Showing posts with label ဘဝမှတ်တမ်းလေးများ. Show all posts
Showing posts with label ဘဝမှတ်တမ်းလေးများ. Show all posts

Sunday, July 7, 2013

စိတ်အချဉ်ပေါက်ခြင်း

ရေးဖူးတဲ့ပို့စ်

ဒီလိုလူကို မြင်လား?

ခပ်တည်တည်ယူတင်ထားတဲ့ ပို့စ်

ဒါက ဓာတ်ပုံကို ယူသုံးထားတယ်
ဂူဂယ်မှာ ကြက်တောင်ပံဟု ရိုက်လျင် မြရွက်ဝေတင်ထားသော ဓာက်ပုံ ထွက်လာလေသလော

ဒါလည်း ဓာတ်ပုံကိစ္စ

ကိုယ်တိုင်ရိုက်ကူးထားသောပုံကို ဘလော့မှာရော FBမှာပါ လိုဂိုအဖြစ် အသုံးပြုသည်။

ဒါကို ခပ်တည်တည်ယူကာ သူ့ကာဗာမှာ တင်ထားသည်။

ပြန်ဖြုတ်ရန် massage ပို့သော်လည်း မဖြုတ်၊ အမည်နှင့်တပ်တင်က မကောင်းရှိရော့မည်။

Read More...

Saturday, June 8, 2013

2013/06/08

ဆယ်တန်းအောင်စာရင်းတွေထွက်ပြီတဲ့။ ရင်ခုန်တဲ့သူတွေ ခုန်နေကြတဲ့အချိန်ပေါ့။ ကိုယ့်တုန်းကရော? လွန်ခဲ့တဲ့ ၁၅နှစ်လောက်က။ ရင်ခုန်သလားဆိုတော့ ဟင်အင်းလို့ ပြောရမယ်။ အောင်မှာသိနေတာချည်းကို။ ဂုဏ်ထူးဘယ်နှခုရမှာလဲဘဲ သိချင်တာတခုဘဲ။ ၂ဘာသာက စာမေးပွဲဖြေပြီးကတည်းက ကိုယ့်ဘာတာ့ အမှတ်တွက်ပြီး သေချာတယ်။ ၃ဘာသာလောက်ပါရင်ကောင်းမှာလို့ မျော်လင့်မိတာတခုထဲ။ မပါတော့လဲ ဘာမှမဖြစ်ပါဘူး။ အစကတည်းက အများကြီးမှန်းဖြေတာမှ မဟုတ်တာ။ ဆေးကျောင်းတက်ရဖို့လဲ စိတ်မကူးပါဘူး။ သွေးသံတရဲရဲမှ မကြည့်ရဲတာကိုး။

အောင်စာရင်းမထွက်ခင်ညအထိတော့ "၃ဘာသာလောက်ပါရင် ကောင်းမှာနော် အမေ့"ဆိုပြီး တတွတ်တွတ်ပြောနေလို့ အမေက အိပ်တော့တဲ့။ မနက်သွားကြည့်ရင် သိရမပေါ့တဲ့။ မနက် ၄နာရီလောက် လမ်းပေါ်က ကျွတ်စီကျွတ်စီအသံတွေနဲ့ လန့်နိုးလာတယ်။ မှောင်တုန်းကြီး စိတ်အားထက်သန်တဲ့သူတွေ အောင်စာရင်းသွားကြည့်နေကြတာ။ ကိုယ့်ဘာသာတော့ စောလွန်းတယ်ဆိုပြီး ပြန်အိပ်လိုက်တယ်။ ကိုယ့်ရဲ့ အစောဆုံးအိပ်ယာထချိန်က မနက် ၆နာရီ။ အဲလောက်ကျမှ အိပ်မှုန်စုံမွားနဲ့ထ၊ မျက်နှာသစ် သွားတိုက်နေတုန်း မြို့ထဲက မောင်ဝမ်းကွဲလေးက စက်ဘီးနဲ့ရောက်ချလာပြီး အောင်တယ် ၃ဘာသာဂုဏ်ထူးပါတယ်တဲ့။ အင်! ဟုတ်လားပေါ့၊ သူကြည့်လာပြီးပြီဆိုတော့လဲ ကိုယ့်ဘာသာ သွားမကြည့်လဲ ပြီးပြီပေါ့၊ ဒီလောက်ပါဘဲ။ နောက်မှ အမေက သူငယ်ချင်းနဲ့ သွားကြည့်လေပြောလို့မှ အိမ်နားက သူငယ်ချင်းကို သွားမေးရတယ်။ သူက သွားမကြည့်ရသေးလို့ မသိဘူးဆိုမှ အဖော်စပ်ပြီး သွားရတာ။ ကိုယ့်အဖြေက သိပြီးသားမို့ အားငယ်နေတဲ့ သူ့ကို အောင်ပါစေလို့ စိတ်ထဲက ဆုတောင်းမိတယ်။ သူမအောင်ရင် ကိုယ်ဘယ်လို အားပေးစကားပြောရမယ်မှန်းမသိဘူးလေ။ သွားကြည့်တော့ မနက် ၉နာရီကျော်မို့ ကျောင်းမှာ လူအတော် ရှင်းနေပြီ။

ကိုယ့်ခုံနံပါတ်ရှာ၊ ဘယ်ဟာဂုဏ်ထူးပါလဲ ကြည့်ပြီး၊ သူ့ခုံနံပါတ်တွေ့လို့ ရိုးရိုးအောင်တာသိမှ တော်သွားတော့တယ်။ ဒါက အောင်စာရင်းထွက်တုန်းအချိန်က။ ရင်ခုန်ရတာက အမှတ်စာရင်းမျှော်တုန်းအချိန်မှ။ သူများတွေက အမှတ်စာရင်းတခုဘဲ လျှောက်တော့ မြန်မြန် ရောက်လာတယ်။ ကိုယ်က အောင်လက်မှတ်ပါ တွဲလျှောက်လိုက်တော့ တော်ရုံနဲ့ ရောက်မလာ။ တနေ့နေ့ မျှော်လိုက်ရတာ၊ စာတိုက်မှာပဲ ပျောက်ပြီလားရယ်ပေါ့။ နောက်ဆုံး သူများတွေထက် တပတ်နောက်ကျပြီးမှ ရောက်လာတော့တယ်။ အဲဒီတုန်းက အမှတ်ပေါင်းကိုကြည့်ပြီး ဟုတ်ရဲ့လားလို့ ခဏခဏ ပြန်ပေါင်းကြည့်ရတယ်။ ကိုယ်ထင်ထားတာထက် အများကြီး များနေလို့။ :)

(တလောလေးက ကိုယ့်ရဲ့ အရေးကြီးစာရွက်စာတန်းတွေထည့်ထားတဲ့အိတ်ထဲက ထွက်လာတယ်)

အောင်စာရင်းအတွက် တကယ်ရင်ခုန်ရတာက နောက်နှစ်ကျမှ။ အိမ်နားက အသိအဒေါ်တယောက်က သူ့သမီးကို ဂိုက်လုပ်ပေးပါတဲ့။ ၅လလောက်တော့ ရသေးတယ်၊ အောင်သွားရင် ရပြီ၊ အားကိုးပါတယ်တဲ့လေ။ သူ့သမီးနဲ့ ငယ်ငယ်က ကိုယ်လဲ ဆော့ဘူးပါတယ်။ အတန်းကြီးလာတော့ စာတဘက်နဲ့ မဆော့ဖြစ်တော့မှ ဝေးသလို ဖြစ်သွားတာ။ သူ့အမေကို အားနာတော့ သင်ပေးရတာပေါ့လေ။ ဉာဏ်လေးကတော့ အတော်ကောင်းတယ်။ ကိုယ့်ထက်တောင် ကောင်းသေး။ ခက်တာက စာနဲနဲမှ မလုပ်တာ၊ အပျော်အပါး အရမ်းမက်တာ။ အစပိုင်းတော့ ကြိုးစားပြီး လာသင်သေးတယ်။ နောက်ပိုင်းကျ ညနေဆို သူ့အမေရောက်လာပြီး ဒီနေ့နေမကောင်းလို့တို့ ဗိုက်အောင့်လို့တို့နဲ့ ခွင့်လာတိုင်ပါရော။ အစကတော့လဲ ဟုတ်ကဲ့၊ ရပါတယ်ပေါ့။ နောက်ကျ ဘယ်ဟုတ်မလဲ သူ့သူငယ်ချင်းတွေနဲ့ စက်ဘီးစီး မြို့ပတ်လုပ်နေတာ။ သူ့အိမ်ကနေ လမ်းပေါ်ထွက်ဖို့ ကိုယ့်အိမ်ရှေ့က ဖြတ်မှ ရတာလေ။ မဟုတ်ရင် အဝေးကြီး ကွေ့ထွက်နေရမှာ။ ဆိုတော့ကာ နေမကောင်းဘူးပြောတဲ့သူက ညဘက်ကျ ဟေးလားဟားလား စက်ဘီးတစီးနဲ့ လျှောက်သွားနေတာ ကြားရ မြင်ရတော့ စိတ်တိုလာတယ်။ ဒါနဲ့ပဲ သူ့ကို ဆူပေးလိုက်တယ်၊ ခုဘဲ ဒီဇင်ဘာ ကုန်တော့မယ်၊ ဒီပုံစံနဲ့ဆို ဆယ်တန်းအောင်မှာ မဟုတ်ဘူးလို့။ ဆူတုန်း ငြိမ်ပြီးနားထောင်တယ်။ အရင်ကလဲ အဲလိုပါဘဲ။ ပြောလိုက်တုန်း ဟုတ်သလိုနဲ့၊ နောက်တော့လဲ ဒုံရင်းအတိုင်းဘဲ။

ခပ်ထန်ထန်ပြောလိုက်ပြီး နောက်ရက် ရောက်မလာတော့ဘူး။ သူ့အမေဘဲ ရောက်လာပြီး သူ့သမီးကပြောတယ်၊ သူဆယ်တန်းမအောင်လောက်ဘူးလို့ အမကပြောတယ်၊ အဲဒါကြောင့် ဆယ်တန်း မဖြေတော့ဘူးတဲ့လေ။ ဟမ်!! ကိုယ့်မှာ ပါးစပ်အဟောင်းသားကို ဖြစ်လို့။ သူ့ကို စာလုပ်ရအောင်ပြောလိုက်တာ၊ သူက စာမေးပွဲမဖြေတော့ဘူးတဲ့၊ ဖြစ်ရမယ်။ သူ့အမေကို ရှင်းပြပြီးမှ သူ့ကို ပြန်လာခိုင်းဖို့ ပြောရတယ်။ အဲနောက်ပိုင်းတော့ အရင်ကထက်စာရင် နဲနဲ အပိုးကျိုးပြီး စာလုပ်လာပါတယ်။ နှစ်စကတည်းက သေချာစာလုပ်လာရင် ဂုဏ်ထူးပါနိုင်တဲ့ ကလေးမပါ။ ခုတော့ အောင်မှတ်ရအောင် မနဲ တွန်းရတယ်။ သူ့ကို စာသင်မှဘဲ ကိုယ့်ခေါင်းမှာ ဆံပင်ဖြူတွေ ပေါက်လာလိုက်တာ၊ ဆယ်ချောင်းမကဘူး။ တသက်နဲ့တကိုယ် ငယ်တုန်းမှာ အဲဒီအချိန်ကဘဲ ဆံပင်ဖြူတွေ ထွက်ဘူးတယ်။ အဲကတည်းက တခြားလူ ဂိုက်လုပ်ပြီး မသင်ပေးချင်တော့တာ။ ခေါင်းပူရလွန်းလို့။

စာမေးပွဲဖြေလာပြီးတော့လဲ သူ့မေးခွန်းစာရွက်မှာ ခြစ်လာတဲ့ အဖြေတွေကြည့်၊ အောင်မှတ် ပြည့်ရဲ့လားတွက်နဲ့ ကိုယ့်မှာ အပူထုပ်ကို ပိုက်လို့ရယ်။ တဘာသာရဲ့ အမှတ်က ကိုယ်တွက်တာ on the margin ဖြစ်နေတော့ ဆုတောင်းရုံဘဲ ရှိတာပေါ့လို့ ပြောလိုက်ရတယ်။ သူကတော့ စာမေးပွဲလဲပြီး၊ ဝက်ကို အတောင်ပံတပ်ပေးလိုက်သလားမှတ်ရအောင် ပျော်လို့ မော်လို့ ဖလမ်းဖလမ်းထလို့။ အောင်စာရင်းထွက်တဲ့နေ့ကျ အိမ်ရောက်မလာဘူး။ အဲဒီနေ့က မိုးတွေရွာလိုက်တာ သဲကြီးမဲကြီးပဲ။ ခြံထဲမှာတင် ရေက ဒူးခေါင်းလောက်ရှိတာ။ မျှော်နေတာ သူမပေါ်လာဘဲ အိမ်နားက တခြားကလေးမ ရောက်လာတယ်၊ အောင်စာရင်းသွားကြည့်မလို့ အဖော်လိုက်ခဲ့ပေးပါတဲ့။ အဲ့ခလေးမက အကြွားသန်လေးမို့ သည်းခံပေါင်းရတာ။ ကိုယ်က သူ့သူငယ်ချင်းမကို ဂိုက်လုပ်ပေးတာသိတော့ သူ့အိမ်က ရန်ကုန်ကနေ အရမ်းတော်တဲ့ ဂိုက်ခေါ်ပေးထားတာ၊ ဂိုက်ကိုကိုက အရမ်းတော်တာ ဆေးကျောင်းတက်ဖို့စောင့်နေတာ၊ အဲဒီ ဂိုက်က တော်လွန်းလို့ သူဆို all D ရမှာလို့ အိမ်ကို ကြုံတိုင်း ဝင်ဝင်ပြောခဲ့တာလေ။ ကိုယ်ကတော့ ဪ ဟုတ်လား၊ အမတော့ နင့်သူငယ်ချင်းတယောက် အောင်သွားအောင် မနဲ လုပ်ယူရမှာလို့ ပြောခဲ့တာ။ တဖြည်းဖြည်း အောင်စာရင်းထွက်ခါနီးလာတော့ ကြွားစိန်လေးက သူအောင်ပါ့မလားမသိဘူးပြောလာလို့ ကိုယ့်တောင် သူ့ရဲ့ before and after gap ကို နားထောင်ပြီး ဘာပြောရမယ်မသိဘူး။

ခုလဲ မျှော်နေတဲ့ ကိုယ့်တပည့် မရောက်လာဘဲ သူက ရောက်လာတော့ မိုးရွာကြီးထဲ အတူသွားကြည့်ပေးလိုက်ပါတယ်။ အောင်စာရင်းထဲ ကိုယ့်တပည့်မ ခုံနံပါတ်တွေ့လိုက်ရမှ ရင်ထဲက အလုံးကြီး ကျတော့တယ်။ ဟဲ့! နင့်သူငယ်ချင်းအောင်တယ်၊ နင်ရော?လို့ မေးလိုက်တော့ သူ့ခုံနံပါတ် မတွေ့ဘူးတဲ့။ သေချာအောင် ကိုယ်လဲ အထပ်ထပ် လိုက်စစ်ပါတယ်။ တကယ်ဘဲ မတွေ့ဘူး။ အတူသွားကြည့်ကာမှ မအောင်တဲ့သူ့ကို ကိုယ်ဘယ်လို အားပေးရမှန်းမသိဘူး၊ ကိုယ့်တပည့်အောင်လို့ ဝမ်းသာရတာကိုတောင် သူအားငယ်သွားမှာစိုးလို့ ထိမ်းထားရတယ်။

အိမ်ပြန်ရောက်တော့ တပည့်မ လာသလားလို့မေးကြည့်တော့ ခုထိပေါ်မလားသေးဘူးတဲ့။ ကြည့်ရတာ သူငယ်ချင်းတွေနဲ့ မြူးနေပြီထင်တယ်လို့၊ အပြင်ထွက် မိုးစို ကြွက်စုတ်ဖြစ်မှတော့ မထူးဘူး၊ သူ့အိမ်ဘက် သွားလိုက်ဦးမယ်လို့ အိမ်ကိုပြောပြီး ထွက်ခဲ့တယ်။ သူ့အိမ်က မြေနိမ့်ပိုင်းမှာ၊ ကိုယ့်အိမ်ထက်တောင် ရေကနက်သေး။ မြောင်းကိုလဲ ကူးလိုက်ရော၊ ရေထဲ ပေါင်တဝက်ကျော် မြုပ်သွားတယ်။ သူ့အိမ်ရောက်တော့ မယ်မင်းကြီးမက အိပ်တုန်းခင်ည! သူ့မောင်လေးကို မနက်က အောင်စာရင်း သွားကြည့်ခိုင်းလိုက်တာ ခုထက်ထိ ပြန်မရောက်သေးလို့ ကျပြီဆိုပြီး အိပ်နေတာတဲ့ ကောင်းကြရော!! အောင်တယ်ဟဲ့လို့ပြောလိုက်တော့ ဟုတ်လားဆိုပြီး ထခုန်နေတယ်။ မိုးအေးအေးနဲ့ အိပ်နေကြတဲ့ သူ့အကိုတွေလဲ ထလာလိုက် အော်ဟစ်ပျော်မြူးကြလိုက် အိမ်သားတွေ တယောက်တလှည့်စီဖက်လိုက် kiss ပေးလိုက်နဲ့ မဆုံးတော့ဘူး။ သူ့အကိုတွေ တော်ကြာကိုယ့်ပါလာဖက်ပြီး သင့်ခယူဆိုပြီး kiss လာပေးမှဖြင့် ဒုက္ခလို့တွေးပြီး ကိုယ့်မှာ လှေခါးဘက် ခြေလှမ်းပြင်ထားရတယ်။ ဂယ်ဘဲ!! ၊ ခပ်မူးမူးသမားတွေမို့ ပြောရတာမဟုတ်ဘူး မြောင်းထဲကျ ရေနစ်လဲနစ်၊ အမြန်ခုန်ဆင်းပြီး ပြန်တော့မယ်လို့။

သူတို့တွေ ဘာလို့ ဒီလောက် ပျော်မြူးနေပါလိမ့်လို့ စဉ်းစားမရဖြစ်ရတယ်။ အတော်ကြာ ပျော်နေကြပြီးမှ ကိုယ့်ကို သူ့အမေက သတိရပြီး ကျေးဇူးနော်၊ သူ့သမီးအောင်သွားတာ အရမ်းကျေးဇူးတင်တယ်၊ ကိုယ့်ကျေးဇူးကြောင့်တဲ့၊ အိမ်မှာ ဆယ်တန်းအောင်ဖူးတဲ့သူ တယောက်မှမရှိတော့ အရမ်းဝမ်းသာတယ်တဲ့လေ။ အဲ! အဲဒါကြောင့် ဒီလောက် ပျော်မြူးနေကြတာလား။ သူ့အကို၃ယောက် တယောက်မှ ဆယ်တန်းအောင်ဘူးဆိုတော့၊ သူက သူ့အိမ်မှာ ပထဦးဆုံး ဆယ်တန်းအောင်တဲ့သူမို့တဲ့။ ဖြစ်ရမယ်။

အဲဒီ တဦးတည်းသော တပည့်မနဲ့ ဆယ်တန်းအောင်စာရင်းအတွက် ရင်ခုန်ရပြီးကတည်းက ကိုယ်ဘယ်သူ့ကိုမှ ဂိုက်မလုပ်ပေးတော့ဘူး။ ဆက်သာဂိုက်လုပ်ကြည့် တခေါင်းလုံးဖြူသွားလိမ့်မယ်။ ဘယ်သူ့ကိုမှ မသင်ပေးတော့ဘူးလုပ်ခါမှ အိမ်က မောင်လေးက ဆယ်တန်းရောက်တယ်။ ဒင်းကလေးက စာလဲမေးသေး ကိုယ့်ကိုလဲ ဆရာပြန်လုပ်သေးတာ။ ဒီနားလေးဘဲ နားမလည်တာ၊ ဒီနားလောက်လေးရှင်းပြတဲ့ သင်္ချာပိုစ္ဆာကို။ အဲလိုကြားဖြတ်ကြီး ရှင်းပြလို့မှမရတာ၊ အပေါ်ကနဲ့ ဆက်နေလို့ ဒီလိုဖြစ်တာဆိုတာမျိုး မနဲပြောယူရတယ်။ တခါတလေ စိတ်လိုလက်ရနဲ့ ဒါကို အစအဆုံးရှင်းပြဆိုပြီး လာမေးတယ်။ ကိုယ့်မှာတော့ ဟုတ်ပြီးဟုတ်ရဲ့နဲ့ ရှင်းပြရတာ၊ သူက ပြုံးစိစိနဲ့နားထောင်တယ်။ ဟဲ့! နားလည်ရဲ့လား ဘာပြုံးစိစိလုပ်နေတာလဲ ပြောလိုက်မှ တဟီးဟီးနဲ့ သူ့နားထဲက ဂွမ်းကိုဆွဲထုတ်ပြီး ရှင်းပြလို့ပြီးပြီးလားတဲ့။ တေနာလေး!! ဒင်းလေးလဲ ဆယ်တန်းနှစ်ချင်းပေါက် အောင်သွားလို့သာဘဲ။ အဲနောက်ပိုင်း အဒေါ်တွေက သူတို့ကလေးတွေ ဆယ်တန်းရောက်တိုင်း ကိုယ့်ကို ဂိုက်လုပ်ပေးပါ လာပြောကြတယ်။ တော်ဘာဘီ တော်ဘာဘီ။ ကျောင်းစာအားတဲ့အချိန်ကြား စာစစ်တာတို့တော့လုပ်ပေးမယ်၊ အမြဲတန်းဂိုက်တော့ မလုပ်ပေးနိုင်ဘူးလို့။ စိတ်ခုတဲ့ အဒေါ်က ခုတယ်။ တတ်နိုင်ဘူးလေ၊ ကိုယ် ဆံပင်ဖြူ ရင်ပူ စိတ်ညစ် မခံနိုင်တော့ဘူးလို့။


(တချိန်က အမှတ်တရ)

Read More...

Sunday, January 1, 2012

Happy New Year


အားလုံး မင်္ဂလာနှစ်သစ် ဖြစ်ပါစေ :)
မွေးရပ်အပြန် ရောက်ရောက်ချင်း မနက်ခင်း လမ်းလျှောက်ထွက်ရင်း ရိုက်လာတဲ့ Sunrise ပုံပါ။


Read More...

Thursday, December 8, 2011

2011.12.07

လည်ချောင်းနာနေတာ ကြာပြီ။ အနာနဲ့ဆေး လွဲနေတယ်။ ဟိုဆေးခန်းပြ ဒီဆေးခန်းပြနဲ့ နောက်ဆုံး နားနှာခေါင်းလည်ချောင်းဆေးခန်းကို သွားပါတဲ့။ အိမ်နားမှာ နားနှာခေါင်းလည်ချောင်းဆေးခန်း ရှိတယ်။ ကိုယ်နဲ့မဆိုင်ဘူးမှတ်ပြီး ဆေးခန်းရှေ့ဖြတ်သွားတိုင်းလဲ သေချာမဖတ်ကြည့်ဘူး။ အရိုးဆေးခန်းလို့ဘဲထင်တာ။ သွားဆေးခန်း အရိုးဆေးခန်းက ပေါ်တယ်ပြောရမယ်။ ဟိုနားဒီနားလျှောက်ရင် တွေ့ရလို့။ နားနှာခေါင်းဆေးခန်းလဲ သွားမယ်ဆိုပြီး တောင်ရွှေ့မြောက်ရွှေ့လုပ်နေတာ၊ မနေ့ကကျ မိုးရွာလို့ ထွက်ချင်ဘူး။ ဒီနေ့တော့ မဖြစ်မနေ သွားမှဟ!လို့ ကိုယ့်ဘာသာ သတိပေးရင်း ထွက်လာတယ်။ ဆေးခန်းရှေ့ရောက်တော့မှ အမ်!! တခါးပိတ်ထားတယ်။ အထဲချောင်းကြည့်တော့ ဗုဒ္ဓဟူးနေ့က ပိတ်ရက်တဲ့ ဖြစ်ရမယ်။ homepage ကြည့်တုန်း ပိတ်ရက်ကို သမန်ကာလျှံကာဖတ်လိုက်တာ စနေညနေနဲ့ တနင်္ဂနွေနေ့လို့မှတ်တာ ဗုဒ္ဓဟူးပါ ပိတ်တာကိုး။

ထွက်လာမိမှတော့ နဲနဲလမ်းသလားပြီးမှပြန်မယ် စိတ်ကူးပြီး ဟိုဝင်ဒီဝင်လုပ်တယ်။ ဆူပါမားကတ်ထဲ ဂျပန်စာအတန်းက ဆဲန်းဆေးနဲ့တိုးလိုက်သေးတယ်။ ဆူပါထဲလဲ ဝယ်ချင်တာ မရှိ။ အပေါ်ထပ်က ယန်းတစ်ရာဆိုင်ယောက်တော့ မြရွက်ဝေတို့ အကြိုက်ပေါ့။ အိမ်မှာဘာလိုလဲ စဉ်းစားရင်း ကောက်ထည့်ရင်း အပြန် အထုပ်တထုပ် ပါတာတော့တာဘဲ။ အပြင်ထွက်ရင် ပိုက်ဆံလဲ လိုက်ထွက်တတ်တာပါလား။ သူလဲ ကိုယ့်လို အိမ်ထဲ ပိုက်ဆံအိတ်ထဲ အမြဲမနေချင်ရှာဘူးထင်တယ်။ အပြန်လမ်းမှာ အိမ်နားရောက်တော့ ဟိုဘက်လမ်းအခြမ်းက စီစီကားကား လူတွေ ပြုံလို့။ အားလုံး မိန်းမတွေချည်း။ ဘယ်တုန်းက ဒီနား အသီးအရွက်ဆိုင် ဖွင့်လိုက်ပါလိမ့်ထင်ပြီး ကြည့်လိုက်တာ ဘယ်ဟုတ်မလဲ ပိုက်ဆံအိတ်တွေ ဈေးချရောင်းနေတာ။ ခြေထောက်က အလိုလို ဆိုင်ရှေ့ရောက်သွားတယ်။ အဟိ :D

အိတ်မှာ ဈေးနှုန်းလဲ ကပ်မထားတော့ ဘယ်လောက်မှန်း မသိဘူး။ ဆိုင်ထဲလဲ ကြည့်ရတာ အားလုံး ဒီနားက အိမ်ရှင်မတွေချည်းထင်ရဲ့။ တချို့က မဝယ်တော့ဘူးဆို အိမ်ပြန်သွားပြီး အိမ်ရောက်မှ မနေနိုင်လို့ ပြန်လာခဲ့တယ်တဲ့။ ပိုက်ဆံရှင်းတဲ့ဆီ နားစွင့်ကြည့်လိုက်တော့ သုံးထောင်လို့ ကြားတယ်။ အသားတွေက ကိုင်ကြည့်တော့ မဆိုးရှာပါဘူး။ အုအဲနိုမှာ ရောင်းတဲ့ ၃၅၀၀ထက်တော့ သာတယ်။ ခက်တာက အိတ်တွေက အကြီးကြီးတွေများတယ်။ ဒီငါးဖောင်ရိုးဘော်ဒီနဲ့ အဲလောက်အိတ် ကြည့်မကောင်းလောက်ဘူးဆိုပြီး မဝယ်ဘဲ ထွက်မယ့်ဆဲဆဲ အိတ်အဖြူတလုံး မျက်ကျိထဲ ရောက်ချလာရော။ ဟိုနားဒီနားသွား လွယ်ဖို့ မဆိုးဘူးဆိုပြီး ယူလိုက်ပါတယ်။ ပိုက်ဆံရှင်းတော့ တစ်ထောင်တဲ့။ ဟယ်!! တယ်ဟုတ်ပါလား တထောင်နဲ့တော့ တန်သကွာလုပ်ပြီး မြောက်ဆွမြောက်ဆွနဲ့ အိမ်ပြန်ရောက်လာတယ်။

(ဖဘမှာ လို tagလုပ်လို့ မရ၍သာ၊ မဟုတ်က ဒီပုံမှာ မKOM ကို tagရန် စိတ်ကူး၏)
(ဖြည့်စွက်---> အိတ်အစွပ်ကနေ သူ့တို့ရဲ့ အွန်လိုင်းဆိုက် သွားတွေ့လို့ပါ http://sac-eshop.com/အဲလောက်ဈေးရှိတဲ့အိတ်မှန်းသိရင် များများဝယ်ထားလိုက်ပါတယ်။ ဒီနေ့နောက်ဆုံးမို့ ပြီးသွားပြီတဲ့ 2011.12.08)

ယန်းတစ်ရာဆိုင်မှ ဝယ်လာသည်များမှာ အောက်ပါအတိုင်း ဖြစ်၏။

သားရေကွင်းဘူးကို ဖောက်ကာ သားရေကွင်းချိတ်တွင် ချိတ်လိုက်ပါသည်။ ရေခဲတေတာဂျီးတွင် ပန်းများပွင့်စေသတည်း။ ခရမ်းသီးတောင် သီးနေသေး

သားရေကွင်း ရှာဝယ်ရခြင်းမှာ သကြားဘူးထဲထည့်ပြီးသကာလ ပိုနေတဲ့ သကြားထုပ်ကို ပိတ်တံနဲ့ ဖိပိတ်ထားသော်လည်း သတိမထားမိဘဲ ဇောက်ထိုးကိုင်မိ၍ သကြားများ အံဆွဲအတွင်း ဖလားဖလားဖြစ်သွား၍ဖြစ်သည်။ ဘာဘဲပြောပြော သားရေကွင်းနဲ့ပိတ်တာသာ အကောင်းဆုံး (ဖြည်ရ ပိတ်ရ နဲနဲရှုပ်တာကလွဲလို့)

အံဆွဲထဲမှ တိုလီမိုလီများလဲ ရှင်းသင့်တာ ကြာနေပြီ


ဝယ်လာသော ဗူးများထဲ ထည့်ပြီး နေရာချကြည့်

ဒီလိုထည့်ပြီး ဒီလိုတွေထပ်လိုက်တော့ finish!!

ဗူးအဝိုင်းတွေက နေရာ အတော်ပုပ်တယ်။ အရင်က မဆန့်တာတွေ ခုတော့ ဆန့်သွားပြီ။ ဗူးတွေတော့ သိမ်းထားလဲ သုံးစရာမရှိတာကြောင့် အမှိုက်ပုံးထဲ ထည့်လိုက်ပါတယ်။ သွားရော့လဟယ်~
"အားလုံးကို လွှတ်ပစ်လိုက်တာ မြရွက်ဝေကမ္ဘာမှာ အိမ်ရှင်းတယ်လို့ ခေါ်ပါတယ်"။ (မှတ်ချက်- ငယ်ငယ်က ဖတ်ဖူးတဲ့ မဂ္ဂဇင်း ဝတ္ထုရှည် "အားလုံးကို စွန့်လွှတ်ခဲ့တာ ချိုပြုံးကမ္ဘာမှာ အချစ်လို့ခေါ်ပါတယ်" ခေါင်းစဉ်ကို ကူးယူပါတယ်)

ဒါတွေလုပ်နေတဲ့ အချိန် ရုံးမှ ပြန်ရောက်လာတဲ့ အိမ်ကြီးရှင်ကို ထမင်းမပြင်ပေးသေးဘဲ ခဏနော်~ နော်~ကိုကိုနော် လုပ်ထားပါတယ်။ သူလဲ သူ့ချစ်တော်လေးများလာမယ့် live အစီစဉ်ထဲ စိတ်ရောက်နေတာမို့ အိုခေပါတယ်လေ။ ;)






Read More...

Saturday, August 6, 2011

ဧည့်

ပြီးခဲ့တဲ့တပတ်က ကိုယ်ကသူများအိမ် ဧည့်သည်သွားလုပ် သွားလည်တယ်။ ဧည့်သည်သွားလုပ်ရတာခက်ဘူးလေ။ အိမ်ရှင်သယ်ရင်းက အချက်အပြုတ်တော်တော့ ကိတ်စနမရှိဘူး။ ကိုယ့်ဆီဧည့်သည်လာမယ်ဆို နဲနဲရင်ခုန်ရတယ်။ ကိုယ်ဧည့်သည်သွားလုပ်တဲ့ သူငယ်ချင်းက ဂျပန်ရောက်ပြီးမကြာခင် အိမ်လာလည်ဖူးတယ်။ ဒီက အိမ်ရှင်မလက်သစ် ဘာချက်မိမှန်း စဉ်းစားလို့မရတော့ဘူး။ သူ့အမျိုးသားက ဂျပန်မို့ အစပ်မစားနိုင်မှာစိုးပြီး ငရုတ်သီးမှုန့်လျှော့ချက်တာဘဲမှတ်မိတော့တယ်။ နောက် ချက်ပြုတ်ကျွေးဘူးတဲ့ ဧည့်သည်က ကိုယ့်လိုအိမ်ရှင်မ တရုတ်သူငယ်ချင်း၂ယောက်ပါ။ အားလုံးချက်ရတာတော့ မဟုတ်ပါဘူး။ သူတို့လဲ တယောက်တမျိုးစီ ချက်ပါတယ်။ ကိုယ်ချက်တာက ကြာဇံချက်နဲ့ ဝဥသုပ်။ သူတို့လဲ ကိုယ့်လိုပါဘဲ အချက်အပြုတ် အကျွမ်းကြီးမဟုတ်ဘူးပေါ့။ ဒီကြားထဲမှာ သူငယ်ချင်းတွေ အိမ်လာဘူးပေမယ့် ခဏတဖြုတ်ရယ်ဆိုတော့ အအေးနဲ့တင် ပြီးသွားတာဘဲ။

ဖဘမှာ ဓာတ်ပုံတွေအတင်ကောင်းတာနဲ့ တရုတ်သူငယ်ချင်းတယောက်က စားချင်တယ်ပြောလာတယ်။ အိမ်လာလည်မယ် မြန်မာဟင်းချက်ကျွေးပါတဲ့။ အဲ့ခါမှ ဟဲ့ပလုတ်တုတ် မြန်မာဟင်းဆိုဘဲ။ ငါချက်နေတာ ဘာဟင်းပါလိမ့် ပြန်တွေးရတယ်။ မြန်မာဟင်းစစ်စစ်က ဘာပါလိမ့်၊ သိဘူး၊ အိမ်ကိုမြန်မာဟင်းဆိုတာဘာလဲလို့ မေးကြည့်တော့ အမက ကြက်သွန်ဖြူနီဂျင်းဆီသပ်ပြီးချက်တာက မြန်မာဟင်းပေါ့တဲ့။ ကိုယ့်ဘာသာ စိတ်ကူးပေါက်ရာတွေချက်နေတာ၊ ဂျပန်စာမဟုတ်တဟုတ်ဟင်း တရုတ်စာမဟုတ်တဟုတ်ဟင်းတွေ။ မြန်မာစာမဟုတ်တဟုတ်ဟင်းဖြစ်ရတာက ဒီမှာ ဝယ်လို့ရတဲ့ ကုန်ကြမ်းနဲ့ ချက်ရတာမို့။ ပြီးတော့ 'မဂျီးများ'က ကိုယ်မကြိုက်တာဆို တော်ရုံနဲ့ မချက်ဘူး။ ကိုယ်စားချင်တာလေးတွေဘဲ ချက်တယ်။ တခါတလေ သူများဘလော့မှာ ချက်ထားတာလေးတွေကို ကိုယ့်မှာရှိတာနဲ့ လျှောက်ချက်ကြည့်တယ်။

အရသာကတော့ မဆိုးဘူးလို့တော့ထင်တာဘဲ။ ကိုယ့်ဘာကိုယ်တော့ (သင့်)လို့ အမှတ်ပေးထားတယ်။ စားလို့ဖြစ်နေတာဘဲဆိုတော့လေ။ အိမ်ကြီးရှင်ကတော့ ကိုယ့်ယောက်ျားမို့ ချက်သမျှ ကြိုက်လဲစား မကြိုက်လဲစားပေါ့။ သူများကို ချက်ကျွေးဖို့ရာ ကိုယ့်လက်ရာကိုယ် စိတ်မချဘူး။ တရုတ်သူငယ်ချင်းက အိမ်လာလယ်မယ်ပြောနေတာကို အင်းမလှုပ် အဲမလှုပ်နေနေတာ ကြာပေါ့။ ဒီကြားထဲ စကားပြောဖြစ်ရင်း ထောပတ်သီးအကြောင်း ရောက်သွားတယ်။ သူတို့က ထောပတ်သီးဖျော်ရည်ကို မသိဘူးတဲ့။ ဒါဆို အိမ်လာရင် ဖျော်တိုက်မယ်ပြောထားတယ်။ မြန်မာဟင်းစားချင်တယ်ဆိုတော့ သူတို့ကို မေးပါတယ်။ အစပ်စားနိုင်ရဲ့လားလို့ တော်ကြာ မြန်မာဟင်းစားပြီး ဗိုက်နာတယ် ဝမ်းလျှောတယ်ဖြစ်မှာ စိုးလို့ပါ။ သူတို့က တရုတ်လူမျိုးဗိုက်မို့ ကျန်းမာတယ် အစပ်စားနိုင်တယ်ဆိုတော့လဲ ပြီးရောပေါ့လေ။

အသားလက်ကားဖြန့်တဲ့ဆိုင်က အမဲသားရော ကြက်သား၊ အသဲ၊ အမြစ်တွေ အများကြီးဝယ်လာဖြစ်တယ်။ အမဲသားကို ဂျင်းအများကြီးခြစ်ထည့်ပြီး နူးအိနေအောင် ခပ်ကြာကြာတည်ထားလိုက်တယ်။ အမဲသားကို ဂျင်းအများကြီးနဲ့တည်တာ စားကောင်းမှန်း သိတာ မကြားသေးဘူး။ ဟင်းချက်ခါနီးမှ ကြက်သွန်နီကုန်နေမှန်း သတိရလို့။ ကြက်သွန်ဖြူလဲ နဲနဲပဲကျန်တာတယ်။ ဈေးလဲ ထပ်မသွားချင်တော့တာနဲ့ ရှိတဲ့ဂျင်းကိုဘဲ တတက်လုံးကုန်အောင် ခြစ်ထည့်ချက်ရာက စားကောင်းတာနဲ့ နောက်ပိုင်း အဲလိုဘဲ ချက်တော့တော့တယ်။ ဒီတခါချက်တာ ငရုတ်သီး နဲနဲများလို့ စပ်သွားတယ်။


ကြက်သားကိုလဲ အသားရော အသဲအမြစ်ရော ဆီသပ်ပြီး မဆလာချက်လေး ချက်လိုက်တယ်။ ဒါကတော့ အရမ်းမစပ်ပါဘူး။ ဝက်နံရိုးတွေ အချိုချက်မလို့ဟာ ပျင်းလို့ မချက်ဖြစ်လိုက်ဘူး။ ခရမ်းချဉ်သီး ငါးပိချက်ချက်တယ်။ သခွါးသီးနဲ့ တို့စားဖို့။ ပန်းဂေါ်ဖီကို ဘေကွန်နဲ့ ကြော်လိုက်တယ်။ အရည်သောက်အတွက်တော့ ပဲနီလေးဟင်းရည်။


တရုတ်သူငယ်ချင်း၂ယောက်မှာ တယောက်က ပြည်မကြီးကလာသူမို့ အတော်အစပ်စားနိုင်တယ်။ ထိုင်ဝမ်သူကတော့ သိပ်မစားနိုင်ဘူး။ ထိုင်ဝမ်သူက ကြက်သားကို ဂျပန်အရက်နဲ့ အချိုပေါင်းထားတာ ယူလာပေးတော့ ထမင်းစားပွဲလေး ပိုစိုပြေသွားတယ်။ ပြည်မကြီးသူက စားပြီးသွားတာတောင် ကျန်တဲ့အမဲသားဟင်း ကြိုက်လို့ဆိုပြီး ဒီအတိုင်းစားနေတာနဲ့ ကြိုက်ရင် အိမ်ထည့်ယူသွားလေလို့ ပြောလိုက်တာ ဝမ်းသာသွားတယ်။ ကြက်သားဟင်းလဲ ကြိုက်တယ်တဲ့၊ ဒါဆိုလဲ ယူသွားလို့။ ပဲနီလေးဟင်းရည်လဲ ချက်နည်းမေးနေလို့ ပြောပြလိုက်ပြီး စမ်းချက်ဖို့ ဆနွင်းမှုန့်နဲ့ ပဲနဲနဲစီ ထည့်ပေးလိုက်တယ်။ ကိုယ့်လက်ရာကို ဝမ်းသာအားရ စားကြလို့ စိတ်ချမ်းသာရတယ်။


စားပြီးတော့ သူတို့ယူလာတဲ့ ထောပတ်သီးကို ဖျော်သောက် လေတွေပေါ၊ ဗိုက်ချောင်လာတော့ ဖရဲသီး ခွဲစားကြတယ်။ ၃ယောက်သား အချိန်ကုန်မှန်းမသိကုန်လိုက်တာ ညနေ၆နာရီထိုးခါနီး ပြည်မကြီးသူရဲ့ အမျိုးသား ရုံးကပြန်ရောက်ပြီး ဖုန်းဆက်မှဘဲ ပြန်ဖို့ ပြင်ဖြစ်တော့တယ်။ နောက်ထပ်လာလည်ချင်တယ်ဆိုတော့ လာပေါ့လေ။ ဒီကလဲ နောက်ထပ် မြန်မာဟင်း ဘာချက်ရရင်ကောင်းမလဲ တွေးလိုက်ဦးမယ်။

Read More...

Saturday, February 12, 2011

Happy Birthday

2011.02.12
ပြည်ထောင်စုမေ တူမလေး
တစ်နှစ်ပြည့်မွေးနေ့ ပျော်ရွှင်ပါစေ

(ဖွားဖွားနဲ့အတူရိုက်ထားတဲ့ ဆယ့်တစ်လမပြည့်ခင်ကပုံ)

Read More...

Saturday, July 31, 2010

တိုတို နဲ့ ကိုယ်


မနေ့က 'တိုတို'ကြောင့် အတော်စိတ်ညစ်သွားတယ်။ (ရွံတတ်ရင် မဖတ်နဲ့နော်) 'တိုတို'ဆိုတာ Washlet အမည်ပါ။ ဂျပန်မှာ Washlet ဆို 'တိုတို'လို့ ပြောလို့ရတယ်။ 'တိုတို' Washlet က အနွေးပေး system ပါတဲ့ electric toilet seat ပါ။ အဲဒီ washlet အမျိုးအစားကို စတီထွင်တုန်းကတော့ မသန်စွမ်းသူတွေ အတွက်ရည်ရွယ်တာပါတဲ့။ ရေဆွဲချတဲ့ဘားကို အနောက်မှာမဟုတ်ဘဲ ခြေထောက်ချတဲ့ နောက်နားမှာ နင်းလို့ရအောင် ခလုပ်ထားထားပေးတာ။ အဲဒီကနေ လူကြိုက်များလာပြီး တီထွင်ရင်း ခုလို ခလုတ်တွေ Sensorတွေနဲ့ ဖြစ်လာတယ်ဆိုပါတယ်။

ခလုပ်နှိပ်ရုံနဲ့ ok တာကတော့ ကောင်းပါရဲ့။ ဒါမျိုးတွေ မရင်းနှီးသူ တောသူမ ကျမအဖို့တော့ တခါခါ ချွေးပြန်ရတယ်။ အရင်အိမ်မှာက ရိုးရိုး toiletပါ။ အဲဒီတုန်းက အပြင်သွားတဲ့အခါ ဘူတာတွေ ဆိုင်တွေက toilet သုံးတဲ့အခါမျိုးကျ အဲလို washletဖြစ်နေရင် ပထမဆုံး ရေဘယ်လို ဆွဲချရပါ့ဆိုတာ အရင်ကြည့်ရတယ်။ အမျိုးအစားပေါ်မူတည်ပြီး ရေဆွဲရတဲ့ဟာကလဲ မတူဘူးကိုး။ ပြီးတော့ ရှင်းပြထားတာတွေကလဲ ဂျပန်လိုချည်းမို့ ဂျပန်မှာ ဂျပန်စာ နားမလည်ရင် ဒုက္ခရောက်ရတာ တခြားဟာတွေထက် toiletလို့ ထင်တယ်။ ကိစ္စပြီးမှ အထဲမှာ ရေဆွဲချတာ ရှာမတွေ့ရင် ဒွတ်ခ! ကျောနောက်ဘက်က ရေလှောင်ပုံးလေးမှာ ရှိနေလား? အောက်ဘက်နားရောက်နေလား? Sensor ရှေ့မှာ လက်ဝါးလေး သွားဖြန့်ရမှာလား? ဒါမှမဟုတ် လူမတ်တပ်ရပ်လိုက်တာနဲ့ အော်တို ရေဆွဲချသွားတာမျိုးလား? စုံတကာစေ့နေတာဘဲ။

ပြီးတော့ အောက်ဘက်ကနေ ရေဖြန်းပေးအောင် နှိပ်ရတဲ့ လမုပင်အရိုး (remote control) ကလဲ ရှိသေးတယ်။ toilet seatနဲ့ ဆက်ရက်မဟုတ်ရင် နံရံမှာ ရှိတတ်တယ်။ အများသုံးဆိုရင် အဲဒီခလုပ်တွေ မနှိပ်ပါဘူး။ အစက မသိလို့ နှိပ်မိတယ်။ နောက်မှ ရေဖြန်းတံက သေချာမဆေးရင် မှိုအမဲတွေ အောက်ဘက်မှာ ရှိနေတတ်တယ်။ gym မှာ သွားဆော့ဘူးတုန်းက တနေ့ကို အကြိမ်ကြိမ် အိမ်သာသန့်ရှင်းရေး လုပ်နေတာ မြင်ပေမယ့် ရေဖြန်းတံကို ခေါင်းငုံ့ကြည့်လိုက်ရင် ဘေးတွေက မဲနေတာပါဘဲ။ ပုံမှန် အပေါ်ကကြည့်ရင် မမြင်ရဘူးလေ။ ဘယ်သူမှလဲ အဲလို သွားငုံ့မကြည့်လောက်ဘူးထင်တယ်။ ကိုယ်တိုင်တောင် အိမ်မှာ အမှတ်မထင် ငုံ့ကြည့်ဖူးရင်း သတိထားမိတာ။ toilet brushနဲ့ တိုက်ရုံနဲ့ မရဘူးဆိုတာကို။ Spray bottle နဲ့ စိတ်ရှည်လက်ရှည် ဆေးရတယ်။ အများသုံးမှာကျ သန့်ရှင်းရေးလုပ်တဲ့သူက အဲလောက် မလုပ်နိုင်ပါဘူး။ အဲဒီတော့ အပြင်မှာဆို ရေဖြန်းတာ မသုံးပါဘူး။

ကိုယ့်အိမ်နဲ့ကိုယ်ကျ ကိစ္စမရှိဘူးလေ။ ကိစ္စမရှိဘူးဆိုတာက ရေဖြန်းတာသုံးတာကို၊ ကိစ္စရှိလာတာက အဲဒီ လမု'ကို ကောင်းကောင်းနားမလည်တာ။ အိမ်ကြီးရှင်က setting ထားထားပေးတာကို ကိုယ့်ဘာသာ လျှောက်နှိပ်ကြည့်ပြီးရင် အချိုးက မပြေတော့ဘူး။ အဲဒါနဲ့ဘဲ ရေအပြင်း/အပျော့ကလွဲပြီး တခြားခလုပ်တွေ မနှိပ်ဖြစ်တော့ဘူး။ setting ထားထားတဲ့အခါ ခလုပ်တခုခုနှိပ်လိုက်တိုင်း setting ထားထားတဲ့နေရာလေးတွေက မီးလင်းတယ်။ ကြာလာတော့ ခလုပ်နှိပ်လိုက်ရင် setting မီးလုံး အပြင် တခြားဟာတွေပါ အတန်းလိုက် လင်းလာတယ်။ ပျက်ချင်လာတာလားလို့ ထင်မိတယ်။ ဒါပေမယ့် ဘာမှမဖြစ်တော့ ဒီလိုဘဲ သုံးလာလိုက်တာ တနေ့တုန်းက ရေဖြန်းတာနှိပ်ပြီး stop ခလုပ်နှိပ်တာ ရေက ရပ်မသွားဘူး။

တကယ်ချွေးပြန်သွားတယ်။ တခြားခလုပ်တွေ လျှောက်နှိပ်ကြည့်တယ်။ ရေအနွေးပေးတာရယ် ထိုင်ခုံအနွေးပေးတာရယ် timerပေးတာ ချိန်မရဘူး။ ဘာလုပ်ရမှန်းမသိတာနဲ့ အမြန်မတ်တပ်ရပ်လိုက်တော့ နောက်ဘက်က sensor နဲ့ လူရိပ်လွတ်သွားလို့ သူ့ဘာသာ ရေရပ်သွားတယ်။ ခလုပ်နှိပ်မိရင် စက္ကန့်၃၀ ရေမရပ်တာမျိုးမဟုတ်လို့ တော်သေးတယ်၊ အဲလိုသာမဟုတ်ရင် တခန်းလုံး စိုရွှဲတော့မှာ။ ဘာကြောင့်မှန်းမသိတော့ အတော်စိတ်ညစ်သွားတာ။

ဈေးသွားပြီး ပြန်လာတော့ နှိပ်ကြည့်တာ ရပြန်တယ်။ အဲဒါနဲ့ စိတ်ချလက်ချနေလိုက်တာ မနေ့က မနက်ကျ ပြန်ဖြစ်ပြန်ပါရော။ အဲဒီအချိန်ကျ အိမ်ကြီးရှင်လဲ အလုပ်သွားပြီမို့ မေးလို့မရတော့ဘူး။ အရင်ရက်ကလို ပြန်ကောင်းလာမယ်မှတ်ပြီး နာရီဝက် တနာရီခြား သွားနှိပ်တာလဲ မရပြန်ဘူး။ တယောက်ထဲ ဘာလုပ်ရမယ်မသိတော့ အင်တာနက်ဖွင့်ပြီး ရှာဖတ်လိုက် သွားကြည့်လိုက်နဲ့ ခေါင်းခြောက်နေတာ။ သူcheckလုပ်ခိုင်းတာတွေ ကိုယ်တတ်သလောက် လိုက်ကြည့်၊ ဒါပေမယ့် မသိ။ လမုကို အဖုံးဖွင့်ကြည့်ဖို့ ရေးထားပေမယ့် သူပြထားတဲ့ လမု အမျိုးအစားနဲ့ မတူတော့ ဘယ်လို ဖွင့်ရမှန်းမသိ။ လမုပျက်လို့ အသစ်လဲရရင် ဘယ်လောက်ရှိလဲ ကြည့်မိတော့ ဈေးကြီးလို့ လန့်သွားတယ်။ toilet seatဘေးက ခလုပ်ကိုလဲ စစ်ပါလို့ ရေးထားမှ ဘေးကြားထဲမှာ ခလုပ်ရှိမှန်း အဲဒီအခါမှသိတယ်။ ဒါပေမယ့် မနှိပ်ရဲဘူး။ တော်ကြာ အားလုံးရပ်သွားမှဖြင့်။

တမနက်လုံး အမျိုးမျိုး လိုက်ဖတ်ကြည့်နေတာ အတော်ခေါင်းမူးလာတာနဲ့ ရပ်ထားလိုက်တယ်။ ညနေကျ keyword အမျိုးမျိုးနဲ့ တခေါက်လိုက်ရှာဖတ်တယ်။ အဲဒီအခါကျ တခုသွားတွေ့တယ်။ သူက sensor မှာ ဖုန်တွေကပ်နေတာလား စစ်ကြည့်ဆိုတော့ sensorတွေကို သွားသုတ်ကြည့်တယ်၊ သို့ပေသိ မရ! 'တိုတို'ကြောင့် စိတ်ညစ်တယ်ကွယ်။


နောက်ဆုံး လက်မြှောက်လိုက်တော့တယ်။ ကိုယ့်ဦးဏှောက်နဲ့ စဉ်းစားနိုင်သမျှ လုပ်ကြည့်ပြီးပြီ။ ကိုယ်မှားလုပ်မိလို့ ပျက်သွားရင်တော့ အဆူခံရတော့မပေါ့လို့ဘဲ မှတ်လိုက်တယ် အဟင့် ရွှတ်။ 'တိုတို'ပေးတဲ့ ဒုက္ခက မသေးဘူး။ ညကျ 'တိုတို' မဟုတ်တဲ့ 'ကိုကို' ကို ဘာဖြစ်တာလဲမသိဘူးလို့ပြောမှ လမု ဓာတ်ခဲအားကုန်တာ ဖြစ်မပေါ့တဲ့။ ကဲ!! ဖြစ်ရမယ်။ ကိုယ့်ဘာသာ ဖြုတ်ကြည့်ဖို့ ကြိုးစားတုန်းကမရတဲ့ နံရံက လမုက အိမ်ကြီးရှင်ဖြုတ်ပြတော့ အလွယ်တကူထွက်လာတယ်။ အဲဒီအခါကျမှ နောက်ဖက်မှာ ဓာတ်ခဲထည့်ရတာ တွေ့တော့တယ်။ အစကတည်းက အဲဒီနံရံကပ်လမုက ဘာနဲ့ အလုပ်လုပ်မှန်းမသိတာ။ အိမ်ကြီးရှင်က လမုဘဲဟာ ဓာတ်ခဲနဲ့ပေါ့လို့ အပြောခံရမှ ကိုယ့်ဘာသာ အတော်တုန်းတယ်လို့ မှတ်ချက်ချမိတယ်။

ဓာတ်ခဲလဲပြီးမှ သွားသတိရမိတယ်။ အိမ်ပြောင်းလာတုန်းက အိမ်ထဲမှာပါတဲ့ equipment တွေနဲ့ ပတ်သက်တဲ့ file တအုပ်ရှိတာ သွားသတိရတယ်။ မနက်ကတည်းက အဲဒါကြည့်မိရင် ပြီးနေတာကို။ ရှာကြည့်မိတော့ တွေ့ပြီ၊ ခလုပ်နှိပ်လိုက်လို့ setting မီးအပြင် ရှိသမျှမီးအားလုံးလင်းလာတာ ဓာတ်ခဲအားနဲလာတာကို ပြတာတဲ့။ နို့ သိမှသိဘဲဟာဂျီးကို။ 'တိုတို'ပေးတဲ့ ဒွတ်ခ ကိုကိုကယ်မှ ရတော့တယ်။

(သင်ယူစရာတွေက အိမ်ထဲမှာကိုဘဲ အများကြီးရှိသေးတယ်။ ယုကဒန်းဘိုး ဆိုတဲ့ Underfloor heating ကြီးလဲ ခုထိ နားမလည်ပါ။ နှိပ်စရာတွေ ပိုပါတတ်တဲ့ ဧည့်ခန်းက အဲကွန်းလမုကိုလဲ အချိုးပြေပြေ မသုံးတတ်သေးပါ။ ဆက်ပြောရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာတွေ များလာမှာမို့ ဒိုင်လျှိုထားလိုက်ဦးမယ်)

Read More...

Friday, March 26, 2010

ပလူမွေး ပလူတောင်



သေးသေးကွေးကွေး
ပလူမွေး ပလူတောင်
ဆံပင်လေးကပါး
မျက်ခုံးလေးက ရှည်ပေမယ့် သိပ်မပေါ်သေး
၃ပါတ်သမီးအရွယ်မှာ ဘယ်မျက်ရစ်ကလေးပေါ်လာတယ်
ခုတော့ ၅ပါတ်အရွယ်တူမလေး
ညာမျက်ရစ်ပါပေါ်ပြီး ညီသွားပြီ
အမေတူတာလေး တချက်ပေါ်လာတာပေါ့

Read More...

ရှီနဂါဝ


ခုတလော ရှီနဂါဝကို ခဏခဏရောက်တယ်။ ပထမဆုံးအကြိမ်က လွန်ခဲ့တဲ့ ၂နှစ်လောက်က တရုတ်သူငယ်ချင်းတွေနဲ့အတူ အချိန်ပိုင်းအလုပ် လုပ်ချင်ရင်လိုအပ်တဲ့ "ရှီကကုဂိုင်း" (shikakugai katsudou no kyoka -資格外活動の許可) ထောက်ခံစာလုပ်ဖို့ ရှီနဂါဝက ဂျပန်လူဝင်မှုကြီးကြပ်ရေးရုံးကို ရောက်ခဲ့တယ်။ ကံဆိုးတာလား လူပင်ပန်းဖို့ ကံမပါတာလားမသိ (စိတ်ပင်ပန်းတာတော့ အကျုံးမဝင်) လျှောက်လွှာဖြည့်တော့ ပတ်စပို့က အဲဒီနေ့မတိုင်ခင်လေးမှာ ကုန်နေခဲ့တယ်။ ဗီဇာကတော့ ၂နှစ်နီးပါး ကျန်ပါသေးတယ်။ ပြောတတ်ရင် လျှောက်လွှာတင်လို့ရတယ်လို့ နောက်မှ သိရပေမယ့် အဲဒီတုန်းက မသိလေတော့ ဒီအတိုင်းဘဲ ပြန်ခဲ့တယ်။ တရုတ်သူငယ်ချင်းတွေက ပတ်စပို့က သက်တမ်းဘယ်လောက်ရှိလို့ပြည့်သွားတာလဲဆိုတော့ မြန်မာမှာ လုပ်ခဲ့လို့ ၃နှစ် ခွင့်ပြုချက်ရှိတယ်လို့ ဒီမှာ သက်တမ်းတိုးရင် ၁နှစ်လို့ပြောတော့ အတော်အံ့ဩသွားကြတယ်။ သူတို့တွေက ပတ်စပို့တခါလုပ်ရင် သက်တမ်း၁၀နှစ်တဲ့။ (တို့က မြန်မာလေကွယ်)

ကုန်နေတဲ့ ပတ်စပို့ကို သက်တမ်းသွားတိုးရင် အိမ်ကြီးရှင်ပါတိုးမှရမှာ။ ဆောင်ရမယ်လေ အခွန်! လျှောက်လွှာတင်ပြီး အချိန်ပိုင်းအလုပ်လုပ်ဖြစ်တာကနောက်၊ အရင်ဆုံး ကိုယ့်ဆီက ထွက်မယ်ဆိုတော့ ငြိမ်နေလိုက်ရတယ်။ လျှောက်လွှာက သူငယ်ချင်းတွေလုပ်လို့ လိုက်လျှောက်ကြည့်တာ တကယ်အလုပ် လုပ်ဖြစ်မဖြစ်က မသေချာပါဘူး။ ဒီလိုနဲ့ ၂နှစ်ကြာတော့ ဗီဇာပြည့်တော့မှာမို့ ပတ်စပို့ကို မဖြစ်မနေ သက်တမ်းတိုးဖို့ ဖြစ်လာတယ်။ ရှီနဂါဝက မြန်မာသံရုံးကို သူနဲ့အတူသွားဖြစ်ခဲ့တယ်။ ဟိုလဲရောက်ရော သူက တရက်ထဲပြီးမယ်တဲ့၊ ကျမက မှီခိုလျှောက်မှရမယ်ဆိုဘဲ။ မလျှောက်ရင် အခွန်ဆောင်ရမှာပေါ့။ သူ့လို တလစာ ယန်းတသောင်းနှုန်းနဲ့ ယန်းသောင်းလေးဆယ်ကျော် (မြန်မာငွေ သိန်း၄၀ကျော်) အလုပ်အကျွေးပြုရမယ့်သဘော ~ ဂစ်!! ဒီလိုတော့ မဖြစ်သေးဘူး။ အိမ်မှာနေတဲ့သူပါဆိုမှ ဘာဝင်ငွေနဲ့ ဆောင်ရမတုန်း။

မှီခိုလျှောက်မှရမယ်ဆိုတော့လဲ လျှောက်တာပေါ့လေ။ အဲဒီမှာ နဲနဲ အူကြောင်ကြောင်ဖြစ်မိတာက နဂိုကတည်းက ဗီဇာက မှီခိုဗီဇာလေ။ အဲဒါကို မှီခိုဖြစ်ကြောင်း ပြန်လျှောက်ရမယ်ဆိုတော့ ဟုတ်ကဲ့ပေါ့။ လျှောက်လွှာယူ ဘာတွေလိုလဲမေးတော့ လက်ထပ်စာချုပ် မူရင်းနဲ့ မိတ္တူတဲ့။ လိုမယ်ထင်တာ အကုန်ယူလာပေမယ့် အဲဒါက မလိုဘူးမှတ်တော့ မယူမိဘူး။ မပါလာသေးဘူးပြောတော့ ဘယ်လိုနားလည်မှုလွဲလဲမသိ သံရုံးမှာ လက်ထပ်စာချုပ်ချုပ်လို့ရတယ်တဲ့။ ဟုတ်သေးပါဘူး ၂ခါ လက်ထပ်ရမလိုဖြစ်နေမှာပေါ့။ သေချာပြန်မေးတော့မှ လက်မထပ်ရသေးရင် ထပ်ဖို့ပါတဲ့။ (ဪ~ကဲ! ယူပြီးလို့ဘဲ ဒီရောက်လာတာပေါ့လို့၊ စိတ်ထဲက မျက်စောင်းလှမ်းထိုးလိုက်တာ) ဟုတ်တယ်လေ ဂျပန်ဘက်က ဗီဇာကျပြီးလို့မှ မြန်မာက ဂျပန်သံရုံးကို သွားတာ၊ အဲမှာလဲ လက်ထပ်စာချုပ် ပြရသေးတယ်၊ အဲဒီတုန်းက စာရွက်စာတန်းအပြည့်အစုံပါသွားလို့ ရစ်စရာမရှိတာတောင်မှ ကောင်တာထဲက အန်တီကြီးက "မမလေးက ငယ်ငယ်လေးနဲ့ အိမ်ထောင်ရှိတယ်လား တော်တော်ဟုတ်နေကြတယ်"လို့ အပြောခံလိုက်ရသေး။ အန်တီကြီး ကြည့်ရတာ အပျိုကြီးများလား? သူ့နဲ့စာရင်တော့ ကိုယ့်အသက် အပုံကြီးငယ်တာ သေချာတယ်။ ကိုယ့်ဟာကိုယ် အသက်ဘယ်လောက်နဲ့ ဘယ်အချိန်ယူယူ သူ့နဲ့ဘာမှ မဆိုင်တာကြီးကိုများ။

လက်ထပ်စာချုပ်ကနေ ပြောတာ လမ်းလွဲလာပြီ။ ဒီမှာလဲ လက်ထပ်စာချုပ် လိုတယ်ဆိုတော့ ယူပြီး နောက်ရက်ထပ်သွားရတယ်။ ရှီနဂါဝကို သုံးကြိမ်မြောက်ပေါ့။ အိမ်နားကဘူတာကနေ ရှီနဂါဝဘူတာကို ရောက်ဖို့ ရထား၃ဆင့်ပြောင်းပြီး မိနစ်၅၀လောက်ကြာပါတယ်။ အဲဒီကနေ မြန်မာသံရုံးကို လမ်းလျှောက်သွားရင် ၁၅မိနစ်ကျော်တော့ ကြာတယ်။ ကုန်းပြေပြေထိပ်ကို တောက်လျှောက် လမ်းလျှောက်သွားပြီး လမ်းကျဉ်းလေးရဲ့ အဆုံး ခြံကျယ်ကြီးရဲ့ အထဲမှာ ဂျပန်မြန်မာသံရုံးရှိတယ်။ ပထမဆုံး ရောက်သွားတုန်းက သံရုံးလို့တောင် မထင်မိဘူး။ လုံးချင်းအိမ် ရပ်ကွက်ထဲက အိမ်တအိမ်လို့ဘဲမှတ်တာ။ တံခါးဝမှာ ကပ်ထားတဲ့ ခပ်မှိန်မှိန်သေးသေး ကြေးပြားကို သေချာကြည့်ဖတ်မှ သံရုံးမှန်းသိရတာမျိုး။ ရုံးအဝင်ဝက စစ်ဆေးရေးရုံလေးထဲမှာ လိုတာတွေဘဲ ယူပြီး အိတ်တွေအားလုံး ထားခဲ့ရတယ်။

ပတ်စပို့ရပြီး ရုံးထဲကပြန်ထွက်လာတော့ မိုးတွေရွာနေတော့တာ။ ရုံးဆောင်နဲ့ အဝက နဲနဲလှမ်းတော့ ခပ်သုတ်သုတ်ပြေးသွားလဲ စိုတာပါဘဲ။ ပြီးတော့ လက်ထဲမှာက ယူသွားတဲ့ စာရွက်တွေအပြင် ပြက္ခဒိန်တလိပ်လဲ ပါလာတယ်လေ။ ပါးစပ်ထဲ ရှိရာပြောတဲ့ ပတ်စပို့ သက်တမ်းတိုးခကို "လျှော့ပေးလိုက်မယ် ပြက္ခဒိန် ဒါမှမဟုတ် မဂ္ဂဇင်းဝယ်ပါ"ဆိုပြီး မဝယ်မနေရလုပ်နေလို့ ဝယ်လာခဲ့ရတာတာပါ။ ပထမတခါ သွားကတည်းက ကိုယ့်ရှေ့ကလူတွေကို အဲလိုဘဲလုပ်နေတာ၊ အိမ်ကြီးရှင်အလှည့်မှာတော့ နင့်နေအောင်ယူပြီးပြီမို့လားမသိဘူး ပတ်စပို့သက်တမ်းတိုးခဘယ်လောက်လို့ ပြောရုံကလွဲပြီး ဘာမှကိုထိုးမရောင်းလိုက်ဘူး။ အိမ်အပြန်ရထားထဲ ပြက္ခဒိန်ကြီး ထိုးထိုးထောင်ထောင်နဲ့ အတော်ရှုပ်။

ပတ်စပို့ရပြီးတော့ ဗီဇာသက်တမ်းတိုးဖို့ ဂျပန်လူဝင်မှုကြီးကြပ်ရေးကို ထပ်သွားရတယ်။ ရှီနဂါဝဘူတာကနေ မြန်မာသံရုံးသွားတာရဲ့ ဆန့်ကျင်ဘက်ကိုသွားပြီး busတဆင့်ကို ဂိတ်ဆုံးစီးရင်ရောက်တယ်။ ကားပေါ်မှာ အဲဒီကိုသွားတဲ့ နိုင်ငံခြားသားတွေ အမြဲရှိတယ်။ သက်ဆိုင်ရာကောင်တာမှာ တုံကင်ရဖို့ တန်းစီရတယ်။ နေ့တိုင်း လူတွေ ရာထောင်ချီ ရှိမလားဘဲ။ ဒါပေမယ့် အရမ်းအကြာကြီး တန်းမစီရဘူး။ ကောင်တာထိပ်မှာ လူ၂ယောက်က စာရွက်တွေ စစ်ကြည့်၊ လိုတာထပ်ဖြည့်ဖို့မှာပြီး တုံကင်စာရွက်ပေးလိုက်တယ်။ သူများနိုင်ငံက စနစ်ကျပုံများ။ ကိုယ့်အလှည့်ရောက်ဖို့ အတော်စောင့်ရတယ်ဆိုပေမယ့် ရာချီနေတဲ့လူတွေအတွက် ကောင်တာ ၄ခု ၁ခုမှာ ၂ယောက်စီနဲ့ အလုပ်လုပ်သွားတာ တွက်ကြည့်ရင် လူတယောက် တမိနစ်နှုန်းတော့ ရှိပါတယ်။ အဲဒီရက်က ၂ယောက်အတူ ဗီဇာတွဲတင်ခဲ့တယ်။

နောက်၂ပတ်ကျော်ကျော်ကြာတော့ အကြောင်းကြားစာရောက်ပါတယ်။ ရုံးအောက်ထပ်က ဆိုင်မှာဖြစ်ဖြစ် စာတိုက်မှာဖြစ်ဖြစ် ဗီဇာသက်တမ်းတိုးဖို့အတွက် ယန်းလေးထောင်တန် တံဆိပ်ခေါင်း တယောက်တခုဝယ်ပြီး formမှာ ကပ်ရတယ်။ ဒီတံဆိပ်ခေါင်း ပိစိကွေးလေးက ယန်းလေးထောင်တန်တာမို့ အတော်အံ့ဩမိတာ။ အတုလုပ်တဲ့သူ မရှိဘူးလားလို့ တွေးမိတယ်။ ဒီလောက် စည်းကမ်းကြပ်တဲ့နိုင်ငံမှာ ခိုးလုပ်လဲ မိမှာပေါ့လေ။ ပြီးတော့ ဒီတံဆိပ်ခေါင်းက ဒီလို အရေးကြီးတဲ့နေရာမှာ သုံးတာမို့ ဘယ်သူမှလဲ အတုမလုပ်ရဲလောက်ပါဘူး။ ကိုယ့်ဘာသာ အတွေးခေါင်ကြည့်တာ။ အဲမှာလဲ တန်းစီ တုံကင်ယူပြီး အတော်စောင့်ရတယ်။ ထိုင်ခုံတွေရှိပေမယ့် အဲဒါနဲ့ မလောက်အောင်ကို များတာပါ။ အပြင်မှာ အတော်အေးပေမယ့် အဲဒီထဲမှာ heaterဖွင့်ထားဖို့မလိုအောင် လူငွေ့တွေနဲ့ အိုက်စပ်စပ်ဖြစ်နေတယ်။

တကယ်က အဲဒီနေ့မှာ တခါတည်း အချိန်ပိုင်းအလုပ်လျှောက်လွှာတင်ဖို့ပါဘဲ။ ဗီဇာမှာ အဲလောက်ကြာမယ်မထင်မိတာ အတော်ကြာသွားတာ။ နေ့လည်၁၂နာရီထိုးဖို့နီးသွားပြီး သူကအလုပ်ဆက်သွားရမှာမို့ ပြန်ခဲ့ရတယ်။ နဲနဲကောက်ကွေးလုပ်ပြီး ပြန်ခဲ့တာပေါ့။ တခါတည်းပြီးမယ် မှန်းထားမိတာကိုး။ သူက နောက်ရက်ထပ်သွားမယ်ပြောပေမယ့် သူမပြောခင် သူငယ်ချင်းနဲ့ ချိန်းပြီးသွားဖို့ တိုင်ပင်ပြီးသွားပြီ။ စဉ်းစားကြည့်တော့လဲ သူငယ်ချင်းနဲ့ဆို စောင့်နေရတဲ့အချိန်မှာ စကားပြောနေရင်လို့ရတယ်။ သူနဲ့ဆို ဝစီပိတ်လုပ်နေတာမို့ တယောက်ထဲ ငေါင်နေရတာ။

ဒီလိုနဲ့ မနေ့က တခေါက် ရှီနဂါဝကို ထပ်ရောက်တယ်။ ရှီနဂါဝဘူတာက အတော်ကြီးတဲ့ဘူတာတခုပါ။ အဲဒီမှာ ရုံးတွေများတာမို့ လူအသွားအလာလဲ တော်တော်များတယ်။ ရဲတွေလဲများတယ်။ ရဲဆိုပေမယ့် အရပ်ဝတ်စုံနဲ့ပါ။ ရုတ်တရက် ရှေ့မှာလာရပ်ပြီး သူတို့ရဲ့ ရဲဝန်ထမ်းကဒ်ဖွင့်ပြလို့ နိုင်ငံခြားသားကဒ် ထုတ်ပြပါလို့ ပြောတာမျိုး။ သူနဲ့အတူသွားတုန်း ၂ခါလောက် ကြုံဘူးတယ်။ ပြီးရင်ဘယ်သွားမှာလဲပေါ့။ ရှောင်တခင်စစ်တဲ့သဘောပါ။ ဒီဘူတာမှာ နိုင်ငံခြားအသွားအလာများလို့ တရားဝင်နေတာ ဟုတ်/မဟုတ် စစ်တယ်။ သူကတော့ နိုင်ငံခြားသားကဒ်အပြင် အလုပ်လုပ်နေတဲ့ ကုမ္ပဏီကဒ်ပါထုတ်ပြလိုက်တယ်။ တခါတလေ နိုင်ငံခြားသားကဒ်ထုတ်ပြလဲ ဘာလုပ်နေလဲ ဘာညာမေးခွန်းတွေက လာသေးတယ်လေ။ အဲဒီတော့ တခါထဲ ကုမ္ပဏီကဒ်တွဲပြလိုက်ရင် ဘာမှမမေးတော့ဘူး။ ပြီးခဲ့တဲ့ တခေါက်သွားတုန်းကတော့ ရဲလာမမေးဘူး။ မနေ့က တယောက်ထဲသွားတော့လဲ လာမစစ်ဖူးရယ်။ ကိုယ်ကတောင် သူတို့ကိုမတွေ့လို့ ဘယ်နားက ပေါ်လာမလဲလို့ တချက်ရှာကြည့်လိုက်မိသေးတယ်။ :D

ခုရက်ပိုင်းမှာ နေလို့လဲမကောင်းပါဘူး။ ဟိုနာလဲနာ ဒီနားလဲနာ တကိုယ်လုံးမနာ ကွက်တိကွက်ကြားနာဖြစ်နေတာ။ ဖျားမလိုဖြစ်ရာကနေ အချိန်မှီဆေးသောက်လိုက်တော့ မဖျားဘဲ အစွယ်အပွါးဖြစ်တဲ့ နှာစေးချောင်းဆိုးက ကျန်နေတယ်။ ရာသီဥတုကလဲ တနေ့ရွှေ တနေ့ငွေနဲ့။ ဒီကြားထဲ မိုးပါရွာတော့ နှာစေးက မပျောက်နိုင်ဘူး။ မျက်လုံးတွေလဲ ပူလာတယ်။ ဆေးတော့ သောက်ပေမယ့် ကိုယ့်ကိုယ်ထဲကပိုးကဘဲ အသက်ရှည်တာလား ဂျပန်ကဆေးကဘဲ ပျော့တာလားမသိ မပျောက်နိုင်သေးဘူးရယ်။ သွားမယ့်နေ့ မတိုင်မီ မိုးလေဝသကြည့်တော့ မိုးဖွဲဖွဲရွာမယ် လေလဲပြင်းမယ် အေးမယ်ဆိုတော့ အင်္ကျီအထပ်ထပ်အပြင် "ဟော့ကအိရို့"လို့ခေါ်တဲ့ heater packကို ဗိုက်မှာတခု ခါးမှာတခု ကပ်လို့ လက်နက်အပြည့်အစုံနဲ့ သွားရတယ်။ အဲဒါမှအတော်ဘဲ။

ရုံးမှာ သူငယ်ချင်းက ဗီဇာသက်တမ်းတိုးလျှောက် ကျမက shikakugaiလျှောက် ၂ခုလုံးပြီးသွားတော့ ကြုံတုန်း တခြားကောင်တာမှာ multiple re-entryလျှောက်လိုက်တယ်။ အဲဒါက တခါတည်း ပြီးပါတယ်။ ရိုးရိုး re-entryဆိုရင် ယန်းသုံးထောင်တန်တံဆိပ်ခေါင်းကပ်ရတယ်။ တကြိမ်ပြန်လို့ရတယ်။ multiple re-entryဆို ယန်းခြောက်ထောင်တန် တံဆိပ်ခေါင်းကပ်ရတယ်။ ကိုယ့်ရဲ့ဗီဇာသက်တမ်းအတွင်း အကြိမ်ကြိမ်ပြန်လို့ရတယ်ဆိုတော့ multiple re-entryဘဲ လျှောက်ထားလိုက်တယ်။ ပြန်ဖြစ်တာ မပြန်ဖြစ်တာကတပိုင်း၊ ရှိထားတော့ ပြန်မယ်ဆို လိုအပ်တဲ့ အလုပ်တခုရှင်းထားတာပေါ့။

အဲဒီကအပြန် နေ့လည်၁နာရီကျော်နေပြီမို့ ဘူတာနားမှာ စားစရာဆိုင်ရှာပါတယ်။ ရှီနဂါဝဘူတာနဲ့ ဆက်ရက် "အတိုရဲ" (atré)ဝင်ကြည့်တာ ဆိုင်တွေက ဘားပုံစံချည်းနဲ့ ဈေးလဲသိပ်သက်သာတာမို့ အေးအေးဆေးဆေး ထိုင်လို့ရမယ့် ဆိုင်လိုက်ရှာတယ်။ သူငယ်ချင်းက ဖုန်းကနေ ဆိုင်ရှာပြီး google map ကတဆင့် လျှောက်သွားတယ်။ မိုးရွာထဲ ဟိုလည် ဒီလည်နဲ့ တော်တော်ကြာသွားတယ်။ တကယ်ဆို ဘူတာကနေ ကုန်းကျော်တံတားလမ်းအတိုင်း လျှောက်သွားလိုက်ရင်ရတာကို အောက်ဆင်း လမ်းကူးပြီး လျှောက်ရှာနေလို့ မတွေ့တာ။ ဝင်သွားတဲ့ ဆိုင်က gusto (ガスト) ဆိုတဲ့ဆိုင်။ အဲဒီဆိုင်ခွဲလိုမျိုး အိမ်နားမှာလဲရှိပါတယ် ၂ခါ လောက် စားဖူးတယ်။ ဒါပေမယ့် ဒီ ရှီနဂါဝဘူတာနားကဆိုင်လောက် ချာတူးလန်တာ ပထမဆုံး ကြုံဖူးတယ်ပြောရမယ်။ ဆေးလိပ်မသောက်ရတဲ့ ထိုင်စရာနေရာမရှိလို့ ပထမပိုင်း ဆေးလိပ်နံ့ အတော်ခံလိုက်ရတယ်။ ၂ယောက်သား မှာပြီးသားရောက်လာတော့ သူငယ်ချင်းက တဇွန်းနှစ်ဇွန်းစားရင်း အသားလဲ မပါသလောက်ဘဲလို့ပြောတယ်။ ပြထားတဲ့ပုံနဲ့ ချပေးတာ ကွာတတ်မှန်းသိပေမယ့် ခုလို ထမင်းတပန်းကန်လုံးမှာ အသားလွှာကြော်ကို တဇွန်းသာသာလောက်သာပါတာတော့ လွန်ပါတယ်။ ပုံထဲမှာက ထမင်းတပြင်လုံးနီးပါးဖုံးနေအောင် အသားပုံနဲ့ ပြထားတာကိုး။

သူငယ်ချင်းပြောမှ ကိုယ့်ပန်းကန်ကို ကြည့်မိတယ်။ "ကင်ချီ ချီဂဲ"မှာတာ အသားလုံးဝကို မပါလာတာပါ။ ကိုယ်ဘဲမှားသလားပေါ့။ သူငယ်ချင်းက မကျေနပ်ဖူး ခေါ်ပြောမယ်ဆိုတာနဲ့ လှမ်းခေါ်ပြောမှ ဟယ် အသားမပါသွားဘူးလား ပြန်ပြင်ပေးမယ်ဆိုပြီး ယူသွားတယ်။ အထဲက ဥဒွန်းဂျုံကြာဇံပြားတုတ်တုတ်တွေက ၃မျှင်လောက် စားပြီးနေပြီ။ နဂိုကတည်းက အများကြီးမစားနိုင်လို့ နည်းတာမှာပါတယ် ၂ခါ ပြန်စားရသလို ဖြစ်သွားတယ်။ ဒုတိယတခေါက်မတော့ ပုံထဲကလိုမဟုတ်မယ့် အသားလွှာပါးပါးလေး ၄ဖတ်လောက်ပါလာတယ်။ ဥဒွန်းဖတ်တွေက မစားနိုင်တော့တာမို့ နဲနဲဘဲစားလိုက်တယ်။ တခြားအစီအငေါ်မတည့်တာလဲ အများကြီးဘဲရယ်။ နောက်မလာတော့ဘူး "ရှီနဂါဝက ဂတ်စုတို"ရေ။

အေးအေးဆေးဆေး ဆက်ထိုင်ချင်ပေမယ့်လဲ ရုံးဆင်းချိန် တိုက်ရင် ရထားကြပ်တော့မှာမို့ ပြန်လာခဲ့တယ်။ သူငယ်ချင်းက စကားတပြောပြောနဲ့ဆိုတော့ ယောင်ပြီး ကိုယ်စီးမယ့်ရထားလိုင်းဘက်လိုက်လာလို့ သတိပေးရတယ်။ ဘူတာပလက်ဖောင်းတူပေမယ့် သူနဲ့ကိုယ်က ကျောချင်းဆိုင် ဆန့်ကျင်ဘက်ကို ပြန်ရမှာလေ။ ကိုယ့်ဘက်ရထားအရင်ဆိုက်တော့ တာ့တာလုပ်ပြီး အရင်ပြန်ခဲ့တယ်။ အပြန်လမ်းမှာ ကပ်ထားတဲ့ heater packက အပူလျော့လာပြီလေ။ အိမ်နားမှာ ဈေးဝင်ဝယ်၊ အိမ်ရောက်တော့ လက်ဖက်ရည်တခွက်သောက် ဗိုက်ဖြည့်နားနေလိုက်တယ်။ ဒါကို နှာခေါင်းက တော်တော်ပိတ်ပြီး မျက်လုံးတွေပူလာလိုက်တာ။ အဖျားတော့ မရှိပါဘူး။ မအိပ်ခင် 'ဂျပန်ဆေးကလဲ အားပျော့လိုက်တာလို့' ပတွတ်ပြီး ဆေးသောက်အိပ်လိုက်တယ်။ မနက်ကျ ထမင်းဘူးလဲ မထည့်ပေးနိုင်တော့ဘူး။ ခုထိ နှာခေါင်းတပေါက်နဲ့ အသက်ရှူရတုန်း။ တဖက်က ပိတ်နေလို့။ ၂ဖက်လုံးမပိတ်တာ တော်သေးတယ် ပြောရမယ်။ နို့မို့ဆို ပါးစပ်နဲ့ ရှူနေရလိမ့်မယ်။ တပတ်ကျော်လို့ လျှောက်လွှာပြန်ကျလာရင် ရှီနဂါဝ ထပ်သွားရဦးမှာမို့ အဲဒီမတိုင်ခင် နှာပိတ်နှာမွှန်ပျောက်ချင်ပါရဲ့။

Read More...

Saturday, February 13, 2010

ချစ်တူမလေး



မနေ့က ဖေဖော်ဝါရီ ၁၂ရက်နေ့ ပြည်ထောင်စုနေ့ ည၉နာရီ ၄၅မိနစ်မှာ အမက သမီးဦးလေးကို သဘာဝအတိုင်း မွေးဖွားခဲ့တယ်။ အမေရော ကလေးပါ ကျန်းကျန်းမာမာမို့ စိတ်ချမ်းသာပါတယ်။ တူမလေးက ၆.၉ပေါင် (၃.၁ကီလို) ရှိတယ်။ အရပ်အရှည်ကတော့ မတိုင်းပေးလို့ မသိရသေးပါဘူး။ နီတာရဲလေးမို့ အသားဖြူမယ်ထင်တယ်။ အမအပြောအရ ဆံပင်မထူမပါးနဲ့ အဖေတူစွာ မျက်ရစ်မရှိဘူးတဲ့။ ကျမကြည့်တာတော့ အမနဲ့ ပိုတူပါတယ်။ မျက်နှာဝိုင်းတာရော မျက်ခုံးပုံရော။ မွေးခါစပေမယ့် သူ့ကိုဓာတ်ပုံရိုက်တော့ ရိုက်တဲ့ဘက်ကို လိုက်လှည့်ကြည့်နေတယ်လို့ မောင်လေးက ပြောတယ်။ မောင်လေးလဲ ဦးလေးဖြစ်၊ ကျမလဲ အဒေါ်ရာထူးတိုး အမေလဲ အဖွားဖြစ်ပြီ။ နယ်မှာနေတဲ့ အဖွားလည်း အဦးဆုံး မြစ်မကလေးရသွားပြီ။ အမေ့ဘက်က မွေးတဲ့ ဝမ်းကွဲတွေထဲ ကျမတို့အပါအဝင် မောင်နှမဝမ်းကွဲ၁၄ယောက်လုံးကို ကြီးစဉ်ငယ်စီလိုက်ရင် အမက အကြီးဆုံးပါ။ ဒါကြောင့် အမရဲ့ကလေးက "သမီးဦး မြေးဦး မြစ်ဦး"လေးပေါ့။ မနေ့ညနေကတည်းက အိမ်ကို ဖုန်းခေါ်လိုက် အခြေအနေမေးလိုက်နဲ့ လည်ပင်းရှည်နေမိတယ်။ ည၂နာရီ ခွဲမှာ အမနဲ့ ဖုန်းပြောလိုက်ရတာကြောင့် စိတ်အေးလက်အေး ဖြစ်သွားတယ်။ မနက်နိုးတာနဲ့ မောင်လေးပို့လာမယ့် ဓာတ်ပုံကို မျှော်နေမိတာ။ တူမအချောပုံလေးကို ကြည့်မဝဘူး။ ကျမတို့အားလုံးမှာ အိမ်ခေါ်အမည်သပ်သပ်စီရှိတာကြောင့် တူမလေးအတွက် အိမ်ခေါ်အမည် စဉ်းစားလိုက်ဦးမယ်။ ကျမရဲ့ အိမ်ခေါ်အမည်ကလည်း အဒေါ်တွေပေးထားတာတဲ့လေ။

Read More...

Thursday, February 4, 2010

မှန်းချက်နဲ့ နှမ်းထွက်


ယောင်ခြောက်ဆယ် ခုနှစ်ဆယ် ရှစ်ဆယ်နဲ့ အချိန်ဖြုန်းနေတဲ့အတောအတွင်း ဂျပန်စာ စာမေးပွဲရဲ့ ရလာဒ် အကြောင်းကြားစာ ရောက်လာတယ်။ schedule ထဲမှာ ဖေဖော်ဝါရီ လလယ်လောက်မှ အကြောင်းကြားမယ် ရေးထားလို့ နောက်တပတ်ထဲမှာ သိရလောက်မယ် ထင်ထားတာ။

အောင်မယ်လို့တော့ မျှော်လင့်ထားပါတယ်။ အမှတ်ကိုဘဲ သိချင်ခဲ့တာ။ စာမေးပွဲပြီးပြီးချင်းကနေ ၂ရက်လောက်က သူငယ်ချင်းပြောပြတဲ့ တရုတ်ဆိုက်တွေမှာ စာမေးပွဲပြီးပြီးချင်း တဖြည်းဖြည်းနဲ့ မေးခွန်းတွေ (တရားမဝင်)တင်ထားပေးတာမို့ အဲဒီမှာ သွားရှာဖတ်ပြီး အမှတ်တွက်ကြည့်နေခဲ့တာ။ ခန်းဂျီး Vocabulary က တွက်ထားတဲ့အတိုင်း ကွက်တိ ၇၃မှတ်ရတယ်။ Reading Garammar က ကိုယ်ရွေးခဲ့တဲ့ အဖြေကို ပြန်မမှတ်မိလို့ ၁၄၅မှတ်လောက်ရမယ် မှန်းထားတာ ၃မှတ်တိုးပြီး ၁၄၈မှတ်ရတယ်။

Listeningက ၂ပိုင်း ရှိတာ ပုံမပါတဲ့ မေးခွန်းတွေကို အဖြေမှတ်မိပေမယ့် ပုံနဲ့တွေကို သိပ်မမှတ်မိဘူး။ တရုတ်ဆိုက်ကလည်း ပုံနဲ့မေးခွန်းကို စကားပြောနဲ့ အဖြေသာ တင်ထားပေးပြီး ပုံမရှိတာမို့ ဘယ်ပုံကို ရွေးခဲ့မှန်း မမှတ်မိပါဘူး။ စာမေးပွဲပြီးတာနဲ့ မှတ်ထားသမျှတွေ ခေါင်းထဲက ထုတ်ပစ်လိုက်တဲ့ အကျင့်ကြောင့်လဲ ပါပါတယ်။ ဒါကြောင့် မှန်းခြေအနေနဲ့ အနဲဆုံး ၇၆မှတ် အများဆုံး ၈၃မှတ်လို့ တွက်ထားခဲ့တယ်။ အမှတ်၄၀၀ဖိုးမှာ စုစုပေါင်း ၂၉၄မှတ်လောက် တော့ ရမယ်မှန်းထားခဲ့ပါတယ်။

မထင်မှတ်ဘဲ Listening အမှတ်၉၀ရတာမို့ အံ့ဩသွားမိတယ်။ အဲလောက်ဖြေနိုင်ခဲ့တာလဲမဟုတ်တော့လေ။ တချို့မေးခွန်းတွေဆို ရှေ့မေးခွန်းမှာ စိတ်ကကျန်ခဲ့လို့ နောက်မေးခွန်းကို တဝက်လောက် လွတ်သွားတာတွေ အများကြီး ရှိတယ်။ အမှန်းနဲ့ရွေးခဲ့တာ ကံကောင်းသွားပုံရပါတယ်။ Listeningဖြေလို့ရရခြင်းရဲ့ နောက်တချက်က တီဗီကကြည့်လွန်တာလဲ ပါတယ်။ အိမ်မှာ တယောက်ထဲမို့ တိတ်ဆိတ်နေမှာစိုးလို့ ကြည့်ကြည့် မကြည့်ကြည့် တီဗီကို ဖွင့်ထားဖြစ်တယ်။ မနက်ပိုင်းဆို သတင်း၊ နေ့လယ်ပိုင်းကို ဇာတ်လမ်း၊ ညနေပိုင်းသတင်း၊ ညဘက် ဉာဏ်စမ်းအပါအဝင် အစီအစဉ်အမျိုးမျိုး နေ့တိုင်းပါပဲ။ ဘလော့ရေး ဘလော့ဖတ်လည်း တီဗီရှေ့မှာပါဘဲ။ ဒီတော့ သေချာမကြည့်ဖြစ်တာတောင် ဂျပန်လို ပြောသံက မပြတ်ကြားနေရပါတယ်။

လွှင့်သမျှအားလုံး နားလည်တာတော့မဟုတ်ပါဘူး။ ဘာပြောမှန်း နားမလည်တာတွေ အများကြီးပါ။ ကိုယ့်ဘာသာ အမှန်းနဲ့ ဒါကိုဆိုလိုတာဖြစ်မယ်လို့ တွေးယူပြီး သဘောပေါက်လိုက်တာပါ။ အရင်ကဆို ဂျပန်သီချင်းတွေလည်း နားထောင်ဖြစ်တယ်။ သီချင်းနားထောင်ရင် မသိတဲ့စာသားရဲ့ အဓိပ္ပာယ်ကို ရှာရင်း စာလုံးအသစ်တွေ သိရပါတယ်။ ဒီနောက်ပိုင်း အရင်ကလို တကူးတကရှာပြီး နားထောင်တာ သိပ်မလုပ်ဖြစ်တော့ဘူး။ တခါတလေမှ ကိုယ်ကြည့်တဲ့ အစီအစဉ်မှာ တီဗီကလွှင့်တာနဲ့ ကြုံမှ ကြည့်ဖြစ်တော့တယ်။

ဂျပန်ကာတွန်းကားလည်း ကြုံကြိုက်ရင် ကြည့်တယ်။ မြန်မာမှာတုန်းက ကာတွန်းကားဆို pixar က ထုတ်တဲ့ 3Dကာတွန်းကားတွေ မပြတ်ကြည့်တယ်။ တခါ လမ်းဘေးဆိုင်က 3Dကာတွန်းကား DVDဝယ်ရင်း အဲဒီထဲမှာ ဂျပန်ကာတွန်းကား တခုပါလာတယ်။ ပထမဆုံးကြည့်ဖြစ်တဲ့ ဂျပန်ကာတွန်းရုပ်ရှင်လို့ ပြောရမှာပါ။ Spirited Away ဆိုတဲ့ "ဆဲန် နဲ့ ချိဟိရို့ ရဲ့ နတ်ဖွက်ခြင်း" (千と千尋の神隠し - Sen to Chihiro no Kamikakushi) ဆိုတဲ့ကားပါ။ အဲဒီကနေ ဂျပန်ကာတွန်းတွေကို စိတ်ဝင်စားလို့ ကြုံရင်ကြည့်ဖြစ်လာတယ်။

ကာတွန်းကားကြည့်တဲ့အကြောင်းရေးတာက စာမေးပွဲနဲ့ ဘယ်လိုဆိုင်လဲဆို ဒီနှစ် Listening ရဲ့ ပုံမပါတဲ့ မေးခွန်းတခုမှာ သိပ္ပံကာတွန်းကားရဲ့ တစိတ်တပိုင်းလို စကားပြောတဲ့ မေးခွန်းပါပါတယ်။ ကာတွန်းကားဆိုတော့ ပုံမှန်အသံလဲ မဟုတ်ပါဘူး။ ဂျပန်ကာတွန်းကား မကြည့်ဖြစ်သူအတွက်ဆို စကားသံ စထွက်လာတာနဲ့ ပြာသွားနိုင်ပါတယ်။ ကိုယ်တိုင်တောင် ဟဲ့!ဘာပါလိမ့်လို့ ဖြစ်သွားပါသေးတယ်။ ဒီလင့် http://mymedia.yam.com/m/2972781 မှာ နားထောင်လို့ရပါတယ်။ အဲဒီမေးခွန်းလဲပြီးရော စာမေးပွဲအခန်းထဲ ရီသံတချို့နဲ့ ရေရွတ်သံတွေ ထွက်လာပါတယ်။ ဒီမှာရောက်နေသူအဖို့တော့ ဟာသဖြစ်နေမှာပါ။ ဂျပန်ကာတွန်းကား ကြည့်နေကြမဟုတ်သူအတွက်တော့ ဘာကိုလိုက်နားထောင်ရမှန်းမသိသလို လွတ်သွားနိုင်ပါတယ်။

ဒီတော့ လိုရာဆွဲပြောရရင် တီဗီကြည့်လိုက် ကာတွန်းကားကြည့်လိုက် လုပ်တာဟာလည်း စာမေးပွဲအတွက် အထောက်အကူရတယ် ဆိုတာပါ။ စာမေးပွဲအောင်တာနဲ့ စာတတ်သွားပြီလားဆိုတော့ မဟုတ်ပါဘူး။ စာမေးပွဲပြီးတာနဲ့ စာအုပ်တွေ စာအုပ်စင်ထဲ သပ်သပ်ရပ်ရပ် ပြန်ရောက်ကုန်ပါပြီ။ စာဆိုတာ ဖတ်မနေရင် မေ့သွားတာမျိုးမို့ ခုနေ ပြန်ဖြေကြည့်ရင်တောင် အောင်မယ်လို့ တထစ်ချ မပြောနိုင်ပါဘူး။ တနေ့နဲနဲ စာဖတ်နိုင်အောင်လုပ်မယ်လို့ စိတ်ကူးပေမယ့် ဖတ်တရက် မဖတ်ဆယ်ရက်နဲ့ပါ။ ကျက်ထားမှတ်ထားတဲ့စာလေးတွေ လုံးလုံးမမေ့ခင်တော့ ပြန်ဖတ်ဦးမှပါလေ။

Read More...

Wednesday, December 9, 2009

ဂျပန်စာ ဂျပန်စကား


တကယ်ဆို တခါမှ ဂျပန်စာသင်ယူဖို့ ဂျပန်လာဖို့ဆိုတာ မတွေးမိခဲ့ပါဘူး။ ဆယ်တန်းဖြေပြီးတုန်းက သူငယ်ချင်းတွေနဲ့အတူ ဝေးလားဝါးလားလုပ်ပြီး ဘုရားကျောင်းမှာဖွင့်ထားတဲ့ အင်္ဂလိပ်စာlibiaryကို သွားပြီး ယောင်ခြောက်ဆယ်လုပ်ဖူးပါတယ်။ နယ်မှာက ဘာသာစကားနဲ့ ပတ်သက်တဲ့သင်တန်းဆိုတာ မရှိသလောက်ပါဘဲ။ ပြီးတော့ တခြားဘာသာစကားဆိုရင် အင်္ဂလိပ်စာကိုဘဲ မြင်မိတာလည်း ပါပါတယ်။ ရန်ကုန်မှာ တက္ကသိုလ်တက်ဖြစ်တော့ ပထမနှစ်မှာ စာများလွန်းလို့ တခြားစာလုပ်ဖို့ ဘယ်လိုမှ မစဉ်းစားခဲ့ပါဘူး။ ဒုတိယနှစ်မှာ ကျောင်းက လှည်းတန်းနားကနေ မြောက်ဥက္ကလာဘက် ရောက်သွားပါတယ်။

အဲဒီဘက်က ဘုန်းကြီးကျောင်းတကျောင်းမှာ ပညာဒါနဆိုပြီး ဘာသာစကားတွေ အခမဲ့ သင်ပေးပါတယ်။ အဆောင်နေသူငယ်ချင်းတွေက ကျောင်းပိတ်ရက်ဆို အင်္ဂလိပ်စာသင်တန်းကို သွားတက်ကြတယ်။ ကျမကတော့ စိတ်မဝင်စားလို့ မသွားပါဘူး။ အတင်းခေါ်တာနဲ့ အားနာပါးနာ ၂ခါလောက်သွားပြီး လုံးဝမသွားတော့ပါ။ ယူတတ်ရင် ပညာရတယ်ဆိုပေမယ့် ကိုယ့်အတွက် first impression မှာတင် ကိုယ်နဲ့မကိုက်ဘူးဆိုတာ သဘောပေါက်ပြီးသားပါ။ နောက်တော့ သူငယ်ချင်းတွေ မယ်လမုဘုရားရှိတဲ့နားလို့ထင်ပါတယ်၊ အဲဒီဘက်က ပညာဒါနစာသင်ကျောင်းမှာ သွားတက်ကြပြန်တယ်။ အင်္ဂလိပ်စာအပြင် ဂျပန်စာလည်းတက်ကြတယ်။ ကျမကို ခေါ်ပေမယ့် မလိုက်ရေးချ မလိုက်ပါ။ နီးနီးနားနားကိုတောင် မသွားတာ busကြပ်ပိပ်သိပ် စီးပြီးသွားဖို့အရေး ပိုတောင်မတွေးသေးပါ။

စနေ တနင်္ဂနွေဆို အဆောင်မှာ နှပ်ပြီးကျန်နေခဲ့တယ်။ သူငယ်ချင်းတွေက တခွန်းစ ၂ခွန်းစ ဂျပန်လိုပြောကြ နှုတ်ဆက်ကြတာကြားတော့ သူတို့ကြား ကိုယ်က နောက်ကျကျန်ခဲ့သလို ခံစားရပါတယ်။ အင်္ဂလိပ်စာဆိုလည်း အဲဒီကတည်းက မလုပ်ဖြစ်တော့တာ ခုထိပါ။ သူငယ်ချင်းတွေလဲ တနှစ်ကျော်ကျော်လောက် တက်နေကြပါသေးတယ်။ နောက်ပိုင်းကျ အကြောင်းအမျိုးမျိုးနဲ့ မသွားကြတော့ဘူး။ အဲဒီအတောအတွင်း အိမ်ကြီးရှင်က သူ့ကုမ္ပဏီပိုင်ရှင်ရဲ့ တိုက်တွန်းမှုနဲ့ ဂျပန်စာစလုပ်ဖြစ်တယ်။ လေးငါးလလောက်လုပ်ပြီး လယ်ဗယ်၁ကိုဖြေဖို့ လုပ်ပါတယ်။ တခါထဲနဲ့ လယ်ဗယ်၁ဖြေတာ pressureများလွန်းတယ်လို့ ကုမ္ပဏီပိုင်ရှင်ကပြောမှ လယ်ဗယ်၂ကို ဖြေတော့တယ်။ အဲဒါပြီးတော့ ကွန်ပြူတာဘဲ ဆက်လုပ်နေရာက လယ်ဗယ်၁ဖြေမယ်ဆိုပြီး ဂျပန်စာ ပြန်လုပ်ပြန်ပါတယ်။

အဲဒီအခါ သူ့ဘာသာသူသာမက ကိုယ့်ဘာဆွဲထည့်လာတယ်။ သူသင်ပေးမယ် လယ်ဗယ်၎ဖြေတဲ့၊ ဘာမှမခက်ဘူး လွယ်လွယ်လေးတဲ့။ တကယ်ဆို နောက်ဆုံးနှစ်စာမေးပွဲနဲ့ နီးပြီမို့ မသင်ချင်ပါဘူး။ သို့ပေသိလည်းပေါ့ သင်ပေးမယ့်သူက သင်ပေးမယ်ဆိုမှတော့ သင်ရတာပေါ့။ သင်နေရင်း အခန်းတဝက်လောက်လည်းရောက်ရော သင်တန်းတက်ခိုင်းပါလေရော။ ရှုံ့ချီနှပ်ချီနဲ့ တက်ရပါတယ်။ ဒါတောင် basicအတန်းက ဖွင့်တာ နှစ်ပတ်ကျော်နေပြီမို့ ဆရာက လက်မခံချင်ပါဘူး။ ဟီရဂန ခါတခနတတ်တယ်ပြောမှ လက်ခံပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ရက် မနက်ပိုင်းမို့ သောကြာဆို မနက်ဆို မြို့ထဲကနေ မြောက်ဥက္ကလာကို ကျောင်းကအတန်းအမှီပြေးရတာမို့ အတော်ကသီပါတယ်။ တခါတလေ ဆရာမက စောဝင်ပြီး သင်သွားတာမို့ ရောက်ရင် အတန်းက ပြီးသွားနှင့်ပြီ။

ဒီလိုနဲ့ဘဲ ဒီဇင်ဘာထဲရောက်လာတယ်။ Finalစာမေးပွဲက နီးပြီမို့ အပတ်တိုင်းလိုလို ကျောင်းမှာ စာမေးပွဲတွေ ဆက်နေပါတယ်။ နှစ်စဉ် ဒီဇင်ဘာ ပထမပတ်ရဲ့ တနင်္ဂနွေမှာ ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲလုပ်ပါတယ်။ ဂျပန်စာ စာမေးပွဲမတိုင်ခင် ကျောင်းမှာလဲ စာမေးပွဲရှိတာမို့ အတော်စိတ်ပင်ပန်းရပါတယ်။ ဂျပန်စာ အခြေခံစာအုပ်လဲ သင်လို့မပြီးသေးပါဘူး။ listeningကျင့်ဖို့ဆိုတာက အတော်ဝေးပါတယ်။ သူများတွေက စာမေးပွဲအတွက် practiceအတန်း တွက်ပြီး ကျင့်နေပေမယ့် ကျောင်းအချိန်နဲ့ အဆင်မပြေတာကြောင့် မတက်ဖြစ်ပါဘူး။ စာမေးပွဲမဖြေခင်ရက်မှာ အိမ်ကြီးရှင်ဖြေခိုင်းလို့ မေးခွန်းဟောင်းတစုံဖြေကြည့်တာ အမှတ်တွက်တော့ မအောင်ပါဘူး။ ဒီအဆင့်လေးတောင် မရဘူးလားလို့ အဆူခံရတယ်။ ကိုယ့်ဘာသာ ကျောင်းစာများလို့ ခေါင်းခြောက်ရတဲ့အထဲ သူလုပ်ခိုင်းလို့လဲ လုပ်ရသေး အဆူလဲခံရမို့ စိတ်လဲတို ငိုလဲငိုချင်ပါတယ်။ နောက်တစုံ ထပ်ဖြေခိုင်းတာမို့ ဖြေပြီး ကိုယ့်ဘာသာ အမှတ်တွက်ကြည့်တာ အောင်ပါတယ်။ သူ့ကိုပြောမှ အရင်တစုံကို အမှတ်မှားတွက်ထားလို့ မအောင်တာဖြစ်နေတယ်။ နောက်ထပ် တစုံထပ်ဖြေရင်း စာမေးပွဲအတွက် practiceက အဲဒါသာ လုပ်လိုက်ရပါတယ်။

ကိုယ်လုပ်နိုင်တာ ဒီလောက်မို့ ဒီထက်လဲ ပိုမလုပ်နိုင်တောပါ့ဘူး။ စိတ်တွေလဲရှုပ် ခေါင်းတွေလဲကိုက်ရင်း လယ်ဗယ်၎ ဝင်ဖြေဖြစ်ခဲ့တယ်။ အမှတ်အကောင်းကြီးလဲ မဟုတ် အဆိုးကြီးလဲမဟုတ်ဘဲ အောင်ခဲ့ပါတယ်။ အဲဒါပြီးတော့ finalတန်းဖြေပြီး နယ်ပြန်နားနေတာမို့ ဂျပန်စာ ဆက်မလုပ်ဖြစ်ပါဘူး။ ရန်ကုန်ပြန်ရောက်တော့ လယ်ဗယ်၃နဲ့ဆိုင်တဲ့အတန်းက မဖွင့်သေးတာနဲ့ လပ်ယားစိန်လုပ်ပြီး နေပါတယ်။ သူငယ်ချင်းတွေက အလုပ်ဝင်နေကြပေမယ့် အိမ်ကြီးရှင်က မလုပ်ရဘူး ဒီလာဖို့အတွက် ဂျပန်စာဆက်လုပ်ပါဆိုလို့ ဟိုလိုလိုဒီလိုလိုနဲ့ ဂျပန်စာ သင်တန်းဘဲ ဆက်တက်နေခဲ့ပါတယ်။ ဒီလိုနဲ့ လယ်ဗယ်၃ ပြီးတော့ လယ်ဗယ်၂ အောင်ခဲ့တယ်။ ၂နှစ်နီးပါ ဂျပန်စာချည်းလုပ်လာရတော့ အီလာတယ်၊ ငြီးငွေ့လာတယ်။ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေကို မြင်ပြီး အားကျတယ်။

အဲဒါအပြင် လယ်ဗယ်၁ကို ဖြေဖို့ ကြောက်တာလည်းပါတယ်။ လယ်ဘယ်၃နဲ့ ၂ကြားက gapက အတော်ကွာသလို ၂နဲ့ ၁ကြားကလဲ ကွာလွန်းပါတယ်။ အောင်မှတ်ကလဲ ကွာသွားပါတယ်။ ၄ကနေ၂အထိက အမှတ်(၄၀၀)မှာ ၆၀%ကျော်ရင် အောင်ပေမယ့် လယ်ဗယ်၁ကတော့ ၇၀%ကျော်မှ အောင်တာပါ။ ငယ်ငယ်ကနေ ဆယ်တန်းအထိ ဖြေဘူးတဲ့ စာမေးပွဲအားလုံး အောင်မှတ်က ၄၀၊ တက္ကသိုလ်ရောက်တော့ ၅၀၊ ဂျပန်စာ စလုပ်တော့ ၆၀ တဖြည်းဖြည်း မြင့်တက်လာတယ်။ လယ်ဘယ်၁က ၇၀%အထက်ဆိုတာတောင် အမှတ်(၄၀၀)ဖိုးက ခွဲမေးတာပါ။ ခန်းဂျီး+vocabulary ဆို အမှတ်၉၀ဖိုးမေးပြီး ၁၀၀မှာဘယ်လောက်၊ listening ဆို ၃၀ဖိုးမေးပြီး ၁၀၀မှာဘယ်လောက်၊ reading & grammar ဆိုလည်း ၁၉၀ဖိုးမေးပြီး ၂၀၀မှာ ပြန်တွက်တာမို့ တပုဒ်မှန်ရင် အမှတ်များနိုင်သလို မှားရင်လည် အများကြီး လျော့ပါတယ်။ စာလုပ်ဖို့ ရှောင်ပြေးချင်တာရော အလုပ်လုပ်ချင်တာကြောင့် အလုပ်လျှောက်လိုက်တာ ရသွားတာမို့ အဲဒီကစပြီး ဂျပန်စာနဲ့ အဆက်အသွယ် ပြတ်ပြန်ပါတယ်။

ဒီလည်းရောက်ရော culture shock အပြင် ဂျပန်စာလည်း ဒွတ်ခ ရောက်ပါတယ်။ စာအုပ်ထဲမှာ သင်တဲ့စာနဲ့ လက်တွေ့မှာ ပြောတာ မတူပါဘူး။ ပြောရရင် မြန်မာစာလိုပါဘဲ။ စာအုပ်ထဲမှာ "ဘာဖြစ်ပါသည် ညာဖြစ်ပါသည်" ဆိုတာ စကားပြောရင်မှ မသုံးတာလေ။ အဲဒီတော့ တော်တော်ကြီး စိတ်ဓာတ်ကျပါတယ် ဒီလောက်စာတွေလုပ်ထားတာတောင် ရေရေရာရာ နားမလည်လို့ပါ။ အလုပ်လဲ မလုပ်ရ ဒီလိုဘဲ အချိန်တွေဖြုန်းရင်း အင်တာနက်ထဲကတဆင့် အိမ်နားမှာ ဗော်လန်တီယာ ဂျပန်စာသင်ပေးတဲ့အတန်းတွေ ရှိတယ်ဆိုတာသိပြီး သွားဖြစ်ခဲ့တယ်။ အဓိကက စကားပြောဖြစ်ဖို့ပါ။ ကိုယ့်ဘာသာ နားထောင် စာဖတ်က ဖြစ်နိုင်ပေမယ့် စကားကျတော့ တဖက်က ပြောမယ့်သူရှိမှ ဖြစ်မှာလေ။ အဲဒီရောက်တော့ ကိုယ့်စကားပြောတဲ့ လယ်ဗယ်က ဘယ်လောက်ဆိုးလဲဆို basicဖြစ်တဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်စကားတောင် မှန်အောင်မပြောနိုင်ပါဘူး။ ပြောမယ်ဆို စကားလုံးတွေက တောင်တလုံး မြောက်တလုံးနဲ့ ဝါကျမမှန်ဘူးလေ။

အတန်းမှာလည်း formဖြည့်ရင် ဂျပန်စာ ဘယ်လယ်ဗယ်လောက်အထိသိလဲ ရေးရတယ်။ အဲဒါကို ကြည့်ပြီး group လုပ်ပေးတာပါ။ အဲဒီတုန်းမှာ လယ်ဗယ်၂အောင်ထားတာ ကျမတယောက်ထဲမို့ groupမရှိဘဲ ဆဲန်းဆေးနဲ့ တယောက်ထဲစသင်ရတယ်။ ဗော်လန်တီယာအတန်းဆိုတာ စာမေးပွဲအတွက် သင်ပေးတာမျိုးမဟုတ်ပါဘူး။ ဂျပန်ရောက်နေတဲ့ နိုင်ငံခြားသားတွေ ဘာသာစကား အခက်အခဲကို ကူညီပေးဖို့နဲ့ ဂျပန့်ယဉ်ကျေးမှုတချို့နဲ့ ရင်းနှီးစေဖို့ပါ။ ကျမအတွက်တော့ စာသင်ရဖို့ထက် Conversationက အဓိကပါ။ တယောက်ထဲ သင်ရရင်း လယ်ဗယ်၂အောင်ထားတဲ့ ကိုးရီးယားမလေးရောက်လာတာမို့ အဖော်ရသွားတယ်။ သူက လယ်ဗယ်၁ဖြေဖို့ ဂျပန်စာ သင်တန်းကျောင်းမှာ အတန်းတက်နေတယ်ပြောတယ်။

ဒီမှာရှိတဲ့ ဂျပန်စာကျောင်းတွေမှာ လပြတ်တက်လို့ရတဲ့ အတန်းတွေရှိပါတယ်။ ဒါပေမယ့် ဂျပန်စာအတန်းကို ဂျပန်မှာ တက်ရင် ဈေးကြီးလွန်းတယ်။ ၃လပြတ်တတန်းဆိုရင် မြန်မာပိုက်ဆံနဲ့ဆို ၁၅သိန်းအထက် ရှိပါတယ်။ ကိုးရီးယားမလေးက ဖြေပါလား ပြောပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာကြောင့် မဖြေပါဘူး။ အတန်းမှာ တနှစ်၂ခါ group ပြောင်းပါတယ်။ ကိုးရီးယားမလေးက နိုင်ငံပြန်သွားတော့ နောက်တခါကျတဲ့ groupက တရုတ်သူငယ်ချင်း၂ယောက်ပါ။ သူတို့တွေက လယ်ဗယ်၁အောင်ထားပြီးသားသူတွေပါ။ အရင်က တောက်လျှောက် အေးဆေးနေလာခဲ့သမျှ အဲဒီအခါမှ ချွေးပြန်ရတော့တာ။ ကိုယ့်ထက် လယ်ဗယ်မြင့်တော့ ဖတ်ရတဲ့ စာတွေကလည်း ခက်တယ်။ အဲဒီအချိန်မှာ စာမလုပ်တာ ကြာတာမို့ ကိုယ့်လယ်ဗယ်က ၂လို့တောင် ပြောမရအောင် အတော်ကျနေပြီ။ ပြီးတော့ အဲဒီ ၂ယောက်ထဲက တယောက်က တမျိုးပါဘဲ။ စောင့်သင်ရတာမျိုးဆို စိတ်မရှည်တဲ့ အမူအယာတွေလုပ်ပါတယ်။

နောက်တယောက်ကတော့ အတော်သဘောကောင်းတယ်။ သူနဲ့ အတော်ခင်ပါတယ်။ တကယ့်မြန်မာသူငယ်ချင်းလို ပေါင်းလို့ရတယ်။ စိတ်ထားလဲ ရိုးတယ်။ သူက ဂျပန်ရောက်ပြီး မကြာခင်မှာဘဲ လယ်ဗယ်၁ကို အမှတ်အများကြီးနဲ့ အောင်ထားတာမို့ သူ့ကို မေးရပါတယ်။ သူက ဂျပန်စာကျောင်းမှာ ၃လတက်ပြီး စာလုပ်ပါတယ်တဲ့။ နောက် အဲဒီနှစ်က လယ်ဗယ်၁ဖြေမယ်ဆိုတဲ့ တခြား ကိုးရီးယားသူတယောက်ကို မေးတော့လည်း ကျောင်းတက်ပြီးဖြေမှာတဲ့။ အိမ်ကြီးရှင်ကို အဲဒါပြောတော့ သူက အားပေးရှာတယ် "ဂျပန်ရောက်နေတာဘဲဟာ ဂျပန်စာတတ်ချင်ရင် ကိုယ့်ဘာသာကျက်တဲ့ ဒီကဂျပန်စာကျောင်းတက်ဖို့တော့ မတန်ဘူးတဲ့" (ဟွန့်!) သူပြောတာလည်း ဟုတ်ပါတယ်။ မတန်မှန်း ကိုယ့်ဘာသာ သိတယ်။ ကိုယ်တိုင်လဲ စာပြန်လုပ်ဖို့ အဲလောက်ကြီး အားမသန်ပါဘူး။ ဒီလိုနဲ့ အချိန်တွေကုန်ပြန်တယ်။

နောက်တော့ မြန်မာပြည်မှာ ဂျပန်စာအတန်းတက်တုန်း ခင်ခဲ့တဲ့ သူငယ်ချင်း ဒီရောက်လာပြီး အဆက်အသွယ်ရတယ်။ သူက ဒီနှစ် (၇)လပိုင်းမှာ ဂျပန်စာလယ်ဗယ်၁ဖြေဖို့ ကိုယ့်ဘာသာ စာလုပ်နေတယ်ပြောတယ်။ ကျမကတော့ စာမေးပွဲဖြေဖို့ ကိုယ့်ဘာသာ အစအဆုံးပြင်ဆင်ကျက်မှတ်ဖို့ရာ မတွေးခဲ့ပါဘူး။ အမြဲတန်း သင်တန်းတက်ပြီးမှ ဖြေခဲ့တာကိုးလေ။ သူငယ်ချင်းကအောင်သွားပြီး ကျမကို စာပြန်လုပ်ကြည့်ပါလား တိုက်တွန်းလာတယ်။ အောင်တာ/မအောင်တာထက် ကိုယ့်လယ်ဗယ်ကို စမ်းသပ်ကြည့်ပါတဲ့။ စာကို ဟုတ်တိပတ်တိမလုပ်တာ ၃နှစ်တောင် ရှိခဲ့ပြီ။ တွေဝေနေခဲ့တယ်။ အရင်ကလည်း စာမေးပွဲဝင်ဖြေမယ် စိတ်ကူးလိုက် ၅လလောက် အလိုရောက်ရင် မဖြစ်ပါဘူးဆိုပြီး စိတ်လျှော့ပြီး နောက်နှစ်မှ ဆိုပြီး ရွှေ့လာခဲ့တာ။ ခုမှ ပြန်လုပ်လို့ ရပါ့မလားလေ။

မရေမရာစိတ်ကူးနဲ့ လျှောက်လွှာဝယ်လိုက်တယ်။ အဲဒီနေ့က စာမေးပွဲမတိုင်ခင် ၃လ တိတိ။ တွေးကြည့်ရင်တော့ အတော်ခက်ပါတယ်။ ခန်းဂျီးနဲ့ အသိုင်းအဝိုင်းနိုင်ငံဖြစ်တဲ့ တရုတ်တွေ ကိုးရီးယားတွေအတွက်တော့ ဒီလောက်အချိန်ဟာ ဘာမှ မဟုတ်လောက်ပေမယ့် ဗူးသီးငါးပေါင်းထုပ် ခန်းဂျီးတွေနဲ့ မရင်းနှီးတဲ့သူအဖို့ မလွယ်လှတဲ့ အချိန်ပါ။ လျှောက်လွှာဝယ်ပြီးမှတော့ ဆိုပြီး ကိုယ့်ဘာသာ စိတ်အားတင်းလို့ စာအုပ်ဆိုင်သွား စာအုပ်တွေ သွားရှာဝယ်ပါတယ်။ ဘယ်အပိုင်း အားအနည်းဆုံးလဲမေးရင် လယ်ဗယ်၂ဖြေတုန်း reading အားအနည်းဆုံးပါ။ အချိန်မမှီပါဘူး။

ခုကျ ဘာအားအနည်း ဆုံးလည်းဆို အားလုံးပါ။ ခန်းဂျီး Vocabulary Listening Reading Garammar အားလုံး အားလုံး။ စာအုပ်တွေက ဈေးမသက်သာလှသလို အရမ်းလည်း ဈေးမကြီးပါ။ ယန်း ထောင့်ငါးရာ နှစ်ထောင်ဝန်းကျင်ပါ။ CD လေးချပ်ပါတဲ့ Listeningကတော့ ယန်း၃၄၀၀ကျော်မို့ ဈေးကြီးတယ် ပြောရမယ်။ ခန်းဂျီး Vocabulary အတွက် တစ်အုပ်၊ အားနည်းတဲ့ Readingအတွက် ၂အုပ် (စာမေးပွဲသာ ပြီးသွားတယ် တအုပ်ဘဲ ဖတ်လို့ပြတ်တယ်)၊ Listeningအတွက် တစ်အုပ်၊ အကျဉ်းချုပ် တစ်အုပ်၊ ၂၀၀၈ခုနှစ် မေးခွန်းဟောင်းတအုပ် အားလုံးပေါင်း ၆အုပ်။ စာအုပ်ဖိုးချည်း ယန်း၁သောင်းကျော် ရှိပါတယ်။ ဒါပေမယ့် အဲဒါအားလုံး အလကားရတယ်လို့ ပြောလည်း ရနိုင်တယ်။ အိမ်ကြီးရှင်ရဲ့ အလုပ်က တနှစ်၂ကြိမ် ကုန်တိုက်မှာ ဈေးဝယ်လို့ရတဲ့ လက်မှတ်တွေ ပေးပါတယ်။ အဲဒါနဲ့ ဝယ်တာပါ။

အဲဒီဈေးဝယ်လက်မှတ် ဝယ်နိုင်တဲ့ နေရာတွေက မြို့လယ်ခေါင်က ကုန်တိုက်တွေမို့ တခြားဈေးကြီးပစ္စည်း ဝယ်မိတာထက် အိမ်ကြီးရှင်နဲ့ ကျမက စာအုပ်သာဝယ်ပါတယ်။ စာအုပ်က ဘယ်နားမှာ ဝယ်ဝယ် အဖုံးမှာ ပါပြီးသား သတ်မှတ်ဈေးမို့ ဈေးကွာခြင်း လျော့ခြင်း မရှိပါဘူး။ စာလုပ်စရာ လက်နက်စုံပြီမို့ စာစလုပ်ပါတယ်။ သူငယ်ချင်း အကြံပေးတဲ့အတိုင်း ipodထဲ Listening သွင်းထားပြီး အပြင်သွားရင် လမ်းမှာ နားထောင်တယ်။ လယ်ဗယ်၁ Garammar လယ်ဗယ်၂နဲ့စာရင် မများပါဘူး။ Reading ဖတ်ပြီးဖြေကြည့်တာ အမြဲတန်း တဝက်လောက် မှားပါတယ်။ ကိုယ့်အတွေးနဲ့ စာရေးသူအတွေး အဲလို ထပ်တူကျလွန်းတာပါ။ ပထမ တလလောက်မှာ အရှိန်ကောင်းကောင်းနဲ့ စာလုပ်ဖြစ်ပါတယ်။ အိမ်အလုပ်အပြင် တခြားဘာမှမရှိတာမို့ စာကျက်ချိန် အများကြီးလို့ ပြောလည်းရပါတယ်။ ဒါပေမယ့် ကိုယ့်ဦးနှောက်က လက်ခံနိုင်တဲ့အချိန်က ၃နာရီက အလွန်ဆုံးပါဘဲ။ အချိန်ကြာကြာဖတ်လို့ စာပိုရတာ မရှိဘဲ ခေါင်းတွေထူပူလာတယ်။

ခန်းဂျီးလဲ စကိုင်ရော စိတ်ဓာတ်ကျတာ ကမ္ဘာဟိုဘက်အထိ ဖောက်သွားတယ်။ ဘယ်လိုမှ မှတ်လို့မရ၊ ခုကျက် ခဏနေမေ့၊ အဲဒီကနေစပြီး စာလုပ်ပျက်လာပြန်တယ်။ သူငယ်ချင်းက သူ့ခန်းဂျီးစာအုပ်နဲ့ မေးခွန်းဟောင်းတွေ ငှါးပေးထားတယ်။ စာကျက်လို့ အာရုံမရမယ့်အတူ သူ့စာအုပ်ထဲကစာတွေ ကိုယ့်စာအုပ်ထဲပြန်ကူးရေးရင်း တခါတလေ အိမ်ကြီးရှင်ကို နားပူနားဆာ စာမေးရင်း အိယောင်ဝါးနဲ့ စာကို အဖြစ်လောက် လုပ်နေခဲ့တယ်။ အောက်တိုဘာလကုန်ခါနီးတာတောင် မကျက်မနေ ကျက်ရမယ့် ခန်းဂျီးတွေ မပြတ်သေးပါဘူး။ စာဖတ်ရင်း အဟင့်ရွှတ်ဖတ်လုပ်နေလို့ အိမ်ကြီးရှင်က အဲလောက်စိတ်ထဲ မထားပါနဲ့လို့ အကြိမ်ကြိမ် ပြောပါတယ်။ အစကတည်းက ကိုယ့်အခြေအနေသိအောင် စမ်းကြည့်တဲ့သဘောနဲ့ လျှောက်လွှာတင်ခဲ့တာဘဲလေ။ ခက်တာက ဖြေမှတော့ အောင်ချင်တာကိုး (လောဘ~လောဘ)။ တခါမှ စာမေးပွဲကျတာ မရှိဘူးတော့လည်း ကြောက်မိပါတယ်။ မဖြစ်မညစ် စာလုပ်နေရာက နိုဝင်ဘာလထဲဝင်လာမှ ခန်းဂျီးကျက်တာ ရပ်ထားပြီး မေးခွန်းဟောင်းတွေ လျှောက်ဖြေကြည့်တယ်။ အောင်နိုင်ပါ့မလားရယ်ပေါ့။ အမြဲတန်းတော့ အမှတ် (၇၀)မို့ on the marginပါဘဲ။ ကံမကောင်းရင်တော့ margin ရောက်ဖို့ သုံးလေးလှမ်းလိုပါတယ်။

စာမေးပွဲမဖြေခင်ညအထိ ခန်းဂျီးတွေ မှတ်ကောင်းတုန်းပါ။ ဒီလိုနဲ့ဘဲ စာရတယ်ရယ်လည်းမဟုတ် မရဘူးလဲမဟုတ်နဲ့ စာမေးပွဲ ပြီးသွားပါတယ်။ အိမ်ကြီးရှင်ကိုတော့ အောင်ရင် ဆုပေးပါ မအောင်ရင်တော့ အားပေးပါလို့ ပြောထားပါတယ်။ ဘုရားမှာ ဆုတော့လည်း မတောင်းချင်ပါဘူး။ လိုအပ်မှ ဘုရားကို နားပူနာဆာလုပ်တယ်လို့ ကိုယ့်ဘာသာ ခံယူထားလို့ပါ။ ကံကောင်းရင်တော့ အောင်မယ်လို့ဘဲ မှတ်ယူထားပါတယ်။ မအောင်ရင်တော့ နောက်တခါဆိုတာကြီးကို စဉ်းစားရပါဦးမယ်။ ခုက ဆိုးဆိုးရွားရွားကြီး မဖြေနိုင်တာမဖြစ်သလို အချိန်မလောက်တာလဲ မဖြစ်ခဲ့ပါဘူး။ တကယ်ဆို Readingပိုင်း အရမ်းအားနည်းတာ ဗော်လန်တီယာအတန်းက ဆရာမရဲ့ သတင်းစာ ဖြတ်ပိုင်းလေးတွေ ကော်ပီကူးပြီး ဖတ်ခိုင်းတတ်တဲ့ ကျေးဇူးနဲ့ အရင်ကထက်စာရင် နဲနဲဖတ်နိုင်လာတာပါ။ သူငယ်ချင်းကျေးဇူးနဲ့လဲ စာပြန်လုပ်ဖြစ်သွားပါတယ်။ စာလုပ်တယ် အကြောင်းပြပြီး ချက်တရက် မချက်တရက်နဲ့ ထမင်းဘူးမှန်မှန်မထည့်ပေးဖြစ်တာလဲ ဘာမှမပြောတဲ့ အိမ်ကြီးရှင်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 皆 ありがとうね :)

Read More...

Tuesday, December 8, 2009

အိမ်



ဘာလိုလိုနဲ့ ဒီအိမ်ကို ပြောင်းလာတာ ဒီလ ၅ရက်နေ့မှာ တနှစ်ရှိသွားပြီ။ ပြန်တွေးကြည့်တော့လဲ ဘာမှမကြာလိုက်သေးသလိုပါဘဲ။ အရင်နေခဲ့တဲ့အိမ်ခန်းက 1K အခန်းပါ။ ပို့စ်တခုမှာတောင် ရေးဖူးတယ်။ သူတယောက်ထဲ အရင်နေနှင့်နေတဲ့ အခန်းလေးပေါ့။ ဒီမှာအနေနဲ့ဆို 1Kက တယောက်ထဲနေရင် မဆိုးလှပါဘူး ပြောရမယ်။။ ဂျပန်ဖျာ ၆ချပ်စာ အခန်းရယ်၊ မီးဖိုချောင်နဲ့ ရေချိုးခန်း သီးသန့်ရယ်ပါ။ ၂ယောက်နေဖြစ်တော့လဲ ခိုအိမ်လေးထဲ အစပိုင်းမှာ မနေတတ်ပေမယ့် တဖြေးဖြေး နေသားကျလာပါတယ်။ ဟိုဝယ်ဒီဝယ်နဲ့ ပစ္စည်းတွေ များလာတယ်။ ခြေချစရာ နဲလာတဲ့အိမ်လေးထဲ ဧည့်သည်လာမယ်ဆို မျက်လုံးပြူးရတယ်။

ဒီလိုနဲ့ ကြာလာတော့ အိမ်ပြောင်းဖို့ စိတ်ကူးရတော့တယ်။ စာတိုက်ပုံးထဲ လာလာထည့်တဲ့ အိမ်ကြော်ငြာတွေလဲကြည့် အင်တာနက်ထဲက အိမ်ငှါးတဲ့ ဆိုက်တွေမှာလဲ လိုက်ရှာပေါ့။ လက်ရှိအခန်းနဲ့ အကျယ်သိပ်မထူးခြားတာတောင် ဘူတာနဲ့နီးလေ ဈေးက ပိုကြီးလာလေပါ။ ဒီကြားထဲ ဝယ်ရင်ကောင်းမလား စိတ်ကူးပြီး တချို့အိမ်အဟောင်းကြော်ငြာတွေကို ဖုန်းဆက်မေးကြည့်တယ်။ အသစ်ကို စိတ်မကူးရဲလို့ပါလေ။ သို့သော်လည်းပေါ့လေ နိုင်ငံခြားသားလို့ ပြောလိုက်တာနဲ့ အင်တင်တင်ဖြစ်ကုန်ကြတယ်။ ဥပဒေတွေများလွန်းတဲ့နိုင်ငံမှာ ဂျပန်လူမျိုးအချင်းချင်းကို ရောင်းတာထက် နိုင်ငံခြားသားကိုရောင်းရတာ အလုပ်ရှုပ်ပုံရပါတယ်။

နိုင်ငံခြားသားဆိုတာနဲ့ စပ်ဆက်ပြီး ပြောရရင် ဒီမှာ နိုင်ငံခြားသားကို အလွယ်တကူ အိမ်ငှါးမပေးပါဘူး။ ကျောင်းသားဆိုရင်လဲ ကျောင်းက ဒါမှမဟုတ် "ဟိုရှောနင်း"(保証人) လို့ခေါ်တဲ့ အာမခံပေးသူ ရှိမှပါ။ တကယ်တော့ ဂျပန်မှာ ပြဿနာဖြစ်ရင် ခေါင်းခံပေးရမယ့် "ဟိုရှောနင်း"ကို ဘယ်သူမှ အလွယ်တကူ မလုပ်ချင်ပါဘူး။ ကျောင်းတက်နေလို့ ကိုယ့်ကျောင်းက ထောက်ခံပေးရင် ကောင်းပါတယ်။ တချို့ကျောင်းကတော့ ကိုယ့်ကျောင်းသားဖြစ်တာတောင် တော်ရုံမထောက်ခံပေးဘူးလို့ ကြားဘူးပါတယ်။ ထောက်ခံစာရဖို့ ငွေသွင်းရတဲ့ကျောင်းမျိုးလည်း ရှိတယ်ပြောတယ်။ အိမ်ကြီးရှင်လဲ ကျောင်းသားအနေနဲ့တုန်းက ကျောင်းကရှာပေးတဲ့အဆောင်မှာ နေခဲ့ပါတယ်။ အလုပ်လုပ်တော့ ကုမ္ပဏီကနေ အိမ်ခြံမြေအကျိုးဆောင်ကို ချိတ်ပေးပါတယ်။ အဲဒီ အိမ်ခြံမြေအကျိုးဆောင်ကို ကိုယ်နေချင်တဲ့ အခန်းအမျိုးအစား၊ နေရာ၊ ပေးနိုင်တဲ့လစာတွေပြောလိုက်ရင် သူတို့ရှာပေးပါတယ်။ အဲဒီအခန်းတွေကို လိုက်ကြည့်ပြီး ကိုယ်သဘောကျတာကို ရွေးရုံပါ။ အိမ်လခကိုတော့ ကိုယ့်ဘဏ်အကောင့်ထဲကနေ ကုမ္ပဏီကတဆင့် လစဉ် အကျိုးဆောင်ကို ပေးသွားပါတယ်။ လတိုင်း စာရင်းဇယား ပို့ပေးပါတယ်။ ဒါကြောင့် အိမ်ရှင်အိမ်ငှါး တိုက်ရိုက်တွေ့တာ နဲတယ်ပြောရမယ်။ ဂျပန်အချင်းချင်းကတော့ ရှိပါတယ်။

အိမ်မှာ တခုခုဖြစ်ရင်လဲ အကျိုးဆောင်ကို ဖုန်းဆက်ပြောရပါတယ်။ အိမ်သော့ပျောက်တုန်းက သူတို့ဆီ ဖုန်းဆက်ပြောတော့ သော့ပြင်သူ လွှတ်ပေးတယ်။ ကျတဲ့စရိတ်တော့ ကိုယ့်ဘာသာ ပေးရတာပါ။ သော့အသစ်ထဲက သော့တံတချောင်းကိုတော့ အကျိုးဆောင်ကို ပေးထားရပါတယ်။ ဒါက ဂျပန်မှာ ထုံးစံပါ။ တကယ်လို့ ကိုယ်မရှိတုန်း အခန်းမှာ တခုခုဖြစ်ရင် သော့ဖွင့်ဝင်လို့ရအောင်ပါ။ ပြီးတော့ အခန်းငှါးရင် စပေါ်လိုသဘောမျိုး ပေးထားရပါတယ်။ ကိုယ်နေတဲ့ နေရာပေါ်မူတည်ပြီး တလစာ၊ ၂လစာ၊ ၂လခွဲစာ စသဖြင့် အမျိုးမျိုးပါဘဲ။ တကယ်လို့ အိမ်ပြောင်းရင် အကျိုးဆောင်က လာပြီး အခန်းကို စစ်ပါတယ်။ ပျက်စီးညစ်ပတ်တာတွေရှိရင် အဲဒီထဲက ပြင်ဆင်စရိတ်နှုတ်ပါတယ်။ တကယ်တန်း ပြင်ဆင်စရိတ်ပေးသင့်တဲ့ ပျက်စီးမှုနဲ့ မပေးရတဲ့ ပျက်စီးမှုရယ်လို့ ရှိပါတယ်။ ဥပမာ aircon တပ်ထားပြီး ဖြုတ်ရင် နံရံမှာ အကွက်ရာ ကျန်ပါတယ်။ အဲဒါမျိုးအတွက် အိမ်ငါးက ပေးလျော်စရာ မလိုပါဘူး။ ဒါကို မသိဘဲ ပေးနေရတဲ့သူတွေ အများကြီးပါ။ ကိုယ်တိုင်တောင် အဲဒါကို TVက အိမ်ရှင်အိမ်ငှါးဥပဒေ အစီအစဉ်မှာ ကြည့်ဘူးလို့သိတာပါ။

အိမ်ရှာတာ ပြန်ဆက်ရရင် အိမ်ကြီးရှင်က Apartment ဆို လုံးဝမနေချင်၊ Mansion မှ Mansion ဆိုတာရယ်ကြောင့် တော်ရုံနဲ့ ရှာမရဘူး။ ဒီမှာ Apartment က Mansion ထက် ဈေးသက်သာပါတယ်။ ငလျင်များတဲ့နိုင်ငံမို့ အိမ်ကြီးရှင်က စိတ်ချရတဲ့ Mansionသာ နေချင်ပါတယ်။ Mansionကလဲ ဈေးတော်ရင် ဘူတာနဲ့ဝေး၊ ဘူတာနဲ့နီးရင်း ဈေးက မတန်နဲ့ စိတ်တိုင်းကျမရနိုင်ပါဘူး။ ဒီကြားထဲ လင်နဲ့မယား လျှာနဲ့သွားမို့ ကိုက်မိကြပါလေရော။ ဘာအကြောင်းကြောင့်လဲတော့ မမှတ်မိတော့ပါ။ စိတ်ကောက်ပြီး အိမ်ကြီးရှင်ကို စကားမပြောပါဘူး။ (အိုဆာကာက အမရေ_ "ကောက်ကွေး"လို့ မှန်းတာ မှန်တယ်နော့ :P) အရင်လို တရက်နှစ်ရက်ထက်ကိုလွန်ပြီး ကောက်ကြောရှည်စွာနဲ့ လေး/ငါးရက်အထိ စကားမပြောတာမို့ အိမ်ကြီးရှင်လဲ အကြောင်းရှာရတော့တယ်။

တကယ်ဆို သူကမှ တေမိ။ တနေ့လုံးနေလို့မှ စကားတခွန်းတောင် ပြောသူမဟုတ်။ ကိုယ်မပြောရင် အိမ်က ဘိုးဘွားရိပ်သာလို ခြောက်ကပ်တိတ်ဆိတ်နေတော့တာ။ အိမ်က တိတ်ဆိတ်ခြောက်ကပ်နေတာပြီး နေလို့မပျော်တော့တာမို့ သူက ရုံးအပြန် ဘူတာမှာ ဝေနေနဲ့ တိုက်ခန်းကြော်ငြာလာပြပြီး အိမ်နဲ့နီးတာမို့ သွားကြည့်ရအောင်ဆိုပြီး အဖော်လာစပ်တယ်။ အပြင်သွားရ ပျင်းသူက အဖော်တွေဘာတွေ လာစပ်နေတာမို့ အင်းမလှုပ် အဲမလှုပ်နဲ့ လိုက်သွားလိုက်တယ်။ အမှန်က အခန်းကြည့်ဖို့ထက် စကားပြန်ပြောအောင် ခင်းတဲ့ဗျူဟာပါ။

တကယ်တော့ ဘာရယ်မဟုတ် သွားကြည့်တာပါ။ ဟိုလဲရောက်ရော ရုံးခန်းက တာဝန်ခံက ရွှန်းရွှန်းဝေအောင် စကားတွေပြောတာ နားထောင်ရတာ တနာရီလောက် ကြာသွားတယ်။ သူတို့မလဲ တိုက်ခန်းမှာ သုံးပုံတပုံလောက်ဘဲ နေသူရှိသေးတာမို့ လူလိုချင်နေတာပါ။ modern roomတွေလဲ လိုက်ပြနဲ့ အမျိုးမျိုးပြောနေတာမို့ အားတောင်နာလာတယ်။ အိမ်ခြံမြေဆိုင်ရာ ဥပဒေတွေကို စာအုပ်ဖွင့်ပြီး ရှင်းပြနေတာ ၂နာရီကျော်တောင်ကြာပါတယ်။ ဘာတလုံးမှနားမလည်ပါဘူး။ ကိုယ့်ဂျပန်စာက အဖြစ်လောက်သာသိတာကိုးလေ။ ဒီလိုဥပဒေဆိုင်ရာ ခန်းဂျီးဗျစ်ထူနဲ့ စာအုပ်ကြီးတော့ ဖတ်တတ်ဖို့ ဝေးပါသေးတယ်။ ကျမက သိပ်နားမလည်ဘူးလို့ ပြောလိုက်လို့ တာဝန်ခံလည်း အိမ်ကြီးကိုသာ ဦးတည်ပြီး ရှင်းပြနေတော့တယ်။ ကိုယ်တိုင်ကတော့ ဘေးမှာ ခေါင်းကိုက်ရင်းငိုက်နေပါတယ်။

အရင်ဆုံးကြည့်တဲ့ အစွန်ခန်း 4LDK Typeကို ကြည့်ဖြစ်တယ်။ တခြားနိုင်ငံမှာ တိုက်ခန်းကို ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာ မသိပေမယ့် ဒီမှာတော့ အခန်းကြော်ငြာရင် L-living room, D-dining room, K-kitchen room စသဖြင့် LDKလို့ အတိုပြောပြီး အိပ်ခန်းအရေအတွက်ကို ကိန်းဂဏန်းနဲ့ ရေးပါတယ်။ 4LDK က အိပ်ခန်း၎ခန်းနဲ့ ထမင်းစားခန်း ဧည့်ခန်း မီးဖိုချောင် ပါတဲ့ အခန်းပါ။ အိပ်ခန်း၎ခန်းပါပေမယ့် အခန်းဝင်ပေါက်တွေက ဟိုကွေ့ဒီကွေ့နဲ့ စိတ်ထဲမှာ ဝင်္ကပါလို အခန်းတွေလို့ မြင်မိတာရယ်၊ အိမ်ဝင်ပေါက်ကနေ ဝင်လိုက်ရင် ဒေါင့်ချိုးအကွေ့ဖြစ်လို့ အိမ်ထဲချက်ချင်းမမြင်ရတာကြောင့် မှောင်တယ် ကြိုက်ဘူးဆိုပြီး ဂျီးထူလိုက်ပါတယ်။ လင်မယား၂ယောက်နဲ့ အခန်း၎ခန်းလဲ မလိုအပ်ဘူးထင်တာကြောင့်ပါ။

နောက်ထပ် အိပ်ခန်းသုံးခန်းပါတဲ့ 3LDK Type အခန်းပုံစံသုံးမျိုး ထပ်ပြတယ်။ အဲဒီထဲက အမျိုးအစားတခုမှာ ဂျပန်စတိုင်ဖျာနဲ့အခန်းတခန်းပါတယ်။ ကိုယ့်တွေအတွက်တော့ ဖျာအခန်းက မလိုအပ်တာကြောင့် ဒီအခန်းကိုလဲ ပယ်လိုက်တယ်။ နောက် 3LDKက မော်ဒန်စတိုင်လိုမျိုး၊ ဒေါင့်ခန်းလည်းဖြစ်ပြီး ဒေါင့်ချိုးကို စက်ဝန်းလို ဝိုက်ထားတာမို့ မီးဖိုချောင်ကနေ ဧည့်ခန်းအထိ ဘေးနံရံက အဝိုက်ကြီးပါ။ အိမ်ထဲ ပစ္စည်းတွေ နေရာချရခက်မယ်ထင်လို့ မကြိုက်ဘူး။ ပြီးတော့ တခြာ3းLDK အခန်းတွေထက် ပိုကျယ်တယ်ဆိုပေမယ့် ဝိုက်ဝိုက်ကြီးမို့ ပိုကျဉ်းတယ်လို့တောင် ထင်မိတယ်။

တခန်းပြီးတခန်း ဂျီးများလာတာ လိုက်ပြတဲ့သူလဲ စိတ်ပူပုံပေါ်တယ်။ ရှိတာမှ အခန်းက 4LDK Type တမျိုးရယ်ရယ် 3LDK Type သုံးမျိုးရယ်ကို ဟိုဟာလဲအင်တင်တင် ဒီဟာလဲအင်တင်ဖြစ်နေတာကိုးလေ။ နောက်ဆုံး ခုအခန်းကို လိုက်ပြတယ်။ တခါးဖွင့်တာနဲ့ ဝရံတာအထိတိုးရိုပေါက်မြင်ရတယ် ဒီတချက် မဆိုးဘူးပေါ့။

အခန်း၃ခန်းကလဲ အကျဉ်းအကျယ် သိပ်မကွာဘူး။ အလယ်ခန်းဖြစ်နေတော့ အင်းမ်...။ လိုက်ပြတဲ့တာဝန်ခံကလဲ ကိုယ့်ကို mainမှတ်ပြီး လာလာမေးပါတယ်။ ဘယ်လိုအခန်းမျိုး အကြိုက်ဆုံးလဲဆိုပြီး။ တောင်ဘက်မျက်နှာမူတာ ကြိုက်တယ်လို့လဲပြောလိုက်ရော သူ့မှာပျာပျာသလဲဖြစ်ပြီး ဘာဖြစ်လို့လဲတဲ့။ တနေကုန် အလင်းရောင်ရတာရယ် အဝတ်တွေလဲ ခြောက်မြန်တယ်လေလို့ ပြောလိုက်တော့ ဒီတိုက်လဲလင်းပါတယ် အဝတ်လဲခြောက်မြန်တယ်လို့ကို ကောင်းကြောင်းပြောတော့တာ။ သူ့တိုက်က အရှေ့ဘက်ကို မျက်နှာမူနေတာလေ။

အိမ်ကြီးရှင်ကတော့ ဒီအခန်းကို မဆိုးဘူးထင်နေပြီ။ model roomဆင်ပြီး ပြထားတာလဲ ဒီအခန်းပုံစံမျိုးမို့ပါ။ တာဝန်ခံကလဲ အပြောကောင်း သူကလဲ အားနာတာမို့ ဟုတ်တော့နေပါပြီ။ နောက်ဆုံးတော့ သူတို့ပြတဲ့အထဲက 3LDK Type ဒီအခန်းကို ရွေးဖြစ်သွားတယ်။ ဆဲန်းဆေးကို ဒီအကြောင်းပြောပြတော့ ဂျပန်စကားပုံနဲ့ပြောရရင် ကုမ္ပဏီဘက်က "ဆူဖြိုးတဲ့ဘဲ ဖမ်းမိတယ်"(いい鴨)လို့ ပြောရမယ့်တဲ့။ (မြန်မာလို သားကောင်ဖမ်းတယ်/ အချဉ်ဖမ်းတယ်လို့ ဆိုမလားဘဲ။) တကယ်တော့ နှစ်ဦးနှစ်ဖက်လုံး "အချိုရှာ သကာတွေ့"ကြတာပါ။

ဒီကြားမှာ အိမ်ပြောင်းနိုင်ဖို့ လုပ်ရတာ အများကြီးပါ။ အရင်ကတော့ အကျိုးဆောင်က ရှာပေးတာမို့ ဘာမှအလုပ်မပိုလိုက်ပါဘူး။ ခုက ကိုယ့်ဘာသာ ရှာတာမို့ လိုတာအားလုံး ကိုယ်တိုင်ကြိမ်ကြိမ်သွားရ လိုက်ပေးရပါတယ်။ ပြောမယ့်သာပြောတာ တကယ်တန်း လုပ်စရာတွေ ဘာမှနားမလည်ပါဘူး။ အားလုံး အိမ်ကြီးရှင်နဲ့ တာဝန်ခံသာ ပြောဆိုနေကြတာ။ ခဏကြာ ဘာစာရွက်လိုလိုက် ခဏကြာ ညာစာရွက်လိုလိုက်နဲ့ ရှုပ်နေတာပါဘဲ။ နိုင်ငံခြားသားဖြစ်တာမို့လည်း ပါပါတယ်။ ကိုယ်တိုင်ကျ အိမ်ကြီးရှင်က လိုက်ခဲ့လို့ ခေါ်ခေါ်သွားတာမို့သာ ပါသွားတာ။ ရောက်တဲ့နေရာမှာ ပြောတာတွေ နားမလည်တော့ ငုတ်တုတ်ငိုက်၊ အဲလောက်တောင် ကိုယ့်ဘာသာ အသုံးကျမှန်း သိတော့တယ်။ ပြောင်းရဖို့ သေချာသွားတော့ တာဝန်ခံက သော့အပ်ပါတယ်။ အဲဒီထဲက တချောင်းကို အိမ်လုံခြုံရေးကို ပေးထားရတယ်။ သော့ရပြီဆိုတော့ ကိုယ့်အခန်းလို့ ပြောလို့ရပါပြီ။

ဒီအခန်း ပုံစံကအပြင်ကနေပြန်လာလို့ တံခါးဖွင့်ဝင်လိုက်တာနဲ့ အိမ်ရှေ့ဧည့်ခန်းရော ဝရံတာအထိပါ တောက်လျှောက်မြင်ရတော့ ဘာလို့မှန်းမသိ စိတ်အေးတယ်။ အဲလိုမမြင်ရရင် ထောင့်ချိုးက ဘွားကနဲ ဘာပေါ်လာမလဲလို့ မဟုတ်တာ တွေးကြောက်ပါတယ်။ တကယ်ဆို တခါးဖွင့်လိုက်တာနဲ့ အဝင်ဝကမီးက autoလင်းတာကို ကိုယ့်ဘာသာ အကြောက်ထူတာပါ။ (သတ္တိကတော့ ဘာရှိသလဲမပြောနဲ့ ဘာမှကို မရှိဘူး :D)

မီးဖိုချောင်ကို ဧည့်ခန်းနဲ့ ကပ်ရပ်မှာ counter kitchen လုပ်ပေးထားတာပါ။ အရှေ့ဘက်မှာ ထမင်းစားစားပွဲထားဖို့ရာ အွန်လိုင်းက ဝယ်လိုက်တဲ့ ဆိုဖာက အရှည်လွန်သွားတာမို့ နေရာလွတ်ကျဉ်းသွားပြီး စားပွဲထားလို့မ ရတော့ပါဘူး။ အွန်လိုင်းက ဈေးဝယ်ရင် အဲလိုမျိုးလဲ ဖြစ်တတ်ပါတယ်။ တကယ်က အစကတည်းက အိမ်အခန်းအကျယ်ရဲ့မြေပုံ ရှိပါတယ်။ ပရိဘောဂဝယ်ရင် အကျယ်တိုင်းလို့ရအောင်ဆိုပြီး တာဝန်ခံက မြေပုံနဲ့တိုင်းထွာတွက်ရတဲ့ ပေတံသေးသေးလေးပါ ငှါးပေးထားတယ်။ အဲဒါကို သိသိကြီးနဲ့ ခုံဝယ်တော့ နံရံဘက်ထားတဲ့ခုံကို ၂ယောက်စာနဲ့ ၃ယောက်စာခုံက ဈေးသိပ်မကွာဘူးဆိုပြီး ဝယ်ချလိုက်တာ။ ခုလို ဟိုမရောက်ဒီမရောက် ဖြစ်သွားပါတယ်။

ဒီမိုင်မီးဖိုချောင်လေးထဲမှာ လက်စွမ်းတွေပြတယ်၊ စားချင်တာတွေ ချက်တယ်၊ ထင်ရာမြင်ရာ ရမ်းသမ်းcookတယ်၊ မနက်မနက် အိပ်ချင်မူးတူးထည့်ပေးတဲ့ ထမင်းဘူးကို ကောင်တာပေါ်တင်ပြီး ဓာတ်ပုံရိုက်တယ်။ အရင်ကတော့ အိမ်အလယ်မှာ မီးဖိုချောင်မို့ အနံ့တွေ အောင်းမှာ စိုးမိတယ်။ အနံ့စုပ်ပန်ကာ ပြင်းပြင်းဖွင့်ရင် ကိစ္စမရှိဘူးမို့ တော်ပါသေးတယ်။ ဧည့်ခန်းနဲ့ကပ်ရက် မီးဖိုချောင်ရှိတော့ တမျိုးကောင်းတာက အားလုံးကို မီးဖိုထဲချောင်ထဲကနေ စီးပြီးကြည့်လို့ရသွားတယ်။ လှီးချွတ်ဆေးကြောရင်း တီဗီငေးတယ်။ အရှိန်ပါလာရင် အရှေ့ရောက်သွားတာမို့ ဟင်းအိုးတွေလဲ တူးတတ် ကပ်တတ်ပါတယ်။ အိမ်ရှင်မဖြစ်ပေမယ့် ဟင်းချက်ပြုတ်တာ အဲလောက် ဝါသနာမပါပါဘူး။ ဒါပေမယ့် တကယ်တန်းကျ တအိမ်လုံးမှာ မီးဖိုချောင်ထဲ ဟင်းချက်နေရတဲ့အချိန်က စိတ်ငြိမ်သက်တယ်ပြောရမလား ဒီအိမ်ရဲ့ အိမ်ရှင်မဆိုတဲ့ feeling အဖြစ်ဆုံးလို့ ပြောရမယ်။ ဒါကိုယ့်အပိုင်စား ကိုယ့်ရဲ့ ကိုယ်ပိုင်နေရာလေးဆိုပြီးတော့ပါ။

အခန်းသုံးခန်းထဲက ဝရန်တာဘက်ကျတဲ့အခန်းကို မိုင်မုန့်ဆီကြော်လေးရလာခဲ့ရင် ထားမယ်လို့တော့ ရည်ရွယ်တာပါပဲ။ လောလောဆယ်တော့ အခန်းလွတ်ပေါ့။ ယောင်းမလာတော့ ဒီမှာတည်းတယ်။ နွေမှာတော့ airconကြိုက်တဲ့ အိမ်ကြီးရှင် နေတယ်။ နောက်တခန်းကိုတော့ စာအုပ်စင်နဲ့ တိုလီမိုလီထားတဲ့စင် ထားထားတယ်။ စာကြည့်ခန်းမဟုတ်ပါဘူး။ စာက ကြည့်ချင်တဲ့ နေရာ ကြည့်တာ။ အရင်ကတော့ ထမင်းစားခန်းလုပ်ထားတာကို အလယ်ထဲရောက်နေတဲ့အခန်းမို့ မီးချောင်းအမြဲဖွင့်နေရတာ မကြိုက်တာနဲ့ ထမင်းစားပွဲကို ဧည့်ခန်းရွှေ့လိုက်တယ်။ လောလောဆယ် ဒီလို နေရာချထားတယ်။ အရင်က စာအုပ်စင်ကို ဧည့်ခန်းမှာ ထားတာ။ ကြာတော့ ရိုးလာတာနဲ့ ရွှေ့ပစ်လိုက်တယ်။ အဲလိုဘဲ၊ စိတ်က ငြီးငွေ့လွယ်တယ်။ ခဏဟိုရွှေ့ ခဏဒီရွှေ့နဲ့။ ငါးဖောင်းရိုးဘော်ဒီ အဲဒါကြောင့် ခါးလဲ ခဏခဏ နာပါတယ်။

ဒီအိမ်မှာ အဆင်ပြေသွားတာက အဝတ်လျှော်စက်ထားတဲ့နေရာက မျက်နှာသစ်ဗေစင်နဲ့ တခန်းထဲဖြစ်တာပါ။ အရင်အိမ်လို ဝရန်တာမှာမဟုတ်တာကြောင့် ဆောင်းတွင်းအတွက် အတော်ကောင်းပါတယ်။ မဟုတ်ရင် တခါးဖွင့်ပြီး ဝရံတာထွက် အဝတ်ထုတ်ရတာ အတော်အေးတာပါ။ လက်တွေလဲ ခဏနဲ့ ထုံကျင်တက်လာတယ်။

အိမ်ဝင်ဝင်ချင်း ဘယ်ဘက်မှာ Toilet ရှိတယ်ဆိုရင် ဘယ့်နှယ့်ကြီးလဲ ထင်ပါလိမ့်မယ်။ ကိုယ်တိုင်တောင် ရောက်စက နေခဲ့တဲ့အခန်းမှာ တံခါးဖွင့်ဖွင့်ချင်း မီးဖိုချောင်နဲ့ ရေချိုးခန်းမို့ အတော်အံ့ဩမိတာပါ။ ဝရံတာရှိတဲ့ဘက်ကို အရှေ့လို့ သက်မှတ်ရင်တော့ အိမ်အဝင်ပေါက်ရှိရာက အနောက်ဖြစ်သွားမှာပါ။ အိမ်နောက်ပေါက်ကနေ အိမ်ထဲဝင်ရတယ်ပေါ့။:P ဝင်ပေါက်ဘေးမှာ ဖိနပ်ထားခန်းလေး လုပ်ပေးထားတာ အတော်အဆင်ပြေတယ်။ မြင်ကွင်းမှာ ပွပွထမနေတော့ဘူး။ ပြောမယ့်သာပြောတာ သူ့ဖိနပ်က တရံဘဲရှိတာ။ ကျန်တာအားလုံး ကျမဖိနပ်တွေချည်း။ (မများပါဘူးနော့!)

တကယ်တန်း ဒီဘက်ကို အိမ်ပြောင်းဖို့ပြင်တဲ့အခါ အခန်းပိစိကွေးက ထွက်လာတယ်လို့ မထင်ရလောက်အောင် ပစ္စည်းတွေ အတော်များပါတယ်။ ဒါတောင် အဝတ်တွေလွှတ်ပစ် စာအုပ်တွေလွှတ်ပစ်နဲ့ တတ်နိုင်သလောက် ဝိတ်လျှော့ပစ်တာပါ။ ဒီဘက်မှာ ပစ္စည်းတွေနေရာချပြီး နောက်ရက်မှာ အရင်အိမ်ကို ပြန်သွားရှင်းရပါတယ်။ ပြောင်းမလာခင် နဲနဲရှင်းခဲ့ပေမယ့် အဲဒီတုန်းက ပစ္စည်းတွေ ပုံထားတာမို့ သေချာတော့ မရှင်းရသေပါဘူး။ နောက်ရက်ကိုယ့်ဘာသာ တယောက်ထဲ ကျွပ်ကျွပ်အိပ်ထဲ ဆေးကျောပွတ်တိုက်ဖို့ လိုမယ်ထင်တာတွေထည့်ပြီး ချီတက်ရပါတယ်။ အိမ်ကြီးရှင်ကတော့ သူလဲလိုက်ရှင်းဦးမယ်ပြောပေမယ့် ရုံးဖွင့်ရက်မို့ ကိုယ့်ဘာသာ သွားမယ်ပြောပြီး ထွက်လာခဲ့တယ်။ ၂နာရီလောက်ဘဲကြာမယ်ထင်ရာက ဆေးကြောပွတ်တိုက်ရင်း မွန်းလွဲပြီး ညနေဘက်တောင် ရောက်လာတယ်။ ရှင်းပေးတယ်ဆိုတော့လည်း တံခါးဘောင်မြောင်းကြားက သဲမှုန်တွေပါမကျန် နှိုက်နှိုက်ချွတ်ချွတ် လိုက်ပွတ်ဆေးနေလို့ ကြာတာပါ။ လက်လက်ထအောင် မလုပ်နိုင်ပေမယ့် တတ်နိုင်သလောက် သန့်သွားအောင် လုပ်ထားခဲ့ချင်တာပါ။ အခန်းပိစိကွေးကို ကြမ်း၃ကြိမ်လောက် တိုက်ပေးလိုက်တယ်။ မှန်ပြတင်းတွေက အကြမ်းတခါ အချောတခါ၊ ဝရံတာကိုလည်း ဆေးပေးခဲ့တယ်။ ဒီဇင်ဘာလလယ်မို့ အေးလိုက်တာ ထုံကျင်နေတာပါဘဲ။

အိမ်မပြောင်းခင်မှာ ကြိုပြီး အကျိုးဆောင်ကို ပြောထားရပါတယ်။ မဟုတ်ရင် ရက်၂၀ကျော်သွားတာနဲ့ တလစာ ထပ်သွင်းရမှာပါ။ အခန်းသော့အပ်တဲ့နေ့မှာ မနက်စောစော အိမ်ကြီးရှင်နဲ့အတူထွက်ခဲ့ပြီး လက်စသတ် သိမ်းစရာတွေ ထပ်သိမ်းပြီး အကျိုးဆောင်ကို စောင့်နေလိုက်ပါတယ်။ အကျိုးဆောင်က အခန်းကို နံရံတွေစစ်၊ ဘယ်နေရာ ဘာဖြစ်ဆိုတာကို ပါလာတဲ့တဲ့စာရွက်မှာရေးပါတယ်။ ပြီးတော့ အိမ်ကြီးရှင်က လက်မှတ်ထိုးပေးပြီး သော့အပ်လိုက်ပါတယ်။ အဲဒီက ရေးထားတာကိုကြည့်ပြီး စပေါ်ကနေ ပြန်နှုတ်ပေးတာပါ။ အိမ်ကို သန့်နေအောင် သုံးထားပေတဲ့အတွက်ရယ် သန့်ရှင်းရေးလုပ်ပေးထားတာကြောင့်ရယ် သိပ်အနှုတ်ခံရမှာမဟုတ်ဘူး ပြောပါတယ်။ ပင်ပန်းရကျိုး နပ်တယ်လို့ ဆိုရမယ်။

ဒီဘက်အိမ်အတွက်တော့ လိုအပ်တာတွေ ဖြည်းဖြည်းချင်း အင်တာနက်က ရှာဝယ်တယ်။ အိမ်နဲ့ ခပ်လှမ်းလှမ်းမှာ Home Centerရှိပေမယ့် အဲဒီမှာ ဝယ်ရင် ကိုယ့်ဘာသာ သယ်ရမှာပါ။ အွန်လိုင်းကဝယ်တာ သေချာ မျက်စေ့နဲ့ မကြည့်ရတာရယ် ကိုင်မကြည့်ရတာ တခုဘဲ ခက်ပြီး ဈေးသက်သာတဲ့အပြင် အိမ်တိုင်ယာရောက် ပို့ပေးတာမို့ အဲလောက် မပင်ပန်းပါဘူး။ ပင်ပန်းတာက ဘယ်အရာမဆို အညွှန်းစာရွက်ဖတ်ပြီး ခုတင်၊ စားပွဲ၊ ဆိုဖာ၊ ခုံ အားလုံး ကိုယ့်ဘာသာ စင်ရတာပါ။ ဒီလို တို့စိတို့စိဝယ်ရင်း တဖြည်းဖြည်း အိမ်အင်္ဂါရပ်နဲ့ ညီလာပါပြီ။ ဒီကအိမ်တွေအနေနဲ့ကြည့်ရင် အကျယ်ကြီး မဟုတ်သလို ကျဉ်းတယ်လို့လဲ မဆိုသာပါဘူး။ မိသားစု ၃ယောက်လောက် ချောင်ချောင်လည်လည် နေလို့ရပါတယ်။

အခုနေတဲ့နေရာက မြို့လယ်နဲ့ဆို လှမ်းပါတယ်။ နဂိုကတည်းက အေးအေးချမ်းချမ်းဘဲ နေချင်တဲ့ အိမ်ကြီးရှင်က လူစည်ကားတဲ့နေရာဆို ရှုပ်လို့ဆိုပြီး မကြိုက်ပါဘူး။ ဒါကြောင့် သူတယောက်ထဲနေကတည်းက ဒီဘက်ကို ရွေးနေနေတာပါ။ တိုကျိုရဲ့ ၂၃မြို့နယ်ထဲမှာ သက်ကြီးရွယ်အိုအများဆုံးမြို့နယ်လို့ ဆဲန်းဆေးက ပြောပါတယ်။ အခုအိမ်ကနေ ၂ဘူတာလောက်ကစပြီး စည်ကားပါတယ်။ မြို့လယ်ရောက်ချင်ရင်တော့ ရထားတနာရီ ဝန်းကျင်လောက် စီးရပါမယ်။ ဝေးတယ်ပြောရင်တော့ ဝေးမှာပါ။ ကိုယ်တိုင်အတွက်တော့ နီးတာလဲမဟုတ် ဝေးတာလဲ မဟုတ်ပါဘူး။ လျှပ်စစ်မြို့တော် "အာကီဟဘာရ"၊ မြန်မာဆိုင်တွေရှိရာ "တာကဒနိုဘဘ"၊ တိုကျိုရဲ့ တရုတ်တန်း "အုအဲနို"ဈေးတန်း၊ တခါတလေ ဝယ်လေ့ရှိတဲ့ ကုန်တိုက်တွေရှိရာ "အီခဲဘုကုရို"ဘက်တွေကို နာရီဝက်လောက် ရထားစီးရင် ရောက်တာမို့ပါ။ ဒါ့အပြင် တခြားထွေထွေထူးထူးနေရာတွေလည်း တော်ရုံမသွားပါဘူး။ ကိုယ်ထင် ခုတင်ရွှေနန်းမို့ ခုနေတဲ့နေရာကို မဆိုးဘူးလို့ထင်ပါတယ်။ အိမ်နားမှာ စာကြည့်တိုက်ရယ် မူကြိုကျောင်းရယ် မူလတန်းကျောင်းရယ် အလယ်တန်းကျောင်းရယ် ရှိပါတယ်။ ဒီအိမ်ကို ရွေးတုန်းကတော့ အဲဒါတွေ တခုမှ စိတ်ထဲမရှိပါဘူး။ ခုမှ အဆင်ပြေသားဘဲလို့ မြင်လာမိတာပါ။ ဒီမှာ ဘယ်လောက်ကြာကြာ နေဖြစ်မယ်တော့ ခုထက်တိုင် မသိသေးပါဘူး။ တော်တော် အသက်ကြီးတဲ့အထိလဲ ဖြစ်နိုင်ပါတယ်။

(အရည်မရ အဖတ်မရ ပို့စ်အရှည်ကြီးကို ဆုံးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ပါသည်။ တကယ်တန်း ဒီပို့စ်ကို တနှစ်ပြည့်တဲ့ ၅ရက်နေ့မှာ တင်ဖို့ ကြိုရေးထားတာပါ။ အဲဒီနေ့မှာ ဘယ်လိုမှ မဘလော့နိုင်လို့ ခုမှ ပြန်တည်းဖြတ်ပြီး တင်လိုက်ပါတယ်။)

Read More...

Thursday, November 26, 2009

ရိက္ခာ




ပြီးခဲ့တဲ့တပတ်ကရယ် မနေ့က မှာထားတဲ့ ပစ္စည်းတွေ ရောက်တယ်။ အရင်တပတ် တနင်္လာနေ့မှာ အိမ်ကနေ ပစ္စည်းပို့ထားတယ်ဆိုကတည်းက လည်ပင်းတရှည်ရှည် ဖြစ်နေခဲ့တာ။ ၄ရက်အကြာနဲ့ရောက်လာတော့ ဝမ်းသာသွားတယ်။ လက်ဖက်တွေမှာထားတာလေ။ ပြီးတော့ ဒီတခါ အတန်းက ပျော်ပွဲရွှင်ပွဲမှာ လက်ဖက်ပွဲ ပြင်ယူသွားမယ် စိတ်ကူးထားလို့။ ဂျပန်တွေက လက်ဖက်ကို သုပ်စားတယ်ပြောရင် သဘောမပေါက်ကြဘူး။ ဒါကြောင့် ဒီတခါတော့ သိသွားအောင် ကျွေးလိုက်မယ်။ ပြီးတော့ တခြားစားစရာ ချက်ယူသွားရတာထက် လူလဲ သက်သာတယ်။ သူတို့ စားနိုင်တာ မနိုင်တာတော့ မပြောတတ်ဘူးရယ်။ မစားနိုင်လဲ ကိစ္စမရှိပါဘူး။ အိမ်မှာစားဖို့ ပိုကျန်တာပေါ့။ (အဟိ မကျွေးခင်ကတည်းက ကပ်စေးနဲနေပြန်ပါပြီ။)

ဒီတခါ ပဲကြော်က City Martက ဝယ်ပို့လာတာ။ အရင်စားနေကျ တံဆိပ်တွေထက် အရမ်းစားကောင်းတယ်။ ရောက်ကတည်းက ၂ရက်ဆက်တိုက် မနက်ကော ညပါ လက်ဖက်သုပ်နဲ့ ထမင်းစားတာ ပဲကြော်တထုပ်ကို ကုန်ရော။ ခုနဲနဲ အရှိန်သတ်ထားတယ်။ ဒီတခါ အိမ်လက်ရာ ဘာမှမပါဘူး။ အမေကလည်း ခွဲစိတ်ဖို့အတွက် အိမ်ပြန်သွားရ အမကလဲ ကိုယ်ဝန်ကြီးနဲ့မို့ တမင် မမှာတာပါ။ ဒါတောင် အမက ချဉ်ပေါင်ကြော်ပေးလိုက်မယ်လုပ်နေလို့ တားထားရတယ်။ အဓိကက လက်ဖက်စားရရင် ရပြီလို့။ ဒီက မြန်မာဆိုင်တွေမှာ ဝယ်လည်းရပါတယ်။ ဒါပေမယ့် ကိုယ်စားနေကျ တံဆိပ်မရှိတာရယ် ဆိုင်မှာဘယ်လောက်တောင် ကြာထားမှန်းမသိတာကြောင့် အိမ်ကိုဘဲ မှာတာ။ ပင်ရင်းကနေ ဝယ်ပို့ပေးတယ်။ ဟိုတခါ လက်ဖက်ပြဿနာဖြစ်တုန်း စားနေကျတံဆိပ်လေးမပါလို့ တော်သေးတယ်။ (ပါလာလဲ ဘာမှမတတ်နိုင်ပါဘူး။)

အိမ်က စားစရာတွေရောက်အပြီးမှာ အွန်လိုင်းကနေ ဟင်းချက်စရာတွေ ထပ်ဝယ်ရပြန်တယ်။ စိမ်းစားငါးပိကုန်နေတာ ကြာပြီ။ ငါးပိအစား ငံပြာရည်နဲ့ချက်နေတာ လက်ကျန်က ကုန်တော့မယ်။ ဒါတွေက ဂျပန်ဆိုင်မှာ မရှိဘူးလေ။ ငံပြာရည်တော့ ရှိတတ်ပါတယ်။ တထွာသာသာ ပုလင်းပိစိကွေးကို ဈေးကအတော်ကြီးတယ်။ ဒီတော့ အဲဒါတွေကို အွန်လိုင်းမှာ ထိုင်းဆိုင်က ဝယ်ပါတယ်။ အမြဲဝယ်နေကျဆိုင်က ဈေးတက်လာတာနဲ့ ဆိုင်ပြောင်းဝယ်ဖြစ်တယ်။ ဒီဆိုင်မှာ ငြုပ်သီးစိမ်းလည်း ရှိနေသေးတယ်။ ဝယ်ချင်တာတွေ စာရင်းရေးပြီး ပေါင်းလိုက်တော့ တအားများနေတာနဲ့ ပြန်လျှော့ရတယ်။ သူက ဝယ်ပါပြောပေမယ့် သွားရည်စာတွေတော့ ဖြုတ်ပစ်ရပါတယ်။ (ဆာရိုနာရာ သရက်ပြင်လေးရယ်။) မဝယ်မဖြစ်တွေကို ဦးစားပေးပြီး တခြားစားချင်တာ နဲနဲရယ်ပေါ့။ ဒါတောင် မနည်းပါဘူး။

တကယ်ဆို "အုအဲနို"က "အ-မဲရို့ကို" (アメ横) ဈေးတန်းဘက်သွားရင် အဲဒါတွေအားလုံး ဝယ်လို့ရပါတယ်။ ဒါပေမယ့် သွားရမယ့် အချိန်ရယ် ရထားခရယ် တွက်လိုက်ရင် အွန်လိုင်းပို့ခနဲ့ သိပ်မကွာတော့ပါဘူး။ ဒါတောင် တချို့ဆိုင်ဆို ယန်းငါးထောင်ကျော်ဖိုးဝယ်ရင် အလကား ပို့ပေးတာမျိုးရှိပါတယ်။ ရေခဲရိုက်ပစ္စည်းဆိုရင်တော့ ပို့ခ ပိုဈေးကြီးတယ်။ ကိုယ်တိုင်သွားဝယ်ရင် အဲလောက် တပြုံတမကြီးလည်း မသယ်နိုင်ပါဘူး။ ဒါကြောင့် လူရော အချိန်ပါ သက်သာတဲ့၊ အိမ်အဝအထိ ပို့ပေးတဲ့ အွန်လိုင်းဈေးဝယ်တာကိုဘဲ မှီခိုနေပါတယ်။

ထိုင်းဆိုင်က ပစ္စည်းပုံးကြီးရောက်လာတော့ ပို့ဆောင်ရေးဝန်ထမ်းက မ'နိုင်ရဲ့လားလို့ မေးတယ်။ ရပါတယ် ပြောပြီး လက်ပြောင်းယူလိုက်တာ ယိုင်နဲ့နဲ့ ဖြစ်သွားလို့ အမြန်အမြန် ဖိနပ်ချွတ်မှာ ချထားလိုက်ရတယ်။ အဲလောက် လေးမယ်လို့မှ မထင်မိတာကိုး။ ပုံးဖောက်ကြည့်မှ ဖန်ပုလင်းတွေ များတာကြောင့် အတော်လေးတာပါ။ အထဲမှာ ပါလာတဲ့ စာရင်းနဲ့ ပစ္စည်းတွေ တိုက်စစ်၊ အိုခေပြီဆိုမှ သိမ်းဆည်းဖို့ လုပ်ရတယ်။ မသိမ်းခင် ဘလော့မှာ ကြွားဖို့ ဓာတ်ပုံရိုက်ထားလိုက်တယ်။ အိမ်က ပို့ထားတာလေးတွေ အပါအဝင်ပေါ့။


ဂျင်းလက်ဖက်ရယ် လက်ဖက်အစပ်ရယ်ကို ထမင်းဘူးထဲ ထည့်ပြီးစားနေတာမို့ လျှော့နေပါပြီ။ အချိုနှပ်ကတော့ ပွဲမှာ ကျွေးဖို့ ထားထားတယ်။ အစပ်သွားကျွေးလို့မှ မဖြစ်တာလေ။ တော်ကြာ အစပ်ကြောက်တဲ့ ဂျပန်တွေ မြန်မာလက်ဖက်သုပ်ဆို ကြောက်ပါပြီ ဖြစ်သွားမှဖြင့်။ ဒီတခါ ထိုင်းဆိုင်က ငါးပိရည်ကျိုပုလင်းပါ စမ်းဝယ်ထားတယ်။ တကယ်တူရဲ့လားလို့ ပုလင်းဖောက်ကြည့်တာ တူတာမှ လက်ကိုပေသွားလို့ အနံ့လေးကို ဟောင်သွားတာဘဲ။ သရက်ကင်းနဲ့ တို့စားချင်လိုက်တာ။ ပုလင်းတွေထဲ ဖောက်ထည့်ထားလို့ အိမ်ကပို့ထားတဲ့ တချို့ စားစရာတွေ ပုံထဲ ပါမလာတော့ဘူး။ ကြော်ငြာရမယ်ဆိုရင် ရွှေပုစွန်ခြောက်တံဆိပ် စားစရာတွေ အတော်သန့်ပါတယ်။ အမြင်သန့်တာ ပြောတာပါ။ ဘာလချောင်ကြော် အချိုလဲ ပုစွန်ခြောက်မှုန့်သက်သက်နဲ့ ကြော်ထားတာလား မသိဘူး အတော်ချိုပါတယ်။ လက်ဖက်အရွက်နုလေးတွေက ပုံမပျက်ဘဲ အမြင်လှတယ်။ ပုစွန်ခြောက်ဆိုလည်း သေးသေးသွယ်သွယ်လေးတွေမို့ လက်ဖက်ပြင်ရင် ကြည့်ကောင်းမယ်ထင်တယ်။ ပုစွန်ခြောက်ကို ကြီးလွန်းရင်ကော သေးလွန်းရင်ပါ မကြိုက်ပါဘူး။ ခုလို ဇကောဇကအရွယ်မှ။ မုန့်ဟင်းခါးလည်း သာဂဒိုးသား မုန့်ဟင်းခါးက နာမည်ကြီးတယ်ပြောလို့ ထည့်ပေးလာတယ်။ ရုံးပိတ်ရက် တရက်ရက် ချက်စားကြည့်ဦးမယ်။ ခုတော့ ရိက္ခာတွေအများကြီးမို့ ပျော်မြူးနေပါတယ်။ (စာရင်းပေါင်းကြည့်ချင်ဘူး)

Read More...

Wednesday, November 18, 2009

2009.11.18



အိမ်တွင်းပုန်း လုပ်နေတာ ကြာပြီ။ ဆောင်းအေးအေးမှာ မိုးကလဲ နေ့တိုင်းနီးနီးရွာတော့ အပြင်မထွက်ချင်ပါ။ ထမင်းဘူးလည်း ထည့်ပေးတရက် မထည့်ပေးတရက် ဖြစ်နေပါတယ်။ သူကတော့ သဘောကောင်းစွာ ကိတ်စနမရှိဘူးဆိုပေမယ့် အပြစ်မကင်းသလို ခံစားရတယ်။ အပြင်မသွားလို့ အိမ်ထဲမှာ လှုပ်လှုပ်ရှားရှားနေလားဆိုတော့လဲ မဟုတ်။ စာလည်း သေချာမဖတ်၊ ခွေခေါက်ပြီးသာ နေနေတော့တာ။ ဒီတနေ့တော့ နေသာတာနဲ့ ဈေးထွက်ဝယ်ဖို့ စိတ်ကူးတယ်။ အိမ်နားက စူပါမဟုတ်ဘဲ နဲနဲဝေးတဲ့နေရာဘက် သွားတယ်။ ထုံးစံအတိုင်း အွန်ဖွတ်(on foot)။ စက်ဘီးက ဝယ်ထားပြီး တခါသာစီးတယ်၊ ကြောက်လို့ ဒီအတိုင်းထားထားတာ သံချေးတောင်တက်လို့။ လမ်းလျှောက်တာ ကျန်းမာရေးနဲ့ ညီတယ်လို့ ကိုယ့်ဘာသာ အားပေးပြီး လျှောက်၊ သိပ်မဝေးပါဘူး ခပ်သွက်သွက်လျှောက်ရင် မိနစ်၂၀လောက်။

ကြုံတုန်း ယန်းတရာဆိုင်ထဲဝင် ဟိုကြည့်ဒီကြည့်။ တရာ-တရာနဲ့ ဝယ်မိတာ များပြီ။ မီးဖိုချောင်ပစ္စည်းအားလုံးနီးပါးက ယန်းတရာဆိုင်က ဝယ်ထားတာတွေချည်း။ ယန်းတရာဆိုင်ဆိုပေမယ့် ဆိုင်ပေါ်မူတည်ပြီး ရှိတာတွေကလဲ မတူတတ်ဘူး။ Lawsonယန်းတရာဆိုင်၊ Daisoယန်းတရာဆိုင်၊ Can-doယန်းတရာဆိုင် စုံလို့။ ဒါတောင် အရင်အိမ်နားမှာတုန်းက ၉၉ယန်းဆိုင် ရှိတယ်။ ချစ်စရာကောင်းတာလေးတွေများရင် ဝယ်မိပြီ။ တကယ်ဝယ်စရာရှိလဲဝင် မရှိလဲဝင်၊ ထွက်လာရင်တော့ ပစ္စည်းသုံး/လေးခု ပါလာတယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုတာလဲ အမြဲမဟုတ်။ တခါတလေ စီးတဲ့ရေ တဗြန်းဗြန်းလုပ်။ တော်သေးတယ် တလစီ အသုံးစရိတ် သပ်သပ်ပေးထားလို့။ လက်ထဲရှိသမျှ အားလုံးဝယ်တာမဟုတ်ပေမယ့် စိတ်ညစ်ရင် ဈေးလျှောက်ဝယ်တတ်တဲ့ အကျင့်ကြောင့် စုဗူးထဲလဲ ရောက်တဲ့အခါရောက် မရောက်တဲ့အခါ မရောက်။

ယန်းတရာဆိုင်ကထွက်တော့ အနွေးထည်ရောင်းတဲ့ အတန်းဘက် ပတ်လိုက်တယ်။ ခဏတဖြုတ် မျက်စိအစာကျွေးပြီးသကာလ အသားလက်ကားရောင်းတဲ့ဆိုင်ဘက် ခြေဆန့်။ အသားတွေ ဈေးတော်တာမို့ ဟိုဟာလည်း ဝယ်ချင် ဒီဟာလည်း ဝယ်ချင်၊ သယ်နိုင်တဲ့ နှုန်းကို စဉ်းစားပြီး ဝယ်တာတောင် ကြက်သားဖော့ဗန်း၂ဗန်း၊ ဝက်သား ၂ဗန်း၊ အမဲသား တဗန်း အားလုံးပေါင်း ၅ဗန်း လက်ကားဆိုင်မို့ အားလုံးက ဗန်းအကြီးတွေ။ ဒီကြားထဲ ခရုဆီပုလင်းကြီးတွေ့တာနဲ့ ဝယ်လိုက်တယ်။ ပုလင်းကလဲ ဖန်ပုလင်းနဲ့မို့ လေးသားများဘဲ။ ဆွဲပေတော့ တနင့်တပိုး။

ဒီဘက်ရောက်မှတော့ အသီးအရွက်ကုန်စုံဆိုင်ဘက် သွားရမယ်လေ။ အဲဒီမှာ ကန်စွန်းရွက်ရတယ်။ တခြားအသီးအရွက်တွေလဲ စူပါထက် ဈေးသက်သာတယ်။ ဆောင်းဝင်လို့ ထင်တယ် ကန်စွန်းရွက်တထုပ် ၁၅၀ယန်း ဖြစ်နေပြီ။ မကြာခင် ၂၀၀ဖြစ်တော့မယ်။ ဘာဖြစ်ဖြစ် ဝယ်မရတာနဲ့စာရင် တော်ပါသေးတယ်လေ။ ကြက်သားကာလသားဟင်း ချက်ချင်လို့ ဗူးသီးအစား ချက်နေကြ "ရှိရို့အူရိ-白瓜"ကို ရှာတာ မရှိ။ ပိုက်ဆံရှင်းခါနီးမှ ဂေါ်ဖီပန်းတွေ့တာနဲ့ တထုပ် ထပ်ထည့်လိုက်တယ်။ ဘယ်လက်ပြောင်းသယ် ညာလက်ပြောင်းသယ်နဲ့ လျှောက်ရင်း အိမ်ပြန်ရောက်လာပါတယ်။

မွန်းလွဲတောင် အတော်ကျော်နေပြီမို့ နေ့လည်စာစားပြီး ခဏနား။ ၄နာရီကျော်ဘဲရှိသေးတယ် နေရောင်ပျောက်သွားပြီ။ ဟိုလှည့်ဒီလှည့်နဲ့ ဆေးခန်းသွားဖို့ ပြန်ထွက်ရပြန်။ ဆေးဝယ်ရုံဆိုတော့ အကြာကြီး မစောင့်လိုက်ရပါဘူး။ ဆေးထုတ်တဲ့နေရာသွားတော့ ထုတ်ပေးတဲ့ဆေးတွေကြည့်ပြီး 'ငါများ ဆေးအရေအတွက် မှားရေးမိလိုက်လား'လို့ တွေးမိတယ်။ ဆေးဝယ်တဲ့ formမှာ လိုချင်တဲ့ အရေအတွက်ကို ကွက်လပ်ပေးထားပြီး အနောက်မှာ "~ခု"ဆိုတဲ့ သဘောမျိုး "ခို-個" လို့ ရေးထားတာမို့ ဖြည့်လိုက်တာ။ သူ့ရဲ့ "ခို-個"က ဂရမ်နဲ့ တွက်ပေးတာမို့ အများကြီးဖြစ်သွားတယ်။ နောက်ဆိုသတိထားမှ။

အပြန်မှာ အိမ်နားက စူပါထပ်ဝင်တယ်။ ဟင်! ဝယ်ပြန်ပြီလားလို့ ထင်ကြမယ်။ မနက်စာ ပေါင်မုန့်ကုန်နေလို့ပါ။ နွားနို့တဗူးပါထည့်ပြီး အသားရောင်းတဲ့အတန်းဘက် သွားစပ်စုလိုက်တယ်။ မနက်က ဝယ်ခဲ့တာနဲ့ ဈေးဘယ်လောက်ကွာလဲ သိချင်လို့။ အတော်ကွာတယ်ဆို ငါကွ!လို့ စိတ်ထဲမှာ ကြိတ်ပျော်၊ ဪ အိမ်ရှင်မ အိမ်ရှင်မ ဘာရယ်မဟုတ်တာလေးကိုဘဲ အရေးလုပ်နေတယ်။ ကြည့်ရင်းနဲ့ ဝက်နံရိုးတွေ ဈေးကျတာတွေ့တာနဲ့ ဝက်နံရိုးကြိုက်တဲ့ အိမ်ကြီးရှင်မျက်နှာကို မြင်ယောင်ပြီး ဝယ်လာလိုက်တယ် ၂ဗန်း။ ဒီလောက်အများကြီးဝယ်ပြီး ဘာလုပ်မှာလဲမေးရင် ချက်သင့်တာချက် ခဲသင့်တာ ခဲထားပြီး ဖြည်းဖြည်းချင်းစားပါမည်။ ခုထိတော့ ဘာမှမကိုင်ရသေးပါ၊ ကွန်ပြူတာရှေ့ ရောက်နေပါသည်။ ပို့စ်တင်ပြီးရင်တော့ ဟင်းသွားချက်တော့မည်။ ဒီည အရည်သောက်က ကန်စွန်းရွက်ချဉ်ရည်ဟင်းဖြစ်ပါသည်။ (ကြွားတာ)

Read More...

Monday, November 16, 2009

နောက်မယား



ငယ်ငယ်တုန်းကပါ။ အဖိုးမှာ နောက်မယားရှိတယ်လို့ အဒေါ်က ပြောလာတဲ့အခါ မျက်လုံးပြူးသွားတယ်။ တသက်နဲ့တကိုယ် တခါမှ မကြားမိဘူး။ အဖွားကို သွားမေးတော့လည်း 'အင်း'တဲ့ ခပ်ပြုံးပြုံးဘဲ။ အဒေါ်တွေကလဲ ဘာမှမဖြစ်သလိုနဲ့ အဖွားတောင် သက်သာသေးတယ်တဲ့။ တခါတလေ အဒေါ်တို့အတွက်ပါ အကူအညီရတယ်တဲ့။ ဘယ်လိုကြီးလဲ? မျက်မှောင်ကြုံ့မိတယ်။ နောက်တော့ အဒေါ်က ခေါ်သွားပြီး အဲဒီ အဖိုးရဲ့ နောက်မယားဆိုတာနဲ့ မိတ်ဆက်ပေးတယ်။

တွေ့ခါစက အိုးတိုးအမ်းတန်းဖြစ်သွားမိတယ်။ နောက်တော့ ပြုံးပြလိုက်ပါတယ်။ သူကလဲ သဘောကောင်းတယ်။ နောက်ပိုင်း မကြာမကြာတွေ့ဖြစ်တယ်။ တကယ်က အဲလောက် တွေ့စရာအကြောင်းမရှိတာကို သက်သက် စိတ်ဝင်စားလို့။ သူကလဲ ခုမှ တွေ့ဘူးပေမယ့်၊ တစိမ်းရယ် လူရင်းရယ် မခွဲပါဘူး။ ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေဘဲ။ တခါတလေ ကစားတာတောင် သူ့ကို လက်တဖက်က ဆွဲထားလိုက်သေး။ အချိန်တန်လို့ အိမ်ပြန်ရတော့မယ်ဆိုတော့ သူ့ကို ခေါ်သွားချင်တယ်။ အဖိုးက ခွင့်ပြုမယ် မထင်။

ဒီတော့ ကိုယ့်ဘာသာ ကြံဖန်ရတယ်။ ဒီလိုနဲ့ ကြိုးစားလိုက်တာ အိမ်အပြန် သူ့ကို ခေါ်သွားလို့ ရသွားတယ်။ အဖိုးကတော့ သူ့နောက်မယားနဲ့သူပါ။ ကိုယ်တိုင်က တခြားသပ်သပ်နဲ့။ ဘယ်သူနဲ့မဆို အဆင်ပြေအောင်ပေါင်းတတ်တဲ့ နောက်မယားက ဒီမှာ။


နောက်ကျောဘယ်လောက်ယားယား သူနဲ့တွေ့ရင် အဆင်ပြေသွားရမယ်။ လက်လှမ်းမမှီလို့ တခြားသူကို အကူအညီတောင်းဖို့ မလိုတော့ဘူး။ အစအနောက်သန်တဲ့ အဒေါ်တွေက ကျောကုတ်တံကို ကပြက်ကချော်နဲ့ နောက်မယားလို့ ခေါ်ရာက အကျင့်ပါသွားတာပါ။ ဂျပန်လို ဘယ်လိုခေါ်မှန်းသိချင်တာနဲ့ ရှာဖွေလိုက်တာ "မြေးလေးရဲ့လက်" (မဂေါ့နိုတဲ့ - 孫の手)လို့ ထွက်လာတယ်။ လက်သေးသေးလေးမို့ အဲလိုခေါ်တာလားလို့ ရာဇဝင်ကို ဖတ်ကြည့်တော့ တရုတ်နတ်သမီးအမည် "မကို"麻姑(まこ)က လာတာတဲ့။


နတ်သမီးက လက်သည်းအရှည်ကြီးမို့ သူ့ရဲ့ကျောယားရင် အဲဒီလက်နဲ့ နောက်ကျောကို ကုတ်ရာက "မကို့ရဲ့လက်" 「မကို့နိုတဲ့ - 麻姑の手」 လို့အမည်တွင်ရာက တဖြေးဖြေး အသံထွက် နီးစပ်တဲ့ "မဂေါ့နိုတဲ့" 「孫の手」လို့ ဖြစ်လာပါတယ်။ အသံနီးစပ်မှုတခုသာမကဘဲ ကလေးလက်ကလေးနဲ့တူတဲ့အတွက် အဖိုးအဖွားတွေ နှစ်သိမ့်ပေးသလိုလဲဖြစ်တာမို့ "မဂေါ့နိုတဲ့"လို့ခေါ်ကြောင်းလဲ ဆိုပါတယ်။ "မဂေါ့နိုတဲ့" ကို သတ္တု၊ ပလတ်စတိတ်၊ သားရေ၊ သစ်သား၊ ဝါး၊ ခေါက်သိမ်းနိုင်တဲ့ အိပ်ဆောင် စသဖြင့် ရိုးရိုးသာမန်ကနေ တန်ဖိုးကြီးကုန်ကြမ်းတွေနဲ့ လုပ်ထားတယ်။ "နောက်မယား" "မဂေါ့နိုတဲ့" "Backscratcher"က ဘာနဲ့ဘဲ လုပ်ထားပါစေ အဓိကက ကျောအယားပြေစေဖို့လို့ဘဲ ထင်ပါတယ်။

(ဆောင်းတွင်းရောက်လာလို့ အသားတွေ ခြောက်ပြီးယားရာက ငယ်ငယ်ကအကြောင်း ပြန်သတိယလို့ ရေးလိုက်တာပါ။ နောက်မယားလေး ရှာဦးမှ..။)

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP