Friday, March 20, 2009

တုံယမ်းဆန်ပြားပြုတ်


ဟိုဟိုဒီဒီရဲ့ နောက်ဆက်တွဲပါ။ တုံယမ်းဆန်ပြားချက်နည်းလေး မှတ်တမ်းတင်ထားချင်လို့။ ခေါင်းထဲမှာ မှတ်မထားတတ်တဲ့ အကျင့်ကြောင့်လည်း ပါတယ်။ ခုတောင် ဘာတွေထည့်လိုက်တယ်ရယ် ဘယ်လိုအစီစဉ်တကျထည့်တယ်ရယ် မမှတ်မိလို့ အတော်စဉ်းစားလိုက်ရတယ်။
လိုအပ်တာတွေက __
3mm ဆန်ပြားခြောက်
ပုစွန်
တုံယမ်းအနှစ်
စပါးလင်
ငံပြာရည်
ဆား
သကြား
သံပုရာသီး
နံနံပင်
ပဲပင်ပေါက်
(ကြက်သွန်မြိတ်၊ မှို --- ကြိုက်တတ်ရာရာ)

ဆန်ပြားခြောက်ကို ထိုင်းဆိုင်က ဝယ်ဖြစ်တယ်။ နောက်မှ အိမ်နားက စူပါမှာ ဗီယက်နမ်ကလာတဲ့ ဆံပြားတွေ့လို့ စမ်းဝယ်ထားတယ်။ ခုတခေါက်တော့ ထိုင်းဆိုင်က ဝယ်ထားတာနဲ့ ချက်ဖြစ်တယ်။


ပထမဆုံး ပုစွန်ကို အခွံခွါ၊ ကျောခွဲပြီး အစာကြောင်းထုတ်ထားတယ်။ အိုးထဲ ရေနဲနဲထည့်ပြီး စပါးလင်ကို ခပ်စွေစွေ မထူမပါးလှီးထားတာကို ထည့်တယ်။ ဆားနဲနဲထည့်ပြီး ဆူအောင်တည်ထားလိုက်တယ်။ ဆူလာရင် ပုစွန်တွေကို တမိနစ် မရှိတရှိလောက်တည်ပြီး ပြန်ဆယ်ထားတယ်။ ပုစွန်ပြုတ်ရည်ထဲ ရေထပ်ထည့်၊ တုံယမ်းအနှစ်၊ သကြားထည့်တည်ပြီး ဆူပွက်လာရင် ငံပြာရည်ထည့်လိုက်ရင် ဟင်းရည်ရပြီ။

ပဲပင်ပေါက်ကို ရေနွေးနဲ့ ဆေးတယ်။ ဆန်ပြားကို ပြုတ်၊ ရေစစ်ပြီး ပန်းကန်ထဲထည့်၊ အပေါ်ကနေ ပုစွန်၊ ပဲပင်ပေါက်ထည့်ပြီး ဟင်းရည်လောင်း၊ သံပုရာရည်လေးညှစ်ပြီး နံနံပင်ထည့်ပြီးရင် စားလို့ရပါပြီ။


ဆိုင်မှာတော့ နံနံပင်အပြင် ကြက်သွန်မြိတ်လည်း ထည့်ထားတယ်။ တချို့ဆိုင်ကျ မှိုနဲ့ အသားတောက်တောက်စဉ်း နည်းနည်းပါတာ တွေ့တယ်။ ဒါက ကိုယ်ထည့်ချင်သလို ချဲ့ပြီး ထည့်နိုင်ပါတယ်။ တုံယမ်းဆန်ပြားပြုတ်က ပူတုန်းစားလေ ပိုကောင်းလေပါ။ ပူပူစပ်စပ်ချဉ်ချဉ်မို့ အေးတဲ့အချိန်စားရင် ပိုကောင်းသလိုဘဲ။ စားရင်း ချွေးတွေရော နှပ်တွေပါ ထွက်လာတာ အမှန်။ တုံယမ်းဆန်ပြားပြုတ်က ခပ်လွယ်လွယ်ပြောရင်တော့ ယိုးဒယား အာပူရှာပူပေါ့။ ဒီမှာ ချက်ရောင်းတာနဲ့ ယိုးဒယားမှာ ချက်ရောင်းတာက ပါတာတွေ ကွာချင်ကွာနိုင်ပါတယ်။ ဒီမှာ စားဖူးတဲ့အတိုင်း ရေးထားတာပါ။ အသားပြား၊ ကြက်ဥပြုတ်၊ ရှောက်ရွက် စသဖြင့် ကိုယ်ကြိုက်သလို နှစ်သက်ရာ ထပ်ထည့်လို့လည်းရပါတယ်။

4 comments:

ဘုန်းမြင့်သူ said...

ချက်ရလွယ်လို့ ကြိုက်၏။
တုံယမ်းဟင်းချို ဆို ကြိုက်တယ်။ အုန်းနို့လေး နဲ့ စပါးလင် အထုံးလေးနဲ့ဆို ပိုကြိုက်။ ကျွန်တော်ချက်တာ မဟုတ် မာမီချက်ကျွေးတာကို စားတာ။ :P

မိုးကောင်းသူ said...

ဒီနေ့မနက်ကော်ဖီပဲဖျော်ထားတယ်။ မနက်စာအတွက် တုံယမ်းဆန်ပြားစားသွားတယ်။ ကျေးဇူးပါ။

nu-san said...

လုပ်စားမယ်.. ချက်ရတာ လွယ်တယ်နော်..... ချက်ခါနီးမှပဲ အတိုင်းအဆ တွေ လှမ်းမေးတော့မယ် ညီမလေးရေ.... ချဉ်စပ်လေး ဆိုတော့ စားကောင်းမှာ.. :)

8Yar said...

ကောင်းလဲကောင်းတယ် စပ်လဲစပ်တယ်။ လုပ်တော့လုပ်တတ်ဘူး။ အဟီး။ မှတ်တော့မှတ်ထားမယ်နော်။ လိုချင်တဲ့လူရှိရင် ညွန်လိုက်ပါ့မယ်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP