနေမှာပဲ။ အ၀တ်တွေမှိုမတက်အောင် ဖြန်းတဲ့ဆေးကိုစိတ်ဝင်စားတယ်။ ဗီရိုထဲမှာနေရင်း ဂျင်းလိုဟာတွေ မှိုတက်လို့။

Anonymous said...

အမွှေးဝယ်ရတာနဲ့တင် တော်တော်ကုန်လှပြီ။
မသက်သာပါလားနော်။

Anonymous said...

ပစ္စည်းလေးတွေက အစုံပဲ။ တစ်ခါမှ မသုံးဖူးဘူး။ နောက်မမတို့လိုကြုံလာရင် သိရအောင်မှတ်သွားတယ်။း)

:P said...

သြော်.. အလုပ်ရှုပ်သားနော်၊ ဗူးလေးတွေကတော့ ချစ်စရာ....Toilet ဆိုလို့ ရေမွှေးပုလင်းမှာ Toilet လို့ ရေးထားတာ ကြုံတာ ၂ ခါရှိပြီ။ ၂ ခါစလုံး For Men အတွက်ရေမွှေးချည်းပဲ.. ရေမွှေးဆိုတာလည်း သေချာတယ်။ Toilet ကိုမြင်ပြီး ဇဝေဇ၀ါဖြစ်လို့ ၂ ခါလုံး မ၀ယ်ခဲ့ရဘူး.....

ThuHninSee said...

ထောက်ခံသည်။ ဟင်းချက်ပြီးရင် အဲဒီအနံ့ကို ပျောက်အောင် လုပ်ရတာ တစ်ဒုက္ခ။ ဖယောင်းတိုင်၊ စပရေးဗူး၊ အ၀တ်မှာဖြန်းတာ စုံနေတာပဲ။

Unknown said...

toiletteလို့ရေးထား ကိုပြောတာလား။ အဲဒါ toiletမဟုတ်ဘူးလေ။
http://ask.yahoo.com/20030226.html

nu-san said...

ဗူးတွေ အများကြီးပဲနော်.. တအိမ်လုံးမွှေးကြိုင်နေမှာပဲ.. အမ က ကော်ဇောမှာ ညစ်ပတ်ရင် ဖျန်းတဲ့ဟာ သိချင်တယ်.. အိမ်နားက ဆိုင်မှာ သွားကြည့်တော့လည်း ကိုယ်က နားမလည်လို့ ဘာမှ မ၀ယ်ခဲ့ရဘူး.. မမခင်ဦးမေ ပြောသလိုပဲ ညီမလေးတော့ ဗူးတွေနဲ့ အလုပ်ရှုတ်နေတာ မြင်ယောင်သေးတော့တယ်.. :)

မြရွက်ဝေ said...

မခင်ဦးမေ---> မွှေးသေးရဲ့လားလို့ သွားသွားမွှေးကြည့်နေတာလဲ အလုပ်တခုလေ။
ညီမရွှန်းမီ---> မွှန်သွားပြီလာ ညီမရေ့။
မမီယာ---> ဒီမှာတော့ အဝတ်တွေတော့ မှိုနံမရတတ်ဘူး။ အိပ်ယာတွေဘဲ အစိုပြန်တတ်တာ။ အဝတ်ထိုင်းထိုင်းတွေ တင်မိလို့ထင်တာဘဲ။ အခေါက်သေးသေးခေါက်ပြီး ထောင်လိုက် စက္ကူအိပ်နဲ့ ထည့်စီကြည့်ရင်ကော? အိမ်မှာအဲလိုလုပ်ပြီး အဝတ်ပုံးထဲ ထည့်ထားတာဘဲ။
Craton---> ဟုတ်တယ်၊ အမွှေးနံသာဖိုးတင် အတော်ကျနေပြီ။
sin dan lar---> ရေမွှေးကို toiletလို့ ရေးထားတာမျိုးတော့ မတွေ့မိသေးဘူး။ အဲလိုဆိုရင် ဇဝေဇဝါဖြစ်စရာကြီးနော်။
မမွန်---> ဟင်းနံ့ပျောက်နည်းရှိရင် ကောင်းမယ်နော် အမရေ။
G---> toiletကို ဂျပန်စာနဲ့ トイレလို့ရေးထားတာပါ။
မနုစံ---> ပုံထဲကအတိုင်း ပိတ်သား(布-nuno)လို့ရေးထားတဲ့ (におい消し-nioikeshi) အနံ့ပျောက်ဖျန်းဆေးပါအမ။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP