Friday, July 10, 2009

2009.07.10


ဒီနေ့အကြောင်းရေးမလို့ မဟုတ်ပါဘူး။ မနေ့က အကြောင်းကို ဒီနေ့မှ ရေးတာပါ။ မနေ့က တရုတ်သူငယ်ချင်းတယောက်နဲ့ နေ့ခင်း နေကျွတ်ကျွတ်ပူထဲ ဟိုဟိုဒီဒီ လမ်းသလားကြတယ်။ အပူချိန် ၃၂ ဒီဂရီ၊ လေသိပ်မတိုက်၊ ရေပူငွေ့တွေဟပ်တော့ အိုက်ပြုတ်ပြုတ်ကြီးပါ။ အိမ်ကနေ လမ်းလျှောက်ရင် နာရီဝက်သာသာလောက်ရှိတဲ့ စာကြည့်တိုက်ကို သွားစပ်စုတာပါ။ နှစ်ယောက်လုံး စက်ဘီး မစီးတတ်လေတော့ အွန်ဖွတ် (on foot)ပေါ့။ အဲဒီကအပြန် လမ်းမှာရှိတဲ့ စူပါမှာ တယောက် အအေး၂ဗူးစီဝယ်ပြီး တခြားတနေရာကို ခြေဆက်ဆန့်တယ်။ ၂ နေရာက တောင်နဲ့မြောက်မို့ ဒီနေ့မှ သွားမလို့ပါဘဲ။ ထွက်လက်စနဲ့ မထူးဘူးဆိုပြီး ဆက်သွားလိုက်တာ။ အဲဒီက စာအုပ်ဆိုင် ခပ်ကြီးကြီးတခုမှာ လိုချင်နေတဲ့ စာအုပ်လေး လိုက်ရှာတာ တွေ့တာနဲ့ ဝယ်ခဲ့တယ်။
(image from amazon book shop)


ဒါ ဂျပန်ကို ရောက်ပြီး ပထမဦးဆုံး ကိုယ့်ရွှီးအားခနဲ့ ဝယ်တဲ့ စာအုပ်ပါ။ ဘာအလုပ်မှ မလုပ်နေတော့ လုပ်အားခ ဆိုတာ မရှိပါဘူး။ (အိမ်ကြီးရှင် ပေးတဲ့ မုန့်ဖိုးက လွဲလို့။) ဒီလ အစပိုင်း တရက်မှာ တရုတ်သူငယ်ချင်း ၂ယောက်နဲ့ အတူ လုပ်အားပေးအဖွဲ့ရဲ့ lectureship မှာ နိုင်ငံခြားသား အနေနဲ့ ဒီရောက်စ အတွေ့အကြုံတွေ အမြင်တွေ သွားရွှီးရတာပါ။ အဲဒီက သူတို့က ကျေးဇူးတင်တဲ့အနေနဲ့ "全国共通図書カード" (pre-paid card for purchasing books) ယန်းတထောင်တန်ကဒ် ၂ကဒ်ပါတဲ့ စာအိတ်လေး တယောက် တခုစီ လက်ဆောင်ပြန်ပေးလိုက်တယ်။ လေပေါ ရွှီးရွှမ်းပြီး ရလာတာ ဆိုတော့ကာ ရွှီးအားခပေါ့။

အဲဒီကဒ်ကို အသုံးချဖို့ လမ်းရှာနေတာ။ အဲဒါနဲ့ဘဲ အပေါ်က စာအုပ်ကို ဝယ်ဖြစ်ခဲ့တယ်။ အတန်းက 先生(Teacher)က ဖတ်ကြည့်ဖို့ ညွှန်းတဲ့ စာအုပ်ပါ။ အရင်က ပို့စ်တခုမှာ တင်ဘူးတဲ့ "ကြယ်တွေကို ရေတွက်ရင်း"ဆိုတဲ့ ပို့စ်က အဲဒီထဲက စာတစ်ပုဒ်ပါ။ သတင်းစာ ဖြတ်ပိုင်းမှာ ပါတာမို့ ရှေ့မှာ တပိုင်းရှိနေတာကို စာအုပ်ဖတ်မှ သိရတယ်။ အမှန်တော့ ဝတ္ထုလို အက်ဆေးလို စာအုပ်တွေ မဖတ်နိုင်ပါဘူး။ ကိုယ်မသိတဲ့ ခန်းဂျီးတွေက အပေါသားကိုး။ အခုစာအုပ်က သိပ်အခက်ကြီး မဟုတ်လောက်ဘူးဆိုပြီး ဝယ်ခဲ့တာ။ စိတ်ကို နွေးထွေးစေတဲ့ စာအမျိုးအစားကို ဆောင်းပါး တပုဒ်စီအနေနဲ့ ပါတယ်။ စာအရှည်ကြီးတွေ မဖတ်နိုင်တဲ့ ကျမအတွက် အတော်ပါဘဲ။ ပျင်းမမအတွက် ဆက်တိုက်ဖတ်ဖို့မလိုတဲ့ စာမျိုးကမှ ကိုက်တာပါ။ မဟုတ်ရင် ဖတ်ပြီးတန်းလန်းထားလိုက် ပြန်ဖတ်လိုက်နဲ့ဆို ရှေ့က အကြောင်းတွေ မေ့မေ့သွားလို့ နောက်ပြန်လှန်နေတာနဲ့ တော်ရုံနဲ့ ရှေ့ကို မရောက်နိုင်တော့ဘူး။

စာအုပ်ဆိုင်ထဲက ကွန်ပြူတာမှာ ကျမလိုချင်တဲ့စာအုပ်ကို ရိုက်ပြီးရှာတာ လွယ်လွယ်ရှာတွေ့ပေမယ့် တရုတ်သူငယ်ချင်း လိုချင်တဲ့ စာအုပ်က မတွေ့ဘူး။ ကျမက 先生ပေးထားတဲ့ သတင်းစာ ဖြတ်ပိုင်းလေး ဆောင်သွားတာမို့ ရှာရလွယ်ပါတယ်။ သူငယ်ချင်းက စာအုပ်ခေါင်းစဉ် မသေချာတော့ ထွက်မလာဘူး။ မရှိတာလည်း ဖြစ်မှာပါ။ စာအုပ်ဆိုင်က အိမ်နားက ဆိုင်တွေထက် ကြီးပေမယ့် မြို့လယ်ခေါင်က စာအုပ်ဆိုင်ကြီးတွေလောက်တော့ မစုံပါဘူး။ ဒါတောင် ကုန်တိုက် တလွှာရဲ့ တခြမ်းလုံးက စာအုပ်ဆိုင်ပါ။ ဒီဘက်က နိုင်ငံခြားသား အနေနည်းတာမို့ ဂျပန်တွေအတွက် ရည်ရွယ်တဲ့ စာအုပ်တွေ များတာပါ။ သူငယ်ချင်းကတော့ နောက်မှ "ဂင်းဇ"ဘက်က စာအုပ်ဆိုင်မှာ ဝယ်တော့မယ်ဆိုပြီး ပြန်လာခဲ့တယ်။

အပြန် ညနေစာအတွက်ပါ အတူဈေးဝယ်ပြီး လမ်းခွဲခဲ့တယ်။ စူပါထဲမှာက တည်းက နာရီတကြည့်ကြည့် ဖြစ်နေတာ။ လေးနာရီ ကျော်တော့မှာမို့လေ။ စောစောစီးစီး အိမ်ကြီးရှင် ပြန်လာမှာ မဟုတ်ပါဘူး၊ ကြည့်နေတဲ့ ဂျပန်ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပိုင်း လာတော့မှာမို့ပါ။ (အလုပ်များရှာတယ် အဟီး) တကယ်တော့ ဂျပန်ဇာတ်လမ်းတွေ ကြည့်ပေမယ့် သဘောကျတာ နဲပါတယ်။ ဂျပန်ဇာတ်လမ်းတွဲတွေကလည်း ကြည့်ပါများတော့ သိလာတယ်။ ကျောရိုးအားဖြင့် တူနေတာတွေ များတယ်လေ။ အချစ်ကားမျိုးတွေ အငိုကားမျိုးတွေ သိပ်မကြိုက်လို့ မကြည့်ပါဘူး။ စိတ်ပျော့တယ်လေ။ ဒီမှာ ခေတ်စားတဲ့ "အီဂျီမဲ့" (ညှဉ်းပန်းနှိပ်စက်)တဲ့ ကားမျိုးဆို လုံးဝမကြည့်ပါ။ သည်းမခံနိုင်ပါဘူး။

ဒီတော့ကာ ပျော်စရာ ကားတွေဘဲ ကြည့်တာများတယ်။ ဟိုတလောက ကြိုက်မိတာဆိုရင် "曲がり角の彼女" (A Woman at a Turning Point)ဆိုတဲ့ ကားလေး။ အသက် ၃၀ပိုင်းဝင်လာတဲ့ မန်နေဂျာ အပြိုဂျီးမမရဲ့ ကြုံရဆုံရတဲ့ လုပ်ငန်းခွင် အချစ်ရေး စတာတွေကို ပျော်စရာဖြစ်အောင် ရိုက်ထားတာပါ။ ဟာသတွေပါသလို စိတ်ခွန်အားဖြစ်စရာလေးတွေ ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်တာကတော့ မြန်မာ့အမြင်နဲ့ တမျိုးဖြစ်စရာတွေ ဖယ်ကြည့်လိုက်ရင် ကြည့်ပျော်ပါတယ်။ ကြည့်ချင်သူများ ဒီလင့်မှာ သွားကြည့်ပါနော်။ တရုတ်လိုနဲ့ ကိုးရီးယားလို စာတန်းထိုးဘဲ ရှိပါတယ်။

အခုသဘောကျမိတာက ရိုးရိုးအေးအေး ဘဝကို ကျော်ဖြတ်လာတဲ့ ၂၉နှစ်အရွယ် ကျောင်းဆရာက ကျန်းမာရေး ဆေးစစ်ရင်း ကင်ဆာရောဂါရှိကြောင်း သိလိုက်ရတယ်။ ရောဂါက တော်တော်ကျွမ်းနေပါပြီ။ စစသိချင်းမှာ တနှစ်ဘဲ နေရတော့မယ်ဆိုပြီး သူ့မှာ တော်တော့ကို ခြောက်ခြားသွားပါတယ်။ နောက်မှ ဖြည်းဖြည်းချင်း စဉ်းစားပြီး ကျန်သေးတဲ့ သူ့သက်တမ်း တနှစ်ကို နောင်တဆိုတာ မကျန်ခဲ့အောင် ကြိုးစားနေသွားတဲ့ အကြောင်းပါ။ ငိုစရာ ဇာတ်လမ်းတွေ မကြည့်ပေမယ့် ဒီကားက ငိုဖို့ သပ်သပ်ကား မဟုတ်ပါဘူး။ သူဘယ်လို ရှင်သန်သွားတယ်ဆိုတာကို အတွေးအခေါ်ရစေတဲ့ ကားပါ။ ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်နိုင်ပါတယ်။

ရေးနေရင်း လမ်းချော်သွားပြီ။ ပြန်ဆက်ရရင် ဇာတ်လမ်းကြည့်ပြီး ကွန်ပြူတာဖွင့် ဘလော့ဖတ် အနားယူ ဟင်းချက်ပြီး ပို့စ်ရေးမယ်ဆိုမှ ခန္ဓာကိုယ်က ဘယ်လိုမှ မရတော့ဘူး။ နေပူထဲ လျှောက်သွားထားတာ လူက နွမ်းဖပ်သပ်လိုက်နေပြီ။ ဒီတော့ကာ မနေ့က ရေးမယ့်စာ ဒီနေ့မှ ရေးလိုက်တော့ပါတယ်။

4 comments:

amayarko said...

" နွမ်းဖပ်သပ်လိုက်နေရင်တော့နားလိုက်ပါ အုံး :-)

နောက်မှ ဒီနေ့ရေးမဲ့စာကို မနက်ဖြန်ခါမှာပြန်ရေးပေးပါ။ :))

ThuHninSee said...

နွမ်းဖပ်သပ်လိုက်..ဆိုတဲ့ အသုံးလေးကို သဘောကျသွားတယ်။

မီးမီးချစ် said...

အိုက်ပြုတ်ပြုတ်ကြီး ဒါအသစ်ပဲ

Zar Chy said...

ထပ်ရေးထားမလားလို့လာကြည့်တာ
:D

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP