Tuesday, October 28, 2008

ငတက်ပြား


(နှစ်)

"ဆရာမုန်းရေ့။ ဆရာ့ တတိယတန်းက ငတက်ပြားကလေးကို ကြပ်ကြပ် ဂရုစိုက်နော်။ လူသာငယ်ပေမယ့် သူခိုး အကြီးစားကလေးပဲ၊ ဘယ်လောက်ရိုက်ရိုက် ဖြုံတာမဟုတ်တော့ ခက်နေတယ်။ အဲ ဆရာပြုပြင်လို့မှ မရဘူး မထိန်းနိုင်ဘူးဆိုရင်တော့ ကျွန်မကိုသာပြော ကျောင်းထုတ်ပြစ်လိုက်တာပေါ့။ တနေ့ဉာဉ်ပြောင်းနိုးနဲ့ စောင့်နေခဲ့တာကြာပြီ"

ဆရာမကြီး ဒေါ်ဆင့်က လှိုင်ဝင်းနှင့်ပတ်သက်၍ သတိပေးလေသည်။ ကျောင်းခေါ်စာရင်း ထဲမှာသာ လှိုင်ဝင်း၊ အပြင်မှာမူ ဆရာမကြီးကအစ ကျောင်းသားအားလုံးက ငတက်ပြားဟု ခေါ်ကြသည်။ လှိုင်ဝင်းကလည်း ငတက်ပြားဟု ခေါ်သည်ကို ရှက်ရမှန်းမသိ လက်ခံလေသည်။

"ဆရာမုန်း လှိုင်ဝင်းကို မညှာနဲ့နော်။ မျိုးနဲ့ ရိုးနဲ့ လာတဲ့ သူခိုး အကြီးစားကလေးဗျ၊ တရွာလုံးက ငတက်ပြားလို့ ခေါ်ကြတယ်။ အဲတာ သူ့ဘိုးအေက သူခိုးဇာတ်ကနေ ပြောင်းပေးဖို့ ကျုပ်ကို အပ်ထားတာ၊ မကောင်းကျောင်းပို့ ဆိုတာမျိုးပေါ့။ အဲကျုပ်ကလဲ ဆရာမုန်းဆီ ထပ်အပ် ပါရစေ။ ခိုးတာနဲ့ ပတ်သက်လာရင် တော့ ဆော်သာဆော်ဗျ"

ဆရာတော် ဦးဥက္ကံသကလည်း ကျောင်းသားကို ဆရာမုန်းထံလွဲအပ်ယင်း ကြိုတင်သတိပေးတော်မူ၏။ သူတို့သတိပေးကြသည့်အတိုင်းပင် ဆရာမုန်းသည် လှိုင်ဝင်းကို စောင့်ကြည့်လာခဲ့သည်။ ရက်များမကြာမီပင် ဇာတိပြလာတော့၏။ သူရှေ့မှာ ထိုင်သူ မိသိန်း၏ ဆွဲကြိုးကို နောက်မှနေ၍ ခဲတံချွန်စက်ဓားကလေးဖြင့် ဖြတ်ခိုးခြင်းဖြစ်သည်။ ဆွဲကျိုးမရှိမှ မိသိန်းသိသည်။ ထိုအခါကျမှ ပစ္စည်းပျောက်ကြောင်းကို ဆရာမုန်းထံလာတိုင်သည်။ တတန်းလုံး ပိုက်စိတ်တိုက်၍ ရှာသော်လည်းမတွေ့ ပတ်ဝန်းကျင်မှာလည်း လုံးဝရှာမရ နောက်ဆုံးလက်ရှော့ရမည့် ဆဲဆဲတွင် သူငယ်တန်းမှ ကလေး တယောက်နှင့် ဒုတိယတန်း မိန်းကလေး တစ်ယောက်တို့က လှိုင်ဝင်းဆွဲကြိုးဖြတ်နေသည်ကို မြင်မိကြောင်း လာတိုင်ကြသည်။ ထိုအခါကျမှ လှိုင်ဝင်းကိုမဲ၍ စစ်ဆေးရတော့သည်။ လှိုင်ဝင်းသည် သူ့အင်္ကျီအောက်ခြေအနားပတ်ထဲမှ ဆွဲကြိုးကို ထုတ်ပေးလေသည်။

ဆရာမုန်းသည် ဒေါသဖြစ်ဖြစ်နှင့် ကြိမ်လုံးဖြင့် ငါးချက်တိတိ ရိုက်နှက် ဆုံးမမိလေသည်။ ဆယ်နှစ်သားလှိုင်ဝင်းသည် မငြီးမညူ မျက်ရည်မကျ မငို ရှောင်တိမ်းတွန့်လိမ်ခြင်းမရှိ ဣနြေ္ဒမပျက်၊ အံကြိတ်၍ အံနေသည်။

ဆရာမုန်း နားလည်လိုက်ပါပြီ။ လှိုင်ဝင်းသည် ရိုက်နှက်ဆုံးမခြင်း၊ ဆူပူကြိမ်းမောင်းခြင်း ခံရရုံဖြင့် သူ၏ဉာဉ်ဆိုးကို ဖျောက်လိမ့်မည်မဟုတ်ချေ။ ဆရာမကြီးက ကျောင်းထုတ်သင့်ပြီဟု ပြောလာ၏ ။

ဆရာမုန်းနှမြောသည်။ သူကို ကျောင်းထုတ်ပစ်လိုက်လျှင် ကျောင်းမှာက သူနှင့် ဆိုင်ရာ ပြဿနာ အေးသွားပေလိမ့်မသည်။ သို့သော် လှိုင်ဝင်း၏ ဘဝသည် ရေစုံမြောပေတော့မည်။ ရွာထဲ၌ လှိုင်ဝင်းကို မည်သူ ဆုံးမ ပြုပြင် ပါအံ့နည်း၊ ဆရာတော်လို၊ ဆရာမကြီးလို၊ မိမိလို၊ မည်သူမျှ ဂရုတစိုက် ဆုံးမလိမ့်မည် မဟုတ်ချေ။ ထိုအခါ လှိုင်ဝင်းမှာ ငတက်ပြားကြီးအစစ် ဖြစ်သွားတော့မည်မှာ ၉ဝ ရာခိုင်နှုန်းသေချာလေသည်။

ဆရာမုန်းသည် ရလိုရခြား အချိန်ယူ စမ်းသပ် ပြုပြင် ကြည့်လိုသေး၏။

"ကျနော် ကြိုးစားပြုပြင်ကြည့်ပါဦးမယ် မမဆင့်"

.................................................................
(ဒီနေရာမှာ စာရွက်တစ်ရွက် ပြဲနေပါတယ်။ ဒါကြောင့် ဖတ်ဖူးတာရယ်၊ ဖြစ်နိုင်ခြေရှိတာအရ စဉ်းစားကြည့်တာအရ_____ လှိုင်ဝင်းကို သူခိုးဘဝကနေ လွတ်အောင် ကြိုးစားဖို့အတွက် ဆရာမုန်းက လှိုင်ဝင်းရဲ့အုပ်ထိမ်းသူ သူ့အဘကို သွားတွေ့ပြောဆိုရာက အဘက သူလည်းအခု နောင်တရနေတဲ့ အကြောင်းနဲ့ သူခိုးဘဝက ကျွတ်ခဲ့ပုံကို နောက်ကြောင်းပြန် ပြောပြပါတယ်။ သူလည်း အရင်က အမြဲတမ်း ခိုးဆိုးနေခဲ့ပါတယ်။ တရက်မှာ မူးမူးနဲ့ အိမ်တအိမ်ကို ဝင်ခိုးပါတယ်။ အဲဒီအိမ်မှာ သတ်ရဲဖြတ်ရဲ ခပ်မိုက်မိုက်ဆိုးဆိုး သားယောက်ျားလေးတွေရှိပါတယ်။ လှိုင်ဝင်းအဘက ဝင်ခိုးရင်း အမူးလွန်ပြီးအိပ်ပျော်သွားပါတယ်။ အဲဒီအချိန်မှာ အိမ်ရှင်အဘိုးကြီးနိုးလာပြီး လှိုင်ဝင်းအဘကို မြင်သွားပါတယ်။)


ဆရာမုန်းလည်း အဘ၏ စကားမှာ မျောပါနေမိတော့သည်။ လျှို့ဝှက်သဲဖို ဝတ္ထုတပုဒ်ကို ဖတ်ရသည်နှယ့်ပင်တည်း။

"အဘိုးကြီးက တိုးတိုးကလေးပြောတယ်။ ထ............ ထ........... ထ.......... တဲ့"

"ခင်ဗျာ"

"ငါ့သားတွေနိုးရင် မင်းသေတော့မှာပဲတဲ့။ မင်း အပြင်ကိုရောက်ဖိုသင့်နေပြီတဲ့။ ကျုပ်လဲ မထနိုင်တော့ဘူးဗျာလို့ ပြောတော့ အဘိုးကြီးကိုယ်တိုင်ပဲ တွဲထူပြီး ခြံစည်းရိုးအပြင်ကို ပို့ပေးခဲ့တယ်"

"ဟောဗျား"

ဆရာမုန်း အထူးအံ့အားသင့်မိလေသည်။ တခါတရံ၌ တကယ့်ဖြစ်ရပ်များသည် စိတ်ကူးယင် ဝတ္ထုဇာတ်လမ်းများထက် ပိုမို ဆန်းကြယ်တတ်သည်ဟု ဆိုကြသည်။
အိမ်ရှင်အဘိုးကြီး၏ သနားဂရုနာစိတ်သည် မယုံကြည်နိုင်စရာ ဖြစ်နေတော့၏။

"ကျုပ်လဲ အဲဒီအခါကျမှ နောင်တရတော့တယ်။ ဪ ငါကသာ သူတကာတွေ အကျိုးမဲ့ အောင် ဖန်တီးနေတယ်။ ခံရသူတွေထဲမှတောင် ငါ့အပေါ် သနားဂရုနာ ရှိကြပါသေးလားလို့ တွေးမိတယ်။ သူတို့သာ သတ်ရင် ငါသေပြီ။ သူခိုးဇာတ်သိမ်းသွားပြီ။ ခုငါဘဝသစ်ကို ပြန်စတော့ မယ်လို့ အကျွတ်တရား ရတော့ တာပဲ ဆရာရယ်။ ဒါပေမယ့် ကျုပ်နောင်တရတော့ ကျုပ်မြေးကောင်းကောင်းကြီး ခိုးတတ်နေပြီ။ တစ်ချိန်က ဆုံးမကွပ်ညှပ်ရမယ့် အစား အားပေးအားမြောက် ပြုခဲ့တာကိုး။ သူတပါးက သူခိုးလို့ ယိုးစွပ်လာချိန်မှာ ကျုပ်က ကာဆီးကာဆီးနဲ့ အကာအကွယ်ပေးခဲ့မိတာကိုး။ ပြင်မရတော့ ပါဘူး ဆရာရယ်။ အနာအကျင် ရိုက်နှက်ဆုံးမပြီးမှ မြေးကွယ်ရာမှာ မျက်ရည်ကျခဲ့ရတဲ့ အကြိမ်လဲ မနည်းပါဘူး။ ငါရိုက်တာက မြေးသံယောဇဉ်နဲ့ ညှာနေမိမလားလို့ တွေးမိတယ်။ နောက်ဆုံးတော့ အရိုက်ကြမ်းတဲ့ ဦးဇင်းဆီအပ်ပြီး စာပါသင်ခိုင်းရတော့တယ်။ ကျုပ်မြေးကလေးကို ဆုံးမပြုပြင်ပေးပါနော် ဆရာ။ ကြီးဝင် သူခိုးမဖြစ်စေချင်လို့ပါ ဆရာရယ်"

လှိုင်ဝင်းအား မည်သို့ဆုံးမ ပဲ့ပြင်ရမည်ကို သိသလိုလိုက ရှိလာသည်။ သို့သော် ဆရာမုန်း၏ အသိမှာ မရှင်းလင်းလှချေ။

"အဘမြေးက ရိုက်နှက် ဆုံးမလို့ မရလောက်ဘူးဗျ။"

"ဗျာ ဒါဖြင့် ဘယ်လိုဆုံးမရမလဲ"

"ကျနော် အဲတာကို စဉ်းစားနေတာပဲ အဘ။ လှိုင်ဝင်းကို အဘလဲ ရိုက်နှက်ဆုံးမခဲ့ပြီ။ ဦးဇင်းလဲ မညှာဘူး။ ကျွန်တော် လဲရိုက်ဖူးပြီ။ ဒီကောင်က သတ္တိမခေဘူးဗျ။ နွားကန်မနာ တဲ့ နွားလို ဖြစ်နေပြီ။ တခြား တနည်း တလမ်းတော့ ရှာမှဖြစ်မယ်။"

"အေးပါဗျာ။ ဘယ်လိုဆုံးမ ဆုံးမ ကျုပ်မြေးကလေး သူခိုးမဖြစ်ယင် ကျေနပ်ပါပြီ။ သူ့ဘဝကို ဆရာ့ဆီမှာပဲ ပုံအပ်ပါတယ်။"


XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

ဤပို့စ်အား ရိုက်ပေးသောသူ့အား ကျေးဇူးတင်ပါသည်။

Read More...

Monday, October 13, 2008

ငတက်ပြား


(တစ်)

နေ့လည် ကျောင်းတက်ချိန်တွင် ဖြစ်လေသည်။ ဆရာမုန်းသည် စတုတ္ထတန်း၌ သင်္ချာ သင်ကြားနေစဉ် တတိယတန်းကျောင်းသားများအား မြန်မာဖတ်စာကို ဖတ်နေစေသည်။ စတုတ္ထတန်းသင်္ချာချိန် ပြီးသောအခမြန်မာပြည်မြစ်များပြ မြေပုံကို ဆွဲခိုင်းခဲ့ကာ တတိယတန်းဘက်သို့ကူးခဲ့လေသည်။

အချိန်ကလည်း နေ့လည်ချိန်။ ထမင်းစားပြီးဗိုက်တင်းနေစဉ် ဖတ်စာကို မိနစ် ၂၀ခန့် ဆက်တိုက် ဖတ်လာခဲ့ကြရသဖြင့် အိပ်ချင်နေကြပေပြီ။ ငိုက်မျဉ်းနေကြပေပြီ။ ဆရာကို ကြောက်ရွံ့၍သာ မျက်လုံးကို အတင်းဖြဲကာ ဖတ်နေကြရရှာသည်။

သည်အတိုင်းဆက်လက်၍ ဖတ်စာ၏ အဓိပ္ပာယ်ကို ရှင်းလင်းပြောပြ သင်ကြားလိုက်လျှင် သူတို့ စိတ်ဝင်စား ကြလိမ့်မည်မဟုတ်။ ခံယူနိုင်စွမ်းလည်း ရှိကြလိမ့်မည် မဟုတ်ချေ။ သူတို့ အိပ်ချင်ပြေသွားအောင်၊ ဖျက်လက်သွက်လက်ရွှင်မြူးသွားအောင် တနည်းနည်းဖြင့် ဆောင်ရွက်မှ သင့်ပေလိမ့်မည်။

"အားလုံး မတ်တပ်ရပ်"

ပျင်းရိဖင့်နွှဲစွာဖြင့် ထကြသည်။ တချို့မှာ မတ်တတ်ရပ်ခါမှ ပုဆိုး ထဘီကို ပြင်ဝတ်နေကြ၏။

"အားလုံးထိုင်"

ပြန်ထိုင်ကြသည်။ ကျောင်းသားအားလုံးက ငတတ်ပြားဟု ခေါ်ခြင်းခံရသူ လှိုင်ဝင်းတယောက်သာ ထိုင်သည်ဟုလည်းမဆိုနိုင်၊ ထသည်ဟုလည်း မပြောသာ။ ကုန်းကုန်းကွကွကြီး လုပ်နေတော့သည်။ ရှိစေတော့ ဆရာမုန်းမမြင်ဟန်ဆောင်လိုက်ရသည်။

"အားလုံးထ"
"ထိုင်"
"ထ"
"ထိုင်"

အမြန်ဆိုပေးလိုက်သည်တွင် သူတို့တတွေ သွေးနွေးလာဟန်ရှိသည်။ သွက်လက် ဖျက်လတ်လာကြသည်။

"ထ"
"ထ"

ဝါးကနဲဖြစ်သွားကြ၏။ ထိုင်၊ ထ၊ တလှည့်စီဆိုပေးရာမှ၊ 'ထ' ကိုနှစ်ခါပြန်ဆိုလိုက်သည်တွင် အားလုံးလိုလို အမှားမှား အယွင်းယွင်း ဖြစ်ကုန်ကြတော့သည်။ ထဟုဆိုပါလျက် ယောင်ထိုင်ကြလေသည်။ ထိုင်ပြီးမှ မှားမှန်းသိကာ ပြန်မတ်တတ်ရပ်ကြသည်။ ရယ်လိုက်ရသဖြင့် သူတို့ထံမှ အိပ်ချင်စိတ်များ ထွက်ပြေးသွားလေပြီ။

"ထိုင်"
"ထ"
"ထိုင်"
"ထ"

တဝက်လောက်က မှားယွင်း၍ ထိုင်နေရာမှ မတ်တတ်ထရပ်လေရာ တဟားဟားနှင့် ရယ်မောရွှင်ပြကြရသည်။ လှိုင်ဝင်း တယောက်သည်ကား ထိုင် ထ ခိုင်းသည့် တချိန်လုံး ထလည်းမထ၊ ထိုင်လည်းမထိုင်၊ ခါးကိုနွဲ့ကာ ကုန်းကွကွကြီး လုပ်နေပေသည်။ ဆရာကို မလေးစား သက်သက် အကြောင်ရိုက်နေသည်လော။

"မောင်လှိုင်ဝင်း ဆရာ့ဆီလာစမ်း"

လှိုင်ဝင်းသည် ဆရာမုန်း၏ စားပွဲရှေ့တွင် လက်ပိုက် မတ်တတ်ရပ်လာ၏။

"မင်းအပြစ်ကို မင်းသိရဲ့လား မောင်လှိုင်ဝင်း"
"သိပါတယ် ခင်ဗျ"
"ဘာအပြစ်လဲကွာ"
"ဆရာက ထိုင်ထခိုင်းတဲ့အခါ လိုက်မလုပ်တာ ကျွန်တော့် အပြစ်ပါ"
"အပြစ်မှန်းသိပါလျက်နဲ့ ဘာလို့ မောင်လှိုင်ဝင်းက လိုက်မလုပ်တာလဲ"
"မထိုင်နိုင်လို့ပါ ခင်ဗျ"
"ဟေ....ဘယ်လိုကွ"

"ကျွန်တော့်တင်ပါးမှာ ဦးဇင်း ရိုက်ထားလို့ ယောင်ကိုင်း ပေါက်ပြဲနေပါတယ်ဆရာ၊ ထိုင်၊ ထလုပ်လိုက်ရင် ပုဆိုးနဲ့ငြိထိပြီး ဆက်ဆက်ခါနာလွန်းလို့ လိုက်မလုပ်နိုင်တာ ခွင့်ပြုပါဆရာ"

လှိုင်ဝင်းမှာ သတ္တိကောင်းသလောက် သွက်လက်ချက်ချာကြောင်း ဆရာမုန်း အကဲခတ်လိုက်မိသည်။

"ဦးဇင်းက မောင်လှိုင်ဝင်းကို ဘာကြောင့် ဒီလောက်ရိုက်ရတာလဲ"

"ဆွမ်းသွတ် ပရိတ်နာကရတဲ့ ဆန်ထဲက ဆန်သုံးပြည်ကို ခိုးရောင်းမိလို့ပါ ခင်ဗျ"

"ဟိုက်"

ဆရာမုန်း မည့်သို့ ဆက်မေးရမည်မသိ ဖြစ်သွားမိသည်။ လှိုင်ဝင်းအဖြေက ရှင်းနေတော့၏။

"ဆရာ ခဏခဏ ပြောနေသားပဲ မောင်လှိုင်ဝင်းရယ်။ ကိုယ့်ပစ္စည်းပျောက်တာကို မကြိုက်သလို သူတကာလဲ သူ့ပစ္စည်းကို ဘယ်မှာ ဆုံးရှုံးခံချင်ပါ့မလဲ။ ကလေးဘဝမှာ ဆရာမိဘရဲ့ ရိုက်နှက်ဆုံးမခြင်းခံရမယ်။ သူခိုးကြီးဘဝမှာ ခိုးတုန်းမိယင် ထောင်ချခံရမယ်။ မင်းမကြောက်ဘူးလား"

"ကြောက်ပါတယ် ဆရာ"

"ကြောက်ယင် နောင် မခိုးနဲ့ပေါ့"

"ဟုတ်ကဲ့ပါ ဆရာ"

"ခု ဆန်သုံးပြည် ခိုးရောင်းတာက ဘာသုံးဖို့လဲ"

"ဆွမ်းခံသွားယင်း ကိုရင်နီခြံထဲက ရွှေဝါအုန်းသီးတလုံး တက်ဖြုတ်လာပြီး ခွဲစားတာ ပေါ်တာနဲ့ သုံးကျပ်လျော်ဖို့ပါ ဆရာ"

"ဟောဗျား"

လှိုင်ဝင်းအဖြစ်က ထူးထွေတည့်အံ့ရာသော် ဖြစ်နေလေပြီ။ ခိုးမှုသံသရာ လည်နေတော့၏။ ခိုးမှုကို ခိုးမှုဖြင့်ပင် ထပ်မံဖြေရှင်း လေသည်တကား။

"နောင် မခိုးနဲ့ နော်"

လှိုင်ဝင်း၏ ခိုးချင်စိတ်အား မည်သည့်နည်းနှင့် ဖျောက်ပစ်ရမည်ကို ရုတ်တရက် စဉ်းစားမရသဖြင့် အလွယ်ဆုံးဖြစ်သော ဩဝါဒ ပေးနည်းစနစ်ကို သုံးလိုက်ရ၏။ ထိရောက်မည်ကား မထင်ပေ။

"ခု မင်း မထိုင်နိုင်ဘူးပေါ့"

"ဟုတ်ပါတယ် ဆရာ"

"ပြစမ်း မင်းဒဏ်ရာကို"

နည်းနည်းနောနော ဒဏ်ရာမဟုတ်ပေ။ တင်ပါးမှ ပေါင်တိုင်အောင် ကြိမ်ရာ အရှိုးချင်း ထပ်နေတော့၏။ မြင်မကောင်းအောင် ယောင်ကိုင်းနေပေသည်။ အချို့နေရာများ၌ အရေပြားစုတ်၍ သွေးစို့နေသေးသည်။

ဤမျှ အရိုက်ခံထားရပါလျက် ရှုံခြင်း၊ မဲခြင်း၊ စုတ်သပ်ခြင်း မရှိ။ လှိုင်ဝင်းသည် ပကတိမျက်နှာနှင့် စာသင်ခန်းမှာ နေနိုင်ပေသည်။ ဆုံးမ၍ မနာတတ်ခြင်းကို စိတ်ပျက်ဖွယ်ကောင်းသော်လည်း ဤကဲ့သို့သော သတ္တိမျိုးကို အကျိုးပြုလုပ်ငန်းတို့၌ စနစ်တကျ အသုံးပြုနိုင်ပါလျှင် မည်မျှ ကောင်းလိုက်ပါမည်နည်းဟု ဆရာမုန်း စဉ်းစားမိသည်။

ဆရာမုန်းသည် လှိုင်ဝင်း၏ ဒဏ်ရာများကို ဆေးလိမ်းပေးကာ ယနေ့ အတွက်
အနားပေးထားလိုက်ရသည်။

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

ဤပို့စ်အား ရိုက်ပေးသောသူ့အား ကျေးဇူးတင်ပါသည်။

Read More...

Thursday, October 9, 2008

မုန့်ဆီကြော်လေးများ


မုန့်ဆီကြော် ကြော်နည်းပြောဖို့ မဟုတ်ပါဘူး။ မရှိသေးတဲ့ မုန့်ဆီကြော်ကို နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားတွေးနေမိတာပါ။ မသုနှင်းဆီစီမှာ ဘေဘီဆိုတဲ့ ပို့စ်လေးဖတ်ပြီး အမပြောတာ ဟုတ်တယ်လို့ ကိုယ့်ဘာသာ ခေါင်းတငြိမ့်ငြိမ့်နဲ့ ထောက်ခံနေတာ။ ရည်းစားဘဝတုန်းကလဲ ဘယ်တော့ယူကြမှာလဲ မယူကြသေးဘူးလားနဲ့ ခနခန မေးခံရတယ်။ ဪ ဒွတ်ခ ဒွတ်ခ။ ကိုယ့်အကြောင်းနဲ့ ကိုယ်ကို။ ယူပြီးတော့ရော မေးခွန်းတွေ ရပ်မသွားပြန်ဘူး။ ကလေးမယူကြသေးဘူးလားတဲ့။ တစ်ယောက်မွေးပြီးရင်ကော နောက်ထပ်မမွေးဘူးလားလို့ ထပ်မေးကြမယ်ထင်ရဲ့။

ကလေးဆိုတာ အိမ်ထောင်ရဲ့ နှောင်ကြိုးလေးပါဘဲ။ ဒါပေမယ့် ကလေးရှိတိုင်း သာယာမယ်လို့တော့ တထစ်ချ မပြောနိုင်ပါဘူး။ ကလေးမရဘဲ သေတပန်သက်တဆုံး ချစ်ချစ်ခင်ခင် ပေါင်းသင်းသွားကြတာ ရှိတာဘဲ။ ကလေးတွေအများကြီးရှိရက်နဲ့ ဖောက်ပြားသူတွေလဲရှိတာပါဘဲ။ အရင်က ကလေးယူ/မယူကို အဲလောက်ထိလဲ မတွေးမိခဲ့ပါဘူး။ မတွေးသေးတာဆို ပိုမှန်မယ်။ ဒီမှာ တရုတ်သူငယ်ချင်းတွေကလဲ အိမ်ထောင်သည်တွေ ကိုယ်နဲ့ အသက်မတိန်းမယိန်းတွေမို့ စိတ်ကူးရရင် သူတို့ကိုလဲ မေးကြည့်တယ်။ သူတို့ကတော့ ကလေးယူဖို့ ငယ်သေးတယ်တဲ့။ ဟုတ်မှာပေါ့လေ။ ဒီကအမြင်နဲ့ မြန်မာကအမြင်နဲ့က လုံးဝမှ မတူတာ။ မြန်မာမှာတော့ "သမီးကညာ အခါမလင့်စေနှင့်" တို့ "နှစ်ဆယ်ကျော် အစိတ်ပိုင်း အရွယ်တော် တဆိတ်ဟိုင်း" တို့စုံလို့ဘဲ။

ပြီးတော့ရှိသေးတယ်။ "အသက်အစိတ်မှ ပုခက်မချိတ်ရင် တသက်မနိပ်ဘူး" တဲ့။ ဒါဆို အသက်အစိတ်ကို နှစ်နှစ်ကျော်လာတဲ့ ကိုယ်တိုင်တော့ ပုခက်မချိတ်နိုင်သေးလို့ တသက်မနိပ်ရတော့မှာကျနေပြီ။ ကလေးဆိုတာကလဲ ကိုယ်နဲ့ ထိုက်ဦးမှ။ ဆေးခန်းမှာ လုပ်တုန်းက မြင်ဖူးတာဆိုရင် ပြည့်ပြည့်စုံစုံထားနိုင်တဲ့အိမ်ထောင်တွေမှာ ကလေးတော်တော်နဲ့ မရကြပြန်ဘူး။ ဆေးစစ်ရလိုက် ဆေးသောက်ရလိုက်နဲ့ စုံနေတာဘဲ။ ကျမတို့ groupထဲက အမကြီးလဲ အဲလိုဘဲ။ အသက် သုံးဆယ်ကျော်လာတဲ့အထိ ကလေးမရသေးတာမို့ စိတ်ပူပြီး ဆရာဝန် ပြနေရတယ်။ လင်မယားနှစ်ယောက်လုံး ဆေးစစ်တော့လဲ အားလုံးကောင်းတယ်၊ ဘာမှမဖြစ်ဘူးတဲ့။ ဒါပေမယ့် သူတို့ဘာကြောင့်မှန်းမသိ ကလေးမရကြဘူး။ ၂ခါ ၃ခါလောက်ပြပြီး အမကြီးလဲ စိတ်ညစ်ပြီး မပြချင်တော့ဘူး။ OGပြရတာကလဲ အရှက်ကုန်ဘဲကိုးလေ။

မတောင့်မတနေရမယ့် ဝမ်းထဲ မဝင်စားကြဘဲ ရေများရာ မိုးရွာနေတာလဲ အများကြီး။ မြို့စွန်မှာ ကျောင်းတက်လာတော့ ကျောင်းနားက ကျူးကျော်ရပ်ကွက်မှာဆို ကလေးတွေ ပလုံစီနေတာဘဲ။ နပ်မှန်အောင်လဲ စားကြရပုံ မပေါ်ပါဘူး။ ပညာရေးဆိုတာ ဝေးရော။ အမှိုက်ပုံတွေ တောင်းစားနေတာတွေ မြောင်းထဲတွေမှာ သူတို့လေးတွေကို မြင်ရရင် ဘာကိုစိတ်ဆိုးရမှန်းမသိ စိတ်ဆိုးတယ်။ အဓိကကတော့ သူတို့မိဘတွေကိုဘဲ။ သားသမီးဆိုတာ ရတနာဆိုပေမယ့်လည်း လူလူသူသူမထားနိုင်ဘဲ မွေးတာကို အပြစ်လို့သွားပြောရင် ကိုယ်ကဘဲ လွန်သွားမလား။ သားဆက်ခြားပညာပေး မကျယ်ပြန့်တာကိုဘဲ အပြစ်သွားပြောရမလား။ ဘယ်ကဘာကို ပြောရမှန်းတောင် မသိတော့ဘူး။ လူ့ဘဝကဝင်စားဖို့က နတ်ပြည်ကအပ်တစင်းနဲ့ လူ့ပြည်ကအပ်တစင်း ထိရဖို့ထက်ခက်တယ်ဆိုပေမယ့် သူတို့ကျ ထိ'ထိနိုင်လွန်းတယ်လို့ သူငယ်ချင်းက ပြောတယ်။ သူငယ်ချင်းအဖေကတော့ ပြောပါတယ်၊ အဲဒါကို ကြည့်ရင် လူတွေဘယ်လောက် ကုသိုလ်တရား နဲပါးလာလဲ သိရတယ်တဲ့။ ပြုဖူးတဲ့ ကုသိုလ် နည်းလာတော့ ကံကောင်းလို့ လူ့ဘဝရောက်လည်း မပြည့်မစုံနေရတဲ့နေရာကို ရောက်ရောတဲ့။ ဟုတ်မှာ။

ကိုယ့်ကလှည့်ကျရင် ဘယ်လိုလာမယ် မသိပါဘူး။ အရင်က ကလေးကိစ္စမတွေးမိပေမယ့် ဘလော့ဂင်းနေတော့ အားကျစရာလေးတွေ မြင်လာရတယ်။ ပထမဆုံး သတိထားမိတာ WeSheMeဘလော့ပါ။ အဲဒီမှာ ကလေးလေးတွေ ပုံအသစ်တင်တိုင်း သွားသွားချောင်းရတယ်။ နောက်တော့ တခြား ဘလော့တွေဆီမှာပါ ကလေးလေးတွေကို မြင်ပြီး သဘောတွေကျလို့။ ဟိုတလောက LittleMoonမှာ သားလေးပုံကို ကြည့်ပြီး အိမ်ကြီးရှင်ကတောင် သဘောတွေကျနေတယ်။ ကိုယ်နဲ့ မသိတဲ့ (မရင်းနှီးပေမယ့် အမြဲဖတ်နေတဲ့ ဘလော့တွေမှာ) ကလေးလေးတွေ မွေးလို့ ကလေးအကြောင်းတွေ ဓာတ်ပုံလေးတွေမြင်ရရင် ဘာကိုဝမ်းသာမှန်းမသိ ဝမ်းသာတယ်။ ဒီမနက် ကိုလူသစ်ရဲ့ ဘလော့မှာ သူ့သမီးလေးပုံတွေကြည့်ပြီး အသည်းယားလိုက်တာ။ ဘလော့ရေးစက လာအားပေးတဲ့ စင်ကာပူက အဘကလဲ ဟိုတလောက အဖေအဖြစ် ရာထူးတက်သွားပြီ။ (အသက်ကြီးလို့ အဘလို့ခေါ်တာမဟုတ်ပါဘူး၊ မမနွေလည်နဲ့ နှစ်ယောက်ပေါင်းပြီး နာမည်ဖျက်ထားတာ။ စိတ်မဆိုးဘူးဟုတ် ဘဘ"စင်")။ အဘရဲ့ ကလေးဓာတ်ပုံလေးကလဲ ဂျစ်ချာလေး၊ မိန့်မိန့်ကြီး ပြုံးပြီးအိပ်လို့။

ဪ မစားရ အညှော်ခံ။ ကိုယ်တိုင်မွေးပါလားဆိုတော့ အခြေအနေ မပေးသေးဘူးလို့ဘဲ ပြောရမှာဘဲ။ တိုင်းတပါးမှာ ကလေးမွေးရတာ လွယ်တာမှမဟုတ်တာ။ ကလေးမွေးတဲ့ကိစ္စက နဂိုကတည်းက လွယ်တာဟုတ်တဲ့အပြင် သူများတိုင်းပြည်မှာ မွေးရမှာ ကိုယ့်နိုင်ငံမှာ မွေးရတာလို အဆွေအမျိုး စောင့်ရှောက်မယ့်သူတွေကြား နေရမှာမှမဟုတ်တာလေ။ ပြီးတော့ သတ္တိမရှိသေးဘူးလို့လဲ ပြောရမယ်။ ကိုယ့်ကျန်းမာရေးက ချူနာပါနာရယ်။ ကိုယ်တိုင်ကတော့ စိတ်ပူတာပေါ့။ ကလေးလိုချင်ရင်ကော ရပါ့မလားပေါ့။ သူကတော့ ရရ/မရရ ကိစ္စမရှိဘူးတဲ့။ တညှိုးကြီးဘဲ။ ကျမကသာ အဓိကဆိုဘဲ။ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလားတောင် မသိတော့ဘူး။ ကလေးရရင်လည်း သမီးလေးသာ လိုချင်သတဲ့။
ဒီလောက် တသမီးထဲ သမီးနေတာ ဒါမျိုးလေး သုံးယောက် တပြိုင်ထဲဆို ဘယ်လိုနေမလဲမသိဘူး။ ကျမက အရင်က သမီးဆိုတဲ့ feelingမရှိပေမယ့် သူက သမီး သမီး လို့ဘဲပြောနေတော့ သမီးလေးရရင် ကောင်းမှာ။ မမနွေလည်ကတော့ အားပေးတယ်၊ tonari no Totoro ရုပ်ရှင်ထဲက meiလို သမီးလေး မွေးပါတဲ့။ ကောင်းသားများဘဲ။ မနက်-မနက် နှိုးရခက်တဲ့ သူ့အဖေကို ကိုယ်ပေါ်တက်ပြီး "အိုကိရိုးးးးးး"ဆိုပြီး အာဗြဲကြီးနဲ့ နှိုးခိုင်းရမယ်။ meiလို သမီးလေး ရတဲ့အချိန်မှာ သူ့အဖေလဲ တိုတို့ရိုလို ကိုယ်ခန္ဓာ ဖြစ်နေလောက်ပြီ။ :D


ကလေးသာ မရှိသေးတယ်။ ကျမက ဒီကလူနေမှုစရိုက်ကိုကြည့်ပြီး ချိုသဲကို ဘယ်မှာထားရပါ့ ဖြစ်နေရတယ်။ ဘာသာတရားအယူမရှိတဲ့သူတွေကြားမှာ ဖြစ်ပါ့မလားတို့၊ ပြီးရင် ဒီကကျောင်းတွေမှာ ခေတ်စားတဲ့ 'အီဂျီမဲ့'လို ဝိုင်းအနိုင်ကျင့်တာမျိုးတို့ ဖြစ်လေမလားတို့ အထက်တန်းအရွယ်လောက်တွေရဲ့ ရည်းစားသနာကားတွေ လွှင့်လွှင့်နေတော့ ငယ်ငယ်ရွယ်ရွယ် အတုမြင် အတတ်သင်ပြီး ဒန့်ကျွဲပင် ပုခက်ဆင်လေမလားတို့ အစုံတွေးပြီး စိတ်ပူနေတာလေ။ အဲဒါတွေတွေးလေ ခေါင်းခဲလေဘဲ။ ကိုယ့်အပူနဲ့ ကိုယ်ဟာကို သူငယ်ချင်းတွေက တမှောင့်။ ဟိုတလောက အွန်လိုင်းဝင်မိပါတယ်၊ ပျောက်ချက်သားကောင်းနေတဲ့ သူငယ်ချင်းတွေက တယောက်ပြီးတယောက်ဝင်လာပြီး ဟဲ့ ကလေးမယူသေးဘူးလားလုပ်နေတယ်။ တနိုင်ငံစီဖြစ်နေလို့သာ တော်တော့တယ်။ မဟုတ်ရင် အားလုံး တိုက်ပြီးလာပြောနေသလားမှတ်ရတယ်။ တယောက်ပြီးတယောက် လှည့်ပတ်ဖြေရင်း ငါ့နှယ် ဒီနေ့ကျမှ ဘာဂြိုလ်ဝင်ပါလိမ့်လို့ ရီချင်လိုက်တာ။ သူတို့ကျ ခုထိမယူနိုင်ကြသေးဘဲနဲ့။ အစပိုင်းတော့ ကောင်းပြီးကောင်းရက် ပြောနေရာက နောက်တော့ ဂျစ်တစ်တစ်လုပ်ချင်တာနဲ့ လျှောက်ပြောတော့တာဘဲ။ ဖြည်းဖြည်းပေါ့တို့ မကြာမီလာမီ မျှော်တို့။ ဒါတောင်မှ ဆက်ပြောနေရင်တော့ အေးပါ၊ we try our bestလို့ပြောလိုက်တယ်။ အဲလိုကျ တိတ်သွားတော့တယ်။ အေးရော။

Read More...

Thursday, October 2, 2008

ဘာညာသာရကာ


ဘလော့ပေါ်ကနေ ပေါ်လိုက်ပျောက်လိုက် အီလေးဆွဲနေတာ ကြာပြီ။ ကိုယ့်ဘာသာ ဘာတွေရှုပ်နေမှန်းတောင် မသိဘူး။ သေချာတာက စိတ်နဲ့ လူနဲ့ နှစ်ခုထဲ ပတ်ရှုပ်နေတာဘဲ။ ရာသီဥတုကလည်း ရုတ်တရက် ပြောင်းသွားလိုက်တာ ပူရာကနေ ချက်ချင်းဆောင်းဝင်သွားပြီ။ အေးရတဲ့အထဲ မိုးပါရွာလိုက်သေးတယ်။ သင်တန်းသွားတော့ မိုးရေလေးထိတာနဲ့ လေးဘက်နာလေးက ခေါင်းထောင်လာတယ်။ ညဘက်ရောက်တော့ ခြေလက်တွေ တစစ်စစ်နဲ့။ အမ မှာထားတဲ့ ပစ္စည်းတွေ ပို့မယ်ဆိုပြီး စိတ်ကူးထားတာ နောက်ရက်လဲ မိုးတစွေစွေနဲ့ လူလဲ မထူနိုင် မထောင်နိုင်မို့ စာတိုက် မသွားဖြစ်တော့ဘူး။ မနေ့ကမှ တရက်တရက် အချိန်ဆွဲနေလို့မဖြစ်ပါဘူးဆို သွားရတယ်။ စာတိုက်က နီးနီးလေးပါ။ ငါးမိနစ် လမ်းလျှောက်တာနဲ့ ရောက်ရော။ ထူးထူးခြားခြား စာတိုက်အဝမှာ လုံခြုံရေး စောင့်နေတယ်။ ဝင်လာ ထွက်လာတဲ့သူတိုင်းကို ခေါင်းညွတ်ပြီး နှုတ်ဆက်လို့။ အရင်က မတွေ့မိပါဘူး။ အေးလေ နှစ်ခါလောက်ဘဲ လာဘူးတာ၊ ဘယ်တုန်းက ထားလိုက်မှန်းတော့မသိ။ ဧကန်တ လူရှိန်အောင်ဖြစ်မယ်။

စာတိုက်ပိစိပေမယ့် အတွင်းမှာ အလိုအလျှောက် ငွေထုတ်စက်ရှိတယ်တယ်။ စာတိုက်ကိုဝင်ရင် အပြင်တံခါး တချပ်ရှိတယ်။ jidou (auto) လို့ရေးထားပေမယ့် နှိပ်တဲ့ခလုတ်ရှိတယ်။ ခလုတ်နှိပ်မှ တခါးပွင့်တယ်။ တချို့စူပါတွေက လူလာရင် အလိုအလျှောက်ပွင့်ပေမယ့် စာတိုက်မို့ နှိပ်အောင်လုပ်ထားတာထင်တယ်။ အလွယ်တကူ ဝင်ထွက်တာ မဖြစ်အောင် ကာကွယ်ထားတာဖြစ်မယ်။ အဲဒီတခါးအတွင်းမှာ ငွေထုတ်စက်ရှိတယ်လေ။ ပြီးမှ နောက်jidou (auto)တခါးတချပ်ကိုဖွင့်ဝင်ရင် စာတိုက် ကောင်တာကို ရောက်တာ။ အပြင်တခါးကို ခလုတ်နှိပ်ဝင်ပြီး အတွင်းတခါးက ပွင့်နေလို့ တန်းဝင်လိုက်တယ်။ စာတိုက်ဝန်ထမ်းကလည်း အပြုံးနဲ့ "ကွန်နိချိဝ"တဲ့။ ဝင်လာတဲ့သူတိုင်းကို နှုတ်ဆက်တယ်။ ဪ ကွာပါ့ ကွာပါ့။ လက်ထဲက အထုပ်ကိုပြပြီး ပစ္စည်းပို့မယ်ပြောလိုက်တော့ နှစ်မျိုးရှိတာ ရှင်းပြနေတယ်။ အမှန်တော့ အားလုံး နားလည်တာဟုတ်ဘူး။ ရမ်းသမ်း မှန်းသမ်းပေါ့။ EMSနဲ့ ပို့မယ်ပြောပြီး အထုပ်လှမ်းတောင်းလို့ ပေးလိုက်တော့ ဒီအတိုင်းပို့မှာလားတဲ့။ အင်! ဒီအတိုင်းဘဲပို့ရမှာကို ဘာလို့မေးတာမှန်းမသိ။ ဒုံတာလေ။ "ဟိုက်"(ဟုတ်ကဲ့)လို့ပြောလိုက်တော့ လိပ်စာဖြည့်ဖို့ formပေးတယ်။ ညနေ လေးနာရီကျော်မှ သွားတာ formကုန်သွားပြီမပြောဘူး။ ကောင်းလိုက်တာ။ ကိုယ့်နိုင်ငံမှာ ပို့တုန်းက ကိုးနာရီ(အမှန်တော့ ကိုးနာရီခွဲလောက်မှ) စာတိုက်ဖွင့်တယ် ဆယ်နာရီ မထိုးခင် formဝယ်လို့ မရတော့ဘူး၊ ကုန်သွားပြီတဲ့။ လိုချင်ရင် အတွင်းဘက်ဝင်ပြီး လူကြီးသွားပြောတဲ့ တလောကလုံး သူ့လုပ်စာထိုင်စားနေရတဲ့မျက်နှာနဲ့ ဝန်ထမ်းက ပြောတယ်။ အမှန်တော့ ကိုယ့်လုပ်စာ အများပြည်သူလုပ်စာ သူစားနေရရှာတာ ကိုယ့်ကိုယ်ကို မသိရှာဘူး။ ကျွတ် ကျွတ်!! အားလုံးက လူကြီးဝင်တွေ့ရမယ်ဆိုလို့ အဝနားမှာဘဲ ပြူတစ်ပြူတစ် မျက်နှာငယ်လေးတွေနဲ့။ စွာတဲ့ ကိုယ့်အမက ဘယ်လူကြီးလည်း ဝင်တွေ့မယ်ဆိုပြီး အတွင်းကို စွတ်ရွတ်ဝင်ပြီးသွားပြောတော့မှ ဟင်! ဟုတ်လားသမီးဆိုပြီး လူကြီးလိုက်ထွက်လာတော့ စာရေးမ အံဆွဲထဲက သားရေကွင်းနဲ့ အစည်းလိုက် ရာချီနေတဲ့ လျှောက်လွှာစာရွက်တွေ ထွက်လာတယ်။ တကယ်ကို အပ်ချလောင်းဘဲ။ ဒေးဗစ်ကော့ပါးဖီးတောင် ရှုံးသွားမယ်။

ဒီမှာတော့ formကလည်း ဂွတ်လေစွ။ အပေါ်က တခါရေးရင် အောက်နှစ်ရွက်အထိ အလိုလို ဖြည့်ပြီးသွားတယ်။ စာရွက်ကျောဘက်မှာ မှင်ခံအကွက် ပါပြီးသားတွေလေ။ တောသူမြို့တက်မို့ စာရွက်ဖြည့်ဘူးကာစ ပါးစပ်အဟောင်းသားဖြစ်ဖြစ်နေလို့ မနည်းပြန်စိနေရတယ်။ ကိုယ့်စီမှာတုန်းက မှင်ခံဆောင်သွားရတာကိုး။ မပါလို့ကတော့ ဖြည့်ပေတော့ စာရွက်တိုင်းကို ရေးပြီး။ ဖြည့်နေတုန်း ဝန်ထမ်းက ကိုယ့်အိတ်ကို သေသေချာချာ တိပ်ကပ်ပြီး ပိတ်ပေးနေတယ်။ တယ်ဟုတ်ပါလား၊ နှိုက်ထုတ်ပြီး တခုချင်းစီလဲ မဖွဘူး အဲလေ မစစ်ဘူးလို့၊ တော်ကြာ ဗုံးထည့်ပေးလိုက်ရင် ဘယ့်နှယ့်လုပ်ကြမလဲမသိလို့ ကိုယ့်ဘာသာ အကျင့်ရလာတဲ့ စာတိုက်က ထုံးစံကို တွေးလိုက်သေးတယ်။ ဟော! တိပ်ဖိုးလဲ မတောင်းဘူး။ ပိုက်ဆံအိတ်ထဲ လိုရမယ်ရ ဆောင်လာမိတဲ့ တိပ်အခွေနဲ့ ကပ်ကျေးလေးကိုတောင် အားနာသွားတယ်။ ဪ လုပ်ပြန်ပြီ၊ ကိုယ့်နိုင်ငံမဟုတ်ပါဘူးဆိုမှ။ ဖြည့်ပြီးသား formကို ပေးလိုက်တော့ ကိုယ့်အထုတ်ကို ချိန်ပေးတယ်။ အင်! အဲဒီအခါကျမှ သတိထားမိတယ်။ ကတ္ထူပုံးထဲလည်း ထည့်မချိန်ဘူးလို့။ အရင်က ပို့တုန်းက ထည့်ချိန်ပါတယ်၊ စည်းမျဉ်းများ ပြောင်းသလား (ကိုယ့်စီကလို သုံးလ တခါလောက်လေ) ဒါမှမဟုတ် ပြီးမှ ပုံးထဲထည့်ပေးမှာလားပေါ့။ အဲလိုတော့လဲ ဟုတ်သေးပါဘူး၊ ပုံးခ သပ်သပ်ပေးရတာ မှတ်မိနေတယ်။ အဲဒါနဲ့ ပုံးထဲထည့်မှာနော်လို့ ပြောလိုက်မှ ဪ ပုံးယူမှာလားတဲ့။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဒုံပါတယ် ပြောတာ။ သူအစက မေးသား။ ဒီအတိုင်းပို့မှာလား ဆိုတာ ပုံးထဲမထည့်ဘဲ ပို့မှာလားလို့ ပြောတာကိုး။ တိဝူးလေ၊ အစထဲကမှ ပုံးကို အတင်းထိုးမှ မရောင်းဘဲဟာကိုး။

ပုံးမပါလဲ ပို့လို့ရမှန်း ခုမှ သိတော့တယ်။ မဆိုးဘူး၊ နောက်ဆို အဲလိုပို့ရင် ခြောက်ရာဂရမ်လောက် အလေးချိန် လျော့နိုင်တယ်။ ပစ္စည်းပို့တိုင်း ပုံးထဲထည့်ရမယ် မှတ်တာ။ ဝန်ထမ်းကတောင် ပြန်မေးနေသေးတယ်။ သူကတောင် မလိုရင် မထည့်စေချင်ဘူးထင်တယ်။ ကွဲစရာ ပါလို့လားတဲ့။ ပါ'ပါဘူး။ သူများပစ္စည်းဆိုတော့ သပ်သပ်ရပ်ရပ်ပေါ့။ တော်ကြာ တခြားဟာတွေပိပြီး ပုံပျက်ပန်းပျက်ဖြစ်ရင် မျက်နှာမရ ခြေထောက်ရ ဖြစ်နေတော့မှာလေ။ ပုံးထည့်ချိန်လိုက်တော့ ကီလိုတက်သွားတာမို့ ထွက်လာပြီးသား ဘောက်ချာကို ပြန်တွက်ရတယ်။ ဘောက်ချာ ပြန်ပြင်ရလို့ မျက်နှာ ရှစ်ခေါက်လည်း မချိုးသွားဘူး။ စိတ်ထားကောင်းလိုက်တာ။ မမကြီး နောင်ဘဝလဲ လှဦးမှာ သိလား။ ဘောက်ချာ အသစ်တွေနဲ့ မှင်ခံရေးထားတဲ့ သက်သေခံဖြတ်ပိုင်းတွေ သေချာကိုယ့်လက်ထဲ ရိုရိုသေသေပေးတော့ ကိုယ်လည်း ရိုရိုသေသေ ပြန်ယူပေါ့။ ခေါင်းထဲမှာတော့ အမကို စာရင်းပြန်ပြောရမှာမို့ ဘာကဘယ်လောက်ကျတယ် စဉ်းစားရင်း ပိုက်ဆံအိတ်နဲ့ စာရွက်တွေကို စလင်းဘတ်ထဲ ငုံ့ပြီးထိုးထည့်ရင်း အတွင်းတခါးဝရှေ့ ရောက်သွားတယ်။ ထုံးစံအတိုင်း jidou (auto)တခါးကို တချက် နှိပ်လိုက်တယ်။ ထိုးထည့်လို့ မပြီးသေးလို့ ခေါင်းမော့မကြည့်နိုင်သေးဘူး။ တခါးက မပွင့်တော့ နောက်တခါ ထပ်နှိပ်တယ်။ ဒါလဲ မပွင့်ဘူး။ ဘယ့်နှယ့်ဖြစ်ပါလိမ့်လို့ မော့ကြည့်လိုက်မှ အဲ!! အတွင်းတခါးက အစထဲက ဖွင့်ထားပြီးသားကို။ ကိုယ့်ဘာသာ အလယ်တည့်တည့်မှာ ရပ်ပြီး မှန်တခါး အသေဘက်ကို ပွင့်လာနိုး စောင့်နေတာ။ အီယား! မီးမီးရှက်ရှက်၊ တောက်တလွဲ လုပ်ပြီ။ အနောက်က ဝန်ထန်းတွေ ရီနေမလားဘဲ။ လှည့်လဲ ကြည့်ရဲဘူး။ မျက်နှာပူပြီး ကမန်းကတန်း ထွက်လိုက်တော့ ငွေထုတ်စက်ရှေ့မှာ တန်းစီနေတဲ့ ဖွားဖွားနဲ့ မျက်နှာချင်း သွားဆိုင်မိတယ်။ ကိုယ့်အဖြစ် သူသိလား မသိလား မသေချာပေမယ့် ကိုယ့်ဘာသာ အိုးမလုံ ဥုံပွင့်မို့ ဘာမဆိုင်ညာမဆိုင် သူ့ကို ဘလုံးဘထွေး ရဲကျဲကျဲ နှုတ်ဆက်လိုက်တော့ သူက ပြန်နှုတ်ဆက်တယ်။ အပြင်တခါးဝက လုံခြုံရေးက "အာရိဂတိုး"ဆိုပြီး ခါးညွှတ်နေလို့ ပြန်ခေါင်းညွှတ်ခဲ့ရင်း ခပ်သုတ်သုတ် မပြေးရုံတမယ် လျှောက်လာမိတယ်။ စိတ်ထဲကတော့ ကိုယ့်အဖြစ်ကို သူမြင်လေသလားပေါ့။

ရီရမလို ငိုရမလို မျက်နှာကို မျက်နှာပိုးသတ်ရင်း အပြင်ထွက်တုန်း ဈေးပါဝယ်ဖို့ စိတ်ကူးလိုက်တယ်။ သွားနေကျ စူပါက စာတိုက်မျက်နှာချင်းဆိုင်လမ်းကို ကူးပြီး ၂လမ်းမြောက်ကို ချိုးလိုက်ရင် ရောက်ပြီ။ ရှေ့မီးပွိုင့်က ကူးရင် စူပါရှိတဲ့ လမ်းနဲ့ တည့်တည့်ပေမယ့် စာတိုက်နားက မီးပွိုင့်ကကူးမယ်လို့ စိတ်ကူးပြီး မီးစိမ်းတာ ရပ်စောင့်နေလိုက်တယ်။ ဒီဘက်ရောက်တော့ ယဉ်အသွားအလာ အတော်ကျဲတယ်။ လမ်းအဆုံး ခွလို ဖြစ်နေလို့ထင်တယ်။ မီးပွိုင့်ကလည်း ကြာလိုက်တာ။ လမ်းလျှောက်ရင် ဟိုးရှေ့ မီးပွိုင့်နားတောင် ရောက်လုပြီ။ ကားမလာဘဲ မီးစိမ်းတာ ရပ်စောင့်နေရတာ ဟုတ်သေးပါဘူး။ ဟော ကိုယ့်ရှေ့က စက်ဘီးသမားကတော့ မီးအနီကို ဖြတ်ကူးချသွားတယ်။ ကိုယ်ကတော့ စည်းကမ်းလိုက်နာ ဘေးကင်းကွာလုပ်ပြီး ရပ်စောင့်နေတာ။ အမှန်တော့ စာတိုက်လုံခြုံရေး လှမ်းကြည့်ရင် မြင်ရတာမို့ပါ။ စောင့်နေတာ အတော်ကြာပြီ၊ မီးကမစိမ်းနိုင်လို့ ဘေးဘီကြည့်လိုက်မှ တွေ့ပြီ!! ဟိုမှာ ခလုတ်။ လမ်းကူးချင်ရင် နှိပ်ပြီး ၅စက္ကန့်စောင့်မှ မီးစိမ်းသွားတာ။ ဪ ငါ့နှယ် ဖြစ်ရပြန်ပြီ နောက်တမျိုး။ ရှက်လိုက်တာဟဲ့။ တခုပြီး တခု။ သူများမြင်ရင်တော့ မီးပွိုင့်မှာ လက်ကလေးပိုက်ပြီး စိတ်ကူးတွေ ယဉ်နေတယ်မှတ်မလား အူကြောင်ကြားထင်မလားဘဲ။ သေချာပါတယ် အူကြောင်ကြားလို့ ထင်မှာ။ စိတ်ထဲကတော့ ကိုယ့်ဘာသာ အားပေးလိုက်တယ် "တို့က တောသူမို့ ဒါမျိုးသိဘူး"လို့

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP