Friday, February 27, 2009

မိုင်ငါးပိရည်


ဒီရောက်ကတည်းက ငါးပိရည်မစားရတာ ကြာလှပေါ့။ ပို့လို့လည်း ရမယ်မထင်ဘူး။ ဒီလောက် အနံ့ထွက်တာကို။ ပို့လို့ရဦးတောင်မှ ကျိုတဲ့အခါကျ ဒွတ်ခရောက်ဦးမှာ၊ တအိမ်လုံး သင်းပျံ့ပျံ့မွှေး ဖြစ်ကုန်မှာ။ စားဖူးတဲ့ ငါးပိရည်ထဲမှာ အဖေ့ဘက်က အဖွားအိမ်က ငါးပိရည်ကို အကြိုက်ဆုံးဘဲ။ ငါးကိုကင်ပြီး ကြက်သွန်ဖြူနဲ့ထောင်းထားတာကို ငါးပိရည်ကျိုထဲ ထည့်ဖျော်ထားတာ။ ငါးရုတ်သီး အကျက်မှုန့်နံ့နဲ့ တော်တော် စားလို့ကောင်းတယ်။ ငါးမဝယ်ဖြစ်ရင်တော့ ပုစွန်ခြောက်ကို ထောင်းထည့်တယ်။ ငါးနဲ့ ငါးပိရည်ကို ပိုကြိုက်တယ်။ အဖွားတို့အိမ်မှာက တခါတလေမှ လုပ်စားတာမို့ အတော်စားကောင်းတာဖြစ်မယ်။ နယ်မှာ (အမေ့ဘက်က အဖွားအိမ်မှာ)က နေ့တိုင်း ငါးပိရည်ကျိုတာဆိုတော့ ဘာမှ မခတ်ထားဘူး။ ရိုးရိုးဘဲ။ ဒါပေမယ့်လည်း ငါးပိရည်ကျိုဆမ်း၊ ငရုပ်သီးမှုန့်နဲ့နယ်ပြီး နေ့လည်စာ အစာပြေစားတာမျိုးလည်း ကြိုက်တာဘဲ။

မြန်မာမှန်ရင် ငါးပိရည် ကြိုက်ကြတယ်လို့ ပြောတာ ကြားဘူး ပေမယ့် ငါးပိရည်ကို အနံ့တောင် မခံနိုင်သူတွေ အများကြီးပါ။ ငါးပိရည်ကလည်း စားလို့သာ ကောင်းတာ၊ ကျိုတဲ့အချိန် အနံ့တော်တော် ပြင်းတာလေ။ ကျမလည်း အိမ်မှာ ငါးပိရည်ကျိုရင် အိမ်ရှေ့ အနံ့လွတ်ရာကို ထွက်ပြေးနေတတ်တာ။ တချို့ ငါးပိကျတော့ မွှေးပါတယ်။ ဒီမှာ တခါတခါ ငါးပိရည်ကျိုစားချင် အရမ်းဘဲ။ ငါးပိသိပ်ဖို့ကလည်း အဖြစ်မရှိဘူး။ ငါးတောင် မကိုင်တတ်လို့ ဈေးဝယ်ထွက်တိုင်း ငါးတွေကို ဒီအတိုင်းသွားကြည့် သွားရည်ကျပြီး ပြန်လာတာ အခေါက်ခေါက်ပါ။ ရေငံငါးတွေချည်းမို့ စပါးလင် ရှာမရတာကြောင့် မဝယ်တာလည်း ပါတယ်။ (ဆင်ခြေ --- အဟိ)

ဒါနဲ့ ရုတ်တရက် ရလာတဲ့ အိုင်ဒီယာကို အကောင်အထည် ဖော်ကြည့်လိုက်တယ်။ မုန့်ဟင်းခါး ချက်စားဖို့ ဝယ်ထားတဲ့ ငါးသေတ္တာဗူးလေးတွေ ရှိနေတယ်။ အသားတွေချည်း မွထားပြီးသားဆိုတော့ အတော်အဆင်ပြေတယ်။ အဲဒါကို ပန်းကန်ထဲဖောက်ထည့်၊ ငံပြာရည် နိုင်နိုင်လေးထည့်၊ အသားမှုန့်ရယ် ရေရယ်ထည့်ပြီး microwaveထဲ ခဏနွှေးလိုက်တယ်။ ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းထားတာနဲ့ ငရုတ်သီးအကျက်မှုန့်ထည့်မွှေလိုက်တော့ ရပါပြီ "မိုင်ငါးပိရည်"။ ကိုယ့်ဘာသာကိုယ်တော့ သဘောတွေကျလို့။ (တယ်ဟုတ်တဲ့ ငါပါလား ဒန် တန့် တန့်)


ငါးပိရည်လေးရလာတော့ တွဲစားဖို့ တို့စရာလေးပါပေါ့။ ပန်းညွန့်ပြုတ်၊ မုန်လာဥနီ၊ မီနီခရမ်းချဉ်သီး၊ ရုံးပတီသီး နဲ့ ဂေါ်ဖီပန်းပြုတ်။


ပန်းညွန့်နဲနဲကို ဟင်းခါးချက်လိုက်တယ်။ အသားဟင်းအနေနဲ့က ကြက်ကြော်ပါ။ ဟင်းအစပ်အဟပ်ကလည်း ဟုတ်နေတာဘဲ။


နှစ်ပန်းကန်တွေ့လို့ သူနဲ့ အတူလို့ ထင်နေကြဦးမယ်။ ယောင်းယောင်းနဲ့ပါ။ သူနဲ့အတူက ညစာစားမှပါ။ ငါးပိရည်လေး ဘယ်လိုနေလဲမေးမိတော့ တော်တော်စဉ်းစားပြီးမှ ငါးပိရည်နဲ့မတူဘဲ ရခိုင်မုန့်တီထဲ ထည့်စားရတဲ့ ငါးအနှစ်နဲ့တူသတဲ့။ (ဟွန့်!) ပြီးမှ ငါးပိရည်က ဘယ်လိုမျိုးလဲတဲ့။ (တိန်!) ဟုတ်တော့နေပြီ။ ပြီးမှသိတယ် သူတို့အိမ်မှာ ငါးပိရည် တခါမှ မချက်ဖူးဘူးဆိုဘဲ။ မသိဘဲ မေးမိတဲ့ ကိုယ့်အဖြစ်ပါလား၊ ဪ ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ်။

Read More...

Wednesday, February 18, 2009

စာစီစာကုံး


ဒီနေ့ သင်တန်းမှာ စာစီစာကုံး ဖတ်ရတယ်။ မြန်မာလို စာစီစာကုံး ရေးခိုင်းရင်တောင် ကောင်းကောင်းမွန်မွန် မရေးတတ်ဘူး။ ခေါင်းစဉ်ပေးထားရင်တော့ စဉ်းစားစရာ ဘောင်ရှိသေးတယ်။ ကြိုက်ရာရေးဆို ဘာရေးရမှန်းမသိတော့ဘူး။ ခုလဲ ကြိုက်တာရေးဆိုတော့ ဂျပန်တွေကို ကိုယ့်နိုင်ငံနဲ့ ပတ်သက်တာ ဘာပြောရင်ကောင်းမလဲကို အတော်စဉ်းစားရတယ်။ အတော်များများက မြန်မာလို့ ပြောလိုက်ရင် မသိကြဘူးလေ။ (နာဂစ် မတိုင်ခင်အထိပါ။) တခါမှ မြန်မာလူမျိုး မလာတက်ဖူးတာလဲ ပါတယ်။ ဒီတော့ မြန်မာအကြောင်း မသိတာ မဆန်းပါဘူး။ "ဘိရုမာ"လို့ ပြောရင်တော့ နဲနဲသိကြပါတယ်။ ဒီတော့ သူတို့ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာလေး ရေးမှဖြစ်မယ်လို့ တွေးမိတယ်။ နောက်တော့ မြန်မာလူမျိုးတွေရဲ့ နာမည်အကြောင်း ရေးဖြစ်လိုက်တယ်။ စာလုံးအရေအတွက် ၃၀၀အတွင်းလောက် ရေးရင်ရပြီဆိုပေမယ့် ရေးရင်းနဲ့ ၄၀၀တောင် ကျော်သွားတယ်။ ဒါတောင် တော်တော် အတိုချုပ်ရေးထားတာ။ ရှည်ရှည်ရေးချင်လည်း ရပါတယ်။ "စဲန်းစေး"ကို ပြကြည့်တော့ စိတ်ဝင်စားပေမယ့် "စဲန်းစေး"တောင် မသိတဲ့ စကားလုံးတွေပါနေတယ်။ "ဂဠုန်"ဆိုတာ ကိုယ်တိုင်တောင် အင်တာနက်ထဲ အတော်ရှာလိုက်ရတယ်။ ရှည်ကလည်းရှည် ဖတ်ပြပြီး အများသဘောမပေါက်တာတွေ များနေရင်မကောင်းဘူးတွေးပြီး "သင်္ကြန်အကြောင်း" အသစ်ပြောင်းရေးလိုက်တယ်။ နဂိုရေးထားတာကိုတော့ ဟိုဘက်မှာ ပြန်ဖြည့်ရေးပြီး တင်ထားပါတယ်။

စာကို ချရေးခိုင်းခံမှဘဲ ကိုယ့်အခြေအနေကိုယ် အတော့အတော် သဘောပေါက်သွားတယ်။ ဖတ်ရင်သာ နားလည်သလိုလိုတွေ ရှိပေသိ ရေးရင်တော့ အတော်ချာတူးလန်ပါတယ်။ အခြေခံ သဒ္ဒါတွေတောင် မေ့လို့။ ပထမ စာစီစာကုံးမှာ "စဲန်းစေး"က အမှားတွေ အတော်ပြင်ပေးကတည်းက သိသွားတယ်။ ရှည်ရှည်ရေးလေ အမှားများလေလို့။ :D ဒီတော့ကာ နောက်တခုကို စာလုံး ၃၀၀ထဲဝင်အောင် တွက်ပြီး လျှော့ရေးလိုက်တာ သိပ်မမှားတော့ဘူး။ ကိုယ့်နိုင်ငံပွဲတော်အကြောင်း အများကြီးတော့ မိတ်မဆက်ပေးလိုက်ရဘူးပေါ့။ တိုတော့လည်း မြန်မြန်ဖတ်လို့ပြီးတယ်လေ။ အတန်းရှေ့ ထွက်ရရင် အလိုလို ဒူးတုန်တာဆိုတော့။ ဒါတောင် ကိုယ့်နေရာမှာ ထိုင်နေတုန်း စစချင်း မိတ်ဆက်ကို ဘယ်လိုပြောမယ်၊ ဖတ်ပြီးသွားရင် ဘယ်လိုနိဂုံးချုပ်မယ် စိတ်ကူးသွားပြီး အရှေ့လဲရောက်ရော မြန်မြန်ပြီး ပြီးရောဆိုပြီး ဘလွတ်ဘလွတ် ရွတ်ပစ်လိုက်တယ်။ အပြီးကျမှ ကျေးဇူးတင်ပါတယ်ကို ညောင်နာနာသံနဲ့ တိုးတိုးလေးထွက်တော့တယ်။

အားလုံးရဲ့ စာစီစာကုံးတွေက တမျိုးစီ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အတော်များများက ဂျပန်မှာ ကြုံတွေ့ရတဲ့ လူနေမှုဘဝနဲ့ ဂျပန်စာ သင်ယူတာနဲ့ ပတ်သတ်တဲ့အကြောင်းတွေ ရေးကြတယ်။ အဲဒီထဲကမှ အားလုံးလဲ စိတ်ဝင်စားပြီး ပျော်ဖို့ကောင်းတဲ့ စာစီစာကုံးတပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စဖတ်ရကတည်းက အတော် သဘောကျတယ်။ ထိုင်ဝမ်သူ အန်တီကြီးရဲ့ စာစီစာကုံးပါ။ (အသက် ၅၀ကျော်လောက်ရှိလို့ အန်တီလို့ သုံးတာ ရရဲ့လားတော့သိဘူး။ ကိုယ်တိုင်တောင် ၃၀နား နီးလာပြီဆိုတော့လေ။) အန်တီကြီးက ဂျပန်မှာ နေတာ တော်တော့ကို ကြာပါပြီ။ စကားလည်း ဂျပန်တွေနဲ့ အညီ ပြောနိုင်ပါတယ်။ ဒီသင်တန်းကို အပျင်းပြေ လာတက်နေပုံပါဘဲ။ သူက ဒီစာစီစာကုံးက တရုတ်လို ရှိတာကို ဂျပန်လို ဘာသာပြန်ပြီး ရေးထားတာပါတဲ့။ သူက ခု စီးပွါးပျက်ကပ်ကြီးမှာ အားလုံးစိတ်ညစ်နေကြတာမို့ တခဏလောက် ပြုံးပျော်စေဖို့ ရည်ရွယ်ပါတယ်တဲ့။ သူ့ကို ခွင့်တောင်းပြီး ဘလော့မှာ မြန်မာလို ကြိုးစားပြီး ဘာသာပြန်ကြည့်တာနဲ့တွဲပြီး တင်လိုက်ပါတယ်။

"အားလုံး ပြုံးစေဖို့"

ပိုက်ဆံ မရှိတဲ့အခါ ဝက်မွေးပါတယ်။
ပိုက်ဆံ မရှိတဲ့အခါ အသီးအရွက်ကို အိမ်မှာ စားပါတယ်။
ပိုက်ဆံ ရှိတဲ့အခါ အသီးအရွက်ကို Restaurantမှာ စားကြတယ်။
ပိုက်ဆံ မရှိတဲ့အခါ လမ်းပေါ်မှာ စက်ဘီးစီးပါတယ်။
ပိုက်ဆံ ရှိတဲ့အခါ Living Roomထဲမှာ စက်ဘီးနင်းကြတယ်။
ပိုက်ဆံ မရှိတဲ့အခါ မင်္ဂလာဆောင်ချင်တယ်။
ပိုက်ဆံ ရှိတဲ့အခါ ကွာရှင်းချင်ကြတယ်။
ပိုက်ဆံ မရှိတဲ့အခါ အိမ်ရှင်မက စက္ကထရီအလုပ်ကို တွဲလုပ်ပါတယ်။
ပိုက်ဆံ ရှိတဲ့အခါ စက္ကထရီက အိမ်ရှင်မအလုပ်ပါ တွဲလုပ်တယ်။
လူတွေက စိတ်ရင်းကို မပြောကြပါဘူး။
ပိုက်ဆံက ဒုက္ခဖြစ်ရဲ့ အရင်းခံရာလို့ပြောလည်း အားလုံးက လိုချင်ကြတယ်။
မိန်းမလှလေးက ကံဆိုးမှုတွေ ပေးတတ်တယ်ပြောလည်း အားလုံးက ရင်းနှီးကျွမ်းဝင်ချင်ကြတယ်။
ဆေးလိပ်နဲ့ အရက်က ခန္ဓာကိုယ်အတွက် မကောင်းပေမယ့် မရပ်တန့်နိုင်ကြဘူး။
ခွေးကို အဝတ်ဝတ်ပေးကြပြီး လူတွေကတော့ အသားဖော်တဲ့ အဝတ်တွေ ဝတ်နေကြပါတယ်။
အချုပ်အနေနဲ့ ___
နိဗ္ဗာန်က သွားသင့်တဲ့နေရာလို့ပြောလည်း လူတိုင်း မသွားကြပါဘူး။

“皆さん、笑ってください”

お金がないとき、豚を飼います。
お金があるとき、犬を飼います。
お金がないとき、家で野菜を食べます。
お金があるとき、野菜をレストランに食べます。
お金がないとき、道で自転車を乗ります。
お金があるとき、リビングルームで自転車を漕ぎます。
お金がないとき、結婚したいです。
お金があるとき、離婚したいです。
お金がないとき、妻は秘書を兼ねてます。
お金があるとき、秘書は妻を兼ねれます。
人間は本音を言わない。
金は罪悪のもとでも、皆がほしいです。
美女は災いのもとでも、皆が交際したいです。
タバコや酒は体に悪いけど、やめられない。
犬は服を着るけど、人間は肌を出す服を着ています。
結局、
天国はいい所でも、皆は行かないです。



Read More...

Thursday, February 12, 2009

ဗယ်လင်တိုင်းချော့ကို (バレンタインチョコ)


(image form Rakuten shop)


ဗယ်လင်တိုင်းဒေးနဲ့ ချော့ကလက်က ဘယ်လိုပတ်သက်မှန်း လုံးဝမသိတာ အမှန်ပါ။ ဝီကီမှာ ကြည့်တော့လည်း ချစ်သူများနေ့နဲ့ ဘာမှလဲ မသက်ဆိုင်သလိုဘဲ။ လူညီလို့ "ဤ"ကနေ "ကျွဲ"ဖြစ်သွားသလားတော့ မသိပါ။ ဆိုင်တာမဆိုင်တာ ထားပါလေ၊ ဖေဖော်ဝါရီ ၁၄အတွက် ဒီမှာတော့ ချော့ကလက်တွေ အပြိုင်အဆိုင်ရောင်းနေကြတာ။ သတင်းမှာလဲ ချော့ကလက်ရောင်းအား ကောင်းတာတွေ လွှင့်လို့၊ "ဂင်းဇ"က ဆိုင်တွေမှာ အမျိုးသမီး ကြီးကြီးငယ်ငယ်တွေ အုံလို့ခဲလို့။ ဂျပန်မှာ ဗယ်လင်တိုင်းဒေးဆိုတာ မိန်းကလေးတွေကစပြီး ချစ်ရေးဆိုဖို့ အခွင့်အရေးနေ့လိုပါဘဲ။

ချော့ကလက်မှာတောင် ကိုယ့်ဘာသာ စားဖို့အတွက်က "ဂျိဘွန်းချော့ကို" (自分チョコ)၊ လုပ်ဖော်ကိုင်ဖက် / အထက်လူကြီးတွေကို ပေးဖို့ "ဂီရိချော့ကို" (義理チョコ)၊ ကိုယ့်ရဲ့ တဦးတည်းသောသူအတွက်က "ဟွန်းမဲအိချော့ကို" (本命チョコ) ဆိုပြီး ခွဲဝယ်ကြတယ်။ ကိုယ့်အတွက်နဲ့ လုပ်ဖော်ကိုင်ဖက် / အထက်လူကြီးတွေကိုပေးဖို့ ချော့ကလက်ကတော့ ဈေးအတော်အသင့်ကို ဝယ်ကြတာ များတယ်။ "ဂီရိချော့ကို"ဆိုလို့ ဒီရောက်စက အဲလိုမျိုးတွေ ကြားရမြင်ရတာ ကိုယ့်မှာတော့ အံ့ဩပြီး ပါးစပ်အဟောင်းသားနဲ့ပေါ့။ ကိုယ့်နိုင်ငံမှာက ယောက်ျားလေးကသာ မိန်းကလေးကိုပေးတာလေ။ မိန်းကလေးကလည်း လက်ဆောင်ပြန်ပေးတာ ရှိချင်ရှိမယ်။ ဒါတောင် ချစ်သူချင်းပေါ့။ ချစ်သူမဟုတ်တဲ့ သူကို ချော့ကလက်ပေးလို့ကတော့ အထင်သေးခံလိုက်ရမယ့်ဖြစ်ခြင်း။ ကိုယ်နဲ့ ဘာမှလဲ မသက်ဆိုင်တဲ့ ရုံးက လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေ အထက်လူကြီးတွေကို ချော့ကလက်ပေးတာတော့ ကြားကြားဘူးပေါင်။

ဒီမှာတော့ "ဂီရိချော့ကို" အလေ့အထက အကျင့်ကြီးလိုဖြစ်လို့။ အပေးခံရတဲ့အမျိုးသားတွေ ဘယ့်နှယ့်ခံစားရသလဲဆိုတာ အင်တာလိုက်ဗျူးတာ ကြည့်ရတော့ စိတ်ဖိစီးမှုလည်းဖြစ်ကြတယ်။ ဘာလို့လဲဆို နောက်လ ၁၄ရက်ကျရင် white day ဆိုပြီး သူတို့က လက်ဆောင် ပြန်ပေးရမယ်လေ။ ကိုယ့်ကို ချော့ကလက် ပေးတဲ့သူတွေကို မှတ်ထားရတယ်။ ပြီးတော့ ပြန်ပေးရရင်လည်း ကိုယ့်ကိုပေးတာထက် တန်ဖိုးများတာမျိုး ပေးရတာဆိုတော့လေ။ ချော့ကလက်ရလို့ ရင်ခုန်ရတာထက် ပြန်ပေးရမယ့် စရိတ်တွေ တွေးပြီး ရင်ခံရသပေါ့။ အဲ ရင်ခုန်ကြသူတွေလဲ မနည်းပါဘူး။ ကိုယ့်လက်အောက်ဝန်ထမ်း ငယ်ငယ်ချောချောလေးဆီက ချော့ကလက်ရတယ်ဆိုတော့ကာ "ဂီရိချော့ကို"မှန်း သိရက်နဲ့လည်း ကိုယ့်ကိုများ တကယ်သဘောကျနေသလားမသိ ဆိုတဲ့ တဖက်သတ် အတွေးနဲ့ ကြည်နူးကြတယ်လေ။

"ဂျိဘွန်းချော့ကို"ကတော့ ကိုယ်စားချင်တာလေးတွေ ဝယ်စားကြတာ။ ဂျပန်ပျိုပျိုအိုအိုတို့ ပိုက်ဆံများများအကုန်ခံတာက "ဟွန်းမဲအိချော့ကို"။ ကိုယ့်ရဲ့ တဦးတည်းသောသူ အတွက်ဆိုတော့လည်း ပိုက်ပိုက်အကုန်အကျ များလည်း ဝယ်တယ်။ ချော့ကလက်မှာတောင် ဗယ်လင်တိုင်း အတွက် ရည်ရွယ်ထုတ်လုပ်ပြီး ရောင်းတဲ့ ချော့ကလက်တွေရဲ့ ဈေးက မသေးလှဘူးရယ်။ ပုံမှန်ဆို ချော့ကလက်တွေက ယန်းတရာဆိုင်မှာ မျိုးစုံရှိပါတယ်။ တရာနဲ့ စားပါလေ့။ ခုကျတော့ ဈေးတွေက ပျံလို့။ ချော့ကလက်တဗူးမှာ တလက်မပတ်လည် အရွယ်သာသာ ၃/၄တုံးလောက် ပါကြတာပါ။ ဒါကို ယန်းနှစ်ထောင်ကျော်ပါတယ်။ ဈေးကြီးမှ ဝယ်ချင်သူတွေအတွေ အတွက်လည်း အထူးရှယ် ချော့ကလက်တွေလည်းရှိတယ်။ ခပ်သေးသေး တတုံးထဲကိုတင် ယန်းလေးထောင်ကျော်တာလဲ ရှိတယ်။ ဈေးကြီးကြီး ချော့ကလက်ရတဲ့ အမျိုးသားများ ဝမ်းမြောက်ဖွယ်လား မျက်ခုံးလှုပ်ဖွယ်လားတော့ မပြောတတ်ပါဘူး။

ဒီနှစ်မှာ "ဂရကုချော့ကို" (逆チョコ) ဆိုတာကို လုပ်လာကြတယ်။ "ဂရကုချော့ကို"ဆိုတာ ယောက်ျားလေး ဘက်ကနေ မိန်းကလေးကို ပေးတာပါ။ ဂျပန်တွေအတွက် အဆန်းစထွင်သလို ဖြစ်ပြီး ထူးနေသလားတော့ မသိပါဘူး။ ကိုယ့်ဆီမှာက ပုံမှန်ဘဲမို့ အဆန်းလို့ မထင်မိဘူး။ "ဂရကုချော့ကို"ကမှ ပိုအဆင်ပြေတယ်လို့ တွေးမိတယ်။ မိန်းကလေးတွေက အချိုပိုကြိုက်ကြတယ်လို့ ထင်မိလို့ပါ။ ကိုယ့်ကိုယ်ကို ကြည့်ပြီး ပြောကြည့်တာပါ။ ဆိုင်ရောက်ရင် ချော့ကလက်တွေဆီ မျက်လုံးက ရောက်ပြီးသား။ ဈေးဝယ်ခြင်းထဲ ထည့်ဖို့မေ့လာရင်လည်း စိတ်ပူစရာမလို၊ ငွေရှင်းကောင်တာတွေအနားမှာ ထပ်ရှိတယ်လေ။ ချော့ကလက် အစားများရင် ခန္ဓာကိုယ်အတွက် မကောင်းမှန်းသိပေမယ့်လည်း ကြိုက်တာဘဲ။ မနေ့ညကတောင် ချော့ကလက် တတောင့်ဖောက်ပြီး နဲနဲဘဲစားမယ်ဆိုတာ ဘလော့လည်ရင်း တီဗီကြည့်ရင်းနဲ့ စားမိလိုက်တာ ကုန်ရော။ စားပြီးမှသာ အဲ~ စားတာ လွန်သွားပြီဆိုပြီး ကြောက်တာ။ မစားဖြစ်အောင်ဆို မဝယ်မှဘဲ ရမယ်။ (မထင် ငင်~~ ငင်~~ ငင်~~)

သူ့ဆီက ချော့ကလက်ကတော့ အရင်ကဆို ၁၄ ရက်နေ့တိုင်း ပါလာတယ်လေ။ ပြက္ခဒိန်မှာ တနှစ်မှ တခါ ဗယ်လင်တိုင်းတာ၊ တို့များတော့ လတိုင်း ဗယ်လင်တိုင်းပါတယ်။ အဲဒါက အရင်ကလေ အရင်က။ ဒီရောက်ပြီး စောစောပိုင်း အချိန်တွေအထိ ၁၄ရက်နေ့တိုင်း ချော့ကလက်ပါလာတယ်။ နောက်များလဲကြာရော့ မေ့မေ့လာပါရောလား။ အလုပ်တွေများလို့ ခေါင်းရှုပ်ပြီး မေ့သွားတာကတော့ တတ်နိုင်ဘူးပေါ့လေ။ ခဏခဏ မေ့လာတာကတော့ အသက်ကြီးလို့ မှတ်ဉာဏ်မကောင်းချင်လို့များလား??? မခင်ဦးမေပြောသလို ပါးဖောင်းတာလေး ကျလာလို့များလား??? လား??? လား??? အင်းမ်... မမေ့သေးဘူး ဆိုရင်တော့ ၁၄ရက် အမှတ်တရ ချော့ကလက်လေးတွေ အမြဲ လိုချင်ပါသေးတယ်။ တန်ဖိုးနဲတာ များတာက အဓိကမဟုတ်ပါဘူး။ ရင်ထဲကပါရင် ပြီးတာပါဘဲ။ တွေးကြည့်တော့ ၇နှစ်နဲ့ ၇လ တင်းတင်းပြည့်တော့မှာပါလား။ မနေ့တနေ့ကလို ထင်နေတုန်းဘဲလေ။

Read More...

Tuesday, February 3, 2009

"စဲစွတ်ဘွန်း"



ဒီနေ့ ဂျပန်မှာ "စဲစွတ်ဘွန်း" (節分/せつぶん)နေ့တဲ့။ "စဲစွတ်ဘွန်း"ဆိုတာ ဂျပန်ရာသီဥတုလေးခုဖြစ်တဲ့ "နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း" မတိုင်ခင် ရှေ့ရက်တွေပါ။ ရာသီဥတုတွေကို ခွဲခြားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ "စဲစွတ်ဘွန်း"လို့ပြောရင် တခြားရာသီဥတု မစခင်ရက်တွေထက် နွေဦးမတိုင်ခင်ရက်ကို ရည်ရွယ်တာများပါတယ်။ နှစ်တိုင်းရဲ့ ၂လပိုင်း ၃ရက်နေ့ဖြစ်ပြီး ရက်ထပ်နှစ်ဆိုရင်တော့ ၂လပိုင်း ၄ရက်နေ့ဖြစ်သွားပါတယ်။ ဒီနေ့ "စဲစွတ်ဘွန်း"နေ့ဆိုတော့ မနက်ဖြန်မှာ နွေဦးစပါပြီ။

မနက်က သတင်းမှာတော့ "စဲစွတ်ဘွန်း"နဲ့ ပတ်သက်တဲ့အကြောင်းတွေ လွှင့်သွားတယ်။ တရုတ်ယဉ်ကျေးမှုကနေ ရောက်ရှိလာတဲ့ အယူအဆရက်ပါတဲ့။ ဒီနေ့ရဲ့ ထင်ရှားတဲ့ ဓလေ့က "မမဲ့မကိ" (豆撒き/まめまき) လို့ခေါ်တဲ့ ပဲစေ့ပေါက်ပွဲပါ။ "မမဲ့မကိ"ဘယ်ကစဆိုတာ ဂျပန်သမိုင်းပညာရှင်တွေတောင် မသိဘူးလို့ ဆိုပါတယ်။ နောက်ဆုံး "အာစာကူစာ" (浅草/あさくさ)က "စဲန်းစိုးဂျိ" (浅草寺) ဆိုတဲ့ ဘုံကျောင်းက ပန်းချီကားချပ်မှာပါတဲ့ ပုံတကွက်ကနေ ဖြစ်နိုင်ချေကို စဉ်းစားကြပါတယ်။ ပုံထဲမှာ ကျောင်းဆောင်ပေါ်ကနေ ပိုက်ဆံတွေ ကျဲနေတာပါ။ နောက်တော့ အဲလိုလုပ်တာ လုကြယက်ကြနဲ့ အန္တရာယ်များတယ်လို့ သတ်မှတ်ပြီး ပိုက်ဆံကျဲတဲ့ ဓလေ့ကို ရပ်တန့်ခိုင်းခံရပါတယ်။ အဲဒီကနေ ပိုက်ဆံကျဲတာနဲ့ အသံထွက်ဆင်တဲ့ ပဲစေ့ကျဲတာအဖြစ် အဆင့်ဆင့်ပြောင်းသွားပြီး ခုတော့ "စဲစွတ်ဘွန်း"ဆိုတာနဲ့ ပဲစေ့ပေါက်ပွဲကို လုပ်ကြပါတယ်။

ဘုံကျောင်းတွေမှာ လုပ်ကြသလို ကိုယ့်အိမ်နဲ့ကိုယ်လဲ လုပ်ကြတယ်။ ဘုံကျောင်းပေါ်ကနေဆို ဘုန်းတော်ကြီးတွေ၊ ဖိတ်ထားတဲ့ ဧည့်သည်တွေက အောက်ဘက်မှာ စောင့်နေတဲ့ လူတွေအပေါ်ကျဲတာပါ။ အိမ်မှာလုပ်တာမျိုးကျ တယောက်ယောက်က ဘီလူးမျက်နှာဖုံး စွတ်ထားပြီး အဲဒီဘီလူးကို ပဲစေ့နဲ့ပေါက်တာပါ။ ဒီနေ့အတွက် ဆိုင်တွေမှာ ပဲစေ့နဲ့ စက္ကူမျက်နှာဖုံးတွဲရက် အထုပ်လေးတွေ ရောင်းနေတာ တွေ့ရတယ်။ ပဲစေ့အထုပ်ထဲက ကိုယ့်ရဲ့ သက်စေ့ ပဲစေ့ကို စားပြီး ကျန်တာနဲ့ ဘီလူးကို ပေါက်တာပါ။ ပေါက်ရင်းနဲ့ ပါးစပ်က "အိုနိ ဝါ စိုးတို၊ ဖုကု ဝါ နကာ" (鬼は外、福は内) "ဘီလူးက အိမ်ပြင်သွား ကံကောင်းခြင်းတွေ အိမ်ထဲလာ" လို့ အော်ကြတာများပါတယ်။ ဘုံကျောင်းတခုက ထူးခြားပြီး ပြောင်းပြန် "အိုနိ ဝါ နကာ၊ ဖုကု ဝါ စိုးတို" (鬼は内、福は外) လို့အော်ပါတယ်။ လူတွေကို ဒုက္ခပေးတဲ့ ဘီလူးကို ဘုရားရှေ့မှာ ဆုံးမပြီး လူတွေကို ကံကောင်းခြင်းတွေ ရောက်စေဆိုတဲ့ ရည်ရွယ်ချက်နဲ့လို့ ပြောပါတယ်။ တချို့ဒေသမှာတော့ "အိုနိ ဝါ နကာ၊ ဖုကု ဝါ နကာ"လို့ (鬼は内、福は内) အော်ပါတယ်တဲ့။ ကိုယ့်ဒေသရဲ့ ယုံကြည်ရာ ယုံကြည်ရာနဲ့ အော်ပြီး ပစ်ကြပါတယ်။


နောက်ဓလေ့တခုက တထွာသာသာ ရေညှိထမင်းလိပ်ခပ်ကြီးကြီး "မာကီ စူရှိ" (巻き寿司)ကို စားတာပါ။ ဂျပန်အယူအဆအရ "တိုရှိတိုကုဂျင်း" (歳徳神/としとくじん、とんどさん) နတ်မင်းရှိတဲ့အရပ်ကို မျက်နှာမူ မျက်စေ့မှိတ်ပြီး ထမင်းလိပ်ကို မနားတမ်းစားရတာပါ။ စားနေတုန်းမှာ လုံးဝ စကားမပြောရပါဘူးတဲ့။ စကားပြောလိုက်ရင် နက်မင်းက သွားကြားက ထွက်ပြေးသွားမှာမို့ပါတဲ့။ ထမင်းလိပ်ထဲမှာ "ရှိချိဖုကုဂျင်း" (七福神/しちふくじん)လို့ ဂျပန်တွေရုံကြည်တဲ့ ကံကောင်းမှုပေးတဲ့ နတ်မင်း ၇ပါးကို ရည်ရွယ်ပြီး "ကန်ပျောဆိုတဲ့ ဘူးသီးတမျိုးကို အခြောက်ခံထားတဲ့ အမျှင်၊ သခွါးသီး၊ ရှီအိတကဲမှို၊ ကြက်ဥလိပ်၊ ငါးရှဥ့်၊ အသားမှုန့်၊ ပဲ" စတဲ့ ၇မျိုးကို ထည့်လိပ်ထားပါတယ်။ ဒေသအလိုက် ထည့်တာ သိပ်မတူတာ ရှိပါတယ်။ ဒီဓလေ့က အိုဆာကာဘက်ကနေ ပျံ့နှံ့လာတာလို့ ဆိုပါတယ်။ ဘယ်လိုကနေ ဘယ်လို ရေညှိလိပ်စားတဲ့ ဓလေ့ပေါ်လာရတာလဲ ဆိုတာ ရှာဖွေရင်း သိလိုက်ရတဲ့ အကြောင်းအရင်းက ဟိုက်ရှားဘားလို့တောင် ဖြစ်သွားရတယ်။ ဟိုးနှစ်၁၀၀နီးပါးမှာ အိုဆာကာဘက်က စားသောက်ဆိုင်တွေကနေ စခဲ့တာပါတဲ့။ စားသောက်ဆိုင်ဆိုတာ မိန်းကလေးတွေ ဧည့်ခံတဲ့ ဂျပန်အရက်ဆိုင်မျိုးပါ။ ဆိုင်တွေက ဧည့်သည်စည်ကားအောင် ရည်ရွယ်ချက်နဲ့ လုပ်တဲ့ပွဲမှာ မိန်းကလေးတွေက ရေညှိလိပ်ကို စားပြတာပါတဲ့။ ဘာကိုဆိုလိုချင်သလဲဆိုတာတော့ ရေညှိလိပ်ကို မြင်ယောင်ပြီး စဉ်းစားကြပါကုန်။ သိရင်လည်း သိတယ်မှတ်ပါ၊ မသိရင်လည်း မသိသလိုထားလိုက်ပါ။ ဒီသတင်းကြည့်ပြီးတော့ လူတွေ ချဲ့ကားကြရာက နဂိုကနေ သွေဖယ်သွားတဲ့ အရာတွေက မလွယ်ပါလားလို့ တွေးမိလိုက်တယ်။

photo source: Google

Read More...

Sunday, February 1, 2009

2009.02.01



နောက်ကျတဲ့ အိမ်တက်ဧည့်ခံလို့ ပြောလဲ ရပါတယ်။ ဘာရယ်မဟုတ် ဒီနေ့ ချက်စားဖြစ်တာလေးပါ။ "တွန်းဂျီရု"က microwave နဲ့ ချက်နည်းကို စမ်းချင်လို့ လုပ်ကြည့်တာ။ ဝက်သားပေါင်းက သူစားချင်တယ်ဆိုလို့။ ထုံးစံအတိုင်း မချက်ခင် အင်တာနက်ထဲ မွှေနှောက်ရှာတယ်။ ချက်နေကျမဟုတ်တာမျိုးဆို ခေါင်းထဲမှာ မမှတ်ထားတဲ့ အကျင့်ကြောင့်လေ။ ဘာလို့မှန်းမသိဘူး၊ ဝက်သားပေါင်းချက်နည်း ရှာလို့မရဘူး။ အရင်ကလည်း ထင်ရာထည့်ချက်တာ။ မြန်မာလို ရှာမရတော့ ဂျပန်လို လှည့်ပတ်ရှာလည်း မရှိ။ ခပ်ဆင်ဆင်တွေ့လို့ အဲဒီထဲက နည်းကို နဲနဲယူလိုက်တယ်။ မမေ့ရအောင် ဒီမှာဘဲ မှတ်ထားလိုက်တော့မယ်။
ဝက်သားကြိတ်သား ___ ၂၀၀ ဂရမ်
ကြက်သွန်မြိတ်အကြီး ___ ၂၀ ဂရမ် (ကြက်သွန်နီထည့်လည်း ရမယ်ထင်တယ်)
ကြက်ဥ ___ ၁ လုံး
ဆား ___ သင့်ရုံ
သကြား ___ သင့်ရုံ
ငရုတ်ကောင်း ___ သင့်ရုံ
ကြက်သားမှုန့် ___ သင့်ရုံ
ဟင်းချက်အရက် ___ ဇွန်းကြီး ၁ ဇွန်း
ပဲငံပြာရည်အကျဲ ___ ဇွန်းကြီး ၁ ဇွန်း
နှမ်းဆီ ___ ဇွန်းကြီး ၁ ဇွန်း
ရိုးရိုးဟင်းချက်ဆီ ___ ဇွန်းသေး ၂ ဇွန်း
ကော်မှုန့် ___ ဇွန်းကြီး ၁ ဇွန်း

အားလုံးထည့်နယ်ပြီး ကြွေဇလုံ အလယ်မှာ နဲနဲချိုင့်အောင်ထားပြီး ဒယ်အိုးထဲ ရေထည့်ပြီး ပေါင်းလိုက်တယ်။ နောက်မှ အတုံးလေးတွေ လှီးယူတယ်။ အခပ်မတော်လို့ ပုံပျက်သွားတာတွေကို ချေပစ်လိုက်တယ်။ ခရမ်းချဉ်သီး ငါးပိချက်တွေ ကျန်နေသေးတာမို့ တို့စရာအဖြစ် ရုံးပတီသီး ပြုတ်လိုက်တယ်။ ဖက်ထုပ်က မနေ့ညက တဝက်ကြော်စားပြီး ကျန်တာလေးကို ထပ်ကြော်ထားတာပါ။ ဘာထပ်လုပ်ရမှန်းမသိလို့ ဒီလောက်ပါဘဲ။

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP