Wednesday, December 9, 2009

ဂျပန်စာ ဂျပန်စကား


တကယ်ဆို တခါမှ ဂျပန်စာသင်ယူဖို့ ဂျပန်လာဖို့ဆိုတာ မတွေးမိခဲ့ပါဘူး။ ဆယ်တန်းဖြေပြီးတုန်းက သူငယ်ချင်းတွေနဲ့အတူ ဝေးလားဝါးလားလုပ်ပြီး ဘုရားကျောင်းမှာဖွင့်ထားတဲ့ အင်္ဂလိပ်စာlibiaryကို သွားပြီး ယောင်ခြောက်ဆယ်လုပ်ဖူးပါတယ်။ နယ်မှာက ဘာသာစကားနဲ့ ပတ်သက်တဲ့သင်တန်းဆိုတာ မရှိသလောက်ပါဘဲ။ ပြီးတော့ တခြားဘာသာစကားဆိုရင် အင်္ဂလိပ်စာကိုဘဲ မြင်မိတာလည်း ပါပါတယ်။ ရန်ကုန်မှာ တက္ကသိုလ်တက်ဖြစ်တော့ ပထမနှစ်မှာ စာများလွန်းလို့ တခြားစာလုပ်ဖို့ ဘယ်လိုမှ မစဉ်းစားခဲ့ပါဘူး။ ဒုတိယနှစ်မှာ ကျောင်းက လှည်းတန်းနားကနေ မြောက်ဥက္ကလာဘက် ရောက်သွားပါတယ်။

အဲဒီဘက်က ဘုန်းကြီးကျောင်းတကျောင်းမှာ ပညာဒါနဆိုပြီး ဘာသာစကားတွေ အခမဲ့ သင်ပေးပါတယ်။ အဆောင်နေသူငယ်ချင်းတွေက ကျောင်းပိတ်ရက်ဆို အင်္ဂလိပ်စာသင်တန်းကို သွားတက်ကြတယ်။ ကျမကတော့ စိတ်မဝင်စားလို့ မသွားပါဘူး။ အတင်းခေါ်တာနဲ့ အားနာပါးနာ ၂ခါလောက်သွားပြီး လုံးဝမသွားတော့ပါ။ ယူတတ်ရင် ပညာရတယ်ဆိုပေမယ့် ကိုယ့်အတွက် first impression မှာတင် ကိုယ်နဲ့မကိုက်ဘူးဆိုတာ သဘောပေါက်ပြီးသားပါ။ နောက်တော့ သူငယ်ချင်းတွေ မယ်လမုဘုရားရှိတဲ့နားလို့ထင်ပါတယ်၊ အဲဒီဘက်က ပညာဒါနစာသင်ကျောင်းမှာ သွားတက်ကြပြန်တယ်။ အင်္ဂလိပ်စာအပြင် ဂျပန်စာလည်းတက်ကြတယ်။ ကျမကို ခေါ်ပေမယ့် မလိုက်ရေးချ မလိုက်ပါ။ နီးနီးနားနားကိုတောင် မသွားတာ busကြပ်ပိပ်သိပ် စီးပြီးသွားဖို့အရေး ပိုတောင်မတွေးသေးပါ။

စနေ တနင်္ဂနွေဆို အဆောင်မှာ နှပ်ပြီးကျန်နေခဲ့တယ်။ သူငယ်ချင်းတွေက တခွန်းစ ၂ခွန်းစ ဂျပန်လိုပြောကြ နှုတ်ဆက်ကြတာကြားတော့ သူတို့ကြား ကိုယ်က နောက်ကျကျန်ခဲ့သလို ခံစားရပါတယ်။ အင်္ဂလိပ်စာဆိုလည်း အဲဒီကတည်းက မလုပ်ဖြစ်တော့တာ ခုထိပါ။ သူငယ်ချင်းတွေလဲ တနှစ်ကျော်ကျော်လောက် တက်နေကြပါသေးတယ်။ နောက်ပိုင်းကျ အကြောင်းအမျိုးမျိုးနဲ့ မသွားကြတော့ဘူး။ အဲဒီအတောအတွင်း အိမ်ကြီးရှင်က သူ့ကုမ္ပဏီပိုင်ရှင်ရဲ့ တိုက်တွန်းမှုနဲ့ ဂျပန်စာစလုပ်ဖြစ်တယ်။ လေးငါးလလောက်လုပ်ပြီး လယ်ဗယ်၁ကိုဖြေဖို့ လုပ်ပါတယ်။ တခါထဲနဲ့ လယ်ဗယ်၁ဖြေတာ pressureများလွန်းတယ်လို့ ကုမ္ပဏီပိုင်ရှင်ကပြောမှ လယ်ဗယ်၂ကို ဖြေတော့တယ်။ အဲဒါပြီးတော့ ကွန်ပြူတာဘဲ ဆက်လုပ်နေရာက လယ်ဗယ်၁ဖြေမယ်ဆိုပြီး ဂျပန်စာ ပြန်လုပ်ပြန်ပါတယ်။

အဲဒီအခါ သူ့ဘာသာသူသာမက ကိုယ့်ဘာဆွဲထည့်လာတယ်။ သူသင်ပေးမယ် လယ်ဗယ်၎ဖြေတဲ့၊ ဘာမှမခက်ဘူး လွယ်လွယ်လေးတဲ့။ တကယ်ဆို နောက်ဆုံးနှစ်စာမေးပွဲနဲ့ နီးပြီမို့ မသင်ချင်ပါဘူး။ သို့ပေသိလည်းပေါ့ သင်ပေးမယ့်သူက သင်ပေးမယ်ဆိုမှတော့ သင်ရတာပေါ့။ သင်နေရင်း အခန်းတဝက်လောက်လည်းရောက်ရော သင်တန်းတက်ခိုင်းပါလေရော။ ရှုံ့ချီနှပ်ချီနဲ့ တက်ရပါတယ်။ ဒါတောင် basicအတန်းက ဖွင့်တာ နှစ်ပတ်ကျော်နေပြီမို့ ဆရာက လက်မခံချင်ပါဘူး။ ဟီရဂန ခါတခနတတ်တယ်ပြောမှ လက်ခံပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ရက် မနက်ပိုင်းမို့ သောကြာဆို မနက်ဆို မြို့ထဲကနေ မြောက်ဥက္ကလာကို ကျောင်းကအတန်းအမှီပြေးရတာမို့ အတော်ကသီပါတယ်။ တခါတလေ ဆရာမက စောဝင်ပြီး သင်သွားတာမို့ ရောက်ရင် အတန်းက ပြီးသွားနှင့်ပြီ။

ဒီလိုနဲ့ဘဲ ဒီဇင်ဘာထဲရောက်လာတယ်။ Finalစာမေးပွဲက နီးပြီမို့ အပတ်တိုင်းလိုလို ကျောင်းမှာ စာမေးပွဲတွေ ဆက်နေပါတယ်။ နှစ်စဉ် ဒီဇင်ဘာ ပထမပတ်ရဲ့ တနင်္ဂနွေမှာ ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲလုပ်ပါတယ်။ ဂျပန်စာ စာမေးပွဲမတိုင်ခင် ကျောင်းမှာလဲ စာမေးပွဲရှိတာမို့ အတော်စိတ်ပင်ပန်းရပါတယ်။ ဂျပန်စာ အခြေခံစာအုပ်လဲ သင်လို့မပြီးသေးပါဘူး။ listeningကျင့်ဖို့ဆိုတာက အတော်ဝေးပါတယ်။ သူများတွေက စာမေးပွဲအတွက် practiceအတန်း တွက်ပြီး ကျင့်နေပေမယ့် ကျောင်းအချိန်နဲ့ အဆင်မပြေတာကြောင့် မတက်ဖြစ်ပါဘူး။ စာမေးပွဲမဖြေခင်ရက်မှာ အိမ်ကြီးရှင်ဖြေခိုင်းလို့ မေးခွန်းဟောင်းတစုံဖြေကြည့်တာ အမှတ်တွက်တော့ မအောင်ပါဘူး။ ဒီအဆင့်လေးတောင် မရဘူးလားလို့ အဆူခံရတယ်။ ကိုယ့်ဘာသာ ကျောင်းစာများလို့ ခေါင်းခြောက်ရတဲ့အထဲ သူလုပ်ခိုင်းလို့လဲ လုပ်ရသေး အဆူလဲခံရမို့ စိတ်လဲတို ငိုလဲငိုချင်ပါတယ်။ နောက်တစုံ ထပ်ဖြေခိုင်းတာမို့ ဖြေပြီး ကိုယ့်ဘာသာ အမှတ်တွက်ကြည့်တာ အောင်ပါတယ်။ သူ့ကိုပြောမှ အရင်တစုံကို အမှတ်မှားတွက်ထားလို့ မအောင်တာဖြစ်နေတယ်။ နောက်ထပ် တစုံထပ်ဖြေရင်း စာမေးပွဲအတွက် practiceက အဲဒါသာ လုပ်လိုက်ရပါတယ်။

ကိုယ်လုပ်နိုင်တာ ဒီလောက်မို့ ဒီထက်လဲ ပိုမလုပ်နိုင်တောပါ့ဘူး။ စိတ်တွေလဲရှုပ် ခေါင်းတွေလဲကိုက်ရင်း လယ်ဗယ်၎ ဝင်ဖြေဖြစ်ခဲ့တယ်။ အမှတ်အကောင်းကြီးလဲ မဟုတ် အဆိုးကြီးလဲမဟုတ်ဘဲ အောင်ခဲ့ပါတယ်။ အဲဒါပြီးတော့ finalတန်းဖြေပြီး နယ်ပြန်နားနေတာမို့ ဂျပန်စာ ဆက်မလုပ်ဖြစ်ပါဘူး။ ရန်ကုန်ပြန်ရောက်တော့ လယ်ဗယ်၃နဲ့ဆိုင်တဲ့အတန်းက မဖွင့်သေးတာနဲ့ လပ်ယားစိန်လုပ်ပြီး နေပါတယ်။ သူငယ်ချင်းတွေက အလုပ်ဝင်နေကြပေမယ့် အိမ်ကြီးရှင်က မလုပ်ရဘူး ဒီလာဖို့အတွက် ဂျပန်စာဆက်လုပ်ပါဆိုလို့ ဟိုလိုလိုဒီလိုလိုနဲ့ ဂျပန်စာ သင်တန်းဘဲ ဆက်တက်နေခဲ့ပါတယ်။ ဒီလိုနဲ့ လယ်ဗယ်၃ ပြီးတော့ လယ်ဗယ်၂ အောင်ခဲ့တယ်။ ၂နှစ်နီးပါ ဂျပန်စာချည်းလုပ်လာရတော့ အီလာတယ်၊ ငြီးငွေ့လာတယ်။ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေကို မြင်ပြီး အားကျတယ်။

အဲဒါအပြင် လယ်ဗယ်၁ကို ဖြေဖို့ ကြောက်တာလည်းပါတယ်။ လယ်ဘယ်၃နဲ့ ၂ကြားက gapက အတော်ကွာသလို ၂နဲ့ ၁ကြားကလဲ ကွာလွန်းပါတယ်။ အောင်မှတ်ကလဲ ကွာသွားပါတယ်။ ၄ကနေ၂အထိက အမှတ်(၄၀၀)မှာ ၆၀%ကျော်ရင် အောင်ပေမယ့် လယ်ဗယ်၁ကတော့ ၇၀%ကျော်မှ အောင်တာပါ။ ငယ်ငယ်ကနေ ဆယ်တန်းအထိ ဖြေဘူးတဲ့ စာမေးပွဲအားလုံး အောင်မှတ်က ၄၀၊ တက္ကသိုလ်ရောက်တော့ ၅၀၊ ဂျပန်စာ စလုပ်တော့ ၆၀ တဖြည်းဖြည်း မြင့်တက်လာတယ်။ လယ်ဘယ်၁က ၇၀%အထက်ဆိုတာတောင် အမှတ်(၄၀၀)ဖိုးက ခွဲမေးတာပါ။ ခန်းဂျီး+vocabulary ဆို အမှတ်၉၀ဖိုးမေးပြီး ၁၀၀မှာဘယ်လောက်၊ listening ဆို ၃၀ဖိုးမေးပြီး ၁၀၀မှာဘယ်လောက်၊ reading & grammar ဆိုလည်း ၁၉၀ဖိုးမေးပြီး ၂၀၀မှာ ပြန်တွက်တာမို့ တပုဒ်မှန်ရင် အမှတ်များနိုင်သလို မှားရင်လည် အများကြီး လျော့ပါတယ်။ စာလုပ်ဖို့ ရှောင်ပြေးချင်တာရော အလုပ်လုပ်ချင်တာကြောင့် အလုပ်လျှောက်လိုက်တာ ရသွားတာမို့ အဲဒီကစပြီး ဂျပန်စာနဲ့ အဆက်အသွယ် ပြတ်ပြန်ပါတယ်။

ဒီလည်းရောက်ရော culture shock အပြင် ဂျပန်စာလည်း ဒွတ်ခ ရောက်ပါတယ်။ စာအုပ်ထဲမှာ သင်တဲ့စာနဲ့ လက်တွေ့မှာ ပြောတာ မတူပါဘူး။ ပြောရရင် မြန်မာစာလိုပါဘဲ။ စာအုပ်ထဲမှာ "ဘာဖြစ်ပါသည် ညာဖြစ်ပါသည်" ဆိုတာ စကားပြောရင်မှ မသုံးတာလေ။ အဲဒီတော့ တော်တော်ကြီး စိတ်ဓာတ်ကျပါတယ် ဒီလောက်စာတွေလုပ်ထားတာတောင် ရေရေရာရာ နားမလည်လို့ပါ။ အလုပ်လဲ မလုပ်ရ ဒီလိုဘဲ အချိန်တွေဖြုန်းရင်း အင်တာနက်ထဲကတဆင့် အိမ်နားမှာ ဗော်လန်တီယာ ဂျပန်စာသင်ပေးတဲ့အတန်းတွေ ရှိတယ်ဆိုတာသိပြီး သွားဖြစ်ခဲ့တယ်။ အဓိကက စကားပြောဖြစ်ဖို့ပါ။ ကိုယ့်ဘာသာ နားထောင် စာဖတ်က ဖြစ်နိုင်ပေမယ့် စကားကျတော့ တဖက်က ပြောမယ့်သူရှိမှ ဖြစ်မှာလေ။ အဲဒီရောက်တော့ ကိုယ့်စကားပြောတဲ့ လယ်ဗယ်က ဘယ်လောက်ဆိုးလဲဆို basicဖြစ်တဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်စကားတောင် မှန်အောင်မပြောနိုင်ပါဘူး။ ပြောမယ်ဆို စကားလုံးတွေက တောင်တလုံး မြောက်တလုံးနဲ့ ဝါကျမမှန်ဘူးလေ။

အတန်းမှာလည်း formဖြည့်ရင် ဂျပန်စာ ဘယ်လယ်ဗယ်လောက်အထိသိလဲ ရေးရတယ်။ အဲဒါကို ကြည့်ပြီး group လုပ်ပေးတာပါ။ အဲဒီတုန်းမှာ လယ်ဗယ်၂အောင်ထားတာ ကျမတယောက်ထဲမို့ groupမရှိဘဲ ဆဲန်းဆေးနဲ့ တယောက်ထဲစသင်ရတယ်။ ဗော်လန်တီယာအတန်းဆိုတာ စာမေးပွဲအတွက် သင်ပေးတာမျိုးမဟုတ်ပါဘူး။ ဂျပန်ရောက်နေတဲ့ နိုင်ငံခြားသားတွေ ဘာသာစကား အခက်အခဲကို ကူညီပေးဖို့နဲ့ ဂျပန့်ယဉ်ကျေးမှုတချို့နဲ့ ရင်းနှီးစေဖို့ပါ။ ကျမအတွက်တော့ စာသင်ရဖို့ထက် Conversationက အဓိကပါ။ တယောက်ထဲ သင်ရရင်း လယ်ဗယ်၂အောင်ထားတဲ့ ကိုးရီးယားမလေးရောက်လာတာမို့ အဖော်ရသွားတယ်။ သူက လယ်ဗယ်၁ဖြေဖို့ ဂျပန်စာ သင်တန်းကျောင်းမှာ အတန်းတက်နေတယ်ပြောတယ်။

ဒီမှာရှိတဲ့ ဂျပန်စာကျောင်းတွေမှာ လပြတ်တက်လို့ရတဲ့ အတန်းတွေရှိပါတယ်။ ဒါပေမယ့် ဂျပန်စာအတန်းကို ဂျပန်မှာ တက်ရင် ဈေးကြီးလွန်းတယ်။ ၃လပြတ်တတန်းဆိုရင် မြန်မာပိုက်ဆံနဲ့ဆို ၁၅သိန်းအထက် ရှိပါတယ်။ ကိုးရီးယားမလေးက ဖြေပါလား ပြောပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာကြောင့် မဖြေပါဘူး။ အတန်းမှာ တနှစ်၂ခါ group ပြောင်းပါတယ်။ ကိုးရီးယားမလေးက နိုင်ငံပြန်သွားတော့ နောက်တခါကျတဲ့ groupက တရုတ်သူငယ်ချင်း၂ယောက်ပါ။ သူတို့တွေက လယ်ဗယ်၁အောင်ထားပြီးသားသူတွေပါ။ အရင်က တောက်လျှောက် အေးဆေးနေလာခဲ့သမျှ အဲဒီအခါမှ ချွေးပြန်ရတော့တာ။ ကိုယ့်ထက် လယ်ဗယ်မြင့်တော့ ဖတ်ရတဲ့ စာတွေကလည်း ခက်တယ်။ အဲဒီအချိန်မှာ စာမလုပ်တာ ကြာတာမို့ ကိုယ့်လယ်ဗယ်က ၂လို့တောင် ပြောမရအောင် အတော်ကျနေပြီ။ ပြီးတော့ အဲဒီ ၂ယောက်ထဲက တယောက်က တမျိုးပါဘဲ။ စောင့်သင်ရတာမျိုးဆို စိတ်မရှည်တဲ့ အမူအယာတွေလုပ်ပါတယ်။

နောက်တယောက်ကတော့ အတော်သဘောကောင်းတယ်။ သူနဲ့ အတော်ခင်ပါတယ်။ တကယ့်မြန်မာသူငယ်ချင်းလို ပေါင်းလို့ရတယ်။ စိတ်ထားလဲ ရိုးတယ်။ သူက ဂျပန်ရောက်ပြီး မကြာခင်မှာဘဲ လယ်ဗယ်၁ကို အမှတ်အများကြီးနဲ့ အောင်ထားတာမို့ သူ့ကို မေးရပါတယ်။ သူက ဂျပန်စာကျောင်းမှာ ၃လတက်ပြီး စာလုပ်ပါတယ်တဲ့။ နောက် အဲဒီနှစ်က လယ်ဗယ်၁ဖြေမယ်ဆိုတဲ့ တခြား ကိုးရီးယားသူတယောက်ကို မေးတော့လည်း ကျောင်းတက်ပြီးဖြေမှာတဲ့။ အိမ်ကြီးရှင်ကို အဲဒါပြောတော့ သူက အားပေးရှာတယ် "ဂျပန်ရောက်နေတာဘဲဟာ ဂျပန်စာတတ်ချင်ရင် ကိုယ့်ဘာသာကျက်တဲ့ ဒီကဂျပန်စာကျောင်းတက်ဖို့တော့ မတန်ဘူးတဲ့" (ဟွန့်!) သူပြောတာလည်း ဟုတ်ပါတယ်။ မတန်မှန်း ကိုယ့်ဘာသာ သိတယ်။ ကိုယ်တိုင်လဲ စာပြန်လုပ်ဖို့ အဲလောက်ကြီး အားမသန်ပါဘူး။ ဒီလိုနဲ့ အချိန်တွေကုန်ပြန်တယ်။

နောက်တော့ မြန်မာပြည်မှာ ဂျပန်စာအတန်းတက်တုန်း ခင်ခဲ့တဲ့ သူငယ်ချင်း ဒီရောက်လာပြီး အဆက်အသွယ်ရတယ်။ သူက ဒီနှစ် (၇)လပိုင်းမှာ ဂျပန်စာလယ်ဗယ်၁ဖြေဖို့ ကိုယ့်ဘာသာ စာလုပ်နေတယ်ပြောတယ်။ ကျမကတော့ စာမေးပွဲဖြေဖို့ ကိုယ့်ဘာသာ အစအဆုံးပြင်ဆင်ကျက်မှတ်ဖို့ရာ မတွေးခဲ့ပါဘူး။ အမြဲတန်း သင်တန်းတက်ပြီးမှ ဖြေခဲ့တာကိုးလေ။ သူငယ်ချင်းကအောင်သွားပြီး ကျမကို စာပြန်လုပ်ကြည့်ပါလား တိုက်တွန်းလာတယ်။ အောင်တာ/မအောင်တာထက် ကိုယ့်လယ်ဗယ်ကို စမ်းသပ်ကြည့်ပါတဲ့။ စာကို ဟုတ်တိပတ်တိမလုပ်တာ ၃နှစ်တောင် ရှိခဲ့ပြီ။ တွေဝေနေခဲ့တယ်။ အရင်ကလည်း စာမေးပွဲဝင်ဖြေမယ် စိတ်ကူးလိုက် ၅လလောက် အလိုရောက်ရင် မဖြစ်ပါဘူးဆိုပြီး စိတ်လျှော့ပြီး နောက်နှစ်မှ ဆိုပြီး ရွှေ့လာခဲ့တာ။ ခုမှ ပြန်လုပ်လို့ ရပါ့မလားလေ။

မရေမရာစိတ်ကူးနဲ့ လျှောက်လွှာဝယ်လိုက်တယ်။ အဲဒီနေ့က စာမေးပွဲမတိုင်ခင် ၃လ တိတိ။ တွေးကြည့်ရင်တော့ အတော်ခက်ပါတယ်။ ခန်းဂျီးနဲ့ အသိုင်းအဝိုင်းနိုင်ငံဖြစ်တဲ့ တရုတ်တွေ ကိုးရီးယားတွေအတွက်တော့ ဒီလောက်အချိန်ဟာ ဘာမှ မဟုတ်လောက်ပေမယ့် ဗူးသီးငါးပေါင်းထုပ် ခန်းဂျီးတွေနဲ့ မရင်းနှီးတဲ့သူအဖို့ မလွယ်လှတဲ့ အချိန်ပါ။ လျှောက်လွှာဝယ်ပြီးမှတော့ ဆိုပြီး ကိုယ့်ဘာသာ စိတ်အားတင်းလို့ စာအုပ်ဆိုင်သွား စာအုပ်တွေ သွားရှာဝယ်ပါတယ်။ ဘယ်အပိုင်း အားအနည်းဆုံးလဲမေးရင် လယ်ဗယ်၂ဖြေတုန်း reading အားအနည်းဆုံးပါ။ အချိန်မမှီပါဘူး။

ခုကျ ဘာအားအနည်း ဆုံးလည်းဆို အားလုံးပါ။ ခန်းဂျီး Vocabulary Listening Reading Garammar အားလုံး အားလုံး။ စာအုပ်တွေက ဈေးမသက်သာလှသလို အရမ်းလည်း ဈေးမကြီးပါ။ ယန်း ထောင့်ငါးရာ နှစ်ထောင်ဝန်းကျင်ပါ။ CD လေးချပ်ပါတဲ့ Listeningကတော့ ယန်း၃၄၀၀ကျော်မို့ ဈေးကြီးတယ် ပြောရမယ်။ ခန်းဂျီး Vocabulary အတွက် တစ်အုပ်၊ အားနည်းတဲ့ Readingအတွက် ၂အုပ် (စာမေးပွဲသာ ပြီးသွားတယ် တအုပ်ဘဲ ဖတ်လို့ပြတ်တယ်)၊ Listeningအတွက် တစ်အုပ်၊ အကျဉ်းချုပ် တစ်အုပ်၊ ၂၀၀၈ခုနှစ် မေးခွန်းဟောင်းတအုပ် အားလုံးပေါင်း ၆အုပ်။ စာအုပ်ဖိုးချည်း ယန်း၁သောင်းကျော် ရှိပါတယ်။ ဒါပေမယ့် အဲဒါအားလုံး အလကားရတယ်လို့ ပြောလည်း ရနိုင်တယ်။ အိမ်ကြီးရှင်ရဲ့ အလုပ်က တနှစ်၂ကြိမ် ကုန်တိုက်မှာ ဈေးဝယ်လို့ရတဲ့ လက်မှတ်တွေ ပေးပါတယ်။ အဲဒါနဲ့ ဝယ်တာပါ။

အဲဒီဈေးဝယ်လက်မှတ် ဝယ်နိုင်တဲ့ နေရာတွေက မြို့လယ်ခေါင်က ကုန်တိုက်တွေမို့ တခြားဈေးကြီးပစ္စည်း ဝယ်မိတာထက် အိမ်ကြီးရှင်နဲ့ ကျမက စာအုပ်သာဝယ်ပါတယ်။ စာအုပ်က ဘယ်နားမှာ ဝယ်ဝယ် အဖုံးမှာ ပါပြီးသား သတ်မှတ်ဈေးမို့ ဈေးကွာခြင်း လျော့ခြင်း မရှိပါဘူး။ စာလုပ်စရာ လက်နက်စုံပြီမို့ စာစလုပ်ပါတယ်။ သူငယ်ချင်း အကြံပေးတဲ့အတိုင်း ipodထဲ Listening သွင်းထားပြီး အပြင်သွားရင် လမ်းမှာ နားထောင်တယ်။ လယ်ဗယ်၁ Garammar လယ်ဗယ်၂နဲ့စာရင် မများပါဘူး။ Reading ဖတ်ပြီးဖြေကြည့်တာ အမြဲတန်း တဝက်လောက် မှားပါတယ်။ ကိုယ့်အတွေးနဲ့ စာရေးသူအတွေး အဲလို ထပ်တူကျလွန်းတာပါ။ ပထမ တလလောက်မှာ အရှိန်ကောင်းကောင်းနဲ့ စာလုပ်ဖြစ်ပါတယ်။ အိမ်အလုပ်အပြင် တခြားဘာမှမရှိတာမို့ စာကျက်ချိန် အများကြီးလို့ ပြောလည်းရပါတယ်။ ဒါပေမယ့် ကိုယ့်ဦးနှောက်က လက်ခံနိုင်တဲ့အချိန်က ၃နာရီက အလွန်ဆုံးပါဘဲ။ အချိန်ကြာကြာဖတ်လို့ စာပိုရတာ မရှိဘဲ ခေါင်းတွေထူပူလာတယ်။

ခန်းဂျီးလဲ စကိုင်ရော စိတ်ဓာတ်ကျတာ ကမ္ဘာဟိုဘက်အထိ ဖောက်သွားတယ်။ ဘယ်လိုမှ မှတ်လို့မရ၊ ခုကျက် ခဏနေမေ့၊ အဲဒီကနေစပြီး စာလုပ်ပျက်လာပြန်တယ်။ သူငယ်ချင်းက သူ့ခန်းဂျီးစာအုပ်နဲ့ မေးခွန်းဟောင်းတွေ ငှါးပေးထားတယ်။ စာကျက်လို့ အာရုံမရမယ့်အတူ သူ့စာအုပ်ထဲကစာတွေ ကိုယ့်စာအုပ်ထဲပြန်ကူးရေးရင်း တခါတလေ အိမ်ကြီးရှင်ကို နားပူနားဆာ စာမေးရင်း အိယောင်ဝါးနဲ့ စာကို အဖြစ်လောက် လုပ်နေခဲ့တယ်။ အောက်တိုဘာလကုန်ခါနီးတာတောင် မကျက်မနေ ကျက်ရမယ့် ခန်းဂျီးတွေ မပြတ်သေးပါဘူး။ စာဖတ်ရင်း အဟင့်ရွှတ်ဖတ်လုပ်နေလို့ အိမ်ကြီးရှင်က အဲလောက်စိတ်ထဲ မထားပါနဲ့လို့ အကြိမ်ကြိမ် ပြောပါတယ်။ အစကတည်းက ကိုယ့်အခြေအနေသိအောင် စမ်းကြည့်တဲ့သဘောနဲ့ လျှောက်လွှာတင်ခဲ့တာဘဲလေ။ ခက်တာက ဖြေမှတော့ အောင်ချင်တာကိုး (လောဘ~လောဘ)။ တခါမှ စာမေးပွဲကျတာ မရှိဘူးတော့လည်း ကြောက်မိပါတယ်။ မဖြစ်မညစ် စာလုပ်နေရာက နိုဝင်ဘာလထဲဝင်လာမှ ခန်းဂျီးကျက်တာ ရပ်ထားပြီး မေးခွန်းဟောင်းတွေ လျှောက်ဖြေကြည့်တယ်။ အောင်နိုင်ပါ့မလားရယ်ပေါ့။ အမြဲတန်းတော့ အမှတ် (၇၀)မို့ on the marginပါဘဲ။ ကံမကောင်းရင်တော့ margin ရောက်ဖို့ သုံးလေးလှမ်းလိုပါတယ်။

စာမေးပွဲမဖြေခင်ညအထိ ခန်းဂျီးတွေ မှတ်ကောင်းတုန်းပါ။ ဒီလိုနဲ့ဘဲ စာရတယ်ရယ်လည်းမဟုတ် မရဘူးလဲမဟုတ်နဲ့ စာမေးပွဲ ပြီးသွားပါတယ်။ အိမ်ကြီးရှင်ကိုတော့ အောင်ရင် ဆုပေးပါ မအောင်ရင်တော့ အားပေးပါလို့ ပြောထားပါတယ်။ ဘုရားမှာ ဆုတော့လည်း မတောင်းချင်ပါဘူး။ လိုအပ်မှ ဘုရားကို နားပူနာဆာလုပ်တယ်လို့ ကိုယ့်ဘာသာ ခံယူထားလို့ပါ။ ကံကောင်းရင်တော့ အောင်မယ်လို့ဘဲ မှတ်ယူထားပါတယ်။ မအောင်ရင်တော့ နောက်တခါဆိုတာကြီးကို စဉ်းစားရပါဦးမယ်။ ခုက ဆိုးဆိုးရွားရွားကြီး မဖြေနိုင်တာမဖြစ်သလို အချိန်မလောက်တာလဲ မဖြစ်ခဲ့ပါဘူး။ တကယ်ဆို Readingပိုင်း အရမ်းအားနည်းတာ ဗော်လန်တီယာအတန်းက ဆရာမရဲ့ သတင်းစာ ဖြတ်ပိုင်းလေးတွေ ကော်ပီကူးပြီး ဖတ်ခိုင်းတတ်တဲ့ ကျေးဇူးနဲ့ အရင်ကထက်စာရင် နဲနဲဖတ်နိုင်လာတာပါ။ သူငယ်ချင်းကျေးဇူးနဲ့လဲ စာပြန်လုပ်ဖြစ်သွားပါတယ်။ စာလုပ်တယ် အကြောင်းပြပြီး ချက်တရက် မချက်တရက်နဲ့ ထမင်းဘူးမှန်မှန်မထည့်ပေးဖြစ်တာလဲ ဘာမှမပြောတဲ့ အိမ်ကြီးရှင်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 皆 ありがとうね :)

10 comments:

WWKM said...

ပို့စ်အရှည်ကြီးကို စိတ်ပါဝင်စားစရာလေးဖြစ်အောင် ရေးတတ်ပါပေ့ညီမရေ.

မမကတော့ ပို့စ်တွေရေးရမှာ အရမ်းပျင်းနေတာ.
ညီမလေးရေးထားတာလေးတွေဖတ်ပြီး ကိုယ်ရေးထားတာတွေက ယောင်ဝါးဝါးပို့စ်တွေ ဖြစ်နေပါပေါ့လား။း)

ပို့စ် ၃ ခုကို အချိန်ယူပြီး အေးဆေးဖတ်သွားပြီ။
စာမေးပွဲလည်းအောင်ပါစေ..အိမ်ကြီးရှင်ဆီကလည်း ဆုရပါစေ... ဒီတခါ GUCCI , COACH Bag ပေါ့။သုံးရမယ့်သူ ညီမလေးပဲ ရှိတာ.. သုံးသာသုံး။း)

ဒါနဲ့ မမပိတ်ရက်တွေမှာ ညီမလေးကိုသတိရနေပါတယ်.
ကီမိုနိုဝယ်သွားချင်သေးလား။သွားချင်ရင် မပြန်ခင်လိုက်ပို့ပေးမယ်လေ။ ဖုန်းဆက်ရင်ဆက်၊မေးလ်ပို့ရင်ပို့နော်။အစ်မတို့ ၃ လပိုင်းကုန်ဆိုပြန်မယ် ညီမရေ။မပြန်ခင် ၁ခေါက်လောက်တော့ ဆုံချင်ပါသေးတယ်။

ခင်မင်စွာနဲ့

ဝါ

နေ့အိပ်မက် said...

ခု အောင်စာရင်းမထွက်သေးဘူးပေါ့.. အောင်ပါစေမမရယ်.. အမှတ်အများကြီး ရပါစေ နေ့အိပ်မက်တော့ လယ်ဗယ် ၁ မပြောနဲ့ ၂တောင် ဖြေဖို့ တော်တော်စဉ်းစားနေရတော့ ဘာနဲ့ကျောင်းပြီးထားလဲ လာမေးရင် ဖြေရမှာတောင်ရှက်တယ်.. :(

nu-san said...

ညီမလေးရေ.. စာမေးပွဲ အောင်ပါစေ.. လို့ ဆုတောင်းပေးမယ်နော်.. :)

ဘယ်လိုပဲဖြစ်ဖြစ် စာလုပ်ဖြစ်တာတော့ ကိုယ့်အတွက် အကျိုးရှိတာပေါ့.. အဲဒါ အမြတ်ပဲလေ.. အမဆို ဂျပန်စာအုပ် မကိုင်ဖြစ်တာ ကြာလှပေါ့.. ရှေ့လျှောက်လည်း ဂျပန်စာအုပ်ကို ကိုင်ဖြစ်မယ် မထင်ပါဘူး.. :P အိမ်ကြီးရှင်ဆီက လက်ဆောင်တောင်းဖို့သာ စဉ်းစားထားနော်.. :D

မြရွက်ဝေ said...

မဝါ---> ညီမပို့စ်တွေလဲ ယောင်ဝါးဝါးတွေပါ အမရယ်။ အမက ချစ်သောမျက်စိနဲ့ ဖတ်လို့နေမှာ။ ဆုကတော့ ဘာလိုချင်မှန်း ခုထိ ကိုယ့်ဘာသာလဲ မသိသေးဘူး။ :D

ညီမနေ့အိပ်မက်---> အောင်စာရင်းက Febလလယ်မှ သိရမှာပါ။ အမှတ်အများကြီးထက် အောင်ရင်တော်ပါပြီ။ ဘာနဲ့ကျောင်းပြီးလာသလဲလို့ အဆူခံရရင် အတူတူဘဲ ညီမရေ။ ကျောင်းကစာတွေ ဘာမှမသိတော့ဘူး။ အဲဒါနဲ့ အလုပ်ပြန်လျှောက်ရင်တောင် ရမှာမဟုတ်ဘူး။

မနုစံ---> ပေးတဲ့ဆုနဲ့ ပြည့်ပါရစေအမရေ။ အမသမီးလေး စာသင်တဲ့အရွယ်ရောက်ရင် အတူစာလုပ်ဖို့ အဖော်ရမှာပါ။ ညီမအသိ ဖိလစ်ပိုင် အမကြီးလဲ သူ့သမီးနဲ့အတူ စာလုပ်ရင်း လယ်ဗယ်၂အောင်သွားတယ်။

Kyaw Hnin Se Lwin said...

အောင်ရင် ဆုပေးပါ မအောင်ရင်တော့ အားပေးပါ ဆိုတာ သဘောအကျဆုံးပဲ
:D

Rita said...

ဟုတ်တယ်
စာဆို စာကလေးတောင် မမြင်ချင်တာ။

=)

kezhongsui said...

can u tell me,where can i
Learn Japanese in yangon ?

kezhongsui said...
This comment has been removed by the author.
သောကြာ ကြယ် said...

You should go to
THINMYANMAR LANGUAGE CENTER
No.164, Room 2D, 1st Floor, Left
Bargayar Road, Sanchaung,
Yangon,Myanmar

Tel (95-1) 504834, 535499
thinmyanmar@mptmail.net.mm
http://www.geocities.jp/thinayeayeko

မြရွက်ဝေ said...

ဂျပန်စာကို win japanese language school ကလွဲပြီး မတတ်ဖူးပါဘူး။
အဲ့ကျောင်းက တခြားတွေနဲ့စာရင် စာသင်သက်ကြာတဲ့အတွက် သင်ကြားပေးတဲ့စနစ်ကောင်းပါတယ်။
စာအုပ်တွေ သေချာပြုစုပေးထားတဲ့အတွက် လေ့လာရ လွယ်ပါတယ်။ လိုအပ်တဲ့စာအုပ်တွေလဲ အဲဒီမှာ အတန်းတက်တာ/မတက်တာနဲ့မဆိုင်ဘဲ ဝယ်ယူလို့ရတယ်။ တခြားကျောင်းတွေ သင်တန်းတွေ ဘယ်လိုပုံစံနဲ့ သင်ပေးလဲဆိုတာတော့ မပြောတတ်ပါဘူး။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP