Wednesday, October 10, 2007

အမှတ်တရ အိမ်ရှင်မ (၅)


ဒီတပါတ် အိမ်ကြီးရှင် အလုပ် ၃ရက်ဆက်အပိတ်မှာ ကျွန်မကိုစက်ဘီးဝယ်ပေးပြီး တချက်ခုတ် ၂ချက်ပြတ် စက်ဘီးစီးသင်ရင်း ဈေးလည်းဝယ်ရင်းဖြစ်အောင် ခပ်ဝေးဝေးသွားဖြစ်ခဲ့တယ်။ အပြန် ဗိုက်ဆာတော့ စားသောက်ဆိုင်တဆိုင်မှာ ဝင်စားဖြစ်တယ်။ အိမ်ကြီးရှင်က ကျွန်မကို "ကွန်းစူးပု - コーンスープ" (ပြောင်းဖူးစွတ်ပြုတ်) သောက်ကြည့်ဆိုပြီး မှာပေးတယ်။ သူက "ကဘိုးချစူးပု - かぼちゃスープ" (ရွှေဖရုံသီးစွတ်ပြုတ်) မှာတယ်။ ဂျပန်ရောက်တဲ့သူတိုင်း သောက်ဖူးတယ်တဲ့။ ကျွန်မကတော့ ဂျပန်အစားအစာဆိုရင် စားနိုင်ပါ့မလားလို့ တွေးမိသေးတယ်။ နောက် မြည်းကြည့်တော့ မဆိုးဘူးပဲ။ လုံးဝမအီတဲ့အပြင် ခပ်ဆိမ့်ဆိမ့်နဲ့ သောက်လို့ အတော်ကောင်းပါတယ်။ သူ့ရဲ့ ရွှေဖရုံသီးစွတ်ပြုတ်ကို ယူသောက်ကြည့်တော့လည်း သောက်လို့ကောင်းတယ်။ ကျွန်မက ရွှေဖရုံသီးဆိုရင် လုံးဝမကြိုက်။ ပြောင်းဖူးဆိုလည်း ပြုတ်စားတာကလွဲပြီး မကြိုက်ပါဘူး။ အခု စွတ်ပြုတ်တွေသောက်ကြည့်တော့ သဘောကျသွားတယ်။ အတော် အဟာရလည်းရှိတယ်။ ကိုယ်တိုင်လည်း လုပ်တတ်ချင်တာကြောင့် ထုံးစံအတိုင်း ဟင်းချက်နည်းတွေထဲလိုက်ရှာကြည့်တယ်။ တွေ့တဲ့အထဲက ဘယ်နိုင်ငံမှာမဆို ချက်လို့ဖြစ်တဲ့နည်းကို ဘာသာပြန်ပြီး တင်လိုက်ပါတယ်။


စွတ်ပြုတ်လုပ်ဖို့အတွက် ကုန်ကြမ်းက ဝယ်ရလွယ်ပါတယ်။ ဟင်းခတ်အတွက်ထည့်ဖို့ "ကွန်းစိုမဲ့"တော့ ရှာရနိုင်တယ်။ ဒီမှာတော့ အာဂျီနိုမိုတို နဲ့ ခနောက ထုတ်တဲ့ "ကွန်းစိုမဲ့"တွေ ရှိပါတယ်။ "ကွန်းစိုမဲ့"က ပြင်သစ်စွတ်ပြုတ်မှာသုံးတဲ့ ဟင်းခတ်ပါ။ Consomme ဆိုတဲ့အမည်နဲ့ ရှာနိုင်ပါတယ်။ အမျိုးအစားလည်း အမျိုးမျိုး ရှိပါတယ်။ Chicken consomme, Vegetable consomme, Beef consomme, Onion consomme, Mushroom consomme စသဖြင့်ပါ။ နှစ်သက်ရာ သုံးနိုင်ပါတယ်။




နိုင်ငံပေါ်မူတည်ပြီး ထုပ်ပိုးပုံ မတူနိုင်ပါဘူး။



ပြောင်းဖူးစွတ်ပြုတ် (コーンスープ)

*၂ယောက်စာ*

ခရင်ပြောင်းဖူးစည်သွတ်ဗူး / ပြောင်းဖူးစိမ်း (クリームコーン缶 / とうもろこし) - အသေး၁ဗူး / ၂(သို့)၃ဖူး
နွားနို့ (牛乳) - စည်သွတ်ဘူး၁ခွက်စာ
ကွန်းစိုမဲ့ (コンソメ) - ၁တုံး
ဆား၊ ငရုတ်ကောင်း (塩、コショウ) - အနည်းငယ်

အိုးထဲကို ခရင်ပြောင်းဖူးဗူး ဖောက်ထည့်၊ နွားနို့ကို ပြောင်းဖူးဗူးခွံနဲ့ ၁ခွက်စာ ချိန်ထည့်ပြီး ကွန်းစိုမဲ့ပါထည့်ပါ။ (စည်သွတ်ဗူးမသုံးဘဲ ပြောင်းဖူးအစိမ်းသုံးမယ်ဆိုရင် ပြောင်းဖူးတွေကို microwave နဲ့ ၂မိနစ်လောက် အပူပေးပြီး ဒါးနဲ့ခြစ်ပါ။) မီးခပ်နွေးနွေးဖြင့် ၁၀မိနစ်တည်ပြီး ကွန်းစိုမဲ့အတုံးလည်း အရည်ပျော် ပြောင်းဖူးရယ် နွားနို့ရယ် ရောသမမွှေသွားရင် ဆား၊ ငရုတ်ကောင်းခတ်ပြီး သုံးဆောင်လို့ရပါပြီ။ (စည်သွတ်ဘူးထဲက Cream style corn ကို သုံးရင် ခပ်ပျစ်ပျစ်ဆိမ့်ဆိမ့်လေး ရပါတယ်။ Sweet corn ကိုသုံးရင် နဲနဲကျဲပြီး သိပ်မဆိမ့်ပါဘူး။ Cream style corn လုပ်နည်းကို ဒီမှာကြည့်နိုင်ပါတယ်။)



နောက်တနည်းက mixer ထဲ ခရင်ပြောင်းဖူး၊ နွားနို့တဝက်၊ ကွန်းစိုမဲ့ ထည့်ပြီး သမအောင်မွှေ၊ ပြီးရင်ကျန်တဲ့ နွားနို့တဝက်ထည့်ပြီး ခနမွှေ၊ နောက် အိုးထဲထည့် မီးအားလျော့လျော့နဲ့ ၅မိနစ်လောက်တည်ပြီးရင် ရပြီ။





ရွှေဖရုံသီးစွတ်ပြုတ် (かぼちゃスープ)

ရွှေဖရုံသီး (かぼちゃ) - တစိတ်
နွားနို့ (牛乳) - 300ml
ကွန်းစိုမဲ့ (コンソメ) - ၁တုံး
ဆား၊ ငရုတ်ကောင်း (塩、こしょう) - အနည်းငယ်

ရွှေဖရုံသီးကို အခွံခွါ 2cm အတုံးလေးတွေလှီးပြီး ပြုတ်၊ နူးလျှင်အအေးခံပြီး mixer ထဲထည့်၊ နွားနို့၊ ကွန်းဆိုမဲ့ ပါထည့်ပြီးမွှေပါ။ နွားနို့ကို 300ml လို့ရေးထားပေမဲ့ လိုအပ်သလို အတိုးအလျှော့လုပ်နိုင်ပါတယ်။ နောက် အိုးထဲထည့် ခပ်နွေးနွေးဖြစ်အောင်တည်ပြီးရင် ရပါပြီ။ စားခါနီး ဆား၊ ငရုတ်ကောင်းခတ်ရုံပါ။



***
တချို့ကလည်း ဖြည့်စွက်အနေနဲ့ ကြက်သွန်နီပါထည့်ပါတယ်။ ကြက်သွန်နီကို နုတ်နုတ်စဉ်းပြီး ထောပတ်နည်းနည်းနဲ့ နူးပျော့သွားတဲ့အထိကြော် (သို့) အရွယ်တော်လှီးပြီး microwave နဲ့ အပူပေး၊ အအေးပြန်ခံပြီး mixer ထဲရောထည့် ပြီး မွှေပါတယ်။ ရွှေဖရုံသီးစွတ်ပြုတ်မှာတော့ ကြက်သွန်နီအပြင် မုန်လာဥနီကိုပါ ထည့်ကြပါတယ်။ နောက် ကြက်သွန်မြိတ်လေးဖြူးပြီး သောက်ကြတယ်။ အပိုဆာဒါးတွေ မထည့်လည်း သောက်လို့ကောင်းပါတယ်။
***
အချိန်ကုန်လည်းသက်သာ အရသာလည်းရှိတဲ့ စွတ်ပြုတ်နွေးနွေးလေး ချက်စားကြည့်နော်။

1 comment:

Thyda said...

Great!!

I always drink ready-made package;-)

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP