Tuesday, December 8, 2009

အိမ်



ဘာလိုလိုနဲ့ ဒီအိမ်ကို ပြောင်းလာတာ ဒီလ ၅ရက်နေ့မှာ တနှစ်ရှိသွားပြီ။ ပြန်တွေးကြည့်တော့လဲ ဘာမှမကြာလိုက်သေးသလိုပါဘဲ။ အရင်နေခဲ့တဲ့အိမ်ခန်းက 1K အခန်းပါ။ ပို့စ်တခုမှာတောင် ရေးဖူးတယ်။ သူတယောက်ထဲ အရင်နေနှင့်နေတဲ့ အခန်းလေးပေါ့။ ဒီမှာအနေနဲ့ဆို 1Kက တယောက်ထဲနေရင် မဆိုးလှပါဘူး ပြောရမယ်။။ ဂျပန်ဖျာ ၆ချပ်စာ အခန်းရယ်၊ မီးဖိုချောင်နဲ့ ရေချိုးခန်း သီးသန့်ရယ်ပါ။ ၂ယောက်နေဖြစ်တော့လဲ ခိုအိမ်လေးထဲ အစပိုင်းမှာ မနေတတ်ပေမယ့် တဖြေးဖြေး နေသားကျလာပါတယ်။ ဟိုဝယ်ဒီဝယ်နဲ့ ပစ္စည်းတွေ များလာတယ်။ ခြေချစရာ နဲလာတဲ့အိမ်လေးထဲ ဧည့်သည်လာမယ်ဆို မျက်လုံးပြူးရတယ်။

ဒီလိုနဲ့ ကြာလာတော့ အိမ်ပြောင်းဖို့ စိတ်ကူးရတော့တယ်။ စာတိုက်ပုံးထဲ လာလာထည့်တဲ့ အိမ်ကြော်ငြာတွေလဲကြည့် အင်တာနက်ထဲက အိမ်ငှါးတဲ့ ဆိုက်တွေမှာလဲ လိုက်ရှာပေါ့။ လက်ရှိအခန်းနဲ့ အကျယ်သိပ်မထူးခြားတာတောင် ဘူတာနဲ့နီးလေ ဈေးက ပိုကြီးလာလေပါ။ ဒီကြားထဲ ဝယ်ရင်ကောင်းမလား စိတ်ကူးပြီး တချို့အိမ်အဟောင်းကြော်ငြာတွေကို ဖုန်းဆက်မေးကြည့်တယ်။ အသစ်ကို စိတ်မကူးရဲလို့ပါလေ။ သို့သော်လည်းပေါ့လေ နိုင်ငံခြားသားလို့ ပြောလိုက်တာနဲ့ အင်တင်တင်ဖြစ်ကုန်ကြတယ်။ ဥပဒေတွေများလွန်းတဲ့နိုင်ငံမှာ ဂျပန်လူမျိုးအချင်းချင်းကို ရောင်းတာထက် နိုင်ငံခြားသားကိုရောင်းရတာ အလုပ်ရှုပ်ပုံရပါတယ်။

နိုင်ငံခြားသားဆိုတာနဲ့ စပ်ဆက်ပြီး ပြောရရင် ဒီမှာ နိုင်ငံခြားသားကို အလွယ်တကူ အိမ်ငှါးမပေးပါဘူး။ ကျောင်းသားဆိုရင်လဲ ကျောင်းက ဒါမှမဟုတ် "ဟိုရှောနင်း"(保証人) လို့ခေါ်တဲ့ အာမခံပေးသူ ရှိမှပါ။ တကယ်တော့ ဂျပန်မှာ ပြဿနာဖြစ်ရင် ခေါင်းခံပေးရမယ့် "ဟိုရှောနင်း"ကို ဘယ်သူမှ အလွယ်တကူ မလုပ်ချင်ပါဘူး။ ကျောင်းတက်နေလို့ ကိုယ့်ကျောင်းက ထောက်ခံပေးရင် ကောင်းပါတယ်။ တချို့ကျောင်းကတော့ ကိုယ့်ကျောင်းသားဖြစ်တာတောင် တော်ရုံမထောက်ခံပေးဘူးလို့ ကြားဘူးပါတယ်။ ထောက်ခံစာရဖို့ ငွေသွင်းရတဲ့ကျောင်းမျိုးလည်း ရှိတယ်ပြောတယ်။ အိမ်ကြီးရှင်လဲ ကျောင်းသားအနေနဲ့တုန်းက ကျောင်းကရှာပေးတဲ့အဆောင်မှာ နေခဲ့ပါတယ်။ အလုပ်လုပ်တော့ ကုမ္ပဏီကနေ အိမ်ခြံမြေအကျိုးဆောင်ကို ချိတ်ပေးပါတယ်။ အဲဒီ အိမ်ခြံမြေအကျိုးဆောင်ကို ကိုယ်နေချင်တဲ့ အခန်းအမျိုးအစား၊ နေရာ၊ ပေးနိုင်တဲ့လစာတွေပြောလိုက်ရင် သူတို့ရှာပေးပါတယ်။ အဲဒီအခန်းတွေကို လိုက်ကြည့်ပြီး ကိုယ်သဘောကျတာကို ရွေးရုံပါ။ အိမ်လခကိုတော့ ကိုယ့်ဘဏ်အကောင့်ထဲကနေ ကုမ္ပဏီကတဆင့် လစဉ် အကျိုးဆောင်ကို ပေးသွားပါတယ်။ လတိုင်း စာရင်းဇယား ပို့ပေးပါတယ်။ ဒါကြောင့် အိမ်ရှင်အိမ်ငှါး တိုက်ရိုက်တွေ့တာ နဲတယ်ပြောရမယ်။ ဂျပန်အချင်းချင်းကတော့ ရှိပါတယ်။

အိမ်မှာ တခုခုဖြစ်ရင်လဲ အကျိုးဆောင်ကို ဖုန်းဆက်ပြောရပါတယ်။ အိမ်သော့ပျောက်တုန်းက သူတို့ဆီ ဖုန်းဆက်ပြောတော့ သော့ပြင်သူ လွှတ်ပေးတယ်။ ကျတဲ့စရိတ်တော့ ကိုယ့်ဘာသာ ပေးရတာပါ။ သော့အသစ်ထဲက သော့တံတချောင်းကိုတော့ အကျိုးဆောင်ကို ပေးထားရပါတယ်။ ဒါက ဂျပန်မှာ ထုံးစံပါ။ တကယ်လို့ ကိုယ်မရှိတုန်း အခန်းမှာ တခုခုဖြစ်ရင် သော့ဖွင့်ဝင်လို့ရအောင်ပါ။ ပြီးတော့ အခန်းငှါးရင် စပေါ်လိုသဘောမျိုး ပေးထားရပါတယ်။ ကိုယ်နေတဲ့ နေရာပေါ်မူတည်ပြီး တလစာ၊ ၂လစာ၊ ၂လခွဲစာ စသဖြင့် အမျိုးမျိုးပါဘဲ။ တကယ်လို့ အိမ်ပြောင်းရင် အကျိုးဆောင်က လာပြီး အခန်းကို စစ်ပါတယ်။ ပျက်စီးညစ်ပတ်တာတွေရှိရင် အဲဒီထဲက ပြင်ဆင်စရိတ်နှုတ်ပါတယ်။ တကယ်တန်း ပြင်ဆင်စရိတ်ပေးသင့်တဲ့ ပျက်စီးမှုနဲ့ မပေးရတဲ့ ပျက်စီးမှုရယ်လို့ ရှိပါတယ်။ ဥပမာ aircon တပ်ထားပြီး ဖြုတ်ရင် နံရံမှာ အကွက်ရာ ကျန်ပါတယ်။ အဲဒါမျိုးအတွက် အိမ်ငါးက ပေးလျော်စရာ မလိုပါဘူး။ ဒါကို မသိဘဲ ပေးနေရတဲ့သူတွေ အများကြီးပါ။ ကိုယ်တိုင်တောင် အဲဒါကို TVက အိမ်ရှင်အိမ်ငှါးဥပဒေ အစီအစဉ်မှာ ကြည့်ဘူးလို့သိတာပါ။

အိမ်ရှာတာ ပြန်ဆက်ရရင် အိမ်ကြီးရှင်က Apartment ဆို လုံးဝမနေချင်၊ Mansion မှ Mansion ဆိုတာရယ်ကြောင့် တော်ရုံနဲ့ ရှာမရဘူး။ ဒီမှာ Apartment က Mansion ထက် ဈေးသက်သာပါတယ်။ ငလျင်များတဲ့နိုင်ငံမို့ အိမ်ကြီးရှင်က စိတ်ချရတဲ့ Mansionသာ နေချင်ပါတယ်။ Mansionကလဲ ဈေးတော်ရင် ဘူတာနဲ့ဝေး၊ ဘူတာနဲ့နီးရင်း ဈေးက မတန်နဲ့ စိတ်တိုင်းကျမရနိုင်ပါဘူး။ ဒီကြားထဲ လင်နဲ့မယား လျှာနဲ့သွားမို့ ကိုက်မိကြပါလေရော။ ဘာအကြောင်းကြောင့်လဲတော့ မမှတ်မိတော့ပါ။ စိတ်ကောက်ပြီး အိမ်ကြီးရှင်ကို စကားမပြောပါဘူး။ (အိုဆာကာက အမရေ_ "ကောက်ကွေး"လို့ မှန်းတာ မှန်တယ်နော့ :P) အရင်လို တရက်နှစ်ရက်ထက်ကိုလွန်ပြီး ကောက်ကြောရှည်စွာနဲ့ လေး/ငါးရက်အထိ စကားမပြောတာမို့ အိမ်ကြီးရှင်လဲ အကြောင်းရှာရတော့တယ်။

တကယ်ဆို သူကမှ တေမိ။ တနေ့လုံးနေလို့မှ စကားတခွန်းတောင် ပြောသူမဟုတ်။ ကိုယ်မပြောရင် အိမ်က ဘိုးဘွားရိပ်သာလို ခြောက်ကပ်တိတ်ဆိတ်နေတော့တာ။ အိမ်က တိတ်ဆိတ်ခြောက်ကပ်နေတာပြီး နေလို့မပျော်တော့တာမို့ သူက ရုံးအပြန် ဘူတာမှာ ဝေနေနဲ့ တိုက်ခန်းကြော်ငြာလာပြပြီး အိမ်နဲ့နီးတာမို့ သွားကြည့်ရအောင်ဆိုပြီး အဖော်လာစပ်တယ်။ အပြင်သွားရ ပျင်းသူက အဖော်တွေဘာတွေ လာစပ်နေတာမို့ အင်းမလှုပ် အဲမလှုပ်နဲ့ လိုက်သွားလိုက်တယ်။ အမှန်က အခန်းကြည့်ဖို့ထက် စကားပြန်ပြောအောင် ခင်းတဲ့ဗျူဟာပါ။

တကယ်တော့ ဘာရယ်မဟုတ် သွားကြည့်တာပါ။ ဟိုလဲရောက်ရော ရုံးခန်းက တာဝန်ခံက ရွှန်းရွှန်းဝေအောင် စကားတွေပြောတာ နားထောင်ရတာ တနာရီလောက် ကြာသွားတယ်။ သူတို့မလဲ တိုက်ခန်းမှာ သုံးပုံတပုံလောက်ဘဲ နေသူရှိသေးတာမို့ လူလိုချင်နေတာပါ။ modern roomတွေလဲ လိုက်ပြနဲ့ အမျိုးမျိုးပြောနေတာမို့ အားတောင်နာလာတယ်။ အိမ်ခြံမြေဆိုင်ရာ ဥပဒေတွေကို စာအုပ်ဖွင့်ပြီး ရှင်းပြနေတာ ၂နာရီကျော်တောင်ကြာပါတယ်။ ဘာတလုံးမှနားမလည်ပါဘူး။ ကိုယ့်ဂျပန်စာက အဖြစ်လောက်သာသိတာကိုးလေ။ ဒီလိုဥပဒေဆိုင်ရာ ခန်းဂျီးဗျစ်ထူနဲ့ စာအုပ်ကြီးတော့ ဖတ်တတ်ဖို့ ဝေးပါသေးတယ်။ ကျမက သိပ်နားမလည်ဘူးလို့ ပြောလိုက်လို့ တာဝန်ခံလည်း အိမ်ကြီးကိုသာ ဦးတည်ပြီး ရှင်းပြနေတော့တယ်။ ကိုယ်တိုင်ကတော့ ဘေးမှာ ခေါင်းကိုက်ရင်းငိုက်နေပါတယ်။

အရင်ဆုံးကြည့်တဲ့ အစွန်ခန်း 4LDK Typeကို ကြည့်ဖြစ်တယ်။ တခြားနိုင်ငံမှာ တိုက်ခန်းကို ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာ မသိပေမယ့် ဒီမှာတော့ အခန်းကြော်ငြာရင် L-living room, D-dining room, K-kitchen room စသဖြင့် LDKလို့ အတိုပြောပြီး အိပ်ခန်းအရေအတွက်ကို ကိန်းဂဏန်းနဲ့ ရေးပါတယ်။ 4LDK က အိပ်ခန်း၎ခန်းနဲ့ ထမင်းစားခန်း ဧည့်ခန်း မီးဖိုချောင် ပါတဲ့ အခန်းပါ။ အိပ်ခန်း၎ခန်းပါပေမယ့် အခန်းဝင်ပေါက်တွေက ဟိုကွေ့ဒီကွေ့နဲ့ စိတ်ထဲမှာ ဝင်္ကပါလို အခန်းတွေလို့ မြင်မိတာရယ်၊ အိမ်ဝင်ပေါက်ကနေ ဝင်လိုက်ရင် ဒေါင့်ချိုးအကွေ့ဖြစ်လို့ အိမ်ထဲချက်ချင်းမမြင်ရတာကြောင့် မှောင်တယ် ကြိုက်ဘူးဆိုပြီး ဂျီးထူလိုက်ပါတယ်။ လင်မယား၂ယောက်နဲ့ အခန်း၎ခန်းလဲ မလိုအပ်ဘူးထင်တာကြောင့်ပါ။

နောက်ထပ် အိပ်ခန်းသုံးခန်းပါတဲ့ 3LDK Type အခန်းပုံစံသုံးမျိုး ထပ်ပြတယ်။ အဲဒီထဲက အမျိုးအစားတခုမှာ ဂျပန်စတိုင်ဖျာနဲ့အခန်းတခန်းပါတယ်။ ကိုယ့်တွေအတွက်တော့ ဖျာအခန်းက မလိုအပ်တာကြောင့် ဒီအခန်းကိုလဲ ပယ်လိုက်တယ်။ နောက် 3LDKက မော်ဒန်စတိုင်လိုမျိုး၊ ဒေါင့်ခန်းလည်းဖြစ်ပြီး ဒေါင့်ချိုးကို စက်ဝန်းလို ဝိုက်ထားတာမို့ မီးဖိုချောင်ကနေ ဧည့်ခန်းအထိ ဘေးနံရံက အဝိုက်ကြီးပါ။ အိမ်ထဲ ပစ္စည်းတွေ နေရာချရခက်မယ်ထင်လို့ မကြိုက်ဘူး။ ပြီးတော့ တခြာ3းLDK အခန်းတွေထက် ပိုကျယ်တယ်ဆိုပေမယ့် ဝိုက်ဝိုက်ကြီးမို့ ပိုကျဉ်းတယ်လို့တောင် ထင်မိတယ်။

တခန်းပြီးတခန်း ဂျီးများလာတာ လိုက်ပြတဲ့သူလဲ စိတ်ပူပုံပေါ်တယ်။ ရှိတာမှ အခန်းက 4LDK Type တမျိုးရယ်ရယ် 3LDK Type သုံးမျိုးရယ်ကို ဟိုဟာလဲအင်တင်တင် ဒီဟာလဲအင်တင်ဖြစ်နေတာကိုးလေ။ နောက်ဆုံး ခုအခန်းကို လိုက်ပြတယ်။ တခါးဖွင့်တာနဲ့ ဝရံတာအထိတိုးရိုပေါက်မြင်ရတယ် ဒီတချက် မဆိုးဘူးပေါ့။

အခန်း၃ခန်းကလဲ အကျဉ်းအကျယ် သိပ်မကွာဘူး။ အလယ်ခန်းဖြစ်နေတော့ အင်းမ်...။ လိုက်ပြတဲ့တာဝန်ခံကလဲ ကိုယ့်ကို mainမှတ်ပြီး လာလာမေးပါတယ်။ ဘယ်လိုအခန်းမျိုး အကြိုက်ဆုံးလဲဆိုပြီး။ တောင်ဘက်မျက်နှာမူတာ ကြိုက်တယ်လို့လဲပြောလိုက်ရော သူ့မှာပျာပျာသလဲဖြစ်ပြီး ဘာဖြစ်လို့လဲတဲ့။ တနေကုန် အလင်းရောင်ရတာရယ် အဝတ်တွေလဲ ခြောက်မြန်တယ်လေလို့ ပြောလိုက်တော့ ဒီတိုက်လဲလင်းပါတယ် အဝတ်လဲခြောက်မြန်တယ်လို့ကို ကောင်းကြောင်းပြောတော့တာ။ သူ့တိုက်က အရှေ့ဘက်ကို မျက်နှာမူနေတာလေ။

အိမ်ကြီးရှင်ကတော့ ဒီအခန်းကို မဆိုးဘူးထင်နေပြီ။ model roomဆင်ပြီး ပြထားတာလဲ ဒီအခန်းပုံစံမျိုးမို့ပါ။ တာဝန်ခံကလဲ အပြောကောင်း သူကလဲ အားနာတာမို့ ဟုတ်တော့နေပါပြီ။ နောက်ဆုံးတော့ သူတို့ပြတဲ့အထဲက 3LDK Type ဒီအခန်းကို ရွေးဖြစ်သွားတယ်။ ဆဲန်းဆေးကို ဒီအကြောင်းပြောပြတော့ ဂျပန်စကားပုံနဲ့ပြောရရင် ကုမ္ပဏီဘက်က "ဆူဖြိုးတဲ့ဘဲ ဖမ်းမိတယ်"(いい鴨)လို့ ပြောရမယ့်တဲ့။ (မြန်မာလို သားကောင်ဖမ်းတယ်/ အချဉ်ဖမ်းတယ်လို့ ဆိုမလားဘဲ။) တကယ်တော့ နှစ်ဦးနှစ်ဖက်လုံး "အချိုရှာ သကာတွေ့"ကြတာပါ။

ဒီကြားမှာ အိမ်ပြောင်းနိုင်ဖို့ လုပ်ရတာ အများကြီးပါ။ အရင်ကတော့ အကျိုးဆောင်က ရှာပေးတာမို့ ဘာမှအလုပ်မပိုလိုက်ပါဘူး။ ခုက ကိုယ့်ဘာသာ ရှာတာမို့ လိုတာအားလုံး ကိုယ်တိုင်ကြိမ်ကြိမ်သွားရ လိုက်ပေးရပါတယ်။ ပြောမယ့်သာပြောတာ တကယ်တန်း လုပ်စရာတွေ ဘာမှနားမလည်ပါဘူး။ အားလုံး အိမ်ကြီးရှင်နဲ့ တာဝန်ခံသာ ပြောဆိုနေကြတာ။ ခဏကြာ ဘာစာရွက်လိုလိုက် ခဏကြာ ညာစာရွက်လိုလိုက်နဲ့ ရှုပ်နေတာပါဘဲ။ နိုင်ငံခြားသားဖြစ်တာမို့လည်း ပါပါတယ်။ ကိုယ်တိုင်ကျ အိမ်ကြီးရှင်က လိုက်ခဲ့လို့ ခေါ်ခေါ်သွားတာမို့သာ ပါသွားတာ။ ရောက်တဲ့နေရာမှာ ပြောတာတွေ နားမလည်တော့ ငုတ်တုတ်ငိုက်၊ အဲလောက်တောင် ကိုယ့်ဘာသာ အသုံးကျမှန်း သိတော့တယ်။ ပြောင်းရဖို့ သေချာသွားတော့ တာဝန်ခံက သော့အပ်ပါတယ်။ အဲဒီထဲက တချောင်းကို အိမ်လုံခြုံရေးကို ပေးထားရတယ်။ သော့ရပြီဆိုတော့ ကိုယ့်အခန်းလို့ ပြောလို့ရပါပြီ။

ဒီအခန်း ပုံစံကအပြင်ကနေပြန်လာလို့ တံခါးဖွင့်ဝင်လိုက်တာနဲ့ အိမ်ရှေ့ဧည့်ခန်းရော ဝရံတာအထိပါ တောက်လျှောက်မြင်ရတော့ ဘာလို့မှန်းမသိ စိတ်အေးတယ်။ အဲလိုမမြင်ရရင် ထောင့်ချိုးက ဘွားကနဲ ဘာပေါ်လာမလဲလို့ မဟုတ်တာ တွေးကြောက်ပါတယ်။ တကယ်ဆို တခါးဖွင့်လိုက်တာနဲ့ အဝင်ဝကမီးက autoလင်းတာကို ကိုယ့်ဘာသာ အကြောက်ထူတာပါ။ (သတ္တိကတော့ ဘာရှိသလဲမပြောနဲ့ ဘာမှကို မရှိဘူး :D)

မီးဖိုချောင်ကို ဧည့်ခန်းနဲ့ ကပ်ရပ်မှာ counter kitchen လုပ်ပေးထားတာပါ။ အရှေ့ဘက်မှာ ထမင်းစားစားပွဲထားဖို့ရာ အွန်လိုင်းက ဝယ်လိုက်တဲ့ ဆိုဖာက အရှည်လွန်သွားတာမို့ နေရာလွတ်ကျဉ်းသွားပြီး စားပွဲထားလို့မ ရတော့ပါဘူး။ အွန်လိုင်းက ဈေးဝယ်ရင် အဲလိုမျိုးလဲ ဖြစ်တတ်ပါတယ်။ တကယ်က အစကတည်းက အိမ်အခန်းအကျယ်ရဲ့မြေပုံ ရှိပါတယ်။ ပရိဘောဂဝယ်ရင် အကျယ်တိုင်းလို့ရအောင်ဆိုပြီး တာဝန်ခံက မြေပုံနဲ့တိုင်းထွာတွက်ရတဲ့ ပေတံသေးသေးလေးပါ ငှါးပေးထားတယ်။ အဲဒါကို သိသိကြီးနဲ့ ခုံဝယ်တော့ နံရံဘက်ထားတဲ့ခုံကို ၂ယောက်စာနဲ့ ၃ယောက်စာခုံက ဈေးသိပ်မကွာဘူးဆိုပြီး ဝယ်ချလိုက်တာ။ ခုလို ဟိုမရောက်ဒီမရောက် ဖြစ်သွားပါတယ်။

ဒီမိုင်မီးဖိုချောင်လေးထဲမှာ လက်စွမ်းတွေပြတယ်၊ စားချင်တာတွေ ချက်တယ်၊ ထင်ရာမြင်ရာ ရမ်းသမ်းcookတယ်၊ မနက်မနက် အိပ်ချင်မူးတူးထည့်ပေးတဲ့ ထမင်းဘူးကို ကောင်တာပေါ်တင်ပြီး ဓာတ်ပုံရိုက်တယ်။ အရင်ကတော့ အိမ်အလယ်မှာ မီးဖိုချောင်မို့ အနံ့တွေ အောင်းမှာ စိုးမိတယ်။ အနံ့စုပ်ပန်ကာ ပြင်းပြင်းဖွင့်ရင် ကိစ္စမရှိဘူးမို့ တော်ပါသေးတယ်။ ဧည့်ခန်းနဲ့ကပ်ရက် မီးဖိုချောင်ရှိတော့ တမျိုးကောင်းတာက အားလုံးကို မီးဖိုထဲချောင်ထဲကနေ စီးပြီးကြည့်လို့ရသွားတယ်။ လှီးချွတ်ဆေးကြောရင်း တီဗီငေးတယ်။ အရှိန်ပါလာရင် အရှေ့ရောက်သွားတာမို့ ဟင်းအိုးတွေလဲ တူးတတ် ကပ်တတ်ပါတယ်။ အိမ်ရှင်မဖြစ်ပေမယ့် ဟင်းချက်ပြုတ်တာ အဲလောက် ဝါသနာမပါပါဘူး။ ဒါပေမယ့် တကယ်တန်းကျ တအိမ်လုံးမှာ မီးဖိုချောင်ထဲ ဟင်းချက်နေရတဲ့အချိန်က စိတ်ငြိမ်သက်တယ်ပြောရမလား ဒီအိမ်ရဲ့ အိမ်ရှင်မဆိုတဲ့ feeling အဖြစ်ဆုံးလို့ ပြောရမယ်။ ဒါကိုယ့်အပိုင်စား ကိုယ့်ရဲ့ ကိုယ်ပိုင်နေရာလေးဆိုပြီးတော့ပါ။

အခန်းသုံးခန်းထဲက ဝရန်တာဘက်ကျတဲ့အခန်းကို မိုင်မုန့်ဆီကြော်လေးရလာခဲ့ရင် ထားမယ်လို့တော့ ရည်ရွယ်တာပါပဲ။ လောလောဆယ်တော့ အခန်းလွတ်ပေါ့။ ယောင်းမလာတော့ ဒီမှာတည်းတယ်။ နွေမှာတော့ airconကြိုက်တဲ့ အိမ်ကြီးရှင် နေတယ်။ နောက်တခန်းကိုတော့ စာအုပ်စင်နဲ့ တိုလီမိုလီထားတဲ့စင် ထားထားတယ်။ စာကြည့်ခန်းမဟုတ်ပါဘူး။ စာက ကြည့်ချင်တဲ့ နေရာ ကြည့်တာ။ အရင်ကတော့ ထမင်းစားခန်းလုပ်ထားတာကို အလယ်ထဲရောက်နေတဲ့အခန်းမို့ မီးချောင်းအမြဲဖွင့်နေရတာ မကြိုက်တာနဲ့ ထမင်းစားပွဲကို ဧည့်ခန်းရွှေ့လိုက်တယ်။ လောလောဆယ် ဒီလို နေရာချထားတယ်။ အရင်က စာအုပ်စင်ကို ဧည့်ခန်းမှာ ထားတာ။ ကြာတော့ ရိုးလာတာနဲ့ ရွှေ့ပစ်လိုက်တယ်။ အဲလိုဘဲ၊ စိတ်က ငြီးငွေ့လွယ်တယ်။ ခဏဟိုရွှေ့ ခဏဒီရွှေ့နဲ့။ ငါးဖောင်းရိုးဘော်ဒီ အဲဒါကြောင့် ခါးလဲ ခဏခဏ နာပါတယ်။

ဒီအိမ်မှာ အဆင်ပြေသွားတာက အဝတ်လျှော်စက်ထားတဲ့နေရာက မျက်နှာသစ်ဗေစင်နဲ့ တခန်းထဲဖြစ်တာပါ။ အရင်အိမ်လို ဝရန်တာမှာမဟုတ်တာကြောင့် ဆောင်းတွင်းအတွက် အတော်ကောင်းပါတယ်။ မဟုတ်ရင် တခါးဖွင့်ပြီး ဝရံတာထွက် အဝတ်ထုတ်ရတာ အတော်အေးတာပါ။ လက်တွေလဲ ခဏနဲ့ ထုံကျင်တက်လာတယ်။

အိမ်ဝင်ဝင်ချင်း ဘယ်ဘက်မှာ Toilet ရှိတယ်ဆိုရင် ဘယ့်နှယ့်ကြီးလဲ ထင်ပါလိမ့်မယ်။ ကိုယ်တိုင်တောင် ရောက်စက နေခဲ့တဲ့အခန်းမှာ တံခါးဖွင့်ဖွင့်ချင်း မီးဖိုချောင်နဲ့ ရေချိုးခန်းမို့ အတော်အံ့ဩမိတာပါ။ ဝရံတာရှိတဲ့ဘက်ကို အရှေ့လို့ သက်မှတ်ရင်တော့ အိမ်အဝင်ပေါက်ရှိရာက အနောက်ဖြစ်သွားမှာပါ။ အိမ်နောက်ပေါက်ကနေ အိမ်ထဲဝင်ရတယ်ပေါ့။:P ဝင်ပေါက်ဘေးမှာ ဖိနပ်ထားခန်းလေး လုပ်ပေးထားတာ အတော်အဆင်ပြေတယ်။ မြင်ကွင်းမှာ ပွပွထမနေတော့ဘူး။ ပြောမယ့်သာပြောတာ သူ့ဖိနပ်က တရံဘဲရှိတာ။ ကျန်တာအားလုံး ကျမဖိနပ်တွေချည်း။ (မများပါဘူးနော့!)

တကယ်တန်း ဒီဘက်ကို အိမ်ပြောင်းဖို့ပြင်တဲ့အခါ အခန်းပိစိကွေးက ထွက်လာတယ်လို့ မထင်ရလောက်အောင် ပစ္စည်းတွေ အတော်များပါတယ်။ ဒါတောင် အဝတ်တွေလွှတ်ပစ် စာအုပ်တွေလွှတ်ပစ်နဲ့ တတ်နိုင်သလောက် ဝိတ်လျှော့ပစ်တာပါ။ ဒီဘက်မှာ ပစ္စည်းတွေနေရာချပြီး နောက်ရက်မှာ အရင်အိမ်ကို ပြန်သွားရှင်းရပါတယ်။ ပြောင်းမလာခင် နဲနဲရှင်းခဲ့ပေမယ့် အဲဒီတုန်းက ပစ္စည်းတွေ ပုံထားတာမို့ သေချာတော့ မရှင်းရသေပါဘူး။ နောက်ရက်ကိုယ့်ဘာသာ တယောက်ထဲ ကျွပ်ကျွပ်အိပ်ထဲ ဆေးကျောပွတ်တိုက်ဖို့ လိုမယ်ထင်တာတွေထည့်ပြီး ချီတက်ရပါတယ်။ အိမ်ကြီးရှင်ကတော့ သူလဲလိုက်ရှင်းဦးမယ်ပြောပေမယ့် ရုံးဖွင့်ရက်မို့ ကိုယ့်ဘာသာ သွားမယ်ပြောပြီး ထွက်လာခဲ့တယ်။ ၂နာရီလောက်ဘဲကြာမယ်ထင်ရာက ဆေးကြောပွတ်တိုက်ရင်း မွန်းလွဲပြီး ညနေဘက်တောင် ရောက်လာတယ်။ ရှင်းပေးတယ်ဆိုတော့လည်း တံခါးဘောင်မြောင်းကြားက သဲမှုန်တွေပါမကျန် နှိုက်နှိုက်ချွတ်ချွတ် လိုက်ပွတ်ဆေးနေလို့ ကြာတာပါ။ လက်လက်ထအောင် မလုပ်နိုင်ပေမယ့် တတ်နိုင်သလောက် သန့်သွားအောင် လုပ်ထားခဲ့ချင်တာပါ။ အခန်းပိစိကွေးကို ကြမ်း၃ကြိမ်လောက် တိုက်ပေးလိုက်တယ်။ မှန်ပြတင်းတွေက အကြမ်းတခါ အချောတခါ၊ ဝရံတာကိုလည်း ဆေးပေးခဲ့တယ်။ ဒီဇင်ဘာလလယ်မို့ အေးလိုက်တာ ထုံကျင်နေတာပါဘဲ။

အိမ်မပြောင်းခင်မှာ ကြိုပြီး အကျိုးဆောင်ကို ပြောထားရပါတယ်။ မဟုတ်ရင် ရက်၂၀ကျော်သွားတာနဲ့ တလစာ ထပ်သွင်းရမှာပါ။ အခန်းသော့အပ်တဲ့နေ့မှာ မနက်စောစော အိမ်ကြီးရှင်နဲ့အတူထွက်ခဲ့ပြီး လက်စသတ် သိမ်းစရာတွေ ထပ်သိမ်းပြီး အကျိုးဆောင်ကို စောင့်နေလိုက်ပါတယ်။ အကျိုးဆောင်က အခန်းကို နံရံတွေစစ်၊ ဘယ်နေရာ ဘာဖြစ်ဆိုတာကို ပါလာတဲ့တဲ့စာရွက်မှာရေးပါတယ်။ ပြီးတော့ အိမ်ကြီးရှင်က လက်မှတ်ထိုးပေးပြီး သော့အပ်လိုက်ပါတယ်။ အဲဒီက ရေးထားတာကိုကြည့်ပြီး စပေါ်ကနေ ပြန်နှုတ်ပေးတာပါ။ အိမ်ကို သန့်နေအောင် သုံးထားပေတဲ့အတွက်ရယ် သန့်ရှင်းရေးလုပ်ပေးထားတာကြောင့်ရယ် သိပ်အနှုတ်ခံရမှာမဟုတ်ဘူး ပြောပါတယ်။ ပင်ပန်းရကျိုး နပ်တယ်လို့ ဆိုရမယ်။

ဒီဘက်အိမ်အတွက်တော့ လိုအပ်တာတွေ ဖြည်းဖြည်းချင်း အင်တာနက်က ရှာဝယ်တယ်။ အိမ်နဲ့ ခပ်လှမ်းလှမ်းမှာ Home Centerရှိပေမယ့် အဲဒီမှာ ဝယ်ရင် ကိုယ့်ဘာသာ သယ်ရမှာပါ။ အွန်လိုင်းကဝယ်တာ သေချာ မျက်စေ့နဲ့ မကြည့်ရတာရယ် ကိုင်မကြည့်ရတာ တခုဘဲ ခက်ပြီး ဈေးသက်သာတဲ့အပြင် အိမ်တိုင်ယာရောက် ပို့ပေးတာမို့ အဲလောက် မပင်ပန်းပါဘူး။ ပင်ပန်းတာက ဘယ်အရာမဆို အညွှန်းစာရွက်ဖတ်ပြီး ခုတင်၊ စားပွဲ၊ ဆိုဖာ၊ ခုံ အားလုံး ကိုယ့်ဘာသာ စင်ရတာပါ။ ဒီလို တို့စိတို့စိဝယ်ရင်း တဖြည်းဖြည်း အိမ်အင်္ဂါရပ်နဲ့ ညီလာပါပြီ။ ဒီကအိမ်တွေအနေနဲ့ကြည့်ရင် အကျယ်ကြီး မဟုတ်သလို ကျဉ်းတယ်လို့လဲ မဆိုသာပါဘူး။ မိသားစု ၃ယောက်လောက် ချောင်ချောင်လည်လည် နေလို့ရပါတယ်။

အခုနေတဲ့နေရာက မြို့လယ်နဲ့ဆို လှမ်းပါတယ်။ နဂိုကတည်းက အေးအေးချမ်းချမ်းဘဲ နေချင်တဲ့ အိမ်ကြီးရှင်က လူစည်ကားတဲ့နေရာဆို ရှုပ်လို့ဆိုပြီး မကြိုက်ပါဘူး။ ဒါကြောင့် သူတယောက်ထဲနေကတည်းက ဒီဘက်ကို ရွေးနေနေတာပါ။ တိုကျိုရဲ့ ၂၃မြို့နယ်ထဲမှာ သက်ကြီးရွယ်အိုအများဆုံးမြို့နယ်လို့ ဆဲန်းဆေးက ပြောပါတယ်။ အခုအိမ်ကနေ ၂ဘူတာလောက်ကစပြီး စည်ကားပါတယ်။ မြို့လယ်ရောက်ချင်ရင်တော့ ရထားတနာရီ ဝန်းကျင်လောက် စီးရပါမယ်။ ဝေးတယ်ပြောရင်တော့ ဝေးမှာပါ။ ကိုယ်တိုင်အတွက်တော့ နီးတာလဲမဟုတ် ဝေးတာလဲ မဟုတ်ပါဘူး။ လျှပ်စစ်မြို့တော် "အာကီဟဘာရ"၊ မြန်မာဆိုင်တွေရှိရာ "တာကဒနိုဘဘ"၊ တိုကျိုရဲ့ တရုတ်တန်း "အုအဲနို"ဈေးတန်း၊ တခါတလေ ဝယ်လေ့ရှိတဲ့ ကုန်တိုက်တွေရှိရာ "အီခဲဘုကုရို"ဘက်တွေကို နာရီဝက်လောက် ရထားစီးရင် ရောက်တာမို့ပါ။ ဒါ့အပြင် တခြားထွေထွေထူးထူးနေရာတွေလည်း တော်ရုံမသွားပါဘူး။ ကိုယ်ထင် ခုတင်ရွှေနန်းမို့ ခုနေတဲ့နေရာကို မဆိုးဘူးလို့ထင်ပါတယ်။ အိမ်နားမှာ စာကြည့်တိုက်ရယ် မူကြိုကျောင်းရယ် မူလတန်းကျောင်းရယ် အလယ်တန်းကျောင်းရယ် ရှိပါတယ်။ ဒီအိမ်ကို ရွေးတုန်းကတော့ အဲဒါတွေ တခုမှ စိတ်ထဲမရှိပါဘူး။ ခုမှ အဆင်ပြေသားဘဲလို့ မြင်လာမိတာပါ။ ဒီမှာ ဘယ်လောက်ကြာကြာ နေဖြစ်မယ်တော့ ခုထက်တိုင် မသိသေးပါဘူး။ တော်တော် အသက်ကြီးတဲ့အထိလဲ ဖြစ်နိုင်ပါတယ်။

(အရည်မရ အဖတ်မရ ပို့စ်အရှည်ကြီးကို ဆုံးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ပါသည်။ တကယ်တန်း ဒီပို့စ်ကို တနှစ်ပြည့်တဲ့ ၅ရက်နေ့မှာ တင်ဖို့ ကြိုရေးထားတာပါ။ အဲဒီနေ့မှာ ဘယ်လိုမှ မဘလော့နိုင်လို့ ခုမှ ပြန်တည်းဖြတ်ပြီး တင်လိုက်ပါတယ်။)

15 comments:

khin oo may said...

စိတ်ချမ်းသာတယ်ဆိုရင်ပြီးတာပါဘဲ

ThuHninSee said...

အိမ်လေးက ချစ်ဖို့ကောင်းတယ်။ အိမ်ရှင်မတော်လို့ နေမယ်။
း)

moemoestar said...

အိမ်လေးက နေချင်စရာလေးနော်...
အိမ်ကျယ်ကျယ်လေးနဲ့ နေရတာ
စိတ်ချမ်းသာစရာပေါ့...

nu-san said...

အိမ်လေးက သန့်ပြန့်ပြီး နေချင်စရာ.. ဘာပဲဖြစ်ဖြစ် ကိုယ့်အိမ်ဆိုတော့ စိတ်တိုင်းကျ ပြင်ဆင်လို့ရတာပေါ့နော်.. မိုင်မီးဖိုချောင်က အကျယ်ကြီးပဲ... ကောင်းလိုက်တာ.. :)

အိမ်တစ်ခါ တစ်ခါ ပြောင်းရတာတော့ မသက်သာလှဘူး.. အမလည်း အရင်က ပစ္စည်းတွေ သိပ်မ၀ယ်ဖြစ်တာ ပြောင်းရ ရွှေ့ရဆို အလုပ်ရှုတ်မယ်ပေါ့.. အခုတော့ ကလေးပစ္စည်းတွေနဲ့ ရှုတ်ပွနေတာပဲ.. မနည်းကို ရှင်းယူရဦးမယ်.. နောင်ဆို ပိုဆိုးမယ်.. :D

“ကောက်ကွေးလေး” ရဲ့ မှားလို့.. :P ညီမလေးရဲ့ မိုင်မုန့်ဆီကြော်လေး မလာခင် ဒီက မုန့်ဆီကြော်ကြီးတွေ တိုကျိုကို အလည်လာဦးမယ်.. ဒီလိုပဲ ကြိမ်းဝါးနေတာ ကြာလှပေါ့... :( တနေ့နေ့ပေါ့နော်.. :)

Evy said...

အိမ်လေးကနေချင်စရာလေး။ သပ်ရပ်နေတာပဲနော်။

ပုံရိပ် / Pon Yate said...

အိမ်က သပ်ရပ်သန့်ရှင်းလို့။ ပုံရိပ်တို့ အိမ်နဲ့တော့ ကွာပ။ မုန့်ဆီကြော်လေး ဘယ်တော့ရောက်မလဲ။

Kyaw Hnin Se Lwin said...

တိုကျိုနဲ့မိနစ်၃၀လောက်ဆိုတာဒီမှာဝေးတယ်လို့ဘယ်ဆိုလို့ရပါ့မလဲ။ ဆိတ်ငြိမ်တာအကောင်းဆုံးပေါ့။ အဲဒီရပ်ကွက်လေးတကယ်ကြိုက်တယ်။
မုန့်ဆီကြော်လေးလာမယ်ဆိုကြိုသတင်းပေးဦးနော်။
:D

Shinlay said...

အိမ်လာလည်ပါတယ်။

Craton said...

အရင်အိမ်ကို ပြောင်းခါစက ဖတ်ဖြစ်လိုက်သေးတယ်။ တစ်နှစ်တောင်ရှိသွားပြီကိုး။
ခုအိမ်လေးက တော်တော်နေချင်စရာပဲ။
သန့်နေတာပဲ။ ပြီးတော့ သပ်သပ်ရပ်ရပ် စီစီရီရီနဲ့ အစ်မရေးတာနဲ့တင် လေယာဉ်စီးပြီးတောင် ချက်ချင်းလာလည်ချင်သွားတယ်.. :P
ဆိတ်ငြိမ်တဲ့နေရာလေးဆို သိပ်နေချင်တာဗျ။
ဝရံတာဖက်က မြင်ကွင်းတို့၊ အိမ်ပြင်ဘက် ရှုမြင်ကွင်းတို့၊ အိမ်နားတစ်ဝိုက် ဟိုနားဒီနား ပုံလေးတွေ လုပ်ပါဦးဗျာ။း)

မီယာ said...

ကိုယ်ပိုင်အိမ် ဆိုတော့ ပို စိတ်ချမ်းသာစရာပါ... တို့တွေတောင် မပိုင်ဘဲ ကိုယ့်ဖာသာ နေရတာ ပျော်နေတာ... မီးဖိုချောင် လှလှလေးမှာ ချက်ပြုတ်ရတာ ပျော်စရာနော်

WWKM said...

ညီမလေးရေ..

ရောက်တုန်းပို့စ်တွေပေါင်းဖတ်သွားပြီ..
အိမ်လေးက ပျော်စရာလေးနော်.
တူနေပြန်ပြီ တစ်ခု ဖတ်ပြီးပြုံးရတယ်..
မမလည်း အရင်တပတ်ကပို့စ်မှာထင်ရဲ့လေ..အိမ်ကြီးရှင်ဦးဥာဏ်ကို ၁ ပတ်လောက်စိတ်ကောက်
ကြောင်းရေးထားမိလို့. ဟိ

ပျော်ရွှင်ပါစေ။း)

နေ့အိပ်မက် said...

အိမ်လေးက ချစ်စရာလေးရယ်.. မမရေ လင့်ခုကို စုရုလုပ်လိုက်ပြီ.. iidesuka :)

Kyaw Hnin Se Lwin said...

ဒေါက် ဒေါက် ဒေါက်
:D

Kyaw Hnin Se Lwin said...

ပျင်းလို့ အသစ်မတင်တော့ အဟောင်းတွေလိုက်ပြန်ဖတ်တာ
ခုမှတွေ့တော့တယ်
ဓါတ်ပုံထဲကထက်
အပြင်မှာပိုကျယ်သလိုခံစားရတယ်သိလား
;)

မြရွက်ဝေ said...

တပုံစီ ရိုက်ထားတာတွေ အိမ်က စာပေစိစစ်ရေးက ကြီးတယ် ချုံ့ပါဆိုတာနဲ့ ချုံ့ရင်း ချုံ့ရင်း ပုံတွေလဲ သေးသွားတော့ အခန်းလဲ သေးသေးလေး ဖြစ်သွားတာလေ :))

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP