(သုံး)
ရေမြက်ရွာသို့ အလုပ်ဝင်ရန်အသွားတွင် မောင်မုန်းကို ဖခင်ကိုတင်ညွန့်ကိုယ်တိုင် လိုက်ပို့လေသည်။ ပခုက္ကူမြို့မှ ပေါက်လမ်းအတိုင်း ကားစီးထွက်ခွါခဲ့ရာ ၁၄ မိုင်အရောက်တွင် မယုံနိုင်လောက်အောင် စိမ်းလန်းစိုပြေလှသော ရွာစဉ်တတန်းကို လှမ်းမြင်လိုက်ရသည်။ မြန်မာပြည် အလယ်ပိုင်းတွင် တွေ့ရခဲသော အုန်းခြံကြီးများကို သိပ်သိပ်သည်းသည်း မြင်တွေ့ရသည်။ ငှက်ပျောခြံ၊ ကွမ်းသီးပင်၊ ကွမ်းခြံတွေ။ နောက် ထန်းတောကြီးတွေ။ ခြောက်ခြောက်ကပ်ကပ် ကျုံကျုံလှီလှီမဟုတ်။ ဖွံ့ဖွံ့ဖြိုးဖြိုး စိုစိုပြည်ပြည် စိမ်းစိမ်းလန်းလန်းတွေ။
အခြောက်ထဲမှ အစို၊ အဝါထဲမှ အစိမ်း၊ လွင်ပြင်ထဲမှတောအုပ်၊ အပူထဲမှ အအေး၊ ထူးခြားသောဒေသဟု ဆိုရပေမည်။ မြန်မာပြည် အလယ်ပိုင်းမိုးနည်းရေရှားဒေသတွင် ဤကဲ့သို့သောနေရာမျိုး ရှိလိမ့်မည်ဟုပင် မောင်မုန်းမထင်မိခဲ့ချေ။ ညောင်ဂျစ်ပင်ရွာသို့အရောက်တွင် ကားပေါ်မှ ဆင်းရသည်။ ရွာခံလူ ဦးသိန်းက မူလတန်းကျောင်းသို့အရောက် ပို့ပေးသည်။ တောင်ဘက်သို့ ထွက်လာခဲ့ရာ ရေလာချောင်းနှင့် ရေမြက်ချောင်းဟူ၍ ချောင်းအကျယ်ကြီး နှစ်တန်းကို ဖြတ်ကျော်ရသည်။ သဲပြင်ပေါ်တွင် အသွားနည်းခဲ့သော မောင်မုန်းတို့ သားအဖမှာ ချောင်းထဲတွင် ဖားနေတော့သည်။ သဲပြင်အချို့နေရာများ၌ စိမ့်ရေများထွက်လျက် စမ်းရေအဖြစ် ပြေးနေတော့သည်။ လက်ယက်တွင်းကလေးတွေကိုလဲ အစီအရီတွေ့ရသည်။ မြေအောက်တွင် ရေနီးသည့်သဘော်ဖြစ်ပေလိမ့်မည်။ သစ်ပင်များ စိမ်းလန်းစိုပြည် ဖွံ့ဖြိုးရခြင်းအကြောင်းရင်းကို မောင်မုန်း ချင့်တွေးနိုင်လေပြီ။
"ဒီကျောင်းဟာ နဂိုက စာသင်ဘုန်းတော်ကြီးကျောင်းပေါ့။ ဆရာတော် ဦးဥက္ကံသနဲ့ ဦးသောဘိတ၊ ဦးသုမနတို့ သင်ကြတယ်။ နောက်ပိုင်း ကျောင်းသားအင်အားများလာတော့ မူလတန်းကျောင်းအဖြစ် ပေးပါလို့ လျှောက်ယူကြတယ်။ အစိုးရမူလတန်းကျောင်းဖွင့်တာ နှစ်နှစ်ဘဲရှိသေးတယ် မောင်မုန်းရဲ့။ ဆရာမနဲ့ မောင်စိန်ညွန့်တို့ ပထမဆုံး ရောက်လာရတယ်။ ခု မောင်စိန်ညွန့်က အလယ်တန်းပြဆရာဖြစ်သင်တန်းသွားတော့ သူ့နေရာကို မောင်မုန်း ရောက်လာတာဘဲ"
မူလတန်းကျောင်းသို့ရောက်သောအခါ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆင့်က ကျောင်း၏ရာဇဝင်ကို အသေးစိတ် ရှင်းပြလေသည်။
ရေမြက်ရွာ အစိုးရမူလတန်းကျောင်းဟုသာ ဆိုရသည်။ ရွာထဲမှာ ကျောင်းမရှိ။ မူလတန်းကျောင်းနှင့် ရွာသည် ချောင်းပြင်ကျယ်ကြီး ခြားနေသည်။ ဂေါတမချောင်းဟုခေါ်ကြောင်း သိရသည်။ မူလတန်းကျောင်းသည် ရွာနှင့် တခေါ်မကဝေးပြီး ချောင်းတဘက်ကမ်းရှိ ထောင့်ကျောင်းဟုခေါ်သော ဘုန်းတော်ကြီးကျောင်းဝိုင်းအတွင်းမှာ ရှိသည်။ ဇရပ်ဆောင်ကို မူလတန်းကျောင်းအဖြစ် ဖွင့်ထားခြင်းဖြစ်၏။ ဇရပ်ဟူ၍ ပျဉ်ခင်း၊ ပျဉ်ထောင်၊ သွပ်မိုး မဟုတ်ရှာ။ ရှားတိုင်မြားဖြင့်ဆောက်ထားသည့် ထန်းပလက်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း အဆောက်အအုံများ ဖြစ်လေသည်။ မောင်မုန်းသည် မူလတန်းကျောင်းကလေးကို မရောက်ခင်က စိတ်ကူးဖြင့် ကျောင်း၏ပုံကို ဖော်ကြည့်မိသည်။ ပျဉ်ထောင်၊ သမံတလင်းခင်း၊ သွပ် သို့မဟုတ် ဝါးကပ်မိုး အဆောက်အအုံကလေး။ ပြူတင်းပေါက်တွေ တခါးပေါက်တွေလဲ အစုံအစေ့။ ယခုမူ စိတ်ကူးနှင့် လက်တွေ့ကား တခြားစီဖြစ်သွားသည်။
သို့သော် ထန်းပလက်မိုးဟူ၍ အထင်မသေးသင့်။ အဆောက်အအုံတို့၏ ထုပ်လျောက်တို့တွင် အမိုးမိုးသည့် နေ့စွဲများကို ရေးထိုးမှတ်တန်းတင်ထားသည်ကို တွေ့ရသည်။ တွက်ကြည့်သောအခါ အနှစ်နှစ်ဆယ်ပင်ရှိပြီဖြစ်ကြောင်း တွေ့ရလေသည်။ မောင်မုန်းသည် မိမိထက် အသက်ကြီးအောင် ခိုင်ခံ့သော ထန်းပလက်မိုးပညာကို လက်ဖျားခါမျှ ချီးမွမ်းမိသည်။ အခြင်ရနယ်လည်း စိပ်သည်။ တန်းကိုလဲ ခြောက်လက်မစီခွါ၍ ပြေးထားသည်။ ထန်းပလက်ကိုထစ်၍ တန်းမှာချိတ်မိုးထားသည်။ ထထန်းရွက်ပြားများ ဆွေး၍ ကြွေကျသွားစေကာမူ ထန်းပလက်ခေါင်းချင်း ကပ်ထားသဖြင့် လေလုံမိုးလုံ ရှိနေသည်။ ကျောင်းဝိုင်း အကျယ်ကြီးထဲတွင် ကျောင်းမကြီးမှအပ အားလုံးသော အဆောက်အအုံတို့သည် ထန်းပလက်မိုးများသာ ဖြစ်လေသည်။ ဆရာမုန်းတို့ဒေသတွင် ထန်းပလက်မိုးသော်လည်း ငါးနှစ်သာခံသည်။ ပေါလဲပေါသည်။ ထို့ကြောင့် ထန်းပလက်ကို အသုံးပြု မိုးထားခြင်း ဖြစ်လေသည်။
ဆရာမကြီးက ယခင် စာသင်ဘုန်းတော်ကြီး ဖြစ်ခဲ့သော ဆရာတော် ဦးဥက္ကံသထံ ခေါ်သွားသည်။ ဆရာတော်သည် ကျောင်းမကြီးပေါ်တွင် သီတင်းမသုံး။ ထန်းပလက်မိုး ကျောင်းငယ်လေးမှာပင် သီတင်းသုံးနေသည်ကို ဖူးတွေ့ရ၏။
"ကျောင်းဆရာအတွက် နေထိုင်စားသောက်ရေးမပူနဲ့ ဒကာကြီး။ ဆရာတော်ရဲ့ တာဝန်ထား။ အစစအရာရာလဲ စိတ်သာချ။ ဒကာကြီး စိတ်အေးအေးထားပြီးပြန်ပေတော့။"
ဆရာတော်က ကိုတင်ညွန့်အား ကတိပေးတော်မူသည်။
"ဒီနှစ် ဘုန်းကြီးပျံရှိနေတယ် ဒကာကြီးရဲ့၊ နွေမှ သငြ်္ိဂုလ်မှာ၊ ဘုန်းကြီးပျံအတွက် ဝိုင်းဝန်းဆောင်ရွက်နေတဲ့ ဒကာ၊ဒကာမ အစိတ်သုံးဆယ်ကို စရာတော်ဘဲတာဝန်ယူ ကျွေးမွေးနေရတာ။ ဆရာတော်အတွက်တော့ ဘာမှအပန်းမကြီးလှဘူး ဒကာကြီးရဲ့။ ဒီတနှစ်တော့ ဒီမှာဘဲ နေပေတော့။ ဟောဒီဇရပ်ပေါ်မှာနေ"
မောင်မုန်းသည် မိမိနှင့် ဘုန်းတော်ကြီးကျောင်းတို့ ကံဆုံအကျိုးပေးခဲ့ပုံကို ပြန်လည်စဉ်းစားမိသည်။ ငယ်စဉ်က အတန်းကျောင်းမှာ ပညာသင်ခဲ့ရကား ဘုန်းတော်ကြီးကျောင်းမှာ မနေခဲ့ရဘူးချေ။ ခုနှစ်ရက်သာ ကျောင်း၌ ကိုရင်ဝတ်ခဲ့ရသည်။ နောင်တွင်မူ မြင်းခြံမြို့ ဇေယျသုခကျောင်းမှာ သုံးနှစ်နေခဲ့ရသည်။ ယခုလဲ ဘုန်းတော်ကြီးကျောင်းမှာနေရပြန်ပြီ။ နှစ်မည်မျှကြာမည်ကို မခန့်မှန်းနိုင်။ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးပျံနှင့်တိုးနေချေတော့သည်။ မနှစ်ကပင် ပျံလွန်တော်မူသည်းဟု သိရသည်။ ယခုနှစ် တပို့တွဲ တပေါင်းတွင်မှ ဘုန်းကြီးပျံပွဲကျင်းပမည်ဟုသိရသည်။ ဤနယ်တဝိုက်မှ ကြည်ညိုကိုးကွယ်ကြသော ဆရာတော်ကြီးဖြစ်၍ ရွာတစ်ဆယ်ကျော်မှ ဒါယိကာ၊ ဒါယိကာမတွေ ဝင်ထွက်သွားလာ လုပ်ဆောင်နေကြသည်မှာ ပယျာဉ်သတ်မစဲအောင် ရှိနေတော့သည်။ ယခုကပင် ပြာသာဒ်၊ လောင်တိုက်၊ တလား၊ စံကျောင်းနှင့် မဏ္ဍပ်များအတွက် တညောင်ရွာမ ယာယီမဏ္ဍပ် ဆေးရေးဆရာများ အလုပ်ဝင်နေကြပြီဖြစ်သည်။ နှစ်ဖွဲ့ပေါင်း လူအစိတ်ကျော်မည်။ နေ့ည ထမင်းကျွေးရကြောင်း သိရလေသည်။
"ကျောင်းအဆောက်အအုံက ထန်းပလက်ဆိုပြီး အားငယ်နေသလား ကျောင်းဆရာ။ ဘုန်းကြီးပျံပြီးရင် ဘုန်းကြီးအလောင်းထားတဲ့ နိဗ္ဗာန်ကျောင်းကို မူလတန်းကျောင်းအဖြစ် ပြောင်းပေးမယ်။ ကျောင်းဝိုင်းအဖြစ် နေရာကန့်သတ်ပြီး ဖိနပ်စီးခွင့်ပြုမယ်"
"တင်ပါ့ဘုရား"
ထန်းပလပ်တဲဇရပ်လေးများကို ငေးမောကြည့်ရှူနေမိသော မောင်မုန်းအား ဆရာတော်က မိန့်တော်မူလိုက်၏။
"ရေမြက်ရွာက အိမ်ခြေဘယ်လောက်ရှိပါသလဲ မမဆင့်"
ဆရာမကြီးအား ကျောင်းသူကျောင်းသားများက 'မမဆင့်'ဟုခေါ်သည်ကို ကြားမိသောမောင်မုန်းမှာ မမဆင့်ဟုပင် ခေါ်လိုက်ရတော့သည်။
"၄၂ အိမ်"
"ခင်ဗျာ"
မောင်မုန်းအံ့အားသင့်သွားမိသည်။
"ကျောင်းသားနည်းလိမ့်မယ်ထင်လို့လား ကျောင်းဆရာ။ မနည်းဘူးဗျ။ ပျံလွန်တော်မူတဲ့ ဆရာတော်ကြီးကို ကိုးကွယ်တဲ့ လက်လှမ်းမှီ ပတ်ဝန်းကျင်ရွာတွေက ဒီမှာဘဲ ကျောင်းထားကြတယ်။ ရေမြက်၊ ရွာသာအေး၊ ညောင်ဂျစ်ပင်၊ မြေပန်းတောင်း၊ ပြည့်အိုင်၊ ကျောင်းစု၊ ညောင်ကုန်းစတဲ့ ရွာပေါင်းစုံက ကျောင်းသား ၁၀၀ကျော် အမြဲရှိနေတယ်"
"တင်ပါ့ဘုရား"
ဆရာတော်နှင့် အလ္လာပ၊ သလ္လာပ စကားပြောaအပြီးတွင် ဆရာမကြီးက မောင်မုန်းကို ကျောင်းသားများနှင့် မိတ်ဆက်ပေးလေသည်။
"ခုရောက်လာတာ မင်းတို့ကို ပညာသင်ပေးမယ့် ဆရာပဲ။ အမည်က ဦးမုန်းလို့ခေါ်တယ်။ မင်းတို့ကိုပညာသင်ပေးဖို့ ရေစကြိုမြို့နယ် ကြူရွာကလာခဲ့ရတာ။ မိုင်ပေါင်း ၃၀ကျော် ဝေးတယ်။ မင်းတို့ဆရာပြောသမျှနားထောင်။ ဆရာသင်သမျှ ကြိုးစားသင်ယူကြ"
"ဟုတ်ကဲ့ပါ မမဆင့်"
"ကလေးတို့ လောလောဆယ် ပြောင်းသွားတဲ့ဆရာဦးစိန်ညွန့်ကို ဘယ်လိုခေါ်ကြသလဲကွဲ့"
"ဆရာလေးလို့ ခေါ်ကြပါတယ် ဆရာလေး"
"အဲ..... ဆရာ့ကိုတော့ ဆရာလေးလို့ မခေါ်ကြနဲ့ကွဲ့။ ဆရာကြီး၊ ဆရာလေးလို့ ခွဲခြားခေါ်ရအောင် ဆရာနှစ်ယောက်မှ မရှိတာဘဲ။ မမဆင့်နဲ့ ဆရာဘဲရှိတယ်။ ဆရာလေးဆိုတာက သီလရှင်မှ ခေါ်ရတာ"
ကျောင်းသားအချို့က သဘောပေါက်ပြီး ရယ်ကြသည်။
"ဆရာ့ကို ဆရာလို့ဘဲ ရိုးရိုးခေါ်နိုင်တယ်။ တခြားဆရာတွေနဲ့ ကွဲပြားအောင် ခေါ်မယ်ဆိုရင်တော့ ဆရာမုန်းလို့ခေါ်ကြ"
"ဟုတ်ကဲ့ပါ ဆရာမုန်း"
မောင်မုန်းပြုံးမိလေသည်။ သူတို့၏ အဖြေထဲမှာပင် ဆရာမုန်းဟူသော နာမ်စားပါသွားလေသည်။
၎နာရိထိုးရန် မိနစ်၂၀လောက်လိုသေးသည်။ ကျောင်းမဆင်းသေး။ အတန်းအားလုံးမှ ကျောင်းသားများကို စုပေါင်းထိန်းထားရန် မောင်မုန်း၏တာဝန် ဖြစ်လာသည်။ သူငယ်တန်းမှ စတုတ္တတန်းအထိကျောင်းသားများကို သင်ခန်းစာတခုခုသင်မှ ဖြစ်တော့မည်။ အတန်းပေါင်းစုံအတွက် သင့်လျော်သော သင်ခန်းစာကို အတော်စဉ်းစားယူရသည်။ သင်ပုန်းပေါ်သို့ အက္ခရာစာလုံးများ အကြီးကြီး ရေးပြလိုက်သည်။
ဋ။ ဌ။ ဎ။ ဓ။ ဗ
"ဒီအက္ခရာတွေ မင်းတို့ဖတ်တတ်ကြပါ့မလား"
တတိယတန်း ကျောင်းသားများနှင့် စတုတ္တတန်းကျောင်းသားများက ရယ်ကြသည်။ ကလေးဆန်သည်ဟုထင်ကြလားမသိ။
"ဖတ်တတ်ပါတယ် ဆရာမုန်း"
"ညီညီကလေးဖတ်ကြစမ်းကွာ"
"ဋ တလင်းချိတ်။ ဌ ဝင်ပဲ။ ဎ ရင်မှုတ်။ ဓ အုပ်ချိုက်။ ဗ လချိုက်"
"ကလေးတို့ မှားနေက်ျာတယ်။ 'ဋ' ဟာ ရှေးက ထမ်းစင် သံလျင်းရဲ့ ချိတ်ကလေးနဲ့တူလို့ 'ဋ' သလျင်းချိတ်လို့ ခေါ်တယ်ကွဲ့။ 'ဌ' ဝင်ပဲမဟုတ်ဘူး။ ဝမ်းဘဲကလေးနဲ့တူလို့ 'ဌ' ဝမ်းဘဲ။ ရေမှုတ်ကလေးနဲ့တူလို့ 'ဎ'ရေမှုတ်။ 'ဎ' ရင်မှုတ်ဆိုရင် အမှားဘဲ။ အောက်မှာ အချိုင့်ကလေးပါလို့ 'ဓ'အောက်ခြိုက်။ အပေါ်အထက်ကချိုင့်နေလို့ 'ဗ'ထက်ခြိုက်ကွဲ့မှတ်မိကြပလား"
"မှတ်မိပါပြီ ဆရာမုန်း"
"ဒါဖြင့် ဒီအက္ခရာကလေးတွေကို အမည်အမှန်ခေါ်ကြစမ်းကွာ"
" 'ဋ'သလျင်းချိတ်၊ 'ဌ'ဝမ်းဘဲ၊ 'ဎ'ရေမှုတ်၊ 'ဓ'အောက်ခြိုက်၊ 'ဗ'ထက်ခြိုက် "
သူတို့အားလုံး ပျော်နေကြသည်။ လွယ်မယောင်နှင့် ခက်၊ ခတ်မယောင်နှင့်လွယ်သော သင်ခန်းစာကလေးကို သဘောကျနေကြသည်။
ကျောင်းဆင်းသံချောင်း ခေါက်သွားသည်။ မဆင်းရသေး။ တန်းစီကာထိုင်လျက်နေရာယူကြရသည်။ ကိုရင်ကြီးတပါးက ငှက်ပျောသီးတလင်ပန်းအပြည့် ယူလာသည်။ အလုံးလိုက်မဟုတ်။ တဝက်စီပိုင်းထား၏။ ကျောင်းသားဦးရေနှင့်အကိုက်ဟု ဆိုသည်။ ဘုရားရှိခိုးပြီး ဝေပေးပါဟုဆိုကာ စားပွဲပေါ်တင်ထားခဲ့သည်။ ကလေးတို့သည် ဘုန်းကြီးကျောင်းထုံးစံအတိုင်း ဘုရားရှိခိုးရသည်။ ငါးပါးသီလခံသည်။ မေတ္တာပို့၍အမျှဝေသည်။ သာသနာလျှောက်ရသည်။ မိနစ်၂၀ခန့် အချိန်ယူသည်။ အပြီးတွင် ဆရာမုန်းက ငှက်ပျောသီးတပိုင်းစီ ဝေပေးရသည်။ သူတို့မပြန်ကြသေးပေ။ ရောမမြို့သို့ရောက်လျှင် ရောမသားသို့ကျင့်နိုင်ရန် သူတို့ဘာလုပ်မည်ကို မောင်မုန်းစောင့်ကြည့်နေ၏။ နိဗ္ဗာန်ကျောင်းပေါ်သို့တက်၍ ဘုန်းကြီးအလောင်းကို ဝပ်ချကြသည်။ နောက် ဆရာတော်ကို ဝပ်ချကြသည်။ ဆရာမကြီးကိုလည်း ဝပ်သုံးကြိမ်ချသည်။ နောက်... မောင်မုန်းထံ။
မောင်မုန်းသည် ခဏချင်းပင် တဖြစ်လဲဖြစ်သွားသော မိမိဘဝကို ပြန်တွေးမိလာသည်။ ၁၅မိနစ်၊ ၂၀မိနစ်မျှ သင်ကြားပေးလိုက်ရုံဖြင့် မိမိကို ကလေးများက ဆရာအဖြစ် အသိအမှတ်ပြုလေပြီတကား။ ကလေးများ၏ ရှိခိုးဝပ်ချကန်တော့ခြင်းကို ခံယူလိုက်ရပြီတည်း။ ဘဝတာတလျှောက်လုံးတွင် မောင်မုန်းသည် မိမိကသာ တပါးသူအား အရိုသေပေးခဲ့ရ၏။ ရှိခိုးခဲ့ရ၏။ ဆုံးမစကားကို နားထောင်ခဲ့ရသည်။ နည်းညွှန်ဩဝါဒပေးမှုကို နာယူခဲ့ရသည်။ သင်ကြားသမျှကို သင်ယူခဲ့ရသည်။
ယခုမူ...။
ကလေးတို့၏ အရိုသေပေးမှုကို ခံယူရချေပြီ။ ရှိခိုးဝပ်ချမှုကို ခံယူရချေပြီ။ ဆုံးမစကားပြောကြားရတော့မည်။ နည်းညွှန်ဩဝါဒ ပေးရတော့မည်။ ပညာတတ်အောင် သင်ပေးရတော့မည်။
မောင်မုန်းဆရာဖြစ်ပြီ။
မိမိထက်ကြီးသူများက မောင်မုန်းကို "ငမုန်း"ဟုခေါ်ကြသည်။ ရွယ်တူများက "မောင်မုန်း"။ ငယ်သူများက "ကိုမုန်း"။ တခါတလေတွင် ကိုငမုန်းဟူ၏။ ယခုသော် ဆရာမုန်းဟုခေါ်ကြတော့မည်။ ငါဆရာဖြစ်ပြီ။ ဆရာ့အကျင့်ကို ကျင့်ရတော့မည်။ ဆရာ့သိက္ခာကို ထိန်းရတော့မည်။ ဆရာ့ဂုဏ်ကို မြှင့်တင်ရတော့မည်။ ဆရာကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားရတော့မည်။ ငမုန်း၊ မောင်မုန်း၊ ကိုမုန်း....မှ ဆရာမုန်းဖြစ်ရန် မလွယ်ချေပါတကား။ မောင်မုန်းသည် ခိုင်မာသော သန္နိဋ္ဌာန်တရပ်ကို ချမှတ်လိုက်မိတော့၏။
"ငါသည် အောင်မြင်သော ပြည်သူ့ကျောင်းဆရာဘဝကို ခံယူပါအံ့"
(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)
4 comments:
ညီမလေးရေ.. ၀တ္ထုတိုလာဖတ်သွားတယ်။ အမက ၀တ္ထုတိုပိုကြိုက်လို့လားမသိဘူး ဖတ်လို့ကောင်းတယ်။
နေကောင်းတယ်ဟုတ်။ ငြိမ်နေတာ ကြာလို့။ :)
လာလည်ပြီး ဆုတောင်းပေးတာ ကျေးဇူးပါနော်..:D
ဆရာလုပ်ဖို့ စိတ်ကူးထားတဲ့ ကျွန်တော့် အတွက် တော်တော် ခံစားရတယ်ဗျာ
တော်တယ်။အသက်လဲကြီးနေပါပြီး မြန်မာစာကိုအဲဒီလောက်နှိုက်နှိုက်ချွတ်ချွတ်မသိဘူး။ကျေးဇူးတင်ပါတယ်။
တော်တယ်။အသက်လဲကြီးနေပါပြီး မြန်မာစာကိုအဲဒီလောက်နှိုက်နှိုက်ချွတ်ချွတ်မသိဘူး။ကျေးဇူးတင်ပါတယ်။
Post a Comment