Wednesday, July 1, 2009

ဆရာလည်း ဆရာ၊ တပည့်လည်း တပည့်


(လေး)

ဆရာမုန်းသည် လက်ဝဲဘက် လက်ညှိုးပေါ်တွင် လျှော်ပြားကို တင်သည်။ လက်ယာဘက်လက်ဖြင့် ဓားမောက်ကို ကိုင်သည်။ လက်ဝဲလတ်မဖြင့် ဓားမောက်အနှောင့်ကို ထိန်းကာ လျှော်ကို ရွှီးကနဲ ဆွဲယူလိုက်၏။ ဤနည်းဖြင့် လျှော်သပ်သည်။ ချည်နှောင်ရန် လျှော်တချောင်းကား ဖြစ်လာပေသည်။ ထန်းခေါက်ဖာ ထိုးလောက်အောင်ကား လျှော်မချောလာချေ။ မည်သို့ပင် အထပ်ထပ်အခါခါ ကြိုးစားသပ်သော်လည်း မဖြစ်လာ။

ဆရာမုန်းတပည့် မိစန်းသည်ကား မိမိမျက်မှောက်မှာပင် လျှော်များ တချောင်းပြီးတချောင်း သပ်ပြီးနေတော့၏။ သူကလေး အသက်ရှိလှမှ ၁၁နှစ်သာ။ ပြီးတော့ မိန်းကလေး တဦး။ သူသပ်သည့် လျှော်ပြားကလေးများကား ချောလှပါဘိ၏။ နန်းစက်ထဲမှ ထွက်လာသည့်ပမာ လျှော်ချောင်းခြင်း အပြားညီလှသည်။

ဆရာမုန်းစိတ်ထဲတွင် ရှက်လာမိသည်။ မိမိသည် လူကြီးတယောက်၊ ထို့နောက် ဆရာတဦး။ မိမိတပည့်မကလေး လုပ်နိုင်သည့် အလုပ်ကိုမှ လိုက်၍ မလုပ်နိုင်တော့ပြီလော။

ဆရာမုန်းသည် ထန်းခေါက်ဖာ ထိုးနိုင်သည့် အဆင့်ဝင် လျှော်ပြားကလေးများ ရနိုင်ရန် အထူးကြိုးစား သပ်နေမိ၏။ ဓားမောက်က ပြတ်လှသဖြင့် ပျက်စီးသွားသော လျှော်အချောင်းရေလည်း မနည်းတော့ပြီ။ လျှော်ကား ဖြစ်လာပါသည်။ သို့သော် မချောမွေ့၊ အပြားချင်းလည်းမညီ၊ သေသပ်မှုလည်းမရှိ။ ထို့ကြောင့် ချည်နှောင်ထားသည့် လျှော်အတန်းအစားသာ ဘောင်ဝင်နေတော့၏။ ဖာထိုးနိုင်သည့် လျှော်ပြားရနိုင်ဖို့အရေး ဝေလာဝေး။

"ဟိုက်"

"ဟင် ဆရာ ဓားရှသွားပြီ"

"မနည်းပါလား ဆရာမုန်းရယ်"

"ဖြစ်မှဖြစ်ရလေတော်"

ရုတ်တရက် မိစန်းတို့ မိသားစု တအိမ်သားလုံး ဆူညံသွားတော့သည်။ ဆရာမုန်း၏ လက်ဝဲဘက် လက်ညှိုးကို ဓားပြတ်သွားသည်။ အရေပြားမှာ ဆွဲလိုက်သော လျှော်နှင့်အတူ ဓားမောက်ကြားတွင် ကပ်ပါသွားလေသည်။ သူတို့တတွေ စိတ်မကောင်းကြီးစွာ ဖြစ်ကြရလေသည်။

ဆရာမုန်းသည် ပရုတ်ဆီဗူးတောင်းကာ မိမိဖာသာမိမိ ပတ်တီးစီးရတော့သည်။ ဒဏ်ရာ အတော်ကလေးနက်သည်။ မိစန်းဖခင်ကိုပြောတော့ ဖုန်မှုန့်သိပ်ပေးမည်ပြုနေသဖြင့် မနည်းကြီး ရှင်းပြ တောင်းပန်ထားရသည်။

သည်တော့မှာပင် ဆရာမုန်းမှာ အားမတန် မာန်လျှော့၍ လျှော်သပ်ခြင်းအမှုကို လက်လျှော့လိုက်ရတော့သည်။

ကျွမ်းကျင်ရာ လိမ္မာကြသည်ဟုသာ ဆိုရပေတော့မည်။ စတုတ္ထတန်းကျောင်းသူ မိစန်း၏ မိဘများဖြစ်ကြသော ကိုပြော့၊ မခင်သိန်းတို့အိမ် ရောက်ခါမှ မိမိက ညံ့ဖျင်းသည်ဟု ယူဆထားသော တပည့်များက အံ့ဩစဖွယ် အလုပ်များ၌ ပိုင်နိုင်ကျွမ်းကျင်စွာ လုပ်ဆောင်နေကြသည်ကို ဆရာမုန်း မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတော့သည်။

မိစန်းက ရေစိမ်ပြီးသား ထန်းလျှော်ပြားကြီးများကို ဓားမောက်ဖြင့် ခွဲခြမ်းစိတ်ဖြာကာ ထန်းခေါက်ဖာ ထိုးနိုင်လောက်အောင် ချောမွေ့ကောင်းမွန် ညီညာသော လျှော်ပြားကလေးများဖြစ်ရန် သပ်ပေးနေ၏။ မိခင် မခင်သိန်းက အပြားညီအောင် ရွေထားသော ထန်းဖူးများဖြင့် ထန်းခေါက်ဖာ အကြီးစားပုံ ရက်လုပ်နေသည်။ ဖခင် ကိုပြော့က မိစန်းသပ်ပေးသော လျှော်များဖြင့် ထန်းဖူးပေါ်တွင် ထပ်မံလိုက်ထိုးနေသည်။ အတွင်းက ထန်းဖူးခံ အပြင်က လျှော်မံထားသည့် နှစ်ထပ် ထန်းခေါက်ဖာများ ဖြစ်လာ၏။ လျှော်နက်များကိုလည်း အလျင်းသင့်သလို အသုံးပြုလေရာ အကွက်ဆန်းများ ပေါ်လွင်နေတော့၏။ အဖုံးပေါ်မှာလည်း အနက်ခံဝယ် အဖြူစာလုံးဖြင့် 'မာပါစေ၊ သုခ၊ သုခဝတီ၊ မာလာ၊ အာရောဂျံ' စသည့် စာတန်းများ လှပစွာ ပေါ်နေတော့သည်။

ဒုတိယတန်းကျောင်းသူ မိသန်းမြင့်က ထန်းဖူးဖြင့် လျာပေးသည့် ဆီးတော်ဖီထည့်ရန် ထန်းခေါက်ဖာငယ် ပုံစံကလေးများကို မောင်ဖြစ်သူ တတိယတန်းကျောင်းသား ဘိုငွေက လျှော်ထပ်တိုက်ပေးနေသည်။ သူလည်း မခေပေ။ ငွေဟူသော စာလုံးဖြင့် အဖုံးကို တန်ဆာဆင်လေသည်။

ယုတ်အစွဆုံး သူငယ်တန်းကျောင်းသား ဖိုးရွှေကပင် ရွေပြီးသား ထန်းဖူးပြား ရောင်စုံကို အသုံးပြုလျက် တချပ် ဆယ်ပြားတန် တတောင်ပတ်လည် ထန်းဖူးဖျာငယ်ကလေးများ ရက်လုပ်နေတော့သည်။

ဆရာမုန်း သဘောပေါက်ပါပြီ။ ညံ့သည် တော်သည်ဆိုရာ၌ ကာလဒေသအလိုက်သာ အကဲဖြတ်၍ရသည်။ မည်သူမဆို တနေရာရာ၌ စွမ်းဆောင်နိုင်ကြသည်ချည်းပင်။ ကျောင်းသားတိုင်းတွင် ဘဝကိုယ်စီ အလှကိုယ်စီ ရှိကြသည်ပင်တည်း။ ကလေးတိုင်း တန်ဖိုးထားသင့်ကြောင်း လက်တွေ့ သိမြင်ရပြီ။

"လျှော်ကို ဘယ်လို အနက်ရောင် ဆိုးသတုန်းဗျ"

"လွယ်ပါတယ် ဆရာမုန်းရယ်။ သပ်ပြီးသား လျှော်ပြားတွေကို သံတိုသံစတွေနဲ့ ရောသာစိမ်ထားလိုက်၊ ငါးရက်အတွင်း မဲနက်ပြောင်လာတော့တာဘဲ"

ကိုပြော့က ပြောပြသဖြင့် ဆရာမုန်း ဗဟုသုတ တိုးရသည်။

"ထန်းဖူးကိုရောဗျာ ဘာဆေးနဲ့ ရောင်စုံ ဆိုးရသလဲ"

"ပိုးဆိုးဆီနဲ့မှ စွဲတယ်ဆရာရေ့။ အဲ အနီနဲ့ အစိမ်းက အတောက်ပဆုံးဘဲ"

ထိုလက်မှုပညာကို ဆရာမုန်း စိတ်ဝင်စားလာမိသည်။

"ဒီပညာကို ကျွန်တော့် သင်ပေးပါလား"

"မခဲယဉ်းပါဘူး ဆရာမုန်းရယ်။ အားလပ်တိုင်းသာ လာခဲ့၊ တတ်စေ့မယ်။ ထန်းခေါက်ဖာ ထိုးနည်းတွင် မကပါဘူး။ တံမြက်စည်းပါ ထိုးတတ်စေ့မယ်။ လက်လှည်းတံမြက်စည်းနဲ့ မတ်တတ်တံမြက်စည်းတွေကိုလည်း ကျုပ်တို့ အလျဉ်းသင့်သလို ထိုးရောင်းနေပါတယ်"

"ကျေးဇူးပဲဗျာ။ နေ့တိုင်း ကျောင်းဆင်းချိန်မှာ လာခဲ့မယ်"

"နေ့တိုင်း ရေနွေးကြမ်း တည်ထားမယ် ဆရာရေ့"

ဆရာမုန်းသည် မိစန်းတို့အိမ်မှ တက်ကြွစွာ ပြန်လည်ထွက်ခွါလာခဲ့၏။ စောဥတို့အိမ်သို့ ဆက်သွားသော်လည်း တအိမ်သားလုံးကို မတွေ့ရ။ ရွာအရှေ့ စမ်းထဲတွင် ဆားချက်ရန် ဆားမြေများကို ရေနှင့် ကျင်ထုတ်နေကြသည်ဟု သိရသည်။ ဆားချက်ခြင်းလုပ်ငန်းသည်လည်း ရေမြက်ရွာ၏ အဓိကကျသော စီးပွါးရေးလုပ်ငန်းတရပ် ဖြစ်ပေသည်။ ရေမြက်ဆားသည်လည်း ပဲခူးဆားကဲ့သို့ ငန်သည်ပင်။ သို့သော် အရောင်ကား ပဲခူးဆားကဲ့သို့ ဖြူဆွတ်ဆွတ်ကြီးမဟုတ်။ ဝါကျန်ကျန်ဖြစ်နေသည်။

ညနေစောင်းပြီ ဖြစ်ရကား စမ်းဆီသို့ မသွားနိုင်တော့ချေ။ နောက်မှ ဆားလုပ်ငန်းနှင့် စောဥတို့ဘဝကို ဆက်လက်လေ့လာရတော့မည်။

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

2 comments:

မီးတောင် said...

I like this novel ..
ဆက်ရေးပါဦး ...
ဖတ်လို့ကောင်းကောင်းဖတ်ရင်းနဲ့ မန့်ဖို့မေ့နေလို့ ဟီးး)

ayeaye said...

Great novel! I come daily to read it. Thanks million for your typing efforts for readers.

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP