Tuesday, March 24, 2009

အုအဲနိုမှာ


စနေနေ့က "အုအဲနို"ကို မျက်စေ့စမ်း မျက်မှန်လုပ်ဖို့ သွားခဲ့တယ်။ အိမ်နားမှာလည်း မျက်မှန်ဆိုင်တွေရှိပေမယ့် ချက်ချင်းမရနိုင်ဘူးဆိုလို့လေ။ တချို့ဆိုင်ကျ သူတို့ဆိုင်မှာ မျက်မှန်ကိုင်းပါဝယ်မှ လို့ဆိုတယ်။ ခုမျက်မှန်လုပ်ထားတာလဲ တနှစ်ကျော်လောက်ပဲ ရှိပါသေးတယ်။ အဲဒီတုန်းက ကိုင်းပါ အသစ်ဝယ်ထားတာမို့ အဲဒါကိုဘဲ မှန်အသစ်လဲပြီး ဆက်သုံးချင်တာ။ အင်တာနက်ထဲ အနီးဆုံးဆိုင် လိုက်ရှာပေမယ့် စိတ်တိုင်းကျတာ မတွေ့တာမို့ နောက်ဆုံး မနု-စံကိုဘဲ ဖုန်းဆက်ဂျီ အဲ မေးရတယ်။ အမပြောတဲ့ဆိုင်ရဲ့ Home page သွားကြည့်တော့ သူတို့ဆိုင်မှာ ဝယ်တဲ့ကိုင်း မဟုတ်လည်း ကိုယ်ယူသွားတာနဲ့ ကိုက်တဲ့မှန်မျိုး ဂိုဒေါင်လက်ကျန်ရှိရင် ၂၅မိနစ်နဲ့ ရမယ်ဆိုလို့ အဲဒီဆိုင်ကို သွားခဲ့တယ်။

သောကြာကနေစပြီး သုံးရက်ဆက်ပိတ်တဲ့ အားလပ်ရက်မို့ထင်တယ် "အုအဲနို"မှာ များလိုက်တဲ့ လူတွေ။ ဈေးတန်းထဲလည်း ဘုရားဈေးပွဲလို တနေရာက တနေရာ ရောက်ဖို့ တရွေ့ရွေ့ သွားရတယ်။ မျက်စေ့စမ်းပြီး နောက်၂၅မိနစ်နေရင် လာယူပါဆိုတာနဲ့ "အုအဲနို"ဈေးထဲ လျှောက်သွားပြီး အချိန်ဖြုံးနေလိုက်တယ်။ လျှောက်သွားပေမယ့် မျက်မှန်မပါတော့ ဘာမှ ကောင်းကောင်း မမြင်ရပါဘူး။ မမြင်ရမယ့် အတူတူတော့ တခုခုစားပြီး စောင့်မယ်စိတ်ကူးပြီး ဆိုင်တွေကြည့်ရင်း တူရကီမုန့် Doner Kebabဆိုင် ရှေ့မှာ သွားတန်းစီလိုက်တယ်။ အဲလို စားစရာ ဆိုင်မျိုးက တွေ့ဘူးနေပေမယ့် တခါမှ မစားဖူးဘူး။ တူရကီစားစရာမှန်းလည်း ခုမှ အင်တာနက်ထဲ ရှာကြည့်လို့ သိတာ။ စိတ်ထင်က အီရန် / ပါကစ္စတန် စားစရာလို့ ထင်တာ။ အရောင်းဝန်ထမ်း ၃ယောက်စလုံးကလည်း အသားဖြူ ပန်းသေးတွေနဲ့ တူတာကိုး။

တယောက်က အော်ဒါမှတ် တယောက်က မုန့်ပြင်ပေးပြီး နောက်တယောက်က အနောက်ဖက်မှာ မုန့်ဖုတ်နေတယ်ထင်တာဘဲ။ ၃ယောက်ပေမယ့် တဆိုင်လုံး အော်ဒါမေးပြီး မှတ်တဲ့လူရဲ့ အသံကြီးပါဘဲ။ ဆိုင်ရှေ့လာတဲ့သူမှန်သမျှကို စောင့်နေရတဲ့ ခဏအတွင်း အမျိုးမျိုး နှုတ်ဆက်စကား ပြောနေလို့လေ။ ကျမအတွက် ကြက်သားနဲ့ရယ် အိမ်ကြီးရှင်က အမဲသား+ကြက်သားအရော Kebabတခုစီမှာပြီး စောင့်နေတုန်း အဲဒီလူက လှမ်းပြီး ဘာ,ဘာသာစကားမှန်းမသိတာနဲ့ လှမ်းပြောနေတယ်။ ကျမတို့ ကြောင်ပြီးကြည့်နေတော့မှ အင်္ဂလိပ်လို ဘယ်နိုင်ငံကလည်းလို့မေးမှ အိမ်ကြီးရှင်က မြန်မာလို့ ပြောလိုက်တယ်။ သူ့ကြည့်ရတာ လာသမျှလူအားလုံး မပျင်းရအောင် နိုင်ငံအလိုက် စကားတွေနဲ့ နှုတ်ဆက်နေပုံပါဘဲ။ ဒါပေမယ့် မြန်မာလိုတော့ နှုတ်ဆက်တတ်မယ် မထင်လိုက်တဲ့အချိန်မှာ "အား~~ မြန်းမာ~ မြန်းမာ~ မင်းဂလားပါ"လို့ ခပ်ဝဲဝဲ ပြောလိုက်လို့ ဟဲ့! ဒါလည်းသိတာဘဲလား အတော်လေ့လာထားပုံရတယ်လို့ ထင်လိုက်မိတယ်။

ဆိုင်ရှေ့မှာ ခုံတန်း ချထားပေးလို့ အဲဒီမှာဘဲ ထိုင်စားလိုက်တယ်။ စားတုန်းတဝက်မှာ ဆိုင်ဘောင်ပေါ်က တစ်ရှူးထယူတော့ "စဝါဒီခပ်"တဲ့။ ဟောတော်~ မြန်မာနဲ့ ထိုင်း မှားနေပြန်ပြီထင်တယ်ဆိုပြီး အိမ်ကြီးရှင်နဲ့ ပြောပြီး ရီမိတယ်။ စားလို့လဲအပြီး မျက်မှန်လည်း ရလောက်တဲ့အချိန်မို့ အတော်ပါဘဲ။ ဆိုင်ရှေ့က ထပြန်တဲ့အချိန် တန်းစီတဲ့ လူလည်း ရှင်းနေတာမို့ အဲဒီလူကိုဘဲ "ဂေါ့ချီစိုးစမ"ဆိုတဲ့အနေနဲ့ ၂ယောက်သား ခေါင်းညှိမ့်ပြုံးပြပြီး ထလိုက်တဲ့အချိန်မှာ "မင်းဂလားပါ~" ဆိုပြီး ထပ်ပြောပြန်တယ်။ ဒီလူ မခေဘူးပဲလို့ အချင်းချင်းပြောရင်း ဆိုင်ရှေ့က ခွါလာတုန်းမှာ နှုတ်ဆက်စကားအပြင် နောက်ထပ် အော်ပြီးပြောလိုက်တာက "ချစ်တယ်~"တဲ့။ ရုတ်တရက်ဆိုတော့ ဟဲ့ ပလုတ်တုတ်!လို့ ဖြစ်သွားပြီး အကြားများ မှားလေသလားလို့ ကြောင်သွားပြီးမှ သူကထပ်အော်နေတာမို့ ၂ယောက်သား ရီလိုက်ရတာ။ ဒီလူ့နှယ် ဒါလည်းသိတာဘဲလားလို့။

Read More...

Friday, March 20, 2009

တုံယမ်းဆန်ပြားပြုတ်


ဟိုဟိုဒီဒီရဲ့ နောက်ဆက်တွဲပါ။ တုံယမ်းဆန်ပြားချက်နည်းလေး မှတ်တမ်းတင်ထားချင်လို့။ ခေါင်းထဲမှာ မှတ်မထားတတ်တဲ့ အကျင့်ကြောင့်လည်း ပါတယ်။ ခုတောင် ဘာတွေထည့်လိုက်တယ်ရယ် ဘယ်လိုအစီစဉ်တကျထည့်တယ်ရယ် မမှတ်မိလို့ အတော်စဉ်းစားလိုက်ရတယ်။
လိုအပ်တာတွေက __
3mm ဆန်ပြားခြောက်
ပုစွန်
တုံယမ်းအနှစ်
စပါးလင်
ငံပြာရည်
ဆား
သကြား
သံပုရာသီး
နံနံပင်
ပဲပင်ပေါက်
(ကြက်သွန်မြိတ်၊ မှို --- ကြိုက်တတ်ရာရာ)

ဆန်ပြားခြောက်ကို ထိုင်းဆိုင်က ဝယ်ဖြစ်တယ်။ နောက်မှ အိမ်နားက စူပါမှာ ဗီယက်နမ်ကလာတဲ့ ဆံပြားတွေ့လို့ စမ်းဝယ်ထားတယ်။ ခုတခေါက်တော့ ထိုင်းဆိုင်က ဝယ်ထားတာနဲ့ ချက်ဖြစ်တယ်။


ပထမဆုံး ပုစွန်ကို အခွံခွါ၊ ကျောခွဲပြီး အစာကြောင်းထုတ်ထားတယ်။ အိုးထဲ ရေနဲနဲထည့်ပြီး စပါးလင်ကို ခပ်စွေစွေ မထူမပါးလှီးထားတာကို ထည့်တယ်။ ဆားနဲနဲထည့်ပြီး ဆူအောင်တည်ထားလိုက်တယ်။ ဆူလာရင် ပုစွန်တွေကို တမိနစ် မရှိတရှိလောက်တည်ပြီး ပြန်ဆယ်ထားတယ်။ ပုစွန်ပြုတ်ရည်ထဲ ရေထပ်ထည့်၊ တုံယမ်းအနှစ်၊ သကြားထည့်တည်ပြီး ဆူပွက်လာရင် ငံပြာရည်ထည့်လိုက်ရင် ဟင်းရည်ရပြီ။

ပဲပင်ပေါက်ကို ရေနွေးနဲ့ ဆေးတယ်။ ဆန်ပြားကို ပြုတ်၊ ရေစစ်ပြီး ပန်းကန်ထဲထည့်၊ အပေါ်ကနေ ပုစွန်၊ ပဲပင်ပေါက်ထည့်ပြီး ဟင်းရည်လောင်း၊ သံပုရာရည်လေးညှစ်ပြီး နံနံပင်ထည့်ပြီးရင် စားလို့ရပါပြီ။


ဆိုင်မှာတော့ နံနံပင်အပြင် ကြက်သွန်မြိတ်လည်း ထည့်ထားတယ်။ တချို့ဆိုင်ကျ မှိုနဲ့ အသားတောက်တောက်စဉ်း နည်းနည်းပါတာ တွေ့တယ်။ ဒါက ကိုယ်ထည့်ချင်သလို ချဲ့ပြီး ထည့်နိုင်ပါတယ်။ တုံယမ်းဆန်ပြားပြုတ်က ပူတုန်းစားလေ ပိုကောင်းလေပါ။ ပူပူစပ်စပ်ချဉ်ချဉ်မို့ အေးတဲ့အချိန်စားရင် ပိုကောင်းသလိုဘဲ။ စားရင်း ချွေးတွေရော နှပ်တွေပါ ထွက်လာတာ အမှန်။ တုံယမ်းဆန်ပြားပြုတ်က ခပ်လွယ်လွယ်ပြောရင်တော့ ယိုးဒယား အာပူရှာပူပေါ့။ ဒီမှာ ချက်ရောင်းတာနဲ့ ယိုးဒယားမှာ ချက်ရောင်းတာက ပါတာတွေ ကွာချင်ကွာနိုင်ပါတယ်။ ဒီမှာ စားဖူးတဲ့အတိုင်း ရေးထားတာပါ။ အသားပြား၊ ကြက်ဥပြုတ်၊ ရှောက်ရွက် စသဖြင့် ကိုယ်ကြိုက်သလို နှစ်သက်ရာ ထပ်ထည့်လို့လည်းရပါတယ်။

Read More...

Thursday, March 19, 2009

ဟိုဟိုဒီဒီ


ဘလော့မရေးဖြစ်တာတောင် ကြာသွားပြီ။ မျက်စေ့ပါဝါတက်တာရယ် ရာသီဥတုက ရုတ်တရက် အေးလိုက်ပူလိုက်မို့ နေမကောင်းတာရယ်နဲ့ ဘလော့ကို လျှော့ထားရတယ်။ အဲဒါနဲ့ မျက်စေ့ကို အနားပေးထားလားဆိုတော့ ဟုတ်ဘူး၊ ညဥ့်နက်အထိ TVကြည့်ကြည့်နေတာ။ အိပ်ရေးမဝတာပါပေါင်းပြီး မူးနောက်နောက် ထပ်ဖြစ်တော့တာဘဲ။ ဘလော့က မရေးတာကြာတော့ ပြန်ရေးမယ်လုပ်တိုင်း ဘာက စရေးရမှန်း မသိတော့ဘူး။ ယောင်းမ ရောက်နေတုန်းတော့ ပိတ်ရက်တွေမှာ တခုခုလုပ်စားဖြစ်တာများတယ်။ အရင်ကတော့ အတော်စိတ်ပူတာ။ တသက်နဲ့တကိုယ် အိမ်ကြီးရှင်ကလွဲပြီး ဘယ်သူ့ကိုမှ ချက်ပြုတ်မကျွေးဖူးဘူး။ သူကလည်း ကိုယ်ချက်သမျှ ကောင်းကောင်း/မကောင်းကောင်း စားတာလေ။ ပြီးတော့ ဒီမှာ အိမ်ကိုလာလည်ဖူးသူ မရှိသေးဘူး။ စစပိုင်းတော့ သုံးယောက်စာ ဘယ်လောက်ချက်ရမယ် မမှန်းတတ်ဘူး။ ၂ ရက်လောက်နေတော့ မှန်းလို့ရသွားတယ်။

ယောင်းမရောက်နေတုန်း ၂ပတ်လောက်ကလည်း မိုးရွာရွာနေပြီး ရာသီဥတု မသာယာတာနဲ့ ဘယ်မှလည်း မထွက်ဖြစ်ပါဘူး။ နောက် မဝါဝါဆီက sms ရောက်လာတယ်။ မလုလုရောက်နေလို့ အဆင်ပြေရင် တွေ့ချင်တယ်ဆိုတယ်။ မလုလုက Schedule ကို မေးလ်က ပို့လိုက်တာ ကိုယ့်ဘာသာ နေ့မှားဖတ်ပြီး တိုကျိုမှာ မရှိတော့ဘူးမှတ်နေတာ။ နောက်မှ အွန်လိုင်းမှာ တွေ့ပြီးမေးတော့မှ မသွားရသေးဘူးဆိုတာနဲ့ မဝါကို လှမ်းဆက်သွယ်ရတယ်။ မိုးလေဝသ ခန့်မှန်းချက်လေးကြည့်ပြီး နေသာမယ်ဆိုတာနဲ့ မဝါနဲ့ ချိန်းပြီး မလုလုတည်းတဲ့ဆီ သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ဘာသာ တယောက်ထဲဆို ရထားမစီးရဲလို့ သွားဖြစ်မှာမဟုတ်ဘူး။ ခုတော့ ယောင်းမလည်းရှိတော့ အဖော်ရတာမို့ပါ။ လမ်းမှားလည်း ၂ယောက်ဆိုတော့ သိပ်မကြောက်ပါဘူး။ မကြောက်ဘူးသာပြောတယ် ညဘက်မှာ google maps ကနေ လမ်းကြောင်းကို ကြည့်တာလည်း အခါခါ street view နဲ့ ထွက်ပေါက်ကနေ လမ်းလျှောက်ကြည့်ပြီး သွားမယ့်နေရာမှာ တွေ့နိုင်တာတွေကို အလွတ်ရအောင်မှတ်ရတယ်။ ချောချောချူချူ ရောက်သွားလို့ တော်သေးတယ်။

မလုလုကလည်း စားစရာတွေ ပေးလိုက်တာ အများကြီးရယ်။ အားနာလိုက်တာ။ ကျေးဂျူးလည်း အများကြီးတင်ပါတယ်။ ငါးပိထောင်း မော်လမြိုင်အထောင်းက စပ်စပ်လေးနဲ့ အရမ်းစားလို့ကောင်းတယ်။ ဓာတ်ပုံရိုက်ထားမယ်ဆိုတာ မရိုက်ဖြစ်သေးဘူး။ မုန့်ဟင်းခါးထုပ်ကတော့ အိမ်ကပို့ထားတာ အရင်စားရမယ်။ နောက်မှ မလုလုပေးတာ ချက်စားမယ်။ ပင်ပွါးစေ့နဲ့ ကျောက်ကျောမှုန့်ထုပ်လည်းပါတယ်။ အိမ်မှာ ယိုးဒယားဆိုင်က ဝယ်ထားတဲ့ အုန်းသီးဖျော်ရည်လည်းရှိတာမို့ ကျောက်ကျောကျိုကြည့်မယ် စိတ်ကူးလိုက်တယ်။ အဖြစ်မရှိပုံများ ရေဘယ်လောက် သကြားဘယ်လောက်ထည့်ရမယ်က မသိ။ အညွှန်းမှာ ကျပ်သားနဲ့ အလေးချိန်ရှိပေမယ့် ကျပ်သားအလေးချိန်က သိဘူးလေ။ လူလည်းနည်းတော့ အမှုန့်ကို တဝက်ဘဲ ကျိုမယ် စိတ်ကူးပြီး မှန်းသမ်းထည့်လိုက်တယ်။ ယောင်းမနဲ့ ၂ယောက်သား ဒီလောက်ဆိုရပြီလားမသိနဲ့ ကျိုရင်းကျိုရင်း နောက်တော့ ဖြစ်သွားသားပါဘဲ။


နို့စတော်ဘယ်ရီဖျော်ရည်ဗူးလည်း ရှိနေတော့ ကျောက်ကျောလေးတွေ မျှင်မျှင်ဖြစ်အောင်လှီးပြီး အအေးလုပ်သောက်လိုက်သေးတယ်။


အဲဒီနေ့က တုံယမ်းဆံပြားပြုတ် စမ်းလုပ်ဖြစ်တယ်။ အရမ်းကြိုက်လို့ ယိုးဒယားဆိုင်ရောက်တိုင်း စားနေကြပါ။ အရင်က တခါ စမ်းလုပ်ဖူးတယ် သိပ်မအောင်မြင်ဘူး။ ဒီတခါ ဆံပြားရော စပါးလင်ပါ သေချာဝယ်ထားတာမို့ ထပ်ကြိုးစားကြည့်တာ။ ဆိုင်မှာစားရတာနဲ့ တူတာမို့ ကိုယ့်ဘာသာတော့ ကျေနပ်သွားတယ်။


ယောင်းမကို အတန်းလည်းအတူခေါ်သွားတာမို့ သူပြန်ခါနီးမှာ senseiက တိုကျိုကိုလာရတာ ဘာကကောင်းတယ်ထင်လဲလို့မေးတော့ ကျမချက်တဲ့ မြန်မာဟင်းတွေစားရတာ ကောင်းတယ်ဆိုလို့ စိတ်ထဲက ဟဲ့ ပလုတ်တုတ်လို့ ဖြစ်သွားရတယ်။ ဘာမှ အကြီးတကျယ်မချက်မိတာ အမှန်ပါ။ ပြန်ခါနီး ဟင်းချက်နည်းတွေ ရေးမှတ်မယ်ဆိုတော့ ဘာချက်ကျွေးမိမှန်း မမှတ်မိလို့ ထမင်းဘူးတွေကို ပြေးကြည့်ရတယ်။ တချို့ရက်တွေမှာ ရိုက်ထားတဲ့ပုံတွေ save မဖြစ်သွားလို့ မတင်ရတာတွေလည်းရှိတယ်။ ဘာတွေချက်ဖြစ်လည်းဆို ပိတ်ရက်တွေမှာ ကြာဇံချက်၊ တုံယမ်းဆံပြားပြုတ်၊ ကော်ရည်ခေါက်ဆွဲ၊ ကြေးအိုးပြုတ်၊ အုန်းနို့ခေါက်ဆွဲ စတာတွေပါ။ မုန့်ဟင်းခါးချက်စားဖို့တော့ မမှီလိုက်ဘူး။ ဒါနဲ့ ကြားရက်တရက်မှာတော့ စမူဆာ ကြော်စားဖြစ်လိုက်တယ်။ ကြက်ဆီထမင်းလည်း လုပ်စားဖြစ်တယ်။ ပြောရမယ်ဆိုရင် ဘလော့က ပျောက်နေတာ မီးဖိုချောင်ဝင်နေတာ များတာလည်းပါတယ်လို့ ဆင်ခြေတက်ချင်တာပါ။

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP