Monday, December 31, 2007

ဉာဏ်စမ်းအဖြေ


မေးခွန်းတွေမေးပြီး ပြန်ဖြေဖို့ အတော်ကြာသွားတယ်။ အလုပ်တွေများနေလို့တော့ မဟုတ်ပါဘူး။ အရှုပ်တွေလုပ်နေတာ။ background ပုံတွေဆွဲလိုက် ရုပ်ရှင်တွေ download လုပ်ပြီးကြည့်လိုက်နဲ့ အခုရက်ပိုင်း ည အဲ သန်းခေါင်ကျော်ပြီဆိုတော့ မနက်ပေါ့ ၂နာရီကျော်မှ အိပ်ယာဝင်ဖြစ်တော့တယ်။ နိုးတဲ့အချိန်ဆို အနဲလေး မနက် ၁၀နာရီကျော်နေပြီ။ နှစ်ကူးမှာ "new year နဲ့ ကာလနဂါး" ဖြစ်တော့မယ်။ အချိန်မှန် မအိပ်တော့ ခေါင်းမကြည်၊ အဲဒါနဲ့ စာရေးဖို့ အာရုံစုစည်းလို့မရနဲ့ လုံးလည်ချာလည်လိုက်နေတာ မနည်းရေးတင်လိုက်ရတယ်။

ဆွဲထားတဲ့ background ပုံတချို့ကိုတော့ (ဒီမှာ)အားပေးကြပါ။ ဉာဏ်စမ်းမေးခွန်းတွေက လွယ်လွယ်လေးမေးထားတာ အားလုံးဖြေနိုင်မယ်ထင်တာ ဘာမြို့လဲ(၁)ကို စဉ်းစားလို့ မရကြဘူးဘဲ။ ခေါင်းခြောက်သွားကြတဲ့အတွက် ချောတီးပါ။ :D

ဘာမြို့လဲ(၁)


၂၅ကျပ်မှာ ၂၅ပြားစေ့ ၁၀၀ ရှိပါတယ်။
၂၅ကျပ် = ၂၅ပြား X ၁၀၀
၂၅ပြားကို တနည်းအားဖြင့် မတ်စေ့လို့ ခေါ်တယ်။ မတ်စေ့တရာရှိတဲ့မြို့ဆိုတော့ "မတ္တရာမြို့" ပါ။ :P


ဘာမြို့လဲ(၂)

တောင်တွင်းကြီးမြို့


လိမ္မော်သီးဘယ်နှစ်လုံးကျန်သလဲ

လိမ္မော်သီးခြင်းက ၂ခြင်းပါတော့ တစ်ဘူတာကို လိမ္မော်သီး ၂ လုံး အခွန်ဆောင်ရတယ်။ လိမ္မော်သီးကို တစ်ခြင်းစီက တစ်လုံးစီ မပေးဘဲ ခြင်းတစ်ခြင်းထဲကဘဲ ၂လုံးစီ ပေးသွားပါမယ်။ ဘူတာ ၂၅ခုဖြတ်ပြီးရင် ခြင်းတစ်ခြင်းကုန်သွားတဲ့အတွက် အဲဒီခြင်းကို လွှတ်ပစ်လိုက်တယ်။ လိမ္မော်သီးတစ်ခြင်းဘဲကျန်တော့ ကျန်ဘူတာ ၂၅ခုကို တစ်ဘူတာ တစ်လုံးစီဘဲ ပေးရတော့တဲ့အတွက် နောက်ဆုံး လိမ္မော်သီး၂၅လုံး ကျန်ပါတယ်။


Read More...

Thursday, December 27, 2007

"မေးမယ်နော်"


ရှစ်တန်းကျူရှင်တက်တုန်းက ကျူရှင်သင်ပေးတဲ့ "အနောထွေး"က သင်္ချာသင်ပြီး ခဏနားတဲ့အချိန်မှာ ပြင်ပဉာဏ်စမ်းတွေမေးတယ်။ သူ့တပည့် အရှော်တွေကလည်း ရှော်သလားမမေးနဲ့ တစ်ယောက်မှ မဖြေနိုင်ဘူး။:D အဲဒီတုန်းက မေးခွန်းတချို့ မှတ်မိနေလို့ လာလည်သူတွေကို ပြန်မေးလိုက်မယ်။

ဘာမြို့လဲ(၁)

တခါက လူတစ်ယောက် အထက်မြန်မာပြည်ကို ခရီးသွားတော့ မြို့တမြို့ကို ရောတ်လာတယ်။ ဒါပေမယ့် အဲဒီမြို့နာမည်ကို သူမသိဘူး။ ဒါနဲ့ လမ်းသွားရင်း အဲဒီက ဒေသခံတစ်ယောက်နဲ့တွေ့တော့ ဒီမြို့နာမည် ဘယ်လိုခေါ်သလဲလို့ မေးလိုက်တယ်။ အဲဒါနဲ့ ဟိုလူက ပိုက်ဆံအစိတ် (၂၅ကျပ်) ထုတ်ပြတယ်။ အဲဒါမြို့နာမည်တဲ့။ ဘာမြို့ပါလိမ့်??


(ဒီပုံက အခုမတွေ့နိုင်တော့တဲ့ ပိုက်ပိုက်လေး အမှတ်တရ)


ဘာမြို့လဲ(၂)

ဒီတခါ ပုံနဲ့မေးမယ်။

လွယ်လွယ်လေးပါ။ ဘာမြို့လဲ သိလား??

လိမ္မော်သီးဘယ်နှစ်လုံးကျန်သလဲ

ကုန်သည်တစ်ယောက်က တခြင်းမှာ လိမ္မော်သီး (၅၀)လုံး ပါတဲ့ ခြင်းနှစ်ခြင်းကို ရထားလမ်းခရီးနဲ့ ကုန်ကူးပါတယ်။ သူစထွက်တဲ့မြို့ကနေ သွားချင်တဲ့မြို့ရောက်ဖို့ ကြားမှာ ဘူတာ (၅၀)ခု ဖြတ်ရပါတယ်။ ကြားဘူတာတွေမှာ တစ်ဘူတာကို ဆက်ကြေး အဲ အခွန်အနေနဲ့ လိမ္မော်သီးတစ်ခြင်းကို လိမ္မော်သီးတစ်လုံး ပေးရပါတယ်။ ဘူတာအားလုံးဖြတ်ပြီး နောက်ဆုံး သူသွားမယ့်မြို့ကိုရောက်ရင် လိမ္မော်သီးဘယ်နှစ်လုံးကျန်မှာပါလဲ?



Read More...

Tuesday, December 25, 2007

ကိန်းဂဏန်းများနှင့်(၂)


အင်ဒိုသင်္ချာစာအုပ်ကို ဖတ်ပြီး တင်မယ်တင်မယ်နဲ့ ဘလော့ထဲမှာ သင်္ကေတတွေနဲ့ မရေးတတ်လို့ မတင်ဖြစ်ဖူး။ ခုတော့ တတ်တဲ့နည်းနဲ့ paint ထဲသွားရေးပြီး ပုံအနေနဲ့ဘဲ တွဲတင်လိုက်တော့တယ်။ အခု စာအုပ်ထဲက ပေါင်းနည်း နှစ်နည်း ရေးတင်လိုက်ပါတယ်။

ကိန်းအနည်းပေါင်းနည်း

ဒီနည်းက ဆယ်ပြည့်ဂဏန်းဖြစ်ဖို့နီးတဲ့ကိန်းကို အပြည့်ကိန်းဖြစ်အောင်လုပ်ပြီး ပေါင်းရတဲ့နည်းပါ။

e.g, 56+38 = ??

ပထမဦးဆုံး 56 နဲ့ 38 ထဲလ ဆယ်ပြည့်ကိန်းဖြစ်ဖို့နီးတဲ့ 38 ကို အပြည့်ကိန်းဖြစ်အောင် ပေါင်းပါမယ်။
38 + 2 = 40
ရလာဒ် 40 ကို ကျန်ကိန်းနဲ့ ဆက်ပေါင်းပါ။
40 + 56 = 96
ပေါင်းလာဒ် 96 ထဲက အပြည့်ကိန်းဖြစ်အောင်ပေါင်းခဲ့တဲ့ 2 ကို ပြန်နှုတ်ပါ။
96 - 2 = 94#
တခြားဥပမာတွေ ထပ်ပေါင်းကြည့်ပါ။
35 + 49 = ?
58 + 24 = ?
67 + 18 = ?

ကိန်းအများကြီးပေါင်းနည်း

e.g, 65+39+87 = ??

ဂဏန်းတွေကို ဒေါင်လိုက်အရင်စီပြီး အပေါ်ဆုံးဂဏန်းနဲ့ အောက်ဆုံးဂဏန်းကို ယှဉ်ကြည့်ပါ။ အပေါ်ဆုံးဂဏန်းက ကြီးမယ်ဆိုရင် အပေါ်မှ အောက်ကိုပေါင်းပါမယ်။ အောက်ဆုံးဂဏန်းက ကြီးမယ်ဆိုရင်တော့ အောက်ကနေ အပေါ်ကိုပေါင်းပါမယ်။ (မြားက ပေါင်းတဲ့ လားရာကို ပြထားပေးတာပါ။)


ခုဂဏန်းနေရာအတွက် -----> 5ရယ် 7ရယ် 9ရယ် ရှိပါတယ်။ အောက်ကနေ အပေါ်ကို ပေါင်းမယ့်အတွက် 7ကို 9နဲ့ အရင်ပေါင်းပါမယ်။ 7+9 = 16 <--- ရလာဒ် 10ကျော်ရင် 9အပေါ်မှာ "အစက်"လေး တစ်စက်မှတ်ပါ။ ပြီးရင် ရလာဒ် 16က ခုဂဏန်း 6ကို ဆက်ပေါင်းရမယ့်ရှေ့ဂဏန်း 5နဲ့ ပေါင်းပါ။ 6+5 = 11 <--- ဆက်ပေါင်းတဲ့ ရလာဒ် 10 ကျော်ရင် 5 အပေါ်မှာ "အစက်"လေး တစ်စက်မှတ်ပါ။ ကျန်တဲ့ 1 ကို ခုဂဏန်းအားလုံးပေါင်းခြင်းနေရာမှာ ရေးပါ။


ဆယ်ဂဏန်းနေရာအတွက် -----> 6ရယ် 3ရယ် 8ရယ် ရှိပါတယ်။ ခုဂဏန်းဘက်မှာ "အစက်"နှစ်စက်ရှိတာ သတိပြုပါ။ အဲဒီ "အစက်"နှစ်စက်ကို ဂဏန်း"2"အဖြစ်ယူပြီး ဆယ်ဂဏန်းနေရာက 8 နဲ့ စပေါင်းပါ။ 8+2 = 10 <--- ရလာဒ် 10ကျော်လို့ 8အပေါ်မှာ "အစက်"လေး တစ်စက်မှတ်ပါ။ ပြီးရင် အဲဒီရလာဒ် 10 က ခုဂဏန်း 0 ကို ဆက်ပေါင်းရမယ့်ရှေ့ဂဏန်း 3 နဲ့ ပေါင်းပါ။ 0+3 = 3 <--- 10မကျော်တဲ့အတွက် ရှေ့ဆက်ပေါင်းပါ။ 3+6 = 9 <--- ရတဲ့အဖြေကို ဆယ်ဂဏန်းအားလုံးပေါင်းခြင်းနေရာမှာရေးပါ။

ရာဂဏန်းနေရာအတွက် -----> ဆယ်ဂဏန်းဘက်မှာ "အစက်"တစ်စက်ရှိတာ သတိပြုပါ။ အဲဒီ "အစက်"တစ်စက်ကို ဂဏန်း"1"အဖြစ်ယူပြီး ရာဂဏန်းနေရာမှာ ရေးပါ။ ဒါကြောင့် အားလုံးပေါင်းလာဒ် 191 ရပါတယ်။

ဒီနည်းနဲ့ ကိန်းအများကြီးကို ပေါင်းကြည့်ပါ။ လွယ်လွယ်နဲ့ မြန်မြန်ပေါင်းနိုင်တာ တွေ့ရပါတယ်။ အောက်မှာပေးထားတဲ့ ဂဏန်းတချို့ကို ပေါင်းကြည့်ပါ။ ပြီးရင် ပေးထားတဲ့ အဖြေနဲ့ တိုက်ကြည့်နိုင်ပါတယ်။

e.g,(1)---> 97+81+73+32 = ???
e.g,(2)---> 5784+3325+7809+4537 =???
e.g,(3)---> 4541+2782+5917+7876 =???
e.g,(4)---> 78253+46328+50964+78195 =???
e.g,(5)---> 33885+76293+48725+36450 =???



ဒုတိယနည်းဖြစ်တဲ့ ကိန်းအများကြီးပေါင်းနည်းက Calculator ရှာမတွေ့ရင် အတော်အသုံးဝင်ပါတယ်။ ဒီနည်းနဲ့ ပွစာကျဲနေတဲ့ အသုံးစရိတ်တွေပေါင်းတာ ခေါင်းမမူးဘဲ မြန်မြန်ပေါင်းလို့ရလို့ သဘောကျမိပါတယ်။

Read More...

Thursday, December 20, 2007

လက်ခတ်သံ


ဒီသီချင်းကို စကြားဖူးတာက ကလေးဘဝတုန်းကကြည့်ဖူးတဲ့ "ရွှေချည်ငွေချည်တန်းပါလို့" ဆိုတဲ့ ရုပ်ရှင်ထဲမှာပါ။ ဒေါ်မေနွဲ့ ဘုရားရှိခိုးနေတုန်း ပခက်ထဲက ကလေးငိုလို့ ဘုရားဖြောင့်ဖြောင့် မရှိခိုးနိုင်ဘဲ ကလေးထိန်းပြီး သားချော့တေးအနေနဲ့ ဆိုခဲ့တာပါ။ အဲဒီကတည်းက ဒေါ်မေနွဲ့ ကိုလည်း ကြိုက်၊ သီချင်းကိုလည်း ကြိုက်သွားတာ။ အဲဒီသီချင်းက သီချင်းကြီးလား နှောင်းခတ်တေးလားတော့ မသိပါဘူး။

စဉ်းစားကြည့်တော့လည်း ဇာတ်လမ်းထဲမှာ ဒေါ်မေနွဲ့ပြောသွားတာတွေက အတော်မှန်တာဘဲ။ တပင်စီရှိတဲ့ ချည်မျှင်လေးတွေ ယက်ကန်းစင်မှာ လွန်းနဲ့ယက်ပြီး ပိတ်သားဖြစ်သွားလိုက်တာ နဂိုအတိုင်း ပြန်ရှင်းနိုင်ဖို့ အတော်ခက်တယ်။ ကျွန်မလည်း ဘယ်အချိန်ကတည်းကမှန်းမသိ ချည်နှောင်မိတဲ့ သံယောဇဉ်တွေ တယ်များပါလား။ လွယ်လွယ်နဲ့တော့ ရှင်းနိုင်မှာ မဟုတ်ဘူး။ ရှင်းမရတဲ့အပြင် အရှုပ်ထုပ်ကြီးထဲ အရှုပ်တွေများလို့ကောင်းတုန်း။ (အခုဆို ဘလော့သံယောဇဉ်ပါ တိုးလာပြီ။:P) ဒီသီချင်းကိုလည်း တချိန်ချိန်မှာ ဒေါ်မေနွဲ့လို သားချော့တေးအဖြစ် ဆိုဖြစ်ဦးမလားဘဲ။

လက်ခတ်သံ

{ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဆင်ဝတ်ကြပါစို့ မောင်ကြီးရေ တော့ ---
အောက်ပြည်ကို လှေတော်ထိုး ပိုးမှာလိုက်တယ် လေလေ့} ၂
{အနားတဖတ်တချက်ရယ်က စိမ်းနုခြယ် စိန်းနုခြယ်
အလယ်မှာ သံရောင်ကွက်နဲ့ ချစ်တဲ့သူ ယက်ခဲ့တယ်} ၂
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ ---- လက်ခတ်သံ လက်ခတ်သံ ပျိုလေးလက်ခတ်သံ
လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်ကကြားသလေလေ့
လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်က သောင်းတိုင်က သောင်းတိုင်ကကြားသလေလေ့

ရွှေချည်ငွေချည်တန်းပါလို့ ယက်ကန်းရွှေစင် တန်းရွှေစင် ရွှေချည်ငွေချည်တန်းပါလို့ ယက်ကန်းရွှေစင် တန်းရွှေစင်
ဘယ်သူဘယ်သူဝင်ကာမှ ချည်ခင်ထွေး ဘယ်သူဘယ်သူဝင်ကာမှ ချည်ခင်ထွေး
ရှင်းနိုင်ပါ့သရှင် ရှင်းနိုင်ပါ့သရှင်

ယက်ကန်းစင် အကွက်ဆန်းထွင်
ပျို့မောင်ကြီး ကိုရောင်ပွါးနဲ့ အတော်လိုက်မယ့်အဆင် ယဉ်သလေ့
မျှော်လိုက်တဲ့ခင် ခင်လေး အတော်လိုက်မယ့်အဆင် ယဉ်သလေ့
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ လက်ခတ်သံ လက်ခတ်သံ ပျိုလေးလက်ခတ်သံ
လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်ကကြားသလေလေ့
လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်က သောင်းတိုင်က သောင်းတိုင်ကကြားသလေလေ့


သီချင်းကို ကြိုက်လို့ အမှတ်တရအနေနဲ့သာ ရေးတင်လိုက်တာ။ စာသားအားလုံး မှန်ပါ့မလားတော့ မသိပါဘူး။ မှတ်မိတဲ့အတိုင်း ရေးလိုက်တယ်။ သိသောသူများရှိရင် ပြင်ပေးနိုင်ပါတယ်။

Read More...

Monday, December 17, 2007

ဂျပန်မှာကျောင်းလာတက်မယ်ဆိုရင်...


**မာစတာ / ဘွဲ့လွန် လာတက်သူတွေအတွက် မရည်ရွယ်ပါ။ ပုံမှန်ကျောင်းလျှောက်ပြီး ကျောင်းတက် အလုပ်လုပ်မည့်သူများအတွက် သိသလောက် မျှဝေပါတယ်။**

ဂျပန်စာသင်တန်းတက်တုန်းကပါ။ သင်တန်းတက်သူတွေက အမျိုးမျိုးပါပဲ။ UFLမှာ ကျောင်းတက်နေသူတွေ practice အတွက်လာတက်သူ၊ ပြင်ပက ဂျပန်သွားဖို့အတွက် တက်သူ၊ အပျော်သဘောနဲ့ လာတက်သူ စသဖြင့် အမျိုးမျိုးရှိပါတယ်။ အများအားဖြင့်တော့ သင်တန်းနဲ့ချိတ်ထားတဲ့ ဂျပန်ကျောင်းတွေ၊ တက္ကသိုလ်တွေကိုလျှောက်ဖို့ ရည်ရွယ်သူတွေများပါတယ်။ တချို့က အပြင်ကပွဲစားနဲ့ကျောင်းလျှောက်ဖို့အတွက် သင်တန်းတက်နေကြောင်း ထောက်ခံစာလိုချင်လို့ တက်သူတွေလည်း ရှိပါတယ်။

နှစ်တိုင်း ဒီဇင်ဘာလ ပထမပတ်ရဲ့ တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံက ဂျပန်ဘာသာကျွမ်းကျင်မှုစာမေးပွဲ JLPT- Japanese Language Proficiency Test (日本語能力試験)ကျင်းပပါတယ်။ အဲဒီအခါ အဝင်ဝမှာ ပြင်ပသင်တန်းကြော်ငြာတွေ သူတို့ကျောင်းနဲ့ချိတ်ထားတဲ့ ဂျပန်ကျောင်းကြော်ငြာတွေရဲ့ လက်ကမ်းစာစောင်တွေကမ်းပါတယ်။ ကြော်ငြာတွေကြည့်မိရင်တော့ ကျောင်းတွေအားလုံးက တက်ချင်စရာကြီးပါ။

ကျောင်းတွေမှာ Language School နဲ့ တက္ကသိုလ်ဆိုပြီး (၂)မျိုးရှိပါတယ်။ Language Schoolကတော့ ဒီဖက်ရောက်ရင်လည်း ဂျပန်စာကို အခြေခံကစပြီးပြန်သင်ရတာပါ။ Language Schoolတက်ဖို့ JLPTက ဂျပန်စာအခြေခံ level 4 စာမေးပွဲ အောင်ရပါမယ်။ လျှောက်တဲ့ကျောင်းပေါ်မူတည်ပြီး (၁)နှစ် သို့မဟုတ် (၂)နှစ်တက်ရပါတယ်။ တချို့ အပြင်ပွဲစား/ အသိကနေ ကျောင်းလျှောက်တယ်ဆိုတာ ဒီလို Language School တွေပါ။ ကျောင်းလခကတော့ ကျောင်းပေါ်မူတည်ပြီး ၆လစာ/ တစ်နှစ်စာ သွင်းရပါတယ်။ (မြန်မာပြည်ကလာသူတွေဆိုရင် တစ်နှစ်စာ သွင်းရပါတယ်။) ကျောင်းလခက ပုံမှန်အားဖြင့် တစ်နှစ်စာကို မြန်မာငွေသိန်း (၆၀)ဝန်းကျင်မှာရှိပေမယ့် ပွဲစား / သင်တန်းကို ဝန်ဆောင်စားရိတ် ပေးရတာမို့ လာသူအတော်များများ အနည်းလေး သိန်း (၁၂၀)ပေးရတာ သိရပါတယ်။ ကျောင်းပြီးရင် အလုပ်မရနိုင်သေးပါဘူး။ Senmon (専門) ဆိုတဲ့ Major ဘာသာတမျိုးမျိုးသင်ပေးတဲ့ကျောင်းကို ဆက်ရှာတက်ရမှာပါ။ တချို့Language School တွေမှာ Senmon Gakkou (専門学校)တွေ ရှိပြီး အဲဒီကနေ ဆက်တက်လို့ရပါတယ်။ တချို့မှာ မရှိတော့ ကိုယ့်ဘာသာကျောင်းတက်ရင်း စုံစမ်းပြီးလျှောက်ရပါတယ်။

တက္ကသိုလ်ကျောင်းလျှောက်ချင်ရင် JLPT အနည်းဆုံး level 2 အောင်ရပါမယ်။ ဒါမှမဟုတ် EJU (ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ) ရမှတ် ၂၂၀အနည်းဆုံး ရသူဖြစ်ရပါမယ်။ တက္ကသိုလ်တွေမှာ ပညာသင်ဆုပါ ပေးတဲ့ကျောင်းတွေရှိပါတယ်။ ပညာသင်ဆုမှာလည်း အမျိုးမျိုးရှိပါတယ်။ Full Scholarship တွေရှိသလို တချို့က lecture အတန်းတွေအတွက် သွင်းရတဲ့အခကို ၆လစာလွတ်ငြိမ်းခွင့်ပေးတဲ့ (practical တွေအတွက်တော့ practicalကြေးသွင်းရမယ့်) ပညာသင်ဆုလိုမျိုးတွေလည်းရှိပါတယ်။ နောက် ပညာသင်ဆုက ရပေမယ့် ဂျပန်ရောက်ရောက်ချင်းမှာ မရသေးပါဘူး။ ကျောင်းဘက်က စာရင်းဇယားတွေလုပ်ပြီးမှ ပြန်ပေးတတ်တာမျိုးပါ။ ရောက်ပြီး ၂ / ၃လလောက်ကြာမှ ရတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် ပညာသင်ဆုရတိုင်းလည်း အဆင်မပြေတာတွေရှိပါတယ်။ နောက်တခုရှိသေးတာက သင်တန်းတွေကို လာချိတ်ထားတဲ့ တက္ကသိုလ်ကျောင်းအားလုံးက ဝိဇ္ဇာဘာသာရပ်ဆိုင်ရာတွေဘဲ တက်ခွင့်ပေးထားတာများပါတယ်။ အများအားဖြင့်တော့ စီပွားရေးဘာသာရပ်ပါ။ ဝိဇ္ဇာဘာသာရပ်နဲ့ပြီးသူထက် သိပ္ပံဘာသာရပ်ပြီးသူတွေက အလုပ်အကိုင်အခွင့်အလမ်း ပိုများပါတယ်။

နေစရိတ်၊ စားစရိတ်က နယ်နဲ့ မြို့ ကွာပါတယ်။ နယ်က မြို့ထက် သက်သာပါတယ်။ ဒါပေမယ့် နယ်မှာ အချိန်ပိုင်းလုပ်ခကနဲပါးသလို လခလည်း နဲပါတယ်။ တိုကျိုမှာတော့ ဆိုင်တွေပေါများလို့ အလုပ်ရှာရလွယ်ပါတယ်။ ကျောင်းသားတွေအတွက် တရားဝင် အချိန်ပိုင်းလုပ်ကိုင်ခွင့်က တနေ့ ၄နာရီပါ။ အဲဒီလောက်ပဲလုပ်ရင် နောက်ဆက်သွင်းရမယ့် ကျောင်းလခ အဆောင်ခ၊ နေစရိတ်၊ စားစရိတ်လောက်မှာ မဟုတ်လို့ ကျောင်းကမသိအောင် ပိုလုပ်ကြတာများပါတယ်။ နောက်ပြီး ကျောင်းကရှာပေးထားတဲ့ အချိန်ပိုင်းအလုပ်တွေကက လခနည်းပြီး တစ်နှစ်စာချုပ်နဲ့ ကြိတ်မှိတ်လုပ်ရတာတွေလည်းရှိပါတယ်။ တိုကျိုမှာဆိုရင် ချွေတာစားသောက်ရင်တောင် ကျောင်းသားတစ်ယောက် တစ်လစရိတ် ယန်း(၁၀)သောင်း (မြန်မာငွေ ၁၀သိန်းလောက်)အနဲဆုံး ကုန်ကျပါတယ်။ ကိုယ်နေတဲ့စားတဲ့စားရိတ်လောက်တော့ ရှာနိုင်ကြပါတယ်။ အိမ်ပြန်ပေးနိုင်ဖို့ဆိုတာတော့ ကျောင်းတက်တုန်း သိပ်မလွယ်ပါဘူး။ဒီရောက်ပြီး တချို့ကြုံတွေ့ရတာက အထင်နဲ့ လက်တွေ့ကွာခြားခြင်းပါ။ ဂျပန်နိုင်ငံဆိုတော့ အတော်တော့ အထင်ကြီးပြီးလာခဲ့ကြတာပါ။ ဒီမှာလက်တွေ့ကြုံမှာက ဂျပန်ရဲ့ပင်ပန်းတဲ့ နေထိုင်မှုဘဝပါ။

တချို့က ကျောင်းတက်ရရင် ပြီးရော၊ ဒီရောက်ရင် သူ့ဘာသူ ဖြစ်သွားမယ်လို့ထင်ပြီးလာသူတွေရှိပါတယ်။ တကယ်တန်းတော့ ထင်တာထက် ပင်ပန်းမှုတွေကြုံရပါတယ်။ အိမ်ကတတ်နိုင်သူတွေအတွက် ကိစ္စမရှိပေမယ့် ချေးငှါးပြီးလာသူတွေအဖို့ အတော်အခက်တွေ့ကြပါတယ်။ တချို့တက်မိတဲ့ကျောင်းက သိပ်အဆင်မပြေ၊ ကျောင်းပြီးရင် အလုပ်ရဖို့စိတ်ပူ၊ လာဖို့ကုန်ကျထားတာတွေမကျေနဲ့ အတော်စိတ်သောကရောက်သူတွေလည်း ရှိပါတယ်။ ကျောင်းကထွက်ပြေးပြီး "O"လုပ်ကြသူတွေလည်း ရှိပါတယ်။ ဂျပန်မှာ Black list ဖြစ်ပြီးရင် ပြည်ဝင်ခွင့် / ဆက်နေခွင့် မပေးပါဘူး။

"O"ဆိုတဲ့ အိုဗာစတေးနေရင်လည်း အမြဲကျီးလန့်စာစားဘဝ ရောက်နေရမှာပါ။ စက်ဘီးစီးသွားလို့ လမ်းမှာ စက်ဘီးစစ်ဆေးရေးနဲ့တွေ့ပြီး အစစ်ခံရတာနဲ့တောင် "O"မှန်းပေါ်နိုင်ပါတယ်။ နောက်"O"သမားတွေ ခိုးကြောင်ခိုးဝှက်နေရတဲ့အပြင် အချိန်ပိုင်းလုပ်ခကလည်း တရားဝင်နေခွင့်ရသူထက် အနှိမ်ခံရပါတယ်။ မကျေနပ်လည်း ပြောပိုင်ခွင့်မရှိပါဘူး။ ပြောမိလို့ အတိုင်ခံရရင် ကိုယ်ဘဲ ပြန်ပို့ခံရမှာ။ နာဖျားရင်လည်း မလွယ်ပါဘူး။ "O"သမားတွေမှာ "ကျန်းမာရေးအာမခံ - 健康保険"မရှိ / လုပ်လို့မရပါဘူး။ ဒါကြောင့် ဆေးခန်းပြရင် 30%လောက်ဘဲ ပေးရမယ့်နေရာမှာ ယန်းသောင်းချီပေးရပါမယ်။ အခုနောက်ပိုင်း စီမံကိန်းတွေချပြီး "O"သမားတွေကို သေချာလိုက်ဖမ်းနေပါတယ်။ ဂျပန်မှာ နိုင်ငံပေါင်းစုံက "O"သမား (၂)သိန်းလောက်ရှိတာ ဒီ သုံးနှစ်အတွင်း ရှာဖွေဖမ်းဆီးရေးလုပ်တာ (၃)သောင်းလောက် ဖမ်းဆီးမိပြီလို့ ကြားပါတယ်။

ဒါကြောင့် ဂျပန်မှာကျောင်းလာတက်မယ်ဆိုရင် ကိုယ်တက်မယ့်ကျောင်းအကြောင်း သေချာသိမှ အဆင်ပြေနိုင်ပါမယ်။ နယ်မှာလား၊ တိုကျိုမှာလား? ကျောင်းလခ အဆင်ပြေပြေ ဆက်သွင်းသွားနိုင်မလား? ကျောင်းပြီးရင် အလုပ်ရနိုင်မယ့် အခွင့်အလမ်းရော ဘယ်လောက်ရှိသလဲ? စသဖြင့် အများကြီးသိထားနိုင်လေ ပိုကောင်းလေပါဘဲ။ ရောက်ရင်ပြီးရောလာရင် ဒုက္ခတွေ့မှာက ကိုယ်အရင် ပြီးတော့ ကိုယ့်မိဘပါ။ ကိုယ်သွားမယ့်နေရာအကြောင်း ပိုသိထားလေ ကောင်းလေပါ။ ဒါမှ တခုခုဆိုရင် ကြိုတင်စဉ်းစားနိုင်မှာပါ။

Read More...

Friday, December 14, 2007

ရှင်သန်ခြင်း


မနက်တိုင်းကြည့်ဖြစ်တဲ့ TBS 朝ズッバ - သတင်းအစီအစဉ်မှာ ဒီနေ့ စာအုပ်တစ်အုပ်အကြောင်း မိတ်ဆက်တာကြည့်လိုက်ရတယ်။ Breast Cancer နဲ့ ဆုံးသွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူမကတော့ ဒီနှစ် ငါးလပိုင်းမှာ ဆုံးသွားခဲ့ပါပြီ။ သူမဆုံးသွားတဲ့အချိန်မှာ အသက်(၂၄)နှစ်ပဲရှိပါသေးတယ်။ သူမ မဆုံးခင် ဆေးရုံတက်တုန်းက ရိုက်ထားတဲ့ ဗီဒီယိုမှတ်တမ်းနဲ့ တွဲပြသွားပါတယ်။

သူမလေးက ကားအရောင်းပြခန်းက model ပါ။ ချောလည်းအတော်ချောပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်လေးလို့ ပြောရင် ပိုမှန်မယ်။ သူမ (၂၃)နှစ်မှာ Breast Cancer ဖြစ်နေကြောင်း ဆေးစစ်ချက်အရသိလိုက်ရပါတယ်။ သူမဆေးရုံတက်ရတော့ သူမအနား အမြဲနွေးထွေးနှစ်သိမ့်ပြီး အားပေးသူကတော့ သူမဖခင်နဲ့ သူမချစ်သူပါ။ သူတို့ရဲ့အားပေးမှုနဲ့ ဝေဒနာကို ကြံ့ကြံ့ခံရင်း သူမရဲ့ Breast နှစ်ဖက်လုံးဖြတ်တောက် ခွဲစိတ်ခဲ့ပါတယ်။ ဒီလိုဖြတ်တောက်လိုက်ရင် ကောင်းသွားမယ်လို့ မျှော်လင့်ချက်ရှိခဲ့လို့ပါ။ ရင်သားမရှိတော့တဲ့ မိန်းခလေးကို လက်တွဲရမယ့် သူမချစ်သူအတွက် မိန်းကလေးတစ်ယောက်ရဲ့ လှပမှု မရှိတော့လို့ သူမအရမ်းအားနာငိုကြွေးခဲ့ပါတယ်။

ခွဲစိတ်ပြီး ကိုးလအကြာမှာ ရောဂါပြန်ခံစားရလို့ ဆေးရုံပြန်တက်ရပြန်တယ်။ အဲဒီအချိန်မှာသိလိုက်ရတာက သူမ အဆုတ်နဲ့ ကျောရိုးအထိ Cancer cell တွေ ပျံ့နေပြီး နောက်ကျနေပြီဆိုတာပါဘဲ။ အသက်ကို အတော်ခက်ခက်ခဲခဲရှုနေရတယ်။ အရိုးတွေကျိုးသလို နာကျင်တယ်လို့ သူမပြောတယ်။ ဒါပေမယ့် သူမ အသက်ဆက်ရှင်ဖို့ မျှော်လင့်ခဲ့တယ်။ သူမအနာဂါတ်စိတ်ကူးကို သာမာန်မိန်းကလေး အိမ်ထောင်ရှင်ဘဝအဖြစ် ဖြတ်သန်းချင်တယ်လို့ ပြောခဲ့တယ်။

သူမ မသိခဲ့တာက သူမသက်တမ်း တစ်လဘဲရှိတော့တာကိုပါ။ ဆေးစစ်ချက်ထွက်လာပြီး သိလိုက်ရတဲ့အဖြေကို ဖခင်က ပြောမထွက်ရက်ခဲ့ပါဘူး။ သူမ ဖခင်ရော ချစ်သူပါ သူမစိတ်ပေါ့ပါးအောင် နွေးထွေးမှုပေးခဲ့ပါတယ်။ သူမလည်း ဝေဒနာသည်းတဲ့အချိန်ကလွဲလို့ ခပ်ပြုံးပြုံးလေးဘဲ အားလုံးကို ဆက်ဆံပါတယ်။ သူငယ်ချင်းတွေကလဲ သူမကို လက်သည်းနီဆိုးပေး အလှပြင်ပေးနဲ့ ရောဂါသည်လို့မခံစားအောင် အားပေးလို့ပါပဲ။ Cancerဝေဒနာသည်လို့ မထင်ရက်စရာကောင်းလောက်အောင် သူမမျက်နှာလေးက အမြဲလမ်းဆန်းနေပါတယ်။

သူငယ်ချင်းတွေကို သူမ မသေခင် မင်္ဂလာဝတ်စုံဝတ်ဖူးသွားချင်တယ်လို့ ဖွင့်ပြောခဲ့တယ်။ ဒါနဲ့အားလုံး စုပေါင်းပြီး သူမတို့ မင်္ဂလာပွဲကို ဧပြီလမှာ ဘုရားကျောင်းမှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘုရားကျောင်းသွားတဲ့ကားပေါ်မှာ သူမရောဂါ ဖောက်လိုက်သေးတယ်။ ဆိုးရွားလာရင် ဆေးရုံကိုပြန်လှည့်ရမှာ။ ကံကောင်းစွာနဲ့ အပြင်းအထန်ဖောက်မလာတဲ့အတွက် မင်္ဂလာပွဲ ချောချောချူချူနဲ့ ပြီးသွားခဲ့တယ်။ သတို့သမီးလေးက အလှဆုံး ပြုံးခဲ့တယ်။

လက်ထပ်ပြီး မေလအရောက်မှာ သူမ အားလုံးကို နှုတ်ဆက်သွားခဲ့ပါပြီ။ ဘယ်သူထင်မှာလဲနော် ငယ်ရွယ်တဲ့ နုပျိုတဲ့အသက်ကို Breast Cancer က စောစောစီးစီး လုသွားမယ်လို့။ သူမရဲ့ မှတ်တမ်းစာအုပ်ထဲမှာ စကားတစ်ခွန်း အားလုံးအတွက် massage ပေးခဲ့ပါတယ်။
"အသင်တို့အားလုံးမှာ မနက်ဖြန်ဆိုတာရှိပါသေးတယ်။ မနက်ဖြန်နဲ့ထိတွေ့နိုင်တာ အံ့ဩဝမ်းမြောက်ဖွယ်ရာပါ"တဲ့။

*****

ရုပ်ရှင်ဆန်တဲ့ တကယ့်အဖြစ်အပျက်ပါ။ ခဏတဖြုတ်လေးကြည့်မိတာတောင် အတော်ဝမ်းနည်းမိတယ်။ ဝေဒနာကိုခံစားရင်း "အားလုံးအသက်ရှင်နေတာကို တန်ဖိုးထားဖို့" သူမပြောသွားတဲ့ စကားလေးတစ်ခွန်းကို ကြားမိလိုက်တဲ့အချိန်မှာ ကိုယ်နဲ့တိုက်ဆိုင်သွားလို့ဘဲလားမသိ စိတ်အားပြည့်သလို ခံစားလိုက်ရပါတယ်။

Read More...

Tuesday, December 4, 2007

"အုအဲနို"တိရစ္ဆာန်ရုံ



上野動物園 (うえの どうぶつえん) သွားလည်တုန်းက အမှတ်တရ ပုံတချို့ပါ။ အဝင်ဝမှာ များလိုက်တဲ့ လူတွေ။ ထောင်ချီရှိလိမ့်မယ်။ ဒါကိုတွေ့ရင် ဂျပန်လူဦးရေနည်းတာ ယုံနိုင်ဖွယ်မရှိဘူး။ စားသောက်တဲ့နေရာတွေမှာလည်း အပြည့်၊ ဆေးလိပ်သောက်တဲ့နေရာမှာလည်း ကျားကျားမမ အများကြီး။ ကျွန်မကတော့ ဆေးလိပ်နံ့ရရင် ထွက်ပြေးတယ်။


"ဟူး! အမြင့်ကြီး ပျံချင်လိုက်တာ"




"ကြင်နာတာလား? ကိုက်ဆွဲနေတာလား?"




"လောကကြီးက ဇောက်ထိုးကြီး"




"ဟိတ်! ပြုတ်ကျမှာ မကြောက်ဘူးလား"




"မြင်းလဲမဟုတ် မြည်းလဲမဟုတ်"




"တောထဲမှာတော့ ဘုရင်ပေါ့"




"ခုန်ကူးဖို့သစ်ကိုင်းက နဲလိုက်တာ"




"နေဦး! ပို့စ်ပေးလိုက်ဦးမယ်"




"ဟိုဘက်အခြမ်းနဲ့ ဒီဘက်အခြမ်း ကုန်းတံတားနဲ့ကူးတယ်"




"ကန်ထဲမှာ ငှက်တွေ ရေဘဲတွေ အများကြီး"




"ရေကူးလို့ မဝဘူး"




"ရေခဲတောင်ကလဲ အတုကြီး"




"တရေးတမော ခူး..... ခလော.... ခလော"




"ဝန်ပိုနဲ့ ကြိုးကြာငှက်"




"ဟေ့! ဘာလာကပ်ကြည့်တာလဲ"




"လိပ်ဘိုးဘိုး"




"မီယာကတ်လေး အမြဲမော့နေတာ မညောင်းဘူးလား?"




"ဘာကောင်လေးမှန်း မသိ! ယုန်လောက်တောင် မရှိတဲ့ သမင်အသေးစားမျိုးလေး"


ရိုက်လာတာ ပုံအများကြီးပေမယ့် ပုံတချို့ဘဲ တင်လိုက်တယ်။ ထူးခြားတဲ့ နို့တိုက်သတ္တဝါအသေးစားမျိုးတွေက မီးမှိန်မှိန် အခန်းလေးတွေထဲ ထည့်ထားတော့ သိပ်ရိုက်လို့မရဘူး။


Read More...

Saturday, December 1, 2007

ဒီဇင်ဘာ(၁)ရက်




ဘာလိုလိုနဲ့ ရောက်လာပြန်ပေါ့ ဒီနေ့။ ကျွန်မ နေ့ရက်တွေ မေ့လွယ်ပေမယ့် ဒီ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ကိုတော့ မှတ်မိနေတတ်တယ်။ မှတ်မိရခြင်းကလည်း အထက်တန်းကျောင်းတုန်းက သူငယ်ချင်း ယောက်ျားလေး တစ်ယောက်ကြောင့်ပါ။ သူ့မွေးနေ့က ဒီဇင်ဘာ ၁ရက်နေ့။ ဘယ်နခုနှစ်ကစလို့ World AIDS Day လို့ သတ်မှတ်မှန်း မသိပေမယ့် ကျွန်မတို့ အတန်းခွဲ(A)ကို မြို့တော်ခန်းမမှာ ဟောပြောပွဲတက်ရမယ်လို့ ကံစမ်းမဲဖောက်ခံရတဲ့အခါကျမှ သြော် ဒီဇင်ဘာ၁ရက်နေ့က World AIDS Day ပါလားလို့ သိတော့တယ်။ မွေးနေ့နဲ့ တိုက်ဆိုင်နေတဲ့ သူငယ်ချင်း ယောက်ျားလေးကိုလည်း ဝိုင်းနောက်ကျ၊ သူ့ခမျာလည်း ရီရမလိုငိုရမလိုမျက်နှာပေးကိုဖြစ်လို့။

ဟောပြောပွဲတက်ဆိုတော့လည်း ကျွန်မတို့ နေကြာကွာစေ့၊ သကြားလုံး၊ ရေဘူးဆောင်ပြီး သွားကြတာပေါ့။ စားစရာက ဘယ်အချိန်စလို့ ဘယ်အချိန်ပြီးမယ်မှန်းမသိတဲ့ အစည်းအဝေးတွေ သွားနေရလို့ ဆောင်သွားကြတာ။ စင်ပေါ်က ပြောချင်ရာပြော ကျွန်မတို့လည်း စင်အောက်မှာ နေကြာစေ့စား ကွာစေ့စား အရှေ့က လက်ခုပ်တီးရင်လိုက်တီးပေါ့။ ဒီWorld AIDS Day ဟောပြောပွဲကတော့ အင်အားပြဖို့မလိုလို့ထင်ရဲ့၊ မိုးလုံလေလုံ မြို့တော်ခန်းမမှာလုပ်တယ်။ ယောက်ျားလေး၊ မိန်းကလေး တစ်တန်းစီ စီတန်းပြီးဝင်ရတယ်။ အဝင်ဝမှာ စောင့်တဲ့လူက စက္ကူခွက်တစ်ခွက်ကိုင်ပြီး ဝင်လာသမျှ ကျောင်းသူကျောင်းသားတွေကို ယူဆိုပြီးပေးတယ်။ ခွက်ထဲကြည့်တော့ ခပ်သေးသေး အထုပ်လေးတွေ။ ရှေ့ကလူက သကြားလုံးဝေနေတယ်ထင်တယ် ယူလို့ပြောတော့ နောက်ကလူတွေ လိုက်ယူကြတာပေါ့။ တချို့က ၂ခု ၃ခုယူလိုက်သေးတယ်။ နောက်ဟောပြောပွဲနားထောင်ရင်း ကွိကျိကွိကျိတွတ်ထိုးသံထွက်လာလို့ စပ်စုကြည့်မှ သကြားလုံးမှတ်ပြီးယူလာတာတွေက ကွန်ဒွန်တွေဖြစ်နေတယ်။ ဘာပြောကောင်းမလဲ မိန်းကလေးအားလုံး လန့်ဖျန့်ပြီး ခုံအောက် လွှတ်ပစ်ကြတာပေါ့။ အဲလို တလွဲအမှတ်တရတွေနဲ့။

တက္ကသိုလ်တက်တော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါနဲ့ ပို နီးနီးစပ်စပ်ရှိလာတယ်။ တမျိုးမထင်ပါနဲ့။ ကျွန်မတို့ကျောင်းက ကူးစက်ရောဂါ အထူးကုဆေးရုံဘေးမှာမို့ပါ။ ဆေးရုံနဲ့ကျောင်းကြား မြက်ရိုင်းလယ်ကွင်းတွေ ခံပြီး အလယ်မှာ သံဆူးကြိုးဘဲခြားထားတယ်။ ကူးစက်ရောဂါ အထူးကုဆေးရုံလို့သာ ပြောရတာ အဓိကက HIVလူနာတွေဘဲများတာပါ။ ကျွန်မတို့ သုံးထပ်စာသင်ဆောင်က ဆေးရုံအနောက်ဖက် အုတ်တိုက်အခန်းနဲ့ တန်းနေတယ်။ ခပ်သေးသေးလေးဘဲတွေ့ရပေမယ့် မြင်ပါများတော့ အဲဒီအုတ်တိုက်အခန်းက ဆုံးသွားတဲ့လူနာကို ဘုန်းကြီးပင့် သရဏဂုံတင်တဲ့ အခန်းမှန်း သိရတယ်။ သူငယ်ချင်းတစ်ယောက်ယူလာတဲ့ အိပ်ဆောင်မှန်ဘီလူးနဲ့ ဆေးရုံထဲ လိုက်ချောင်းကြည့်ပြီး ဘာမှမမြင်ရတာကိုဘဲ ကြက်သီးတွေထကြတယ်။ ကျောင်းမှာ ဝိညာဉ်ခေါ် ဗေဒင်တွက်တာလည်း ခေတ်စားလိုက်သေးတယ်။ ကျွန်မတို့အဆောင်မှာ အပေါ်ဆုံးအထပ်မှာဘဲ စာသင်သေးတော့ အောက်နှစ်ထပ်က အခန်းတွေက လွတ်နေတယ်။ အဲဒီမှာ တချို့ သွားဆော့ကြတယ်။ တရက်တော့ အဲဒီအခန်းထဲ ဝိညာဉ်ခေါ် ဗေဒင်တွက်ဆော့တဲ့အဖွဲ့ တဝုန်းဝုန်း တဒိုင်းဒိုင်း ပြေးတက်လာတယ်။ သူတို့ခေါ်သမျှ ဝိညာဉ်တွေ မေးလိုက်တိုင်း HIVနဲ့ ဆုံးတာဆိုလို့ ကြောက်ပြီးပြေးလာကြတာ။ ဖြစ်လည်းဖြစ်နိုင်တာဘဲ။

ကျောင်းနဲ့ ဆေးရုံကပ်ရပ်ပေမယ့် HIVလူနာတွေတော့ အနီးကပ်တွေ့ဖူးတာတော့ အထူးထု အဲ အထူးကုဆေးခန်းမှာ အလုပ်ဝင်တော့မှပါ။ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးထိုင်တဲ့ နှစ်ရက်မှာ များလိုက်တဲ့ လူနာတွေ။ ဆရာဝန်ကြီးက သဘောထားလည်းပြည့်ဝ စာနာစိတ်လည်းရှိတယ်လို့ သတင်းမွှေးသူပါ။ နွမ်းပါးသူတွေနဲ့ ရဟန်းသံဃာ၊ သီလရှင်တွေကို အမြဲကြည့်ရှုခ မယူပါဘူး။ ဆရာကြီးဆီ အများဆုံးလာပြကြတာ HIVလူနာတွေပါ။ နယ်ကလာသူ တော်တော်များများက ကိုယ့်ကိုယ်ကို ဘာရောဂါဖြစ်လို့ဖြစ်မှန်း မသိကြဘူး။ သူတို့ဘယ်လိုကူးစက်လာမှန်း မသိပေမယ့် နွမ်းနွမ်းပါးပါးနဲ့ မသိနားမလည်တဲ့ မျက်နှာတွေ မြင်ရရင် စိတ်မကောင်းဘူး။ မှတ်မိနေသေးတယ်။ သုံးခွကလာတဲ့ အဒေါ်ကြီးတစ်ယောက်နဲ့ ခြောက်နှစ်ခုနှစ်နှစ်အရွယ် သမီးလေး ၂ယောက်၊ အားလုံး ညိုမဲမဲ ပိန်ပိန်လေးတွေ။ ဆရာကြီးကတော့ FOC ကြည့်ပေးလိုက်ပေမယ့် သွေးစစ်ခတွေ တစ်ယောက် သောင်းကျော်ကျကုန်တယ်။ ရန်ကုန်လည်း ရောက်ဖူးပုံမရဘူး။ တည်းဖို့နေရာ ကျွန်မတို့ကို လာမေးနေတော့ သိတဲ့တစ်ယောက်က နယ်ကလာသူတွေ တည်းနေကျ ဘုန်းဘုန်းကျောင်းကို ညွှန်ပေးလိုက်တယ်။ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပေမယ့် နောက်ရက်ချိန်းမှာ စာအုပ်ကြည့်မိတော့ အားလုံးHIV(+)တဲ့။ စိတ်မကောင်း အတော်ဖြစ်မိတယ်။ တချို့လည်း ဆရာကြီးကိုမမေးရဲတော့ သူတို့ ဘာရောဂါဖြစ်တာလဲဆိုပြီး ကျွန်မတို့ကို လာမေးတယ်။ အဲဒီအခါကျရင် အတော်ဖြေရခက်တယ်။

ရန်ကုန်က လူတွေအတော်များများကတော့ ဆရာကြီးဆီ ဘယ်လိုလူနာတွေ များတယ်ဆိုတာ သိကြတယ်။ ဆရာကြီးနဲ့ ပြဖို့ အညွှန်းခံရရင် သို့လောသို့လောတွေးပြီး ဘာဆေးတွေသောက်ခိုင်းတာလဲ လာမေးတယ်။ ရှုပ်လာပုံရတဲ့လူတစ်ယောက်ပေါ့၊ ဆရာကြီးနဲ့ပြရလို့ ကြောက်ပြီး မျက်နှာဇီးရွက်လောက်နဲ့ သူဘာလို့ ဒီဆေးသောက်ရတာလဲဆိုပြီး ကွေ့ဝိုက်လှည့်ပတ်ပြီး လာမေးတယ်။ HIVအတွက်ပေးတဲ့ဆေးမဟုတ်မှန်း သေချာသွားတော့မှ ဆေးခန်းထဲက မြူးတူးပြီးထွက်သွားတယ်။ သြော် ဒီလူ့နှယ် ကြောက်ရင် အစထဲက ဆင်ချင်ပေါ့။ တချို့လူနာများတော့ မြင်ပြင်းကပ်မိတယ်။ ငွေပေါ ကဲကြော ဘဝင်မြင့်နေတဲ့ သူတွေပေါ့။ ငါတို့ ငွေရှိတယ်၊ ကုနိုင်တယ် ဘာမှဂရုမစိုက်ဘူးဆိုတဲ့ အချိုးနဲ့။ တချို့အမျိုးသမီးတွေ ရောဂါဖြစ်မှန်း သိသိကြီးနဲ့ မကောင်းတာဆက်လုပ်နေပုံပါဘဲ။ အဲဒီဝင်ငွေနဲ့ ဆေးဆက်ကုနေတယ်။ HIVအတွက် သောက်ရတဲ့ဆေးတွေက အတော်လည်း ဈေးကြီးပါတယ်။ ငွေများ ငွေနိုင်၊ ဆေးများ ဆေးနိုင်လို့တောင် ပြောရမယ်။ ဆေးမှန်မှန်သောက်နိုင်တဲ့သူများကတော့ ပုံမှန်လူနဲ့မခြား နေနိုင်တယ်။ တလစာဆေးဘူးတွေ သိန်းချီပြီး ဝယ်သွားတဲ့သူ ရှိသလို၊ ဒီနေ့သောက်ဖို့အတွက် ဆေးတစ်လုံးဘဲဝယ်သွားနိုင်သူလည်း ရှိတယ်။ သေချာတာကတော့ ဆေးမှန်မှန်ဝယ်သောက်နိုင်သူက အနည်းစုပါဘဲ။ အဲ တခါတလေ ငွေရှိတိုင်းလည်း ဆေးဝယ်လို့မရတာ ဖြစ်တတ်ပါတယ်။ နယ်စပ်နဲ့ ကားလမ်းပိတ်တဲ့ အခါမှာပါ။ ဆေးခန်းမှာလည်း ဆေးပြတ်သွား အပြင်မှာလည်း ရှာလို့မရ လူနာတွေလည်း ပြူးပြူးပြာပြာဖြစ်ကုန်ရော။ သူတို့ခမျာ နေ့တိုင်း ဆေးမှန်မှန်သောက်မှ ရမှာဆိုတော့လေ။

ဒါနဲ့ စပ်ဆက်မိလို့ ကျွန်မတို့နယ်မှာလည်း နယ်စပ်ထွက် အလုပ်သွားလုပ်သူတွေ များတယ်။ အလုပ်ဆက်မလုပ်နိုင်လို့ ပြန်လာကြရင် အပြန်လက်ဆောင်ဆိုး သယ်လာသူတွေ တကယ်များတယ်။ အဲလိုသူကတဆင့် အိမ်ထောင်ဖက်ကို လက်ဆင့်ကမ်းကူးတယ်။ တကယ်ကို မျက်မြင်ပါ။ ကျွန်မ အမ မော်လမြိုင်မှာ အလုပ်ဝင်နေတုန်းကပေါ့၊ သူက ရင်ကြပ်ရှိတော့ သူ့အမျိုးသားလောင်းရဲ့ ဦးလေးဆေးခန်းနဲ့ မိတ်ဖွဲ့ထားရတယ်။ အဲဒီဦးလေးကပြောတယ်။ ဆေးခန်းလာပြလို့ စစ်ကြည့်လိုက်ရင် (၁၀)ယောက်မှာ (၉)ယောက်က HIVရောဂါရှိနေတယ်တဲ့။ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေ လာရောက်စစ်တမ်းကောက် မေးမြန်းမယ်ဆိုတော့ ရှိသမျှဆေးခန်းတိုင်းကို HIVရောဂါရှိသူ တစ်ယောက်မှ လာမပြပါဘူးလို့ဘဲ ဖြေရမယ်လို့ အမိန့်ပေးခံရတယ်။ အမှန်အတိုင်းဖြေရင် စ/မလက်မှတ် သိမ်းမယ်တဲ့။ သြော် ကောင်းလေစွ ကောင်းလေစွ။ ဒီနည်းနဲ့ မြန်မာပြည်မှာ HIVလူနာ နည်းပါတယ်လို့ လုပ်ထားတာလေ။ အမှန်အတိုင်းသိမှ ပညာပေးရေးလုပ်ငန်းတွေ၊ ကာကွယ်ရေးတွေ ထိထိရောက်ရောက် လုပ်နိုင်မှာပေါ့။ အခုတော့ ဆင့်ပါးစပ် နှမ်းပက်ဖြစ်နေတာ အမှန်ဘဲ။ အိမ်နီးချင်း ထိုင်းမှာတောင် ပညာပေးလုပ်ငန်းနဲ့ အတော်ဟန့်တားထားနိုင်ပြီ။ (ယှဉ်မိပြန်ပြီ။) ကိုယ့်နိုင်ငံမတော့ ..... နည်းပါတယ်၊ မရှိသလောက်ပါဘဲလို့ အော်တဲ့သူ အော်နေပေမယ့် ကျွန်မအလုပ်လုပ်တဲ့ ဆေးခန်းမှာတောင် ဆရာကြီး ခရီးသွားစရာရှိလို့ ဒီတပတ် တစ်ရက်ပဲ ထိုင်နိုင်မယ်လို့ ကြေငြာထားရင် များလိုက်တဲ့လူနာတွေ လာလိုက်တာ အယောက် ၂၀၀၊ ၃၀၀ကျော်။ ဘွတ်ကင်တောင် ပိတ်ပြစ်ရတယ်။ ဒီဆေးခန်းတစ်ခုမှာတင် အဲလောက်ဆိုတော့ ရောဂါဖြစ်နေသူ တကယ့်အမှန်စာရင်းဆိုရင် .......


Read More...

Monday, November 26, 2007

ဥပမာတင်စားခြင်း


အလုပ်တွေများလွန်း ရှုပ်လွန်းလို့ ဘယ်သူလာကူကူရတယ်၊ လူတစ်ယောက်ဆီကဖြစ်ဖြစ် အများကြီးဆီကဖြစ်ဖြစ် အကူအညီလိုချင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ဂျပန်ဘာသာဖြင့် "ကြောင်လက်ကိုတောင် ငှါးချင်လောက်အောင်ဘဲ"လို့ တင်စားပြီး ပြောပါတယ်။ ဥပမာ- ကြောင်က အကူအညီပေးလည်း အဲဒီလောက် အသုံးဝင်မယ်လို့မထင်ပေမယ့် တခုခုကို ပါးစပ်ကထုတ်ပြောချင်တယ်လို့တွေးပြီး ဒီလိုပြောဆိုခြင်း ဖြစ်ပါတယ်။

တဖန် "ကျနော့်ရဲ့အိမ်မှာ ပန်းခြံရှိပါတယ်။ ဒါပေမယ့် ကျဉ်းကျဉ်းလေးဘဲဗျ"လို့ ပြောချင်ရင် ဒါကိုလည်း "ကြောင်"ကိုအသုံးပြုပြီး "ကြောင်နဖူးလောက် ပန်းခြံရှိတယ်"လို့ ပြောပါတယ်။ ကြောင်မှာလည်း နဖူးကျယ်တဲ့ကြောင်နဲ့ နဖူးကျဉ်းတဲ့ကြောင် ရှိတယ်လို့ တွေးမိတဲ့အတွက် ဂျပန်စကားနားလည်တဲ့ကြောင်သာ ကြားမယ်ဆိုရင် "မယဉ်ကျေးလိုက်တာ"လို့ စိတ်ဆိုးခံရမယ်ထင်တယ်။

နောက်ထပ်နောက်ထပ်အများကြီး "ကြောင်"ရဲ့အကျိုးဖြစ်စေတဲ့ သုံးရလွယ်သောပြောဆိုပုံတွေ ရှိတဲ့အထဲက၊ "ကြောင်ကိုအသပြာ"ဆိုတဲ့ ပြောဆိုပုံလောက် စိတ်ဝင်စားစရာကောင်းတာ မရှိဘူးမဟုတ်ပါလား။ အသပြာဆိုတာ ဟိုးရှေးရှေးတုန်းက ငွေကြေးဖြစ်တဲ့အတွက်ကြောင့် အခုဆိုရင်တော့ "ကြောင်ကိုယန်းတစ်သောင်း"လို့ ပြောမယ်ဆို အဓိပ္ပါယ်နားလည်တယ်မဟုတ်လား။ ဈေးကြီးတဲ့ အဘိဓာန်ကို ပိုင်ဆိုင်ပေမယ့်လည်း လုံးဝအသုံးမပြုဘဲ စာအုပ်စင်မှာ စီထားတဲ့သူကို "ကြောင်ကိုအသပြာပေးသလိုဘဲ"လို့ ပြောပါတယ်။

ကြောင်တင်မကပါဘူး၊ ခွေး၊ နွား၊ မြင်းစတဲ့ လူသားတွေနဲ့ ဟိုးအရင်ကတည်းက အတူနေထိုင်ခဲ့ကြတဲ့ တိရစ္ဆာန်တွေကို အသုံးပြုတဲ့ ပြောဆိုပုံတွေ အများကြီးရှိပါတယ်။ အသင်တို့တိုင်းပြည်ရဲ့ စကားလုံးမှာလည်း "ကြောင်လက်"ရယ် "ကြောင်နဖူး"ရယ် ပြီးတော့ "ကြောင်ကိုအသပြာ"စတဲ့ တူညီတဲ့ပြောဆိုပုံတွေ ရှိပါသလား။ ရှိမယ်ဆိုရင် ကြိမ်းသေဆက်ဆက် အဲဒါကို မိတ်ဆက်ပေးစေလိုပါတယ်။


たとえる

 忙しくて忙しくて、だれでもいいから一人でも多くの人に手伝ってもらいたい。そんなとき、日本語では「猫の手も借りたいほどだ」と たとえて言います。たとえ猫が手伝ってくれたも役に立つとは思いませんが、何か口に出して言いたいと思って、こう言うのです。
 また、「私の家に庭があります。でも狭いですよ。」と言いたければ、これも「猫」を使って、「猫の額ほどの庭があります。」と言います。猫にも額の広い猫と狭い猫がいると思うので、日本語の分かる猫に聞かれたら、「失礼じゃないですか」と怒られてしまうそうです。
 まだまだたくさん「猫」の世話になる便利な言い方はあるのですが、「猫に小判」という言い方ほど面白いものはないでしょう。小判は昔のお金ですから、今なら「猫に一万円」と言えば、意味か分かるでしょうか。高い辞書を持っていても、ぜんぜん使わずに本棚に並べておくだけの人に、「猫に小判だね」と言うのです。
 猫だけではなく、犬、牛、馬など、人と昔から生活をしてきた動物たちを使った言い方がたくさんあります。皆さんの国の言葉にも「猫の手」や「猫の額」、そして「猫に小判」などと同じような言い方がありますか。あれば是非それを紹介してください。

(中級から学ぶ日本語の本から)

新しい言葉 (あたらしいことば) - ဝေါဟာရအသစ်များ

例える (たとえる) - ဥပမာတင်စားခြင်း။
口に出す (くちにだす) - ထုတ်ပြောသည်။
役に立つ  (やくにたつ) - အသုံးဝင်သည်။
額 (ひたい) - နဖူး၊ ဘောင်။
便利ナ.二  (便利な.に)-  အဆင်ပြေသော/စွာ။
小判 (こばん) - အသပြာ။
昔 (むかし) - ဟိုးရှေးရှေးတုန်းက။
全然(ーない) (ぜんぜんーない) - လုံးဝ(_ဘူး)။
本棚 (ほんだな) - စာအုပ်စင်။
並べ (ならべ) - စီထားသည်။
是非 (ぜひ) - ကြိမ်းသေဆက်ဆက်၊ မပျက်မကွက်။
(Intermediate level japanese languageစာအုပ်မှ ဘာသာပြန်ပါသည်။)

တချို့ ဂျပန်စကားပုံ - "ことわざ ခိုတိုဝဇ"တွေက မြန်မာစကားပုံတွေနဲ့လည်း ဆင်ပါတယ်။ "ကြောင်လက်ကိုတောင် ငှါးချင်လောက်အောင်ဘဲ"ကို မြန်မာလို "ယားလို့တောင် မကုတ်အား"လို့ ပြောမယ်ထင်ပါတယ်။ "ကြောင်ကိုအသပြာ"ဆိုရင် "သဲထဲရေသွန်"နဲ့ တူမလားဘဲ။ ဂျပန်စကားပုံတွေ စိတ်ဝင်စားရင် ဒီlinkကတဆင့် သွားရောက်လေ့လာနိုင်ပါတယ်။

Read More...

Wednesday, November 21, 2007

"Y" နဲ့ "O"


တိုက်ဆိုင်မှုကြုံလာတိုင်း ရင်ထဲ စပ်ဖျင်းဖျင်းခံစားရတဲ့အကြောင်းပါ။ ဒီအကြောင်း ရေးရပေမယ့် ကျွန်မ ဆေးပညာနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် မသိတာကို ကြိုပြောချင်ပါတယ်။ ကျောင်းတော်ကသင်ပေးလိုက်တဲ့ အသိပညာထဲက ဝေဝေဝါးဝါးကျန်နေတဲ့မှတ်ဉာဏ်ကို ပြန်တိုက်ချွတ်ရေးသားလိုက်ပါတယ်။

--------------------------------------------

"Y"

ကျွန်မဆယ်တန်းလောက်တုန်းကပေါ့။
"မွေးပြန်ပြီ။ ဒီေ-ာက်ကောင်မလေးတွေဘဲ။ ဒီေ-ာက်သုံးမကျတဲ့မိန်းမ"
ဘေးအိမ်က ဦးလေးကြီး မြည်တွန်တောက်တီးသံကြောင့် အိမ်ရှေ့ရေတွင်းမှာ ရေခပ်နေတဲ့ကျွန်မ ရုတ်တရက်မို့ လန့်သွားပါတယ်။ သြော်သူ့မိန်းမ ကလေးမွေးပြီကိုး။ ပြီးတော့ မိန်းကလေးတဲ့။ ရှေ့ကမွေးထားတဲ့ သုံးယောက်စလုံး မိန်းကလေးတွေကြီးဘဲမို့ သားလိုချင်တာ နားလည်ပါတယ်။ ဒါပေမယ့် သမီးလေးမွေးလာတော့ ဒေါသထွက် အရက်သောက် မူးရူးပြီး သူ့မိန်းမကော ကလေးကိုပါ ကလော်ဆဲနေပါတယ်။ ကျွန်မရင်ထဲ မကောင်းပါဘူး။ ကိုယ့်ရင်သွေး လူ့လောကထဲရောက်လာတာ တခြားသူတွေရဲ့အပြုံးကို မရရင်တောင် မိဘနှစ်ပါးရဲ့ပီတိကို ကလေးလေးခံစားသင့်ပါတယ်။ သွေးပူတုန်းပြောတာဆိုရင်တောင် နောင်ကြီးပြင်းလာတဲ့တချိန်ချိန် စကားစပ်မိလို့ပြောကြရင် ငါမွေးလာတုန်း ငါ့မိဘ မပျော်ပါလားဆိုတဲ့အသိက ရင်ထဲသိမ်ငယ်ခံစားရမှာပါဘဲ။ ကိုယ်ချင်းစာမိတာပါ။ ကျွန်မမွေးတုန်းက အဝေးရောက်နေတဲ့အဖေ၊ အမရှိပြီးပြီဆိုတော့ ယောက်ျားလေးလိုချင်တဲ့အဖေ ဖုန်းဆက်မေးပြီး ကျွန်မမှန်းသိတော့ "ဟင်-မိန်းကလေးဘဲလား"တဲ့။ မြင်တဲ့အချိန်မှာ သူ့နဲ့ချွတ်စွတ်တူလို့ ကျေနပ်သွားတယ်ဆိုပေမယ့် ဒီအကြောင်းတွေပြန်ပြောတိုင်း ကျွန်မမွေးလာတဲ့အချိန် အဖေ့မျှော်လင့်ချက် ပျက်သွားတာတွေးမိရင် စိတ်မကောင်းပါဘူး။

သားသမီးဆိုတာ တကယ်တော့ ထီထိုးထားသလိုပါဘဲ။ သိန်းဆုပေါက်လား သောင်းဆုဝင်မလား မသိနိုင်ပါဘူး။ သားသမီးကို အရင့်အရင်က ရွေးချယ်ပိုင်ခွင့် မရှိပေမယ့် ဒီတိုးတက်တဲ့ခေတ်ကြီးမှာတော့ ရွေးချယ်ယူလို့ရနေပါပြီ။ အများဆုံးရွေးချယ်ခံရတာလည်း ယောက်ျားလေးတွေပါ။ လူမျိုးအတော်များများရဲ့အယူအဆမှာလည်း ယောက်ျားလေးမွေးလာရင်ကောင်းပြီး မိန်းကလေးမွေးလာရင် မျက်နှာမရပါဘူး။ ဗုဒ္ဓဘာသာဝင်ဆိုရင်တော့ ယောက်ျားလေးဆို သာသနာ့ဘောင်သွင်းပြီး ရဟန်းမိဘဖြစ်ရတာကို ဂုဏ်ယူပါတယ်။

လိုချင်ဆန္ဒကို မပြောလိုပေမယ့် မိန်းကလေးမွေးလာလို့ ကိုယ့်ရင်သွေးကို ငြူစူတဲ့အပြင် မိန်းမဖြစ်သူကိုပါ ရှုတ်ချပြောဆိုတဲ့သူတွေကိုတွေ့ရင် ကျွန်မအတော်မကျေနပ်ပါဘူး။ တကယ်ဆို မိန်းကလေးဖြစ်မလား ယောက်ျားလေးဖြစ်မလားဆိုတာ ဖခင်ပေါ်မှာဘဲမူတည်တာပါ။ မိခင်ဖက်ကမျိုးစေ့မှာ XXခရိုမိုဆုံးဘဲရှိပြီး ဖခင်ဖက်မှာXYခရိုမိုဆုံးရှိပါတယ်။ Yနဲ့ပေါင်းရင် ယောက်ျားလေးဖြစ်ပြီး Xနဲ့ပေါင်းရင် မိန်းကလေးဖြစ်မှာပါ။ ဒီအကြောင်းတွေ မသိခင်က ပြန်လည်ချေပမပြောနိုင်ခဲ့ပေမဲ့ အခုတော့ လုံးဝဘဲ။ မောင်ဝမ်းကွဲလေးတွေကိုပါ ရာဇသံပစ်ထားတယ်။ မိန်းမယူ ကလေးမွေးလို့ သမီးတွေချည်းရရင် မိန်းမကိုအသုံးမကျဘူးမပြောနဲ့၊ ကိုယ်တိုင်ဘဲ အသုံးမကျတာလို့။

ဒီစာရေးတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် အလုပ်ဝင်တုန်းကနေ အခုထိခင်တဲ့ ညီမလေးတစ်ယောက်အကြောင်း သတိရမိပါတယ်။ သွက်လက်ထက်မြက်ပြီး သူတပါးကို အတော်ကူညီတတ်တဲ့ ညီမလေးပါ။ သူ့ဘဝအကြောင်း (သူ့မေမေအကြောင်းဆိုရင် ပိုမှန်မယ်) နားထောင်ခွင့်ရချိန်မှာ ကျွန်မ အတော်ရင်မော စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မသာ "ဂျူး"လို စာတွေရေးတတ်ရင် ဖောက်ပြန်ချင်လို့ ကိုယ့်တပည့်နဲ့ယူသွားပြီး သမီးချည်းဘဲနှစ်ယောက်မွေးလို့ နောက်မိန်းမယူရပါတယ်လို့ ဆင်ချေပေးတဲ့လူအကြောင်း ပစ်ပစ်နှစ်နှစ်ရေးလိုက်ချင်ပါတယ်။ ညီမလေးတို့ ညီအစ်မကတော့ အုပ်ထိမ်းမှုကောင်းတဲ့ သူ့မေမေရဲ့ အရိပ်အာဝါသအောက်မှာ ထူးချွန်သူလေးတွေဖြစ်တဲ့အပြင် နှစ်စဉ် ဝါဝင်ဝါထွက်တိုင်း ဖခင်ကိုရော ဖခင်ဖက်က အဖိုးအဖွားတွေကိုပါ မပျက်မကွက် သွားရောက်ကန်တော့ဆဲပါ။ နောက်အိမ်ထောင်နဲ့ ပုစုခရုကလေးငယ်တွေအတွက် ရုံးကန်နေရတဲ့ သူ့ဖေဖေကို သနားတယ်၊ အလုပ်ကျွေးပြုချင်တယ်တဲ့။ တခါခါတော့လည်း မိန်းကလေးမွေးလို့ သူ့မေမေကို ပစ်သွားတယ်ဆိုတာပြောပြီး မျက်ရည်ဝဲလို့ရယ်။ ကျေးဇူးဆပ်နိုင်ဖို့ကြိုးစားနေတဲ့ ညီမလေး အမြင်ပါစေလို့ ဆုတောင်းရင်း မွေးလာတဲ့ သမီးလေးတိုင်းလည်း မိဘနှစ်ပါးလုံးရဲ့ ပီတိကို ရနိုင်ပါစေလို့။
--------------------------------------------

"O"

ဒီအဖြစ်နဲ့ကြုံတာ ဆယ်တန်းဖြေပြီး ကျောင်းတွေပိတ်ထားတုန်း ရန်ကုန်က အဖေ့ဘက်ကအဖွားအိမ်မှာ ကွန်ပျူတာသင်တန်း လာတက်တုန်းကပါ။ တရက် ထမင်းစားနေတုန်း စကားဆက်စပ်လို့ပြောကြရင်း အဒေါ်တစ်ယောက်က သူတို့ဖက်(အဖေ့ဖက်)အမျိုးတွေက "B"သွေးအုပ်စုတွေချည်းဘဲလို့ပြောပါတယ်။ ကျွန်မကိုလဲမေးတော့ အဖေ၊အမေ၊အမနဲ့ကျွန်မက "B"သွေး၊ မောင်လေးတစ်ယောက်ဘဲ "O"သွေးပါလို့ပြောလိုက်တယ်။ အဲဒီမှာတင် အဒေါ်က အဖေ၊အမေ "B"သွေးဖြစ်ရက်နဲ့ မောင်လေး"O"သွေးဖြစ်တာ လုံးဝမဖြစ်နိုင်ဘူးဆို ပြောပါတော့တယ်။ ပြီးတော့ တခုခုမှားနေတာဖြစ်မယ်လို့ ထပ်ခါထပ်ခါပြောရင်း မဲ့ပြုံးနဲ့ ကျွန်မကိုကြည့်ပါတယ်။ ပြောရရင် ကျွန်မအမေကဘဲ ဖောက်ပြန်ပြီး ဆုံးသွားတဲ့အဖေ့အပေါ် သစ္စာမရှိသလို ဆိုလိုချင်တာတယ်။ ကျွန်မစိတ်မကောင်းဖြစ်လွန်းလို့ ထမင်းတောင်ဆက်မစားနိုင်ပါဘူး။ ဒေါသထွက် ငိုချင်မိပြီး အမေ့ဆီ ပြန်ပြေးချင်တာဘဲသိတယ်။ အဲဒီတုန်းက ကျွန်မ ဖြေရှင်းမပြတတ်ခဲ့ဘူး။ အခုတော့ ဘာရမလဲ၊ လာပြောလို့ကတော့ ပထမနှစ်မှာ ကျောင်းတော်ကသင်ပေးလိုက်တဲ့ အသိပညာနဲ့ ရှင်းပြပြီး ဘာမှနားမလည်ဘဲ အမေ့ကို စော်ကားတဲ့သူတွေအပေါ် (နားမလည်ဘဲ သူများကိုကဲ့ရဲ့တဲ့ ငတုံးဆိုတဲ့အကြည့်နဲ့) ခပ်ကြောကြောပြန်ကြည့်လိုက်ဦးမယ်။

မိဘဆီကသွေးအုပ်စု သားသမီးဆီရောက်ရင် ဖြစ်နိုင်ချေတွေကို အောက်မှာ ရေးပြလိုက်ပါတယ်။ မိဘနှစ်ပါး "B"သွေးဖြစ်တိုင်း သားသမီးအားလုံး "B"သွေးမဟုတ်နိုင်ပါဘူး၊ "O"သွေးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ဝင်စားသူတွေအတွက် သွေးအုပ်စုတွက်ပုံကို ဒီမှာကြည့်နိုင်တွက်နိုင်ပါတယ်။
A + A = A (or) O
B + B = B (or) O
AB + AB = A (or) AB (or) B
AB + A = A (or) AB (or) B
AB + B = A (or) AB (or) B
O + O = O
O + A = O (or) A
O + B = O (or) B
O + AB = A (or) B

ကျွန်မရေးသားထားတဲ့ ဒီဆေးပညာနဲ့ပက်သတ်တဲ့ အကြောင်းတွေ သိပြီးသားသူတွေလည်းရှိကြမှာပါ။ မသိကြသေးသူအဖို့ ကျွန်မလိုအဖြစ်မျိုးများကြုံခဲ့ရင် ပြန်လည်ဖြေရှင်းပြောပြနိုင်ဖို့ ရေးသားလိုက်ပါတယ်။ ဒီ"Y"နဲ့"O"ကို ကျွန်မဘဝထဲက နာကျင်ခဲ့ရတဲ့အပိုင်းအစများဖြစ်လို့ ဘယ်တော့မှ မမေ့နိုင်ပါဘူးရှင်။


Read More...

Monday, November 19, 2007

ပုံဖော်ထမင်းဘူး





"ကရလာဘဲန်း - キャラ弁" (Character lunch box) လေးတွေ TVအစီအစဉ်မှာ မြင်ဖူးနေတာတော့ ကြာပါပြီ။ အမည်မသိတာနဲ့ အင်တာနက်မှာ "အိုဘဲန်းတိုး-お弁当"လို့ ရှာကြည့်ရင် တခြားထမင်းဘူးတွေများပြီး ပုံဖော်ထမင်းဘူးကို အများကြီး မတွေ့ရဘူး။ ဒီနေ့မှ "ကရတ်လာဘဲန်း - キャラ弁"လို့ခေါ်မှန်း သိတော့တယ်။ Characterရဲ့ ဂျပန်လို အသံထွက် "ကရလာကူတာ - キャラクター"နဲ့ "အိုဘဲန်းတိုး-お弁当" ပေါင်းပြီး "キャラ弁"လို့ ချုံ့ရေးလိုက်တာပါ။ ကာတွန်းဇာတ်ဆောင်တွေ သရုပ်ဆောင်တွေရဲ့ Characterကို ပုံဖော်ထားလို့ "ကရလာဘဲန်း - キャラ弁"လို့ခေါ်တာပါ။ အဲဒီအမည်နဲ့Google မှာရှာတော့ တွေ့တော့တွေ့ပါရဲ့။ ဒါပေမယ့် လုပ်နည်းတွေ မပါဘူး။ ဒါနဲ့ စပ်စုနေကျ ဂျပန်ဟင်းချက်နည်းဆိုက်မှာ ရှာလိုက်တာ အများကြီးဘဲတွေ့တယ်။ အဲဒီထဲကမှ "အလွယ်တကူပုံဖော်ထမင်းဘူး - キャラ弁 簡単" လုပ်နည်းတချို့ကို တင်လိုက်ပါတယ်။ "ကရလာဘဲန်း - キャラ弁"တိုင်းမှာ "နိုရိ - のり (海苔)"လို့ခေါ်တဲ့ ရေညှိခြောက်နဲ့ ချိစ်အလွှာကို သုံးထားတာ တွေ့ရပါတယ်။

Relaxkuma(リラックマ)ထမင်းဘူး



(၁) ထမင်းကို ပဲငံပြာအကြည်ရည်ရယ် ငါးအသားမှုန့်နဲ့ ရောနယ်ပြီး အရွယ်တော်အဆုပ် သုံးခုလုပ်ပါ။
(၂) ထမင်းဘူးထဲ နေရာတကျထည့်ပါ။
(၃) ချိစ်အလွှာကို ပုံဖော်ညှပ်ပြီး နားရွက်နဲ့ နှာခေါင်းနေရာချပါ။ ပြီးရင် ပုံဖော်ညှပ်ထားတဲ့ ရေညှိခြောက်ကို မျက်လုံးနဲ့ နှာခေါင်းအပေါ်မှာထားပါ။ နောက်ဆုံး အသီးအရွက် တန်ဆာပလာတွေထည့်ပြီး မျက်စေ့ပသာဒဖြစ်အောင် လုပ်ပြီးရင် ပြီးပါပြီ။
*မူရင်းပြုလုပ်နည်း ဒီမှာပါ*


Hello kitty(ハローキティー)ထမင်းဘူး


(၁) ထမင်းဖြူကို ဆုပ်ပြီး နေရာချပါ။
(၂) ပြောင်းဖူးစေ့တစ်စေ့ကို နှာခေါင်းနေရာမှာ ထားပါ။
(၃) အမဲရောင်ပဲစေ့နှစ်စေ့ကို မျက်စေ့နေရာမှာ ထားပါ။
(၄) သွားကြားထိုးတံကို သုံးပြီး နှုတ်ခမ်းမွှေးနေရာအတွက် ခပ်တိမ်တိမ် အပေါက်လေးလုပ်ပါ။
(၅) နှုတ်ခမ်းမွှေးအတွက် ခပ်မျှင်မျှင်ညှပ်ထားတဲ့ ရေညှိခြောက်ကို သွားကြားထိုးတံနဲ့ တို့ယူပြီး အပေါက်နေရာလေးမှာ ထိုးထည့်ပါ။
(၆) ပန်းပွင့်အတွက် "အသားပြား-ဟမ်"ကို ပုံဖော်ပြီး ဝတ်ဆံနေရာမှာ ချိစ်အလွှာကို ညှပ်တင်ပါ။ နောက်ဆုံး နားရွက်နေရာနား ထားလိုက်ရင် ပြီးပါပြီ။
*မူရင်းပြုလုပ်နည်း ဒီမှာပါ*


Totoro(トトロ)ထမင်းဘူး


"တိုနားရိ နို တိုတို့ရို-Tonari no Totoro" (My neighbor Totoro) ကာတွန်းကားထဲက "တိုတို့ရို"ထမင်းဘူးပါ။
(၁) ထမင်းကို ပဲငံပြာအကြည်ရည်ရယ် ငါးအသားမှုန့်နဲ့ ရောနယ်ပြီး ကိုယ်လုံးအတွက် အဆုပ်ဆုပ်ပါ။ လက်ကိုထမင်းစေ့ပြန်မကပ်အောင် ပလက်စတစ်ခံပြီး ဆုပ်နိုင်ပါတယ်။ နားရွက်အတွက် ခပ်ချွန်ချွန် သေးသေးလေး နှစ်ခုလုပ်ပါ။
(၂) အပေါ်က ရေညှိခြောက်အုပ်ပါ။
(၃) ထမင်းဘူးထဲထည့်ပါ။
(၄) ချိစ်အလွှာကို မျက်လုံးနဲ့ ဝမ်းဗိုက်အတွက် ဖြတ်ယူပါ။
(၅) ပြီးလျှင်နေရာချပြီး ညှပ်ထားတဲ့ ရေညှိခြောက်တွေကို မျက်စံနဲ့ ရင်ဘတ်မှာ နေရာချပါ။
(၆) နှာခမ်းမွှေးအတွက်ညှပ်ထားတဲ့ ရေညှိခြောက်အချောင်းလေးတွေရဲ့ တဖက်စွန်းကို "မရောနိစ်"နဲ့ တို့ပါ။
(၇)ပြီးလျှင် နှာခမ်းမွှေးနေရာမှာ ကပ်ပါ။ ဤတွင် "တိုတို့ရို"ပြီး၏။
*မူရင်းပြုလုပ်နည်း ဒီမှာပါ*


Makkurokurosuke(まっくろくろすけ)ထမင်းဘူး


Tonari no Totoro (My neighbor Totoro) ကာတွန်းကားထဲကဘဲ ထမင်းဘူးပါ။
လွယ်လွယ်လေးပါ။ ဝိုင်းဝိုင်းလေးညှပ်ထားတဲ့ ရေညှိခြောက်အပေါ် ချိစ်အလွှာကိုလည်း ဝိုင်းဝိုင်းညှပ် မျက်စေ့နေရာအတွက် အပေါက်ဖောက်ပြီးတင်လိုက်ရင်ပြီးပါပြီ။
*မူရင်းပြုလုပ်နည်း ဒီမှာပါ*

"တိုနားရိ နို တိုတို့ရို"ကာတွန်းကားကို ကျွန်မခြောက်တန်းလောက်တုန်းက မြန်မာ့ရုပ်သံက လွှင့်ဖူးပါတယ်။ အဲဒီတုန်းက မီးကမမှန်တော့ တပိုင်းတစလောက်ပဲ ကြည့်ခဲ့ရတယ်။ ဘာမှန်းနားမလည်ပေမယ့် အဲဒီကာတွန်းကားထဲက "မာ့ကုရိုကုရိုစုကဲ"ကို "မာ့ဂုရုဂုရုဂဲ"၊ သရဲအိမ် "အိုဘကဲရရှီကိ- お化け屋敷"ကို "အိုဘားဂီရဂီ"လို့ နားကြားလွဲတာ မှတ်မိနေပါသေးတယ်။ ဒီရောက်ပြီးမှ မနွေလည်တိုက်တွန်းလို့ youtubeမှာ ရှာပြီး ပြန်ကြည့်ဖြစ်တယ်။ ဒီမှာများ အဲဒီကားထဲက meiလေးလို သမီးလေးမွေးရင် "ကရလာဘဲန်း" လုပ်ခိုင်းလို့ ဦးနှောက်ခြောက်ကိန်းမြင်တယ်။ ဒီမှာက ထမင်းဘူးကို အလှဆင်ပြီးထည့်ပေးကြတာ။ ဘယ်သူမှလည်း စတီးချိုင့် မကိုင်ကြဘူး။ ဘာပြောပြော ကျွန်မတော့ ငယ်ငယ်က ကျောင်းကိုလာပြီး မောင်လေးနဲ့ကျွန်မကို နေ့လည်စာလာကျွေးတဲ့ အမေ့ရဲ့သုံးဆင့်ထမင်းချိုင့်ကြီးနဲ့ စားခဲ့ရတဲ့အချိန်တွေကို လွမ်းမိပါရဲ့--------


Read More...

Wednesday, November 14, 2007

စိတ်ဖိစီးမှုကို ခံနိုင်ရေနည်းသော အမျိုးသားများ


အခုတလော နေရာအတော်များများမှာ သက်ကြီးပိုင်းဝင်စ ဇနီးမောင်နှံတွေက နှစ်ကိုယ်တူသွားလာ ဈေးဝယ်တာတွေ၊ သင့်သင့်မြတ်မြတ်နဲ့ ကျောပိုးအိပ်ကို ကျောမှာပိုးလို့ ပျော်ပွဲစားထွက်ကြတာတွေ လုပ်ကြတဲ့ ပုံပန်းသဏ္ဌာန်ကို မြင်မိပါတယ်။

ကံမကောင်းစွာနဲ့ အိမ်ထောင်ဖက်ဆုံးရှုံးသွားတဲ့သူလည်း ရှိတဲ့အတွက်ကြောင့် လင်မယားတူစုံ ဇရာပိုင်းကို ကြိုဆိုနိုင်တဲ့သူဟာ အတော်ကံကောင်းပါတယ်။

တကူးတကအခုအချိန်အထိ အသက်ရှင်သန်ခွင့်ရထားတာကြောင့် နောက်ပိုင်းကို တတ်နိုင်သလောက် အသက်ရှည်ရှည်နေသွားချင်တယ်ဆိုတဲ့ အသိစိတ်က အခုတလော ထူးထူးခြားခြား ဖြစ်ပေါ်နေတာလားမသိပါဘူး။ ဒါပေမယ့် ရွှင်လန်းတက်ကြွနေတဲ့ အမျိုးသမီးထုနဲ့စာရင် ဘာကြောင့်ရယ်မသိ အမျိုးသားထုက တခုခုမကျန်းမာမကြံ့ခိုင်ဘူးလို့ မြင်ရတယ်။

အင်းမ်...သတိရမိတာက ကျနော် သိပ္ပံပညာအစီအစဉ် "Ultra Eye"ကို အခမ်းအနားမှူးလုပ်တုန်း ပြုလုပ်ခဲ့တဲ့ စိတ်ဖိစီးမှုလက်တွေ့စမ်းသက်ချက်ကိုပါ။


စိတ်ဖိစီးမှုအပေါ်တုန့်ပြန်မှုက အမျိုးသားနဲ့အမျိုးသမီး ဘယ်လိုကွာခြားသလဲကို မျောက်နဲ့ သုတေသနပြု ရှာဖွေခဲ့ပါတယ်။ မျောက်က ရေအေးအေးထဲ အနှစ်ခံရရင် ကြီးမားတဲ့စိတ်ဖိစီးမှုဖြစ်ပါတယ်။ အဲဒါနဲ့ အသက်အရွယ်ရော ကိုယ်လုံးကိုယ်ထည်ပါ တူညီတဲ့ ကျန်းမာတဲ့ မျောက်အထီးနဲ့အမကို တစ်နာရီခွဲ ရေထဲနှစ်ပြီးနောက်ပိုင်း ကိုယ်တွင်းကြည့်မှန်ပြောင်းနဲ့ အစာအိမ်ကို ချောင်းကြည့်ပါတယ်။

ဦးစွာ မျောက်အမရဲ့ အစာအိမ်က ဒီအတိုင်း ဘာမှမပြောင်းလဲပါဘူး။ ဒါပေမယ့်လည်း မျောက်အထီးရဲ့ အစာအိမ်နံရံက အတော်လေး သွေးထွက်ထားပြီး အစာအိမ်နာရောဂါရဲ့ ရှေ့ပြေးလက္ခဏာလိုမျိုး ဖြစ်လာပါတယ်။ အမထက်ပိုပြီး အထီးက စိတ်ဖိစီးမှုအပေါ် ခံနိုင်ရေအားနည်းတာ တွေ့ရပါတယ်။

အဲဒီအကြောင်းအရင်းက အမျိုးသမီးမှာ ပါရိုဂျက်စတုန်းဟော်မုန်းရယ် အီစတိုဂျင်ဟော်မုန်းရယ် စတဲ့ အမျိုးသားမှာမရှိတဲ့ ဟော်မုန်းက စိမ့်ထွက်နေပြီး၊ စိတ်ပိုင်းဆိုင်ရာ သောကကို ဖြေလျှော့တာတွေ သွေးကြောရဲ့ ကျုံ့ဆန့်အားကို တင်းကြပ်အောင်လုပ်တာတွေ ရှိတဲ့အတွက်ကြောင့်လို့ ထင်ရပါတယ်။ စိတ်ဖိစီးမှုအပေါ် အမျိုးသမီးများက ကြံ့ခိုင်ကြပြီး၊ ဒါဟာ ကျားမ ပျမ်းမျှသက်တမ်းကွာခြားချက်အဖြစ် ဖြစ်ပေါ်လာပါတယ်။

စိတ်ဖိစီးမှုက အပေါင်းလက္ခဏာမဟုတ်ဘဲ အမြှောက်လက္ခဏာ(ဆပွါး)ဖြစ်တယ်လို့ ဆိုပါတယ်။

ကျေးဇူးပြုပြီး အမျိုးသားထုတတွေ စိတ်ဖိစီးမှုမှာ အားနည်းတတ်တာကို မှတ်သားပြီး၊ အသက်အရွယ်ရလာရင် မကြိုက်မနှစ်သက်တာတွေကို သည်းငြီးခံပြီး မပြုလုပ်စေချင်ပါဘူး။ စိတ်ဖိစီးမှုဖြေဖျောက်ဖို့ "ဆကဲ"ဖြစ်ဖြစ် ဂေါ့ဖ်ကစားတာဖြစ်ဖြစ် ကောင်းပေမယ့် အားလုံးကို ပျော်ပျော်ရွှင်ရွှင်ပြုလုပ်သင့်ပါတယ်။ မကြိုက်တဲ့ကောင်နဲ့ "ဆကဲ"သောက်တာတွေ ဇွတ်အတင်း ဂေါ့ဖ်အတူကစားတာတွေက စိတ်ဖိစီးမှုကို တိုးပွါးစေပြီး သက်တမ်းပါတိုသွားနိုင်ပါတယ်။

***[ရာမကာဝရှီဇုအို ဂျပန်စီးပွါးရေးသတင်းစာ 「မနက်ဖြန်အတွက်စပ်မိစပ်ရာ」 (1998.6.20) ]

အရင်ကသင်ယူလက်စတန်းလန်း ပစ်ထားသော Advanced Reading In Japanese စာအုပ်မှ စာတစ်ပုဒ်အား ပြန်ဖတ်ရင်း ဘာသာပြန်ကြည့်ပါသည်။



ストレスに弱い男

近頃は、いろんな場所で、初老夫婦が連れたって買い物したり仲良くリュックサックを背負ってハイケングに出掛けたりする姿を目にする。
 
不幸にも伴侶をなくしてしまった人もおられるのだから、夫婦揃って老境を迎えられた人は、かなり運のよかったのだ。

せかっくここまできたのだから、あとはできるだけ長持ちさせたいという意識が、このところ顕著に現れているかもしれない。が、はつらつとした女性陣に比べ、どうも男性陣はもうひとつ元気がないように見える。
それにつけても思い出すのが、かつて私が科学番組「ウルトラアイ」を司会してた頃に行ったストレスの実験である。

ストレスに対して反応は、男と女どう違うかを、猿に託して調べた。猿は冷たい水に浸けられるのが大変なストレスになる。そこで、年齢も体格も同じで元気なオスとメスの猿を、1時間半、水に浸けて、そのあと内視鏡で胃をのぞいて見たのである。

まずメスの胃はそのままで何も変化ない。だが、オスの猿の胃壁はかなり出血していて胃潰瘍の前兆のようになったていた。メスよりもオスの方がストレスに対して弱いのである。

その原因は、女性には黄体ホルモンとか卵胞ホルモンという、男性にはないホルモンが分泌され、心理的不安をやわらげたり、血管の弾力を強めたりしているかららしい。ストレスに関して女性の方が強く、それが男女の平均寿命の差となってあらわれている。

ストレスは足し算でなく掛け算でやってくるという。

どうか男性諸君、ストレスに弱いことを自覚して、年をとってからいやなことまでがまんしてやらないでほしい。ストレス解消に酒やゴルフもいいが、すべて楽しくするべきで、いやな奴と酒や無理なゴルフづきあいはストレスを増幅させ、寿命もちじめる。


***{山川静夫 日本経済新聞 「あすへの話題」(1998.6.20)より}

Read More...

Friday, November 9, 2007

私のハンドバッグの中にどんな物がある?




မnu-sanက What's in my bag?လို့ tagတာထားနဲ့ မျက်မှန်ပင့်ပြီး ကိုယ့်အိတ်ထဲ ပြန်ချောင်းကြည့်ရတယ်။ ဘာတွေထည့်ထားမိပါလိမ့်!! အိတ်သေးသေးထဲ ဘာမှတော့သိပ်မရှိပါဘူး။ Tagတော့လည်း ရှိစုမယ့်စုလေးတွေကိုထုတ်ပြီး ရှိတာအကုန်ထုတ် ဘိန်းမုန့်လုပ်လိုက်တယ်။

၁။ ထီး (သွားလေရာ ထီးပါမှ။ ရာသီဥတုက ခုနေသာလိုက် မိုးကောက်ရွာချင်ရွာလိုက်နဲ့။)

၂။ ပိုက်ဆံအိတ် (ဒီရောက်မှ နီးရာဆိုင်မှာ အပြေးဝယ်ထားရတဲ့ အကြွေစေ့ထည့်တဲ့ အကန့်ပါတဲ့အိတ်။ အိတ်ထဲ ဈေးဝယ်ဖို့ ပိုက်ပိုက်နဲနဲ၊ အပြင်သွားရင် မပါမဖြစ် Foreign Registration Card၊ အဝတ်ဝယ်နေကျဆိုင်က Point Card၊ ရထား/ဘက်စ်ကားစီးရင်သုံးတဲ့ Pasmo Card၊ လိုရမယ်ရဆောင်ထားတဲ့ passportဓာတ်ပုံတချို့၊ စက်ဘီးစီးရင်လိုအပ်တဲ့ သက်သေခံစာရွက်ဖြတ်ပိုင်း စတဲ့ ထွေလီကာလီတွေ)

၃။ ဟန်းဖုန်း (အိမ်ကြီးရှင်ကလွဲပြီး ဖုန်းခေါ်မယ့်သူမရှိ)

၎။ ဖုန်းစာအုပ် (မြန်မာပြည်က သယ်ရင်းတွေဆီ ဆက်ရင် ကြည့်တယ်။ ကိုယ့်ဆီမှာ မနက်ရှစ်နာရီ သူတို့ဆီမှာ မနက်၅နာရီခွဲ ဟဲ့-ထတော့ဆိုပြီး နှောင့်ယှက်တယ်)

၅။ မှတ်စုစာအုပ် (တို့စိတို့စိ လျှောက်မှတ်ထားတာတွေရှိတယ်)

၆။ ဂျပန်-မြန်မာ အိတ်ဆောင်အဘိဓာန်ငယ်

၇။ ဒီအတိုင်းပစ်ထည့်ထားတဲ့ ဘောပင်တစ်ချောင်း

၈။ အိမ်သော့

၉။ ဝယ်ပြီး ကြောက်လို့တစ်ခါဘဲစီးရသေးတဲ့ စက်ဘီးရဲ့သော့

၁၀။ နှာဘူး အဲ poy-sianရှုဆေးဘူး (မူးရင်ရှူ မောရင်သောက် သောက်ရင်မူး)

၁၁။ သကြားလုံး (အပြင်သွားရင် သကြားလုံးငုံရမှ။ တခါတလေ အမှိုက်ပုံးမတွေ့လို့ အိတ်ထဲပြန်ထည့်ထားတဲ့ သကြားလုံးအခွံတွေပါရှိတယ်)

၁၂။ တစ်ရှူးထုပ် (ဒါလည်း မပါမဖြစ်)

ထည့်နေကျ Strepsils lozengesတွေ အခုတော့ကုန်သွားပြီ။ အရင်က တထွာသာသာ Alpineရေဗူးလေးပါ အမြဲထည့်ထားတာ။ ဒီအထိတောင် ပါလာသေးတယ်။ ခုရှိတော့ဘူး။ ဟိုတလောက အိမ်ရှင်းတဲ့အထဲ ပါသွားရှာပေါ့။
"tagထားတာလေး ရေးတင်လိုက်ပါပြီရှင့်"

Read More...

Wednesday, November 7, 2007

စုဗူး


အဖေနဲ့ အမေက ကျွန်မတို့မောင်နှမ၃ယောက်လုံးကို ငယ်ငယ်ပိစိကွေးအရွယ်ကတည်းက စုဗူးစုတတ်ဖို့ လေ့ကျင့်ပေးခဲ့တယ်။ ဆန်တပြည် ခုနှစ်ကျပ်ခေတ်မှာ တနေ့မုန့်ဖိုး ပြားလေးဆယ်ရတယ်။ အိမ်မှာမုန့်တွေဝယ်ပေးထားတော့ မုန့်ဖိုးဆိုတာ စုဗူးထဲရောက်တာများပါတယ်။ အဲဒီတုန်းက မောင်လေးမမွေးသေးဘူး။ အမနဲ့ ကျွန်မတို့နှစ်ယောက် တထွာသာသာ ဆင်ပုံကြွေရုပ်စုဗူး တယောက်တဘူးနဲ့ စုကြတယ်။ ကိုယ့်စုဘူးကိုယ် မမကြည့်ပြီး လေးလာရင် ပျော်လိုက်တာ။ ဆင်ရုပ်စုဗူးအပြင် အမနဲ့ နှစ်ယောက်အတူပေါင်းစုတဲ့ ပလတ်စတစ် အရုပ်မစုဘူးကြီးလည်းရှိတယ်။ အဲဒီစုဗူးက ကြီးတော့ တော်တော်နဲ့မပြည့်နိုင်ဘူး။ စုဘူးကြီးပြည့်ဖို့ လည်ပင်းလောက်အရောက်မှာ မောင်လေးမွေးလာတော့ အဖေနဲ့အမေက သူ့အတွက် စုဗူးမရှိလို့ ပေးလိုက်ပါဆိုတော့ ပေးလိုက်ရတယ်။ ညီအမနှစ်ယောက် နှုတ်ခမ်းထော်ကြပေမယ့် အဖေက မုန့်ဖိုး၁၅ကျပ်စီ ပြန်ပေးလို့ ကျေနပ်လိုက်ကြတာဘဲ။ ဒီကောင်လေး အဲဒီအရွယ်ကတည်းက အမတွေကို ဗိုလ်ကျခဲ့တာ။ သူ့စုဗူးပြည့်သွားတော့ ဖောက်ပြီး အဖေက ဘဏ်စာအုပ်ထဲထည့်ပေးတယ်။ ကျွန်မတို့နှစ်ယောက်ကတော့ ဆင်ရုပ်လေးတွေကို မှန်ဘီဒိုထဲ အလှထားထားကြတယ်။

အဖေဆုံးပြီးနောက် ဘဝအလှည့်အပြောင်းတွေကြုံပြီး အမေ့မွေးရပ် ပြန်နေခဲ့တယ်။ အဲဒီအချိန်ကစလို့ ကျွန်မတို့တွေ စုဘူးစုတဲ့ အလေ့အကျင့်ကို မေ့သွားခဲ့တော့တယ်။ ခုနှစ်တန်းအရောက်မှာ ဘီဒိုရှင်းရင်း ကြွေရုပ်စုဗူးလေးတွေဖောက်ဖို့ ကြုံလာတယ်။ အရုပ်ကလေးကို နှမြောလို့ အောက်ပိုင်းကနေ ဝိုင်းဝိုင်းလေးဖောက်တယ်။ ငါးဆယ်ကျပ်နီးပါးပဲရှိပေမယ့် အကြွေစေ့တွေဆိုတော့ အများကြီးဘဲ။ အဲဒီအကြွေစေ့တွေ မသုံးပါဘူး။ အပြင်ရောက်သွားရင် သံရည်၊ကြေးရည်ကျိုခံထိပြီး ပြန်လည်မတွေ့နိုင်မှာမို့ အမှတ်တရအနေနဲ့ သိမ်းထားတယ်။ သားမြေးတီတွတ်ကျွတ်ဆတ်တွေကို ပြဖို့။ (°∨°) အခုတောင် ကျွန်မညီမဝမ်းကွဲတွေ အကြွေစေ့ဆိုတာ သင်္ချာစာအုပ်ထဲမှာဘဲ မြင်ဖူးတော့တယ်။ တချို့အကြွေစေ့တွေဆို ကျွန်မအမေထက်တောင် အသက်ကြီးသေးတယ်။ တော်တော်လေးတာတွေလည်း ရှိတယ်။ ဘော်နဲ့လုပ်ထားတဲ့ ၁၀ပြားစေ့တွေ ဘုရားသွားရင် အကြွေစေ့ပစ်ဖို့ တခါတလေယူသွားတယ်။ ဘုရားမှာ အရင်ကလို အကြွေစေ့ အလွယ်လဲလို့မှမရဘဲ။ ကိုယ်က ၁၀ကျပ်ပေးရင် အကြွေက ၈ကျပ်ဖိုးဘဲပြန်ရတယ်။ ဒါတောင်ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်နီးပါးတုန်းက။ အခုများတော့ ရှိပါ့ဦးမလားဘဲ။

တက္ကသိုလ်တက်တော့ ကျောင်းမှာ ကျပ်စေ့ထည့်ပြီး မြို့တွင်းဆက်လို့ရတဲ့ဖုန်းရှိတယ်။ အဲဒါနဲ့ အိမ်ပြန်ဖြစ်ရင် ကျပ်စေ့တွေသယ်လာတယ်။ နောက်အဲဒီဖုန်းပျက်သွားတာ ပြန်မပြင်ပေးတော့ ကျပ်စေ့တွေ ဒီအတိုင်းကျန်နေသေးတယ်။ တက္ကသိုလ်မှာဘဲ မေ့နေတဲ့အကျင့်လေး သတိရဖို့ ဖြစ်လာတယ်။ ကျွန်မတို့အဖွဲ့ထဲက သူငယ်ချင်းတယောက်က တနေ့၅၀ကျပ်စုတယ်လို့ပြောမှလေ။ အဲဒီကနေ အကျင့်ပြန်လုပ်တာ အခုအထိပေါ့။ ကျွန်မကနေ အကျင့်ကူးကုန်တာ အဆောင်ကသူငယ်ချင်းတချို့တောင် စုဘူးလေးတွေနဲ့။ သူတို့စုဘူးက မြင့်တယ်။ သော့ခတ်ထားတဲ့ သံသေတ္တာလှလှလေးကို အပေါ်မှာစုဘူးအပေါက်နဲ့။ ပိုက်ဆံလိုရင် သော့ဖွင့်ပြီးပြန်နှိုက်ယူကြတယ်။ ကောင်းပါ့။ :)

ဒီရောက်တော့လည်း စုဗူးစုတယ်။ ဂျပန်ပိုက်ဆံက မှတ်ရတာ နဲနဲလေးရယ်။ အရွက်ဆိုရင် တစ်ထောင်တန်၊ နှစ်ထောင်တန်၊ ငါးထောင်တန်နဲ့ တစ်သောင်းတန်ရယ်ဆိုပြီးရှိတယ်။ ဒါတောင် နှစ်ထောင်တန်က အသုံးနဲလို့ တော်ရုံနဲ့တွေ့ဖို့ မလွယ်ဘူး။ အကြွေစေ့ဆိုရင် တစ်ယန်း၊ ငါးယန်း၊ တစ်ဆယ်ယန်း၊ ငါးဆယ်ယန်း၊ တစ်ရာယန်းနဲ့ ငါးရာယန်းရယ်ရှိတယ်။ ဒီနဲနဲလေးတောင် ကျွန်မမှတ်တာ ရွာပတ်နေသေးတယ်။ ငါးရာယန်းစေ့ကတော့ ကြီးလို့ မမှားဘူး။ ငါးယန်းစေ့နဲ့ ငါးဆယ်ယန်းစေ့က အလယ်မှာအပေါက်ပါတယ်။ ဒါပေမယ့် ဟောင်းနေတဲ့ တစ်ဆယ်ယန်းစေ့က ငါးယန်းစေ့နဲ့ အ
ရောင်တူတယ်။ ငါးဆယ်ယန်းစေ့က တစ်ရာယန်းအရောင်တူတယ်။ အစွန်းထွက်အကြွေပေးရင် မှားလွန်းလို့။ တခါဈေးဝယ်တုန်း အကြွေစေ့တွေအများကြီးပေးပြီး ခပ်တည်တည်နဲ့ ပြန်အမ်းငွေ စောင့်နေတာ၊ တစ်ရာယန်းကို ငါးဆယ်ယန်းနဲ့ မှားပေးထားမှန်းမသိဘူး။ "すみません" လုပ်လိုက်ရတယ်။



စုဗူးထဲကို ယန်းငါးရာစေ့တွေ စုတယ်။ တခြားအကြွေစေ့က ဈေးဝယ်တိုင်း ရနိုင်ပေမယ့် ယန်းငါးရာစေ့က တော်တော်နဲ့ လက်ထဲမရောက်နိုင်ဘူး။ အဲဒါကြောင့် ရလာတိုင်း စုဗူးထဲထည့်တယ်။ အကြွေကျသံ "တချွင်ချွင်" ကြားရရင် ကလေးဘဝကို သတိရပြီး ပျော်တယ်။ စုဘူးမှာတော့ 1Day.1Coinတဲ့။ အဆင်ပြေသလိုဘဲ စုတယ်။ ပုံးအောက်မှာ ခန်းဂျီး
စာလုံး"五"နဲ့ရေးပြီး အကြွေစေ့အရေအတွက်ကို မှတ်ထားတယ်။ တစေ့ထည့်ရင် မျဉ်းတကြောင်းရေးတယ်။ ငါးစေ့ထည့်ပြီးရင် 五စာလုံးတလုံးရပြီ။ အစက်လေးတွေက နောက်စာလုံးအတွက် နေရာချထားတာ။ "500円玉で約300,000円" "100円玉で約80,000円"လို့ပုံးမှာရေးထားတယ်။ စုဗူးပြည့်ရင် "ယန်းငါးရာစေ့ဆို မှန်းချေ 300,000ယန်း" "တစ်ရာယမ်းစေ့ဆို မှန်းချေ 80,000ယန်း"ရမယ်တဲ့။ စုဗူးပြည့်ရင် ဘာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ မထားထားဘူး။ TVမှာကြည့်လိုက်ရတဲ့ ဂျပန်မင်းသမီးကြီးကတော့ စန္ဒယားဝယ်သတဲ့။ ကျွန်မတော့ မသိသေးဘူး။ မေထုန်ဖွားဆိုတော့ စိတ်အပြောင်းအလဲက မြန်ပါဘိသနဲ့။ စိတ်ကူးရရာလုပ်မယ်။ နောင်လာလတ္တံ့သော သားသားလေး (သို့) မီးမီးလေးကိုပေးဖို့ ဒီအတိုင်းထားချင်လည်းထားမလားလို့။

7.7.2007ကစစုတဲ့ ကျွန်မရဲ့စုဘူးလေး။ (私 の 貯金箱 - わたし の ちょきんばこ)



Read More...

Saturday, November 3, 2007

"အအိအုအဲအို့"သီချင်း


ကာတွန်းကားတစ်ခုမှာ ကြားမိတဲ့ သီချင်းကဗျာပါ။ မြန်မာလိုဆိုရင် "က -- ကလေးငယ် ချစ်စဖွယ်" ဆိုတာမျိုးပေါ့။ ကလေးလေးတွေ ဂျပန်စာအသံထွက်ပီသအောင်လို့ မူလတန်းကျောင်းမှာရွတ်ရတဲ့ သီချင်းကဗျာလေးပါ။ ဒါကိုမြန်မြန်ရွတ်နိုင်ရင် ဂျပန်အသံထွက် ကောင်းကောင်းရတယ်ဆိုဘဲ။ ကျွန်မတော့ အခုမှစရွတ်ကြည့်တော့ အထစ်အထစ်နဲ့။ ခန်းဂျီးစာလုံးတွေ အိမ်ကြီးရှင်အကူအညီနဲ့ ဘာသာပြန်ပြီး ဆီလျော်အောင် ပြန်ရေးကြည့်ပါတယ်။ ဘာသာပြန် ကျွမ်းကျင်တာမဟုတ်လို့ အမှားပါနိုင်ပါတယ်။ ဒီကလေးကဗျာလေး ရွတ်ရတာ ပျော်ဖို့ကောင်းသလိုဘဲမို့ ရေးတင်လိုက်ပါတယ်။

အသံငါးဆယ်သီချင်း (သို့) "အအိအုအဲအို့"သီချင်း 「五十音の歌」または「あいうえおの歌」

水馬赤いなあいうえお ( あめんぼ あかいな あいうえお )
ရေပိုးကောင် နီနီကလေး အအိအုအဲအို့ (အမဲန်းဘို့ အကအိန အအိအုအဲအို့)
浮藻に小蝦も泳いでる ( うきもに こえびも およいでる )
ရေမှော်တွေကြား ပုစွန်သေးလေး ရေကူးနေတယ်ဗျို့။ (အူကိမိုနိ ခိုအဲဘိမို အိုယောအိဒဲ့ရု)

柿の木栗の木かきくけこ ( かきのき くりのき かきくけこ )
တည်(တယ်)သီးပင် သစ်ချသီးပင် ကကိကုကဲကို့ (ကကိနိုကိ ကုရိနိုကိ ကကိကုကဲကို့)
啄木鳥こつこつ枯れ欅 ( きつつき こつこつ かれけやき )
သစ်တောက်ငှက်က တဒေါက်ဒေါက် သစ်ခြောက်ပင်"ကဲယကိ"ကိုခေါက်။ (ကိစွတ်စွတ်ကိ ကိုစွတ်ကိုစွတ် ကလဲကဲယကိ)

大角豆に酢をかけさしすせそ ( ささげに すをかけ さしすせそ )
ပဲတောင့်ရှည်ကို ရှာလကာရည်ဖျန်း စရှိစုစဲစို့ (စစဂဲနိ စုအိုကကဲ စရှိစုစဲစို့)
その魚浅瀬で刺しました ( そのうお あさせで さしました )
အဲဒီငါးက ရေတိမ်အကမ်းစပ်မှာ ထိုးခဲ့တာပါဗျ။ (စိုနိုအူအို့ အစစဲဒဲ့ စရှိမရှိတ)

立ちましょ喇叭でたちつてと ( たちましょ らっぱで たちつてと )
အတူမတ်တတ်ရပ်စို့ ထရမ်းပက်နဲ့ တချိစွတ်တဲတို့ (တာချိမရှော့ ရတ်ပဒဲ့ တချိစွတ်တဲတို့)
トテトテタッタと飛び立った ( とてとて たったと とびたった )
မြူးထူးသွက်လက် တက်တက်ကြွကြွ မြန်မြန်ခုန်လို့ထ။ (တိုတဲတိုတဲ တတ်တတို တိုဘိတတ်တ) 

蛞蝓のろのろなにぬねの ( なめくじ のろのろ なにぬねの )
မျှော့ခရုကောင် နှေးတုံ့နှေးတုံ့ နနိနုနဲနို့ (နမဲကူဂျိ နိုရို့နိုရို့ နနိနုနဲနို့)
納戸にぬめってなにねばる ( なんどに ぬめって なにねばる )
စတိုခန်းထဲ ချောစိချောစိ ဘာလဲ!ကပ်စီးစီး။ (နန်းဒိုနိ နူမဲတ်တဲ့ နနိနယ်ဘရု)

鳩ポッポほろほろはひふへほ ( はとぽっぽ ほろほろ はひふへほ )
ခိုကောင်ခုန်စွ တစ်ကောင်စနှစ်ကောင်စ ဟဟိဖုဟဲဟို့ (ဟတိုပို့ပို ဟိုရို့ဟိုရို့ ဟဟိဖုဟဲဟို့)
日向のお部屋にゃ笛を吹く ( ひなたの おへやにゃ ふえをふく )
နေရောင်လင်းဖြာ အခန်းထဲမှာ လေချွန်ပါတယ်ဗျာ။ (ဟိနတနို အိုဟယ်ယနိယ ဖုအဲအိုဖုကု)

蝸牛ネジ巻まみむめも ( まいまい ねじまき まみむめ)
ခရုကောင်လေး ခွေရစ်လိပ် မမိမုမဲမို့ (မအိမအိ နယ်ဂျိမာကိ မမိမုမဲမို့)
梅の実落ちても見もしまい ( うめのみ おちても みもしまい )
တရုတ်ဇီးသီး ကြွေကျလဲ ကြည့်လဲမကြည့်ဘူး။ (အုမဲနိုမိ အုချိတဲ့မို မိမိုရှီမအိ)

焼栗茹栗やいゆえよ ( やきぐり ゆでぐり やいゆえよ )
သစ်ချသီးကင် သစ်ချသီးပြုတ် ယအိယုအဲယို့ (ယကိဂူရိ ယုဒဲ့ဂူရိ ယအိယုအဲယို့)
山田に灯のつくよいの家 ( やまだに ひのつく よいのいえ )
တောင်ယာခင်းထဲ မီးအိမ်လင်းဖြာ နှစ်သက်ဖွယ်အိမ်ပါ။ (ယမဒနိ ဟိနိုစွတ်ကု ယောအိနိုအိအဲ)

雷鳥は寒かろらりるれろ ( らいちょうは さむかろ らりるれろ )
မိုးကြိုးငှက်က ချမ်းတတ်မယ်ထင့် လလိလုလဲလို့ (လအိချောဝါ စာမုကရိုး လလိလုလဲလို့)
蓮花が咲いたら瑠璃の鳥 ( れんげが さいたら るりのとり )
ကြာပန်းဝေဖြာပွင့်ပါက မဲနယ်ရောင်ငှက်အလား။ (လန်းဂဲဂ စအိတရ လူရိနိုတိုရိ)

わいわいわっしょいわゐうゑを ( わいわい わっしょい わいうえを )
ဝူးဝူးဝါးဝါး ဝေးလားဝါးလား ဝအိအုအဲအို့ (ဝအိဝအိ ဝတ်ရှော့အိ ဝအိအုအဲအို့)
植木屋井戸換えお祭りだ ( うえきや いどがえ おまつりだ)
ဥယျာဉ်မှူးက ရေတွင်းဖော် ပွဲတော်ပါလား။ (အုအဲကိယ အိဒိုဂအဲ အိုမာစွတ်ရိဒ)

"ふ"က Fu လို့ "F-သံ"၊ "らりるれろ"က "ရ/လ-သံ"ရော "R-သံ"ပါ နှစ်မျိုးလုံး ရှိပါတယ်။ မြန်မာလိုတော့ အဆင်ပြေတဲ့ အသံထွက်နဲ့ ရေးလိုက်တယ်။ "わゐうゑを"က "ゐ"နဲ့"ゑ"က စာလုံးအနေနဲ့ ရှိပေမယ့် တကယ်အသုံးမပြုပါဘူး။ အသံငါးဆယ်ပြည့်အောင် ဖြည့်ထားတာပါ။ လေ့လာနိုင်အောင် "ဟီရငန"ဇယားပါ တွဲပြီးတင်လိုက်ပါတယ်။



Read More...

Monday, October 29, 2007

အမှတ်တရ အိမ်ရှင်မ(၉)


ဝက်နံရိုးမျှစ်ချဉ်ဟင်း


ဈေးကြီးပြီး တခါတလေမှ တွေ့ရတဲ့ဝက်နံရိုးကို ဒီတခါတော့ ဈေးနဲနဲတော်တာနဲ့ ပျော်ပျော်ကြီးဝယ်ခဲ့တယ်။


ယိုးဒယားဆိုင် မျှစ်ချဉ်ဘူးလည်းရှိတော့ အတော်ဘဲ။



ဂျပန်လိုတော့ 竹の子塩水漬け (take no ko shiomizuzuke) တဲ့။ အကွင်းလိုက်လှီးထားတဲ့ スライス(suraisu)ရယ် အချောင်းလိုက်လှီးထားတဲ့ 千切り(sengiri)ရယ် နှစ်မျိုးရှိတယ်။ ဒီတခါချက်တာ スライスနဲ့။ သူ့ချည်းသက်သက်က သိပ်မနူးညံ့လို့ ထပ်ဝယ်ထားတဲ့ ရိုးရိုးမျှစ်တထုပ်နဲ့ ပေါင်းတည်လိုက်တယ်။ ခပ်ထုပ်ထုပ်နဲ့ ဝါးလို့ကောင်းလို့ えのき茸 (enokitake)ကို ဟင်းအိုးဆူလာတဲ့အချိန် ထပ်ထည့်လိုက်တယ်။ ရမ်းသမ်းcookချက်ကတော့ ပြောမဆုံးပေါင်ဘဲ။ ဒါတောင် ဟင်းအရောင်လှပြီး မွှေးအောင်လို့ Tom Yam Paste - トムヤムペースト ပါ ထည့်ထားသေးတယ်။

"အဲနိုကိမှို နဲ့ တုံယမ်းအနှစ်"



ဘယ်လိုလျှောက်ချက်ချက် အိမ်ကြီးရှင်ကတော့ K.O (kore oishii)ပေါ့။ အားပေးလိုက်တာ ပုံမှန် ညမနက်ချက်ထားတဲ့ ထမင်းအိုး မလောက်လို့ ထပ်တည်လိုက်ရတယ်။(°∨°)

Read More...

Tuesday, October 23, 2007

ဟိုစပ်စပ် ဒီစပ်စပ်



ကျွန်မ ဝါသနာကိုက ဟိုစပ်စပ် ဒီစပ်စပ်။ ဘယ်ဟာမှ အစအဆုံးမတတ်ဘူး။ ဂျပန်လို "三日坊主-mikka bouzu (၃ရက်ဘုန်းကြီး)" မြန်မာလိုတော့"ရေတက်ငါးဇင်ရိုင်း"လို တရေတက်အကျင့်ကောင်းလေး ရှိတယ်။ ဂျပန်စာသင်ခဲ့သည်။ ဒါပေမယ့် အပြီးထိမသင်ခဲ့ဘူး။ မတတ်တတတ်နဲ့ သူများစာလာမေးရင် အတော်ချွေးပြန်ရတယ်။ စက်ချုပ်တတ်သည်။ ကျွမ်းကျင်လားဆိုတော့ ဟင်အင်း!! ၁၀တန်းဖြေပြီး အားလပ်နေတုန်း စက်ချုပ်တတ်တဲ့ ကျွန်မအစ်မက သင်ပေးမယ်ဆိုတာကို အပျင်းကြီးနေခဲ့တာ။ အစ်မG.T.Iသွားတတ်ရတော့မယ်ဆိုမှ တပတ်ထဲနဲ့ကပ်ပြီး အလောသုံးဆယ် သင်တာလေ။ ကိုယ့်အင်္ကျီ၊ ဂါဝန်၊ စကတ်လောက်တော့ ချုပ်တတ်သွားတယ်။ အိမ်ကလည်း အတော်နားပူသက်သာသွားတာ။ ဆိုင်သွားအပ်ပြီး စိတ်တိုင်းမကျရင် တနေကုန် ပြောမဆုံးဘူးဆိုတော့။ သူငယ်ချင်းတွေက ချုပ်ပေးပါဆိုရင် မျက်ခုံးလှုပ်ရတယ်။ ဂျီးမပွ ပျက်သွားလည်း ကိစ္စမရှိဘူးဆိုတဲ့ သူငယ်ချင်းတွေကိုတော့ ချုပ်ပေးပါတယ်။


ကျွန်မအစ်မက လက်မှုအတော်ရတယ်။ ကျွန်မက သူ့ဆီကပြန်သင်ယူတယ်။ ဒါပေမယ့် ဘယ်တော့မှ ပြီးအောင်မသင်ဘူး။ ကော်ပြားနဲ့ ပိုက်ဆံအိပ်ထိုးနည်းသင်တုန်းကလည်း ဒီလိုဘဲ။ ၂လုံးတော့ပြီးသွားပြီး အဖြူတလုံးတော့ တို့လို့တန်းလန်းကျန်နေသေးတယ်။ တတ်တင်းဆိုလည်း သင်တိုင်းချည်သေသွားလို့ အခြေခံကွင်းကနေ မတတ်ဘူး။ တချောင်းထိုးကတော့ တတ်တင်းထက်စာရင် နဲနဲပိုရတယ်။ အင်တာနက် အလွယ်သုံးလို့ရတော့ အားရင် ဖက်ရှင်ဒီဇိုင်းတွေရှာလိုက် ဟင်းချက်နည်းလေးကြည့်လိုက် စိတ်ကူးပေါက်ရာလေးရှာလိုက် ဟိုစပ်စပ် ဒီစပ်စပ်နဲ့ပေါ့။ အခုတလော စိတ်ကူးပေါက်ပြီး တချောင်းထိုးပုံလေးတချို့ လိုက်စုထားတယ်။ တချောင်းထိုး ထိုးနည်းတော့ ဒီမှာကြည့်နိုင်ပါတယ်။ ပုံတွေရှာတုန်းက အတော်ခေါင်းစားသွားသေးတယ်။ တချောင်းထိုးကို ဂျပန်လို ဘယ်လိုခေါ်မှန်းမသိလို့။ (အင်္ဂလိပ်လိုလည်း မသိဘူး။) သိတဲ့စာလုံး "編み物-amimono (အာမိမိုနို)"နဲ့ရှာတော့ နှစ်ချောင်းထိုးပုံတွေဘဲ တွေ့တာများတယ်။ "編み物-amimono"က နှစ်ချောင်းထိုး (သို့) ဇာထိုးပန်းထိုးဖြစ်မယ်။ နောက်ရှာရင်းနဲ့ တွေ့ပြီ။ တချောင်းထိုးကို " かぎ針編み- (ကဂိဘရိအာမိ) / 鉤針 / 鈎針-kagibari (ကဂိဘရိ)" တဲ့။ ခန်းဂျီးက ၂မျိုးဖြစ်နေတယ်။ အင်္ဂလိပ်လိုတော့ Crochet ဆိုလားဘဲ။




အဖျားဇာထိုးနည်း(crochet edgings)က ခေါင်းအုံးတို့ လက်ကိုင်ပုဝါအဖျားတို့မှာ ထိုးရင်လှမယ်ထင်တယ်။










ပန်းပွင့်အကြီးကြီးတွေထိုးရတာထက် အသေးက မြန်မြန်ပြီးတော့ ပိုပျော်တယ်။ ပြောမယ့်သာပြောတာ တက္ကသိုလ်ပထမနှစ်စတက်တုန်းကတည်းက ပန်းပွင့်အသေးတွေထိုးပြီး တပွင့်စီပြန်ဆက်ပြီး အမေ့အတွက် တဘက်ထိုးတာ ဘွဲ့ရပြီး အိမ်ထောင်သာကျသွားတယ် တဘက်က မပြီးသေးဘူး။ အမေ မြေးရရင်တောင် ပြီးပါ့ဦးမလားဘဲ။


Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP