Tuesday, December 30, 2008

ချက်ရာတခြား


ပြီးခဲ့တဲ့တပတ်က ကြက်ပေါင်အသားလွှာကို ကြက်ကင်မယ်လုပ်ပြီး ကင်လိုက်ပါတယ်။ အရင်ကတော့ ဒယ်အိုးထဲထည့်ပြီး ဆီပါလေကာနဲ့ မီးအားလျှော့လျှော့မှာ ကြော်သလိုမျိုး လုပ်တာ။ ခုတော့ gasနဲ့ ကင်တဲ့ဟာရှိတော့ စမ်းကြည့်တာ။ ဘယ်လောက်ကြာကြာကင်ရမယ်လဲမသိဘူး။ ဒယ်အိုးနဲ့တုန်းက အသားရဲ့ ကျက်/မကျက်က မြင်ရတယ်၊ ကင်တဲ့ထဲထည့်တော့ အလူမီနီယံပြားပတ်ထားလို့ မမြင်ရဘူး။ ကြွပ်ကြွပ်ကလေးဖြစ်ပြီထင်ပြီး ထုတ်ယူလိုက်တော့ အရည်စပ်စပ်နဲ့ အသားက ပေါင်းထားသလို နူးအိနေတယ်။ ကိုယ့်ဘာသာလျှောက်လုပ်ပြီး ကြက်ကင်မှန်းမသိ ဘာမှန်းမသိဖြစ်သွားတယ်။ အဲဒီနေ့က ညစာဘာချက်လဲလို့ ဖုန်းဆက်မေးလာတော့ ဘယ်လိုနာမည်တပ်ရမှန်း မသိတာနဲ့ ပြန်ရောက်မှကြည့်လို့ ပြောလိုက်ရတယ်။ အတော်စားကောင်းတယ်လို့ အမှတ်ရတာနဲ့ ဒီနေ့ထပ်ချက်တာကို မှတ်တမ်းတင်လိုက်တာပါ။ ရုံး၉ရက်ပိတ်လို့ ထမင်းဘူးလည်း အနားရတယ်ဆိုတာနဲ့ မခင်ဦးမေက အိမ်မှာချက်စားတာတွေ ကြည့်ချင်တယ်လို့ c-boxမှာ လာပြောသွားလို့ပါ။ (အမကို ဆွဲထည့်လိုက်တယ်၊ ချိတ်ချိုးရဘူးနော်။)

ကြက်ပေါင်သား အလွှာကို ရေဆေး၊ ရေတွေကုန်အောင် kitchen paperနဲ့သုတ်၊ ပြီးရင် ထူနေတဲ့အသားနေရာတွေကို ဓားနဲ့ နဲနဲမွှန်းလိုက်တယ်။ ကြက်အရေခွံတွေဘက်ကိုကျ အရသာဝင်လွယ်အောင် ခရင်းနဲ့ ထိုးပေးပါတယ်။


ပြီးတော့ ဆား၊ ငရုတ်ကောင်းနဲ့နယ်တယ်။ အသားနူးလွယ်အောင် သံပုရာရည် နဲနဲညှစ်ပြီး မိနစ်နှစ်ဆယ်လောက် နှပ်ရမှာပါ။ အရင်တခါက သံပုရာသီးကုန်နေလို့ အချဉ်မရှိတာနဲ့ ကြံဖန်ပြီး အသုပ်သုပ်ရင်သုံးတဲ့ ပြင်သစ်အရသာ အချဉ်ရည် ဆမ်းလိုက်တယ်။


နောက်တော့ အလူမီနီယံပြားပတ်ပြီး ကင်ပါတယ်။ ဘယ်လောက်ကြာကြာထားရမှန်းမသိတာနဲ့ တဘက်ကို မိနစ်၂၀လောက်စီထားလိုက်တယ်။


ကျက်သွားရင် နံနံပင်နဲ့ ငရုတ်သီးစိမ်းလှီးထားတာလေး ဖြူးပြီး စားလို့ရပါပြီ။ အရည်လေးလဲရှိတာမို့ မကုန်ရင် နောက်ရက်ပြန်နွှေးစားလဲကောင်းပါတယ်။


ဒါကတော့ ဒီနေ့ချက်စားဖြစ်တာပါ။ ကြက်သားရယ်၊ ငရုတ်ပွနဲ့ မုန်ညင်းစိမ်းကြော်၊ ခရမ်းသီးနှပ်နဲ့ ကြက်ဥမီဆိုဟင်းရည်ပါ။


ခရမ်းသီးနှပ်က ခုအကြိမ်နဲ့ပါမှ ၃ခါပဲ ချက်ဖူးသေးတယ်။ သိပ်ကောင်းကောင်း မချက်တတ်သေးဘူး။ ဆီနည်းသွားလိုက်၊ အရသာလိုလိုက်နဲ့။ ဒီတခါတော့ ဆီနဲနဲများသွားပေမယ့် မဆိုးပါဘူး။ ဒါပေမယ့် မွှေရလား/ မမွှေရဘူးလားမသိလို့ မွှေပစ်လိုက်တာ ကြေကုန်တယ်။ အိုဆာကာသွားတုန်းက စားခဲ့ရတဲ့အရသာကို လုံးဝမမှီသေးတာအမှန်ပါ။ (ထပ်ပြီး ဧည့်သည်သွားလုပ်ဦးမှဘဲ။ ရတယ်ဟုတ်!?)

6 comments:

Anonymous said...

ကွိကွိ... သွားရေတောင်ကျတယ်..
အကုန်အကြိုက်တွေချည်းပဲ။း(
အိနေမှာပဲနော် ကြက်သားလေးက။ ရှလွတ်..

Anonymous said...

အဲ့ဟင်းချိုလည်း သောက်ဖူးတေးဘူး..
သောက်ချင်သား။

ဇနိ said...

အလုပ်တွေရှုပ်နေလား အိမ်ရှင်မကြီး။
အိမ်အသစ်လေးမှာ နေသားကျပြီလား။
reader ကနေ ဖတ်ဖြစ်ပါတယ် ညီမရေ။
ဒီလိုလေးလည်း စားချင်စရာပါ့လား။
ထမင်းဗူးအနားရနေရင် အိမ်ကစားပွဲလေး အလုပ်ရှုပ်နေမှာပေါ့။ ဒါပေမယ့် ပျော်စရာကောင်းနေမှာပါ။
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေနော်။
မဇနိ

nu-san said...

ဟား..ဟား.. အဲဒါ ဆရာစားချန်ထားတာလို့ခေါ်တယ် ညီမလေးရဲ့... :) အလကား နောက်တာပါနော်.. အမက ကြက်သားကင်ဆိုရင် အဲဒီလို အလူမီနီယံနဲ့ပတ်ပြီး နာရီဝက်လောက် မီးဖိုထဲ ထားလိုက်တယ်.. ပြီးရင် အလူမီနီယံအပြားကို ပြန်ခွှာလိုက်ပြီး ခွက်ပုံစံလေးလိုလေ ဘေးကို ကြက်သားအချိုရေတွေ မထွက်အောင် လုပ်လိုက်ပြီး နောက်ထပ် မီအေးအေးနဲ့ မိနစ် ၂၀ လောက် ကင်လိုက်ရင် အနံ့မွှေးလာပြီး ကြက်ကင်လိုဖြစ်သွားရော.. အဲ.. မတူစေနဲ့ပေါ့နော်.. အဟီး.. :D

khin oo may said...

သိတ်ကောင်းတယ်။

ရွှန်းမီ said...

ကြက်ဥမီဆိုဟင်းချို နဲ့ ကြက်သားပေါင်း :-)
ချက်နည်း မှတ်သွားပါတယ်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP